မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, March 04, 2009

ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မရောင်းရတဲ့ကားအချို့

မရောင်းရလို့ စက်ရုံတစ်ဝိုက်က စမ်းသပ်တဲ့ ကွင်းထဲမှာ ဒီအတိုင်းပုံထားရတဲ့ Nissan ကားတွေ .. လုပ်သား ၁၂၀၀ လျော့ပစ်မယ်လို့လဲ သိရပါတယ်။

nissan.jpg

ဒါကတော့ တိုကျိုဆိပ်ကမ်းမှာ တင်ပို့ရန် အပုံလိုက်စောင့်နေတဲ့ ဟွန်ဒါကားတွေ နဲ့ .. ဗြိတိန်နိုင်ငံက ဂျဲဂွာကားတွေလဲ မရောင်းရလို့ စက်ရုံလုပ်သား ၄၅၀လောက် အလုပ်ပြုတ်မယ်ပြောနေကြပါတယ်။ အောက်မှာဆက်ကြည့်ကြပါရှင်။

honda.jpg

jaguar.jpg

Corby , Northamptonshire က ကားထားတဲ့ နေရာတွေလဲ လျှံကျကုန်ပြီ။

northamptonshire.jpg

Sheerness မှာလဲ dealers တွေဆီပို့ရန် စောင့်နေတဲ့ ကားတွေ

sheerness.jpg

ကာလီဖိုးနီးရားမှာ ဂျပန်က သွင်းလာတဲ့ တိုယိုတာတွေ ဆိပ်ကမ်းမှာ တောင်ပုံရာပုံ..newjersey-port.jpg

ကျမ သူငယ်ချင်း အီးမေးလ်နဲ့ ပို့ထားတဲ့ ပုံတွေဖြစ်ပါတယ်။ စီးပွားရေးကျလို့ အရင်းရှင်နိုင်ငံတွေကလူတွေ အသုံးအစွဲတွေ လျော့ချနေကြလို့ ရောင်းမထွက်တဲ့ ကားတွေရဲ့ ပုံတွေ အများကြီးရှိပါသေးတယ်။ သိပ်များနေလို့ ဆက်ပြီး မတင်တော့ပါဘူးနော်။ ဂျပန်ကားတွေတောင် အရှုံးပေါ်ရင် အမေရိကန်ဖြစ်ကားတွေဆိုရင်တော့ စကားထဲ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။


ဒီပုံတွေကိုကြည့်ပြီးတော့ ကျမ ကနေဒါရောက်တဲ့ နေ့ကို ပြန်ပြောင်းသတိရလိုက်မိတယ်။ လေယာဉ်ကွင်းကနေ အကြီးတို့ ကျမကိုလာကြိုတုန်းက အိမ်အသွားလမ်းမှာ တံတားကြီးတစ်ခုကိုဖြတ်ရတယ်။ အဲဒီတံတားအောက်ကို လှမ်းကြည့်လိုက်တော့ ကားတွေရပ်ထားတာ ပင်လယ်ပြင်ကြီးလိုပါပဲ။ တစ်ခါမှလဲ မမြင်ဖူးတော့ ရင်သပ်ရှုမောဖြစ်နေခဲ့တယ်။ "အော်.. များလိုက်တဲ့ ကားတွေ၊ တစင်းလောက်တော့ ပိုင်ချင်လိုက်တာ" လို့ နှုတ်က တိုးတိုးလေး ရွတ်လိုက်မိတယ်။ "အဲဒီကားတွေက တိုက်ထားတာရယ်၊ ဘဏ်တိုက်ကို အကြွေးမဆပ်နိုင်လို့ရယ်၊ အာမခံငှာနက သိမ်းပြီးဒီမှာ လာပုံထားတဲ့ ကားတွေ" လို့ ကျမ အကြီးတို့က ပြောပြတယ်။


နောက်ကြာလာတော့ ကျောင်းကတဖက်၊ အလုပ်လေးတဖက်နဲ့ ဒေါ်လာတစ်ထောင်ကြီးများတောင်တန်တဲ့၊ ပထမဆုံးသော ချက်ပလက်ကြီးကို၊ လေလံပစ်တဲ့နေရာကနေ ကိုယ်ပိုင်ငွေလေးနဲ့ အောင်မြင်စွာ ၀ယ်ယူလိုက်တဲ့ နေ့ကိုလဲ ပြန်ပြောင်းမှတ်မိစေပါတယ်။


Economic Recessions တွေက ဒီနှစ်မှ ဖြစ်တာမဟုတ်တာတော့ လူတိုင်းလိုလိုသိကြပါတယ်။ ၁၉၇၃-၇၄ တုန်းက၊ ၁၉၈၁ခုနှစ်တုန်းက၊ ၁၉၉၁-၉၅ တုန်းက စသဖြင့် အမြဲပဲ ရှစ်နှစ်နဲ့ ဆယ်နှစ်တိုင်း ဖြစ်တတ်ကြပါတယ်။ ဒီနှစ်ကတော့ ဂယက်ရိုက်ခတ်မှု တော်တော်ကြီးတယ်လို့ ဆိုရမလားဘဲ။

အရင်းရှင်တိုင်းပြည်တွေမှာ သုံးသုံးပြီး ပစ်ကြတဲ့ ပစ္စည်းတွေဆိုတာ မြင်လို့မကောင်းအောင်ပါပဲ။ အိမ်တွေမှာ မလိုအပ်ပဲ ပစ္စည်းတွေဟာ ပုံပုံလာတတ်ပါတယ်။ လိုတာထက်ပိုတော့ သိမ်းရတာက အလုပ်တစ်လုပ်ဖြစ်နေတယ်။ အခုလိုအသုံးအစွဲတွေကြီးလွန်းလို့ ဒီလိုစီးပွားပျက်ကပ်ဆိုက်တာမျိုးဖြစ်တာလဲ မဆန်းလောက်ပါဘူး။ credit system ဟာ မှန်လား၊ မမှန်ဘူးလားဆိုတာလဲ စဉ်းစားစရာဖြစ်နေပါပြီ။


အရင်တုန်းက ထမင်းဗူးဘယ်တော့မှ မထုတ်တဲ့ကျမ၊ ရုံးအောက်က cafeteria မှာ နေ့လည်စာ အမြဲဝယ်စားတဲ့ ကျမ၊ နေ့လည်စာ ရှစ်ဒေါ်လာကနေ တစ်ဆယ်ဒေါ်လာလောက် အမြဲကုန်နေရာကနေ၊ အခုတော့ အကုန်မခံနိုင်တော့လို့ နေ့စဉ်ထမင်းဗူးထုတ်နေပါပြီ။ ဒီနေ့တော့ အိမ်ကထုတ်လာတဲ့ အေးစက်စက် အသားညှပ်မှုန့်ကိုစားနေရင်း ငယ်ငယ်တုန်းက ရွတ်ဖူးတာလေး သွားသတိရမိပါတယ်။




ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ၀အောင်စား
ပြုပြင်မှုက အနိစ္စ
မခံသာမှုက ဒုက္ခ
ကိုယ့်သဘောမဖြစ်တာက အနတ္တ
ပြိုင်လာရင် အရှုံးပေး
နှလုံးအေးတဲ့ဆေး. ...

ဂါဝန်လေးနဲ့မိန်းကလေးတစ်ယောက် လက်ကလေးပိုက်ပြီး ၊ သူမ ဖေဖေနဲ့မေမေကို အဲဒီကဗျာလေး ရွတ်ရွတ်ပြတတ်တာကိုလဲ ပြန်ပြီး မြင်ယောင်နေမိပါတယ်။ သူမဟာ သူမရွတ်တဲ့ကဗျာလို ကျင့်သုံးခဲ့မယ်ဆိုရင်... ကနေဒါကိုလဲ ရောက်လာလိမ့်မယ် မထင်ပါဘူးရှင်။ ခုတော့လဲ အေးစက်စက်တိုင်းပြည်မှာ အေးစက်စက် အသားညှပ်ပေါင်မုန့်စားရင်း၊ အေးစက်စက်ဖန်သားပြင်ကြီးကို ငေးကြည့်နေပါတော့တယ်ရှင်။



Comments from www.ainchannmyay.com

ပေါလိုက်တဲ့ကားတွေပါလားဗျ ဘယ်လောက်လဲမသိ ရောင်းမထွက်တော့ လျှော့ဈေးနဲ့များရမလားလို့ :P ကဗျာလေးဖတ်သွားတယ် အစ်မရေ့ ။
ခုတော့လဲ အေးစက်စက်တိုင်းပြည်မှာ အေးစက်စက် အသားညှပ်ပေါင်မုန့်စားရင်း၊ အေးစက်စက်ဖန်သားပြင်ကြီးကို ငေးကြည့်နေပါတော့တယ်။
အဲ့တာတွေမတွေးတော့ပဲ ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း ဒီလိုနေလိုက်တော့ :)
Comment by မောင်မျိုး — March 4, 2009 @ 6:31 pm

1 comment:

တန်ခူး said...

ကားတွေကို ကြည့်ပြီးအတော်ကြောက်သွားတယ်…
နှလုံးသားတွေလဲ အေးစက်လာမလား စိုးမိတယ်အိမ့်ရေ…
အမကတော့ နေ့ တိုင်းထမင်းဗူးယူတယ်…
ဒီကအစားအစာတွေ မစားနိုင်လို့ …
အပူထိန်းတဲ့ထမင်းဗူးလေးနဲ့  ထမင်းလေးရယ် ပန်းသီးငါးပိချက်လေးရယ် ရုံးကို ထည့်သွားပါလားအိမ့်ရေ… စားရမြိန်တာပေါ့…

LinkWithin

Related Posts Plugin for WordPress, Blogger...