မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 27, 2008

ညနေခင်း









နေခင်းနေရောင်အောက်မှာ ငှက်ပြာတို့ တေးသီနေသည်။ လမ်းမပေါ်က လွင့်ထွက်လာသော ကားမီးခိုးငွေ့ကို ရှုရှိုက်ရင်း၊ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ချိုဆိမ့်တစ်ခွက်ကို သောက်နေသော သူငယ်ချင်းကို ကျေးဇူးတင်စကားဆိုမိသည်။

“ရပါတယ်ဟာ နင်ကလဲ၊ အချင်းချင်းတွေပဲ၊ အေးအေးဆေးဆေးမှ ပြန်ပေး၊ ငါ့မှာလဲ ဘောဒ်အပိုရှိနေတာပဲ၊ နင်လိုချင်ရင် ကင်းဗတ်လဲ ငါလာပို့ပေးမယ်”

ရင်ဘတ်အိတ်ထဲက လက်သုတ်ပုဝါ အပြာကို ဆွဲထုတ်ပြီး အဆီပြန်နေသော မျက်နှာကို လက်သုတ်ပုဝါနှင့် သုတ်ရင်း သူက ဆိုသည်။

“ကင်းဗတ်တွေတော့ ရှိပါတယ်၊ အခုဟာက ငါက အကျီ င်္်စတွေပေါ်မှာ ဒီဇိုင်းဖော်ကြည့်ချင်တာ”

ကော်ဖီနှင့် မုန့်အချို့တင်ထားသော ခနော်ခနဲ့ စားပွဲညိုပေါ်သို့၊ ကြွေကျလာသော သက်ရွက်ကို အသာဖယ်လိုက်ရင်း ပြောလိုက်သည်။

ညနေစောင်းမို့ ဆိုင်က လူကျနေသည်။ စကားပြောသံ၊ ရယ်မောသံ၊ သီချင်းသံတွေနဲ့ အတူ ပတ်ဝန်းကျင်က အသက်ဝင်လှုပ်ရှားနေသည်။ ပုဏရိတ်ပင်တို့ခြားထားသော လက်ဖက်ရည်ဆိုင် အပြင်ဘက်က လမ်းပေါ်မှာ ရုံးမှ ပြန်လာသောလူများ၊ ညနေခင်းလမ်းလျောက်ထွက်သူများ၊ စက်ဘီးစီးနေသော ကလေးများနှင့်လဲ စည်ကားနေသည်။

“ဒီမှာလေ ငါ လက်ဆောင်ရလာတဲ့ ၀ါချောရဲ့ အ၀တ်တွေပေါ်မှာ ပန်းချီဆွဲနည်းစာအုပ်”

သူငယ်ချင်းရဲ့ မျက်လုံးတွေက ၀င်းလက်သွားသည်။

“အား ကောင်းလိုက်တာ ကြည့်ရအောင်၊ ဟား ဒီဟာလေးကြည့်စမ်း၊ ဒီဇိုင်းက တော်တော်သေသပ်တယ်”

သူငယ်ချင်းလက်ထောက်ပြသော ပုံလေးကို ခါးနဲနဲကိုင်းပြီး လှမ်းကြည့်လိုက်သည်။

ညနေခင်းလေတွေက ပိုမိုတိုက်ခတ်လာသည်။

သူငယ်ချင်းစိတ်ပါဝင်စားစွာပြနေသော ပုံတွေကို လက်ဘက်ရည်သောက်ရင်း ကြည့်နေရင်း ခပ်လှမ်းလှမ်းစားပွဲက ကျယ်ကျယ်လောင်လောင် အဆက်မပြတ်ချောင်းသီးသံကြောင့် အသံလာရာသို့ ဖျတ်ကနဲ့ မော့ကြည့်လိုက်မိသည်။

“ဟင်.. မောင်”

ပြုံးပြလိုက်ရင်း ဒီမှာလာထိုင်ပါလားလို့ လက်ယပ်ပြီး ခေါ်မလို့ အားပြုစဉ် လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်၊ ပုဆိုးကိုကမန်းကတန်းဝတ်၊ ခပ်နွမ်းနွမ်းပိုက်ဆံတစ်ချပ်ကို စားပွဲပေါ်သို့ပစ်တင်လျှက် လမ်းမပေါ်သို့ မောင် ရုတ်တရက်ထွက်ခွာသွားတော့သည်။

သူငယ်ချင်းကတော့ ဘာမှ ရိပ်မိလိုက်ပုံမပေါ်။ သူ့ဝါသနာအတိုင်း စာအုပ်ကို သဲကြီးမဲကြီး လှန်လှောဖတ်ရှုနေသည်။

“နင် အဲဒီစာအုပ်ယူချင်ယူထားလေ၊ ငါ့ကိုနောက်မှပြန်ပေး၊ ငါ အိမ်ပြန်လိုက်ဦးမယ်ဟာ”

“ဟင်.. ချက်ချင်းကြီး၊ အေးအေး နင့်မောင် စောင့်နေဦးမယ်၊ သွားသွား.. အော်ဒါနဲ့ နင်လေးရင် ဘောဒ်ကို ငါအိမ်ထိ လိုက်သယ်ပေးမယ်”

“နေပါစေဟာ ရတယ်၊ ငါသွားမယ်နော်”

ဘော့ဒ်ကို သယ်ပြီး လျောကျလာတဲ့ ဟောင်းနွမ်းတာကြာလို့ ပွန်းနေပြီဖြစ်တဲ့ စလင်းဘက်ကြိုးကို ပုခုံးပေါ်သို့ တင်လိုက်ပြီး လမ်းမကျယ်အတိုင်း အိမ်ဘက်သို့ ခပ်သွက်သွက်လျောက်လာသည်။ လမ်းမတလျောက် စက်ဘီးများကို ရှောင်ရင်း လမ်းကွေ့ကုန်းမို့လေးသို့အတက်၊ လမ်းဘေးက ညောင်ပင်အောက်မှာ သုန်မှုန်ပြီး ရပ်နေသော မောင့်ကို လှမ်းတွေ့လိုက်ရသည်။

မောင့်ရှေ့မှာ မတ်တပ်ရပ်ရင်း မျက်နှာကိုမော့ကြည့်လိုက်သည်။

မောင့်ဆံပင်တွေ ညနေခင်းလေအောက်မှာ လွန့်လူးနေသည်။

“ဘာဖြစ်ပြန်ပြီလဲ”

“ဘာဖြစ်ရမှာလဲ။ မင်းကို ဒီကောင်နဲ့ မပတ်သက်ပါနဲ့လို့ပြောထားတာ”

“မောင်.. မအော်နဲ့နော်” အသံကို ကြိတ်ပြီး ခပ်တင်းတင်းပြောလိုက်မိသည်။

“မအော်ဘူး၊ လုံးဝ အော်မနေဘူး”

“အေး အခုအော်နေတာမဟုတ်လို့ဘာလဲကွ၊ လူကိုလဲ မင်းလို့မပြောနဲ့၊ မင်းထက်ကြီးတယ်”

“ပြောမယ်၊ မင်း ဒီကောင်ဆီက ဘောဒ်သွားယူတယ်မဟုတ်လား၊ မောင် မ၀ယ်ပေးနိုင်ဘူးထင်လို့လား”

“တော်ပြီမောင်.. အပိုတွေမပြောနဲ့၊ လာ အိမ်ပြန်မယ်”

တစ်လမ်းလုံး တပျစ်တောက်တောက် အခြေအတင်တွေပြောလာကြသည်။ ပတ်ဝန်းကျင်က လူတွေက ကွက်ကြည့်ကွက်ကြည့်။

“ဘောဒ်ကြီးလေးလွန်းလို့ ကူသယ်ပေးစမ်းပါ”

“မသယ်ပေးဘူး၊ ကိုယ့်ဘာသာသယ်”

တင်းမာနေသော မောင့်စကားသံအဆုံးမှာ ဒေါသစိတ်၊ မောင်ရက်စက်တယ်ဆိုတဲ့ စိတ်နှင့် မျက်ရည်တွေ ၀ိုင်းနေမိသည်။

အိမ်ရှေ့ရောက်တော့ သွပ်မိုးပြင်ထောင်အိမ်လေးက ယိုင်နဲ့နဲ့၊။ သရက်ကိုင်းတွေက သွပ်မိုးပေါ်ကို ကျနေသည်။

“မောင်.. ဒီတံတားလဲ ပြင်ဦး၊ ဟိုလူတွေနဲ့ စနေ၊တနင်္ဂနွေတွေမှာ ကျားပဲ ကစားမနေနဲ့”

အိမ်ရှေ့ရေမြောင်းကို ခွဆောက်ထားသော တံတားလေးကို သတိထားဖြတ်ရင်း ပြောလိုက်သည်။

“မင်း ကို ဒီကောင်နဲ့ မတွဲပါနဲ့လို့ပြောထားတယ်”

“မောင် ဘာစကားပြောတာလဲ၊ ဒီလို စွတ်စွတ်စွဲစွဲ အသုံးအနှုန်းတွေ တွဲတယ်တွဲတယ်နဲ့ မပြောပါနဲ့ မကြိုက်ဘူးလို့ ဘယ်နစ်ခါပြောရမလဲ၊ ပန်းချီဆွဲဖို့ ဒီဘောဒ်လေးယူတာဘာဖြစ်လဲ၊ နောက် သူက ကျမ သူငယ်ချင်း၊ မောင် ရုံးအားရက်တွေ ကျားပဲ ကစားနေတာ ကျမ ဘာပြောလဲ၊ ဟင်.. ကျမ ဘာချုပ်ချယ်လဲ၊ ကျားမကစားနဲ့ ဒီလူတွေနဲ့ မပတ်သက်နဲ့ ဘယ်နှစ်ခါပြောလဲ၊ ကျမကိုလဲ ဘယ်တော့မှ မချုပ်ချယ်ပါနဲ့၊ ဖောက်ပြန်နေတာမဟုတ်ဘူး၊ အနုပညာကို မြတ်နိုးလို့”

“ချုပ်ချယ်ပါ၊ မောင် ကျားကစားနေတုန်း ၀င်လာပြီး ပွဲဖျက်လေ”

“အို.. ကျမ အဲလို မိန်းမရိုင်းမဟုတ်ဘူး”

“လုပ်ပါ.. လုပ်ပါလား၊ မင်း ပန်းချီဆွဲတာ ဘယ်တုန်းကမှ မပိတ်ပင်ခဲ့ဘူး၊ မင်းပန်းချီတွေကိုလဲ မောင်မြတ်နိုးတန်ဖိုးထားတယ်၊ အခုဟာက မောင်မကြိုက်တာကို လုပ်နေတာ၊ စာအုပ်တစ်အုပ်ကို ခေါင်းချင်းဆိုင်ကြည့်နေလိုက်တာများ၊ မောင် ကော်ဖီတောင် သီးတယ်။ ဘာလဲ.. မင်းသူ့ကို ကြိုက်နေလား”

“အား.. ”

စိတ်တိုတိုနှင့် သူ့လက်ထဲက လွယ်အိတ်ကို ဆောင့်ဆွဲယူပြီး အ၀င်ဝလှေကားပေါ်သို့ ပစ်ချပစ်လိုက်သည်။

“ဟင်”

ဆေးပေါ့လိပ်၊ မီးချစ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်၊ ခပ်နွမ်းနွမ်းပိုက်ဆံအိတ်သေးသေးလေးနှင့် ပိုစ်စကဒ်တစ်ခု ကစင့်ကလျား ထွက်ကျလာသည်။

ပိုစ်စကဒ်ကို ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

လက်တွေ တဆတ်ဆတ်တုန်လာသည်၊ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့ကို မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် မော့ကြည့်လိုက်မိသည်။

“မ”

“တော်ပြီ။ မင်း ဘာမှ ငါ့ကိုလာမပြောနဲ့”

“မ… မဟုတ်ဘူး”

“ဘာလဲ လက်ဆုပ်လက်ကိုင်တွေ့နေတာတောင် ငြင်းချင်သေးတယ်”

“အာ…….. စိတ်ညစ်တယ်ဟေ့”

အိမ်ရှေ့ တံခါးကိုဖွင့်ပြီး သူ အထဲကို ၀င်သွားသည်။

“လာ.. ဒါတွေလာကောက်.. ကျမ မကောက်ဖူးနော်”

“ရှင်.. အလကားလူ၊ ကျွန်မကိုလဲ ယူထားသေးတယ်၊ ရည်းစားဟောင်း နဲ့ ပြန်ဆက်သွယ်နေတယ်”

“မဆိုင်ပါဘူးဗျာ၊ သူ့ဟာသူ ပို့တာပါ၊ ကျွန်တော် ဘာမှ မသိဘူး၊ ပြဿနာက မျှားဦးဒီဘက်လှည့်လာပြီ။ သိပ်လည်တယ်ဟေ့”

ကျဲပြန့်နေသော ပစ္စည်းများကို လိုက်ကောက်ရင်း စိတ်ပျက်စွာ သူငြီးညူနေသည်။

“ဘာမှ မလည်ဘူး။ ရှင့်လက်ထဲ ဒီပို့စကတ်က ဘာလို့ရောက်နေတာလဲ”

“မသိဘူးဗျာ.. သူငယ်ချင်းကတဆင့်ရောက်လာတာ”

“ရှင်.ဟာ ကျွန်မကိုကျတော့ ချုပ်ချယ်တယ်၊ ရှင်ကျတော့ ဖြစ်ချင်တိုင်းဖြစ်နေတယ်”

“ရှင်ဟာ…………….. ”

“ရှင်ဟာ………………”

ထိုင်ခုံမှာ ထိုင်ချရင်း တပျစ်တောက်တောက်ပြောနေမိသည်။

သူ ကြမ်းပြင်ပေါ်မှာ လာထိုင်ပြီး ပေါင်ပေါ်ကို ခေါင်းတင်လျက် ငြိမ်သက်နေသည်။

“ကျေနပ်တဲ့ အထိပြောပါနော်”

“ကြိုက်တာပြောပါနော်”

♥♥♥♥♥

နေ၀င်သွားပြီ။
မိုးချုပ်လာပြီမို့ ပုရစ်အော်သံတို့ကြားနေရသည်။ သရက်ကိုင်းလေတိုးသံနှင့်အတူ၊ ခနော်ခနဲ့ ပျဉ်ထောင်အိမ်လေး၏ အိမ်အတွင်းခန်းမှ မှိန်ပြပြ ဖယောင်းတိုင်မီးရောင်၊ တပျစ်တောက်တောက် ပြောနေသော မိန်းမတစ်ဦး၏ ခပ်တိုးတိုးစကားသံနှင့် တစ်ချက်တစ်ချက်ဟောက်သံတစ်သံက ရေနီမြောင်းကိုဖြတ်လျှက် ချိုင့်ခွက်ပေါများသော လမ်းမပေါ်သို့ ဖိတ်စင်ကျနေပါတော့သည်။

Comments from www.ainchannmyay.com

1. ကောင်းလိုက်တာ မလေးရေ.. မှန်လဲ မှန်တယ် မလိုအပ်ဘဲ အလွန်အမင်း သ၀န်တိုပြ နေသူ အများစုဟာ သူတို့ ကိုယ်တိုင်က မဟုတ်တာ လုပ်ထားလို့ သူများကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး သူတို့ကို ပြန် ထောက်မှာ ကြောက်လို့ ကြိုကာတဲ့ အနေနဲ့ သူများကို သ၀န်တို ချုပ်ချယ် နေကြတာ .. ဒီလိုမျိုးကို မိန်းမဖြစ်စေ ယောက်ျားက ဖြစ်စေ လုပ်လေ့ ရှိကြတယ်..
Comment by ခွန်မြလှိုင် — June 27, 2008 @ 3:56 am |

2. ပန်းချီလေးတွေ လှလိုက်တာဗျာ. မအိမ့်က တော်တော်အနုပညာဆန်တာပဲနော်.
ဝတ္ထုလေးကလည်း အရေးအသားပြေပြစ်တယ်. ဖတ်လို့ကောင်းတယ်. ဇာတ်လမ်းလေးလည်း လှတယ်.
ပြဿနာတွေရဲ့ အရင်းဇစ်မြစ်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေတာ၊ တစ်ယောက်အထင်လွဲမှာကို တစ်ယောက်က အစိုးရိမ်လွန်နေတာပါပဲ.
သိပ်ပြီးတော့ စဉ်းစားဥာဏ်ကင်းမဲ့လောက်အောင် သ၀န်တိုတတ်တာတော့ မကောင်းဘူးပေါ့လေ.
ကျွန်တော် လေရှည်သွားပြီ. ဆောရီး. စိတ်ထဲမှာ ဖြစ်လာတာမို့ ၀င်ပြောကြည့်တာ. သိလို့တော့ မဟုတ်ပါဘူး.
အားပေးနေမယ်. အစ်မရေ…
ပျော်ရွှင် အဆင်ပြေပါစေ…
L.Z.T
Comment by လင်းဇေသူ — June 27, 2008 @ 7:22 pm |

3. ဇတ်ရှန်ကကောင်းနေတုန်း ပြီးသွားတယ် “မ” က ဘယ်လိုဆုံးဖြတ်မှာပါလိမ့်  ။ စာအဖွဲ့ နွဲ့ တွေအရမ်းကောင်းတယ်ဗျာ ဇတ်ထဲမှာ မျောသွားတယ် ။
Comment by မောင်မျိုး — June 27, 2008 @ 7:41 pm |

4. အစ်မရေ..ဖတ်လို့ကောင်းတယ်။မလိုအပ်ရင်သ၀န်မတိုတာအကောင်းဆုံးပါပဲနော်။
Comment byီDream — June 27, 2008 @ 8:19 pm |

5. မလေးရေ … ဖတ်ပြီး ပြုံးမိတယ်… (တပျစ်တောက်တောက် ပြောနေသော မိန်းမတစ်ဦး၏ ခပ်တိုးတိုးစကားသံနှင့် တစ်ချက်တစ်ချက်ဟောက်သံတစ်သံ) တဲ့ … အစစ်ပဲ ။
ဒါကြောင့် လေးမ ဆို ပျစ်တောက် ပျစ်တောက် လုံးဝမလုပ်တော့ဘူး…။ ဂျောက်ဂျောက်ဂျောက်ပဲ လုပ်တယ်…။ မကျေနပ်တာရှိရင် စာရေးပြီး သိမ်းထားလိုက်တယ်…။
Comment by လေးမ — June 28, 2008 @ 12:32 am |

6. why u finish ur story like that?
Comment by meenge — June 28, 2008 @ 5:30 am |

7. မမအိမ့်ရေ… အစကနေအဆုံး အသက်မရှုဘဲ ဖတ်သွားမိတယ်။ ဖတ်လဲပြီးရော… ထူးထူးဆန်းဆန်း ၀မ်းနည်းနေတယ် အစ်မရယ်။ အစ်မရေးတာ သိပ်ကောင်းတာပဲလို့ ပြောစရာတောင် လိုမယ် မထင်တော့ပါဘူးး)
Comment by ရွှေပြည်သူ — June 29, 2008 @ 2:14 am |

8. မလေး…
မလေး… ရင်ခတ်သံလေးတွေက စီးမျောနေဆဲ… မလေးရဲ့ ညနေခင်းတစ်ခုကို မိုးအေးအေးညနေလေးမှာ လာဖတ်သွားတယ်။ ညီမလေးလည်း တဖြည်းဖြည်းနဲ့ မလေးရဲ့ ဇာတ်ကောင်တွေကို အကျွမ်းဝင် နားလည်လာပြီ။ အသက်ကြီးလာပြီထင်ပါရဲ့။ လူတွေအကြောင်းကို တွေးတတ်ပြီ။ ၀င် ခံစားနေတတ်ခဲ့ပြီ။ ကွန်မန့်ကို ဒီနေ့မှ ဖတ်ရတယ်။ ဘ၀တူ ညီအစ်မတွေပေါ့နော်။
မလေးရဲ့စာတွေကို နှစ်ခြိုက်လျက်
ညီမလေး
Comment by ayechanthu — June 29, 2008 @ 4:31 am

9. ဘာတွေ ပဲဖြစ်ဖြစ် ပါ … မောင် အရမ်းချစ်တယ် ..
Comment by မောင် — July 1, 2008 @ 3:22 am |

10. အမရေ ဖတ်လို့ကောင်းတယ် ကျွန်တော်လဲ အဲ့လို သ၀န်တိုပြီး အလကားနေ သံသယ ပွားတဲ့လူတွေဆို မုန်းတယ်..။
Comment by မင်းယွန်းသစ် — July 13, 2008 @ 12:28 am |

11. ဖြစ်တတ်တဲ့ သရုပ်မှန်လေးတွေ ဗျ Good !
Comment by စိုးထက် - Soe Htet ! — July 31, 2008 @ 12:53 am |


Friday, June 20, 2008

တိမ်တိုက်ပြာ

ပိန်းပိတ်အောင်မှောင်တဲ့ အနက်ရောင်ကောင်းကင်ကြီးကို
အသည်းတအေးအေး ရင်တဖိုဖိုနဲ့ ကိုယ်… ငုံ့ကြည့်လိုက်တယ်…..။

ကောင်းကင်မှောင်ကြီးထဲမှာ
မရဲတရဲလင်းတဲ့ကြယ်အိမ်တွေကို
နဂါးငွေ့မျှင်တန်းတွေကရုံ
သိမ်သိမ်မွေ့မွေ့လေး ခြုံလို့ထားကြတယ်…။

ပန်းနုလရောင် ပင့်ထိုးတော့
ဗေဒါအိုးက တလူးတလွန့်နဲ့
ရှက်ပြုံးလေးပြုံးကာ ကိုယ့်ခြေရင်းမှာ နားခိုတယ်…။

ညလေရိုင်းအောက်မှာ ဆံနွယ်တွေ အထွေးလိုက်
တိမ်တိုက်တစ်ခုထဲ ပြုတ်ကျသွားခဲ့တယ်…။

သိုင်းဖက်ထားတဲ့ ကျောက်သားတွေ၊ ပင်လယ်ပြာနဲ့
အုန်းပင်တန်း
ရဲ့ ရင်ခွင်ထဲက လူးလဲထလို့ …
ဆံနွယ်ခွေနောက်
တကောက်ကောက်လိုက်ဖို့ ပြင်မိတယ်…။

ဗေဒါနွယ်တွေက ခြေကိုရစ်ပတ်
မသွားဖို့တားမြစ်တယ်…
ပင်လယ်ကတော့
ချုန်းပွဲချငို မျက်ရည်စိုပြတယ်…
ကျောက်ခဲတွေက တင်းတင်းဖက်ထား
ရင်ခွဲမလို့လားလို့မေးတယ်…။

မျက်စိစုံမှိတ် ရွှေရင်ထိတ်ပါလို့
ဆံနွယ်ခွေနောက် ကောက်ကောက်ရယ်ပါ
တိမ်တိုက်ပြာထဲ ခုန်ချလိုက်တယ်…။

ဆံနွယ်ခွေရင်မှာပိုက်လို့
ဟိုးအောက်ကောင်းကင်မှ ပင်လယ်ကိုမော့ကြည့်…
လက်ညှိုးလေးနဲ့ ထိကြည့်လိုက်တယ်…

ပင်လယ်က ရှက်ပြုံးလေးပြုံးတယ်…
ဗေဒါက ရေထဲပုန်းတယ်…
ဒီလိုနဲ့…
ဒီလိုနဲ့…
တိမ်တိုက်ပြာထဲ..
ကိုယ်…
စုန်းစုန်းမြှုပ်သွားပါတော့တယ်…

Sunday, June 15, 2008

မိုးသည်းထဲမှာ….

ငိုနေမယ်..
မိုးသည်းထဲမှာကွယ်…


Saturday, June 14, 2008

မျက်ဝန်းညိုမ

မတ်လထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ ကျွန်မရဲ့ ၀တ္ထုတိုလေးကို ပြန်လည်ဖော်ပြထားတာပါရှင်..။




ညက ပိုမိုတိတ်ဆိတ်လာသည်။ ဆိုင်တွင်းမှာလဲ လူရှင်းစ ပြုလာသည်။ ငွေသိမ်းကောင်တာမှ အရောင်းစာရေးမလေးများက အိမ်ပြန်ရင် ပြင်စပြုနေပြီ။ သူမရှိနေသည့် ဆိုင်၏နောက်ဆုံးတန်းမှာတော့ လူရှင်းနေသည်။ သူမ ပတ်ဝန်းကျင်ကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ဆံပင်ဆာမူရိုင်းနှင့် ကျောပိုးအိတ်လွယ်ထားသော ကောင်မလေးကို သူမ မျက်စောင်းထိုးကြည့်နေမိသည်။

“ကြည့်တော့သာ လူကောင်က သေးသေးလေး ဟွန်း ငါ့ကို ပုခုံးချင်းယှဉ်ချင်သေးတယ်”
စိတ်ထဲမှ မကျေမနပ်နှင့် ကြိတ်ပြီး ရည်ရွတ်လိုက်မိသည်။
ကောင်မလေးကတော့ မျက်လုံးညိုကြီးများရွဲလျှက် လက်မှ နာရီကို ငုံ့ကြည့်နေသည်။
သူမရောက်ပြီး သိပ်မကြာခင်မှာ မျက်ဝန်းညိုမလဲ ဒီဆိုင်ကိုရောက်ရှိလာသည်။
မျက်ဝန်းညိုမ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဆိုင်ထဲမှာ ထင်တိုင်းကြဲနေသော သူမ၏ သြဇာက ကျလာသည်။ သူမသည် ရုပ်ရည်ချောမောလှပသည်၊ ချမ်းသာသည်၊ ၀ါကြီးသည်၊ ငွေရှိသည်၊ အဆက်အသွယ်ကောင်းသည်။ မွေးစားမိဘတွေကလဲ လူဂုဏ်ထံ အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသည့်အတွက် သူမထံမှာ အလှမွေး တိရစ္ဆာန်တွေဆိုတာ အမျိုးလေးဆယ်ခန့်ရှိသည်။ ခွေး၊ကြောင်၊မြင်း မပြောနှင့် သူမထံမှာ အလှမွေး ခြင်္သေ့တစ်ကောင်တောင် ရှိလိုက်သေးသည်။ သူမထံမှာ ကားတွေကလဲ အမျိုးမျိုး၊ ဂျစ်ကားတစ်မျိုး အမိုးပွင့်ကားတစ်ဖုံ မရိုးနိုင်အောင် ပိုင်ဆိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေ။ ဒီဆိုင်ကလဲ သူမမွေးစားမိဘတွေ ပိုင်သည့်ဆိုင်။ အရင်ကဆို သူမထင်တိုင်းကြဲနေကျ။ အခုတော့…။
ဟင်း.. ။ သူမသက်ပြင်းချမိသည်။

မျက်နှာချင်းဆိုင်က ကိုယ်လုံးပေါ်မှန်ထဲမှာ သူမကိုယ်သူမ ပြန်မြင်နေရသည်။ မို့မောက်တဲ့ ရင်အုံ၊ သေးသွယ်သောခါး၊ ပြေလျောကျသွားတဲ့ တင်ပါးနှင့် လှချင်တိုင်းလှနေသောသူမ။ ရှည်လျားကော့ပြန်နေတဲ့ မျက်တောင်ရှည်များနှင့် ၀န်းရံထားသည့် မျက်လုံးများကလဲ လှပနက်ရှိုင်းလွန်းနေသည်။ ရွှေအိုရောင်ဆံပင်ပျော့ပျော့လေးတွေ ၀ဲပျံနေတာက တမျိုးချစ်စရာ။ နှုတ်ခမ်းတွေကလဲ မွေးရာပါ စိုရဲဖူးမွတ်နေသည်။ မိန်းကလေး အချင်းချင်းတောင် သူမကိုမြင်လျှင် အိမ်ခေါ်ချင်စရာဟု သူငယ်ချင်းများက ပုခုံးချင်းတိုက် စဖူးသေးသည်။

သူမရဲ့ အရပ်က ငါးပေနဲ့ ကိုးလက်မ၊ ပေါင်ချိန် ၁၁၀ ဆိုတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပေါ့။ ရင် ၃၆၊ ခါး ၁၈၊ တင် ၃၃။ သူမကို ဆရာဝန်ကတော့ သိပ်ပိန်လွန်းနေသည်ဟု ပြောပေမယ့် မကြားချင်ဟန်ဆောင်နေလိုက်သည်။ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အဆီပြင်ထက် ၁ရ ရာခိုင်နှုန်းလျော့နေတယ်ဟု သူမ ဆရာဝန်က လျာရှည်တော်မူလိုက်သေးသည်။ သူမ ဆံပင်ကို ခါပြီး ခေါင်းမော့ထားလိုက်သည်။ ဒီပုံတိုင်းဆိုရင်တော့ ဒီဆရာဝန် အိမ်ကို မလာစေရတော့ဘူးဟု စိတ်ထဲက တေးမှတ်ထားလိုက်သည်။

သူမနဲ့ နီးစပ်နေတဲ့ ပတ်ဝန်းကျင်က မိန်းမတော်တော်များများကလဲ သူမလိုအသားအရည်၊ ကိုယ်လုံးကိုယ်ထည်၊ မျက်နှာအနေအထား၊ ဆံပင်ပုံဆံ တုချင်လွန်းလို့ ကိုယ်လုံးလှအောင်လုပ်၊ အသားအရည်ကိုပြုပြင်၊ အို အမျိုးမျိုးပါပဲ။ နောက်ဆုံး သူမလို ခါးသေးရင်ချီ ကိုယ်လုံးမျိုး လိုချင်လွန်းလို့ ခွဲစိတ်ကုသခံကြသည်တဲ့။ သူမကိုင်တွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် နောက်ဆုံပေါ် လက်ကိုင်အိတ်၊ ဖိနပ်၊ အ၀တ်အစား စသဖြင့်ကိုလဲ လိုက်တုပြီး ၀တ်ကြသည်တဲ့။ ဒီသတင်းတွေ ကြားရတော့ ဆံပင်လေးတွေ လှုပ်ခါအောင် သူမ ရယ်မောလိုက်မိသေးသည်။

“ကြိုးစားလိုက်ကြဦး အမိတို့။ တို့ကိုတော့ ဘယ်သူမှ မမှီစေရဘူး”
စိတ်ထဲမှ ကြုံးဝါးပစ်လိုက်သည်။

အခုတော့လဲကြည့်ကြစမ်းပါဦး။ ဘာမဟုတ်တဲ့ ငချွတ်မလေး ဆိုင်ထဲရောက်လာသည်။ သူမ မိဘတွေကလဲ ဘာစိတ်ကူးနှင့် ဒီကောင်မလေးကို ဆိုင်ထဲ ဆွဲသွင်းခဲ့ပါလိမ့်။ ကောင်မလေးက သနားကမားလေးပါ။ သို့ပေမယ့် ကိုယ့်နေရာကိုယ်သိပုံ မပေါ်။ ဆံပင်ကလဲ အိုးမုတ်ခွက်လိုလိုဘာလိုလို၊ ရှုချင်စရာလုံးဝမရှိ။ ဥစ္စာပစ္စည်းလဲ မယ်မယ်ရရ ရှိပုံမပေါ်။ တစ်ခါကတော့ ဘာစိတ်ကူး ပေါက်သည်မသိ ဆိုင်ထဲကို သူ့ရဲ့ အလှမွေးမျောက်ညိုတစ်ကောင် ခေါ်လာပြီး ကစားနေသေးသည်။ မျှော်လင့်မထားပဲ ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုးမျောက်ကို တွေ့လိုက်ရတော့ လန့်ပြီး တက်ခမန်းချက်ခမန်း သူမ အော်လိုက်မိသည်။ ပတ်ဝန်းကျင်အားလုံးက သူမကို ၀ိုင်းပြီးပြုစုပေးကြသည်။

“သွားသွား.. ဒီမျောက်ကို မမြင်ချင်ဘူး။ ဆိုင်ထဲကထုတ်ပစ်လိုက်ကြစမ်း”

သူမ ပလုံးပထွေး ပြောမိသည်။ သူမပြောတာကို မကြားကြလို့လားမသိ။ မျောက်ညိုကို နောက်နေ့တွေမှာ ဆက်တွေ့နေရသည်။ ဘာမှတော့ ဒုက္ခမပေး။ သူ့ဟာသူ ထိုင်နေသည်။ သူမလဲ ရိုးသွား၍ ဘာမှ ဆက်မပြောဖြစ်တော့။

နောက်ပိုင်းကြာလာတော့ လူတော်တော်များများက မျက်ဝန်းညိုမကို ပြဿနာများကို ဖြေရှင်းနိုင်တဲ့သူ၊ ပေါ့ပါးသွက်လက်သူ၊ ဖြတ်ထိုးဥာဏ်ရှိသူဟု သတ်မှတ်လာကြသည်။ မျက်ဝန်းညိုမကလဲ တော်ပါတယ်ဆိုမှ မန်းတပ်တိုင် တက်ပြနေသေးတော့သည်။ သူများတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စနစ်တကျနဲ့ တစ်ခုခြင်းဆီ တဆင့်ခြင်းစီ ဖြေရှင်းပြသည်။ နောက်ပြီး သူ မဖြေရှင်းနိုင်တဲ့ ပြဿနာများကိုလဲ မဖြေရှင်းနိုင်ကြောင်း ပွင့်လင်းစွာပြောပြီး အကူအညီပေးနိုင်သည့်သူများထံမှ အမြဲ အကြံဥာဏ်တောင်းခံတတ်သေးသည်။ သူမခေါင်းထဲမှာ ဘာတဲ့ သူတို့တွေပြောပြောနေတဲ့ အယ်နာလီတစ်ကယ်လ် လားဘာလား ဒါပဲတွေးနေလားမသိ။ သူမကတော့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်မည်၊ နောက်ဆုံးပေါ် အသုံးအဆောင်တွေ ကိုယ်ပေါ်တင်မည်၊ ဖိနပ်လှလှလေးတွေ ၀တ်မည်။ အမိုးပွင့်ကားပေါ် သူငယ်ချင်းတွေကိုတင်ပြီး လျောက်လည်မည်။ ခါးကို မသေးသေးအောင်၊ ကိုယ်လုံးလှအောင် လေ့ကျင့်ခန်း သင်တန်းတွေ တက်မည်။

သူမ ဘယ်လောက်ကြာကြာတွေးနေမိလဲမသိ။ သူမအနားကို မိသားစုတစ်စု ရောက်လာတော့ မှ အတွေးတွေ ရပ်တန့်သွားသည်။ ကြည့်ရတာ အဖေရယ်၊ အမေရယ်၊ သမီးလေးရယ် ဆိုင်မပိတ်ခင် အချိန်မှီ သမီးမိန်းကလေးလိုချင်သော အရုပ်တစ်ခုခုကို လာဝယ်ပေးပုံရသည်။

“ဖေဖေ သမီး ဒီအရုပ်လေး လိုချင်တယ်”
ကလေးမလေးက အသံစာစာလေးနဲ့ ပြောလိုက်သည်။
“ဘာဘီဒေါလ် လားသမီး၊ မယူရဘူး” အဖေဖြစ်သူက လှမ်းပြောလိုက်သည်။
“ဟွန်း ရဘူး.. လိုချင်တယ်။ ဘာလို့မရတာလဲ”
“တစ်ခြားကောင်းတာ ရှာပေးမယ်နော်” အမေ ဖြစ်သူကလဲ အဖေနဲ့ တလေသံတည်း။
“ကလေးကို တခြား အရုပ်ဝယ်ပေး ခင်လေးရေ့.. ဘာဘီတော့ မ၀ယ်ပေးနဲ့”
“အင်း.. မောင် ၀ယ်ပေးပါဆိုရင်တောင် ၀ယ်မပေးပါဘူး။ တော်ကြာ သမီးလေး သူ့လိုတင်တွေရင်တွေရှိမှ၊ ရွဲနေတဲ့ မျက်လုံးရှိမှ၊ ရွှေရောင်ဆံပင်ရှိမှ မိန်းမစစ်တယ်လို့ ထင်နေပြီး လိုက်လုပ်နေဦးမယ်”
“ပြောသာပြောတာ။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်ပေါင်း ၁၅၀ကျော်မှာ တစက္ကန့်မှာ ဘာဘီ သုံးရုပ်ရောင်းရတယ်ကြားတယ်နော်”
“အင်း.. ကလေးတွေတော့ မလွယ်ဘူး။ ဒီကြားထဲအမေတွေကိုယ်တိုင် ၀ယ်ပြီးသိမ်းထား တာတွေလဲပါတယ်လို့ ပြောကြတယ် မောင်ရဲ့။ အသက်လေးဆယ်ကျော်တွေအများစုက ဒီအရုပ်တွေကို ၀ယ်သိမ်းတယ်ပြောတယ်။ သူတို့ငယ်ငယ်က ပေါ်ခဲ့တဲ့ အရုပ်ကိုး”
“သမီးလေးကို ဒိုရာရုပ်လေး ၀ယ်ပေးရင်မကောင်းဘူးလား ခင်လေး”
“အင်း.. ကြိုက်တယ်။ သူက ဥာဏ်သုံးပြီးလဲ ကစားရတဲ့ ဟာတွေပါတယ်။ ကလေးရဲ့ ဥာဏ်ရည်သွေးကို လှုံဆော်ပေးရာလဲရောက်မယ်။ နောက်ဆုံးပေါ် အသုံးအဆောင်တွေဝတ်ပြီး ကားစီးပြီး ရှော့ပင်ပဲထွက်နေတာမဟုတ်ဘူး။ ကလေးက သိပ်လဲ ငယ်သေးတော့ ဒိုရာရုပ်ပဲ ကောင်းတယ် .. မောင်”
“ရော့.. သမီးလေး ဒိုရာယူနော်”

သားအမိသားအဖ သုံးယောက် ဆိုင်တန်းထဲမှ ထွက်ခွာသွားကြသည်။ ဆိုင်တန်းတစ်တန်းလုံး တိတ်ဆိတ်သွားသည်။ ကလေးမလေးက ဒိုရာရုပ်ကို ချီပိုးထားသည်။ သူမ ဒိုရာရုပ်ကို ငေးကြည့်နေမိသည်။ မျက်ဝန်းညိုမကလဲ သူမကို ပြန်လည်ငေးကြည့်နေရင်း တရွေ့ရွေ့ ဝေးသွားပါတော့သည်။



Sunday, June 08, 2008

နွေမိုက်




moon2.png

♥●••.. မောင်….••●♥
သစ်ရွက်ခြောက်ကြွေသံတွေကြားမှာ
ငွေလရယ်က ခပ်တိုးတိုးသာ…
မေ့ပါးမှာ ဆံနွယ်ပွတ်တိုက်
တိမ်းခိုက်လေပြေ ပန်းငိုက်ကာကြွေ
မေ….
လွမ်းလှိုက်လို့နေပါတယ်လေ…

Friday, June 06, 2008

ပုံသေနည်းတစ်ခု

ကျွန်မဘလော့ဂ်လေးလဲ ခပ်မျှင်းမျှင်းလေးနဲ့ အသက်ဆက်နေတာ ကြာပါပြီ….
လူတွေသေကြေငတ်ပြတ်နေချိန်မှာ သိင်္ဂါရ ရသမြောက်တဲ့ အတွေးတွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတာလဲကြာပါပြီ…
ဘလော့ဂ်ပေါ်မှာလဲ ဘာမှတက်ရေးချင်စိတ်မရှိတော့ပါဘူး…
ဒီအတိုင်းဆက်ထားရင် ကျွန်မဘလော့ဂ် အသက်ဆက်တော့မယ်မထင်…

မစို့မပို့ဆန်လေးဆီလေး သူတို့တစ်လုပ်စာစားလိုက်ရတာ ကျွန်မတွက်ကတော့ ကုသိုလ်ရတယ်လို့ လုံးဝမခံစားရပါဘူး… လူတွေဒီလောက်ဒုက္ခရောက်နေလို့ တတ်နိုင်သမျှတော့ လှုနေတယ်ဆိုပြီး မိမိကိုယ်ကို ဖြေသိမ့်တဲ့ အတွေးမျိုးလောက်နဲ့တင် ကျွန်မတို့ ဘာမှလုပ်လို့မရပါဘူး။ တစ်ခါတစ်ရံမှာ အသက်ဆက်ရှင်နေရတာဟာ အဓိပါယ်မဲ့နေသလိုလဲ ခံစားမိပါတယ်…။

ဘလော့ဂ်ကို ဒီအတိုင်းပစ်ထားတော့လဲ လာလည်နေကြသောသူတွေကို အားနာမိတာတစ်ကြောင်း၊ ဘလော့ဂ်လဲ အသက်ထွက်တော့မှာတစ်ကြောင်းကြောင့် ဘလော့ဂ်ကို အသက်ဆက်တဲ့အနေနဲ့ မနေ့တစ်နေ့က ရိုက်လာတဲ့ ဓာတ်ပုံအချို့ကိုဝေငှလိုက်ပါတယ်ရှင်။



ရုံးအ၀င်ဝပါ..
ဧည့်ကြိုဆိုတဲ့ ရုံးဝန်ထမ်းဟာဆိုရင်.. စိတ်ကူးယဉ်ရုပ်ရှင်ပိတ်ကားတွေပေါ်ကလို ပိန်ပိန်ပါးပါး တပ်မက်ဖွယ်ရာ ဧည့်ကြိုမလေးတစ်ဦး မဟုတ်ပါ။ တစ်ကယ့်လုပ်ငန်းခွင်တွေမှာ တစ်ကယ်ရှိတဲ့ အရည်အချင်းထက် ရုပ်ရည်၊ အသက်၊ ကိုးကွယ်သည့်ဘာသာ စသည်ကို ဦးစားပေးခန့်အပ်ခြင်းနဲပါတယ်..။ ရုပ်ရည်၊ အသက်၊ ကိုးကွယ်သည့်ဘာသာ စတဲ့ ဦးထီးပြောတဲ့ “ပျိုတယ်.. အိုတယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေ” ကိုဖယ်ရှားပြီး လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့အရည်အချင်းကို ရှာယူနိုင်ခြင်းဟာ အဖွဲ့အစည်းတစ်ခု အနာဂတ်မှာ တိုးတက်နိုင်သော အချက်တွေပဲဖြစ်တယ်လို့ ယူဆကြပါတယ်…





ဒါကတော့ အ၀င်ဝမှာ အလှထားတဲ့ တိုတမ်ပိုးလ်ပဲဖြစ်ပါတယ်…။ လူနီအင်းဒီယန်းတွေရဲ့ အနုပညာတစ်စိတ်တစ်ပိုင်းပါ။ အရေးပါအရာရောက်ဆုံး သဏ္လာန်တွေက တိုင်ရဲ့ထိပ်ဆုံးမှာရှိပြီး အရေးမပါဆုံး သဏ္လာန်တွေကတော့ အောက်ဆုံးမှာရှိတယ်လို့ ဆိုကြပေမယ့် အရေးအကြီးဆုံး သဏ္လာန်တွေက အောက်ဆုံးမှာ ရှိတာပါလို့ ပြန်လည်ငြင်းခုန်ကြသူတွေလဲရှိတယ်။ လေ့လာသူအချို့ကတော့ အရေးပါတာကော အရေးမပါတဲ့ သဏ္လာန်တွေအားလုံး တိုင်ရဲ့ မည်သည့်နေရာမှာမဆိုရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်မအနေနဲ့ကတော့ သဏ္လာန်တွေအားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးတယ်လို့ထင်ပါတယ်။ ဘယ်သဏ္လာန်ဟာ ပိုသာတယ် ပိုမသာဘူးဆိုတာမရှိဘူး။ ဒီတိုတမ်ပိုးလ် တစ်ခုရဲ့ဖြစ်တည်မှုဟာ သဏ္လာန်တိုင်းနဲ့ သက်ဆိုင်နေတယ်လို့ထင်ပါတယ်..။ ဒီသဏ္လာန်တွေအားလုံး ပေါင်းစုမှုကြောင့် ဒီတိုတမ်ပိုးလ်ဟာ ဖြစ်တည်နေခြင်းဖြစ်ပါတယ်။

ဒါကတော့ ဓာတ်ခွဲခန်းထဲက အလုပ်လုပ်နေတဲ့ hematologist, microbiologist နဲ့ technologist အချို့ပါ.. ကျွန်မပြောသလိုပါပဲ.. သဏ္လာန်တွေအားလုံးဟာ သူ့နေရာနဲ့သူ အရေးကြီးတယ်လို့ထင်ပါတယ်။

ဒါကတော့ ကျွန်မတို့ရုံးမှာ အမြဲကြုံတွေ့နေရတဲ့ ရုပ်ရှင်အဖွဲ့သားတွေပါ..။

ဒါကတော့ အစည်းအဝေးခမ်းမ တစ်ခုကို သူတို့ယူသုံးထားတာပါ…။ စားပွဲအလယ်က အ၀ိုင်းကတော့ ကျွန်မကို သိပ်စိတ်ဝင်စားစေပါတယ်။




တွေ့ဖူးတဲ့ မင်းသား၊ မင်းသမီးတွေဟာ သူတို့ရဲ့ ကားတွေထဲမှာ ဒါမှမဟုတ် အဲလိုခုံလေးတွေမှာပဲ ထိုင်ကြတာများပါတယ်။ (နီကိုးကဒ်မင်းတို့ ဒဲမီမိုးတို့ကိုတော့ မမြင်ဖူးသေးပါဘူးရှင်) သူတို့နားနေဖို့ အလှပြင်ဖို့ အစည်းအဝေးခန်းမအချို့ကို ပေးရင်တောင် မယူကြပါဘူး။ အဲလိုပဲ မြေအောက်ကားရပ်တဲ့နေရာတို့၊ အဆောက်အဦးဘေးအဖီတို့မှာပဲ အဆင်ပြေသလိုနေကြပါတယ်…။






ဒါတွေကတော့ အဲဒီခုံမှာ ထိုင်တဲ့လူတွေပါပဲ.. အပြင်မှာ ဒီပုံတွေထဲကလောက်တော့ မချောပါဘူးရှင်..။ သူလိုကိုယ်လိုပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီရုပ်ရှင်ထဲမှာတောင် Bai Ling က လူဆိုးမပေါ့ရှင်..။ မေးရိုးကားကားနဲ့ ယောင်္ကျားနဲ့တောင် တူတယ်လို့ ကျွန်မထင်တဲ့ Romijn ကတော့ မင်းသားနဲ့ပေါင်းရလေသတည်းဖြစ်မယ့် မင်းသမီးပါပဲရှင်..။ မဆီမဆိုင် ငယ်ငယ်ကကြည့်ဖူးတဲ့ ခေတ်ဟောင်း မြန်မာရုပ်ရှင်တွေထဲက၊ ပါတီတက်ပြီး မူးနေတဲ့ ဗီလိန်အမျိုးသမီး အမျိုးသားတွေရဲ့ အမည်ဟာ ပုံသေနည်းဆန်လွန်းစွာ ဗစ်တာတို့ သယ်လ်မာတို့ စူစန်တို့ စတဲ့ အနောက်တိုင်းအမည်ပိုင်ရှင်တွေ ဖြစ်ကြတာကိုလဲ သတိရလိုက်မိပါတယ်ရှင်။ သဘာဝတရားကို မလွန်ဆိုင်နိုင်မှုတစ်ခုပါ၊ မိမိနဲ့အသွေးအရောင်၊ ယုံကြည်ချက်၊ မတူညီတာနဲ့ alienated လုပ်တတ်ကြသော လူသားတွေရဲ့ သဘာဝတစ်ခုကို လူသားဆန်စွာ သုံးသပ်လိုက်မိခြင်းပါပဲရှင်။

စာကြွင်း..
ကျွန်မ မဘေလင်းရဲ့ လုံလုံခြုံခြုံပုံကို အင်တာနက်တစ်ခုလုံးရှာပုံတော်ဖွင့်သော်လည်း မတွေ့လို့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ပုံကို တင်ထားပါတယ်။ မဘေလင်း အိနြေ္ဒရတဲ့ပုံက မရှိသလောက်ရှားပြီး တွေ့တော့လဲ ကူးလို့မရ၊ အကုန်လုံခြုံပြီး ကိုယ်ကျပ်ဝတ်ထားတော့လဲ သူ့ကိုယ်ခန္ဒာထက်ကြီးတဲ့ မစ်ရှင်းဂမ်းတွေကိုင်ထားတာနဲ့ ခုပုံပဲ တင်ထားခြင်းဖြစ်ပါတယ်ရှင်..။

LinkWithin

Related Posts Plugin for WordPress, Blogger...