မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 22, 2008

ညည်းချင်း

လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

*********************
အလှအပနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဈေးဝယ်ထွက်ရတာကို နှစ်သက်တဲ့ မိန်းမတွေထဲမှာ မပါသော မိန်းမတစ်ယောက်ဟာ လူထူးဆန်းတစ်ယောက်သာဆိုရင် ကျွန်မဟာ လူထူးဆန်းတစ်ယောက်ပဲ ဖြစ်လိမ့်မည် ထင်ပါသည်။ မရှိမဖြစ်လိုအပ်နေမှုထက် လိုချင်သော စိတ်ဆန္ဒတွေကို ဖြည့်စည်းပေးရန်၊ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးသော ဆိုင်တန်းတွေရှိရာ shopping mall တွေဟာ ကျွန်မအတွက်တော့ မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေများကို စုတ်ယူငင်ထားသော နေရာတစ်ခုပဲဖြစ်ပါသည်။

ကျွန်မ လိုအပ်တဲ့ ပစ္စည်းတစ်ခုကို ၀ယ်မယ်ဆိုလျှင် ဈေးထိပ်က မြေပုံမှာ အဲဒီပစ္စည်းရနိုင်မည့် ဆိုင်၏ မြေပုံကို အရင်သွားကြည့်သည်။ ပြီးတော့ ဆိုင်ရှိရာကို တန်းတန်းမတ်မတ်သွားသည်။ ဆိုင်ထဲဝင်သည်၊ နည်းနည်းပါးပါး လေ့လာပြီး ကြိုက်သည်၊ ဈေးသင့်တော်သည်ဆိုလျှင် ၀ယ်လိုက်တတ်သောသူပါရှင်။

အထူးသဖြင့် စတိုးဆိုင်ကြီးတွေဖြစ်တဲ့ The Bay တို့ Sears တို့အထဲကို ၀င်ရမည်ဆိုလျှင်၊ စတိုးဆိုင်ထိပ်က ရေမွှေးကောင်တာကို ဖြတ်ရမည်ဆိုလျှင် အလိုလိုနေရင်း ဇက်ကြောက တက်လာပါပြီ။ ယခုလဲ The Bay ဆိုင်ထဲကို ၀င်ရတော့မည် ဆိုသည်နှင့် ခပ်လှမ်းလှမ်းကတည်းက အသက်ကို အောင့်ထားလိုက်သည်၊ ပြီးတော့ ရေမွှေးကောင်တာရှေ့က အသက်အောင့်ထားရင်း မြန်မြန်ဖြတ်ပြီး အ၀တ်အစားတွေရှိသော တန်းဘက်ကိုရောက်တော့မှ အသက်ကို ၀၀ရှုလိုက်သည်။ အ၀တ်စားတန်းမှာ အကျီ တွေက ဆောင်းကူးရာသီမှာ ၀တ်ဖို့ အ၀တ်အစားတွေမို့ ထူထူထဲထဲတွေ။ နွေရာသီဝတ်ပေါ့ပေါ့ ပါးပါးလေးတွေကိုတော့ ရာသီကုန်ပြီမို့ အကုန်သိမ်းဆည်းသွားကြပြီ။

“ဟင်း..
ကပ်ပြီးမှ လုပ်တာကိုး ကိုယ့်အပြစ်နဲ့ကိုယ်ပဲ...”


ခပ်တိုးတိုးပြောပြီး ဂါဝန်လှလှလေးတွေတန်းဘက်ကို သွားလိုက်သည်။
ဟယ် … ဒီဂါဝန်လေးက လှတယ်၊ အိနြေ္ဒ လဲရတယ်၊ မြန်မာပြည်မင်္ဂလာဆောင် နဲ့လဲ သင့်တော်မယ်ထင်တယ်။ အရောင်လေးလဲ မဆိုးဘူး၊ ဒီတစ်ဆိုင်လုံးကတော့ Made in Canada ဆိုတော့ ဈေးနည်းနည်းပိုကြီးနိုင်ပေမယ့် သင့်တော်ရင်တော့ ဒါလေးပဲ ၀ယ်သွားတော့မယ်။

စိတ်ကပြောပြီး ဈေးနှုန်းကဒ်လေးကို ကိုင်ကြည့်လိုက်သည်။

ဟင်.. ဘုရားဘုရား.. ဒေါ်လာ လေးရာ၊ ဒါတောင် ဒီဇိုင်းအင်ကနေဒါ၊ မိတ်ဒ်အင် ချိုင်းနား။
ဘုရားတပြီး ပြန်ချလိုက်တယ်။

ကြိုက်လို့ကိုင်ကြည့်လိုက်သည့် ဂါဝန်တိုင်းက ဒေါ်လာ နှစ်ရာကျော်တွေချည်း။ ကိုယ်တတ်နိုင်တာကျတော့လဲ ပုံစံမကြိုက်၊ အရောင်က မကြိုက်။
ဒီတစ်ထည်ကလဲ တိုနန့်နေတာပဲ၊ ပွဲထိုင်တွေမှာ ဒူးဆစ်ပေါ်နေခြင်းဟာ အထက်တန်းလွှာမဟုတ်ဘူးလို့ ဘယ်သူတွေ စည်းမျဉ်းချလိုက်ပါသလဲ။ နိုင်ငံတစ်ကာ အစည်းအဝေးတက်တာလဲမဟုတ်ဘူး။ ဒီဟာကလဲ အရောင်တွေ လက်နေလိုက်တာ၊ ဒါသာဝတ်သွားလိုက်လို့ကတော့ ခရစ်စမတ် လက်ဆောင်ထုတ်ကြီးရွေ့လာတယ် ထင်နေဦးမယ်။ ဒါလေးကလဲ ကြိုးလေးက တစ်ချောင်းထဲ၊ အသက်အရွယ်နဲ့ ဘယ်လိုမှ မလိုက်ဘူး။ ဟယ်.. ဒါလေးလှလိုက်တာ လုံလုံခြုံခြုံနဲ့ အနက်ရောင်လေး၊ လက်နေတာလေးတွေကလဲ စိန်ပွင့်လေးတွေ မသိမသာလက်နေသလိုလို၊ ဈေးကလဲ အတော်ပဲ၊

လက်ကိုင်အိတ်ထဲက ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ ပြီးတော့ နံပါတ်တစ်ခုကို လှည့်လိုက်သည်။

“မေ… ”

“ပြော.. သမီး”

“မေ.. မြန်မာပြည် မင်္ဂလာဆောင်တွေမှာ အနက်ဝတ်လို့ရလား”

“ဟယ်.. မရဘူးနော်။ သူတို့က ပန်းရောင်တို့ အ၀ါတို့ ၀တ်တာ..၊ အနက်မလုပ်နဲ့..”

“ဟုတ်.. ဟုတ်.. ဒင်နာကော မရဘူးလား.. ဘာဝတ်ရမလဲ ခုထိမသိဘူး”

“သမီးကဘာဝတ်ဝတ်လှမှာပါ… အနက်တော့မလုပ်နဲ့”

မေ နဲ့ပြောရင်း တဖြည်းဖြည်း တစ်ခြား အ၀တ်အစားတန်းတွေဘက်ရောက်သွားသည်၊ ဟိုဟာလေးကိုင်ကြည့်၊ ဒါလေးကိုင်ကြည့်၊ စကားကတစ်ပြောပြောနဲ့ ဖိနပ်လေးတွေ ကိုင်ကြည့်လိုက်၊ ပိုက်ဆံအိပ်ကိုင်ကြည့်လိုက်နဲ့ ဘယ်တွေရောက်ကုန်မှန်းမသိလို့ ကိုယ်ဘာလာဝယ်လဲ ကိုယ်မေ့သွားလို့ ငါဘာလာဝယ်တာပါလိမ့်လို့ ကိုယ့်ကိုကိုယ်စိတ်ထဲက ပြန်မေးရသေးသည်။

“အဖြူကော.. သတို့သမီးနဲ့ မှားနေဦးမယ်ထင်တယ်နော်..”

“အဖြူတော့ မကောင်းဘူးသမီး၊ အ၀ါလေးတို့ ဘာတို့ဝတ်ပါလား”

“အဲဒီအရောင်တွေ တစ်ခှု မကြိုက်ဘူး၊ တောက်တောက်ကြီးတွေ၊ စိတ်ညစ်လိုက်တာ၊ မူးနေပြီလူက..”

“စောစောကမှ ကြိုမလုပ်တာ”

မေနဲ့ စကားပြောရင်း ၀တ်ထားရတဲ့ ကုတ်အကျီ င်္အနက်ကြီးကလေးလာသလိုလို၊ ပူလောင်ပြီး အိုက်လာသလိုလို၊ ပိုက်ဆံအိတ်ကို လွယ်ထားတဲ့ ပခုံးက အောင့်လာသလိုလို၊ ဒေါက်မြင့်က နာလာသလိုလို၊ တော်တော်လေးကို ကသိကအောင့်နှင့် ဈေးဝယ်ရတဲ့ ဒုက္ခကို ခံစားနေရသည်။ ရူထားတဲ့ ရေမွှေးနံ့တွေက နှာခေါင်းထဲက မထွက်လို့ မူးမော်ချင်သလိုလိုဖြစ်နေသေးသည်။ ဒီလောက် ပင်ပန်းမောပန်းစရာကောင်းသော အလှပြင်ပစ္စည်းဈေးဝယ်ထွက်ခြင်း ဒုက္ခကို မိန်းမတွေ ဘာဖြစ်လို့ ခုံမင်နှစ်သက်တာလဲ မသိဘူးဟု စဉ်းစားနေမိသည်။

“ဟိုရောက်မှ အမ တစ်ယောက်ယောက် အကျီ င်္ထမီ ထုံးစံအတိုင်းယူဝတ်ရတော့မယ်ထင်တယ်”

“ခါးပတ်ပါယူသွားဦး လိုလိုမယ်မယ်..”

“အဟွန်း မေ ကလဲ၊ လုပ်တော့မယ်”

“သြော်.. သမီးရဲ့ ချိတ်ကော”

“ဟို နတ်ကတော်စိမ်းချိတ်လား၊ တစ်ထည်တည်းသော ချိတ်လား မေ..”

“အေး”

“ပျက်ပြီ”

“ဟင်.. ထမီပျက်ရတယ်ရှိသေးလား”

“ဟုတ်.. ရှိတယ်။ ဟိုတစ်ပါတ်က ဟိုမင်္ဂလာဆောင်မှာ ဒေါက်မြင့်နဲ့ညိပြီး ကြိုးတွေထွက်လာလို့ ပျက်ပြီ။ ဂါဝန်ကြီးလို့ ဖြစ်သွားတာ.. ချိတ်ကြိုးတွေ အကုန်ထွက်လာတယ်၊ ပြောရင်းနဲ့ အသည်းတောင်ယားလာတယ်”

“တစ်ခါမှ မကြားဖူးဘူး”

“ဟုတ်.. တကယ်မရှိတော့ဘူး။ ဘာဝတ်ရမှန်းမသိဘူး၊ စိတ်ညစ်တယ်.. ဒါဆိုဒါပဲလေ မေ… ချလိုက်ပြီ”

ဖုန်းကိုပိတ်ပြီး စတိုးဆိုင်ထဲက လေးလေးပင်ပင်ထွက်ချလာသည်။ လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

သွားရင်းသွားရင်း ကျောက်ပြားခင်းစင်္ကြဘေးက ဆိုင်သေးလေးတစ်ခုကို လှမ်းတွေ့လိုက်သည်။ ရောင်စုံပုဝါ လက်လက်ကလေးတွေ ချိတ်ထားတာတွေ့တော့ ပုဝါလေးနဲ့ ဆံထုံးလေးနှင့် ငါတော်တော်လေး ယဉ်မှာပဲဟု ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ကိုယ့်ကိုကိုယ်စိတ်ကူးယဉ်ပြီး ၀င်သွားလိုက်သည်။ ဆိုင်က အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုနစ်ခုကို ရောပြီး ပစ္စည်းတင်ထားသည်။ သီချင်းကလဲ ယဉ်ကျေးမှုနှစ်ခု ရောယှက်ထားပုံရသည်။ remix ပေမယ့် မြူးကြွငြိမ့်ငြောင်းနေသည်။ ပုဝါတွေကို မကြည့်ဖြစ်ဘဲ
ကိုယ်ကြိုက်တဲ့ အသည်းကွဲရောင် အကျီ င်္လေးတစ်ထည် ကို ချိတ်ထားသော ထောင့်လေးတစ်ထောင့်ကို ရောက်သွားသည်။ အကျီ င်္ရှိနေတဲ့ နေရာလေးကလဲ မျက်နှာကျက်က ငြိမ့်ငြောင်းသီချင်းလာနေတဲ့ စပီကာအောက်မှာ၊ အကျီ င်္လေးကို ကိုင်ကြည့်ရင်း ဆဲလ်ဖုန်းကို ထုတ်လိုက်မိပြန်သည်။

“ဟလို”

“ဟလို”

“ဟလို.. ပြော.. ခု ဘယ်မှာလဲ”

“ဘာဝတ်ရမှန်းခုထိ မသိသေးလို့”

“ဒီလောက်ကပ်နေပြီ”

“အသည်းကွဲရောင်ကောင်းမယ်ထင်လား”

“အသည်းကွဲရောင်ဆိုတာ ဘယ်လိုမျိုးလဲ”

“အင်.. အသည်းကွဲရောင်လေ…”

“အင်း ကောင်းမှာပေါ့။ ဘာသီချင်းကြီးလဲ ခုဘယ်ဆိုင်မှာလဲ”

“အရှေ့အလယ်ပိုင်းနဲ့ အရှေ့အိန္ဒိယ နှစ်ခုရောထားတဲ့ ဆိုင်... သီချင်းလေးကောင်းတယ်နော်..”

“လုပ်ပြန်ပြီကွာ.. ဆာရီတော့ ၀ယ်မလာနဲ့ဦး”

“ဟင်.. ဒါပေမယ့် မြန်မာပြည်က ဒီဇိုင်းမျိုးတွေအများကြီးပဲ”

“ကြည့်လုပ်ဦး”

“အင်း အရောင်တွေကတော့ တောက်တယ်၊ တစ်သက်လုံး အနက်တွေ အညိုတွေဝတ်ရတာများတော့ ဘာပုံထွက်လာမလဲမသိဘူး”

“ကိုယ်တစ်ယောက်ထဲ တောက်တာမှ မဟုတ်တာ.. ဟိုမှာတော့ ပူမယ်နော်.. ကဲ ကိုယ်သွားရမယ်”

“အင်း.. ဘိုင်”

“ဘိုင်”

ဖုန်းကို ကုတ်အကျီ င်္အိတ်ထဲ ထည့်လိုက်သည်။ ဆိုင်လေးထဲမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ရှိမနေ၊ ဆိုင်တွင်းမှာ အာဖရိကန်ဗုံသံနောက်ခံနှင့် သီချင်းလေးတွေက ငြိမ့်ငြောင်းနေသည်။ ကောင်တာနောက်က လူကလဲ စာအုပ်တစ်အုပ်ဖတ်ပြီး ငိုက်မြည်းနေသည်။ လက်ထဲမှာ ဇာအနားကွပ်လေးတွေနဲ့
အကျီ င်္လေး သုံးထည်ကို ကိုင်ပြီး ထိုဆိုင်လေးထဲမှာ တော်တော်ကြာကြာ အချိန်ဖြုန်းနေလိုက်သည်။
ခုနက ခံစားခဲ့ရသော မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေကတော့ တဒင်္ဂပျောက်ကွယ်နေပါတော့သည်။

Comments from acm.com

1. ဟူးးး…မော်လိုက်တာ အစ်မက ဈေးဝယ်ထွက်တာမကြိုက်ဘူးလို့  တက်စ်ပို့ စ်တစ်ခုမှာတည်းကဖတ်ဖူးတာ အခုတော့ တကယ်ယုံသွားပြီးး မင်္ဂလာသွားဆောင်ဖို့ လားလို့  ဟိဟိ မင်္ဂလာဆောင် သွားတာကိုးး ဘယ်သူနဲ့ လဲ မြန်မာပြည်ရောက်မှ ချိတ်တွေဝတ်ပေါ့ ကျနော်ပြောဖူးသား အစ်မက ချိတ်ဝမ်းဆက်လေး စထုန်းလေးနဲ့ ဆို အရမ်းလှမှာလို့  ဟဲဟဲ မြှောက်တာ ပြန်လာရင် မုန့် ဝယ်ခဲ့ ။ စားချင်တဲ့ လက်ဖက်ရည်နဲ့  နံပြား အားလုံးစားခဲ့နော့် ပျော်ပါစေ မွေးရပ်ပြန်ခရီးမှာ ။
Comment by မောင်မျိုး — October 23, 2008 @ 2:17 am |

2. Ma Lay,
When are you going back to Burma? I had a same problems like you do when it comes to shopping for some occasions. Stress out and have fun at the same time so I know what you are talking about. Peace out…
Ain Shin Ma
Comment by lynda — October 23, 2008 @ 8:47 am

3. မလေး..
မြန်မာပြည် ပြန်မလို့လားဟင်။ ပျော်ရွှင်ပါစေနော် အစ်မ။ အပြန်ကျရင် မုန့်ဝယ်ခဲ့နော်။ ဘယ်လောက်ကြာမှာလဲဟင်။ လွမ်းနေရတော့မယ်။ ပန်းသီးငါးပိချက်လည်း အခုထိ ချက်မကျွေးသေးဘူး။
Comment by ချစ်စု — October 24, 2008 @ 5:37 am |

4. ပြက္ခဒိန်က အမည်းရောင် ရက်စွဲလေးတွေရဲ့ ထူးခြားချက်ကို ရှာဖွေကြည့်မိသေးတယ်၊ ဒီတစ်ခါတော့ စဉ်းစားမိတဲ့ အတွေးက တစ်ခါတည်းနဲ့ မှန်သွားတယ်နဲ့ တူတယ်၊ မလေး ပို့စ်တင်တဲ့ ရက်စွဲလေးတွေရယ်လားလို့။
မလေး မြန်မာပြည် ပြန်လာတဲ့အခါပဲဖြစ်ဖြစ် မဆုံချင်ပါဘူး၊ သံယောဇဉ်တွေ တိုးမှာစိုးလို့။ တွေ့ ဆုံ ကြုံ ကွဲ တဲ့။ အဲဒီတော့ မတွေ့ဆုံခဲ့ရင် ကွဲစရာလည်း မလိုတော့ဘူးပေါ့နော်။
အမှတ်တရ လေးတွေကို အခါခါ ထပ်ဖတ်သွားတယ်။ ဒီနေရာမှာ သာနေတဲ့ လ၊ ပြာနေတဲ့ ရေ၊ စိုပြည်တဲ့ ဆောင်း… လွမ်းနေမိသေးတယ်။
Comment by ayechanthu — October 25, 2008 @ 4:40 am |

5. Have a nice trip, Ma Lay…
ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့၊ ပြီးရင် ဘလော့ဂ် မှာတင်ပေး.
Comment by Yan — October 25, 2008 @ 5:10 am |


Sunday, October 19, 2008

ဆူး


ကျုပ်...
အိပ်မရဘူး။
ရူးမတတ်ပဲ
ဆူးတွေနဲ့ လွမ်းတယ်။

Saturday, October 18, 2008

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၃

သီတင်းကျွတ်လရဲ့ လှပဝေဆာတဲ့ ဆီမီးတွေနဲ့ အတူ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၂) အမှတ်(၃) ထွက်လာပါပြီ။

ကျွန်မရဲ့ ခွင် ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုလေးတစ်ပုဒ်နဲ့..
နီနာ (ခေါ်) ရွေ့လျားနေတဲ့ပြတိုက် ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ သံလွင်မှ ဖော်ပြပေးထားပါတယ်ရှင်။

စိတ်ကိုအနိုင်ကျင့်သူများ

ကျွန်မ စိတ်ထဲမှာ ဒီနေ့ တော်တော်လေး ကသိကအောင့်ဖြစ်သွားပါတယ်။ အဖြစ်ကတော့ ဧည့်ကြိုရုံးဝန်ထမ်းနဲ့ သယ်ယူပို့ဆောင်ရေးငှာနက၀န်ထမ်းနှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ ကိစ္စလေးပါ။ ဧည့်ကြိုရုံးဝန်ထမ်းမိန်းကလေးက အသက်သုံးဆယ်လောက်၊ သယ်ယူပို့ဆောင်ရေးငှာနက ကောင်လေးက ရှိလှမှ တဆယ့်ရှစ်နှစ်၊ sexual harassment လို့ အမည်တပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာက မိန်းကလေးပါ။ မိန်းကလေးက ကောင်လေးကို နောက်ကနေပြီး ဂျင်းပင်အောက်ကပေါ်နေတဲ့ အောက်ခံဘောင်းဘီကို သွားသွားဆွဲပြီး စတဲ့ ကိစ္စပါပဲ။ ဒီခေတ် ယောင်္ကျားလေးတွေကလဲ တမင် အောက်ခံဘောင်းဘီကို ပေါ်အောင် ၀တ်တတ်ကြတယ်ထင်ပါတယ်။ မိန်းကလေးကလဲ သူ့မောင်အရွယ်လေးဆိုတော့ စ တယ်နဲ့တူပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ကောင်လေးက ကျွန်မနဲ့ ခင်ပါတယ်။ မထင်မရှားတီးဝိုင်းလေးတစ်ခုက လိဒ်သမားလေး တစ်ဦးပါ၊ တော်တော်လဲ အေးပါတယ်။ သူ့ကို ဟိုမိန်းကလေး အဲလို စရင် သူ စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မ ကိုပြောနေတာတော့ကြာပါပြီ။

မိန်းကလေးကလဲ ပြင်သစ်မလေးဆိုတော့ ပြင်သစ်မလေးတွေရဲ့ ပုံစံအတိုင်း လွတ်လပ်ပေါ့ပါး၊ စလိုက်နောက်လိုက် နေတတ်ပါတယ်။ မြန်မာမျက်စိမှာတော့ တော်တော်လေးတော့ မျက်စိနောက်စရာပေါ့နော်။ ဒါပေမယ့်လဲ အချို့ယဉ်ကျေးမှုတွေမှာ ဒါဟာ ခေတ်ရှေ့ပြေးတယ် outgoing ဖြစ်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာတွေလဲရှိပါတယ်။
နောက်ဆုံးတော့ ဘာဖြစ်ကြတယ်မသိဘူး၊ မိန်းကလေး အလုပ်ဖြုတ်ခံထိလိုက်ပါတယ်။ ရုံးတွေမှာ မလိုအပ်ပဲ စတာတွေ၊ နောက်တာတွေက သိပ်လွန်လာရင် အလုပ်တွေကို ထိခိုက်နိုင်တယ်။


ဒီနေ့ တစ်ယောက်သောသူကလဲ တိုက်တိုက်ဆိုင်ဆိုင် စိတ်ဝင်စားစရာ ဆောင်းပါးလေး တစ်ပုဒ် အီးမေးလ်ကို ပို့ပေးလာတော့ ဖတ်ပြီး စာဖတ်သူများနဲ့ ဝေမျှလိုစိတ်ဖြစ်လာပါတယ်။ အများကတော့ သိပြီးသားတွေပါပဲ။

ကနေဒါနိုင်ငံမှာ Sexual harassment နဲ့ racial discrimination ကို ထိထိရောက်ရောက် အရေးယူပေမယ့်၊ အရေးယူရခက်တဲ့ bullying (စိတ်ကိုနှောက်ယှက် အနိုင်ကျင့်) တာက ပိုပြီး လုပ်ငန်းခွင်တွေမှာ များပြားပါတယ်။ bully လုပ်သူ ၈၀% ဟာ အထက်အရာရှိတွေဖြစ်ပြီး၊ လူနည်းစုဟာ လုပ်ဖော်ကိုင်ဘက်အချင်းချင်းဖြစ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် တစ်ယောက်ထဲ နေတတ်သူတွေနဲ့ အားနည်းတဲ့သူတွေဟာ bully လုပ်တာခံရတာများပေမယ့် လုပ်ငန်းခွင်တွေမှာကတော့ အလုပ်ကြိုးစားတဲ့သူတို့ လူချစ်လူခင်ပေါတဲ့သူတို့ဟာ အနိုင်ကျင့်ခံရတတ်သူတွေ ဖြစ်နေတတ်တယ်။ အနိုင်ကျင့်တဲ့သူတွေဟာ ဘယ်လိုလူတွေကို ရွေးအနိုင်ကျင့်လဲဆိုရင် အားလုံးနဲ့ လိုက်လျောညီထွေ နေတဲ့သူတို့၊ ပြန်ပြီးဖြေရှင်းချက်တွေနဲ့ ရန်ပြန်မဖြစ်တဲ့ သူတွေကို ရွေးပြီး အနိုင်ကျင့်တတ်တဲ့ သဘောတွေရှိတယ်လို့လဲဆိုပါတယ်။

အနိုင်ကျင့်သူများ၏ အကျင့်စရိုက်များ
အနိုင်ကျင့်တဲ့ bully တွေဟာ ဘယ်လိုလူတွေလဲဆိုရင် စာနာစိတ်မရှိသူ၊ social skills နည်းသူ၊ ကိုယ့်ကိုကိုယ် မလုံမခြုံဖြစ်နေသူ၊ ယုံကြည်မှု နည်းသူတွေပဲဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ကိုတွေ့ပြီဆိုရင် တရားမမျှတစွာ ဝေဖန်ပစ်တင်မယ်၊ လူတွေအများရှေ့မှာ အရှက်ခွဲမယ်၊ ဒါမှမဟုတ် အုပ်စုထဲမှ ကျဉ်ထားတဲ့ သဘောတွေလုပ်တတ်ပါတယ်။

အထက်အရာရှိတွေမှာ အဲလိုနိမ့်ကျတဲ့ စိတ်ရှိပြီဆိုရင်တော့ လက်အောက်ငယ်သားတွေကို မတန်တဆအလုပ်တွေခိုင်းမယ်၊ မပြီးပြီးအောင် အတင်းတွန်းမယ်၊ လုပ်ပိုင်ခွင့်တွေကို လျော့ချပြီး အလုပ်တွေပိုပိအောင် ဥာဏ်ဆင်မယ်လို့ ဆိုပါတယ်။

အနိုင်ကျင့်သူများ၏ ဒုက္ခများ
သူတို့တွေဟာ လုပ်ငန်းခွင်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို မိမိကိုယ်ကို ကာကွယ်နေရတာရယ်၊ မိမိဘက်ကို ပါလာမယ့်လူတွေကို လူစုနေရတာရယ်နဲ့ အချိန်ကုန်နေပြီး၊ တစ်ကယ့်အလုပ်မလုပ်နိုင်တော့အောင် စိတ်တွေကျပ်နေတာတွေဖြစ်လို့ ခဏခဏလဲ ရုံးပျက်တတ်တယ်လို့ ဆိုပါတယ်။

အဲလိုလူမျိုးတွေဟာ ပတ်ဝန်းကျင်ကို အဆိပ်တွေပျံ့နှံ့စေတဲ့ သူတွေလို့ဆိုပါတယ်။ ဒေါသ၊ ကြောက်ရွံ့ခြင်း၊ စိတ်ကျစေခြင်းတို့ကို ပတ်ဝန်းကျင်မှာ ပျံ့နှံ့စေတဲ့ လူတွေပဲဖြစ်ပါတယ်။ အနိုင်ကျင့်ခံရတဲ့ သူတွေခမျာလဲ စိတ်ကျတာ၊ အိမ်ထောင်ရေးအဆင်မပြေတာ၊ အပေါင်းသင်းမိတ်ဆွေတွေပျက်တာတွေ ဖြစ်လာပါတယ်။

အဲလို ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတစ်ခုလုံးဟာလဲ ထိခိုက်နစ်နာပါတယ်။ health care system တစ်ခုလုံးလဲ ထိခိုက်နစ်နာပါတယ်။ ကျွန်မ ရေးဖူးတဲ့ ချစ်သူ့လွယ်အိတ် ထဲကလိုပဲ၊ society တစ်ခုလုံးက web ကြီးတစ်ခု မို့လို့ တစ်ယောက်နစ်နာရင် အကုန်နစ်နာကြတာပါပဲ။ နောက်ဆုံး ဒီဒုက္ခဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာတာပါပဲ။

ဒီလို အလုပ်တွေမှာ အချင်းချင်း အနိုင်ကျင့်တဲ့သူတွေကြောင့် ကုမဏီတွေဟာ လူတော်၊ လူကောင်းတွေကို ဆုံးရှုံးကြရတာ မနည်းပါဘူး။ အနိုင်ကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူတဲ့ လုပ်ငန်းခွင်တွေဟာ အနိုင်ကျင့်သူတွေကို အရေးမယူတဲ့ ကုမဏီတွေထက် ၃၀% ကနေ ၄၀% ထိ ပိုပြီးအောင်မြင်တယ်လို့ ဆိုပါတယ်။


ရုံးတွေမှာ အဲလို အနိုင်ကျင့်လာပြီဆိုရင် ရက်၊ အချိန်၊ အဖြစ်အပျက်တွေကို သေသေချာချာ ရေးမှတ်ထားတာမျိုး၊ တနည်းနည်းနဲ့ မှတ်တမ်းတင်ထားတာမျိုး လုပ်ခိုင်းပါတယ်။ ဖြေရှင်းပေးမယ့် သူ (သို့) အုပ်စုဟာလဲ အနိုင်ကျင့်သူကော၊ အနိုင်ကျင့်ခံရသူ နှစ်ဦးလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို တရားမျှတစွာ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ခြုံငုံကြည့်ပြီးမှ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဖို့လဲ ဆောင်းပါးက အကြံပေးထားပါတယ်ရှင်။

ရုံးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လှုမှုရေးအဖွဲအစည်းတွေ အားလုံးမှာ အုပ်စုဖွဲ့ အနိုင်ကျင့်၊ bully လုပ်ခြင်းများ လျော့နည်းပပျောက်ပါစေ… လို့။



Virtual world မှာ bully လုပ်ခံရသူများအနေနဲ့ကတော့ မိမိတစ်ဦးတည်းမဟုတ်ကြောင်း၊ မိမိကို ချစ်ခင်သေးတဲ့သူတွေရှိသေးကြောင်း အမြဲသတိရပြီး၊ ကိုယ်လုပ်သင့်တာကို တစိုက်မတ်မတ် လုပ်သွားဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်ရှင်။
Common.. it’s just a virtual world လို့တော့ ကျွန်မ မပြောတော့ပါဘူးရှင်။ ဘာလို့လဲဆိုတော့ ဒီ virtual world ကြီးကို ချစ်နေမိပြီ၊ သံယောဇဉ်ဖြစ်နေမိပြီ ဖြစ်လို့ပါပဲရှင်။


source:http://www.safety-council.org/info/OSH/bullies.html


Comments from ainchannmyay.com

1. လူတစ်ယောက်က ခင်လို့စတာကို စိတ်အနှောင့်အယှက်မဖြစ်သင့်သလို…ငါ့ကို ချစ်လို့..ခင်လို့ပါလားလို့ စိတ်နှလုံးသွင်းလိုက်ရင် အဲဒီကောင်လေး အေးချမ်းသွားပါလိမ့်မယ်..
နေရာချင်းသာလဲလိုက်ချင်တယ်.. ဟဲ..ဟဲ..
အနိုင်ကျင့်တတ်တဲ့လူ ဆိုတာကလည်း သူတို့ကိုယ်တိုင်ကိုက သိမ်ငယ်စိတ်များနေတတ်တဲ့လူတွေများပါတယ်..အဲဒီလူတွေက တကယ်သနားဖို့ကောင်းတယ်..သူများ စိတ်ညစ်မှသူတို့ပျော်ရတယ်ဆိုတာ တော်တော်ခွတီးခွကျနိုင်တာပဲ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:32 am

2. ဒီပို့စ်လေးဖတ်ရတာ စိတ်လည်းမကောင်းဘူး. ပညာလည်းရပါတယ်.
စိတ်မကောင်းတာကတော့ အလုပ်ပြုတ်သွားတဲ့ မိန်းကလေးအတွက်ပါ. ပညာရတာကတော့ အကျီစားသန်က ရန်များ၏ ဆိုတဲ့ မြန်မာစကားပုံလေး မှန်လွန်းတာကို သတိရမိသွားတာပါ.
ဟုတ်တော့လည်းဟုတ်တယ်ဗျာ. အလုပ်ခွင်ထဲမှာ ကိုယ့်အထက်ကလူက ကိုယ့်ကို တစ်နည်းတစ်ဖုံနဲ့ ဘူလီလုပ်ရင် တော်တော်အခံရခက်တယ်.
မခံနိုင်လို့ ပြန်ပြောပြန်ရင်လည်း ရိုင်းတယ်. အောက်ခြေလွတ်တယ်. ကျေးဇူးကန်းတယ်. စတဲ့ စကားလုံးတွေ မျိုးစုံနဲ့ ထိုးနှက်ခံရတယ်.
စတယ်နောက်တယ်ဆိုတာကလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်သင့်တာပေါ့လေ.
ဘာပဲဖြစ်ဖြစ်ပါ.
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်. မလေးလည်း အလုပ်ခွင်ထဲမှာရော၊ ပြင်ပလက်တွေ့ဘ၀မှာပါ စိတ်ကို အနိုင်ကျင့်တတ်သူတွေနဲ့ လွတ်ကင်းပြီး အေးချမ်းပျော်ရွှင်ပါစေဗျာ…
ခင်မင်လေးစားလျက်
ရန်အောင်
Comment by Yan — October 22, 2008 @ 3:48 am

3. မလေးရေ.. ဒီပို့စ်လေးက ကောင်းလိုက်တာ .. သတိထားဖို့လေ။ အဲလို စိတ်ကို အနိုင်ကျင့် တတ်သူများဟာ မိသားစု အချင်းချင်း ထဲမှာတောင် ရှိတယ် ဆိုတာ Child Abuse Protection Report တွေထဲမှာ ဖတ်လိုက်ရတယ်။ ကိုယ့်အပြုအမူ တစ်ခုက သူများကို မထိခိုက်အောင် ဂရုစိုက် တတ်မှုပါ လိုတယ် ထင်ပါရဲ့နော်။
Comment by ခွန်မြလှို်င် — October 23, 2008 @ 2:46 am

4. ကျနော်လဲ အွန်လိုင်းမှာ အဲ့လို bully လုပ်တာခံဖူးတယ်။ အင်းနော် လူတွေလူတွေ..
Comment by minnyoon — October 23, 2008 @ 3:14 am

Wednesday, October 15, 2008

ချစ်သော.....ဖန်သားပြင်

ကျွန်မ ဖန်သားပြင်ပေါ်မှာ စာရေးခဲ့ခြင်းဟာ ဒီလောကကို အတုလို့ ထင်မိခဲ့လို့ပါ။ ဒီဖန်သားပြင်ကြီးရဲ့ နောက်မှာထိုင်နေကြတဲ့ သူတွေအားလုံးမှာ မိမိကိုယ်ပိုင် ဘ၀ကိုယ်စီရှိကြပါလိမ့်မယ်။ လူတွေဘာလို့ ဒီဖန်သားပြင်ပေါ်မှာ စာတွေရေးကြတာပါလဲ။ ဗဟုသုတမျှဝေချင်လို့၊ စိတ်အစာပြေချင်လို့၊ ကလောင်သွေးချင်လို့၊ ပျော်ချင်လို့၊ ရင်ဖွင့်ချင်လို့ ဖြစ်ပါလိမ့်မည်။

ကျွန်မ အတွက်တော့ ရင်ဖွင့်ရာ နေရာလေးတစ်ခု အနေနဲ့ စခဲ့တာပါ။ မည်သူမျှလဲ ကျွန်မစာတွေကို အလေးထားဖတ်လိမ့်မယ်လို့ မထင်ခဲ့မိပေမယ့် ကိုယ်ရေးတဲ့စာတိုင်းဟာ ခံစားချက်ကို အရင်းခံခဲ့တဲ့ နှလုံးအိမ်က ယိုစီးလာတဲ့ သွေးတွေမို့ မည်သူတန်ဖိုး ထားထား၊ မထားထား ပန်းကလပ်ပေါ်တင်လို့ သိပ်တန်ဖိုးထားတာ စာရေးသူအချင်းချင်း သိပါလိမ့်မည်။

ဒီနေ့ အလုပ်မသွားခင် အိမ်ခန်းထဲမှာ နှုတ်ခမ်းနီဆိုးနေစဉ် အိမ်ရှေ့ခန်းကနေ အဲလက်စ်က သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းလိုက်ပါတယ်။

ဘာကိုမှ နားမလည်ခင် အချစ်ဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီစာသားကြားမိတော့ တစ်ယောက်ထဲ တိတ်တိတ်လေး ပြုံးမိတယ်…

အဲဒီစာသားလေးနေရာမှာ.. စာသားလေးအချို့ထည့်ပြီး တစ်ယောက်ထဲ သီချင်းညည်းမိတယ်..

ဘာကိုမှ နားမလည်ခင် ဖန်သားပြင်ပေါ်မှာ စာရေးရခြင်းဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီအချိန်မှာ အဲလက်စ်က ဆက်ဆိုတယ်….

အားလုံးကို နားလည်ရင် အချစ်ဟာမီးလိုပူလောင်တယ်…
ပန်းကြွေကျသလိုလို အလွမ်းတွေ ရလာရင်ငိုချင်တာ…
သစ္စာမဲ့တာတွေ.. နစ်နာခဲ့တာတွေ မြင်နိုင်တယ်…

နှုတ်ခမ်းနီတောင့်ကို မှန်တင်ခုံပေါ် အသာချ၊ အိမ်ခန်းထဲက ထွက်ပြီး စာကြည့်ခန်းထဲကို ၀င်သွားလိုက်တယ်။ ကွန်ပြူတာကိုဖွင့်လိုက်ရင်း အဲလက်စ်သီချင်းကို နောက်က သံယောင်လိုက်မိတယ်။

အားလုံးကို နားလည်ရင် (အချို့လူတွေအတွက်) ဒီလောကဟာ (အွန်လိုင်းလောကဟာ) မီးလို ပူလောင်နိုင်တယ်..
သစ္စာမဲ့တာတွေ.. နစ်နာတာတွေကိုလဲ ကျွန်မဲ မြင်နေရတယ်…

အီးမေးလ်ကို ကျွန်မဖွင့်လိုက်တယ်။ အီးမေးလ်တွေထဲမှာ စာလေးတွေနဲ့အတူ၊ ထုံးစံအတိုင်း မိတ်ဆက်စာလေးတွေ တွေ့လိုက်ရတယ်။ မိတ်ဆက်စာတွေရရင် တန်ဖိုးထားလို့ ဖြူစင်စွာပျော်တတ်ခဲ့တဲ့ ကျွန်မဟာ မိတ်ဆက်စာတွေ အပေါ်မှာ ထုံထုံထိုင်းထိုင်းဖြစ်လာတတ်တာ၊ စာတွေကို တော်ရုံ မပြန်ဖြစ်တဲ့ ကျွန်မ မာသာထရီစာနဲ့ ပတ်သက်ပြီး ရလာတဲ့ မိတ်ဆက်စာလေးတစ်ခုနဲ့ ပတ်သက်ပြီး ပန်းတွေကြွေကျဖူးသလိုဖြစ်ခဲ့ဖူးလို့ပါ။ ဒါကြောင့် နောက်ပိုင်း အွန်လိုင်းမိတ်ဆက်စာဆိုရင် ဘယ်စာကိုမှ ခံစားချက်မထားတော့ဘူးလို့ ဆုံးဖြစ်ထားခဲ့တယ်။ ဒီလိုနဲ့ အီးမေးလ်ထဲက မိတ်ဆက်စာလေး တစ်စောင်ပေါ်မှာ မျှားလေးတင်ထားပြီး ကျွန်မ အတွေးနယ်ချဲ့နေမိတယ်။

………………….

………………….

ဒီအွန်လိုင်းလောကထဲကို ငယ်စဉ်အခါက ခြေမချဖြစ်ခဲ့ပါ။ လူတွေ ပျော်နေကြတဲ့ အချိန်မှာ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် ကျွန်မကတော့ အတ္တတွေနောက်ကို လိုက်နေခဲ့သူမို့ စာအုပ်ပိုးတစ်ကောင်ဖြစ်လိုက်၊ မစို့မပို့ ငွေစက္ကူလေးတွေကို တုန်တုန်ယင်ယင် ကိုင်တတ်သူ တစ်ယောက်ဖြစ်လိုက်နဲ့ ဘ၀ဟာ လည်ပတ်နေခဲ့တယ်။ ဒီလိုနဲ့ အတ္တတွေကို အနည်းငယ် ပုံစံချပြီးပြီလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ပြီးတဲ့ အခါမှာတော့ ဒီ အတုလောကကြီးထဲကို အပျော်သဘောနဲ့ ကိုယ်ဖျောက်လို့ မယောင်မလည် ၀င်ရောက်ခဲ့ပါတယ်။

ပျော်မိပါတယ်။ တက်သစ်စ ဘလော့ဂါတွေရဲ့ ခံစားချက်တိုင်းပေါ့။ ဆီပုံးတွေသွားနှုတ်ဆက်လိုက်… ကွန့်မန့်တွေရေးလိုက်၊ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်နဲ့ ပြောဆိုလိုက်နဲ့ ပန်းခင်းကြီးထဲမှာ ပန်းရနံ့မျိုးစုံကို ရှုရှိုက်လို့ နေရောင်နွေးနွေးကိုခံရင်း ပျော်ရွှင်နေတဲ့ လိပ်ပြာတစ်ကောင်လို ၀ဲနေခဲ့တယ်။ အပြင်လောကမှာ လူချစ်လူခင်များတဲ့ ကျွန်မကို ဒီ အတုလောက က လူတွေကလဲ ထိုက်သင့်သလောက် ခင်ကြ ချစ်ကြပါတယ်..။ တစ်ဖြည်းဖြည်းနဲ့ ဒီအတုလောကကြီးကိုလဲ ကျွန်မ ချစ်လာတယ်။ သံယောဇဉ်တွေ တွယ်လာမိတယ်။

လတွေ သက်တမ်းရင့်လာတဲ့ အခါမှာတော့…
ဒီအတုလောကကြီးဟာ တဖြည်းဖြည်း အသက်ဝင်လာတယ်။ မျိုးစေ့ချ ပေါင်းသင်ရေလောင်းလို့ ကြီးထွားလာတဲ့ မိုးထိပဲပင် တစ်ပင်လို ကျွန်မ ရင်ထဲမှာ ကြီးထွားလာတယ်။
လည်ပတ်သွားလာနေတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်အယူအဆတွေ၊ နူးညံ့သိမ်မွေ့မှုတွေ၊ ကြမ်းတမ်းမှုတွေ၊ နာကျည်းချက်တွေ၊ အောင်မြင်ခြင်းတွေ၊ ရှုံးနိမ့်ခြင်းတွေကို သယ်ဆောင်ထားတဲ့ လူသားတွေဟာ လက်မ၀က်တောင် မရှိတဲ့ ဒီဖန်သားပြင်တွေရဲ့ နောက်မှာ ရှိနေတာပါလား၊ ဒါဟာ အစစ်လောကကြီးပါလားလို့ သံဝေဂ ရလာတယ်။

အဲလက်စ် ဆိုသလိုပဲ အားလုံးကို နားလည်လာတော့ ပန်းတွေကကြွေကျလို့ အလွမ်းတွေလဲ ရလာတယ်ပေါ့ရှင်။ စာရေးရတာလဲ အရင်လို မလွတ်လပ်တော့ သလို ခံစားလာရတယ်။ နာမယ်ရ ဘလော့ဂါသူငယ်ချင်းတစ်ယောက်ကတော့ အမြဲမေးပါတယ် စာရေးရင် ဘာလို့ ချုပ်ထားတာလဲ တဲ့။ မရည်ရွယ်ဘဲ ချုပ်ထားမိတဲ့ ကျွန်မရဲ့စာတွေဟာလဲ ထွက်လာတုန်းက အဖြူထည်၊ ဖန်သားပေါ်ရောက်တာနဲ့ အရောင်ဆိုးခံတာမျိုး တစ်ခါတစ်ခါ ခံစားရတယ်။

မိတ်ဆက်စာလေးတစ်ခုပေါ်မှာ မျှားလေးကို တင်ထားရင်းအတွေးနယ်ချဲ့မိတဲ့ ကျွန်မ ပထမ တစ်စောင်ကိုနှိပ်ချလိုက်တယ်…

အမ,

First of all, let me say i sincerely adore and admire u after reading ur writings...
ဗမာလိုပဲရေးတော့မယ်... အပေါ်ကစာကြောင်းက မြန်မာလိုရေးရင်တမျိုးကြီးလိုပဲမို့လို့ပါ...
မလေးလို့ပဲခေါ်ခွင့်ပြုပါ... မမလို့ခေါ်ရင်လဲကြောင်သွားမလားလို့.
မလေးရဲ့ စာတွေကို သဘောကျတယ် အရမ်းလဲအထင်ကြီးပါတယ်... အတွေးတွေပေးတယ်...
ဒီနေ့ အမ ရေးထားတဲ့ သတင်းစာဆရာ ဝတ္တုတိုလေး ကိုဖတ်ရတယ်...
မလေးရဲ့ Rambo ကားအမြင် ကိုလဲ ဒီနေ့ မှပဲဖတ်ဖူးတာ... တော်တော်ကို သဘောကျတယ်...
အဲဒီက တင်တုန်းက ကျောင်းကသူငယ်ချင်းတွေနဲ့သွားကြည့်တာ..မလေးလိုပဲစိတ်တွေတိုပြီးပြန်လာရတယ်...
သူတို့ ကိုရှင်းပြလို့မရတာတွေအများကြီးပဲ...သူ တို့လဲ ဘာကြီးလဲဟ ဆိုတဲ့ မျက်နှာမျိုးတွေနဲ့လေ... ပြီးတော့ ကိုယ်ပြောတာတွေကို သိတဲ့ အတိုင်း အဖြူတွေပုံစံနဲ့ နားလည်ပေးသလိုလိုဘာလိုလိုတွေနဲ့လေ...
မလေးရဲ့ အဲဒီကား အပေါ်မှာ မြင်တာရော Proposal နိုင်ငံရေးလုပ်နေတဲ့ လူတွေကို တင်ပြတာကို အရမ်းအထင်ကြီးပါတယ်... comment တွေ ဒီအချိန်မှ လာရေးလို့လူတွေက ရူးနေတယ်လို့ ထင်မှာဆိုးလို့..
မလေး ရဲ့ email address ကို မလေး comment ထားခဲ့တုန်းက တွေ့ လို့ email ရေးလိုက်တာပါ...
အရင်တုန်းက မလေးစာတွေကို မဖတ်ဘူးဘူး... လူတွေပြောတာတွေပဲကြားဘူးတာ..
မလေးက စစ်တပ် အသိုင်းအဝိုင်းကလို့ကြားဘူးတော့ လုံးဝ မဖတ်ဖြစ်တော့တာ...
လူတွေမကောင်းဘူး... မလေးရေးထာတွေ တဖြေးဖြေးရင်းဖတ်တော့မှ ကြားဘူးတာတွေနဲ့ တလွဲကြီးတွေပဲ...
မလေးရဲ့ စာလေးတွေကို စာအုပ် ထုတ်သင့်တယ်... ဝတ္တုလေးတွေကိုပါ....
အရမ်းသဘောကျတာတော့သိတယ်... ဘာပြောရမလဲတော့သိတော့ဘူး....
မလေးကို သဘောကျတယ်........
ခင်တဲ့
ညီမ

ဒီစာလေးရတော့ ငိုင်ကျသွားတယ်။
ဘယ်အသိုင်းအ၀ိုင်း၊ ဘယ်အဖွဲ့အစည်းကိုမှ မပါဝင်ခဲ့သော၊ မပါသော၊ ဘယ်တော့မှလဲ ပါလိမ့်မည်မဟုတ်သော၊ မိမိကိုယ်ကို အင်ဒီဗစ်ဂျူရယ် တစ်ဦးလို့ မြင်ခဲ့တဲ့ ကျွန်မဟာ အဲဒီစာလေးဖတ်ပြီး မိတ်ဆက်စာပို့လာတဲ့ ညီမကို ကျေးဇူးတွေတင်နေမိပါတယ်။ သူ့စာလေးဖတ်ရတာ ပျော်ရွှင်ပီတိဖြစ်သလို၊ တစ်ချိန်ထဲမှာ သြော်……… လို့လဲဖြစ်သွားတယ်။
အဲလို ဆွေးဆွေးမြေ့မြေ့လေး သြော်…….. လို့ ဖြစ်သွားပြီးတဲ့နောက်၊ နောက်စာလေးကို နှိပ်လိုက်တယ်….

မမအိမ့်ရေ...

ညီမက ------ပါ မမ။ မမအိမ့် ညီမBlogကို လာဖတ်ပေးတာတွေ အတွက်ရော comment လေးရေးပေးသွားတဲ့ အတွက်ပါ အရမ်းကျေးဇူးတင်တဲ့အကြောင်း ပြောချင်လို့ ---------- က မောင်လေး ------ ဆီက Email တောင်းပြီး စာရေးလိုက်တာပါ။ ညီမက အခုလို စာမျိုးသိပ်ရေးလေ့ မရှိပေမယ့် အစ်မကိုတော့ စိတ်ထဲက အရမ်းလေးစား ချစ်ခင်နေမိလို့ ရေးလိုက်တာပါ။ Online မှာ စကားတောင် မပြောဖူးပေမယ့် အစ်မကို ညီမစိတ်ထဲမှာ အရမ်းကို ရင်းနှီးခင်မင်နေခဲ့တာပါ။ အစ်မရေးတဲ့စာတွေကို ညီမအရမ်းကို ကြိုက်တာပါပဲ။ အစ်မရဲ့ "ချစ်သူ့အိမ်"ကို ညီမဘယ်နှခေါက်ဖတ်မိလည်းတောင် မမှတ်မိတော့ပါဘူး။ အဆုံးသတ်လေးကို ဖတ်မိတိုင်းသဘောကျမိပါတယ်။ ရိုးလည်း မသွားပါဘူး။ အစ်မ ညီမကို ရေးပေးခဲ့တဲ့ comment လေး ဖတ်ရတုန်းကလည်း အရမ်းကို ပျော်ပါတယ်။ ညီမရေးတာလေးတွေကို အစ်မကကြိုက်တယ်ပြောတော့ အရမ်းဝမ်းသာမိပါတယ်။

အစ်မကိုလည်း ညီမ Gtalk မှာ Add လုပ်ထားပါရစေနော်။ အစ်မ အဆင်ပြေရင် Accept လုပ်ပေးပါနော်။ အဆင်မပြေဘူး ဆိုရင်လည်း ရပါတယ် အစ်မး) အစ်မ အလုပ်သိပ်များမယ်ဆိုတာ ညီမနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်မကို အခုလိုစာရေးလိုက်ရတာနဲ့တင် စိတ်ထဲမှာ တော်တော်ပျော်နေပါပြီ။ အစ်မ နာမည်လေးနဲ့လိုက်အောင် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေ...

ချစ်ခင်လေးစားတဲ့
ညီမ -----------

ဒုတိယ တစ်စောင်ကိုဖတ်ပြီးတော့ ကျွန်မ အပျော်ဟာ ပိုပြည့်စုံသွားတယ်။ မိတ်ဆက်စာတိုင်းကို မပြန်ပေမယ့် ဒီစာလေးတွေရဲ့ ပိုင်ရှင်တွေဆီကို စာပြန်ပြီးတော့ အရင်မိတ်ဆက်စာတွေလိုပဲ ဖိုင်လေးတစ်ခုထဲမှာ မြတ်မြတ်နိုးနိုး သိမ်းထားလိုက်တယ်။ ပြီးတော့ ကွန်ပြူတာခလုတ်ကို ကျွန်မ ပိတ်လိုက်တယ်။ မှန်သားပြင်ဟာ မဲမှောင်သွားတယ်။ ကျွန်မအရိပ်ကို ကျွန်မ ပြန်မြင်လိုက်ရတယ်။ အရိပ်လေးရဲ့ နှုတ်ခမ်းက ပြုံးရောင်သန်းနေတယ်…။

.................

.................

ဖန်သားပြင်ပေါ်မှာ ကျွန်မစာတွေရေးခဲ့တာ ဒီလောကကို အတု လို့ ထင်ခဲ့မိလို့ပါ…။

(အဲဒီစာလေးနစ်စောင်ကို ကျွန်မပိုစ်မှာ မျှဝေမယ်လို့ ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်ရယူပြီးသားဖြစ်ပါတယ်ရှင်)


Comments from ainchannmyay.com

1. မေတ္တာဆိုတာ အသွားပြန်ရှိတာပေါ့ အစ်မရေ့ စာရေသူကစေတနာထားတော့ ရောင်ပြန်တာဖြစ်မယ် အစ်မကိုချစ်ကြတယ်ဆိုတာ သိရတော့ ၀မ်းသာတယ် အမြဲပြုံးနိုင်ပါစေဗျာ
Comment by မောင်မျိုး — October 16, 2008 @ 2:10 am |

2. Ma Lay,
Keep writing whatever you believe in. Keep up your good work. We are your daily readers and love your writing a lot.
Ain Shin Ma
Comment by lynda — October 16, 2008 @ 8:08 am |

3. မအိမ့်ချမ်းမြေ့….
မင်္ဂလာပါနော်…
ကျွန်တော် အခုလို မိတ်ဆက်စာကိုကောမန့်အနေနဲ့ ရေးတော့ နည်းနည်းများကြောင်သွားမလားပဲ. ဘယ်လိုမျိုးလဲဆိုပြီး တွေးနေမှာလည်း စိုးရိမ်မိတယ်.
မအိမ့်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါရစေ..
ကျွန်တော့်နာမည် ရွက်စိမ်း ပါ. ကျွန်တော်လည်း ကဗျာတွေဘာတွေ ရေးတယ်ဗျ. မအိမ့်လိုတော့ လက်သိပ်မထက်လှဘူး…
ကျွန်တော် ခုနလေးတင် အိမ်ပြန်ရောက်တယ်. ရောက်ရောက်ချင်း ထုံးစံအတိုင်း… မအိမ့်ရဲ့ ဘလော့ဂ်လေးရယ်၊ ဒေါ့ကွန်းလေးရယ်ကို ဖွင့်ဖတ်ဖြစ်တယ်.
ချစ်သော.. ဖန်သားပြင်ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်လိုက်ရရော ကျွန်တော့်ရင်ထဲ အေးချမ်းသွားတယ် မအိမ့်ရယ်…
ပို့စ်လေးထဲမှာ မအိမ့်ရဲ့ အွန်လိုင်းလောကကြီးကို နည်းနည်းလန့်နေပုံကိုလည်း ခံစားမိတယ်. ဒါပေမယ့် စစ်မှန်တဲ့ စာဖတ်ပရိသတ်တွေ ရှိနေသေးလို့လည်း မအိမ့်ဝမ်းသာကြည်နူးနေတယ်ဆိုတာကိုလည်း
ကျွန်တော် နားလည်သဘောပေါက်မိပါတယ်.
ဒါကြောင့် ဒီမိတ်ဆက်စာလေးကို ရေးဖြစ်သွားတယ်ဆိုပါတော့ဗျာ..
ကျွန်တော့်ဆီ စာပြန်စရာမလိုပါဘူးခင်ဗျာ. ကျွန်တော့်ရင်ထဲ ဖြစ်လာလို့ ချရေးလိုက်ရုံသက်သက်ပါ. ဘာမှ မမျှော်လင့်ပါဘူး.
ကျွန်တော်လေ မအိမ့်ရဲ့ ဒေါ့ကွန်းလေးနဲ့ ဘလော့ဂ်စာမျက်နှာလေးတွေကို ချစ်တယ်. သဘောကျတယ်. နှစ်သက်တယ်
ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။
ခင်မင်စွာနှင့်…
ရွက်စိမ်း
Comment by ရွက်စိမ်း — October 16, 2008 @ 4:37 pm |

4. မလေးရေ-
ဒေါ့ကွန်း လုပ်လိုက်တော့.. Reader မှာ မတတ်ဘူးလား မသိ။ တကူးတက လာလည်ပါတယ်။ မလေး ရဲ့ ဖန်သားပြင် လေး ပိုမို အဓိပ္ပါယ် ရှိ..တင့်တယ် နေပါစေ လို့ ဆန္ဒမွန်ပြုပါတယ်။ ကျမ တို့လည်း..ဘလော့ တွေစ ဖတ်တော့..ဒီဘလော့ လေး မှာပဲ..ငေးမော အားကျ ခဲ့ ရတာပါ။ ဖန်သားပြင် နောက်က..လောက ကြီး ကလည်း.. တခုခု တော့..တခုခုပါပဲလေ။ လူ့လောက..ပရလောက ဆိုသလိုမျိုး ထင်ပါ့.. ပရ လောက မှာ ၀ိဥာဉ်တွေ မြူးနေ သလိုပဲ.. အဲဒီ ၂၁ ရာစု လောက အသစ်ကြီး ထဲမှာလည်း.. ၀ိညဉ် တွေပဲ..မြူးနေကြတာပါပဲ။ အသစ် ပေါ် လာတာ မဟုတ်ပဲ..အဟောင်း ပင်ကိုယ် သဘာဝ တခုက.. နည်းပညာ မျက်နှာဖုံး နဲ့ ပြန်ပေါ် လာတာ လား မသိနော်။
ခင်မင်လျက်-
Comment by K — October 17, 2008 @ 1:53 am |

5. ဖန်သားပြင်ကြောင့် လူတွေရူးကြတယ်..
ဖန်သားပြင်ထဲမှာ လူတွေ စကားလုံးတွေနဲ့ မူးယစ်ကြတယ်..
ဖန်သားပြင်ပေါ်မှာ ခင်ကြတယ်.. ကြဉ်ကြတယ်..
ဘာတွေပဲဖြစ်ဖြစ်.. ဘာတွေပဲပြောပြော..
ဖန်သားပြင်က အားလုံးရဲ့တစ်ခုတည်းသောထွက်ပေါက်ပဲလေ..
မလေးရဲ့ ဖန်သားပြင်ထွက်ပေါက်လည်း အိုအေစစ်လို အမြဲစိမ်းလန်းနေမှာပါ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:18 am |

6. မလေးစာတွေကို နှစ်သက်မိတာ ဖတ်လိုက်တိုင်း ရင်ထဲ တစ်ခုခု ကျန်ခဲ့တာက အဓိကပဲ။ ဖွင့်တာ သုံးခါလောက်ရှိပြီ၊ wordpress database error ဆိုပြီး ကွန်မန့်ရေးရတာ အဆင်မပြေဘူး။
ဟိုးအစက မလေးရေးခဲ့တဲ့ စာတွေ ပြန်ဖတ်နေတာ အကျိုးရှိတာပေါ့။ အတုလောကကြီးအတွက်ရည်ရွယ်ပြီး အစစ်တွေ ရေးခဲ့တဲ့ ခံစားချက်တွေကို မြင်ခွင့်ရခဲ့လို့။
ဘာပဲဖြစ်ဖြစ် အမြဲအားပေးနေမှာပါ မလေး…
Comment by အေးချမ်းသူ — October 20, 2008 @ 5:18 am |

Wednesday, October 08, 2008

ဆူးမဲ့စာမျက်နှာ



ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။


*******
မီးရောင်အောက်မှာ ကပွဲရုံထဲက ခုံတွေက တိတ်ဆိတ်နေသည်။ စင်ပေါ်မှာတော့ ရောင်စုံပိုးဖဲကတ္တီပါ ကန့်လန့်ကာတွေက ခေါင်းမိုးထုတ်တန်းတွေမှ တွဲလွဲကျနေကြသည်။ ရောင်စုံမီးပေးသည့် မီးအုပ် မီးဆိုင်းတွေက မျက်စိကို ကျိမ်းစပ်နေအောင် ထိုးနေသဖြင့် လှည်းနေသည့် တံမြက်စည်းကို ခဏချပြီး စင်နောက်ကိုထွက်သွားလိုက်သည်။ စင်နောက်က မီးခလုတ်အချို့ကို ပိတ်ချလိုက်ပြီး စင်ရှေ့ဘက် ပြန်ထွက်ပြီး တံမြက်စည်းကို ဆက်လှည်းနေလိုက်သည်။

ခုံတွေပေါ်မှာ ပေါက်ပေါက်ဆုပ်တွေ၊ ပလတ်စတတ်အခွံတွေ ကြဲပြန့်နေသည်ကို အမှိုက်အိတ်အနက်ကြီးထဲထည့်၊ လေစုပ်စက်နှင့် အမှုန်အမွှားတွေကိုစုပ်လိုက်သည်။ ဒီညလာကြည့်သွားသည့် ပရိတ်သတ်က အခြား ပရိသတ်အုပ်စုထက် အမှိုက်တော်တော်လေး ဖွသည်ဟု မဆီမဆိုင်တွေးလိုက်မိသေးသည်။

ဒီပွဲကြည့်ရုံက တစ်ခြားသောရုံတွေလောက် အဆင့်မမြင့်ပေမယ့် ဒရိတ် လမ်းမပေါ်မှာတော့ နာမယ်ကြီးသည်။ နေ့လည်ခင်းတွေဆိုရင် လမ်းမတလျောက် ရုံးသွားရုံးလာတွေနှင့် စည်ကားနေတတ်သည်။ ညနေစောင်းဆိုရင်တော့ ပွဲကြည့်လာ ပရိသတ်တွေနှင့် စည်ကားတတ်သည်။ ပွဲစဉ်တွေပြီးပြီဆိုလျှင် လူခြေတိတ်ဆိတ်သွားတတ်သည်။ သည်တော့ ချောင်ကြိုချောင်ကြားမှ အိမ်ခြေမဲ့၊ အလေအလွင့်၊ ဘိန်းစား၊ သူတောင်းစားတို့၏ ခိုနားရာလမ်းမဖြစ်သွားတတ်သည်။

ဒီညကတော့ သောင်္ကြာနေ့ ညတစ်ည၊ ကပွဲက နှစ်ပွဲဆက်တိုက်။ ပထမပွဲက လက်ကျန် အမှိုက်တွေသိမ်းအပြီး ကပွဲရုံဘေးမှာ ဆေးလိပ်ထွက်သောက်နေလိုက်သည်။ ညငှက်တစ်ကောင် အော်မြည်သံနှင့်အတူ ခပ်မှောင်မှောင် လမ်းကြားထဲက ဒုက္ခိတ ဘီးလှိမ့်သံ တကျွိကျွိကြားတော့ ဘိန်းစားအဘဆိုတာ လှည့်မကြည့်ပဲသိလိုက်သည်။ ဘီးလှိမ့်သံက ဘေးမှာ ရပ်သွားသည်။ သူ့ဘီးကို ဒုက္ခိတဘီး ဟု ခေါ်တာကို ဘိန်းစားအဘက ကျေနပ်စွာ ဟက်ဟက်ပက်ပက်ရယ်မောတတ်သည်။ တစ်ခါက ဘိန်းမူးပြီး လှေကားအမြင့်ပေါ်က ပြုတ်ကျပြီးကတည်းက ခြေမသန်တော့လို့ အမှိုက်ပုံတစ်ပုံမှာပစ်ထားတဲ့ ခပ်စုတ်စုတ်ဒီဘီးကို ကောက်ပြီး လျောက်သွားနေတော့သည်။

“ဒီနေ့ နှစ်ပွဲဆက်တိုက်ပါလား”
“ဟုတ်တယ် အဘ”
“ဒီနေ့ မင်းအလုပ်များမှာပေါ့”
“ဒီလိုပါပဲအဘရယ်၊ သိမ်းလိုက်ရတဲ့ အမှိုက်တွေ၊ ဒီညတော့ မောမောနဲ့ အိမ်ရောက်တာနဲ့ ခေါက်တော့မယ်ထင်တယ်”
အိတ်ထဲက လက်ကျန်ဆေးလိပ်တစ်ချောင်းကို သူ့ကိုလှမ်းပေးလိုက်သည်။
“ငါ ဒီလောက်နဲ့ မတိုးတော့ဘူးကွ”
ဟက် ကနဲတစ်ချက်ရယ်လိုက်ချိန်မှာ မဲခြောက်နေသော နှုတ်ခမ်းတွေကြားက မညီမညာ ၀ါထိန်နေသော သွားတွေကို မြင်လိုက်ရသည်။

ပွဲရုံရှေ့သို့ ကားတစ်စင်းဆိုက်လာသည်။ ကားတံခါးအပွင့် ရုပ်ရှင်တွေထဲကအတိုင်း ဖြူဖွေးနုအိသော ခြေတစ်စုံက ကြွကြွလေး လှမ်းသွားသည်။ ပေါင်ရင်းထိ တက်နေသော စကတ်ရဲ့ နောက်ပိုင်းတွေကို ကြည့်ပြီး မျက်နှာလွှဲလိုက်မိသည်။ ကားတွေ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာသည်။ ဒေါက်မြင့်ဝတ် ပေါင်ပေါ်မတွေလဲ တစ်ယောက်ပြီးတစ်ယောက် ကပွဲရုံထဲသို့ ရူးဖိနပ်ဝတ်များနှင့် တွဲ၍ ၀င်ဝင်သွားကြသည်။

“ဟူး”
သက်ပြင်းမောတစ်ချက် ကြိတ်ချလိုက်မိသည်။ ဒါတွေမြင်ရဖန်များတော့ စိတ်မလှုပ်ရှားတော့တဲ့အပြင် ရင်ကို မီးစကြီးတွေနဲ့ ထိုးနေသလိုလို။

“အဘ၊ ပွဲကြည့်ချင်လား”
“မကြည့်ချင်ပါဘူးကွာ”
“ကြည့်ချင်ရင် စက်ထိန်းခန်းထဲခေါ်သွားပေးမယ်လေ”
“ဟေ.. အဲလိုရလား”
“ရပါတယ်.. စက်ထိန်းနဲ့ ကျုပ်နဲ့က အဆင်ပြေတယ်၊ သူ့အခန်းထဲကနေ လှမ်းကြည့်လို့ရတယ်”
“ဖြစ်ရဲ့လားကွာ” ညစ်ပေနေသော ဆံပင်တွေကို တဗြင်းဗြင်းကုတ်ရင်း ပြောလိုက်သည်။
“ဒီည အမေတွေနဲ့ သမီးတွေ တူတူတက်နွှဲမယ့် ပွဲတဲ့၊ အဘတို့ခေတ်က အဆိုကျော်တွေလဲ ပါမယ်လေ”
“အေး ဒါဆိုလိုက်မယ်ကွာ”

*****

စင်ပေါ်မှာ မီးရောင်တွေက ပျိုးပျိုးပြက်ပြက်၊ တီးသံတွေက ကောင်းကင်အနှံ့ က တပြိုင်နက်ပစ်လွှတ်လိုက်တဲ့ မိုးကြိုးသွားတွေလို၊ အောက်က ပရိတ်သတ်ကလဲ တဝေါဝေါ၊ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ယမကာနံ့တွေကိုတော့ ရမက်ခိုးဝေတဲ့ အကြည့်စူးစူးတွေက စင်ပေါ်ကို သယ်ဆောင်သွားနေကြသည်။

တစ်ယောက်က…
ခါးသိမ်သိမ်၊ တင်ကားပြီးသားမှာ အာရုံတွေ တစ်နေရာထဲကို စုစေဖို့ ပြောင်ပြောင်လက်လက် ခါးပတ်နက်တစ်ခုကို ခါးရိုးအောက်မှာ မခို့တယို့ပတ်ထားရင်း အဲဒီနေရာကိုပဲ ခါပြီး စင်မြင့်တစ်လျောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်ရင်း အသံကုန်ဟစ်နေသည်။

နောက်တစ်ယောက်က…
စီ သို့မဟုတ် ဒီဒီ လောက်ရှိတဲ့ အရာတစ်စုံကို ပြုတ်ကျခမန်း ခါပြီး အသုံးတော်ခံသည်။

နောက်တစ်ယောက်ကတော့…
ရှေ့ပိုင်း မလှလို့ပဲလား၊ ဒါမှမဟုတ် နောက်ပိုင်းက ပိုလှတယ်ထင်လို့ပဲလား၊ စင်မြင့်ကို တစ်ချိန်လုံး ကျောပေးထားသည်။ ပြီးတော့ နောက်ပိုင်းတွေကို လှုပ်ပြရင်း အသံကုန်လွှင့်သည်။

“ငါ့အဖေက ပြောဖူးတယ်ကွ”
စက်ထိန်းဆီက အသံထွက်လာသည်။

“အနုပညာသမားတွေ၊ ကဇာတ်သမားတွေ၊ စာပေသမားတွေဟာ သေရင် ငရဲကျမယ်တဲ့”

“ဗျာ” သောက်လက်စ ဖန်ခွက်ထဲက ရေ အပြင်ကို အနည်းငယ်လွင့်စင်သွားသည်။

“ဟား ဟား ဟား ဟား” ဘိန်းစားအဘက အသံကျယ်ကြီးနှင့် အော်ရီလိုက်သည်။

“ဟုတ်တယ်.. လူအများကို စိတ်တိုစေတယ်၊ ဒေါသထွက်စေတယ်၊ သနားစေတယ်၊ ဂရုဏာရသရစေတယ်၊ မနာလိုစိတ်ဖြစ်စေတယ်၊ တဏှာရာဂ ထကြွစေတယ်၊ ဒီခံစားချက်တွေကို သွေးထိုးလှုံဆော် ပျံ့နှံ့စေပြီး ဒီခံစားချက်တွေ အပေါ်မှာ လုပ်စားနေတာလို့ ဆိုတယ်”

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်နေကြတာပဲ မဟုတ်ဘူးလား”
“စိတ်မနိုင်ရင် အနုပညာကို မခံစားနဲ့လေဗျာ၊ ဘာရုပ်ရှင်မှမကြည့်နဲ့ ဘာရသမှကဗျာတွေမှ မဖတ်နဲ့ ဘာနိုင်ငံရေးစာမှ မလေ့လာနဲ့ပေါ့ဗျ” စက်ထိန်းစကားကို လက်မခံနိုင်၍ အသံကျယ်ကျယ်နှင့် သူ ပြန်ပြောလိုက်သည်။

“အေးလေ၊ ခံစားချင်လို့ ဒါတွေကို လာခံစားနေကြတာမဟုတ်ဘူးလား” ဘိန်းစားအဘက အိပ်ချင်မူးတူးဟန်နှင့် ဆိုသည်။

“မခံစားနဲ့ မပြောပါဘူး၊ ဒီလို ညစ်ညူးစေတဲ့စိတ်၊ သောကဖြစ်စေတဲ့စိတ်၊ ဒေါသဖြစ်စေတဲ့စိတ်၊ လွမ်းဆွတ်စေတဲ့စိတ်တွေကို ကူးစက်စေတာဟာ အမှားတစ်ခုဖြစ်မနေနိုင်ဘူးလား” စက်ထိန်းကဆက်ပြောသည်။

“မင်းကလဲ ဒါဆို ပိုက်ဆံပေးပြီး လာခံစားတဲ့သူတွေကကော မှန်နေသလား” ဘိန်းစားအဘ မျက်လုံးပြူးလာပြီ။

“အဘတို့ တော်ကြဗျာ၊ ကျုပ်ကတော့ အချိန်တန် သူတို့ပစ်ချသွားတဲ့ အမှိုက်တွေလိုက်ကောက်မယ်၊ ပိုက်ဆံရရင် အိမ်ကိုငွေပို့မယ်၊ ကံကောင်းတဲ့နေ့တွေ ပိုက်ဆံချပ်လေး တစ်ချပ်နှစ်ချပ် ကောက်ရတတ်သေးတယ်ဗျ”

“နေစမ်းပါဦး၊ မင်းကကော နေ့စဉ် ဒီ က္ကိုထိယ တွေကို မြင်နေရတာ ဘယ်လိုနေလဲ၊ လူငယ်ဆိုတော့ မေးစမ်းပါရစေဦး”

“ဘယ်လိုမှ မနေတော့ဘူး၊ အသားဆိုင်ကြီးတွေ လှုပ်ခါနေတာ၊ ဆံပင်တွေ ယမ်းခါနေတာ၊ အသံတွေ နားမှာအူနေတာပဲ သိတော့တယ်”

ထိုအချိန်မှာ စင်မြင့်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ စင်ထောင့်ကို ပန်းနုရောင်မီးလေးက ဖျော့ဖျော့လေး ထိုးထားသည်။ မီးဝိုင်းလေးအောက်သို့ တစ်စုံတစ်ယောက် ၀င်လာသည်။

“ဟင်..”

နှုတ်မှ ယောင်ယမ်း ထွက်သွားမိသည်။ ကြည်လင်တဲ့အပြုံး၊ အိနြေ္ဒရတဲ့ မျက်လုံး၊ နဲ့ ပရိတ်သတ်ကို ကြည့်ပြီး စင်အလယ်သို့ လျောက်လာသည်။ သူမ တစ်ကိုယ်လုံး အသားဆိုင်တစ်ခုမှ ပေါ်မနေ၊ အဖိုးတန် လွှာရုံအောက်က သူမ၏ ကောက်ကြောင်းတို့က အိနြေ္ဒရလွန်းနေသည်။ မိုက်ခရိုဖုန်းမှ သူမ အသံက တည်ငြိမ်စွာ ထွက်လာသည်။ ကပွဲရုံတစ်ခုလုံး အပ်ကျသံကြားရမတတ် ငြိမ်သက်နေသည်၊ တိတ်ဆိတ်နေသည်၊ တစ်စုံတစ်ရာကို ငံ့လင့်နေသည်။

သူမ… စည်းချက်ညီညီ တေးသွားတစ်ပုဒ်ကို စတင်ဆိုသည်။

သူမ တစ်ကိုယ်လုံးက အိနြေ္ဒရစွာ လွန့်လူးနေသော ကန့်လန့်ကာ တစ်ချပ်နှယ် တေးသွားနှင့် အညီ ယိမ်းနွဲ့နေသည်။ အေးမြကြည်လင်သော စမ်းရေတစ်စင်း သို့မဟုတ် မြစ်တစင်း ပွဲရုံကြီးကိုဖြတ်ပြီး သူ့ရင်ထဲထိ စီးဆင်းသွားပြီ။ သူ့ နှုတ်ခမ်းတွေက တင်းတင်းစေ့နေသည်။ ရေခွက်ကို တင်းတင်းဆုပ်ထားမိသည်။ သူ့  ရင်တွေ တဆတ်ဆတ်ခုန်နေသည်။ ရင်ခုန်နေသည်ဆိုရာဝယ် သာယာငြိမ့်ငြောင်းသော၊ အိနြေ္ဒရသော၊ နက်နဲသော၊ အနုပညာတစ်ခုကို မြည်းစမ်းကြည့်မိလိုက်လို့ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် ခုန်နေရသည့်အဖြစ်။ ဒီမြင်ကွင်း၊ သည်အဖြစ်အပျက် ပျောက်ကွယ်သွားမှာ၊ ဒီသိင်္ဂါရ ရသလေး ပျက်ပြယ်သွားမှာကို စိုးရိမ်ထိတ်လန့်နေမိသည့် အဖြစ်။

“ကောင်မလေး က ငြိမ်လိုက်တာ”
“ဒီနေရာနဲ့ မတန်ပါဘူးကွာ”
“လုပ်စားနေတာမဟုတ်တာ သိသာပါတယ်”
“လုပ်စားနေရသူတွေလဲ ပရိတ်သတ်အကြိုက်လုပ်ရရှာတာပါကွာ”
စက်ထိန်းနှင့် ဘိန်းစားအဘ အပြန်အလှန်ပြောနေကြသည်။

“အမြဲတမ်း ဒါမျိုးလေးကို ကြည့်နေရရင် ကျုပ်အသက်ရှည်မယ်ထင်တယ်”
နှုတ်က ခပ်တိုးတိုးရေရွတ်မိသည်။

“အေး… မင်းလိုပရိတ်သတ်နဲတော့ ဒီပွဲရုံလဲ ပျက်ရောပေါ့ကွာ”

“အေး ခေတ်မရှိတော့ဘူးကွ၊ ဟား ဟား ဟား” အဘတို့ သူ့ကိုလှောင်ပြောင်နေကြသည်။

“ကျုပ်ရင်တွေ အေးမြလိုက်တာ၊ ဆူးမဲ့စာမျက်နှာလေးတစ်ခုကို ဖတ်နေရသလိုပဲ၊ အေးမြလိုက်တာ အဘတို့ရာ”

“မင်းသာ တစ်သက်လုံး သန့်ရှင်းရေးအလုပ်သမားဘ၀နဲ့ ဒီကပွဲရုံမှာ ဆက်လုပ်ကောင်းလုပ်မယ်၊ ကလေးမက သူ့အမေနဲ့ အပျော်တမ်း တစ်ခါပဲတက်ဆိုတာ၊ ဒီအသိုင်းဝိုင်းက မဟုတ်တာ သိသာလွန်းနေတာပဲဟာ၊ နောက်လဲ တစ်သက်လုံးတွေ့ချင်မှ တွေ့ရတော့မှာလေ”

“ဘ၀ဆိုတာ အမြဲအေးမြ မနေတာ မင်းသိပါတယ်နော်”
စက်ထိန်းနဲ့ ဘိန်းစားအဘရဲ့ စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်။

*******

လမ်းပေါ်မှာ ကားတွေတိတ်ဆိတ်သွားသည်။ ကပွဲရုံလမ်းကြားထောင့်က သူမ ကားလေးထွက်ခွာသွားတော့မည်ကို အမှောင်ရိပ်ထဲမှ လှမ်းကြည့်မိသည်။

“မင်းလို မိန်းကလေးမျိုး ခုခေတ်ကာလကြီးမှာ တည်ရှိနေသေးတယ်နော်”

“ကျုပ်ရင်တွေ အေးမြလိုက်တာ ဆူးမဲ့စာမျက်နှာရယ်”

သူ့ရင်ထဲမှာ သည်စကားက အကြိမ်ကြိမ်အခါခါ ပဲ့တင့်ထပ်နေသည်။

ထိုအချိန်မှာ.. နောက်ခန်းက မှန်လေးက တဖြည်းဖြည်းကျလာသည်။ အမှောင်ရိပ်စပ်ကငေးနေသော သူ့ကို သူမ မြင်သွားသည်။ သူမ မသိမသာပြုံးပြလိုက်လေသလား။
ကားလေးက ဒရိတ်လမ်းမကြီးပေါ်သို့ အရှိန်ပြင်းပြင်းထွက်ခွာသွားပါတော့သည်။
သူ တစ်သက်လုံး တိတ်တဆိတ် သိမ်းထားလိုက်မည့် “ဆူးမဲ့စာတစ်မျက်နှာ” ကတော့… ကားလေးနှင့်အတူ… ဝေး၍ ဝေး၍……..။

Thursday, October 02, 2008

ပေလင်၊ ဟာပါ နဲ့ ခုံဖိနပ်ဝတ်

ဒီနေ့ …
တိုကပ်ကပ်ေ၇ွှရောင်ဆံပင်တွေနဲ့၊ ပုလဲနားကပ်မဟုတ်တဲ့
အပျိုနားကပ်လို နားမှာတုန်တုန်ယင်လို့.. ဆံညိုယဉ်ချထားတဲ့
အမေရိကားရဲ့ အပြင်ကို တစ်ခေါက်သာ ရောက်ပါတယ်ဆိုတဲ့..
အလာစကာက “ပေလင်” တစ်ယောက်..
စင်မြင့်ပေါ် တစ်ခေါက် ရောက်တဲ့နေ့..။

ဒီနေ့…
ကနေဒါဝန်ကြီးရဲ့ မိန့်ခွန်းရေးသူက
သြဇီဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတွေကို
“ဟာပါ”အတွက်ပါဆိုပြီး.. အကိုးအကားမဲ့စွာ
မဟားတရားနဲ့ ခိုးထားမိလို့…
မီးရောင်စိမ်းအောက်က တိတ်ဆိတ်စွာ ထွက်ခွာသွားရတဲ့နေ့..။




ဒီနေ့..
ဗြိတိန်နိုင်ငံ တရားရုံးတော်ကြီးတွေမှာ
ရာစုနှစ် လေးခုလောက် သက်တမ်းကြာခဲ့တဲ့
မြင်းမွှေးနဲ့လုပ်ထားတဲ့ အဖြူရောင် ဆံပင်တုကြီးတွေ..
ငြီးငွေ့စွာ ကျွတ်ကျသွားတဲ့ နေ့..။

……….
……….

ဒီနေ့..
ခုံဖိနပ်ဝတ် မိန်းမတစ်ယောက်
ပေါက်ပေါက်ဖောက်သလို၊
ကော်ရစ်ဒါတလွှား.. တဒေါက်ဒေါက် လမ်းသလားရင်း
ဟိုအဝေးက .. သူ့ကလေးများအတွက်…
တန်ဖိုးနည်း ပစ္စည်းတချို့ အလှုခံနေတဲ့နေ့…။


LinkWithin

Related Posts Plugin for WordPress, Blogger...