မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 27, 2008

အိမ့်ချမ်းမြေ့ရဲ့ ပထမဆုံးများ

အမတန်ခူး ... အစ်မတန်ခူး လိုပဲ မှတ်မိသမျှရေးပေးမယ်နော်။ ပထမဆုံးတွေရှိကြပေမယ့် အကုန်လုံးတိတိကျကျ မမှတ်မိတော့ စွဲလန်းနေပြီး မထမဆုံးလိုဖြစ်နေတာလေးတွေကို မှတ်မိသမျှရေးပေးလိုက်ပါတယ်နော်။

ပထမဆုံးတက်ရသည့်ကျောင်း
ယဉ်ယဉ်ဝိုင်းမူကြို။
စိတ်အညစ်ဆုံးနဲ့ မပျော်ဆုံး။ ဖယ်ရီမောင်းတဲ့ ဦးလေးကြီးနဲ့ နောက်မှာကလေးတွေကို ထိန်းတဲ့ ဦးလေးကြီးက အမွှာပူးညီအစ်ကိုထင်တယ်။ ချွတ်စွပ်ပဲ။ သိပ်ကြောက်တာပဲ။ မိုးလင်းလို့ရှိရင် အိမ်ခန်းပြူတင်းပေါက်ကနေ သူတို့မျက်နှာပေါ်လာတာနဲ့ အာဗြဲနဲ့ဟစ်တော့တာပါပဲ။ ညစ်ပေမှုမရှိတဲ့ အကျီ င်္တွေကို တစ်နေ့ နှစ်ခါ၊သုံးခါလောက် နာနီတွေက လဲလှယ်ပေးလို့ စိတ်ညစ်နေတဲ့ ကလေးတွေရှိတဲ့ ကျောင်းလေးလဲဖြစ်ပါတယ်။

ပထမဆုံးတက်ရသည့်အတန်း
အဲဒါကတော့ ပကာသနတွေကင်းတဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းရဲ့ ကကြီးတန်းမှာပါ။ ကျောင်းဝိုင်းကြီးက သစ်ပင်ဝါးပင်တွေ စိမ်းစိမ်းစိုစိုနဲ့။ ခရေပင်အကြီးကြီးလဲရှိတယ်။ စိန်ပန်းပင်တွေလဲရှိတယ်။ စံပယ်ခြုံလေးတွေလဲ ရှိတယ်။ မတောက်ပြောင်ပေမယ့် စိတ်ထားနူးညံ့သိမ်မွေ့တဲ့ ဆရာ၊ဆရာမတွေကော ကျောင်းသူကျောင်းသားတွေကော ရှိတဲ့ အတန်းလေးတစ်တန်း၊ နံနက်ခင်း နေရောင်တွေ ကျုထရံကြားက ထိုးဖောက်လာတတ်တဲ့၊ မိုးရွာရင် မိုးယိုတာလွတ်အောင် ခုံရွှေ့ထိုင်ရတဲ့ အတန်းလေးတစ်တန်းပါ။


ပထမဆုံးအတန်းပိုင်ဆရာမ
အဲဒါ မမှတ်မိတော့ဘူး။ မှတ်မိတာ နှစ်တန်းဆရာမ၊ ကရင်မကြီး၊ ၀၀ဖြူဖြူ သဘောကောင်းကောင်း၊ စာမရရင် ကလေးတွေကို မရိုက်နှက်ဘူး။ ဒါပေမယ့် ယောက်ျားလေးတွေကို နှုတ်ခမ်းမွှေးဆွဲလွှတ်ပြီး တစ်နေကုန် လက်ပိုက်ထိုင်ခိုင်းထားတတ်တယ်။

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)
နာမယ်ပြောလို့မဖြစ်ဖူးထင်တယ်။ သူက အခု ရန်ကုန်မှာ ဆေးခန်းထိုင်နေတယ်။ သူအိမ်မှာလာအိပ်တဲ့ညတွေမှာ သူများအိပ်မောကျနေချိန်မနက်လေးနာရီမှာ (သုံးတန်းပဲရှိကြသေးတယ်) သူက ကုတင်ခြေရင်းမှာ စာထိုင်ဖတ်နေပြီ။ အမြင်ကိုကတ်တယ်… အဟွန်း။

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)
သူငယ်ချင်းယောင်္ကျားလေးဆိုတာ ဆယ်တန်းအောင်ပြီးမှပဲ ရတော့တာပါပဲ။ အိမ်ကိုလဲ ရှားရှားပါးပါး ခြေချဖူးသော ယောင်္ကျားလေးသူငယ်ချင်း နှစ်ယောက်ထဲက တစ်ယောက်ပါပဲ။ ထုံးစံအတိုင်း .. ရုပ်ရှင်လက်မှတ်လေး နှစ်စောင်ထဲက သူပါပဲ။ Pathetic!!! :P


ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)
တစ်ကယ်ပြောရမှာလားဟင်။ သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ ပါပဲ။ အဲဒီစာအုပ်ရယ်… ခပ်ထူထူ ဟိုအပြာရောင်စာအုပ်နှစ်အုပ်တွဲရယ်ပါ။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)
မိုးရေတက်ရေ တဖွေးဖွေး
ချောင်းငယ်အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနဲ့ ပနံတင့်။

ပထမဆုံး ရဖူးသောဆု
သူငယ်တန်းပါ။

ပထမဆုံး စီးရသော ဘတ်စ်ကား
အဲဒီနေ့ကတော့ သေသည်တိုင်မမေ့ပါ။ ရှစ်တန်းနှစ်၊ မိုးတွေသည်းသည်းမဲမဲရွာနေတဲ့နေ့။ နံပါတ် (ဂ) ဘတ်စ်ကားကြီးစီးပြီး လသာ၂အထိ အဝေးကြီး သွားရတဲ့နေ့။ စပယ်ယာက ဒီမှတ်တိုင်မှာ “အလယ်က အစ်မလေး ရှေ့ကိုတိုးပါ နေရာချောင်တယ်” ဆိုလို့ ရှေ့ကိုတိုး။ နောက်တစ်မှတ်တိုင်ရောက်တော့ “အစ်မလေး နောက်နားရွေ့ပါ၊ ချောင်ပါတယ်”ဆိုလို့ နောက်ကိုပြန်ရွေ့ပေးနဲ့။ တစ်လမ်းလုံး ကြွက်နေရာမရသလိုဖြစ်၊ ခေါင်မိုးက လက်တန်းကိုလဲ လှမ်းကိုင်ရတာ ခါးကပေါ်လို့ တစ်ကားလုံး ငါ ခါးပေါ်နေတာများကြည့်နေလားဟဲ့ဆိုပြီး အလွန်စိတ်ဆင်းရဲရသော ခပ်ကြောင်ကြောင် နေ့တစ်နေ့ပါပဲ။

ပထမဆုံး ဆိုခဲ့သော သီချင်း
မှန်ရာကို သစ္စာဆိုပါသည်။ ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာတစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည်။ မင်းကလွဲ၍ အားလုံးကိုချစ်မည်။

အဲဒီသီချင်းပါ။ အရမ်းကိုကြိုက်ပါတယ်။

ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
ခိုင်ထူး…
မင်းနဲ့ဝေးရာ အဝေးဆုံး.. ဆိုတဲ့သီချင်းပါတဲ့အခွေ။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ
သိန်းငှက်အဖွဲ့

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
ရွှေနွယ်ရိုး (အံ့ကျော်ကြီး လူကြမ်းလုပ်တာပဲ မှတ်မိပါတော့တယ်) သိပ်ငယ်တော့ အရမ်းငိုရတာပဲ မှတ်မိတော့တယ်)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
အမလေး… မဖြစ်ဖူးထင်တယ်။
၁၅နှစ်.. ရည်းစားဆိုတာအဖြစ်ပါ။ လူတွေူရှေ့စက်ဘီးပေါ်တင်ထားတဲ့လက်ကို အကိုင်ခံရလို့ ရှက်ပြီးခေါင်းငြိမ့်လိုက်တာ။ ဘားမားတူဒေးမှာ ရှိတယ်.. ဖတ်ချင်ရင် အဲဒီမှာ သာဖတ်ကြည့်ကြပါတော့။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ
ကနေဒါနိုင်ငံကနေ ရုပ်ရှင်လက်မှတ်လေး နှစ်စောင်ထဲက သူ ကို ရေးတဲ့စာပါ။ ရည်းစားစာထက် ချစ်သူဆီရေးတဲ့ စာပါ။ အပြာရောင်စာရွက်ပါးပါးလေးနဲ့…။ ခြောက်မျက်နှာရှိပါတယ်။ အစမှာ.. “ဗင်ကူးဗားကို ခြေအချ.. မိုးတွေက အစိုးမရအောင် ရွာနေတယ်လေ..” အဲလိုစထားပြီး။ အဆုံးမှာ “ငါ့ကို စောင့်နေပါဆိုတဲ့ စကားသုံးပြီး ကြိုးရှည်ရှည်နဲ့ လှန်မထားပေမယ့်.. ငါ… နင့်ဆီကို .. သုံးနှစ်ကြာရင်ပြန်ခဲ့မယ်” လို့ အဆုံးသတ်ထားပါတယ်…။ ရွှတ်။

(အဲဒီတုန်းက ဂျီတောခ်တွေ ချက်တင်တွေမရှိတော့ အဲလို စာလေးတွေကို တစ်ယောက်ထဲသောသူဆီကို သစ္စာတရားတွေ တပွေ့တပိုက်နဲ့ ခုနှစ်နှစ် ခုနှစ်မိုး ရေးလိုက်တာ ရသလက်စွမ်းတွေ တက်လာတော့ တာပါပဲရှင်… )း))

ပထမဆုံး ကဗျာ
ခုနှစ်တန်းတုန်းက စာကျက်ရင်း အိပ်ငိုက်လို့ ထ စပ်လိုက်တဲ့ကဗျာပါ။ ရင်ခုန်တမ်းတ၊ လွမ်းမောရပါသည် … ကနေ မတက်ရသေးခင် အဖေတွေ့လို့ ကြိမ်းခံထိတာနဲ့ ဆက်မစပ်ဖြစ်ခဲ့ပါဘူး။

ပထမဆုံးရောက်ခဲ့သော အခြားမြို့
ကော့သောင်း
လေးနှစ်သမီးက ရောက်ခဲ့တာပါ။ ကမ်းစပ်မှာပြေးခဲ့တာ ဝေေ၀၀ါးဝါး ခုထိမှတ်မိတယ်။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
ထိုင်း၊
လူတွေရုတ်ရုတ်ရုတ်ရုတ်၊ ကားတွေ၊ တုတ်တုတ်တွေ၊ ခြေသလုံးမတွေ.. ဒါပဲမှတ်မိတော့တယ်။ ကနေဒါဗီဇာ သွားနှိပ်တာပါ။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်
အဲ.. အကုန်ပေါ်တော့တာပါပဲလား။
အရက်တော့လုံးဝမသောက်ပါ။ ကြိုက်လဲမကြိုက်ဘူး။ ၀ိုင်လဲမကြိုက်ဘူး၊ ဘီယာလဲမကြိုက်ဘူး။ ထန်းရေလောက်တောင်မကောင်းဘူး။

ဆေးလိပ်… ဟုတ်.. ဆေးလိပ်ကတော့ တစ်ဆယ့်သုံးနှစ်သမီးတုန်းက ၀ရံတာမှာ အကိုတွေဂစ်တာတီးရင်း ခိုးသောက်နေတုန်း အနားသွားပြီး တစ်ချက်သွားသောက်ကြည့်တယ်။ အဲဒါပါပဲ။
အနောက်နိုင်ငံမှာနေပေမယ့် ဆေးလိပ်တို့ အရက်တို့နဲ့ မရင်းနှီးပါဘူး။ အိမ်မှာလဲ အရက်ဘားတွေဘာတွေ မထားပါဘူး။ ဆေးလိပ်ကိုတော့ သောက်ချင်တယ်၊ အမြဲသောက်ချင်ပေမယ့် ဘယ်တော့မှ မသောက်မယ့် အရာတစ်ခုပါပဲ။

ပထမဆုံး ချက်ဖူးသော ဟင်း
အရှက်တွေတော့ကွဲပါပြီ။ ကနေဒါမှာ ကြက်ဥဟင်းချက်တဲ့နေ့။
ခုထိနာမယ်ကြီးပါတယ်.. လကမ္ဘာကြက်ဥဆီပြန်ဟင်း……… တဲ့။

ပထမဆုံး ပစ်ဖူးသော သေနတ်
ပြောင်းတိုသေနတ်လေး တစ်လက်ပါ။

ပထမဆုံး ဘလော့ပို့စ်
မောင်………. တဲ့

ကိုယ်ပိုင်ဘလော့ဂ်မှာတော့
ဘာကြောင့်ပါလဲ……… ဆိုတဲ့ အမည်မသိကဗျာဆိုရှင်ရဲ့ ကဗျာလေးတစ်ပုဒ် ကို စတင်ပါတယ်။

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
T13 ဘေးရေနီမြောင်းဘောင်မှာ ထိုင်ပြီး ဖြတ်သွားတဲ့ ကောင်လေးတွေရဲ့ ပုဆိုးအနားစနဲ့ မန်းလေးဖိနပ်တွေကိုကြည့်ပြီး ကဗျာစုစပ်တဲ့နေ့။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
ကိုတက်စလာ နဲ့ ကိုစစ်အိမ်

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
ကိုဒီဝိုင်း နဲ့ မဂျစ်

ဆက်တက်ဂ်ချင်သူများကတော့
ဒီပိုစ်ကိုဖတ်ပြီး ရေးလိုသူများအားလုံးကို တက်ဂ်ပါတယ်ရှင်။

Comments from ainchannmyay.com

1. မလေးချက်တဲ့ ကြက်ဥဆီပြန်ဟင်းကို စားချင်ပါတယ်။
မှန်ရာကို သစ္စာဆိုပါသည်။ ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာတစ်ယောက်ထဲ ချစ်ခဲ့ဖူးပါသည်။ မင်းကလွဲ၍ အားလုံးကိုချစ်မည်။… “မင်းကလွဲ၍ ဘယ်သူ့မှ ကိုယ်မချစ်ပြီ” မဟုတ်ဘူးလား။
Comment by ပန်ဒိုရာ — September 29, 2008 @ 4:58 am |

2. အိမ်ဟောင်းမှာဖတ်ပြီးသား ဒီမှာလည်းလာဖတ်တယ်
Comment by မောင်မျိုး — September 30, 2008 @ 12:06 am |

3. မလေးရဲ့ ပထမဆုံးများထဲမှာ ထူးထူးခြားခြားပဲ… အမြဲသောက်ချင်ပေမဲ့ ဘယ်တော့မှမသောက်မယ့် ဆေးလိပ်လို့ တွေ့ရတယ်။ ဒါလည်း ထူးခြားမှုတစ်ခုပဲလား? တစ်ခါမှမမြည်းစမ်းဖူးလို့ အရသာကို မသိဘူးလေ။ မလေးပြောမှ တစ်ခါလောက် မြည်းကြည့်မှနဲ့တူတယ်။
ခုနစ်တန်းတုန်းက အိပ်ငိုက်ရင်း ထစပ်လိုက်တဲ့ ကဗျာ တစ်စ ကလည်း မလေးရဲ့ ငုံ့နေတဲ့ ၀ါသနာ အစထင်တယ်နော်။
မလေးပြောတာလေးတွေ ခြုံကြည့်ရင် မလေး ငယ်စဉ် နေထိုင်ခဲ့တဲ့နေရာလေးကို မှန်းဆမိကြမယ်နဲ့တူတယ်နော်။ ညီမလေးကတော့ အတွေးထဲ ရေးရေးလေးတောင် မပေါ်ဘူးဖြစ်နေတယ်။ အဲလောက် ဗဟုသုတ ပြည့်ဝတာ
(p.s အိမ်မှာ font သွင်းလိုက်တော့ offline နဲ့ စာတွေဖတ်လို့ရပြီလေ မလေးရဲ့။ ဘလော့က ၀င်ရတာ တော်တော်ကြီးကို အဆင်မပြေဘူး။ ဖွင့်လို့ရတဲ့ ဆိုင်ဘာတွေတော့ အများကြီးရှိပေမဲ့ သုံးနေကျဆိုင်မဟုတ်ရင် မသုံးတာရယ်၊ တကူးတက သွားကျင့်မရှိတာရယ်ကြောင့် အခက်တွေ့ရတယ်။ မပန်ကို ကြုံတုန်းပါးလိုက်ချင်တယ်၊ မပန်ရဲ့စာတွေ စုစည်းထားတာရှိရင် ညီမလေး ဖတ်ချင်တယ်။ ဖြစ်နိုင်ရင် မေးလ်ကိုဖြစ်ဖြစ် ပို့ပေးပါလားဟင်။ pdf file နဲ့ဆိုရင် တအားအဆင်ပြေမှာပဲ။ မရှိရင်တော့ အဆင်ပြေတဲ့နေ့ကျတော့မှ အချိန်ယူပြီး ဖတ်ရတော့မှပေါ့။ စာတွေကို အမြဲအားပေးလျက်ပါ မ။)
Comment by Anonymous — September 30, 2008 @ 4:51 am |

4. မလေးရဲ့ ပထမဆုံးများထဲမှာ ထူးထူးခြားခြားပဲ… အမြဲသောက်ချင်ပေမဲ့ ဘယ်တော့မှမသောက်မယ့် ဆေးလိပ်လို့ တွေ့ရတယ်။ ဒါလည်း ထူးခြားမှုတစ်ခုပဲလား? တစ်ခါမှမမြည်းစမ်းဖူးလို့ အရသာကို မသိဘူးလေ။ မလေးပြောမှ တစ်ခါလောက် မြည်းကြည့်မှနဲ့တူတယ်။
ခုနစ်တန်းတုန်းက အိပ်ငိုက်ရင်း ထစပ်လိုက်တဲ့ ကဗျာ တစ်စ ကလည်း မလေးရဲ့ ငုံ့နေတဲ့ ၀ါသနာ အစထင်တယ်နော်။
မလေးပြောတာလေးတွေ ခြုံကြည့်ရင် မလေး ငယ်စဉ် နေထိုင်ခဲ့တဲ့နေရာလေးကို မှန်းဆမိကြမယ်နဲ့တူတယ်နော်။ ညီမလေးကတော့ အတွေးထဲ ရေးရေးလေးတောင် မပေါ်ဘူးဖြစ်နေတယ်။ အဲလောက် ဗဟုသုတ ပြည့်ဝတာ
(p.s အိမ်မှာ font သွင်းလိုက်တော့ offline နဲ့ စာတွေဖတ်လို့ရပြီလေ မလေးရဲ့။ ဘလော့က ၀င်ရတာ တော်တော်ကြီးကို အဆင်မပြေဘူး။ ဖွင့်လို့ရတဲ့ ဆိုင်ဘာတွေတော့ အများကြီးရှိပေမဲ့ သုံးနေကျဆိုင်မဟုတ်ရင် မသုံးတာရယ်၊ တကူးတက သွားကျင့်မရှိတာရယ်ကြောင့် အခက်တွေ့ရတယ်။ မပန်ကို ကြုံတုန်းပါးလိုက်ချင်တယ်၊ မပန်ရဲ့စာတွေ စုစည်းထားတာရှိရင် ညီမလေး ဖတ်ချင်တယ်။ ဖြစ်နိုင်ရင် မေးလ်ကိုဖြစ်ဖြစ် ပို့ပေးပါလားဟင်။ pdf file နဲ့ဆိုရင် တအားအဆင်ပြေမှာပဲ။ မရှိရင်တော့ အဆင်ပြေတဲ့နေ့ကျတော့မှ အချိန်ယူပြီး ဖတ်ရတော့မှပေါ့။ စာတွေကို အမြဲအားပေးလျက်ပါ မ။)
Comment by အေးချမ်းသူ — September 30, 2008 @ 4:56 am |

5. မလေးရဲ့ ပထမဆုံးထဲကနေ ရုပ်ရှင်လက်မှတ်လေးနစ်စောင်ထဲကသူ ကိုဖတ်ဖြစ်တယ်။ တကယ်ကောင်းပါတယ်။ဆက်ရေးနော်။
ဒီ blog လေးကို အခုမှဖတ်ဖြစ်တာ။
Comment by မိုးနေ — October 1, 2008 @ 6:09 am |

6. စာလာဖတ်ပါတယ် မလေးအိမ့်..။
ညီမလည်း ဆေးလိပ်မသောက်မိအောင် ကြိုးစားပြီးနေနေတာ။
သောက်ချင်ပေမယ့် ရုပ်ဆိုးသွားမှာ ကြောက်လို့။
ပထမဆုံးများ ကနေ လိုက်ကြည့်ရင်း စာတွေ အများကြီး ဖတ်ဖြစ်သွားပါတယ်။
Comment by ShwunMi_ရွှန်းမီ — October 5, 2008 @ 10:32 am |

7. မလေး .. အဲဒီ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကို ပြန်ဖတ်ပြီး အရင်ကလိုပဲ ပြန်ခံစားသွားတယ် ။ သိပ်ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲ ။
လွတ်မြောက်ခြင်း ဆိုတဲ့ ဇာတ်လမ်းမှာတော့ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာတွေကို သွားတွေးမိတယ် ။ တကယ်လည်း နိုး ကံကောင်းခဲ့တယ်လို့း)
အိပ်မက်မှာတင်ခဲ့တဲ့ မောင် ဆိုတဲ့ ကဗျာလေး ဖတ်ပြီးတည်းက အဲဒီ အနှစ်နှစ်ဆယ်ကျော်ကြာပေမယ့် သိမ်းထားဆဲဆိုတဲ့ ခရေလေးကို စိတ်ဝင်စားသွားတား)
မလေးရေ … ဂျစ်တို့ခင်ခဲ့တာလည်း ဘာလိုလိုနဲ့ နှစ်တောင် ချီခဲ့ပြီပဲ ။ ပထမဆုံးဘလောဂ့်ပေါ်မှာ ခင်ခဲ့ကြတဲ့ တက်စ်လာ ၊ မလေး ၊ ဒီဝိုင်း တို့လည်း ဘလောဂ့်လောကမှာ (အရင်ကလောက် အချိန်မများပေမယ့်) ရှိနေဆဲဆိုတာ သိရတာတွက် ၀မ်းသာမိတယ် ။ ဒီဝိုင်း နဲ့ တက်စ်လာတို့ကတော့ စာအရေးကျဲလာကြပြီ ။ ဒါပေမယ့် သူတို့စာတွေ တခါတလေ တက်၂လာသေးတာ တော်သေးတယ် ။ မလေးဆီလည်း ရောက်ဖြစ်ပါတယ် ။ ကွန်မန့်မရေးဖြစ်တား)
ရယ်ရင် ဟွန်း .. ဟွန်း လို့ ရယ်တတ်တဲ့ မလေးကို သတိရလျက်
ဂျစ်
Comment by ဂျစ်တူး - gyit_tu — October 11, 2008 @ 6:49 pm |

Tuesday, September 23, 2008

စက်တင်ဘာနှစ်ဆယ့်လေး



ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေ...

Monday, September 22, 2008

မြက်ပန်းတစ်ပွင့်နဲ့ ကဗျာတစ်ပုဒ်

အနားတွေဖွာလန်ထွက်နေတဲ့ ကျုလင်ပန်းစုတ်ထဲမှာ မြက်ပန်းတစ်ပွင့်နဲ့ ကဗျာတစ်ပုဒ် ကို သယ်ဆောင်လို့ ခြေဦးတည့်ရာ ခြေတစ်စုံက သွားနေလေရဲ့ကွယ်..။
ချော့ကလက်တွေ၊ ပန်းစည်းတွေ ထည့်လိုက်တိုင်း ကျွံကျွံကျသွားတတ်လွန်းလို့ ဒီမြက်ပန်းနဲ့ ကဗျာတစ်ပုဒ်ကတော့ စကာတင် နေနိုင်ကောင်းပါရဲ့။

ကျုပ်ရင်ဘတ်တွေကော ကျောကုန်းပြင်တစ်ခုလုံးမှာပါ ရေခဲမြစ်တွေ စီးဆင်းနေသလိုပါပဲလား။
ကော်ဖီသောက်တတ်တဲ့ ရုပ် ကျုပ်မဟုတ်ဘူးဆိုတာ ရှင် ကျုပ်ကို မြင်ကတည်းက သိဖို့ကောင်းတယ်။ ကော်ဖီခါးခါးတစ်ခွက်ထဲကို သံပုရာသီး ညှစ်သောက်ရလောက်အောင် ကျုပ် မရူးသေးဘူးရှင်။ ကော်ဖီတစ်ခွက်တည်းနဲ့လဲ ဒီရေခဲမြစ်တွေ အရည်ပျော်ကျကုန်မယ် ထင်လို့လားရှင်ရယ်…။


ဘယ်အရာမဆို အကောင်းဘက်က လှည့်တွေးလွန်းတာဟာ ကျုပ်ရဲ့ အားနည်းချက်တဲ့လား။
ဒီလိုမှ မတွေးလို့ နေစရာနေရာမရှိဖြစ်ခဲ့မယ် ဆိုရင် ကောင်းကင်ထဲ တက်ထိုင်နေတဲ့လား။
သိပ်ကြီးမားတဲ့ အရာတွေ ကို သေးသေးလေးနဲ့ ပေါ့ပေါ့လေးဖြစ်အောင် ကျုပ် ရယ်မောပစ်တတ်တာ အမှားတဲ့လား။ ဂျိမ်းဂျွိုက်စ်ကိုတောင် လက်မခံနိုင်သေးတဲ့ ရပ်ဝန်းမှာ “အဟွန်း” လို့ မရယ်ရဘူးတဲ့လား။ ရှင်ပြောသမျှစကားတွေ ဒီဘက်နားက၀င် ဟိုဘက်နားကထွက်တာ ကျုပ်အတွက် ဘ၀အစစ်က ဟိုးမြေကြီးပေါ်မှာ။

ရှင်.. ဖြတ်သန်းဖူးခဲ့တဲ့ ကောင်းကင်တွေကို ရည်တွက်လိုက်မယ်ဆိုရင်လဲ နဲမှာတော့ မဟုတ်ဘူးဆိုတာ ကြယ်တွေကောင်းကောင်းသိပါလိမ့်မယ်။ ကောင်းကင်တွေ အများကြီးထဲမှာမှ နတ်ဘုရားတွေလဲ ကောင်းကင်ရဲ့ ဟိုထောင့်ဒီထောင့်တွေမှာ ဘယ်လောက်များလိုက်မလဲ၊ ဒီကောင်းကင်မှာ ဘုရားတဆူ တက်ထိုင်နေသလို ဖြစ်နေတာကိုတော့ ကျုပ်နဲနဲရှက်မိပါရဲ့။ တစ်ယောက်ထဲထပြီး အရောင်တွေ ပြိုးပြိုးပျက်ပျက်လက် မနေချင်တာ ရှင် အသိဆုံး။ အခြားသော ကောင်းကင်တွေလို မိုးညိုတာနဲ့ မရွာတတ်သလို၊ နေသာတာနဲ့ ပန်းမပွင့်တတ်တဲ့ သွေးအေးထုံပေမှုတစ်ခုဟာ ကျုပ်ကို ကယ်တင်သွားလိမ့်မယ်လို့ ယုံကြည်စိတ်ချနေတုန်း….

.......

.......
အေးစက်နေတဲ့ အုတ်တံတိုင်းထူကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ကျောပေးပြီး ရပ်နေတဲ့ လူသားနှစ်ဦးနားမှာ ဆူညံ့အုံးထနေတဲ့ အာဖရိက ဗုံသံတွေလဲ တိတ်ဆိတ်သွားတာ ကြာပြီကောရှင်။


Saturday, September 20, 2008

မိုးရွာတဲ့နေ့

ဒီနေ့မိုးတွေရွာနေတယ်..

ဒီနေ့မိုးတွေရွာနေတယ်..

ဒီနေ့မိုးတွေရွာနေတယ်..

ဒီနေ့မိုးတွေရွာနေတယ်..

ဒီနေ့ ...
မိုးတွေ နိုးမထချင်လောက်အောင် အငြိုးနဲ့ ရွာနေတယ်..

Thursday, September 18, 2008

ယုဇနပင်၊ အာလူးကြော်နှင့် မာသာထရီစာ



အဲဒီနေ့က ယုဇနပင်ကိုင်းတွေကိုဖြတ်လို့ နေရောင်က စူးစူးရှရှ ထိုးဖောက်လာနေသည်။
ယုဇနပင်ထိပ်ဖျားမှာ ငှက်တစ်ကောင်က ကျယ်ကျယ်လောင်လောင် တေးဆိုနေသည်။
ယုဇနပင်ပေါ်က သစ်ကိုင်းစ တစ်စ ကန်ဘေးက ရေကန်ထဲကို “ဖောက်”ဆို ပြုတ်ကျသွားသည်။ ယုဇနပင်အောက်က သူမထိုင်နေတဲ့ ခုံတန်းနဲ့ ခပ်လှမ်းလှမ်းမှာ သူမလိုပဲ သစ်ရိပ်ခိုသူတစ်ယောက်ကို ဟိုနေ့တွေကသုန်သုန်မှုန်မှုန်ပုံစံအတိုင်း တွေ့ရသည်။ ဆံပင်က ရှည်ရှည်၊ ပုဆိုးက ဘိုသီဘတ်သီနှင့် လွယ်အိတ်ဟောင်းတစ်လုံးကို ဖြစ်ကတတ်ဆန်းလွယ်ထားသည်။ နေရောင်က သူ့မျက်နှာပေါ်ကို တည့်တည့်ကြီး ထိုးကျနေတာ မဟုတ်ပါဘဲနဲ့ မျက်နှာကို အစွမ်းကုန်ရှုံ့မဲ့ထားတာကို ကြည့်ပြီး သူမ တစ်ဖက်လှည့် ပြုံးလိုက်မိသည်။

အဝေးမှာ လိုင်းကားတစ်စီးက ဖြေးညှင်းစွာမောင်းနှင်လာသည်။ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်နေရာမှ လေးတွဲ့စွာ ထလိုက်သည်။ ထို့နောက် စလင်းဘက်အိတ်ကို လက်နှင့်ကိုင်ရင်း ကားပေါ်တက်ဖို့ ဟန်ပြင်လိုက်သည်။ ကားနံပါတ်ကို လှမ်းကြည့်လိုက်သည်။ နံပါတ်က မှုန်မှုန်ဝါးဝါးနှင့် သိပ်တော့မမြင်ရ။ နံပါတ် ရှစ် လား သုညလား သိပ်တော့မသဲကွဲ။ ရှစ်နှင့်မဆုံးတာတော့ သေချာလောက်သည်ဟု တွက်ပြီး ကားပေါ်တက်ဖို့ တိုင်လေးနားမှာ သွားရပ်လိုက်သည်။

“ဒီမှာ.. ဒီမှာ”
“ရှင်…”



“ခင်ဗျားစာအုပ်ထဲက ပြုတ်ကျလာတာ”
သူ့လက်ထဲမှာ သူမ အမြတ်တနိုးသိမ်းထားတဲ့ မာသာထရီစာရဲ့ ပုံလေး။
“သြော်.. ဟုတ်ကဲ့ ကျေးဇူးပါရှင်”
သူ့လက်ထဲမှာ မာသာထရီစာ ပုံလေးကို လှမ်းယူပြီး ဆိုက်လာတဲ့ ကားရဲ့ နံပါတ်ကို ထပ်ကြည့်လိုက်သည်။
“ဟင်၊ ကားနံပါတ်က ရှစ် နဲ့ဆုံးနေတယ်”
ကားလိုင်စင်နံပါတ်က ရှစ်နှင့်ဆုံးနေသည်မို့ သူမ နှုတ်က လွှတ်ခနဲ မသိမသာ ထွက်သွားသည်။ ထို့နောက် နောက်ပြန်လှည့်ပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။

သူက နားမလည်သလိုကြည့်ပြီး ကားပေါ်သို့ စွေ့ခနဲတက်သွားသည်။ ပြီးတော့ ကားပြူတင်းပေါက်မှ သုန်မှုန်နေသောမျက်နှာနှင့် သူမကို လှမ်းကြည့်ရင်းပါသွားသည်။

******

သူမဖတ်နေသော စာအုပ်ပေါ်ကို ယုဇနရွက်တစ်ရွက်က ကျလာသည်။ ညနေခင်း နေရောင်နုနုအောက်မှာ ကားဂိတ်နားက မြက်ခြောက်တွေ ပိုခြောက်နေသယောင်။ နေ့လည်ခင်းက အလုပ်များ၍ နေ့လည်စာလွတ်သွားသည်မို့ ဗိုက်က ခပ်တိုးတိုးအသံပြုနေသည်။ ခုံတန်းတစ်ဖက်စွန်းတွင် ထိုင်ပြီး အာလူးကြော်ကို စိမ်ပြေနပြေ ၀ါးနေသော ကိုသုန်မှုန်ကို ကြည့်ပြီး အလိုက်မသိတတ်လေခြင်းဟု စိတ်ထဲက ရေရွတ်မိသည်။

လမ်းမပေါ်က ကားတွေကျဲသွားတော့ ယုဇနရွက်လေတိုးသံနှင့် အတူ သူမဗိုက်ထဲက မြည်သံက တစ်ပြိုက်နက်ထွက်လာသည်။ မျက်နှာပြင်တစ်ခုလုံး ထူပူသွားပြီး စာအုပ်ကို စိတ်ဝင်တစားဖတ်နေသလိုနှင့် ခေါင်းကို ပိုငုံ့ထားလိုက်သည်။

“ခင်ဗျား ကျုပ်အာလူးကြော် စားလိုက်”
“ရှင်”
သူက လက်ထဲမှ အာလူးကြော်ထုတ်ကို ခုံတန်းတစ်ဖက်မှနေပြီး လှမ်းပေးနေသည်။ ခပ်လှမ်းလှမ်းမှာ ကားကလာနေသည်။ နဂိုထဲက ရှက်နေသည့်စိတ်နှင့် မစားတော့ဘူး ကျေးဇူးတင်ပါတယ်ဟု ယဉ်ယဉ်ကျေးကျေး ခွန်းတုံ့ပြန်ဖို့ နှုတ်ကိုပြင်ရုံရှိသေးသည်… ကိုသုန်မှုန်က..

“အာလူးကြော် ကျွေးနေတာဗျ၊ ခင်ဗျားဗိုက်က တဂွီဂွီနဲ့ ဘေးကလူက စားရတာမြိုမကျဘူး”

“ဘာရှင့်၊ ရှင်တော်တော်လေးကို… ဟင်း”
ဒေါသတွေကို မျိုသိပ်ပြီး ဆိုက်လာတဲ့ ကားပေါ်ကို အရင်နေ့တွေကလို နံပါတ်မကြည့်တော့ပဲ သူမ တက်သွားလိုက်သည်။

******



“မနေ့က ခင်ဗျား ကျုပ်ကို စိတ်ဆိုးပြီး ရှေ့မကြည့်နောက်မကြည့် တက်သွားတဲ့ ကားက နံပါတ် ရှစ် နဲ့ဆုံးနေတယ်”
သူ့စကားကို ခွန်းတုံ့မပြန်ဘဲ စာအုပ်ထဲ အကြည့်တွေပို့ထားသည်။

“ခင်ဗျား ရန်လဲ မတွေ့တတ်ဘူးနော်”

နောက်နေ့တွေ တခြားမှတ်တိုင်မှ ပြောင်းစီးမည်ဟု စဉ်းစားနေမိသည်။

“ကျုပ်ကို စကားမပြောချင်ဘူးလား”

“ဒီမှာ စာဖတ်နေတယ်ရှင့်”
ဖတ်နေသည့် စာအုပ်ကို ခပ်ကြမ်းကြမ်းပိတ်ပစ်လိုက်ပြီး သူ့မျက်လုံးထဲကို စူးရဲစွာကြည့်ပြီး ပြောလိုက်သည်။

“သြော်.. ဖတ်ပါခင်ဗျာ”
ယုဇနပင်ကို မော့ကြည့်ပြီး ကိုသုန်မှုန် ငြိမ်သက်နေသည်။ လေအဝှေ့မှာ သူ့ဆံပင်တွေ ၀ဲကျသွားသည်။ သုန်မှုန်နေကျ မျက်နှာက ဒီနေ့ ထူးထူးခြားခြား ၀မ်းနည်း နေသယောင်။

“ဟုတ်တယ်.. ကျွန်မ နဲ့ နံပါတ် ဂ တွေနဲ့က တစ်နည်းတစ်ဖုံ ပတ်သက်နေတတ်တယ်”
အနည်းငယ်အားနာသွားသည့် စိတ်နှင့် စကားပြန်ပြောလိုက်သည်။

“ကျုပ်ရိပ်မိပါတယ်၊ ခင်ဗျားကြောက်လဲကြောက်တယ်မဟုတ်လား”

“ကြောက်တယ်ရယ်လို့လဲ မဟုတ်ပါဘူးလေ”

******

နောက်ရက်တွေမှာတော့ ယုဇနပင်အောက်မှာ မာသာထရီစာ၊ ဇိုဖီယာရှိုးလ်၊ ဗူးဗွား၊ အက်ရှ်ဗယ်ရီ၊ တဂိုး၊ သာကရီ တို့ ငြိမ့်ငြိမ့်လေး သက်ဝင်လှုပ်ရှား တတ်လာသည်။ လမ်းမပေါ်မှာ ရှစ် နှင့်ဆုံးသော ကားများ တစ်စင်းပြီး တစ်စင်း ကျော်ဖြတ်သွားကြသည်။ ယုဇနပင်အောက်မှာ မာသာထရီစာ၊ ဇိုဖီယာရှိုးလ်၊ တဂိုး၊ သာကရီတို့ကတော့ စကားလက်ဆုံကြမြဲ။

“ကျုပ် ကို ခင်ဗျားအိမ်ကို ကော်ဖီလေးဘာလေး ခေါ်တိုက်ပါလား”

“အဟွန်း”
နှုတ်ခမ်းကို စေ့ပြီး အသံထွက်ရုံ ရယ်လိုက်မိသည်။

“ခင်ဗျားဟာ တော်တော် သွေးအေးထုံပေတဲ့ မိန်းမပဲ”

“ရေရေရာရာ ဘာမှ မသိဘဲ ထင်ကြေးတွေနဲ့ လူတွေကို တံဆိပ်တပ်တတ်တဲ့ သူတွေထဲမှာ ရှင်ပါလိမ့်မယ်လို့ မထင်ခဲ့မိဘူးရှင့်”

ရွှန်းလဲ့တောက်ပနေသော၊ အံ့သြနေသော မျက်ဝန်းများနှင့် သူမကို စိုက်ကြည့်နေသည်။
“မထင်ရဘူး၊ ခင်ဗျား စွာတတ်လိမ့်မယ်လို့”
သူ သတိလက်လွတ် ဟက်ဟက်ပက်ပက်ရယ်မောရင်း ပြောလိုက်သည်။

“သိပ်မခက်ပါဘူး”

“ဟာ.. ဟားဟားဟား”
ဘယ်တုန်းကမှ မပြုံးသော ကိုသုန်မှုန့်နှုတ်ခမ်းများကို အံ့သြစွာဖြင့် သူမ ငေးကြည့်နေသည်။

******
တစ်နေ့သောအခါ.....
ယုဇနပင်နားတစ်ဝိုက်မှာ အသံတွေ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တိတ်ဆိတ်ငြိမ်သက်မှုက သက်တမ်းမြင့်လာခဲ့သည်။ ယုဇနပင်က တိတ်ဆိတ်ခြောက်ကပ်နေမှုကို သည်းမခံနိုင်တော့သလို တစ်ခါတစ်ရံ ငိုကြွေးတတ်သည်။ ရက်တွေကြာလှသည်နှင့်အမျှ နေရောင်ခြည်တွေက ပိုမိုပြင်းပြစွာ တောက်လောင်လာနေသည်။ ယုဇနပင်လဲ ညိုးလျော်ခြောက်သွေ့လာနေသည်။ မာသာထရီစာကတော့ သူမ ကို ပြုံးကြည့်မြဲ။ နံပါတ် ရှစ်နှင့်ဆုံးသော ကားများကလည်း တစ်စင်းပြီးတစ်စင်း ကျော်ဖြတ်သွားနေဆဲ။ နောက်ဆုံးတော့ လက်ထဲက မာသာထရီစာ ပုံလေးကို ခေါက်ရိုးမကျိုးအောင် ငြင်သာစွာလိပ်လိုက်ပြီး ယုဇနပင်စည်က အခေါင်းပေါက်လေး တစ်ခုထဲကို ထိုးထည့်ထားလိုက်သည်။

ထိုနေ့ကတော့ ယုဇနပင်၏ ကျောဘက်ခြမ်းမှာ ပင်စည်ကိုမှီရင်း သူမ ရပ်နေသည်။ ခုံတန်းလေးပေါ်က ရယ်သံလွင်လွင်လေးနှင့် တီးတိုး စကားသံများကို ကြားနေရသည်။
“ဟယ်.. ကိုကို၊ ကြည့်လိုက်စမ်း.. ပင်စည်ထဲမှာဘာလဲ”
“ဘယ်မှာလဲ.”
“ဟိုမှာလေ.. အခေါင်းပေါက်လေးထဲမှာ”
“…..”
“ဟင်… ဒါဘယ်သူ့ပုံလဲဟင် ကိုကို”
“မသိပါဘူးကွာ.. မယ်သီလရှင် တစ်ယောက်ယောက်ဖြစ်မှာပေါ့”
“ဘယ်သူထားထားတာလဲမသိဘူးနော်”
“မသိဘူး၊ ကိုယ် စိတ်မ၀င်စားဘူး၊ ကားလာနေပြီ သွားရအောင်နော်.. ချစ်”
“ကိုကို.. ကိုကို အရင်ကပြောတော့ နံပါတ် ဂ တွေနဲ့ ဆုံးတဲ့ ကားမစီးဘူးဆို”
“အင်း.. အခု စီးတယ်လေ.. သွားကြရအောင်.. အချစ်ကျောင်းချိန်နီးနေပြီမဟုတ်လား”

နံပါတ် ရှစ် နှင့်ဆုံးသော ကားလေးက တအိအိနှင့် ထွက်ခွာသွားသည်။
ခုံတန်းလေးပေါ်မှာတော့ ပြုံးနေသော၊ ကြေမွနေသော၊ မာသာထရီစာ ပုံလေးက ငြိမ်သက်စွာလဲလျောင်းနေသည်။
သူမ မြတ်နိုးစွာကောက်ယူရင်း ရင်ခွင်မှာပွေ့ထားလိုက်ပါတော့သည်။


Sunday, September 14, 2008

နံနက်စာ

နံနက်ခင်းက တောက်ပလွန်းနေတယ်
ညစ်နွမ်းတဲ့ အတောင်တွေဖြန့်လို့
ငှက်တွေက မလှမပနဲ့ ကမောက်ကမ ပျံသန်း
မခမ်းနားတဲ့ မနက်ခင်း လေပြင်းတွေကြားထဲမှာလဲ
ငါ တစ်ယောက်ထဲထိုင်ရင်း
ဖြေရှင်းမရတဲ့ ပုစ္ဆာတွေထဲ မိုက်မဲစွာ ကူးခတ်သွားလာနေတာ
ငါ့ဘ၀ရဲ့ အမှားတွေသာဖြစ်လိမ့်မယ်..

မြိုမကျတဲ့ သကြားရည်သုတ် ပေါင်မုန့်တစ်ချပ်
လည်ပင်းဝမှာ ညှပ်နေတုန်း
ဗြုန်းဆို..
အသုံးမကျတဲ့ တီကောင်တထွေးကြီးက
သွေးအေးအေးနဲ့ ရင်ထဲထိုးဖောက်
လျောက်လို့သွားနေတယ်…

ရုတ်တရက်…
တလောကလုံးမှောင်အတိကျသွားတယ်..
သစ်ပင်တွေ ညိုးကျခြောက်သွေ့
အမှောင်ရဲ့ အတွေ့တွေအောက်မှာ
ညဉ့်ငှက်တို့ ရင်ကွဲစွာ
မျက်လုံးဝါတွေနဲ့ နားမလည်နိုင်စွာငေးရင်း
နေ့သစ်တစ်ခု ပြန်လင်းလာနိုင်မယ့်နေ့ကို…
သူတို့.. မျှော်ရင်းနဲ့ငိုနေခဲ့တယ်။

ငါလဲ….
သိပ်လွမ်းတယ်..။


Tuesday, September 09, 2008

အနာဂတ်လှိုင်း၏ဆုံမှတ်များ

ဟိုးတုန်းက ကျွန်မတို့ Blog ရေးသူများ ပျော်ပျော်ပါးပါး ဖန်သားပြင်ပေါ်မှာ စကားလုံးတွေ၊ အတွေးအမြင်တွေ၊ ခံစားချက်တွေ ဖလှယ်ခဲ့ကြခဲ့တဲ့ အိပ်မက်တစ်ပိုင်းတစ်စ ပါ။

Monday, September 08, 2008

လတ်တလော အိမ့်ချမ်းမြေ့

အမတန်ခူးက တက်ဂ်ထားတာလေး ကိုရေးလိုက်ပါပြီ။

ကိုယ့်ရဲ့နာမည် - ဘယ်လိုပြောရမှန်းတောင်မသိဘူးး)) ဒီအသိုင်းအ၀ိုင်းမှာတော့ တစ်ပြည်သူတဲ့၊ မလေးတဲ့၊ အိမ်ချမ်းမြေ့တဲ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမယ်အရင်းရယ်၊ ပန်းနာမယ်တွေနဲ့ တိရစ္ဆာန်နာမယ်တောင် ပါလိုက်သေး၊ ဥပမာ.. ရင်မွှေးပန်းတို့၊ မြတ်လေးတို့၊ ယုန်လေးတို့ အင်း… ခေါင်ရမ်းပန်းတို့ ကျွဲမ တို့ မခေါ်တာ ကံကောင်း…

ကိုယ်ဒီမှာနေတယ် - စိမ်းမြညိုမှောင်နေတဲ့ တောင်တွေဝန်းရံတဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်နေတဲ့ တောင်ကုန်းတွေထူထပ်ပြီး ရှဉ့်လေးတွေပေါများတဲ့ အေးချမ်းတဲ့ မြို့လေးတမြို့မှာနေပါတယ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဘယ်သူမှ မဆက်ချင်ဘူးတဲ့… တစ်ကယ်.. အကုန်လုံးကို လိုက်မေးပြီးပြီ


အရောင်ဆိုရင် - ပန်းရင့်ရောင်၊ အစိမ်းရင့်ရောင်၊ အနက်နဲ့အဖြူ

အ၀တ်အစားဆိုရင် - ရိုးရိုးယဉ်ယဉ်လေးတွေကြိုက်တယ်။ အသားတွေ အရမ်းပေါ်နေတာမကြိုက်ဘူး (ချမ်းလို့ပါ :P) နောက်ပြီး သူ့နေရာနဲ့သူလိုက်ဖက်မယ့် အ၀တ်အစားလေးတွေပါ။ brand name နဲ့ ဈေးကြီးအ၀တ်အစားတွေထက် သင့်တင်လျောက်ပတ်တဲ့ အ၀တ်အစားလေးတွေ ကြိုက်တယ်။ ဖိနပ်မြင့်မြင့်တွေတော့ ကြိုက်တယ်။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လက်ဘက်ရည်နဲ့အီကြာကွေး၊ ရွှေရင်အေး၊ ပဲပြုတ်ထမင်းဆီဆမ်း၊ French toast၊ broccoli keish နောက်ပြီး Cheese Cake!!! :D

ပစ္စည်းဆိုရင် - လူလက်နဲ့လုပ်တဲ့ ပန်းပုရုပ်တုတွေ နဲ့ ဂီတပစ္စည်းတွေ။

သီချင်းဆိုရင် - ကိုယ်ပိုင်သံစဉ်တွေကြိုက်တယ်။ သီချင်းဆိုသူတွေထက် သီချင်းတွေကိုကြိုက်တာပါ။ ပန်းနွယ်ကစိမ်း၊ ရင်ခတ်အလွမ်း၊ လွမ်းရတဲ့ညတွေလွန်ပါစေ.. ဗလရဲ့ ကိုယ်တိုင်ကိုယ်ကျ အဲလိုသီချင်းမျိုးလေးတွေ.. ဆိုသူအမည်တွေကို မပြောမဖြစ် ပြောရမယ်ဆိုရင်တော့ စန္ဒယားလှထွဏ်၊ အနိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ဗလ၊ မွန်းအောင်နဲ့ မာရဇ္ဖ။ (မိန်းကလေးအဆိုတော် မပါဘူးနော်.. အတင်းညှစ် စဉ်းစားတာတောင် ထွက်မလာဘူး) အင်း.. ထွန်းအိန္ဒာဗိုလ်ရဲ့ ဝေးခဲ့ကြပြီကိုကြိုက်တယ်။ မြန်မာသီချင်းတွေနဲ့ ဝေးတာ ဆယ်စုနှစ်တစ်ခုကျော်သွားလို့ နောက်ပိုင်းလူတွေကို သိပ်မသိတော့ဘူး။ အင်္ဂလိပ်သီချင်းတွေက မြန်မာသီချင်းတွေလောက် စာသားတွေက ကဗျာမဆန်လို့ သိပ်မစွဲလန်းဘူးရှင့်။

စာရေးဆရာ - R. Tagore, Arundhati Roy.. (အိန္ဒိယ စာရေးသူတွေချည်းပဲနော်)

စာအုပ် - http://www.ainchannmyay.com/?page_id=63 အဲဒီမှာကြည့်လိုက်ကြပါနော်။

Life style – အဲ.. အဲဒါကိုဘာရေးရမှန်းမသိလို့ အမတန်ခူးနဲ့ မောင်မျိုးဆီသွားကြည့်တာ သူတို့ရေးထားတာတွေ သဘောကျပေမယ့် ကူးချလို့မဖြစ်တော့.. အင်း.. ဘယ်လိုပြောရမလဲ.. ပူလောင်တဲ့ ပြိုင်ဆိုင်မှုတွေ နဲတဲ့နေရာမှာ အေးအေးလေးကြိုးစားပြီးနေနေတယ်လို့ ဆိုလို့ရပါတယ်။ ဒါဟာ အတ္တပုံဆောင်ခဲတစ်ခုရဲ့ ပြယုဒ်လို့ ဆိုလို့လဲ ရနိုင်ပါတယ်။ (ပြောရင်း စီးရီးယစ်က ဖြစ်လာပြန်ပြီ)

ကိုယ့်ရဲ့ဝါသနာ - စာရေးတယ်၊ ဂစ်တာတီးတယ်၊ သီချင်းရေးတယ်၊ အိမ်ရှင်းတယ်၊ ပန်းပျိုးတယ်၊ အားကစားလုပ်တယ်၊ အလေးမတယ် (၅ ပေါင်အလေး.. အဟွန်း)

အလိုချင်ဆုံးလက်ဆောင် - ရုံးရှေ့မှာ မထင်မှတ်ပဲ အမှတ်တမဲ့မြင်လိုက်ရမယ့် … သူ ….
(ပင်စင်မယူခင်ထိ မျှော်နေမယ်နော်)

ကိုယ့်ရဲ့အချစ်ဆုံးသူက - မျက်လုံးဝိုင်းနဲ့နှုတ်ခမ်းထော်

ကိုယ့်ရဲ့အလေးစားဆုံးသူက - လူတိုင်းက သူ့ဟာနဲ့သူ လေးစားစရာတွေက ရှိနေပါတယ်။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ထဲက သူပါ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ညီမလေး (ရှုး တိုးတိုး… သူ မသိပါစေနဲ့)

ကိုယ့်ရဲ့အမုန်းဆုံးသူက - အဲဒါတော့ မရှိသေးဘူး၊

ရင်အခုန်ဆုံးအချိန် - အပြေးလေ့ကျင့်နေတဲ့အချိန်

အကြောက်ဆုံးအချိန် - သူမချစ်တော့မှာစိုးမိတဲ့အချိန်

အမှတ်တရနေ့  - ၂ရက် ၃ရက် ၄ရက် ဂရက် ၁၀ရက် ၁၂ရက် ၁၃ရက် ၂၀ရက် ၂၂ရက် ၂၄ရက် ၃၀ရက်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အချစ်ဆုံးနဲ့ပြန်ဆုံပြီး ထာဝရအတူနေပါရစေ။

အချစ်ဆိုတာ - ဟိုမုန်းတွေနဲ့ကယ်မီကယ်လ်တွေပါ။

အမုန်းဆိုတာ - တဒင်္ဂခံစားချက်တစ်ခု

အလွမ်းဆိုတာ - မထွေးနိုင်မမြိုနိုင်တဲ့အရသာ

သံယောဇဉ်ဆိုတာ - ရင်ထဲက ကန့်လန့်ဖြတ် သံတန်းကြီးတစ်ခု

ဘ၀ဆိုတာ - ကစားပွဲတစ်ခု၊ ပြဇာတ်တစ်ခု၊ သုတေသနတစ်ခု၊ စမ်းသပ်မှုတစ်ခု၊ နောက်ဆုံး အိပ်မက်တစ်ခုလဲဖြစ်နိုင်ပါတယ်။

သူငယ်ချင်းဆိုတာ - စိတ်ဆိုးပြီး အဖုအထစ်မရှိ ပြန်ခေါ်ကြတဲ့သူတွေ

ချစ်သူဆိုတာ - ကဗျာတို့ရဲ့ သခင်၊ အသည်းကိုနွေးစေတဲ့ ဘုရင်၊ မွှေးပျံ့တဲ့ပန်း၊ သင်းပျံ့တဲ့လေပြေ၊ အတောင်ပံများအောက်က တွန်းအား၊ နှုတ်ခမ်းမှာ တိတ်တခိုးအပြုံးတစ်ခု ဖန်တီးပေးသူ နဲ့ ကျမရဲ့မျက်လုံးထဲမှာ နူးညံ့ယဉ်ကျေးလို့ အလှပဆုံးသောအရာ

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အားနာတတ်တယ်၊ စကားပြောရင်လိုရင်းမရောက်ဘူး၊ (စကားကို မပြောချင်တာပါ.. စာပဲရေးချင်တယ်.. ဖြစ်နိုင်ရင် တယ်လီပသီရှိရင်ကောင်းမယ်) ကိုယ့်ကိုဆော်လို့ဆော်နေမှန်းမသိဘူး (ကံကောင်းရင် တပတ်လောက်နေမှ ဟာ.. ဒါ ငါ့ကိုဆော်သွားတာပါလားဆိုပြီးဖြစ်တယ်)။ အရမ်းမြိုသိပ်လို့ ပေါက်ကွဲမှုပြင်းထန်တယ်။ ဒီလိုနဲ့ ဆယ်သုံးနှစ်သမီးဘ၀ထဲက သေနတ်ပစ်လက်ဖြောင့်တော့တာပါပဲ .. အဲဒါကြွားတာ… (မဟုတ်ပါ.. တစ်ကယ်ကြီးပါ မယုံရင် နို့ဆီခွက်တွေကို မေးကြည့်ပါ) နောက်ပြီး သဘာဝအလှအပမှာ တိမ်းမူးတတ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျတယ်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ကမ္ဘာမှာ ဒီယာယီတဲ့ရဲ့ သက်တမ်းက ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပါ။

အပြောချင်ဆုံးစကားတခွန်း - များလွန်းလို့ ဘယ်က စရမှန်းမသိတော့ပါဘူးရှင်။

သိုးမလေးကို တက်ဂ်တယ်...း))

Saturday, September 06, 2008

ဂယက်

တိုက်ခန်းရှေ့မြေကွက်လပ်က ကားတွေရပ်ထားသည့်နေရာမှာ လူတွေက ဟိုစုစု သည်စုစုနှင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ၀ိုင်းအုံကြည့်နေတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသလိုလို။ မျက်စိရှေ့က ၀က်ဝံပေါက်ကလေးကလဲ အညိုရောင် အမွှေးပွပွလေးတွေနှင့် ချစ်စရာကောင်းပါဘိ။ မျက်လုံးဝိုင်းဝိုင်းလေးတွေက အပြစ်ကင်းစင်နေသည်။ နားရွက်ချွန်ချွန်လေးတွေကို နောက်သို့ပစ်ရင်း အနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ အရောင်လက်နေသော နှုတ်သီးညိုညိုလေးတွေကို ရှုံချည်ပွချည်လုပ်ရင်း လက်ထဲက ပေါင်မုန့်ဆီသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ ပါးစပ်လေးဟပြီး ပေါင်မုန့်လေးကို မရဲတရဲ ဆွဲယူလိုက်တော့ ပတ်ဝန်းကျင်မှာ ရပ်ကြည့်နေကြသည့် လူအချို့ထံမှာ ကင်မရာ အလင်းရောင်တွေ တဖျတ်ဖျတ်လက်သွားသည်။

သည်မြို့က မြောက်ဘက်တောင်ကုန်းတွေနှင့် ကပ်ပြီးဆောက်လုပ်ထားသဖြင့် သစ်ပင်ကြီးများစိမ်းစိမ်းစိုစိုနှင့် အလွန်လှသောမြို့တစ်မြို့၊ တောင်စောင်းတွေမှာ မြို့တွေကို တည်ထားသဖြင့် အိမ်ဘေးကိုကြည့်လျှင် ပစိဖိတ်သမုဒ္ဒရာက ဟိုးအောက်မှ မြို့ကို ပြန်ပြီး မျှော်ငေးနေရသလိုလို၊ အိမ်နောက်ဘက်ကိုမော့ကြည့်လိုက်လျှင်တော့ မိုးထိအောင်မြင့်မား ပျံ့ကြွနေသည် ထင်းရူးတောတွေ။ တစ်ခါတစ်ရံ နွေရာသီနှင့် နွေကုန်ဆောင်းဦးကာလတွေမှာ အစာရှာရင်းဖြစ်ဖြစ်၊ အလည်လွန်ရင်းဖြစ်ဖြစ် လူတွေရှိရာနေရာသို့ သူတို့တွေ ရောက်ရောက်လာကြသည်။ ခြံထဲက အမှိုက်ဗုံးတွေကို ၀င်ဖွတတ်သည်။ ဒါကြောင့် ၀က်ဝံများ ၀င်မဖွနိုင်အောင် သေသေချာချာစီမံထားသော သည်မြို့ရှိအမှိုက်ဗုံးတွေက အခြားမြို့နယ်များက အမှိုက်ဗုံးများနှင့်မတူ။ ဒီနေ့တော့ ဒီဝက်ဝံလေး ဟိုးတောင်မြင့်ဖျားဆီက မျက်စိလည်လမ်းမှားလို့ ရောက်လာသည်ထင်သည်။ တောကောင်တွေကို သူ့သဘာဝအတိုင်းထား၊ ဘာအစားမှလဲ မကျွေးရဆိုသည့် သတ်မှတ်ချက်ကို သိပေမယ့် ၀က်ဝံလေးက ချစ်စရာကောင်းလွန်းသည်ကတစ်ကြောင်း၊ ပတ်ဝန်းကျင်က လူတွေရှေ့မှာ အထူးသဖြင့် အပျိုချောလေးတွေရှေ့မှာ လူပျိုဂိုက်ထုတ်ပြီး သည်လိုတောရိုင်းကောင်လေးကို ချော့မြူပြနေရတာ၊ ပတ်ဝန်းကျင်က လူတွေက တောကောင်လေး ကိုယ့်လက်ထဲက ပေါင်မုန့်ကို စားနေတာကို ကင်မရာတွေနဲ့ တဖျတ်ဖျတ်ရိုက်နေတာကို ကျေနပ်နေသလိုခံစားနေရသည်။


*****
သားလေး သည်နေ့ ဘယ်ရောက်နေပါလိမ့်။ နွေဦးတောင် ကုန်တော့မှာပါလား။ ခက်တာက အစာရေစာတွေက ရှားလာ၊ လူဦးရေတွေက တိုးလာ၊ ငါတို့ နေစရာဒီတောနက်ရှိတဲ့ တောင်မြင့်တွေဆီအထိပါ ရှုခင်းကောင်းတယ်ဆိုပြီး လူတွေက လမ်းတွေ၊ အိမ်တွေ ဖောက်လာကြပြီ။ သူတို့ရေရဘို့ ပိုက်လိုင်းကြီးတွေက ခန့်ညားသလောက် ငါတို့အတွက်ကတော့ ရေတွေကလဲခမ်းခြောက်လာလို့ အစာရေစာတွေကလဲ ရှားပါးလာပြီ။ အင်း သားလေးဘယ်ရောက်နေပါလိမ့်။ အမေ့သားလေးက ချစ်စရာ၊ မွေးကာစတုန်းကများဆို အမွှေးအမျှင်က မရှိ၊ မျက်စိကမမြင်၊ ဟိုစမ်းသည်စမ်းနဲ့၊ အဲဒီတုန်းက သားလေးကို နို့ချိုတိုက်ကျွေးရတာကိုက ရင်မှာစိတ်ကြည်နူးစရာ၊ အခုတော့ သားလေးလဲ အရွယ်ရောက်ကာစဆိုတော့ ကိုယ့်ဟာကိုယ် အစာရှာစားနေပြီထင်တယ်။ လူတွေရှိရာ ဟိုးတောင်အောက်ကို မဆင်းဘို့တော့ မှာထားတယ်။ ဒီနေ့ သားအိမ်ပြန်နောက်ကျပါလား။

*****

သာယာလှပတဲ့ မြို့လေးက သာမန်နွေကုန်စ နေ့တွေလိုပဲ တိတ်ဆိတ်လှပနေသည်။ မြို့ကို ပတ္တရောင်လှည့်နေစဉ် စခန်းမှ လှမ်းဆက်သွယ်လိုက်သော ရေဒီယိုသံက ပွင့်လာသည်။ စခန်းမှ လမ်းညွှန်သည်အတိုင်း ၂၁လမ်းထောင့်ကိုရောက်တော့ လူတွေ ၀ိုင်းအုံနေကြသည်။ နောက်ဘက်တောင်ကုန်း တောနက်နက်နှင့် တဆက်တည်း ခြံကျယ်ကြီးတွေထဲက အိမ်တွေကို ကျော်ပြီး တိုက်ခန်းများရှေ့က မြေကွက်လပ်ထဲသို့ ကားကိုကွေ့လိုက်တော့ စုပြီးရပ်နေသော လူတွေ အနည်းငယ်ရှဲသွားသည်။ တောစပ်သစ်ပင်အောက်မှာ အညိုရောင် အမွှေးပွပွ ၀က်ဝံလေးတစ်ကောင်နှင့် ၀က်ဝံလေးကို ပေါင်မုန့်ကျွေးနေသော လူကို မြင်လိုက်ရတော့ စိတ်ပျက်စွာ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ တောရိုင်းကောင်လေးကို အစာမကျွေးရဘူးဆိုတာ ဒီလူ သိသင့်သည်။ အစာနောက်လိုက်ရင်း သည်ဝက်ဝံပေါက်လေးသာမက နောက်ထပ်ဝက်ဝံတွေ ဒီနေရာကို ထပ်ရောက်လာနိုင်သည်။ ၀က်ဝံမကြီးသာ အနီးအနားရှိနေလို့ကတော့ မတွေးဝံ့စရာ။ ဟိုတလောက ၀က်ဝံတစ်ကောင် နေ့ခင်းကြောင်တောင် အမှိုက်ပုံးတွေ ၀င်ဖွရင်း တောထဲမှာ အပြေးသွားလေ့ကျင့်သော အမျိုးသမီးတစ်ဦးကို ရန်ရှာ၍ ထိုအမျိုးသမီးဆေးရုံ ရောက်သွားခဲ့သည်။

အထက်ကလဲ အမိန့်က ချလိုက်သည်။ ခါးကြားမှ သေနတ်ကို လေးပင်စွာဆွဲထုတ်လိုက်သည်။ ၀က်ဝံညိုလေးကတော့ ဘာမှမသိရှာ။ ပေါင်မုန့်ကျွေးနေသော သူက အခုမှ သူ့အပြစ်ကို သိသလို ခေါင်းကို တွင်တွင်ငုံ့ထားသည်။ ဘေးပတ်ဝန်းကျင်မှ တိရစ္ဆာန်ချစ်သူများထံမှာ လှမ်းအော်သံများ၊ ကျွတ်ခနဲ စုတ်သတ်သံများကို စိတ်မချမ်းမြေ့ဘွယ်ကြားနေရသည်။
ငါ့ကိုခွင့်လွှတ်ပါ ၀က်ဝံလေးရယ်… အစာသံသရာ မှာအမြင့်ဆုံးဖြစ်တဲ့ ငါတို့လူသားတွေကို အရင် ကာကွယ်ဘို့တာဝန်က ငါ့အပေါ်သက်ရောက်နေပြီလေ။

သေနတ်သံတစ်ချက် တောင်နံရံတွေမှာ ပဲ့တင်ထပ်သွားသည်။

*****

ငါသိပ်မှားတယ်။ ၀က်ဝံလေးကို အစာမကျွေးရဘူးဆိုတာ သိရဲ့သားနဲ့ ဟိုနားကပေါ့ လုံးကြီးပေါက်လှ မမချောတွေရှေ့မှာ လူပျိုဂိုက်ပေးချင်တဲ့ ငါ့ရဲ့ ပျော်စေပျက်စေ စိတ်ဓာတ်ရယ် မလောက်လေးမလောက်စား အပေါ်ယံစိတ်ဓာတ်နဲ့ အပြုအမှုကြောင့် အပြစ်မရှိတဲ့ ၀က်ဝံငယ်လေး သေဆုံးသွားရပြီ။

*****
တောင်ပေါ်မှာ နေရောင်ညိုးလေပြီ။
လရောင်က မရဲတရဲပေါ်လာသည်။
ထင်းရူးပင်ပေါ်မှာ ၀က်ဝံမကြီးတစ်ကောင် သားပြန်လာမည့်လမ်းကို ရီဝေသောမျက်ဝန်းများနှင့် မျှော်ငေးနေပါသည်။

***********
(လွန်ခဲ့တဲ့ အင်္ဂါနေ့က မြောက်ဘက်မြို့မှာဖြစ်သွားတဲ့ အဖြစ်လေးပါ)


Friday, September 05, 2008

ပိုင်ရှင်စစ်သူမို့

မတောင်းပဲ လက်ထဲအတင်းထိုးပေးခဲ့တယ်။

ကိုယ့်မှာတော့လေ…
ခိုးထုတ်ခိုးထည်လို
ဟိုနားသိုရနိုး ဒီနားထားရနိုး
ပျယ်ပြောက်မှာစိုးစိတ်နဲ့
အမြတ်တနိုး သိမ်းဆည်းခဲ့ပါတယ်…

ထာဝရဆိုတာ မရှိပေမယ့်
အဲဒီအရာလေးကို…
ထာဝရ ရနိုးမျှော်ကိုးရင်းနဲ့
ထာဝရနဲ့အိပ်၊ ထာဝရနဲ့နိုး
ထာဝရနဲ့ ပန်းတွေလဲပျိုးခဲ့ပါတယ်…

ဒီလိုနဲ့….
ဒီလိုနဲ့ပေါ့…

မတောင်းပဲ ပေးခဲ့ပြီး
မပေးဘဲ မင်းပြန်ယူသွားတော့လဲ…
မင်းသာလျှင် ပိုင်ရှင်စစ်သူမို့
ကိုယ်…
တားမနေတော့ဘူး ချစ်သူ..။

LinkWithin

Related Posts Plugin for WordPress, Blogger...