မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, August 27, 2008

ပွဲဈေးတန်းသို့တစ်ခေါက်..

ကနေဒါနိုင်ငံအနောက်ဘက် ဘီစီပြည်နယ်ရဲ့ ၁၉၁၉ခုနှစ်က စခဲ့တဲ့ ကုန်စည်ပြပွဲကို လွန်ခဲ့တဲ့ စနေနေ့က ရောက်ခဲ့တယ်။ ဒီပွဲဈေးတန်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၅နှစ်ထဲက စခဲ့တာလို့ဆိုကြတယ်။ ဟိုးတုန်းကတော့ ၀င်ကြေးက ပြားငါးဆယ်တဲ့။ အခုတော့ ၀င်ကြေးက တစ်ယောက်ကို ၁၅ဒေါ်လာပေးရတယ်။ ကုန်စည်ပြပွဲဆိုပေမယ့် ကျွန်မတို့ ကုန်စည်တွေကြည့်တာထက် အပျော်စီးတာတွေ၊ ကစားတာတွေဆီပဲ နှစ်စဉ်လိုလိုရောက်ဖြစ်တယ်။
အူတွေအသည်းတွေ ပြောင်းပြန်လှန်သလို လူတွေကို ဇောက်ထိုးမှောက်ခုန်လုပ်တဲ့ စီးစရာတွေထဲက ကျွန်မနှစ်သက်ရာလေးတွေကတော့ …


ကမ္ဘာပေါ်မှာ အအိုမင်းဆုံး ကြောက်စရာအကောင်းဆုံး ၁၉၅၈ ထဲက ဆောက်လုပ်ထားတဲ့ Wooden Roller Coaster ပါပဲ။ လက်ညိုးသာသာ သံတန်းလေးတစ်ခုပဲ ဗိုက်နားမှာရှိတယ်။ ပခုံးအကာ၊ ရင်ဘတ်အကာ ဘာမှမရှိပါဘူး။ တစ်နာရီကို ၄၅မိုင်ပြေးပါတယ်။ Mel Gibson, Johnny Deep တို့ရဲ့ အသည်းစွဲလို့လဲ ဆိုပါတယ်။ ကြောက်စရာကောင်းတာကတော့ အိုမင်းနေလို့ပဲဖြစ်ပါတယ်။ သံတန်းသေးသေးလေးက လှုပ်လီလှုပ်လဲ့နဲ့ ဗင်ကူးဗားမြို့ရဲ့ အလှကို အသည်းတအေးအေးနဲ့ ကြည့်နေတုန်း ဗြုန်းဆို အောက်ကို ပြုတ်ကျသွားတဲ့ အခါတော့ ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ကြပါရှင်။ ဒီ Wooden Roller Coaster ကို...



၁၉၉၄မှဆောက်တဲ့ ဒီ Corkscrew Roller Coaster ထက်လူကြိုက်များပါတယ်။






ဒါကတော့ Crazy Beach Party ပါ… လူကို မူးနောက်ပြီး နှလုံးသားတွေပျောက်သွားသလိုကို ခံစားရပါတယ်။


ဒါလေးကတော့ တခြားစီးစရာတွေထက် ညင်သာပါတယ်။ Hell's Gate ဆိုပေမယ့် ကျွန်မတွက်တော့ ညင်သာပါတယ်။ ညင်သာတယ်ဆိုတာတောင် ပေါင်မှာ အညိုအမည်းစွဲလောက်အောင် ဇောက်ထိုးထားပြီး ရေပန်းအောက်ကို ဆွဲခေါ်သွားတတ်တာပါပဲ။







Pirate ကတော့ ၁၉၈၄ ခုနှစ်ထဲကပါ။ ကျွန်မ သူငယ်ချင်းတစ်ယောက် အောက်ကနေ မော့ကြည့်ပြီး ဒါလေးများဆိုပြီး တက်သွားတာ ပြန်ဆင်းလာတော့ စကားမပြောနိုင်တော့ပါဘူး။ အဲဒီနားကခုံတန်းမှာ ငူငူကြီးထိုင်နေတာအကြာကြီးပါပဲ။ Pirate ကတော့ ကျွန်မအကြိုက်ဆုံး ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလိုပဲ ခံစားရလို့။ နောက် ကမ္ဘာ့ ဆွဲအားကနေလွတ်သွားတဲ့ ကိုယ့်ရဲ့ အလေးချိန်တွေပါ ပျောက်ဆုံးသွားစေအောင် ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။



ဒါကတော့ ကျွန်မ အသက်သိပ်မကြီးခင် တစ်ခါတော့ စီးကြည့်ဦးမယ့် အခုချိန်ထိတော့ မစီးဖူးသေးတဲ့၊ လူတွေငယ်သံပါအောင် တစ်ကွင်းလုံးကြားအောင် အော်ဟစ်နေရတဲ့ Hellevator ပဲဖြစ်ပါတယ်။ ၂၀၂ပေမြင့်တဲ့ တာဝါပေါ်ကို တစ်နာရီ ၇၅ ကီလိုမီတာနဲ့ လွှတ်တင်လိုက်ပြီး minus 1 g နဲ့ ပြန်ဆင်းလာတာလို့ သိရပါတယ်။



နွေရာသီမှာ ကျောင်းသားတွေ ငွေပိုငွေလျံရဖို့ ဒီပွဲဈေးကြီး မဖွင့်ခင် အလုပ်လျောက်ရင် အလုပ်လာလျောက်သူတိုင်းကို အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ တစ်နေကုန် ကြိုက်တာ အ၀စီးဖို့ လက်မှတ်တစ်စောင်စီ လက်ဆောင်ပေးပါတယ်။ ကျွန်မတို့ ငယ်စဉ်က အလုပ်လိုချင်တာထက် အဲဒီအလကားလက်မှတ်အတွက် အပျော်သွားတန်းစီကြပါတယ်။ ပြီးရင် အိမ်အပြန်ကားမောင်းလို့မရတော့လောက်အောင် ဆော့ကြ၊ ညကျတော့ အိပ်မက်ဆိုးတွေမက်ကြ၊ ကျွန်မ ညီမလေးတစ်ယောက်ဆို အဲဒီညက ခြေထောက်တောင် အကြောဆွဲသလိုဖြစ်လို့ ခေါင်းဦးတွေ စောင်တွေနဲ့ ဖိထားရတယ်။ တစ်နေကုန် သွားတွေအကုန်ပေါ်အောင် ရီနေပြီး၊ ညကျတော့မှ မျက်ရည်ကျပြနေလို့ သူ့ကို ၀ိုင်းဆူကြရင်း “ဟင်.. ကဲချင်ဦး။ နောင်နှစ်သွားဦးမလား” လို့မေးတော့ မျက်ရည်ဝိုင်းတဲ့ မျက်လုံးလေးတွေနဲ့ မျက်နှာလေးငယ်ပြီး ကျွန်မတို့ကိုကြည့်ပြီး ပြောရှာပါတယ်.. “သွားဦးမယ်.. ”တဲ့။


Saturday, August 23, 2008

ဘာသာမတူလို့ အတူမနေရတော့ဘူးလား

ညီမလေး ၀င်္ကပါရေ…

ညီမလေးက မလေးကို ဦးစားပေးမေးတယ် ဆိုတော့လဲ ဖြေရပြီပေါ့ညီမရယ်..

မလေး က ပညာရှင်တစ်ယောက်တော့မဟုတ်လို့ မလေး အမြင်ကိုပဲ ပြောပါရစေ။

ညီမလေးပြောတဲ့ ဘာသာမတူတဲ့ သူနှစ်ယောက် ချစ်မိကြပြီး အတူနေဖို့ ဆုံးဖြတ်တယ်ဆိုရင် အခက်အခဲတွေက အများကြီးတွေ့ကြုံနိုင်တယ်လို့ပြောချင်ပါတယ်။ တူတူနေတယ်ဆိုတာ တစ်ကယ်တော့ တူတူကို နေကြတာမဟုတ်ပါဘူး။ နှစ်ဘက်လုံးဘက်က အတွေးအခေါ်၊ အယူအဆ၊ ၀ါဒ၊ ခံယူချက်တွေ မတူတဲ့ လူသား တွေကိုပါ မိသားစုထဲကို ဆွဲခေါ်လာရလို့ပါပဲ။


ဘာသာတူတဲ့ လူအချင်းချင်းတောင်မှ မိမိယုံကြည်တဲ့ ဘာသာအပေါ်မှာ လက်ခံတာခြင်း ထပ်တူမကျနိုင်ပါဘူး။ ဥပမာပေးရမယ်ဆိုရင် ခရစ်ယာန်တွေထဲမှာ အချို့က ဘုရားသခင်ကို မေတ္တာတော်ရှင်လို့မြင်သလို၊ အချို့တွေကျတော့လဲ အပြစ်ပေးသော ဘုရားလို့မြင်ကြပြန်တယ်။ အချို့က ဘာမဆို ဘုရားအလိုတော်လို့ ထင်သလို၊ အချို့ကလဲ ဘုရားသခင်က free will ကို ပေးထားတယ်လို့မြင်ပါတယ်။ တချို့ကလဲ ကြားနေပေါ့။ အဲလိုမျိုး ဘာသာတူပါတယ်ဆိုတာတောင် ကိုယ်ပိုင် အယူအဆတွေက ကွဲနေကြပြန်ပါသေးတယ်။

ဒီတော့ တစ်ကယ်လို့ ဘာသာမတူတဲ့ သူနှစ်ယောက် ချစ်မိကြပြီး ဘယ်သူတွေနဲ့မှ မနေပဲ၊ အားလုံးနဲ့ ဝေးရာတစ်နေရာလေးမှာ (မိဘ၊ ဆွေမျိုး၊ မောင်နစ်မ - အထူးသဖြင့် influence ဖြစ်နိုင်တဲ့ မိသားစုဝင်တွေနဲ့ ဝေးရာမှာ) နှစ်ယောက်တည်းနေတယ်ဆိုရင်တောင် သက်ဆိုင်ရာ ဘာသာရေးပွဲတွေ ကို တက်ကြတဲ့အခါ၊ ဥပမာ၊ ကထိန်၊ အစ် စသဖြင့် တက်ကြတဲ့အခါတွေမှာ၊ မိသားစု ဘာသာရေးပွဲလေးတွေလုပ်တဲ့အခါမှာ အခက်အခဲလေးတွေရှိနိုင်ပါတယ်။ နောက်ပြီး ကလေးလေးတွေ မွေးလာတဲ့အခါ တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ကြရဦးမှာဖြစ်ပါတယ်။ ကလေးတွေကို ဘယ်ဘာသာရဲ့အောက်မှာ ဘယ်အတွေးအခေါ်ရဲ့အောက်မှာ မွေးဖွားကြီးပြင်းစေမှာလဲ ဆိုတာ မေးစရာရှိပါတယ်။ ကလေးတွေကို ရှင်ပြုမှာလား မပြုဘူးလား စသဖြင့်ပေါ့။

ဖြစ်နိုင်ရင် နှစ်ယောက်လုံးက အရမ်း သဘောထားကြီးရပါမယ်။ တော်တော်ကို သဘောထားတွေ ကျယ်ပြန့်ရမယ်။ သူများယုံကြည်မှုကို တန်ဘိုးထားလေးစားရမယ်။ နောက်တစ်ခုဟာ လူတစ်ဦးတစ်ယောက်ဟာ အချိန်၊ အသက်အရွယ်၊ နေရာဒေသလိုက်လို့ ခံယူချက်၊ အမြင်တွေဟာ လနဲ့ နှစ်နဲ့အမျှ ပြောင်းနေကြတယ်ဆိုတော့ လူတွေဟာ ကိုယ့်စိတ်နဲ့ကိုယ်တောင် ငြင်းခုန်တတ်ကြပါတယ်ဆိုတော့ ကိုယ့်အိမ်ထောင်ဘက်နဲ့ ဘာသာရေးကို ဆွေးနွေးရင် အကျိုးအပြစ်တွေကိုလဲ နှစ်ယောက်လုံးက သိထားရန်လိုလိမ့်မယ်ထင်ပါတယ်။ လုံးဝမဆွေးနွေးလို့လဲ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ ရယ်လို့ဖြစ်နေရင်ကို အားလုံးက ဒီဘာသာကိုမှ မယုံကြည်ရင် ကယ်တင်ခြင်းမရဘူး၊ ကောင်းကင်နိုင်ငံမရောက်ဘူး၊ နိဗ္ဗာန်ကို မရောက်ဘူး စသဖြင့် ယူဆထားကြတာများလို့ပါပဲ။ အဲဒီတော့ ကိုယ်ချစ်တဲ့သူကို ကောင်းကင်နိုင်ငံကိုရောက်စေချင်တယ်၊ နိဗ္ဗာန်ကို ရောက်စေချင်ကြမှာဆိုတော့ အနည်းနဲ့အများဆွေးနွေးမိကြမှာပါ။ အဲဒီတော့ တော်ရုံစိတ်ဓာတ်နဲ့ ဘာသာရေးဆွေးနွေးပွဲကို လုပ်လို့မရဘူးလို့ ထင်ပါတယ်။ religious communication ဆိုတာလဲ သိပ်ကို အရေးကြီးတယ်လို့ ပြောကြပါတယ်။ မိမိရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ခံစားချက်၊ အတွေ့အကြုံတွေကို ဒေါသမပါ၊ အနိုင်ယူလိုမှုမပါတဲ့ ဆွေးနွေးနိုင်တဲ့ အရည်အချင်းဟာ လူနဲစုမှာသာ ရှိလိမ့်မယ်လို့ ထင်ပါတယ်။

တစ်ခုလုပ်နိုင်တာ ဘယ်ဘာသာရေးပွဲတွေကိုမှ မတက်ဘူး။ ကလေးတွေကိုလဲ နှစ်ဘာသာလုံးကို ritual တွေ မလုပ်ခိုင်းဘူးဆိုလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ ဘယ်ဘာသာပွဲမဆို တူတူတက်မယ်၊ ကလေးတွေကိုလဲ ritual တွေအားလုံးကို လုပ်ခိုင်းမယ် ဆိုလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက်လဲ စဉ်းစားပေးရဦးမယ်။ သူတို့ဖြစ်ချင်တာထက် မိဘတွေဟာ ကိုယ်ဖြစ်စေချင်တာကို အတင်းတွန်းလုပ်သလို မဖြစ်အောင်လဲ သတိပြုရဦးမှာဖြစ်တယ်။

တစ်ကယ်တော့ လူသားတွေဟာ ကိုယ်မွေးဖွားလာတဲ့ မိသားစုရဲ့ ဘာသာတရားကို ယူလိုက်ကြတာများပါတယ်။ မွေးရာပါယုံကြည်မှုတစ်ခုကို တော်ရုံထိုးဖောက်ထွက်တာ အလွန်ရှားပါတယ်။ ဘာသာမတူတဲ့ မိဘနှစ်ပါးဟာ သိပ်ပြီး စိတ်ဓာတ်တွေ ကျယ်ပြန့်တယ်ဆိုရင်တော့ အဲဒီကလေးဟာ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာသာနှစ်ခုရဲ့ ကောင်းကွက်တွေကိုကော၊ ဟာကွက်တွေကို လေ့လာခွင့်ရမယ်။ ယှဉ်ကြည့်လို့ရမယ်။ ဘာသာတစ်ခုတည်းကို မျက်စိမှိတ်ပြီး စုံယုံကြည်မှု၊ မိမိယုံကြည်တာကမှ အမှန်၊ ကျန်တာတွေက အမှားဆိုတဲ့ ခံယူချက်တွေ အဲဒီကလေးတွေမှာ လျော့နည်းနိုင်မယ်လို့ထင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ ဘာသာကွဲတွေနဲ့ ဘာသာတူ အိမ်ထောင်ရေး ပျက်ပြားမှုတွေမှာ ဘာသာကွဲတွေရဲ့ အိမ်ထောင်ရေးကွဲမှုဟာ အနည်းငယ်ပိုမြင့်တယ်လို့ဆိုပါတယ်။ ဘာသာတူတွေလဲ ကွဲကြတာပါပဲ။ အိမ်ထောင်ကွဲတာတွေကတော့ ဘာသာမတူတာ တူတာတစ်ခုတည်းနဲ့ မပတ်သက်ပါဘူး။ တစ်သက်လုံး ဘာသာမတူပဲ အဆင်ပြေပြေနဲ့ တူတူနေတယ်ဆိုရင်တောင်.. အသက်ကြီးလာရင် လူ့သဘာဝအရ မိမိငယ်ငယ်က ယဉ်ပါးခဲ့တဲ့ ဘာသာတရားနောက်ကို ပါသွားကြတာများပါတယ်။ သူ (သို့) သူမက စေတီလေးရှေ့ တရားထိုင်ချိန်မှာ သူမ (သို့) သူက ဗလီရှေ့မှာ အမွှေးနံ့သာတွေနဲ့ ရှိခိုးချင်ခိုးနေမှာပေါ့။ ပြောရင်းလွမ်းလာပြီ။ ဘာသာတူတယ်ဆိုရင်တောင် အဲဒီအရွယ် ရောက်မှတော့လဲ တွဲမသွားကြတော့လောက်ပါဘူး။ ပျင်းလောက်ပြီပေါ့။ (ပြောရင်း နောက်ချင်လာလို့ပါ) ဘာပဲဖြစ်ဖြစ် တူတူနေတယ်ဆိုတော့ တူနိုင်သမျှတူတာအကောင်းဆုံးလို့ မြင်ပါတယ်။ မှန်တယ်မှားတယ်ထက် အတွေးအခေါ်၊ အယူအဆတွေ တူတော့ အိမ်ထောင်ရေးပိုဖြောင့်နိုင်တာပေါ့နော်။ ကလေးတွေတွက်လဲ စဉ်းစားပေးရဦးမယ်မဟုတ်လား။ ဒါပေမယ့် ဘာသာမတူပဲ အဆင်ပြေစွာ ရိုးမြေကျ ပေါင်းသွားတဲ့ လူတွေလဲ အများကြီးရှိတယ်ဆိုတာ ညီမလဲအသိပါ။ သဘောထားပြည့်ဝကြဖို့က အရေးအကြီးဆုံးလို့မြင်ပါတယ်။ တစ်ကယ်တော့ အားလုံးဟာ လူသား တွေပါ။

ဒါပါပဲ ညီမရယ်…

ခင်မင်လျှက်..

မလေး

(မည်သူကိုမျှ ထိခိုက်စေရန်မရည်ရွယ်ပါ။ တစ်ခုခုမှားယွင်းခဲ့လို့ တစ်စုံတစ်ဦးက ငြင်းခုန်မည်ဆိုရင်လဲ ဘာငြင်းခုန်မှုမျိုးကိုမှလဲ ပြန်လည်ပြုလုပ်မည်မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အလဟသ ငြင်းခုန်ခြင်းကို မခုံမင်တာရယ်၊ ဘာသာတရားတိုင်းမှာ လှပနူးညံ့မှုရှိတယ်လို့ ယုံကြည်လို့ပါပဲ။ ဒီကိစ္စက အရမ်း ကိုင်တွယ်တာ နူးညံ့ဖို့လိုမှန်းလဲသိလို့ အတတ်နိုင်ဆုံး စကားလုံးရွေးလို့ ပြောချင်တာလဲ ဆိုလိုရင်းရောက်အောင် ကြိုးစားထားပါတယ်။ အမှားအယွင်းရှိပါက နားလည်ပေးကြပါလို့ စာဖတ်သူများကို ပြောလိုပါတယ်ရှင်။)

Tuesday, August 19, 2008

အလွမ်းမိုး



မောင်….

အလွမ်းတွေ ရွဲစိုနေတဲ့ မိုးညိုတွေထဲ
ကျမ တစ်ယောက်ထဲပေါ့မောင်…
ပျက်သုဉ်းတော့မယ့် လျှပ်ရောင်တွေက…
ကလက်တက်တက်နဲ့
ကျွန်မရဲ့ ကပျက်ကယက် အိပ်မက်ဆိုးတွေကို
ဓားထက်ထက်လို မွှန်း
ဆိုးသွမ်းလွန်းလှပါလား.. မောင်..။


မောင်ထားခဲ့တဲ့ အလွမ်းမိုးတွေ
စွယ်တော်ရွက်ကြွေတွေပေါ် တတောက်တောက်ကျတော့
စွယ်တော်ရွက်တွေပေါ်က
ပိုးကောင်လေးတွေ ခေါင်းငိုက်စိုက်ချ
မလှမပ ငိုနေကြလေရဲ့.. မောင်။

မိုးတွေက အေး နေသလား
ဒါမှမဟုတ်
နွေးနေလား
ကျွန်မ မသိရအောင်ဘဲ ရင်ထဲ ဗလောင်ဆူလှပါတယ်..
ဓားမြမြလေးနဲ့ ဆံပင်တွေကိုမွှန်း
နောက်တော့..
ပခုံးသားတွေဆီကိုယွန်း
တိုးတိုက် ခိုက်မိ
စိုးကြိုက်မိသူ အပြစ်လား.. မောင်..။

ဟော…
ဟိုဘက်တောမှာလဲ
မိုးတွေ ပြိုလာပြန်ပကော.. မောင်။

Sunday, August 17, 2008

တုနိုင်းမဲ့

ကျွန်မ ကဗျာတွေကို မကြိုက်တဲ့မောင်
ကျွန်မ စာတွေကို မဖတ်တဲ့မောင်...
ကျွန်မရဲ့ အလွမ်းနေ့တွေကိုတော့
အလှမ်းသင့်သလိုလေး
သတိရကောင်းပါရဲ့...

Saturday, August 16, 2008

လယ်တောကအပြန် - ဇာတ်သိမ်း

ချောင်းလေးက နေရီရီအောက်မှာ တလက်လက်တောက်ပနေသည်။ မြက်ပင်ရိုင်းတွေကလေအဝှေ့မှာ လွန့်လူးနေသည်။ ချောင်းထဲမှာ တောဘဲလေးတွေ ညစာရှာနေကြသည်။ ချောင်းထိပ် မြက်ခင်းစပ်မှာ ထိုင်ရင်း ပင်လယ်ဝဘက်ကို မျှော်ငေးနေမိကြသည်။

“ပုံပြောပြမယ်”
“အင်း.. ပြော”

“တစ်ခါကတဲ့.. သစ်ပင်တစ်ပင်နဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့၊ သစ်ပင်က ကောင်လေးကို အရမ်းချစ်တယ်တဲ့၊ ကောင်လေးက နေ့စဉ် သစ်ပင်အောက်ကိုလာ၊ သစ်ရွက်တွေကိုစု၊ သရဖူလေးလုပ်ပြီး တောရဲ့ဘုရင်လုပ်တမ်းကစားတယ်တဲ့၊ သစ်ကိုင်းတွေပေါ်ကို တက်၊ ဟိုလွှဲဒီလွှဲ ကစား၊ ပြီးလို့မောရင် သစ်ရိပ်မှာ အိပ်တယ်တဲ့၊ ကောင်လေးက သစ်ပင်ကို အရမ်းချစ်တာပေါ့။ ဒါကိုသိတော့ သစ်ပင်ကလဲ ပျော်တယ်၊

ဒီလိုနဲ့ ကောင်လေးက အသက်ကြီးလာတယ်။ သစ်ပင်ဆီကိုလဲ သိပ်မလာတော့ဘူး၊ သစ်ပင်က အထီးကျန်ဆန်လာတာပေါ့၊ တနေ့ကျတော့ ကောင်လေးက သစ်ပင်ဆီလာတယ်။ သစ်ပင်က ကောင်လေးကို ပြောတယ်.. “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြန်ပြောတယ်၊ သစ်ပင်ပေါ်တက်ဖို့ ကိုယ်လုံးကြီးက သိပ်ကြီးနေပြီ၊ ငါလိုချင်တာ ပစ္စည်းဥစ္စာတွေ၊ ငွေလိုချင်တယ်၊ ပစ္စည်းတွေအဲဒီငွေနဲ့ ၀ယ်ချင်တယ်၊ ငွေပေးပါ လို့ပြောတယ်။ သစ်ပင်က ငါ့မှာငွေတော့မရှိဘူး သစ်သီးတွေတော့ရှိတယ်၊ လိုသလောက်ခူးရောင်းပြီး ငွေရှာပါလို့ ပြောတယ်..။ ကောင်လေးက ပန်းသီးတွေခူးပြီး မြို့ပေါ်တက်ရောင်းဖို့ ထွက်သွားတယ်တဲ့။ အချိန်တော်တော်ကြာကြာထိ ပြန်မလာဘူး။ သစ်ပင်က လွမ်းနေတာပေါ့။ ဒီလိုနဲ့တနေ့ ကောင်လေးက ပြန်ရောက်လာပြန်ရော။ သစ်ပင်ကပျော်လွန်းလို့ တုန်တောင်နေတယ်တဲ့။

အဲဒီမှာ သစ်ပင်ကပြောပြန်ရော..

“ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးက သူစိတ်ဝင်စားတာ အိမ်ထောင်ပြုဖို့ရယ်..၊ ကလေးလေးတွေ လိုချင်တာရယ်၊ နောက် အိမ်ကလေးတစ်လုံးလိုချင်တာရယ်ပဲ သိတယ်တဲ့။ အိမ်ကလေးတစ်လုံးပေးနိုင်မလားတဲ့။ သစ်ပင်က ငါ့ကို ခုတ်ထစ်လို့ အိမ်ဆောက်ပါလို့ပြောတယ်တဲ့။
ကောင်လေးက သစ်ကိုင်းတွေ ခုတ်ထစ်ယူပြီး အိမ်ဆောက်ဖို့ထွက်သွားတာ ပြန်မလာပြန်ဘူးတဲ့..။



နှစ်တွေကြာတော့ သစ်ပင်ကြီးက လွမ်းနာကျလာတာပေါ့။ တစ်နေ့တော့ ကောင်လေးက ပြန်လာတယ်တဲ့။ ဒီတစ်ခါတော့ သစ်ပင်ကြီးက ပျော်လွန်းလိုက စကားတောင်မပြောနိုင်ဘူး။ သစ်ပင်ကြီးက ထပ်ပြောပြန်တယ်..။ “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြောတယ်။ ငါ လှေလေးတစ်စင်းလိုချင်တယ်။ ငါလှေလေးနဲ့ ဒီနေရာကနေ အဝေးကြီးကို ထွက်သွားချင်တယ်လို့ပြောတယ်။ သစ်ပင်ကြီးက ငါ့ကိုခုတ်ထစ်ပြီးလှေလုပ်ပါ နောက်.. မင်းပျော်သလို သွားလိုရာသွားပါလို့ ပြောတယ်။ အဲဒီလူက သစ်ကိုင်းတွေကို ခုတ်ထစ်လှေလုပ်လို့ ထွက်သွားတာပေါ့.. သစ်ပင်ကြီးက ပျော်မလိုလိုနဲ့ ဒီတခါတော့ မပျော်ဘူးတဲ့..။

နှစ်တွေကြာတော့ အဲဒီလူပြန်ရောက်လာတယ်။ သစ်ပင်က ဒီတစ်ခါပြောတယ်..
ငါ့မှာ အသီးမသီးနိုင်တော့ဘူးလို့။ အဲဒီလူက ပြန်ပြောတယ်… ငါ့မှာလဲ သွားတွေမရှိတော့ဘူးတဲ့၊ သစ်ပင်ကပြောတယ် မင်းခုန်လွှဲကစားဖို့ သစ်ကိုင်းလဲ မရှိတော့ဘူးဆိုတော့ အဲဒီလူက ငါလဲ သိပ်အိုလို့ မကစားနိုင်တော့ပါဘူးတဲ့။ သစ်ပင်ကြီးကထပ်ပြောတယ်.. ငါ့မှာပင်စည်တွေတောင် မကျန်တော့ဘူး၊ ငါသစ်ငုတ်တိုဖြစ်နေပြီလေ တဲ့၊ အဲဒီမှာ အဲဒီလူက ပြန်ပြောတယ်။ ငါဘာမှ ဒီချိန်မှာ မလိုတော့ပါဘူး။ ငါ ခုချိန်မှာ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုနဲ့ နားခိုစရာလေး တစ်ခုပဲ လိုပါတော့တယ်တဲ့၊ အဲဒီအချိန်မှာ သစ်ငုတ်တိုဟာ အဲဒီလူမှီဖို့ သူ့ကိုယ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်တော့တယ်တဲ့။ အဲဒီလူလဲ မောပန်းစွာမှီနေလိုက်တယ်တဲ့ သစ်ပင်ကြီးကလဲ ပျော်နေတော့တယ်တဲ့”

“အင်းးးး ပြီးပြီလား”

“ဒီလောက်နဲ့ ဘယ်ပြီးမလဲ.. မေးမယ်”

“မေးစေဗျား”

“ကောင်လေးက တကိုယ်ကောင်းဆန်လား”

“ဟင့်အင်း မဆန်ဘူး”

“ဘာလို့လဲ”

“တဘက်က လိုလိုလားလားပေးနေတာကို”

“သစ်ပင်ကကော… အဲလိုအကုန်အနစ်နာခံပေးတဲ့ သူကို ဘယ်လိုနာမယ်တပ်မလဲ”

“မြင့်မြတ်ခြင်းလို့ ကျွန်တော် တပ်မယ်”

“ဟင့်အင်း ကျမတော့ ဒါကို မြင့်မြတ်တယ် မထင်ဘူး”

“အင်း.. ပေးကမ်းခြင်းနောက်မှာပျော်ရွှင်မှုကို သစ်ပင်လိုချင်တယ်ထင်လို့လား”

“ဆိုပါတော့.. နောက်ပြီး တစ်ခါတစ်ရံ ကိုယ်က ပေးလိုက်ပြီးမှ နောင်တရဘူးလား”

“အကြိမ်ကြိမ်ပေါ့ဗျာ”

“ဘာလို့လဲ”

“တဘက်က အသိမှတ် မပြုလို့လေ”

“ဒါဆို အသိအမှတ်ပြုခြင်း ဆိုတာကို မျှော်လင့်တယ်ပေါ့”

“တစ်ခါတစ်ရံ တော့ မျှော်လင့်မိတယ်လေ”

“တစ်ခါတစ်ရံပဲလား…၊ နောက်ပြီး တစ်စုံတစ်ယောက်က ပေးတာကို ယူပြီးရင် တစ်စုံတစ်ရာ ပြန်ပေးရမယ်လို့ ခံစားရလား”

“ဒက်ထိပဲ”

“ကဲ.. ဒါဆိုမေးမယ်.. ဘာလို့ ပေးကမ်းစွန့်ကြဲကျလဲ”

“အင်း.. ကောင်းလိုက်တဲ့မေးခွန်း”

မြက်တစ်ပင်ကို လက်နှင့် ကောက်နှုတ်လိုက်မိသည်။
“ပေးကမ်းပြီးတော့ ဘာမှ ပြန်လည်မမျှော်လင့်တာ ဒါမှမဟုတ် ပြန်လည်မျှော်လင့်မိတာမျိုးဟာ မှားသလား”

“ဒါကတော့ တစ်ဦးတစ်ယောက်စီပေါ်မှာ မူတည်လိမ့်မယ်”

“နောက်စဉ်းစားစရာတွေအများကြီးရှိသေးတယ်၊ ကောင်လေးက သစ်ပင်ကိုချစ်တာလား၊ သစ်ပင်က ကောင်လေးကိုချစ်တာလား၊ ဘာကြောင့်ချစ်တာလဲ၊ နောက်ပြီး ကျွန်မတို့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ နောက်တစ်ခု ကျွန်မ သိပ်သိချင်တာ၊ အနေနီးတဲ့လူနဲ့ အနေဝေးနေတဲ့လူကို ဘယ်သူကို ပိုချစ်မလဲ”

“များသောအားဖြင့်တော့ အနေနီးတဲ့လူကို ပိုချစ်တာများတယ်”

“ဟင့်အင်း ပိုချစ်တယ်လို့ထင်တာပါ”

“ထိတွေ့ဆက်ဆံနေမှုဟာ အချစ်မှာ အတိုင်းအတာ တစ်ခုထိ အရေးပါတယ်”
ဆံပင်တွေထဲက ပန်းစေ့လေးကို သူ အသာဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

“နောက်ဆုံး သစ်ပင်ပျော်တယ်ထင်လား၊ ကောင်လေးကော ပျော်တယ်ထင်လား၊ ဘာလို့ ချစ်ကြလဲ၊ ချစ်တယ်လို့ကော ဘယ်လိုသိနိုင်မလဲ၊ အချစ်ဆိုတာဘာလဲ နောက်ဆုံးမေးရမယ်ဆိုရင်…”

“သိပ်မတွေးပါနဲ့လားကွာ”

“ဟင်.. မဟုတ်ဘူးနော်.. ဒါတွေက မူကြိုကလေးတွေလောက်ကိုတောင် ကစားနည်းတွေလုပ်ပြီး မေးနေကြပြီ”

“ကဲ ဒါဆိုလဲ.. မေးပါဗျာ”

“ပျော်ရွှင်ခြင်းဆိုတာဘာလဲ၊ ခံစားချက်လား၊ စိတ်အခြေအနေလား”

“စိတ်အခြေအနေ..”

“အင်…. ခံစားချက် မဟုတ်ဘူးလား”

“မဟုတ်ဘူး.. စိတ်ရဲ့အခြေအနေ”

“ပျော်ရွှင်မှုဆိုတာ တခြားတစ်ယောက်ယောက်ရှိနေမှ ကိုယ်က ပျော်မှာလား၊ ဥပမာ တစ်ယောက်ယောက်ကို လှုရမှ၊ ကိုယ်က ပျော်မှာလား၊ ကိုယ်ပျော်ဖို့တွက် လှုခံရမယ့်သူက ရှိပေးရမှာလား၊ နောက်ပြီး ကောင်းမှု တစ်စုံတစ်ရာ လုပ်ဆောင်ရမှ ကိုယ်က ပျော်မယ်ပေါ့၊ အဲဒီ ကောင်းမှုဆိုတာ ထလုပ်ဖို့ မရှိရင် ကိုယ်က မပျော်တော့ဘူးလား၊ You have to have reason to be happy ပေါ့”

“ကိုယ်မသိဘူးကွာ၊ မင်း ပုံပြင်လေး ပြီးတော့ ကိုယ်သိလိုက်ရတာက ကိုယ်ဟာ ကောင်လေးနေရာမှာ”

“ရှင်.. ဘယ်လို”

“ဟုတ်တယ်. ကိုယ် ဟာ ကောင်လေး”

“ဒါဆို သစ်ပင်ကကော”

“သစ်ပင်က မြန်မာပြည်နဲ့ မြန်မာပြည်သားတွေ”

“ဘယ်လို!!”

“ဟုတ်တယ်… ကိုယ် မြန်မာပြည်က မိဘနဲ့တကွ မြန်မာပြည်သားတွေဆီက အခြေခံပညာတွေနဲ့ ဒီမှာ နေနေတယ်.. အသက်ကြီးပြီး အိုတော့မှ ဘာမှ ပြန်မပေးနိုင်တော့မှ မြန်မာပြည် ပြန်ရမယ့်ပုံပေါက်နေတယ်ကွာ”

“ဟင်းးး အဲလိုလဲမဟုတ်ပါဘူးလေ”

“ဟုတ်ပါတယ်… အဲလိုပါပဲ”

“အင်းပါလေ.. ပြန်ရအောင်နော်”

“တစ်ခုခုသွားစားကြရအောင်၊ ခုနက မ၀ဘူး”

“ကုလားဆိုင်ပဲသွားရင်ကောင်းမလား၊ ဆာရီနဲ့ဆိုတော့ ကုလားဆိုင်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်”

“ဗီယက်နမ် ဆွပ်ပြုတ် သောက်ချင်နေလို့ကွာ၊ ဒါပေမယ့် သဘောပါ”

“အင်း.. ဒါဆိုလဲ ဗီယက်နမ်ပေါ့”

ချောင်းလေးက တစ်ဖြည်းဖြည်း ဝေးကျန်ခဲ့သည်၊ ကောင်းကင်က ပိုမှောင်လာသည်။ လယ်ကွင်းတွေကြားက လမ်းကလေးပေါ်မှာ ကားလေးတစ်စင်း တရိပ်ရိပ်မောင်းနှင်သွားပါတော့သည်။

((ပထမပိုင်းသို့))


Comments from www.ainchannmyay.com


Very good novel,fantastic one
May u b Successful!
It is right for each side.
Sincerely urs,
Moon
Comment by moonnaungzin — August 17, 2008 @ 11:20 am

အတွေးတွေကို တကယ်ပေးတယ်။ပျော်ရွှင်မှုဆိုတာ ကို ရှင်းပြနိုင်တယ်။ ကျေးဇူးပါပဲ
Comment byှစိတ်ကူး — August 17, 2008 @ 11:43 pm

မလေး
ရှုထောင့်ပေါင်းစုံက အတွေးပေါင်းစုံထွက်ကြမှာပေါ့။ ကောင်လေးက သစ်ပင်ကြီးကို ချစ်တယ်၊ မချစ်ဘူးဆိုတာထက် သူ့စိတ်ရဲ့တစ်နေရာမှာ သစ်ပင်ကြီးကို တန်ဖိုးထားခြင်း ဆိုတဲ့ အရာဟာ စွဲမဲနေတယ်ဆိုတာတော့ ပေါ်လွင်တယ်။
မျှော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ ပေးဆပ်သူသက်သက်ပါလို့ ပြောလာသူတွေကို “မသိစိတ်ဆိုတာ မရှိရင်ပေါ့” လို့ ညီမကတော့ ပြောချင်တယ်။ ဘာလို့ဆို အဲဒီလောက် မလွယ်လို့လေ။ အနည်းဆုံးတော့ တစ်ဖက်ရဲ့ အသိအမှတ်ပြုမှုလေးတစ်ခုလောက်ကိုတော့ လိုချင်မိမှာပါ။
ချစ်သူနှင့်ဝေး၊ တို့မလေးကား
ရေးလည်းမတတ်၊ ဖတ်လည်းမဖတ်
စာငတ်ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို့
ဆိုတဲ့ လတ်တလော ဖတ်ခဲ့ရတဲ့ ကဗျာလေးရဲ့ စာရေးဆရာဟာ အိမ့်ချမ်းမြေ့ ဆိုတဲ့ မလေးရဲ့စာတွေဖတ်ရတဲ့အခါ နောက်ထပ် ဇာတ်ကောင် မလေး တစ်ယောက်အနေနဲ့ ချက်ချင်းကဗျာစပ်လိုက်မယ်ထင်တယ်။ အမှတ်တရ ကဗျာလေးတစ်ပုဒ်တော့ မလေး ကို စပ်ပေးချင်သေးတယ်။ ခုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ဦးမယ် မလေး။
မလေးရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့
Comment by နှင်း — August 18, 2008 @ 4:17 am

မလေး
ရှုထောင့်ပေါင်းစုံက အတွေးပေါင်းစုံထွက်ကြမှာပေါ့။ ကောင်လေးက သစ်ပင်ကြီးကို ချစ်တယ်၊ မချစ်ဘူးဆိုတာထက် သူ့စိတ်ရဲ့တစ်နေရာမှာ သစ်ပင်ကြီးကို တန်ဖိုးထားခြင်း ဆိုတဲ့ အရာဟာ စွဲမဲနေတယ်ဆိုတာတော့ ပေါ်လွင်တယ်။
မျှော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ ပေးဆပ်သူသက်သက်ပါလို့ ပြောလာသူတွေကို “မသိစိတ်ဆိုတာ မရှိရင်ပေါ့” လို့ ညီမကတော့ ပြောချင်တယ်။ ဘာလို့ဆို အဲဒီလောက် မလွယ်လို့လေ။ အနည်းဆုံးတော့ တစ်ဖက်ရဲ့ အသိအမှတ်ပြုမှုလေးတစ်ခုလောက်ကိုတော့ လိုချင်မိမှာပါ။
ချစ်သူနှင့်ဝေး၊ တို့မလေးကား
ရေးလည်းမတတ်၊ ဖတ်လည်းမဖတ်
စာငတ်ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို့
ဆိုတဲ့ လတ်တလော ဖတ်ခဲ့ရတဲ့ ကဗျာလေးရဲ့ စာရေးဆရာဟာ အိမ့်ချမ်းမြေ့ ဆိုတဲ့ မလေးရဲ့စာတွေဖတ်ရတဲ့အခါ နောက်ထပ် ဇာတ်ကောင် မလေး တစ်ယောက်အနေနဲ့ ချက်ချင်းကဗျာစပ်လိုက်မယ်ထင်တယ်။ အမှတ်တရ ကဗျာလေးတစ်ပုဒ်တော့ မလေး ကို စပ်ပေးချင်သေးတယ်။ ခုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ဦးမယ် မလေး။
မလေးရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့
Comment by အေးချမ်းသူ — August 18, 2008 @ 4:19 am

နူးနူးညံ့ညံ့လေးနဲ့ လှတယ် မလေးရေ။ မလေးအချိန်ရရင် ပြီးတော့ စိတ်ကူးလည်း ရရင်လေ ဘာသာကွဲနှစ်ယောက်ပေါ့နော် ချစ်ကြိုက်ကြပြီး အတူလက်တွဲဖို့ဆုံးဖြတ်ကြတဲ့အခါကြရင် တွေ့ကြုံကြတဲ့ အခက်အခဲလေးတွေကို အစ်မလို စာရေးတဲ့လူတစ်ယောက်အနေနဲ့ဘယ်လိုမြင်လဲဆိုတာလေးကို ရေးပေးပါလား။ အစ်မရဲ့ အမြင်ကို သိချင်လို့ပါ။ ဘာသာကွဲဆိုတာ အဓိကက မူစလင်နဲ့ ဗုဒ္ဓဘာသာပေါ့။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် အစ်မရဲ့အမြင်ကို ဦးစားပေးသိချင်လို့လေ။ အားရင်ပေါ့နော်။ ကျေးဇူး မလေး။
Comment by winkabar — August 18, 2008 @ 3:07 pm

တစ်ချို့က စွန့်လွှတ်လိုက်ရတာကို တန်ဘိုးထားတယ်..
တစ်ချို့က ရယူလိုက်ရမှ ကျေနပ်ကြတယ်..
တစ်ချို့က ဘာမှ မက်မောတွယ်တာလိုစိတ်မရှိကြဘူး..
တစ်ချို့က ဆန္ဒနောက် တစ်ကောက်ကောက် လိုက်ကြတယ်..
အားလုံးကို ချုံကြည့် လိုက်..
အတ္တ..အနတ္တ..
လောဘ..အလောဘ..
သေချာတာက…နောက်ဆုံးမှာ ဘာမှယူသွားလို့မရ…
တစ်ချို့က ဒါတွေကိုသိလို့
တဏှာကို ပယ်သတ်နေကြ…။
ငါတို့ စိတ်ကို ကြိုးစားရှုကြ…။

Comment by kowinlatt — August 19, 2008 @ 6:42 am

မမ..ပျော်ရွှင်ပါစေ
Comment by ညီမလေးတစ်ယောက် — August 20, 2008 @ 5:26 am
လာလည်တာကိုကျေးဇူးအထူးတင်ပါတယ်…အသစ်လေးတွေရှိလို့လာပြေားပြသွားပါတယ်….
ခင်မင်စွာနဲ့
ချစ်ဦး
Comment by ချစ်ဦး — August 21, 2008 @ 3:21 pm

ငှက်ကလေး တစ်ကောင် ဟာ လှောင်အိမ်ထဲမှာရှိတယ်
နာကျည်းမှုတေးကို သီဆိုတယ်
အပါယ်ခံရေကို သောက်တယ်
ရိုးသား မှု ကိုစားတယ်
နံနက်မိုးသောက်တော့ သူ့  ၀ိဥာန်မရှိတော့ဘူး
Comment by kyaw swar tun — August 22, 2008 @ 7:35 am |

အနှစ်အရသာ အပြည့်အ၀ပေးတဲ့စာအတွက် ကျေးဇူးတင်မိပြန်ပါပြီ မမအိမ့်ရေ။ ပုံပြင်အတွက် ကောင်လေးမြင်တဲ့ အစားထိုးအမြင်ကို ဖတ်မိတော့ ၀မ်းနည်းမိပါတယ်။ စာဖတ်လို့တော့ ပြီးသွားပါပြီ… စိတ်ထဲမှာတော့ အများကြီးကျန်ခဲ့တုန်းပါပဲ…
Comment by ရွှေပြည်သူ — August 28, 2008 @ 8:56 am


လယ်တောကအပြန်

စိမ်းမြသောလယ်ကွင်းတွေက လမ်းဘေးမှာ တရိပ်ရိပ်ကျန်ခဲ့သည်။ ရွှေအိုရောင် ညနေခင်းအောက်မှာ တောင်တန်းပြာတို့ကို နောက်ခံထားလျှက် ငှက်တို့ တကျီကျီ အော်မြည်ပျံသန်းနေကြသည်။

“ဒီနေ့ညနေ မင်္ဂလာပွဲက တမူထူးခြားမယ့် မင်္ဂလာပွဲပဲသိလား”
ကားပြူတင်းပေါက်က ပြင်းပြင်းထန်ထန်တိုက်ခတ်လာတဲ့ လေတွေကြောင့် လွန့်လူးနေသော ဆာရီပုဝါကို လက်နှင့်ထိန်းရင်းပြောလိုက်သည်။

“အင်း.. ကြည့်လဲလုပ်ဦးနော်.. ဆာရီကြီးနဲ့ ချော်လဲနေဦးမယ်။ ဒါနဲ့.. ကောင်မလေးက တရုပ်မလေးပေါ့”

“ပြောတာပဲလေ… သတို့သားနဲ့က သိပ်အခင်ကြီးတော့ မဟုတ်ဘူး။ တစ်ခါက ရုံးနားက ထမင်းဆိုင်မှာ သူငယ်ချင်းတွေစုပြီး နေ့လည်စာ အတူစားတုန်းက သူ့ကောင်မလေးက တရုပ်မလေးလို့ ပြောတာပဲ၊ ဖိတ်စာထဲမှာလဲ အဲဒီမိန်းကလေးနာမယ်ပဲ”

“ဒါဆို ကောင်မလေးက ဘာသာပြောင်းလိုက်တာများလား”

“မသိဘူး။ မြန်မြန်မောင်းလေ.. နောက်ကျနေပြီ”
ဆာရီပုဝါကို လည်ပင်းမှာ ကသောကမျောပတ်ပြီး စိတ်လောစွာပြောလိုက်သည်။

“မောင်းနေပါတယ်ဗျာ.. ဒါနဲ့ လမ်းသိတယ်ဆို။ ခု ဘယ်လိုဖြစ်ပြီး လယ်ကွင်းတွေထဲ ရောက်နေတာလဲ”

“ဟင်.. မသိဘူးလေ.. မြေပုံတိုင်းလာနေတာပဲဟာ.. ဟော ရှေ့မှာရှေ့မှာ မှုန်ဝါးဝါးမြင်နေရပြီ။ အဲဒီ အဆောက်အဦးပဲ”

အဆောက်အဦးရှေ့ရောက်တော့ ၀တ်ကောင်းစားလှတွေနှင့် ဧည့်သည်တွေ၊ ဧည့်ကြိုတွေကိုတွေ့လိုက်ရသည်။ အဆောက်အဦးအပေါက်ဝရောက်တော့ လူတွေဟိုတစ်စု ဟိုတစ်စု စကားပြောနေကြသည်ကို ဆာရီတကားကားနှင့် ကျော်ဖြတ်ပြီး ဧည့်ကြိုခမ်းမထဲ ၀င်ခဲ့သည်။ ဧည့်ကြို ခမ်းမထိပ်က အဖြူစွတ်စွတ်စားပွဲပေါ်က မင်္ဂလာမောင်နှံ၏ ဓာတ်ပုံကြီးကို ကြည့်ပြီး မျက်မှောင်ရှုံ့ပစ်လိုက်မိသည်။

“ဟင်”

“ဘာဖြစ်လို့လဲ”

“သတို့သမီးက တရုပ်မလေးလဲ မဟုတ်ဘူးနော်”

“ဘယ်လိုဖြစ်တာလဲ၊ တရုပ်မလေးနဲ့ ယူတာဆို”

“အဲ.. မသိဘူး။ အိမ်က သဘောမတူလို့ထင်တယ်”

“ထားလိုက်တော့ သတို့သမီးကို နှုတ်ဆက်ရင်လဲ နာမယ်မှားပြီး သွားမခေါ်နဲ့ဦးနော်”

“အင်းပါ..။ မဟုတ်ဘူး ဒီနာမယ်ပဲ.. တစ်ခုခု မှားနေတယ်၊ သိလား”

“ထားလိုက်တော့.. ဆို”

ခမ်းမထဲမှာ လူတွေပြည့်နေသည်။ နံရံအပြည့် ရုပ်မြင်သံကြား မှန်သားပြင်လေးခုပေါ်မှာ သတို့သားကို ပန်းဆီ၊ အမွှေးနံ့သာများနှင့် ပက်ဖြန်းနေသည်ကို မြင်နေရသည်။ လူတွေဝိုင်းအုံပြီး အမွှေးနံ့သာ ပက်ဖျန်းနေကြ၍ သတို့သားကိုတော့ ထိုင်နေသည့်နေရာမှ မမြင်ရ..။ ခမ်းမရှေ့က သတို့သမီးနှင့် သတို့သား ထိုင်ရန်နေရာကိုတော့ ကျောက်သံစီ ရောင်စုံ ဖဲ၊ ကတ္တီပါ၊ အ၀တ်များနှင့် လှပစွာ တန်ဆာဆင်ထားသည်။ ဗယာကြော်နံ့၊ ကြက်သားကင်နံ့၊ မဆလာနံ့တို့ သင်းပျံ့နေသည်။ ပတ်ဝန်းကျင်မှာလဲ မျက်နှာစိမ်းတွေချည်း။

“ကျွန်မတို့ သင်္ကြန်ပွဲအတိုင်းပဲနော်… အရမ်းတူတာပဲ၊ အပေါက်ဝမှာလဲ လူတွေ စုစု စုစုနဲ့၊ ခုံတွေရှိရဲ့သားနဲ့ ဘာလို့ ငြိမ်ငြိမ် မထိုင်ကြတာလဲမသိဘူး”
“အင်း”
“စားလေ”
“အင်း”
“……”
“ခဏနေ ပြန်ကြရအောင်”
“ပြန်လေ.. ”
“သတို့သား သွားနှုတ်ဆက်လိုက်ဦးလေ”
“ဟင့်အင်း၊ တနင်းလာနေ့ ရုံးရောက်မှ လာကြောင်း သွားပြောလိုက်မယ်”

အဆောက်အဦး အပြင်ကို ပြန်ထွက်လာတော့ ပန်းရင့်ရောင် နှင်းဆီကောင်းကင်က လှပနေသေးသည်။ ညနေခင်းလေပြေက ဗယာကြော်နံ့သင်းနေသည်။

“ဟိုနား သွားရပ်၊ ဓာတ်ပုံရိုက်ပေးမယ်”

“ဟင့်အင်း၊ ဘာလုပ်ဖို့လဲ”

“အော်.. လာသွားကြောင်း သက်သေလေ၊ တနင်္လာနေ့ကျတော့ ပြဖို့”

“အရေးထဲနော်… သက်သေမလိုပါဘူး၊ လာတယ်ဆို လာတယ်ပေါ့”

“သွားပါ.. သွားရပ်”

လှပသော အဆောက်အဦးကို နောက်ခံထားလျှက် ပန်းခြုံထဲ ၀င်ရပ်နေလိုက်သည်။
“ဟိုဘက်တိုးဦး”
“မရတော့ဘူး၊ ခြုံထဲ ပြုတ်ကျတော့မယ်”
“နောက်က အဆောက်အဦး နာမယ် မမြင်ရဘူး”
“ရိုက်တော့.. စိတ်ညစ်တယ်၊ ဒီမှာ ပန်းခြုံနဲ့ ဆာရီ ကလဲ ငြိနေတယ်၊ မြန်မြန်သာရိုက်”
“ရပြီ.. လာတော့”

ဆာရီကို မ ပြီး ကားဘက်ကို ပြန်လျောက်လာကြသည်၊ ကားထဲဝင်ထိုင် အပြီး ခြေထောက်အောက်မှာ ခိုးလို့ခုလု အသိတစ်ခုကြောင့် ငုံ့ကြည့်လိုက်သည်။
“အိုးးးး”
“ဘာဖြစ်ပြန်ပြီလဲ”
“ဘာဖြစ်ပြန်ရမှာလဲ၊ ဖိနပ်မှာ ပေပြီ ဟိုဟာ”
“ဘယ်ဟာလဲ”
“အားး စိတ်ညစ်တယ်… ဘယ်ဟာရှိရမလဲ”
“အနံ့မရပါဘူး”
“မသိဘူး၊ အတင်းခြုံထဲ ရပ်ခိုင်းတာကိုး”

ကားထဲက ကမန်းကတန်းဆင်းပြီး ဖိနပ်ကို သစ်ပင်တစ်ပင်အောက်က မြက်များနှင့် ပွတ်လိုက်သည်။
“တော်ပါသေးရဲ့.. ရွံ့တွေ”
“သေချာလို့လား၊ ကိုယ် သွားကြည့်မယ်.. ရွံ့ဟုတ်လို့လား”
“အင်.. ဘာလို့ကြည့်မှာလဲ။ ကြည့်လဲ ဘာထူးမလဲ၊ ရွံ့ပါလို့ဆိုနေ”
“မဟုတ်ဘူးလေ၊ သေချာအောင်ကြည့်မှာ”

ပန်းခြုံဘက်ကို ထွက်သွားသူကို နားမလည်နိုင်စွာငေးကြည့်နေမိသည်။ ပန်းခြုံနား ဟိုရှာဒီရှာ ရှာပြီး ပြန်လှည့်လာသည်။
“ဘာမှလဲ မတွေ့ဘူး”
“ဘယ်တွေ့မလဲ.. ဖိနပ်မှာ အကုန်ကပ်နေတဲ့ ဟာကို”
“….”
“ပြန်မယ်…”

ကားလေးက တရိပ်ရိပ် လယ်ကွင်းတွေကြားက ဖြတ်ပြေးနေသည်။ လယ်ကွင်းတွေရဲ့ အလယ်က စိုက်ခင်းတွေက စိမ်းစိုနေသည်။ ရထားလမ်းနှင့် ချောင်းလေးတစ်ခုကလဲ ငြိမ်သက်စွာ လှဲလျောင်းနေသည်။

“ကိုယ်တို့ ဘာလို့ လယ်ကွင်းထဲ ရောက်နေတာလဲ”

“ဒီလမ်းက ဖြတ်လမ်းလေ၊ ဆီကုန်သက်သာတာပေါ့.. အဟွန်း”

“မင်းဟာလေ.. လမ်း မသိရင်မသိဘူးပြောပါတော့လား”

“သိသားပဲ… တမင် မြို့ပြကို ငြီးငွေ့လွန်းလို့ ဒီလမ်းကိုရွေးလာတာ.. ဟိုနားက တောအုပ်စပ်လေးနားက ချောင်းလေးနား သွားထိုင်ရအောင်.. နော်”

“ကြံကြံဖန်ဖန်ကွာ၊ မှောင်တော့မယ်”

“မမှောင်သေးပါဘူး၊ ၁၀နာရီမှ နေ၀င်တာ… နော်၊ ခဏလေးပဲ”

“အင်းအင်း သဘော၊ သဘော”

((ဒုတိယပိုင်းသို့.. ))

Tuesday, August 12, 2008

မောင်

မောင်...
အပူရုပ်ကို ဟန်လုပ်လို့
နှစ်ချို့ရက်တွေ..
စောင့်နေရသလိုပါပဲ.. မောင်..

မောင်..
ငိုနေတဲ့ မျက်လုံး
အပြုံးမျက်နှာနဲ့
နှုန်းချိကာခွေယိုင်လဲ
နေနိုင်ဆဲပါလား.. မောင်..

မောင်..
ကဗျာမပီ
စာမစီနိုင်လဲ..
အသည်းနွမ်းကျ
ပန်းလျနေဆဲပါ.. မောင်....

Saturday, August 09, 2008

အံဆွဲ

တိတ်ဆိတ်ငြိမ်သက်သော နွေညယံတစ်ယံသည် လွမ်းမော ခြောက်သွေ့နေတတ်သည်။ ငှက်တို့ကလဲ ညကိုးနာရီထိုးခါမှ အိပ်တန်းပြန်ရန် ကသောကမျော ပြေးလွှား ပုန်းခိုတတ်ကြသည်။ ငှက်တို့ပျံပြေးသွားသည်ကို လှမ်းမြင်နိုင်သော စိမ်းပြာရောင်ဖျော့ဖျော့လေး လိမ်းကျံနေသော ဤအခန်းထဲတွင် အံဆွဲပေါင်းများစွာ ရှိနေသည်။ ထိုအံဆွဲပေါင်းများစွာထဲမှာမှ သည်အံဆွဲတစ်ခုကိုဖွင့်ပြီး ဘယ်မှာထားမိမှန်းမသိသော ပစ္စည်းတစ်ခုကို လွမ်းမောဘွယ်ကောင်းသော သည်ညမှာမှာ ရှာမိပါသည်တကား။

သည်အံဆွဲထဲတွင် နှစ်ပေါင်းများစွာ အိပ်မောကျနေသော အတိတ်တို့ မြွေဟောက်တစ်ကောင်ကဲ့သို့ လွန့်လူး ထကြွလာသည်။ ၀ါထိန်စ ပြုနေသော စာရွက်ပါးပါးလျလျတို့ ကကြိုးနဲ့အညီ ဒယီးဒယိုင် ထလာကြသည်။ မဖတ်ဖူးဟု အားတင်းထားလျက်က စာရွက်များကို နုနုရွရွလေး တုန်တုန်ယင်ယင်လေး ကိုင်ကာ ဖွင့်နေမိသော လက်တို့ကို တိတ်တခိုး ကျိန်ဆဲနေမိသည်လား။

“ဟိုမှာ ကြိုးစားပါ။ ဒီမှာ ကောင်းစားနိုင်တဲ့ အခွင့်အရေးတွေ၊ လူကောင်းတွေ အတွက်မျှော်လင့် စရာမရှိပါဘူး။ တချို့လဲ ကောင်းကောင်းမွန်မွန် ကြိုးစားပြီး အောင်မြင်နေတာရှိတယ်။ ရာခိုင်နှုန်းနဲတယ်။ လူတွေ လစာ နဲ့ မလောက်တော့ အချင်းချင်း လှီးကြတယ်။ ညစ်ပတ်ကြတယ်”
စေတနာတရားတွေကို ဦးထိပ်နေရင်းနဲ့အမျှ မမှီသလောက်ဥာဏ်လေးနဲ့ ခပ်တိုးတိုးပြန်လည် ငြင်းခုံနေမိတယ်။ လစာလောက်နေရင်းတောင်ပဲ လောဘတွေနဲ့ အချင်းချင်း လှီးနေကြတာတွေလဲ လက်ရေးပိုင်ရှင်ပြောသော“ဟိုမှာ” ဆိုတဲ့ နေရာမှာ ရှိနေတာကို ဥာဏ်ကလေးရှိသမျှ ငြင်းခုံလိုက်ရပါသည်လား။

သက်ပြင်းကြိတ်ချရင်း မျက်ရည်တွေ ဝေ့တက်လာလေပြီ။ စာရွက်ပါးပါးလေးနှင့် ကြဲပျံ့လာသော ဓာတ်ပုံဟောင်းအချို့ကို အံဆွဲထဲ ပြန်ထည့်မလို စိတ်ကလုပ်ပြီးမှ တုန်ချိအားကုန်နေသောလက်တို့က ငြင်းဆန်လျှက် စာရွက်တို့ကို ဆက်ကိုင်ထားမိသည်။ မျက်လုံးတွေများက နူးညံ့ညင်သာသော စိတ်ဓာတ်ကို ဖော်ကျုးနေသော လက်ရေးလေးတွေကို ခေါင်းမာစွာ ဆက်လက်ငေးကြည့်နေမိသည်။ စိမ်းပြာရောင်ဖျော့ဖျော့လေး သုတ်လိမ်းထားသော သည်အခန်းနံရံ ပေါ်တွင် ည၏ ကကြိုးတို့ တိုးတိတ်စွာ ကခုန်လာသည်။

“ဒီမှာတော့ Power & Wealth မရှိရင် လူတန်းစေ့ မနေနိုင်ကြဘူး။ လူရာမ၀င်ဘူး။ တချို့တွေ ကျတော့လဲ ချမ်းသာလိုက်ကြတာ။ ဘယ်က ပိုက်ဆံတွေ ရကြလဲမသိဘူး”

“Enjoy what you can and endure what you must” ဆိုတဲ့အတိုင်း စံစားစရာရှိစံစား ခံရတဲ့အခါမှာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာပါပဲ။ ဒီမှာ ညွှန်ကြားရေးမှုး အဆင့်တွေတောင် ငတ်နေကြတယ်။ ၀ တဲ့လူတွေကျတော့လဲ အလွန်အကျွံဝ လို့ပေါ့။ သမီးရေ… ဒါပါပဲကွာ..။ အစစအရာရာ လိမ္မာပါ။ အကြီးတို့ စကားနားထောင်ပါ၊ အလုပ်ကော စာကော ကြိုးစားပါ”

သက်ပြင်းတွေ အခါခါ ကြိတ်ချရင်း မျက်ရည်တွေ မဆည်နိုင်အောင် ကျလာသည်။ ငှက်တွေကလဲ အလိုက်ကန်းဆိုးမသိစွာ လေဟုန်ချီရင်း သိုက်မြုံကို ရှာကာ အိပ်တန်းတက်နေကြသည်။ အခန်းပေါက်ဝတွင် ကြင်နာသော မျက်ဝန်းတစ်စုံ ပေါ်လာသည်။ နဘေး၌ ညင်သာစွာ ၀င်ထိုင်လျှက် ပခုံးစွန်းကို ကိုင်ရင်း လက်ထဲက စာရွက်များကို သိမ်းယူသွားသည်။
မတ်လ တစ်ထောင့်ကိုးရာ ကိုးဆယ့်လေး ရက်စွဲတတ်ထားသည့် စာများနှင့် ဓာတ်ပုံ များကို သန်မာသော လက်တစ်စုံက အံဆွဲလေးထဲမှာ စနစ်တကျ ပြန်လည် အိပ်မောကျစေလိုက်သည်။

“ဘ၀ ဆိုတာ လွမ်းမောစရာ ကောင်းလှပါလားကွာ”

မျက်နှာကြက်ပေါ်မှာ ကြင်နာသမှု စကားစုတို့ ခပ်တိုးတိုးပဲ့တင်ထပ်သွားလေတော့သည်။

Tuesday, August 05, 2008

Sunday, August 03, 2008

တိတ်တိတ်လေး

တိတ်တိတ်ကလေး မင်းလာတယ်…
တိတ်တိတ်ကလေး မင်းပြန်ထွက်သွားတယ်..
ဒါကို…
ငါ.. တိတ်တိတ်ကလေး ကြည့်နေတယ်…

မင်း.....
လွမ်းနေတာလား....

လွတ်လပ်သော ကောင်းကင်

ဒီကောင်းကင်အမိုးအောက်
ကိုယ်တစ်ယောက်ထဲ လျောက်သွားတယ်…
လေယာဉ်မရှိ၊ မီးပုံးပျံမရှိ၊ ငှက်တေလေမရှိ၊ ရွက်ကြွေတွေလဲမရှိ….

အသက်ကို တစ်ဝတစ်ပြဲ
မဆန့်မပြဲကြီးကို ရှုပစ်လိုက်တယ်…
အား…….
အောက်ဆီဂျင်တွေ အောက်ဆီဂျင်တွေ
နှလုံးအိမ်ထဲကို တနင့်တပိုးကြီးနဲ့
ပလုံးပထွေး တိုးဝင်သွားလိုက်တာ….


စည်းတွေဘောင်တွေ ကင်းမဲ့ရမယ်ဆိုပြီး
ကိုယ်ချထားတဲ့ ပေါ်လစီက
တစ်ကယ်တော့ မပီပြင်လိုက်တာပါကလားနော်…
လွတ်လပ်တဲ့မီဒီယာဟာ………. တဲ့
တစ်ကယ်တော့ “သူ”ပြောသလိုပဲ
မလွတ်လပ်ဆုံး အသုံးမကျဆုံးလားဟင်…

စည်းတွေ အကုန်ဖြိုချမယ်..
ကဲ… လာလေရော့
ပြီးတော့….
ကိုယ်… လွတ်လပ်စွာ ရယ်မောလိုက်တော့မယ်…

ဒီည…
ပျော့အိညံ့သက်တဲ့
ခေါင်းအုံးကို ထွေးပိုက်လို့
ခပ်မိုက်မိုက်လေးပြုံးရင်း
ကိုယ် အိပ်စက်လိုက်မယ်နော်….

ခဏလေး....

အေးချမ်းလိုက်တာ.. တိတ်ဆိတ်လိုက်တာ… အပ်ကျသံကြားမတတ်ပဲ….

တ၀ုန်းဒိုင်းဒိုင်းတိုက်ခတ်နေတဲ့ လေပြင်းတွေ ရုတ်တရက်ငြိမ်သက်သွားသလို….
အတ္တပုံဆောင်ခဲတွေကို ကျားရဲတွေ စားသွားလို့၊ အရိုးတွေပါ ကျိုးကြေကွာကျ..
ဘာဆိုဘာမှ မကျန်တော့သလို…

ပတ်ဝန်းကျင်မှာ ပန်းရနံ့ရယ်… သဘာဝလေပြေညှင်းရယ်….
စမ်းရေစီးသံ ပန်းတွေတေးသီသံ..
အို……
လှလိုက်တာကွယ်…


ခဏလေးနော်… ခဏလေးပါ…
တိတ်တိတ်ဆိတ်ဆိတ် မျက်စိလေးမှိတ်လို့
ပင့်သက်ခိုးရှုလို့ ဒီလိုဆိတ်ငြိမ်သက်သာယာတဲ့ နေရာလေးမှာ
ခဏလေး ဒီလိုလေးနေလိုက်ဦးမယ်ကွယ်…

ငါ့စာတွေကို မြတ်နိုးတဲ့
အရောင်တွေစွန်းထင်းမှုမပါတဲ့
ငြူစူမှုတွေမပါတဲ့
ထောက်ကွက်တွေ မရှာတဲ့
Privacy ကို Violate မလုပ်တတ်တဲ့
မထိတထိ ထေ့ငေါ့တတ်မှုမရှိတဲ့
အဖြူရောင်သက်သက် စာဖတ်သူအချို့ကိုတော့ အားနာပါရဲ့


ဒီနေရာလေးဟာ...
ပြိုင်ဆိုင်မှုတွက်.. နာမယ်ကြီးဖို့တွက်...
ဒေါသတွေ မောဟတွေထုတ်ဖို့တွက်..
ရည်းစားရှာဖို့ ယောင်္ကျားရှာဖို့တွက်...
အစွန်းဆုံပြောရရင်...
သူငယ်ချင်းလုပ်ဖို့တွက်တောင် ဖန်တီးထားတာမဟုတ်...

ဝေမျှချင်ယုံသက်သက် ဒီနေရာလေးကိုဖန်တီးထားတာမို့
လောလောဆယ်တော့ တယောက်ထဲ ဝေမျှနေပါရစေဦးနော်…
ငြိမ်သက်လွန်းလို့ပါ….

အိမ့်ချမ်းမြေ့ဆိုတာကို
ပိုင်ဆိုင်မှုတွေ၊ အခြေအနေတွေ၊ အသက်အရွယ်တွေ၊
နေရပ်ဒေသတွေ ပညာအရည်အချင်းတွေနဲ့ ဘောင်ခတ်မကြည့်ပဲ
ကလောင်အမည်နဲ့ စာတွေကိုပဲ မြင်နိုင်မယ့်တစ်နေ့
မျှော်လင့်ရင်း…
ခဏလေး ငြိမ်ငြိမ်လေး ထိုင်နေလိုက်ဦးမယ်ကွယ်…

အေးချမ်းလွန်းလို့ပါ…

LinkWithin

Related Posts Plugin for WordPress, Blogger...