မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, February 02, 2009

ဂုဏ်မက်သူ (၄)

နေက ထွက်မလာသေး၍ ပတ်ဝန်းကျင်တစ်ခုလုံးက ညို့မှိုင်းနေသည်။ မြနှင်း ဆိုင်ခင်းနေချိန်တွင် ဆိုင်ချင်းကပ်ရက် မမခင် ကလဲ သူ့ကြက်ဥ၊ ဘဲဥဆိုင်ကို ခင်းနေရင်း မြနှင်းကို စကားစမြည်ပြောနေသည်။

“မြနှင်းရယ်.. နောက်ဆုံးနှစ်ပဲ ပြီးတော့မယ်.. အရေးကြီးတဲ့နှစ်၊ အိမ်မှာ စာဖတ်နေပါတော့လား”

“သြော်.. မမခင်ရယ်.. ကျမမှာ အမေတစ်ခု သမီးတစ်ခုပဲရှိတာ၊ အမေ့ကို ကျမ မကူရင် ဘယ်သူကူမလဲ။ နောက်ပြီး ကျမ အခုလို အီကိုနဲ့ ကျောင်းပြီးမှာလဲ အမေ တစ်သက်လုံး ငါးရောင်းကျွေးခဲ့တာကြောင့်ဆိုတာ မမခင်တို့လဲအသိ၊ အခုလို တစ်နေ့မှ တစ်နာရီ နှစ်နာရီလောက် အမေ့ကူရတာ အပန်းမကြီးပါဘူး မမခင်ရဲ့”

“အေးပါအေ.. ညည်းကတော်ရှာပါတယ်၊ ဒါနဲ့ ညည်းနဲ့ ဆန်းသစ်က ဘာလဲ၊ သတင်းတွေကြားတယ်နော်၊ ယူကြမှာလား၊ သူ့အိမ်ကကော သဘောတူပါ့မလား”

“ကျမ ကျောင်းပြီးပြီးချင်း အိမ်ထောင်မပြုနိုင်သေးပါဘူး မမခင်ရယ်၊ အလုပ်တစ်ခုခု ရှာပြီး ဘကြီးဆီက ချေးငှားထားတာလေးတွေ အရင်ပြန်ဆပ်ရမယ်။”

အေးပေါ့အေ.. ငါတော့ ညည်းကို ကြိတ်ပြီးကြိုက်နေတဲ့ ဟိုဆိုက်ကားဆွဲတဲ့ ကောင်လေးကိုပဲ သနားတယ်
မြနှင်းတို့ စကားပြောနေစဉ် အရိပ်တစ်ခု ဆိုင်ရှေ့မှာ လာရပ်သောကြောင့် မြနှင်း မော့ကြည့်လိုက်သည်။
လှပသော အပြုံးတစ်ခုနှင့် မြနှင်းကို ငုံ့ကြည့်နေသော ဆန်းသစ်၏ မိခင်။

“ဟင်.. အန်တီ၊ အစောကြီးပါလား အန်တီရဲ့”

“မြနှင်း ရေ... နေမပွင့်ခင်လာရတာ၊ အိမ်က ကလေးမလေးတွေကို တစ်ခြားနေရာ ခွဲလွှတ်ထားရလို့၊ ညက မြနှင်း အမေနဲ့ မှာထားတဲ့ ငါးတွေ အန်တီလာယူတာ”

ဟုတ်သားပဲ၊ ဒီနေ့ ဆန်းသစ်မွေးနေ့ သူတို့ တစ်ခုခုချက်ပြုတ်ကြွေးမွေးကြမှာပေါ့

“သြော်.. ဟုတ်တယ်အန်တီ၊ ဒီမှာ သပ်သပ်ဖယ်ထားတယ်၊ အန်တီနိုင်ပါ့မလား၊ မြနှင်း လိုက်ပို့ပေးမယ်လေ၊ နီးနီးလေးပဲဟာ”

“ရရဲ့လား ဆိုင်တန်းလန်းနဲ့”

“ရပါတယ်၊ မမခင် ခဏကြည့်ပေးလိမ့်မယ်”

မြနှင်း ငါးခြင်းတောင်းကိုဆွဲပြီး ဆန်းသစ်တို့မိခင်နှင့်အတူ ဆန်းသစ်အိမ်ဘက်ကိုထွက်လာတော့ မမခင်က တစ်ချက်မဲ့ပြုံးပြုံးရင်း ကျန်ရစ်ခဲ့သည်။

ဆန်းသစ်တို့ အိမ်နောက်ဘက်မှာ နေမထွက်ခင်ကပင် လူစည်ကားနေပြီ။ အိမ်နောက်ဘက် ခြံထဲတွင် ထင်းမီးသွေးထိုးပြီး ဖိုထားသောမီးဖိုပေါ်က အိုးကြီးမှ ရေနွေးငွေ့တွေက လှိုင်လှိုင်ထွက်နေသည်။ ကြက်သွန်နွှာသူနွှာ၊ ဘဲဥပြုတ်သူပြုတ်နှင့် အလုပ်ရှုပ်နေကြသည်။ မြနှင်း ရေတိုင်ဂီနားမှာ ဆောင့်ဆောင့်ထိုင်လျှက် ကိုယ်တိုင် ငါးတွေကို ခုတ်ထစ်ကိုင်တွယ်ပေးပြီး ဆိုင်ကို ပြန်ထွက်လာခဲ့သည်။ ဆန်းသစ်၏ မိခင်ကြီးကတော့ မြနှင်းကို ကျေးဇူးလဲတင်၊ အားလဲနာပြီး ကျန်ရစ်ခဲ့သည်။

****

မွန်းလွဲချိန်လောက်မှာ တဂိုး၏ ကဗျာပေါင်းချုပ် စာအုပ်အသစ်စက်စက်ကလေးကို ရင်ခွင်မှာပိုက်လို့ ဆန်းသစ်တို့ အိမ်ဘက်ကို မြနှင်း ထွက်လာခဲ့သည်။ မြနှင်း၏ ကျစ်လစ်လှပသော ကိုယ်ခန္ဒာပေါ်မှာ ရိုးရှင်း၊ လုံခြုံ၍ ခေတ်မှီသော အ၀တ်အစားများကသာ နေရာယူထားသည်။ ဆန်းသစ်တို့ ခြံတွင်းကို ရောက်တော့ အိမ်ဘေး အရိပ်ကောင်းသော မြေကွက်လပ်ရှိ စားပွဲအချို့မှာ ဧည့်သည်များ ရောက်ရှိနေပြီးဖြစ်သည်။ မြနှင်း၏ သူငယ်ချင်းများဖြစ်သော အောင်ဝင်းတို့ အုပ်စုကို မြေကွက်လပ် ဟိုးနောက်နားက စားပွဲတစ်ခုမှာ စားသောက်၊ ၇ယ်မောနေကြသည်ကို လှမ်းတွေ့လိုက်ရသည်။ မြနှင်း မျက်လုံးဝေ့ပြီး ဆန်းသစ်ကို ရှာဖွေမိသည်။ မတွေ့။

“သြော်.. မြနှင်း လာ.. လာ..၊ အောင်ဝင်းတို့ ဟိုးမှာထိုင်နေကြတယ်ကွဲ့။ အိမ်ထဲမှာလဲ တစ်ဝိုင်းရှိသေးတယ်။ ဆန်းသစ်က အိမ်ထဲမှာလား မသိဘူး။ မြနှင်း သွားရှာချင်သွားရှာလေ။”

အမြဲတမ်းပြုံးချို၊ ဖော်ရွေနေသော မြနှင်းမိခင်က မြနှင်းကို နှုတ်ဆက်သည်။ မြနှင်းလဲ စာအုပ်လေးကို ရင်မှာပိုက်လို့ အိမ်တွင်းသို့ ၀င်လာခဲ့သည်။

ဟင်…

မြနှင်း နှုတ်မှ တိုးတိမ်စွာ ထွက်သွားသည်။ ဆန်းသစ် ထိုင်ပြီး ဧည့်ခံနေသော ၀ိုင်းမှာ အရောင်စုံတောက်လက်နေသော၊ ဂုဏ်သရေရှိလူကြီးမင်းများ၏ သမီးများ၊ ပရိုဖက်ရှင်နယ်ကျောင်းများကိုသာ တက်နေသော ခင်မတို့၊ တင်မာလာတို့၏ ၀ိုင်း။ တင်မာလာက ဆန်းသစ်၏ ရင်ခွင်ထဲ ရောက်လု မှီထားပြီး ဆန်းသစ်ကို ကျောက်ကျောတုံး တစ်တုံးကို ခွံ့ကျွေးနေသည်ကို ကျန်သူများက သဘောကျသလို ရယ်မောလှောင်ပြောင်နေကြသည်။ မြနှင်းကို တွေ့လိုက်သော ဆန်းသစ်၏ မျက်နှာက အနည်းငယ် အားနာသွားသယောင်။

“မြနှင်း.. လာ.. လာထိုင်လေ “

“သြော်.. ရတယ်သူငယ်ချင်း၊ ရတယ်။ ဧည့်ခံလိုက်သူငယ်ချင်း၊ ငါ အောင်ဝင်းတို့ ၀ိုင်းမှာ တန်းလန်းကြီး။ ရော့.. နင့်အတွက် လက်ဆောင်လာပေးတာ၊ ငါကတော့ ဒါပဲတတ်နိုင်တယ် သူငယ်ချင်းရယ်။”

ပြုံးပြုံးလေးနှင့် အိနြေ္ဒမပျက် ဆန်းသစ်လက်ထဲသို့ တဂိုး၏ စာအုပ်လေးကို လှမ်းပေးပြီး မြနှင်း ထွက်လာခဲ့သည်။ လူတွေရှေ့မှာ သူငယ်ချင်း ဆိုသည့် စကားကို တမင်တကာ အခါပေါင်းများစွာ ခေါ်လိုက်ပေမယ့် မြနှင်း ရင်ထဲမှာတော့ ကျင်တက်နေမိသည်။ ဆန်းသစ်၏ နောက်ဘက် ခုံပေါ်မှာလဲ နိုင်ငံခြားဖြစ် ဆန်းသစ်အတွက် လက်ဆောင်ဖြစ်ဟန်တူသော ချော့ကလက်ဘူးများ၊ အနီရောင် ၀က်ဝံရုပ်များကို တွေ့လိုက်ရသည်။

အောင်ဝင်းတို့ ၀ိုင်းသို့ ပြန်လာပြီး မြနှင်း နူံးချိစွာ ၀င်ထိုင်လိုက်သည်။

သူငယ်ချင်းများက အလိုက်သိစွာ ဘာတစ်ခွန်းမှ မမေးဘဲ၊ မုန့်ပန်းကန်တစ်ချပ်ကို မြနှင်းရှေ့သို့ အသာချပေးသည်။ ထိုနေ့က ဆန်းသစ် မြနှင်းတို့ ၀ိုင်းသို့ နောက်ကျမှ ရောက်လာခဲ့သည်။ မြနှင်းဘေးက ခုံလွတ်မှာ ၀င်ထိုင်ရင်း ရောက်တတ်ရာရာစကားတွေပြောရင်း အပြစ်ရှိသော မျက်နှာနှင့် မြနှင်းကို ခိုးခိုးကြည့်နေခဲ့သည်။ သူငယ်ချင်းများ ရယ်စရာပြောလိုက်တိုင်း၊ ထိုနေ့က ကျယ်လောင်စွာ မြနှင်း ရယ်မောနေမိသည်။ မြနှင်း၏ ထူးဆန်းနေသော အမူအယာကို ဆန်းသစ်က ခိုးကြည့်ရင်း သက်ပြင်းကြိတ်ပြီး ချနေခဲ့သည်။

သည်လိုနှင့် တက္ကသီလာကို ကျောခိုင်းပြီးနောက် မြနှင်းတစ်ယောက် အစိုးရ ရုံးတစ်ရုံးတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ရင်း နေ့ရက်များကို ကုန်ဆုံးနေစေသည်။ ဆန်းသစ် ကတော့ စင်္ကာပူထွက်မလိုလို၊ သြစတေးလျ သွားမလိုလိုနှင့် အလုပ်ရှုပ်နေခဲ့သည်။ သမာရိုးကျ ဇာတ်လမ်းတွေလို ဆန်းသစ်မိခင်ကြီးက နှလုံးရောဂါရှိလို့၊ ဒါမှမဟုတ်၊ မြနှင်း ဈေးထွက်နေချိန်တစ်ရက်၊ ဆန်းသစ်မိခင်ကြီးက ငွေအထုပ်လိုက်ပိုက်၊ ဈေးထဲလိုက်လာပြီး မြနှင်းကို ပစ်ပေါက်ကာ၊ လက်ညိုးငေါက်ငေါက်ထိုးလို့၊ ဆန်းသစ်ကို ခွာပေးရန်အော်ဟစ်ပြောပြီး ခွဲရန်ကြိုးစားသည့် ၊ စသည့်စသည့် သမာရိုးကျ ဖြစ်ရိုးဖြစ်စဉ်တွေ မှ တမူထူးခြားစွာ၊ မြနှင်း နှင့် ဆန်းသစ်တို့၏ မေတ္တာခရီးက ချောမွေ့နေခဲ့သည်။ ဆန်းသစ်၏ မိခင်ကြီးကလည်း ဟိုးအရင်တုန်းကလိုပဲ ခင်မင်ဖွယ်ရာ ယဉ်ကျေးသိမ်မွေ့ဆဲ၊ ကျမ်းမာရေးကလည်း ကောင်းဆဲ။ ဆန်းသစ် တစ်ယောက်ကလည်း မြနှင်းကို ရင်ခုန်မှုတွေ ပေးနေဆဲ။

****

“ဘာ… မောင်..။ မောင် ဘာ ပြောလိုက်တာလဲဟင်..”

မြနှင်း တစ်ကိုယ်လုံး နာကျင်မှုဖြင့် တုန်ယင်နေခဲ့သည်။ မြနှင်း မျက်ရည်မကျ၊ နှုတ်ခမ်းကိုတော့ ပေါက်မတတ် ဖိပြီး ကိုက်ထားမိသည်။

“မြနှင်း.. မြနှင်း၊ စိတ်လျော့ပါ မြနှင်းရယ်..။ မောင့်အပြစ်တွေပါ။ မောင့်အမှားတွေပါ။”

“ခု ဘယ်လိုလုပ်ကြမလဲ.. မောင်”

“မောင်.. မောင်.. သူ့ကို ယူရမှာပေါ့ မြနှင်းရယ်”

“တောက်.. ရက်စက်လိုက်တာ ကိုဆန်းသစ်ရယ်၊ ကျွန်မ ထင်ခဲ့တဲ့ အတိုင်းပါပဲ။ ရှင်တို့တွေဟာ ကိုယ့်စိတ်ကို ကိုယ်မနိုင်ကြတဲ့ လူတွေ၊ ဒီအာရုံတွေကို မကျော်လွှားနိုင်ကြသူတွေပဲ။”

“ပြောတော့ မြနှင်း၊ ခုတော့ မင်း ပြောနိုင်ပြီပေါ့။ မြနှင်း.. မြနှင်း.. ဒီကိစ္စက မြနှင်းရယ်၊ ကိုယ်ရယ်၊ တင်မာလာရယ်ပဲ သိတာပါကွယ်.. နော်..”

“သြော်.. ဟော်.. ခုတော့လဲ ကိုယ် ဖြစ်သွားပြီပေါ့.. ဟုတ်လား။ ဒီမှာ.. ကျွန်မကလေ ဥစ္စာပစ္စည်း ချို့ငဲ့ပေမယ့် ကတိတော့ တည်ပါတယ်။ ရှင်တို့ ကိစ္စလဲ ကျွန်မ ဘယ်သူ့မှ မပြောဘူး။ ပြောချင်စိတ်လဲ မရှိဘူး”

“မောင့် ကို ခွင့်လွှတ်ပါလို့ မောင် မပြောတော့ပါဘူး မြနှင်းရယ်..။ မောင် ကိုယ့်ကိစ္စကို ကိုယ်တာဝန်ယူရမယ် မြနှင်း။ နောက်ပြီး မောင်နဲ့မြနှင်း နှလုံးသား အလိုကိုသာ လိုက်ခဲ့ကြတာပါ။ မောင်တို့ ဘယ်တုန်းကမှ မဖြစ်နိုင်တာ မြနှင်းလဲ သိပါတယ်။ ဖြစ်သင့်တာကို မောင်လုပ်ရမယ် မြနှင်းရယ်။”

“အဟင်းဟင်း.. ရက်စက်လိုက်တာ ကိုဆန်းသစ်ရယ်။”
မြနှင်း ခုံတန်းပေါ်မှာ ပိုက်ဆံအိတ်ကို စွေ့ကနဲ ကောက်ယူကာ မတ်တပ်ရပ်လိုက်သည်။

“မြနှင်း” ဆန်းသစ်အသံက တိုးတိမ်စွာထွက်လာသည်။

“ရှင့်မျက်နှာကို ကျွန်မ ဘယ်တော့မှ မကြည့်ချင်ဘူး”

မြနှင်း ဆန်းသစ်ရှေ့မှ ခြေလှမ်းကြဲများနှင့် ထွက်ခွာလာခဲ့ပါတော့သည်။

(ဆက်ရန်... )

comments from ainchannmyay.com


အစ်မ…
မအိပ်ရသေးဘူး..ပို့စ်အသစ်တွေ့လို့လာဖတ်သွားတယ်။ ဆက်ရန်မျှော်နေမယ်နော်။ ဖတ်လို့ကောင်းတယ်။
Comment by naivechic — February 2, 2009 @ 6:51 pm

မ၈ျီးဆက်ရန်ကျန်သေးတ.ယ်…ဟီး..စောင့်ရအုံးမယ်ပေါ့..
Comment by ဒေါင်းမင်း — February 2, 2009 @ 7:32 pm

ပျင်းသေးဘူး ပျင်းသေးဘူး ဟိုလူကြီးကိုမုန်းလာပြီ ဒါပေမယ့် မြနှင်းကိုတော့တယောက်ထဲပဲထားနော်မလေး ဟိုဆိုက်ကားသမားကောင်လေးနဲ့တော့ ပေးစားပါနဲ့ ဘူနဲ့မှမပေးစားနဲ့တော့ ကောင်းကိုမကောင်းကြဘူး ဟွန်းးး ယောကျာ်းတွေဂုဏ်မက်တဲ့အကြောင်းရေးတာတော့ သဘောကျတယ် ဟိုရက်ပါတွေက မိန်းမတွေလိုချင်နေတာဘာတွေလဲပဲ အော်နေကြလို့လေ
Comment by မွန် — February 2, 2009 @ 7:33 pm

ဟင့်အင်း.. မပျင်းဘူး…. ဖတ်ကောင်းတယ်…။
Comment by sin dan lar — February 2, 2009 @ 7:47 pm

naivechic … ညီမ နာမယ် ကြိုက်တယ်..
ဒေါင်းမင်း.. မောင်လေးရဲ့ သိုက်တူးသမားများကိုလည်း မျှော်နေတယ်
မွန်.. မွန်ရယ်.. မြနှင်းသနားပါတယ်။ ရက်ပါတွေက တကယ်ကြီး အဲလို အော်နေတာလား။ ဘုရား
sin dan lar .. တော်ပါသေးရဲ့ :D
Comment by မလေး — February 2, 2009 @ 8:18 pm

မအိမ့် အွန်လိုင်းမှာ ရှိနေတယ်လား။ ခုနကပဲ ဂုဏ်မက်သူ ကို ဖတ်ပြီး ပြန်သွားတာ။ စီဗုံး မတွေ့လို့ မအော်ခဲ့ရဘူး။ ဘယ်လို ဇာတ်သိမ်းမလဲ သိချင်နေပြီ။ :D
Comment by s0wha1 — February 2, 2009 @ 10:02 pm

အဓိပတိလမ်းက ခြေရာများ
http://www.mediafire.com/file/2jtnng0m1xi/Adi Padi Lan Ka Chay Yar Myarr.MP3
Comment by mm — February 2, 2009 @ 11:00 pm |

http://www.mediafire.com/?2jtnng0m1xi
Comment by mm — February 2, 2009 @ 11:01 pm

ဟင်…. ဒါကြောင့် ဂုဏ်မက်သူလို့ပေးထားတာကို ဇတ်ကွက်လေးပေါ်လာပြီး ကျနော်သာဆို မချစ်ရင်လည်းမချစ်ဘူး ချစ်ရင်လည်း ပကာသနာတွေ ခဏတော့ ခ၀ါချထားချင်တယ် ။
Comment by မောင်မျိုး — February 3, 2009 @ 12:54 am

ယောက်ျားတွေဂုဏ်မက်ရင်မိန်းမတွေထက်ပိုဆိုးတယ်နော်… ပျင်းသေးဘူးမလေး.. စောင့်ဖတ်ဦးမယ်… :D
Comment by Phu Phu — February 3, 2009 @ 2:12 am

မဂျီးရေပြန်လာဖက်တာ..အရှိမ်မြင့်နေပြီနော်မဂျီး…မြန်မြန်ဆက်ရေးနော်..
Comment by ဒေါင်းမင်း — February 3, 2009 @ 3:17 am

s0wha1 …. မလေးကိုယ်တိုင် အဆုံးမသတ်တတ်လို့ ခွိ
mm … သီချင်းလေး လင့်ခ်လာပေးတာ အရမ်းကျေးဇူးတင်တယ်နော်.. ခု ပိုစ်မှာ သုံးမယ်နော်
မောင်မျိုး … မေးပါရစေဦး .. ခုတလော မောင်လေး ကဗျာတွေ ဟောတ်နေတယ်နော် ..
Phu Phu … မလေးလဲ ဆက်ရေးပါမည် ညီမရေ..
ဒေါင်းမင်း … ရုတ်တရက် နေရင်းထိုင်ရင်း အရှိန်က မြင့်သွားတာ
Comment by မလေး — February 3, 2009 @ 5:20 pm

လာဖတ်တယ်…. ဒါပေမယ့် .. ဒါပေမယ့် ပေါ့ နော် …. ဒါပေမယ့် ……..
ဟီဟိ… ဇာတ်သိမ်းခန်းက ဘယ်လိုတူန်း ? သိချင်လှချည်ရဲ့ဗျို့ ……
Comment by nainai — February 4, 2009 @ 6:35 am

2 comments:

Phyo Evergreen said...

အစ်မရေ ဇာတ်လမ်းအဆုံးကိုမှန်းလို့မရသေးဘူး...။
စိတ်ဝင်တစား နဲ့စောင့်နေတယ်...။

Yan said...

မလေးရဲ့ ၀တ္ထုလေးက ဖတ်ရင်းဖတ်ရင်းနဲ့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်.
ဆက်ရန်ကို မျှော်နေမယ် မလေးရေ...

ပျော်ရွှင်ချမ်းမြေ့ပါစေ...

Y.

LinkWithin

Related Posts Plugin for WordPress, Blogger...