မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, November 28, 2008

အမှတ်တယများ

ငါ့အသည်းထောင့် တစ်နေရာမှာ နေထိုင်ဆဲ...

Monday, November 24, 2008

ခြားနားချက်

ထောင့်ကိုးရာကိုးဆယ့်လေး..

လေယာဉ်ကြီးက နိမ့်ဆင်းလာနေပြီ။ ရင်တွေတုန်လိုက်တာ။ ၀ဲလာတဲ့မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မြန်မြန်ပုတ်ထုတ်မှပဲ။ လူတွေမြင်ရင်မကောင်းဘူး။ လေယာဉ်ပျံထဲက ကြားနေရတဲ့ ခရီးသည်တွေမြန်မာလိုတွေပြောနေတဲ့ စကားသံတွေကလဲ မင်္ဂလာရှိလိုက်တာ။ လက်ထဲက သတင်းစာထဲက ဗမာစာလုံးလေးတွေကလဲ အရင်တုန်းတွေကထက် လှပနေသလိုပဲ။ လေယာဉ်မယ်လေးတွေကတော့ မျက်နှာလေးတွေက တစ်ခြားနိုင်ငံက အမှုထမ်းတွေနဲ့တော့ သိပ်မတူဘူး။ သိပ်မပျော်သလိုပဲ။ ဒါမှမဟုတ် ဒီလိုပဲ နေရလို့လားမသိဘူး။ အောက်ကို လှမ်းကြည့်လိုက်ဦးမယ်.. ဟင်.. မည်းမှောင်နေတာပါပဲလား။ လေယာဉ်ကွင်းကို မောင်းတဲ့သူ ဘယ်လိုမြင်မလဲမသိဘူး။ တောထဲ ဆင်းမိမှ ပြဿနာပဲ။

အင်.. လေယာဉ်က ကွင်းလယ်မှာ ရပ်သွားပြီ။ လေယာဉ်ကွင်း ၀ရံတာက လက်ပြနေတဲ့ လာကြိုသူတွေ အများကြီးထဲမှာ ဖေဖေ၊မေမေ၊ ညီမလေးတို့ ပါမှာပဲ။ လေယာဉ်ဆီကနေ အဆောက်အဦးဆီကို အဝေးကြီးလမ်းလျောက်ရဦးမယ်။ အထုတ်ကလဲ လေးလိုက်တာ။ လေပူတွေ ၀ုန်းဆိုတိုက်လာတဲ့ အရသာကို အရမ်းနှစ်သက်တာပဲ။ နွေးနေတာပဲ။ သာယာလိုက်တဲ့ ညရယ်။

အမလေး.. ပိုးဟပ်.. ပိုးဟပ် လက်နဲ့ မြန်မြန်ပုတ်ထုတ်လိုက်လို့တော်သေးတယ်။ လန့်လိုက်တာနော်။ ဟော.. ၀ရံတာပေါ်ကနေ ညီမလေးရယ်.. အစ်မတွေ လှမ်းခေါ်နေကြတယ်။ မတ်တပ်ရပ်ပြီး လက်လှမ်းပြရင်း ရင်ထဲမှာ ပိုငိုချင်လာပြန်ပြီ။ အဆောက်အဦးထဲ ၀င်ပြီးတန်းစီနေတဲ့လူတွေနောက် သွားတန်းစီဦးမှပဲ။ မီးတွေက မှုန်နေတယ်။ အနံ့တစ်ခုရနေတယ်။ ဘာနံ့လဲတော့မသိဘူး။ လူဝင်မှုကြီးကြပ်ရေးက အစ်မလေးဆီရောက်လာပြီ။ ပြုံးပြဦးမှဘဲ။ ဟင်.. ပြန်လဲ မပြုံးပြပါလား။ ရှင်.. သွားတာကြာပြီလား ဟုတ်လားအစ်မ၊ မကြာသေးဘူးရှင့်။ ရှင်.. လက်ဆောင်.. လက်ဆောင်လဲမပါဘူး၊ မသိလို့ပါအစ်မ၊ ဟုတ်ကဲ့ ကျေးဇူး။ ပေးသင့်ပါတယ်။ လူမျိုးခြားတွေကိုတောင် tips တွေပေးနေသေးတာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း အိမ်ပြန်လက်ဆောင် ကျွန်မ တစ်ကယ်ဆို ပေးသင့်တယ်၊

အကောက်ခွန်ကို ဘယ်လိုဖြတ်လိုက်လဲတော့ မသိတော့ဘူး။ အပြင်မှာ ဖေဖေနဲ့မေမေ။ အို.. အိုစာသွားလိုက်ကြတာ။ အသားတွေကလဲ နေလောင်ထားတဲ့ အသားတွေ၊ ဘယ်လိုဖြစ်တာလဲ။ ဖေဖေ.. ဖေဖေ့ကားကလဲ မရွေ့တော့ဘူး။ တစ်မြို့လုံးက ကားတွေက ဒီလောက်နှုန်းနဲ့ပဲမောင်းနေမှတော့ လိုရာဘယ်လိုရောက်မလဲ..။ တစ်မြို့လုံးလဲ ဆေးလိပ်နဲ့အရက်ကြော်ငြာချည်းပါပဲလား။ မြန်မာမင်းသမီး ချောချောလှလှလေးတွေ အရက်ပုလင်းတွေရှေ့ ထိုင်နေတာ မြင်ရတာ အရမ်းတစ်မျိုးဖြစ်နေတယ်။ ဟင်.. ဘာလဲညီမလေး၊ ပိုးဟပ်လား.. ဟုတ်ပါတယ် အဆန်းမဟုတ်ပါဘူး။ ရုတ်တရက်မို့လန့်သွားတာပါကွယ်။ ငယ်ငယ်ထဲက ပိုးဟပ်နဲ့ ကစားလာတာပဲဟာ။ လမ်းထဲရောက်တော့မယ်။ ဒီလမ်းမကျယ်ကြီးကလဲ ဘယ်လိုဖြစ်ပြီး ကျဉ်းသွားတာလဲ..။ အရင်တုန်းက ငါ့မိဘအိမ်ကြီးက ကောင်းလိုက်တာ။ ခုဘယ်လိုဖြစ်ပြီး အမိုးတွေက နိမ့်ဆင်းကုန်သလို ခံစားလာရတာလဲမသိဘူး။ ငါ.. ဘာဆက်လုပ်ရမလဲ..။ သူတို့ကို ဒီမှာဆက်ထားလို့ဖြစ်ပါ့မလား။


သက္ကရာဇ်နှစ်ထောင့်သုံး
အို.. လှလိုက်တာ။ လေယာဉ်ပေါ်ကကြည့်တော့ ရွှေချထားတဲ့ ဘုရားလေးတွေ၊ ထုံးဖြူဖြူဘုရားလေးတွေ၊ မြစ်ချောင်းလေးတွေ၊ သစ်ပင်လေးတွေ စိမ်းစိမ်းလန်းလန်းနဲ့။ စလုံးက ဖြတ်ပြန်လာတုန်းက လှမ်းမြင်ရတဲ့ တိုက်တာတွေ၊ အဆောက်အဦးတွေလို မြင့်မြင့်မားမားမဟုတ်ပေမယ့်၊ သူ့သဘာဝအလှနဲ့သူ အရမ်းသာယာတဲ့ မြို့လေးပဲ။ ဒါကြောင့်နိုင်ငံခြားသားတွေက ကြိုက်တာကိုး။ အင်.. လေယာဉ်ကွင်းက ရွှေပြားတွေကပ်ထားတဲ့ ရပ်ကွက်ထဲက အလှုမဏ္ဍာပ်လိုဖြစ်နေပါလား။ ဘယ်လိုဖြစ်တာပါလိမ့်။ လေယာဉ်ပေါ်ကဆင်း ရပ်ထားတဲ့ shuttle bus ဆီသွားမှပဲ။ ကားပေါ်မှာ နေရာလွတ်တွေရှိရဲ့သားနဲ့ ဘာလို့ တိုးတိုက်ပြီး တက်နေပါလိမ့်။ ထိုင်ကြပါ၊ ကျမ မတ်တပ်ပဲရပ်ပါမယ်၊ အလွန်ဆုံးကြာ နှစ်မိနစ်ပေါ့ အဆောက်အဦးထဲ ရောက်မှာပဲ၊ ထိုင်စီးလာရတာ နာရီပေါင်းများစွာမို့ အညောင်းတောင် သက်သာပါသေးတယ်။ ဟုတ်ကဲ့ ထိုင်ကြပါ။ ထုံးစံအတိုင်း ဒီလေပူတွေကို ကြိုက်လိုက်တာ။ ရှေ့က အဖြူလင်မယားကတောက မျက်နှာစပျက်လာနေပြီ။ ပူလို့ထင်တယ်။ ကားခေါင်မိုးမှာ ပိုးမျှင်လေးတွေ၊ အင်းဒါလဲ သဘာဝအလှတစ်မျိုးပေါ့နော်၊ ကုန်ပစ္စည်းသယ်တဲ့ အလုပ်သမားအချို့တွေက ပုဆိုးဝတ်ထားတော့ အလုပ်လုပ်ရတာ အဆင်မှပြေပါ့မလားမသိဘူးနော်။

ဒီတစ်ခါတော့ လူဝင်မှုကြီးကြပ်ရေးမှာ ဘာမှထွေထွေထူးထူးမပြောလိုက်ရဘူး။ အကောက်ခွန်ကိုဖြတ်ဦးမှပဲ။ ဒီယူနီဖောင်းအဖြူဝတ်နှစ်ယောက်ရပ်နေတဲ့ ရှေ့က စားပွဲလေးပေါ်မှာ စာအုပ်လေး တင်လိုက်ဦးမယ်။ အို.. အို.. ဘယ်က အစ်မကြီးတွေလဲမသိဘူး။ ဘေးတွေနောက်တွေကနေ တွန်းပြီးကျော်တက်သွားတယ်။ တန်းလဲ မစီကြပါလား။ ဟောတော့.. စာအုပ်လေး အောက်ဆုံးရောက်သွားပြီ။ ဒီစာရွက်ဖြည့်ဖို့ အရေးထဲ ဘောပင်ကလဲ ရှာမတွေ့ဘူး။ ဒီအစ်မကို တောင်းကြည့်ဦးမှပဲ။ ဟင်.. မရှိဘူးဟုတ်လား။ ဘောပင်ကြီး လက်ထဲကိုင်ထားပြီး မရှိဘူး ဗြောင်လိမ်ရသလား အစ်မရယ်။ ဖြည်းဖြည်းပြောလဲရပါတယ်။ အင်.. ဘေးက အဖော်ကိုတောင် မှာလိုက်သေးတယ်ဟုတ်လား။ မရှိဘူးလို့ ပြောလိုက်လို့ လိမ်ခိုင်းလိုက် သေးတယ်နော်..။

ဒီလူအုပ်ပြီးတဲ့ထိတော့ ဘေးလေးမှာ အသာရပ်စောင့်နေမှပဲ။ ဟော.. ဟိုအဖြူယူနီဖောင်းနဲ့က လာခဲ့တဲ့။ အခြေအနေတစ်ခုလုံး သူ စောစောထဲက မြင်နေပုံရတယ်။ ဟုတ်ကဲ့.. ကျမ စာအုပ်ကတော့ ဟိုအပုံအောက်ရောက်သွားပြီရှင့်။ ရှင်.. အော် ဒီမှာပါ.. ပါလာတာတွေ စာရင်းလုပ်ထားတာပါ။ ရှင်.. ကျောက်တွေ၊ ဆွဲချလို့ရတယ်ဟုတ်လား။ ခဏလေးနေပါဦးရှင့် .. ဆွဲချတယ်ဆိုတာ ဘာလဲ။ သြော်.. ကျမပစ္စည်း ကျမယူလာတာလေ.. မင်္ဂံလာဆောင်တစ်ခုမှာ ၀တ်ဖို့ သေးသေးလေးတွေပါ။ ဘာလို့ဆွဲချမှာလဲ။ ကျမက နိုင်ငံခြားသားတစ်ယောက်ဆိုရင်တော့ ဆွဲမချဘူးဟုတ်လား။ စကားကို ဘာဖြစ်လို့ ရန်သူတစ်ယောက်ကို ပြောသလို ဆောင့်ကြီး အောင့်ကြီး ပြောနေတာပါလိမ့်။ တစ်ကယ်လို့ ကျွန်မက နိုင်ငံခြားသားတစ်ယောက်ဆိုရင်ကော..။ ဖြစ်ခဲ့တယ်ဆိုရင်.. လို့မေးတာပါ..။ ရှုပ်နေတာပဲ..။


သက္ကရာဇ် နှစ်ထောင့်ရှစ်
သြော်.. သစ်ပင်တွေ ပါးသွားလိုက်တာ။ သိပ်ကို စိမ်းလန်းစိုပြေခဲ့တဲ့ တိုင်းပြည်။ သစ်ပင်တွေ နမျောလိုက်တာနော် (ကျန်တာတွေတော့ မပြောပါနဲ့တော့) အို.. လေယာဉ်ကွင်းကြီးက ကောင်းလိုက်တာ။ နိုင်ငံတကာ လေယာဉ်ကွင်းတွေပုံစံပဲ။ နည်းနည်းသေးတာတစ်ခုပဲရှိတယ်။ ပစ္စည်းချတဲ့ ကားလေးတွေမောင်းနေတဲ့ အမှုထမ်းတွေကလဲ ယူနီဖောင်းတွေ ကောင်းလှချည်လား။ ဒီတစ်ခါတော့ လမ်းလဲဆင်းလျောက်စရာမလိုတော့ဘူး၊ shuttle bus ဆီလဲ သွားစရာမလိုတော့ဘူး။ လှိုဏ်ခေါင်းထဲကနေ တန်းပြီး အဆောက်အဦးထဲ ၀င်သွားရုံပဲမို့ ရောက်ရောက်ခြင်း နှုတ်ဆက်နေကြ အမိမြေရဲ့ လေပူလေးတွေကိုတော့ လွမ်းမိသား။ လေယာဉ်ကွင်းကြီးက အရမ်းကို ကောင်းနေတာပါပဲလား။ ဘယ်သူမှပြောသံလဲ မကြားမိဘူး။ ကိုယ်ပဲ ဗဟုသုတနဲလို့ ဖြစ်ပါလိမ့်မယ်လေ။ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေကလဲ သန့်ပြန့်နေတာပဲ။ မဖြတ်ခင် လက်သွားဆေးဦးမယ်။ အိမ်သာတွေလဲ မဆိုးပါဘူး။ ဆေးဝါးသုံးဖို့ နည်းနည်းတော့ လိုနေသေးတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်က ၀န်ထမ်းတွေက ငယ်ငယ်လေးတွေ၊ အထူးသဖြင့်အကောက်ခွန်က ၀မ်ထမ်းလေးတွေက ရှိလှမှ နှစ်ဆယ်ကျော်စ၊ ရိုးသားမှုတွေ အရောင်စွန်းထင်းမှု မခံရလောက်သေးဘူးလို့ မျှော်လင့်မိတာပါပဲ။ ရှင်.. အမအိတ်ကို ဖွင့်မယ် ဟုတ်လား၊ ဖွင့်ပါရတယ်။ အဲ.. ဟုတ်တယ်.. ဟိုကအဒေါ်က ဒီကအဒေါ်တွက် သခွားသီးခြစ်ဖို့ ထည့်ပေးလိုက်တာပဲကွယ်။ အစ်မလဲ ထည့်လာမိတယ်။ ဆေးလား အဖွားတွက် ဆေးနည်းနည်းပါတယ်။ သြော်.. မယူရဘူးလား၊ များနေလို့လား။ ရတယ်နော်.. သေချာတယ်နော်..။ အင်းအင်း ကျေးဇူးတင်ပါတယ်ကွယ်..။

စိတ်ချမ်းသာတယ်။ လိုတာထက်လဲ အပိုဘာမှပြောစရာမလိုဘူး။ သူတို့ မင်္ဂလာပါလို့ ခရီးသည်တွေကို နှုတ်ဆက်မယ်ဆိုရင် တော်တော်ပြည့်စုံသွားမယ်။ ပစ္စည်းရွေးပေးတဲ့ လူတွေလဲပဲ ယူနီဖောင်းသင့်တင့်စွာနဲ့ ကြည့်ရတာ အဆင်ပြေ အေးချမ်းနေတယ်။

မြန်မာပြည် အခေါက်ခေါက်ပြန်ရောက်တိုင်း... လေယာဉ်ကွင်းအပြင်ရောက်တာနဲ့ သရုပ်မှန်စပေါ်တယ်ထားဦး၊ ပြည်တွင်းခရီးစဉ် အဆောက်အဦးဟာ ထူးခြားပြောင်းလဲမှု မရှိသေးဘူးလို့ ဆိုကြသည်ပဲထားဦး၊ ပြည်ပအ၀င် အိမ်ရှေ့မျက်နှာစာဟာ ဟိုး အရင့်အရင်တုန်းတွေကထက်တော့ အများကြီး သန့်ရှင်းလှပ၊ အဆင့်မှီနေတာ၊ ၀မ်ထမ်းတွေဟာလဲ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး လုပ်စရာရှိတာကို လုပ်သွားတာကို ကိုယ်ကျေနပ်ဂုဏ်ယူတယ်။


Comments from ainchannmyay.com

1. အစ်မရေ စာတွေဖတ်၊ဓာတ်ပုံတွေကြည့်သွားပါတယ်…။ စာမေးပွဲရှိနေလို့ မရောက်ဖြစ်တာကြာပေါ့….။ ကျွန်တော်လည်းနွေရာသီတုန်းက မြန်မာပြည်ပြန်တော့ အစ်မလိုဘဲခံစားရတယ်။
Airport ကတော့အပြင်အဆင်တွေကောင်းပါရဲ့ တစ်ခုခုလိုနေတယ်( သက်ဝင်လှုပ်ရှားမှုမရှိဘူး) လို့ထင်မိတယ်…။ ခုရန်ကုန်မှာဘဲလား…။
Comment by evergreenphyo — November 24, 2008 @ 8:16 pm |

2. မလေးရေ… တစ်ခေါက်ထက်တစ်ခေါက် ကျေနပ်စရာကောင်းလာတယ်ပေါ့နော်…။ အဲလိုမြင်ပေးတာ ၀မ်းသာပါတယ်…။ ပျော်ရွှင်ပါစေ..။
Comment by လေးမ — November 24, 2008 @ 10:09 pm |

3. Thanks for writing your experiences. I’m going back in next month. A bit worry about how to explain about my things… Now release a bit. ha ha
Comment by shin — November 25, 2008 @ 7:22 pm |

4. တာဝါပေါ် တက်ဖူးလားဟင်။ ညီမလေးတော့ အဲဒီပေါ်တက်ရတာ အရမ်းသဘောကျတယ်။ စိတ်လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ပြီးတော့ ချုပ်နှောင်မှု ကင်းသလို ခံစားရတယ်။ တစ်ယောက်တည်း ထိုင်ရင်း ဟိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး၊ တစ်ခါတစ်ခါ ပျံသန်းနေတဲ့ လေယာဉ်ပျံတွေကို ကြည့်ပြီး စိတ်တွေက တိမ်ဆိုင်တွေနဲ့အတူ လွင့်မျောနေသလိုပဲ။ ခြားနားချက်က အဲဒီတစ်ခုမှာတော့ မရှိဘူးထင်တယ်နော်။
Comment by အေးချမ်းသူ — November 26, 2008 @ 8:35 pm |

5. Word press error ဆိုပြီး အဲဒီမှာ ရေးလို့မရလို့ မလေး။
မလေးရေ
တစ်ရာ့တစ်ခုမြောက်သော ပို့စ်မှာ အမှတ်တရလေးပေါ့။
ကန်တော်ကြီးပုံက လှလိုက်တာ။
နောက်ရက် အနည်းငယ်ဆို မလေးရဲ့စာတွေနဲ့ အချိန်နည်းနည်းကြာကြာ (နည်းနည်းပဲ ကြာချင်တာပေါ့ စိတ်ထဲကတော့…) ခွဲရဦးမယ် မလေးရေ…
1 ပတ်၊ 2 ပတ်၊ 1 လ……………………………………
အဲဒီအတွင်း လွမ်းနေမိမှာပဲ။ စိတ်တွေ အဲဒီလိုယောက်ယက်ခတ်နေလည်း မကောင်းဘူး။ တကယ့်ကို မလေးရဲ့စာတွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရဦးမယ်လို့….. အဲဒီလိုပဲ ယုံကြည်ထားလိုက်တော့တယ်။
မလေး ပျော်ရွှင်ချမ်းမြေ့ပါစေ
Comment by အေးချမ်းသူ — November 28, 2008 @ 5:10 am |

6. လာဖတ်သွားတယ်နော်
Comment by eh — December 7, 2008 @ 5:44 am |

ဂေါက်ကွင်းထဲက ပါးကွက်ကျား

စီးပွားရေးပြေလည်လို့ အချိန်မှန် အိမ်ပြန်မလာဘဲ အပျော်ကြူးနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ မိန်းမဖြစ်ရတာထက်၊ မသုံးနိုင် မဖြုန်းနိုင်လို့ တစ်နေကုန်နေပူ၊ မိုးရွာ ဆိုက်ကားနင်းပြီး ကိုယ်ချက်တဲ့ ငပိရည်နဲ့ တို့စရာကို စားဖို့ပြန်လာတဲ့ ဆိုက်ကားသမား မိန်းမသာ ဖြစ်လိုက်ချင်တော့တာပဲ




ကျမ နာမယ် ခင်ခင်တင့်ပါ အစ်မ၊ ကျမလား မြန်မာပြည် အလည်ပိုင်းကနေ ရောက်လာတာပါ၊ ကျမ အစ်ကိုရယ် ကျမရယ်.. မောင်နှစ်မ နှစ်ယောက် သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ ရန်ကုန်ကို ဆင်းလာတယ်ဆိုပါတော့၊ နယ်မှာက အမေအိုကြီး၊ မောင်လေးတစ်ယောက်နဲ့ ညီမလေး နှစ်ယောက်ကျန်ခဲ့တယ်။ အမေက မျက်စိမမြင်ဘူးလေ။ မောင်၊ ညီမတွေကလဲ ငယ်ကြသေးပါတယ်။ ကျမလား... နယ်ကျောင်းမှာ ကောလိပ် တစွန်းတစ တက်ဖူးပါတယ် အစ်မ။

ရန်ကုန်ရောက်ရောက်ခြင်း အဆက်အသွယ်နဲ့ အကိုက ကာရာအိုကေဆိုင်မှာ စားပွဲထိုး အလုပ်လုပ်တယ်။ ကျမကတော့ သူငယ်ချင်း တစ်ယောက် ပြောပေးတာနဲ့ ဒီဂေါက်ကွင်းမှာ အလုပ်ရတယ် ဆိုပါတော့ အစ်မရယ်။ ကျမက သူငယ်ချင်းတွေနဲ့ စုပြီး အခန်းငှားနေတယ်၊ အကိုကတော့ ဆိုင်မှာပဲ အိပ်တာများတယ်၊ မိုးလင်းပြီဆိုရင် စားသောက်ဆိုင်ရဲ့ စားပွဲအချို့ဟာ အကိုနဲ့ တစ်ခြား စားပွဲထိုးတွေအတွက် အိပ်ရာဖြစ်သွားတာပေါ့ အစ်မရယ်..။

ကျမအကိုပြောပြလို့ရယ် ဆိုင်ကို တစ်ခါတစ်လေ လိုက်သွားတတ်တဲ့ ကျမ၊ ယောင်္ကျားတွေ အကြောင်းတော်တော် သိလိုက်ရတယ်။ ပျော်စရာကို အတင်းဖြစ်ညှစ် ရှာနေကြတဲ့ ဘ၀တွေပါ အစ်မရယ်။ ကျမလေ ရမ္မက်နဲ့ အရက်ခိုးဝေပြီး အဆီပြန်နေတဲ့ မျက်နှာတွေကို ကြည့်ပြီးတော့ စီးပွားရေးပြေလည်လို့ အချိန်မှန် အိမ်ပြန်မလာဘဲ အပျော်ကြူးနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ မိန်းမဖြစ်ရတာထက်၊ မသုံးနိုင် မဖြုန်းနိုင်လို့ တစ်နေကုန်နေပူ၊ မိုးရွာ ဆိုက်ကားနင်းပြီး ကျမချက်တဲ့ ငပိရည်နဲ့ တို့စရာကို စားဖို့ပြန်လာတဲ့ ဆိုက်ကားသမား မိန်းမသာ ဖြစ်လိုက်ချင်တော့တာပဲ အစ်မရယ်။ ကျမကို ရူးနေတယ်လို့ မထင်ပါနဲ့နော်၊ ဒီလို စိတ်မျိုးရှိတဲ့ ကာရာအိုကေဘားက ကျမအသိမိန်းမတွေ အများကြီးရှိနိင်ပါသေးတယ်အစ်မ။ မဖြစ်နိုင်လွန်းလို့သာ လုပ်စားနေရတာ၊ ဒီဘ၀တွေကို ငြီးငွေ့နေကြသူတွေက အများကြီးပါ။ ဒီမှာတော့ ငွေကြေးနည်းနည်းရွှင်ရင် ပျက်စီးဖို့ လမ်းက များတယ်အစ်မ၊ တချို့မိန်းကလေးတွေကလဲ ဗိုက်ပြည့်ဖို့ တစ်ခုတည်းနဲ့ မလွတ်လပ်တဲ့ ယောင်္ကျားတွေကို မချစ်သော်လည်း အောင့်ကာနမ်းနေရတာ အများကြီးပါ အစ်မရယ်။ နောက် ကိုရီးယားကားတွေရဲ့ လက်ချက်လဲ ပါတယ်ဆိုရမယ်။ ကိုရီးယားကားတိုင်းလိုလိုက သူများယောင်္ကျားကို ကြိုက်တာတွေချည်းပဲ ပြနေသလိုပဲ။ တချို့တွေကလဲ ကိုရီးယားကားတွေကို သဘောကျတယ်လေ၊ ၀တ်စားဆင်ရင်ပုံတွေက နိုင်ငံတကာကို မှီလာလို့တဲ့။

ကျမတို့လဲ မိန်းမတွေဆိုပေမယ့် လူသားတွေပဲ မဟုတ်ဘူးလားအစ်မရယ်။ ယောင်္ကျားတွေ အလှကြိုက်တတ်သလို၊ လှတာလေးတွေ ငယ်တာလေးတွေကို ကြိုက်တတ်သလို၊ မိန်းမတွေလဲ ကြိုက်တတ်တာပဲ။ ဒီလို အသက်ကြီးကြီး၊ အဆီပြန်နေတဲ့ ဘီယာဗိုက်တွေကို ဘယ်လိုလုပ်ခံစားလို့ရမှာလဲ။ အဖေလောက်ရှိတဲ့ ဟာကြီးတွေကို။ ယောင်္ကျားပုဇ္ဖင်း၊ မိန်းမ ပုခက်တွင်းဆိုတာ သူတို့အတွက်တော့ ဟုတ်ပေမပေါ့။ ကျမတို့အနေနဲ့က ငွေမျက်နှာကြည့်ပြီး အလိုက်အထိုက် ဆံဆက်နေတာ။ တစ်ချို့ကလဲ ဘ၀တစ်ခုအတွက် ဘယ်လောက်အိုအို အငယ်အနှောင်းအဖြစ်နေဖို့ မငြင်းပယ်သူတွေလဲ ရှိတယ်လေ။ တစ်ကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အသုံးချနေကြတာပါ အစ်မရယ်။ ဘယ်လိုလုပ်ပြီး မေတ္တာစစ်ဆိုတာ ရှိပါ့မလဲ။

ကာရာအိုကေဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေမှာဆို ညနေစောင်းတွေဆို ယောင်္ကျားတွေချည်းပဲလို့ အစ်မမြင်သလို ကျမလဲမြင်တာပေါ့ အစ်မရယ်။ အင်း မိန်းမတွေနဲ့ ကလေးတွေ ဘယ်ရောက်နေကြလဲ၊ ဟုတ်လား၊ ကျမလဲ မသိဘူး။ ကျမ အကိုဆိုင်ကို လာလာနေတဲ့ ဖောက်သယ်တွေကတော့ မိသားစု ဘ၀တွေဆိုတာ ဝေလာဝေး၊ အပြင်မှာ ပျော်ပါးနေတာ။ စီးပွားပြေလည်တဲ့ ယောင်္ကျားတွေ တစ်ခြားပျော်စရာတွေ ထွက်ရှာနေကြတာလား။ ဟင်းဟင်း အစ်မကလဲ အစ်မပြောသလို ကလေးတွေကို စာပြပေးဖို့၊ ညအိပ်ရာဝင် ပုံပြောပြဖို့ဆိုတာ ဒီမှာ တော်ရုံအိမ်ထောင်သယ် ယောင်္ကျားတွေ လုပ်တာ ကျမတော့ သိပ်မကြားဖူးဘူး။ ရှိတော့ရှိမှာပါ။ ဟို အဆိုတော့ တစ်ယောက်ရဲ့ သီချင်းထဲကလိုပေါ့၊ အိမ်ကို စောစောပြန်လာပေးပါလား အဖေရယ်လို့ အသနားခံနေတဲ့ သားငယ်တစ်ယောက်ရဲ့ ခံစားချက်မျိုးတွေ ကျမလဲ ခံစားရမိတယ်။

ရှင်... သြော်.. အဲလို ညနေခင်းတွေမှာ လက်ဘက်ရည်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေမှာ အချိန်တွေ ဖြုန်းပစ်မယ့်အစား လူတွေစုပြီး နောက်ဖေးလမ်းကြားက အမှိုက်တွေဝိုင်းကောက်သင့်တယ်ဟုတ်လား အစ်မ၊ ဟားဟား အစ်မက ရယ်စရာလဲ တော်တော်ပြောတတ်တယ်နော်။ ဒါက စည်ပင်သာယာက လုပ်ရမယ့် အလုပ်မဟုတ်ဘူးလား အစ်မရဲ့။ သြော်.. အစ်မတို့ဆီမှာ ကိုယ့်လမ်းထဲက အမှိုက်တွေ၊ သစ်ရွက်တွေကို တစ်လမ်းလုံး လူကြီး၊လူငယ်၊ အဘိုးကြီးတွေပါမကျန် တက်ညီလက်ညီ ကောက်တတ်ကြတယ် ဟုတ်လား။ ကောက်ပြီး ခြံထိပ်မှာ အိတ်တွေနဲ့ပုံထားရင် စည်ပင်သာယာက လာသိမ်းရုံပဲလား၊ သြော် အင်းအင်း၊ ဒါလဲကောင်းတာပဲ၊ ဒါပေမယ့် အစ်မရဲ့ ဒီမှာက စည်ပင်သာယာက သိမ်းဖို့တောင် ပိုက်ဆံပေးရတယ်။ ပိုက်ဆံမပေးရင် ချန်သွားတယ်ဆိုလား။ အင်း.. အစ်မပြောတာလဲ ဟုတ်သင့်သလောက် ဟုတ်မှာပါ၊ လုပ်အားတွေ အလဟသဖြစ်နေတာ။ ရှင် ..အဲ.. Human Resource ဆိုတာတော့ ကျမ မသိဘူးအစ်မ၊ လျှာတောင်လိပ်တယ်။ ကျမ နိုင်ငံရေးတွေဘာတွေလဲ စိတ်မ၀င်စားနိုင်ဘူး၊ အမေမျက်မမြင်ကြီးကို မျက်စိကုပေးဖို့ရယ်၊ မောင်တွေ ညီမတွေရဲ့ ပညာရေးရယ်၊ ၀မ်းတွေဖြည့်ရဖို့ရယ်ကို အရင်စဉ်းစားရဦးမယ်။ ပိုက်ဆံလေး နည်းနည်းပိုရင် ရွာပြန်ချင်သေးတယ်လေ။ အမေ့ကိုလွမ်းတယ်။

အခုဒီ ဂေါက်ကွင်းမှာလား၊ အဆင်ပြေတယ်ရယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ အစ်မရယ်။ တစ်လကိုလားအစ်မ၊ ရှစ်ထောင်ရတယ်။ အရင်ကတော့ စီးပွားရေးပြေလည်ကြတုန်းက ဒီထက်လူများတယ်။ လာရိုက်သူတွေက တစ်ယောက်ကို တစ်ထောင်တန်သည် နှစ်ထောင်တန်သည် မုန့်ဖိုးပေးပေးသွားတော့ တစ်လကို သောင်းဂဏန်းလောက် ကျန်တယ်ဆိုပါတော့။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းတော့ လူသိပ်မလာတော့ဘူး အစ်မ။ အဲဒီတုန်းက အလုပ်ရှင်က လိုအပ်တာသုံးဖို့ ငွေထုတ်ချေးတယ်။ နောက်တော့ လခထဲက ပြန်နှုတ်တယ်လေ။ အလုပ်က သိပ်ပြီး ပင်ပန်းတယ်ရယ်တော့ မဟုတ်ပါဘူး။ ကွင်းထဲက ဂေါက်သီးတွေကို တစ်နေ့သုံးခါ ကောက်ရတယ်။ ညဆို ကိုးနာရီမှာ နောက်ဆုံးဂေါက်ကွင်းရှင်းတယ်လေ။ သြော်... အဟင်း အစ်မကလဲ၊ ကျမက မချောပါဘူး၊ သနပ်ခါးက လိမ်းရတယ်အစ်မရဲ့၊ နေက ပူတယ်လေ၊ တနေ့သုံးခါ ဂေါက်သီးတွေ ကွင်းထဲ ဆင်းဆင်းကောက်ရတော့ နေပူတဲ့နေ့ဆို အသားတွေ မဲလာတာပေါ့။ ကွင်းဆိုတော့ လေကလဲ တိုက်တယ်။ ဒါကြောင့် ပါးကွက်ကွက်ထားတာ အစ်မရဲ့။


ကျမလား ဒီလိုပဲ ပျော်အောင်နေရတာပေါ့ အစ်မရယ်။
အိမ်ကိုလွမ်းတယ်၊ ကျမ နယ်ကိုလွမ်းတယ်။
တစ်နေ့တော့ ပြန်မယ် အစ်မရယ်...
တစ်နေ့ပေါ့..။







COMMENTS FROM ACM.COM

1. မလေး မြန်မာပြည် ပြန်ရောက်နေတယ် ထင်တယ်။ ပုံရိပ်လဲ လင့်ခ် မှားပြီး ခုတလောမှ ပြန်လာလည်ဖြစ်တယ်။ တကယ် တွေ့ကြုံနေရတဲ့ ဇာတ်လမ်းတွေ ထင်ရဲ့။
Comment by ပုံရိပ် — November 30, 2008 @ 9:36 am |

2. Golf kwin mar lote taw, A Lote Ta Ma 1 yout har, D Lote Hti Tway call nai ma lar, so tar sin sarr sa yar phit par tal…..Sar yay thu ye sar pay koont myuu mu tway so tar thi tar nai par tal, Kg par tal but Lat tway kya kya mar, D lote twayy taw nai thu 1 yout har , Golf kwin mar win lote pho so tar, sin sarr sa yar nae nae phit par tal, ( Shi kg shi nai par tal ). A chay kam kya kya life 1 ku ko, pone phaw mal so yin, thu level lay nae thu shi yin po pe kg ma larr lot sin sarr mi lot par. ( sar phat thu 1 yout A nay nae dar win yout sway nway chin phit par tal )
Comment by Anonymous — November 30, 2008 @ 1:02 pm |

3. ပုံရိပ်..
မတွေ့တာ အရမ်းကြာနေသလိုပဲ…။ မလေးလဲ ပုံရိပ်ဆီ သိပ်မရောက်ဖြစ်ဖူး။ လာခဲ့ဦးမယ်နော်..
Anonymous
အခုလို ကျမစာကို အချိန်ပေးဖတ်တာကော၊ အပြုသဘောနဲ့ ထောက်ပြတာကိုကော ကျေးဇူးတင်ပါတယ်။ Anonymous ပြောတဲ့အတိုင်းပဲ အဲဒီမိန်းကလေးရဲ့ အာဘော်တွေကော၊ ကျမရဲ့ အာဘော်တွေကော၊ ကျမ ပြောချင်တာတွေကော၊ စကားပြောတွေ၊ ခံစားချက်တွေကတော့ တကယ့် ခံစားချက်တွေနဲ့ စကားပြောတွေပါ..။ အဲဒီထဲမှာ ဇတ်ကောက်တွေက၊ ဂေါက်ကွင်းမန်နေဂျာ၊ အလုပ်သမားတွေ၊ စတဲ့ တော်တော်များများရဲ့ အာဘော်တွေ များသွားတဲ့ ရလဒ်ပဲ။ ကျမ ဒီထက်ပိုကြိုးစားရဦးမှာပါ။ ကျေးဇူးတင်ပါတယ်ရှင် ခုလိုစေတနာနဲ့ ထောက်ပြတာ။
စာဖတ်သူများကို လေးစားလျှက်..
Comment by မလေး — November 30, 2008 @ 4:45 pm |

4. Ma Lay,
Are you still in Burma? When are you coming back here? We are reading your post everyday.
Ain Shin Ma
Comment by lynda — December 1, 2008 @ 10:38 am |

5. အိမ်ရှင်မလေးရေ…
မလေး ပြန်ရောက်နေပါပြီ။ လူက ပြန်ရောက်နေပြီ။ စိတ်ကတော့ ပြန်မရောက်သေးဘူးး)))
မလေး
Comment by မလေး — December 1, 2008 @ 1:06 pm |

6. မအိမ့်စာတွေ လာဖတ်နေမှန်း ဘယ်လိုသိ။
Comment by s0wha1 — December 3, 2008 @ 8:05 am |



Wednesday, November 19, 2008

ဆက်စပ်မှုမဲ့ခြင်းများ

တစ်ကယ်တော့....

ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ ...

မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်...
ဒါမှမဟုတ်...
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..

ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်...

ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ ...

လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့...
ကိုယ်...
တရားတွေရနေမိတယ်..။

ဒီလိုနဲ့ ...
ကိုယ်တို့တွေဟာ...
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။

ကျမနဲ့ မသက်ဆိုင်တော့သော ဆိုက်ဒ်များ

ကျမမြန်မာပြည် ခဏပဲပြန်ရပါသေးတယ်.. ကျမရဲ့ lyricswithoutmelody.net ဆိုက်ဒ်ကို ကြည့်လိုက်တော့ ဟက် လုပ်ထားခံရတာတွေ့လိုက်ရတယ်…။ ကျမ အတွက်တော့ ဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆိုက်ဒ်တွေ သုံးလေးခုကို အပျော်လုပ်ထားတဲ့ ကျမ၊ သွားကြည့်စရာ ဆိုက်ဒ်တစ်ခု လျော့သွားတော့ အလုပ်သက်သာတယ်လို့ ယူဆမိလို့ပါပဲ။ နဂိုထဲကလဲ ကျမရဲ့ ဒီဆိုက်ဒ်မှာ တစ်ပတ်ကို ပိုစ်တစ်ခု မနည်းတင်နေရသူမို့ အခုလို လုပ်လိုက်သူ(များ)ကို ကျေးဇူးတင်တယ်လို့ပဲ ဆိုပါရစေ။ အဲဒီဆိုက်ဒ်နဲ့ ကျမ သက်ဆိုင်ပေမယ့် မပိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဆိုက်ဒ်ကို ဆောက်ပေးသူဟာ ကျမ ကို ပါစ်ဝါဒ်တို့၊ ပိုစ်တင်ခွင့်တို့ ပေးမထားလို့ပါပဲ။

ဝမ်းနည်းတာ တစ်ခုကတော့ ဆိုက်ဒ်ကို ဆောက်ပေးထား သူအတွက်ပါပဲ။ သူ့ခမျာ အခက်အခဲတွေကြားက ကျမ အနုပညာတွေကို မြတ်နိုးစိတ်တစ်ခုတည်းနဲ့ ဆောက်ပေးသွားသူပါ။ သူဟာ ဖြူစင်တဲ့ ရည်မှန်းချက်တစ်ခုနဲ့ လူတော်တော်များများကောင်းဖို့ ရည်ရွယ်လုပ်ကိုင်ရင်း ဒီလောကကြီးမှာ ရှိချင်လဲ ရှိမယ်၊ မရှိချင်လဲ မရှိတော့ဘူး။ အခုလို ဟက် လုပ်လိုက်သူတွေရဲ့ ရဲဘော်ရဲဘက်တောင် ဖြစ်နိုင်ပါတယ်။ သူအချိန်တွေ အများကြီးပေးပြီး ဆောက်ထားပေးခဲ့တဲ့အတွက် သူ့လုပ်အားတွေနဲ့ အချိန်တွေ၊ ခံစားချက်တွေအတွက်တော့ စိတ်မကောင်းပါဘူးရှင်။

တလက်စတည်းနဲ့ အားလုံးကို အသိပေးချင်ပါတယ်။ www.ainchannmyay.blogspot.com ရယ် www.lyricswithoutmelody.net ရယ် တွေနဲ့ ကျမ အိမ်ချမ်းမြေ့ဟာ ဘာမှ ပတ်သက်ခြင်း မရှိကြောင်း အားလုံးကို အသိပေးလိုပါတယ်.. www.lyricswithoutmelody.blogspot.com မှာလဲ ဘာမှ တင်ဖြစ်ဦးမှာ မဟုတ်ပါဘူးလို့ ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ secondary email ကို ပြန်ရလိုက်လို့ အရမ်းဝမ်းသာနေပါတယ်ရှင်

အွန်လိုင်းမှာတွေ့နေကြ သူငယ်ချင်းများအားလုံးကို လဲ သတိရပါတယ်။ ခုလောလောဆယ်တော့ အွန်လိုင်းတက်ဖြစ်ဦးမှာမဟုတ်ပါဘူး။

LinkWithin

Related Posts Plugin for WordPress, Blogger...