မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, May 25, 2008

အလွမ်းကန့်လန့်ကာတပ် ပြူတင်းတစ်ပေါက်

ပင်လယ်ကိုဖြတ်တိုက်လာတဲ့ သက်တန့်ရောင်လေပြေက ဆံနွယ်တွေထဲ ခပ်သာသာရယ်မောရင်း တိုးတိုက်သွားသည်။ ကမ်းစပ်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေက တောက်လက်နေသည်။ မျက်စိတဆုံး ကမ်းစပ်တစ်လျောက်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေ… စိန်ပွင့်မှုန်တွေ…။ ကျောက်စိမ်းသားအုန်းလက်တွေက နွဲ့နွဲ့ယိမ်းရင်း ပင်လယ်ကို ဦးခိုက်နေကြသည်။ အနက်ရောင်ကောင်းကင်က ကတ္တီပါပါးပါးသဖွယ် ဖြန့်ကျက်နေသည်။ ကတ္တီပါနက်ပေါ်က စိန်ပွင့်တွေကတော့ ပင်လယ်ကို ငုံ့ကြည့်နေကြသည်။ သူမ ခြေဖမိုးပေါ်မှာ စိန်ပွင့်သဲမှုန်တွေကို သူမ ငုံ့ကြည့်နေသည်။ မိုးကုပ်စက်ဝိုင်းအဆုံးမှာ သက်တန့်တံတားတစ်ခု။
အို…. တံတားပေါ်မှာ အရိပ်တစ်ခုပါလား။ ထိုအရိပ်ကသူမကို လှမ်းကြည့်နေသည်။ သူမ ဖြည်းငြင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထိုအချိန်မှာ ကျောက်စိမ်းသားအုန်းလက်တွေက သူမထံသို့ ကိုင်းညွှတ်လာသည်။ သူမ မော့ကြည့်လိုက်သည်။ မြသားရောင်အုန်းလက်တွေရဲ့ လက်ထဲမှာ အ၀ါရောင်မြက်ပန်းလေးပွင့်။ သူမ လှမ်းယူလိုက်သည်။ အုန်းလက်တွေက ကျေနပ်သွားသလို မသိမသာ ယိမ်းထိုးပြသည်။ သူမ မပီပြင်သောအပြုံးတုတစ်ခုကို အတင်းအသက်သွင်းရင်း သက်တန့် တံတားဘက်ဆီသို့ လှမ်းလျောက်သွားသည်။

သက်တန့်ပေါ်က အရိပ်လေးက သူမထံသို့ ယဉ်ကျေးသိမ်မွေ့သော၊ တည်ငြိမ်အေးချမ်းသော အပြုံးတစ်ခုကို ကြာရွက်စိမ်းပေါ်တင်လျှက် လှမ်းပေးလိုက်သည်။ သူမကတော့ အ၀ါရောင်းပန်းလေးပွင့်ကို အရိပ်လေးကို ပြန်လည်ပေးလိုက်သည်။ သက်တန့်တံတားပေါ်ကို တက်လာဖို့ အရိပ်လေးက လမ်းကမ်းလို့ ပြန်လည်ဖိတ်ခေါ်လိုက်သည်။ အရိပ်လေးလက်ကို ကိုင်ပြီး သက်တန့်ပေါ်သို့ ခနော်ခနဲ့ ခြေချလိုက်သည်။ သက်တန့်က ရေမှုန်တွေက တဖွားဖွားတက်လာနေသည်။ သက်တန့်က လမ်းကြောင်းကို ရင်တထိတ်ထိတ်နှင့် သူမ ငုံ့ကြည့်လိုက်သည်။ လမ်းကြောင်းက အောက်ကို လျောဆင်းသွားသည်ကို မြင်နေရသည်။ ဟိုးအောက်ထိ လျောဆင်းသွား၍ နက်ရှိုင်းလွန်း၍ ဘာမှမမြင်ရတော့။ ဒီသက်တန့်လမ်းအတိုင်း လျောဆင်းသွားလိုက်လို့ကတော့ အသည်းတအေးအေးနှင့် ဆိုဖွယ်ရာမရှိမည်ကို စိတ်ကူးမိ၍ သူမကြက်သီးထနေမိသည်။ မိုးကုပ်စက်ဝိုင်းဘက်ကို ငေးကြည့်မိတော့ သက်တန့်လမ်းကြောင်းက မျက်စိတစ်ဆုံး အနက်ရောင် စင်္ကြ၀လာတစ်ဖက်မှာ ခပ်ရေးရေးပေါ်နေသည်။ နောက် လမ်းကြောင်းက ဝေးလွန်းသွားလို့ သူမ စက္ကုအာရုံက လိုက်လို့မမှီတော့။


သူမ ဆံနွယ်တွေ တလိပ်လိပ်လှုပ်ရှားလာပြီး ပြူတင်းပေါက်လေးတစ်ခု ထွက်ကျသွားသည်။ သက်တန့်ပေါ်ကို အရှိန်ပြင်းပြင်းကျသွား၍ ရေမှုန်တွေ တဖွားဖွား ပြန့်ကျဲသွားသည်။ သူမ သဘောကျစွာရယ်မောလိုက်ပြီး သူမ ရယ်သံကို သူမပြန်လည်အံ့သြလိုက်မိသည်။ အရိပ်လေးက ပြူတင်းပေါက်လေးကို ငုံ့ကြည့်နေသည်။ ပြူတင်းပေါက်လေးက သူ့အလိုလို တဖတ်ဖတ် အစမှအဆုံးသို့… အဆုံးမှ အစသို့.. အဖန်ဖန်အပွင့်အပိတ်ဖြစ်နေသည်။

“လွမ်းလို့ ဆွဲထားတဲ့ ပန်းချီတွေ”

“အခုတော့ အလွမ်းပန်းချီတွေထက် သစ်ရွက်ခြောက်တွေကော၊ အရိုးဘီးတွေကော၊ အက်စစ်ကျောက်ခဲတွေကော ပြူတင်းပေါက်ထဲမှာ”

“အစကတော့ .. ဘယ်သူမှ ဒီပြူတင်းပေါက်ထဲဝင်မယ်လို့ မထင်ခဲ့ဘူးလေ”

“သေချာလို့လား ၀င်လာပြီး သစ်ရွက်တွေကို ယူမီးရှို့မယ်၊ အရိုးဘီးကို ယူဖီးမယ်လို့၊ အက်စစ်ကျောက်ခဲတွေကို ယူဝါးမယ်လို့ တစ်ကယ်မရည်ရွယ်ရင် ဒီပြူတင်းပေါက် မင်းဆံပင်တွေထဲက ထွက်ကျလာစရာအကြောင်းမရှိဘူး”
ပြတ်သားပြင်းထန်လွန်းတဲ့ အသံတစ်သံက အနက်ရောင်ကတ္တီပါကောင်းကင်နားက ပဲ့တင်ထပ်ထွက်လာသည်။

သူမနှင့် အရိပ်လေး ကတ္တီပါနက်ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကောင်းကင်က ပြန်လည်တိတ်ဆိတ်သွားသည်။

“ပြူတင်းပေါက်ပိုင်ရှင်ဘယ်လိုလူမျိုးလဲ သိချင်ကြမယ်ထင်တယ်”
“ပြူတင်းပေါက်လှပ်ကြည့်ရုံနဲ့ မကျေနပ်လောက်ဖူးလား၊ ဘာကြောင့်လဲ.. ”
“လှပ်ကြည့်ပြီး ပြန်လှည့်ရုံနဲ့ပြီးမယ်လို့ မင်းထင်လား”
“အရင်ကတော့ထင်ခဲ့တယ်။ အခုတော့ အတောင်ပံတွေတပ်လို့ အတင်းတိုးဝင်ကြည့်ချင်နေတယ်”

ပြူတင်းပေါက်ကို ပိတ်ဖို့ကြိုးစားရင်းဖြေတော့ အရိပ်လေးက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
“ဒါ.. ဒီကမ္ဘာရဲ့ထုံးတမ်းဖြစ်မယ်။ ပန်းချီကို ခံစားတာထက် ပန်းချီရှေ့မှာ ရပ်ရင်း
အနုပညာသက်ဘယ်လောက်ရှိလို့ ဒီလိုပန်းချီဆွဲတာလဲ၊ ဆယ်စုနှစ်လား၊ ရာစုနှစ်လား၊ ထောင်စုနှစ်လား၊ သစ်ပေါ်မှာဆွဲတာလား၊ ဖန်သားပြင်ပေါ်မှာလား၊ ဆံနွယ်မျှင်တွေပေါ်မှာလား၊ ဆံစေ့ပေါ်မှာလား၊ ကြက်ဥထဲမှာလား။ နောက်ပြီး ရေဆေးလား၊ ဆီဆေးလား၊ သွေးနဲ့ဆွဲတာလား၊ ကော်ရည်နဲ့ဆွဲတာလား။ ဘယ်လိုစုတ်တံတွေသုံးနေတာလဲ၊ စုတ်တံလား၊ လှိမ့်တံလား၊ ဓားပြားလား၊ စိန်သွားလား။ လက်ကတစ်ချောင်းထဲနဲ့လား၊ လက်နှစ်ချောင်းနဲ့လား၊ လက်ပွားလေးတွေနဲ့ ဆွဲနေတာလားကအစ တတွတ်တွတ် ခပ်တိုးတိုး ပွက်သံလေးတွေ မင်းမကြားမိဘူးလား”

“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တောင်မှန်ထဲကြည့်ရင် မှုန်ဝါးနေတာ၊ ခပ်တိုးတိုးပွက်သံတွေက ဘယ်လောက်ပီပြင်နိုင်မှာလဲဟင်၊ ကိုယ်ကတော့ ပွက်သံတွေကို တစ်ခါမှ စိတ်မ၀င်စားခဲ့မိဘူး”
သူမ စိတ်ပျက်စွာ ခပ်တိုးတိုးရည်ရွတ်မိသည်။

“ကန့်လန့်ကာတွေဆွဲစုတ်၊ ပြူတင်းပေါက်ပိတ်လို့ ငါ့ရင်ဘတ်ပေါ်မှာပဲ ပန်းချီလာဆွဲပါ၊ အတန်တန်ငါမှာတယ်လေ၊ ပြောရင်ဘယ်တော့မှ နားမထောင်ဘူး”
ကတ္တီပါကောင်းကင်က ကျယ်လောင်စွာ လျှပ်တပြက်လက်သွားသည်။

“စုတ်ပြတ်သတ်နေတဲ့ မင်းပန်းချီတစ်ချပ်ပေါ်မှာ ချော်ပွင့်တွေကြဲချလာတဲ့နေ့မှတ်မိမှာပေါ့”
အရိပ်လေးကဆက်ပြောသည်။
“အင်း မှတ်မိပါတယ်”
“တစ်စစီဖြစ်သွားတုန်းက ပြန်ဆက်ဖို့ လိုက်ကောက်ပေးတဲ့ နွယ်ရှင်တွေဘယ်နှစ်ပင်ရှိလို့လဲ”
“မသိဘူး၊ မှတ်လဲမထားဘူး”
“လိမ်တယ်”
“မှတ်မထားမိတာတော့အမှန်ပါ၊ အလိုလို မှတ်မိနေတာတော့ ထည့်မပြောချင်တော့ဘူး”
“အင်း.. တစ်ကယ်တော့ အဲလိုနွယ်ရှင်တွေ အများကြီးမလိုပါဘူး”
“သိပါတယ်.. မျှော်လဲမမျှော်လင့်ဘူး၊ ဒါနိယာမတစ်ခု”

“ပြူတင်းပေါက်လေးကို ဆက်အလှဆင်ဦးမှာလား” အရိပ်လေးက မျက်ဝန်းထဲကိုကြည့်ပြီး စိတ်နှင့်မေးလိုက်သည်။
“အင်း၊ ဒီပြူတင်းပေါက်လေးကို တန်ဖိုးထားလို့ပါ”
အရိပ်လေးက သက်တန့်လမ်းပေါ်မှာ တဖျတ်ဖျတ်တံခါးချပ်တို့ ဖွင့်ချီပိတ်ချီဖြစ်နေသော ပြူတင်းပေါက်လေးကို မျက်လုံးဝိုင်းများနှင့် ချီမလျှက် သူမရင်ခွင်ထဲသို့ ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။

သည်စိန်ပွင့်ဖုံးရာ သောင်ကမ်း၊ မြသားအုန်းလက်တွေနှင့် ကတ္တီပါမိုးကောင်းကင်တို့ရှိရာနေရာကတော့ အရိပ်လေး လာကစားတဲ့နေရာဟု အရိပ်လေးက သူမကို စိတ်နှင့်ပြောသည်။ သူမ အရိပ်လေး၏ လက်ကလေးကို ပါးမှာကပ်ရင်း နားထောင်နေမိသည်။ သက်တန့်လမ်းကြောင်းပျောက်ဆုံးသွားတဲ့ တစ်ဘက်မှာတော့ အရိပ်လေးတို့ နေထိုင်ရာနေရာဟု ဆက်ပြောနေသည်။ ခဏလိုက်ကြည့်မလားဟု အရိပ်လေးက သူမကို စိတ်နှင့်လှမ်းမေးသည်။ သူမ မသိမသာ ခေါင်းယမ်းလိုက်မိသည်။
အရိပ်လေးက နားလည်စွာပြုံးကြည့်နေသည်။ အရိပ်လေးက သူမကိုနှုတ်ဆက်လိုက်သည်။ သက်တန့်လမ်းအတိုင်း ရုတ်တရက်လျောဆင်းသွားသည်။ အရိပ်လေး ပျောက်ကွယ်သွားတော့ ပြူတင်းပေါက်ကို ရင်မှာပိုက်လျှက် သက်တန့်လမ်းပေါ်က ဆင်းလိုက်သည်။ စိန်နှင့်သဲရောသော သောင်ပေါ်မှာ ရှပ်တိုက်လမ်းလျောက်ရင်း အလွမ်းမျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ထိုအချိန်တွင် စိုးရိမ်မှုတွေ စီးမျောနေသော ကောင်းကင်လေက ပြင်းပြင်းထန်ထန်တိုက်ခတ်လိုက်သည်။

“ပျော့မလိုလိုနဲ့ တော်တော်ခေါင်းမာတဲ့မိန်းမ”
အနက်ရောင်ကတ္တီပါကောင်းကင်က ကျယ်လောင်စွာ ထစ်ချုန်းလိုက်လေတော့သည်။

Saturday, May 24, 2008

သဘာဝဘေးအန္တရာယ်နှင့် စိတ်ကျန်းမာရေး


လပွတ္တာလို နေရာမှာ စိတ်ဂရောက်ဂယက် ဖြစ်တာကို ဆွေးနွေးပေးမဲ့ ဆရာဝန်ရှိနိုင်မယ် မထင်ပေမယ့် စားစရာမရှိလို့ ဒါတွေကို မစဉ်းစားနိုင်သေးပေမယ့် မြန်မာလူမျိုးတွေရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပါတယ်ရှင်..

ကျွန်မတို့ မြန်မာပြည်ရဲ့ ဆန်အိုးကို နာဂစ်ဝင်မွှေသွားတာ တစ်လနီးပါးရှိပါပြီ။ အခုလို သဘာဝဘေးအန္တရာယ်နှင့်နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့ လူများ၊ အသက်မသေပဲ ကျန်ခဲ့တဲ့ သူများအနေနဲ့ ကိုယ်ခန္ဒာဒဏ်ရာအနာတရဖြစ်မှုများအပြင်၊ စိတ်ထိခိုက်မှုအမျိုးမျိုးကို ခံစားကြရမှာဖြစ်ပါတယ်။ နေစရာအိမ်မရှိ၊ စားစရာမရှိတဲ့အပြင် ချစ်ခင်နှစ်သက်တဲ့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့အဖြစ်တွေကို ရင်နဲ့အမျှခံစားနေကြရမှာဖြစ်ပါတယ်။ ဒီလိုပူဆွေးဝမ်းနည်းမှုဟာ လူသားတွေဖြစ်တဲ့အတွက် သဘာဝဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ဝမ်းနဲပူဆွေးမှု၊ ဒေါသဖြစ်မှု၊ ယူကြုံးမရဖြစ်မှုတွေဖြစ်လာချိန်မှာ ခံစားချက်တွေကို ခုခံတားဆီးမြိုသိပ်ထားလိုက်တာထက်၊ ဖွင့်ချထုတ်လွှတ်လိုက်ခြင်းဟာ ရေရှည် စိတ်ကျမ်းမာရေးတွက် ကောင်းတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဘေးဆိုးကြီးဘယ်တော့ ထပ်ကျလာဦးမလဲ၊ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတဲ့ ကြောက်ရွံ့တုန်လှုပ်တဲ့ အတွေးတွေဟာလဲ အချိန်တော်တော်ကြာသည်အထိ ခြောက်လှန့်နေမှာဖြစ်ပါတယ်။ ကစင့်ကလျားဖြစ်နေတဲ့ မိမိရဲ့ စိတ်ခံစားချက်တွေဟာ လူသားသဘာဝကြောင့် ဖြစ်နေတာမို့ ဒါကို ကြောက်စရာမလိုပဲ၊ နီးစပ်ရာ မိသားစုဝင်တွေ၊ ဆွေမျိုး၊ မိတ်ဆွေများကို မိမိခံစားချက်တွေကို တတ်နိုင်သမျှရင်ဖွင့်ပြီး စိတ်ကို ကုစားဖို့လိုပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေကြုံတွေ့ရအပြီး လူတစ်ဦးနဲ့တစ်ဦး စိတ်ကိုကုစားပုံတွေ မတူညီကြတာကိုလဲ တစ်ဦးနဲ့ တစ်ဦးနားလည်ပေးဖို့လိုပါတယ်။ တစ်ချို့က ဒီအကြောင်းတွေကို လုံးဝပြန်မပြောချင်တော့ပဲ တစ်ဦးတည်းပဲ သီးသန့်နေလိုတဲ့ ဆန္ဒရှိမယ်။ အချို့ကလဲ ဒါကိုပဲ အဖန်တလဲလဲ ပြန်ပြောလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါကို နားလည်ပေးရမှာဖြစ်ပါတယ်။

ခံစားနေရတဲ့ စိတ်ဒဏ်ရာကို ကုသနေတဲ့ တစ်ချိန်ထဲမှာပဲ မိမိမှာရှိတဲ့ ခွန်အား၊ သတ္တိ၊ အစွမ်းအစတွေကို လဲ ပြန်လည်သတိရဖို့လိုပါတယ်။ မိမိမှာ ပိုင်ဆိုင်မှုဘာမှမရှိတော့ဘူး၊ ဘာမှအသုံးမကျတော့ဘူးဆိုတဲ့ အတွေးမျိုးထက် အရင်က ရှိခဲ့ဖူးတဲ့ မိမိရဲ့အစွမ်းအစတွေကို ကြိုးစားပြီး ပြန်လည်သတိရဖို့လိုပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ ဒုက္ခရောက်နေတာခြင်းအတူတူ အကူအညီလိုအပ်လို့ လာတောင်းပန်ခဲ့တယ်ဆိုရင်လဲ “ကိုယ်လဲ သူ့လိုပဲ ဒုက္ခရောက်နေတာပဲ.. မကူညီနိုင်ပါဘူး” ဆိုတဲ့အတွေးထက် တတ်နိုင်သမျှ နှုတ်အားဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ကူညီယိုင်းပင်းခြင်းဟာ မိမိစိတ်ကိုလဲ ကုသပေးရာရောက်ပါတယ်။

ခုလို သဘာဝဘေးအန္တရာယ်နှင့်နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့ လူများသာမက၊ ဒုက္ခရောက်သူများကိုသွားရောက် အကူအညီပေးသူများဟာလဲ အနည်းနှင့်အများ စိတ်ထိခိုက်ကြေကွဲကြရမှာဖြစ်ပါတယ်။ အကူအညီသွားပေးသူများအနေနဲ့ အောက်ပါ လက္ခဏာများကို ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဗဟုသုတရှင်များနဲ့ တွေ့ဖို့ အကြံပြုကြပါတယ်။

  • ခန္ဒာကိုယ် ပြင်းထန်စွာကိုက်ခဲခြင်း
  • တုပ်ကွေးမိသယောင်ဖြစ်ခြင်း
  • အကြားအာရုံ သို့မဟုတ် အမြင်အာရုံ မှုန်ဝါးလာခြင်း
  • အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အကျွံအိပ်စက်ခြင်း
  • အရက်အလွန်အကျွံသောက်လာခြင်း
  • အာရုံစူးစိုက်မှုလျော့နည်းလာခြင်း
  • လုပ်ငန်းခွင်မှာ အာရုံလျော့နည်းလားခြင်း
  • တစ်ဦးတည်းနေလိုခြင်း
  • အိမ်ထဲမှ အိမ်ပြင်မထွက်လိုခြင်း
  • မျှော်လင့်ချက်များလုံးဝကုန်ဆုံးသလိုခံစားရခြင်း
  • စိတ်အတက်အကျ ပြင်းထန်လာခြင်း
  • ၀မ်းနည်းပြီး အလွယ်တကူငိုယိုခြင်း၊ စိတ်ကျခြင်း
  • မိမိကိုယ်ကို ယုံကြည်မှုမရှိတော့ခြင်းနှင့် အပြစ်ရှိသလိုခံစားလာရခြင်း။

အထက်ပါခံစားချက်တွေဟာ များသောအားဖြင့် စိတ်ထိခိုက်လို့ ဖြစ်တဲ့ ခံစားချက်များဖြစ်ပေမယ့် တုပ်ကွေးဖြစ်သလို ကိုယ်လက်ကိုက်ခဲမှုကတော့ ဦးနှောက်အမြှေးရောင်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်းဟာ လူသူများစွာ စုဝေးနေထိုင်တဲ့ စခန်းတွေမှာ အဖြစ်များတတ်လို့ နေမကောင်းဖြစ်ချင်သလိုဖြစ်တယ်ဆိုရင် သက်ဆိုင်ရာကျမ်းမာရေးပညာရှင်တွေနဲ့ တွေ့ဖို့ အကြံပေးကြခြင်းပဲဖြစ်ပါတယ်။

ယခုလောလောဆယ် မြန်မာပြည်မှာ ဒုက္ခရောက်နေသူတွေအများစုဟာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရသူများပဲ ဖြစ်ပါလိမ့်မယ်။ တစ်ကိုယ်ရည်ကျန်းမာရေး ပတ်ဝန်းကျင်ကျန်းမာရေး ဆက်လက်ဆောက်တည်နိုင်ရန် အောက်ပါအချက်များကို သတိပြုစေလိုပါတယ်။ အောက်ပါအချက်လက်များကတော့ ကယ်ဆယ်ရေးလုပ်နေသူများကို ရည်ညွှန်းပေမယ့် ဒုက္ခရောက်နေသူများအတွက်လဲ အသုံးဝင်နိုင်ပါတယ်ရှင်။

  • မိမိတစ်ကိုယ်ရည်ကျမ်းမာရေးကို ဂရုစိုက်ပါ။ အိပ်ရေးဝစွာအိပ်ပြီး အစားမှန်စွာစားပါ။
  • လုပ်နေကျအလုပ်များကို ကြိုးစားပြီး ပုံမှန်ပြန်လုပ်ပါ။
  • မိမိကို နားလည်ပေးနိုင်သည့် မိသားစုဝင်များ၊ သူငယ်ချင်းများကို အချိန်ပေးပါ။
  • ကိုယ့်ကိုကိုယ် “down time” ပေးပါ။ တစ်ဦးတည်း ခေတ္တနေပါ။ နောက်ရက်တွေအတွက် ခွန်အားပြန်ဖြည့်ပါ။
  • ပင်ပန်းသည်ဆိုပြီး အရက်သေစာသောက်သုံးခြင်းကို ရှောင်ပါ။ အရက်သေစာသည် စိတ်ကျစေသည့်အတွက် သောက်နေတုန်းသာ စိတ်ထနေသလိုလိုနှင့် နောက်ရက်တွေမှာ စိတ်ကို ကျစေပါသည်။ သကြား၊ ကော်ဖီ၊ လက်ဘက်ရည် အလွန်အကျွံသောက်သုံးပါကလဲ စိတ်ကို ဂဏာမငြိမ်ဖြစ်စေသည်ကို သတိပြုပါ။
  • ဗုဒ္ဒဘာသာဝင်များအနေနှင့် စိတ်ငြိမ်ရန်တရားထိုင်ပါ သို့မဟုတ် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ နူးညံ့သောတေးသွားကို နားထောင်ပါ၊ ခံစားချက်များကို စာရွက်တစ်ရွက်တွင် ချရေးပါ။ စိတ်ချမ်းသာစရာ အတိတ်က အဖြစ်အပျက်တစ်ခုခုကို စဉ်းစားပါ။
  • လောကကြီးမှာ မမျှော်လင့်တာတွေအမြဲဖြစ်တတ်တာကို နှလုံးသွင်းပါ။
  • အရာရာတိုင်းဟာ မျှော်လင့်ချက်မဲ့စရာ၊ အဓိပယ်မရှိသည့် လူ့ဘ၀တွေကို စဉ်းစားမိတိုင်း ဒီခံစားချက်တွေဟာလဲ ခေတ္တပဲဟု နှလုံးသွင်းပါ။
အခုလိုသဘာဝဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်အပြီးမှာ
  • ရင်ဆိုင်ခဲ့ရတဲ့ မြင်ကွင်းတွေ၊ ပုံရိပ်တွေ၊ အသံတွေကို မကြာခဏ တဖျတ်ဖျတ်မြင်နေခြင်း
  • အိပ်မက်ဆိုးများ ဆက်တိုက်မက်နေခြင်း
  • လူမှုဆက်ဆံရေးထိခိုက်လာခြင်း
  • အာရုံစူးစိုက်မှုလျော့နည်းလာခြင်း
  • ဒေါသ၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျမှု၊ ပြင်းထန်စွာငိုကြွေးမှု
  • တစ်ဦးထဲနေလိုမှု
  • အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေမှု
  • ဖြစ်ချင်ရာဖြစ်ဟု ရေစုန်မျောနေလိုခြင်း
စတဲ့ ခံစားချက်တွေကတော့ post-traumatic stress disorder (PTSD) ပဲဖြစ်ပါတယ်။ အဲဒီစိတ်ခံစားချက်တွေဟာ အချိန်တော်တော်ကြာသည်အထိ ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးကုသရန်လိုပါတယ်။ အချိန်မှီမကုသပါက ရေရှည်မှာ မိမိရဲ့စိတ်ကိုသာမက၊ အလုပ်၊ ပတ်ဝန်းကျင်၊ မိသားစုတွေကိုပါ ထိခိုက်နိုင်လာပါတယ်။

မြန်မာပြည်တွင်းက လူအများစုဟာ တစ်ဦးနဲ့တစ်ဦး အလွန်ယိုင်းပင်းကူညီကြပါတယ်။ နယ်တွေမှာ ကျမ်းမာရေးပညာရှင်တွေ လုံလုံလောက်လောက် မရှိနိုင်ပေမယ့်လည်း ဘာသာရေးခေါင်းဆောင်တွေဆီမှ၊ှ သူကြီးတွေဆီမှ၊ ရွာထဲက လူကြီးသူမတွေဆီမှ စိတ်ခွန်အားတွေအများကြီးရနိုင်ပါတယ်။

ဆက်လက်ပြီး ရှင်သန်ကြပါစေရှင်။
ဒဏ်ရာရစိတ်တွေ အနာသက်သာကြပါစေတော့…

Marjorie Dyan Hirsch, D.C.S.W., C.E.A.P., C.A.S.A.C., B.C.E.T.S. ၏ Returning Home After Disaster Relief Work ကိုမှီငြမ်းပါသည်။

Saturday, May 17, 2008

ဆုတောင်း

ဒီည….
လမင်းကြီးက ထိန်ထိန်သာနေတဲ့ည…
ပူလောင်အိုက်စပ်တဲ့ည…
အိမ်နောက်ဘေး ၀ရံတာမှ ထွက်ရပ်ရင်း လရောင်အောက်က အဖြူရောင်ချယ်ရီပွင့်တွေ ညလေအဝှေ့မှာ တိတ်တဆိတ်လွင့်ကြွေသွားတာကို ငေးမောလိုက်မိတဲ့ည…
လက်ထဲက ရေခဲစိမ်ပန်းသီးဖျော်ရည်ဖန်ခွက်ထဲက ရေခဲတုံးလေးတွေကို လှုပ်ခတ်ရင်း
ကြည်လင်တဲ့ကောင်းကင်ပေါ်က တောက်ပနေတဲ့ ကြယ်တွေကို ရည်တွက်ဖို့ကြိုးစားမိတဲ့ည…
ဖန်ခွက်ကို နှုတ်ခမ်းနားအတေ့ လှုပ်ခတ်နေနဲ့ ရေခဲတုံးလေးတွေနဲ့ ဖန်သားပြင်တို့တိုက်ခတ်သံကြားမှာ ခြောက်သွေ့ကွဲအက်နေမယ့် လည်ချောင်းတွေကို ခံစားလိုက်ရမိတော့ ဖန်ခွက်ကို ၀ရံတာတန်းပေါ် အသာလေး တင်လိုက်မိတဲ့ည……

ကြယ်တွေကို မော့ငေးရင်း……
ကောင်းကင်ကြည်လဲ့လဲ့ကိုတိုင်တည်…
ငွေရောင်လမင်းကို တိုင်တည်…
အဖြူရောင်တိမ်တိုက်ကို တိုင်တည်…
အရောင်မဲ့လေပြေကို တိုင်တည်လိုက်မိတယ်…

ဟိုရေစပ်က စောင်လေးပတ်လို့ ထာဝရ အိပ်မောကျသွားတဲ့ ကလေးရယ်…
အုန်းရွက်စိမ်းလေးတစ်ခုပေါ်မှာ မှောက်ရက်လေး လဲလျောင်းနေတဲ့ အနွေးအနီလေးနဲ့ ကလေးလေးရယ်…
အဖေအမေရဲ့ ခပ်လှမ်းလှမ်း ရေစပ်မှာ ပက်လက်လေး ဗိုက်ကလေးပူလို့ ကောင်းကင်ကြီးကို နောက်ဆုံး မော့ကြည့်သွားတဲ့ ကလေးရယ်…
ဖက်စိမ်းလေးတချပ် ရေထဲမျောသွားသလို…
လဲပွင့်လေး တစ်ပွင့် လေထဲလွင့်သွားသလို…
သူတို့ လွင့်ပါပျောက်ဆုံးသွားပေမယ့်…..
ဘယ်တော့မှ မပျောက်ဆုံးတဲ့ သူတို့ရဲ့ ၀ိညာဉ်တွေ…
အိမ်ကို ဖြောင့်ဖြောင့်တန်းတန်း ပြန်ရောက်ကြပါစေ…
ထာဝရငြိမ်းချမ်းပါစေ….

သားတို့ သမီးတို့……
ထာဝရငြိမ်းချမ်းပါစေ…
အမေ..
ကြယ်တွေကို တိုင်တည်လို့ ဆုတောင်းပေးလိုက်ပါရဲ့ကွယ်..


Wednesday, May 14, 2008

ခေါင်းစဉ်မဲ့ - ၂

ကံအကြောင်းမလှတဲ့ ကျွန်မတို့ တိုင်းပြည်လေးရဲ့ ဆန်အိုးကိုမှ ၀င်မွှေသွားတဲ့ နာဂစ်ထွက်ခွာသွားတာ ရက်သတ္တပတ်ကျော်ခဲ့ပါပြီ။ အိပ်ရာနွေးနွေးပေါ်မှာ အိပ်နေတဲ့အခါတွေမှာ၊ ထမင်းဟင်းကောင်းတွေစားနေတဲ့အခါတွေမှာ၊ ဗိုက်ဟောင်းလောင်းနဲ့ ကိုယ့်လူမျိုးတွေ၊ တုန်ခိုက်အေးခဲနေမကောင်းဖြစ်နေမယ့် ကလေးလေးတွေ၊ အုန်းလက်လေးတွေပေါ်မှာ နောက်ဆုံး လှဲလျောင်းသွားတဲ့ ၀၀ဖြိုးဖြိုး ချစ်စရာကလေးလေးတွေကို တွေးမိပြီး၊ အိပ်မက်ဆိုးတွေနဲ့အတူ၊ ချွေးသီးချွေးပေါက်တွေနဲ့ နိုးထလာရတဲ့ နံနက်ခင်းတွေလဲများပါပြီ။





ဆိုက်ကလုံးဝင်မွှေသွားတာ နားလည်နိုင်ပါတယ်။ သဘာဝအန္တာရယ်တွေကြားမှာ ဒီလိုပဲ ရုန်းကန်အသက်ရှင်ကြရင်း အချိန်တန်တဲ့အခါ၊ လောကကြီးထဲက နည်းအမျိုးမျိုးနဲ့ ထွက်ခွာသွားကြရတာ ဆန်းကျယ်တဲ့ ကိစ္စတစ်ရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ပြုပြင်ပြင်ဆင်လို့ရနိုင်တဲ့ အရာတွေကို လုပ်နိုင်ရက်သားနဲ့၊ လူသားအချင်းချင်းလုပ်သင့်လုပ်ထိုက်တာကို၊ ကူညီသင့်ကူညီထိုက်တာကို မလုပ်လို့၊ မကူညီလို့ မလိုအပ်ပဲ ရေတိမ်မှာနစ်ရတဲ့ အဖြစ်တွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။

ရေတပ်က ရေယာဉ်တွေ ပျက်စီးနစ်မြုပ်သွားတယ်၊ ရေတပ်က စစ်ဗိုလ်အချို့နဲ့ စစ်သားတွေရယ်၊ ဟိုင်းကြီးကျွန်းက တပ်အချို့ပျက်စီးသွားတယ်ဆိုတော့ ကျွန်မစိတ်မကောင်းပါဘူး။ အဲဒီကတည်းက ဒီဆိုင်ကလုန်းကို လုံးဝလျော့တွက်လိုက်ကြတယ်ဆိုတာ သိသာပါတယ်။ ထိပ်ပိုင်းအရာရှိတွေမှာ ကြီးမားတဲ့ တာဝန်ပုံကျနေပေမယ့် ဘယ်သူမှ တာဝန်မယူတဲ့အပြင်၊ သိပ်ရက်စက်လွန်းတဲ့ လုပ်ရပ်တွေကို မြင်နေရပါတယ်။ ဒီခေါင်းဆောင်တွေ နေရာမှာ တစ်ခြားနိုင်ငံက လူတွေဆိုရင် တစ်ယောက်ပြီးတစ်ယောက် နှုတ်ထွက်စာ တင်ကုန်လောက်ပါပြီ။ တစ်ကယ်တော့ စစ်သားလေးတွေနဲ့ သူတို့မိသားစုတွေဟာလဲ ပြည်သူတွေနဲ့ ဘာမှမထူးပါဘူး။ ငတ်နေကြတာပါပဲ။ ပိန်လိန်နေကြတာပါပဲ။ အမိန့်နာခံရတဲ့ စစ်သားတွေဟာ စစ်ဗိုလ်တွေရဲ့ ကျွန်သာသာပါပဲ။ စိတ်ကောင်းရှိတဲ့ စစ်ဗိုလ်မိသားစုအိမ်မှာ တာဝန်ကျရင်ကံကောင်းမယ်၊ စိတ်ဓာတ်ညံ့ဖျင်းတဲ့ စစ်ဗိုလ်မိသားစုအိမ်မှာ တာဝန်ကျရင် ကံဆိုးမယ်ပေါ့။ ဒီလောက်များတဲ့ စစ်ခေါင်းဆောင်တွေထဲမှာ သနားကြင်နာတတ်တဲ့၊ သတ္တိရှိတဲ့ စစ်ခေါင်းဆောင် တစ်ယောက်တစ်လေမှ မပါတော့ဘူးလားလို့ တွေးမိပါတယ်။

ကျွန်မတို့တိုင်းပြည် ဆင်းရဲပါတယ်။ ကုန်းကောက်စရာမရှိအောင် ဆင်းရဲပါတယ်။ ဒါကို ကမ္ဘာကို မမြင်စေချင်တာလား၊ မြစ်ထဲမှာ အလောင်းတွေမျောနေတာကို မမြင်စေချင်တာလား။ အကုန်လုံးက မြင်ပြီးပါပြီ။ သူတို့လှုထားတာတွေကို တံဆိပ်တွေပြောင်းကပ်တာတွေကိုလဲ အကုန်က သိပြီးပါပြီ။ ဒါကိုလဲ ရုံးတွေမှာ တဖွဖွ မယုံနိုင်သံနဲ့ပြောနေကြပါတယ်။ တစ်ကယ်တမ်းအရေးနဲ့အကြောင်းနဲ့ဆိုရင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ ကွန်ဗွိုင်းတွေ တန်းစီမနေတာ၊ လူနာတင် ရဟတ်ယာဉ်တွေ၊ ရေပေါ်လျှပ်တိုက်ယာဉ်တွေ၊ လူနာတင်ကားတွေ ဘာမှမရှိတာ၊ ကုန်ကုန်ပြောရရင် အော်တိုမစ်တစ်သစ်ပင်ကြိတ်စက်လေးတစ်ခုတောင် ရှိမနေတာ၊ တိုင်းပြည်မှာ လွှနဲ့ဓားမကလွဲလို့ ဘာဆိုဘာမှမရှိတာ၊ လှုထားတဲ့ပစ္စည်းတွေကို ရေဘေးသင့်ပြည်သူတွေကို မပေးပဲ၊ ကြီးနိုင်ငယ်ညှင်းယူပြီး ဈေးမှာရောင်းစားကြတာတွေကို ထိပ်ပိုင်းအရာရှိတွေ မသိဘူးပဲထား ကမ္ဘာတစ်ခုလုံးကတော့ သိသွားပါပြီ။ ဒီလိုလာရောင်းစားတာကို မည်သူကမှ မ၀ယ်ပဲ တောင့်ခံထားနိုင်မယ်ဆိုရင်… ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်တွေကို စစ်ခေါင်းဆောင်တွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူမယ်ဆိုရင်…

ကြည့်မိတဲ့ သတင်းတွေထဲအရ မြန်မာပြည်ထဲမှာ ရိုးသားလွန်းလို့၊ မြန်မာစကားတောင် ထမင်းစားရေသောက်လောက်ပဲ တတ်တဲ့ ဗမာတွေကိုမြင်ရတော့ အံ့သြသွားမိတယ်။ ဒါထားပါတော့….။ စစ်ဖိနပ်ပြောင်ပြောင်ရောင်ရောင်တွေဝတ်ပြီး၊ နွမ်းပါးအားငယ်နေတဲ့ ရေဘေးသင့်ပြည်သူတွေရှေ့မှာ ပါးစပ်ဟလိုက်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ သူ့ဘေးကတစ်ခြားစစ်ဗိုလ်တစ်ဦးရဲ့ နှုတ်ကထွက်လာတဲ့ စကားတွေကို ကြားရတော့ ပိုအံ့သြသွားပါတယ်။ အရင်ကတော့ ပြည်သူတွေအတွက် ၀မ်းနည်းကြေကွဲကြောင်း သူတို့အနေနဲ့ သတင်းမှာဖြစ်ဖြစ် အနည်းဆုံးပြောရင်ကောင်းမယ်လို့ စဉ်းစားမိခဲ့ပေမယ့်၊ အခုတော့ သူတို့ ပါးစပ်မဟတာ၊ မိန့်ခွန်းတွေ မပြောတာ၊ ကုန်ကုန်ပြောရရင် ဘာစကားကို ဘယ်တော့မှ သူတို့မပြောတာ အကောင်းဆုံးပါပဲလို့ ခံယူလိုက်ပါတယ်။

ကူညီပေးတဲ့ နိုင်ငံရပ်ခြားက အဖွဲ့အစည်းတွေက၊ စစ်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်
မပါပဲ၊ လေယာဉ်တွေပေါ်ကနေ ပစ္စည်းတွေကျဲချဖို့ အစီအစဉ်တစ်ခုကို၊ တရားဥပဒေဘောင်အတွင်းက တရားဝင်ဖြစ်စေရန်ဆောင်ရွက်ပေးဖို့ ၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမ္မဂမှာ၊ အဆိုပြုတင်သွင်းတာကို ဗီယက်နမ်၊ တောင်အာဖရိက၊ ရုရှားနဲ့ တရုပ်က ကန့်ကွက်တယ်လို့ သိရပါတယ်။ ဒီ R2P (Responsibility to Protect) လို့ခေါ်တဲ့ doctrine ကို လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ကနေဒါနိုင်ငံခြားရေးဝန်ကြီး လွိုက်အက်စ်ဝေါသီးက စတင်အဆိုပြုခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေကို ထိုတိုင်းပြည်က ကာကွယ်နိုင်ရန် ခွန်အားမရှိလျှင်ဖြစ်စေ၊ လုံးဝမကာကွယ်ပေးလျှင်ဖြစ်စေ၊ အခြားတိုင်းပြည်များက ကူညီဝင်ရောက်ကူညီနိုင်သည့် doctrine တစ်ခုဖြစ်ပါတယ်။ အခြားသော သွေးသာမတော်စပ်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေကတောင် ရေဘေးသင့်ပြည်သူတွေအတွက်၊ ဒီလောက် ပူပင်သောကရောက်နေချိန်မှာ သောကရောက်သင့်သူတွေက မရောက်တာကိုလဲ အံ့သြမိပါတယ်။



မိသားစုဝင်တွေသေဆုံးလို့ ငိုကြွေးပူဆွေးချိန်မရတဲ့ လူတွေရဲ့၊ နှစ်လုံးသားထဲမှာ တစ်သက်တာကျန်မယ့် စိတ်ဒဏ်ရာတွေကို၊ု ဘယ်လို ကူညီကုစားမလဲလို့ သူတို့အနည်းငယ်မျှစိတ်ပူမိပါသလား။ တိုင်းပြည်ရဲ့ အနာဂတ်ကြယ်လေးတွေ အများကြီး လွင့်သွားတာကိုကော နှစ်မျောပါရဲ့လား။
မြန်မာပြည်ရဲ့ ဆန်အိုးကြီးမှောက်သွားတာကိုကော နှစ်မျောကြပါလား။
ကမ္ဘာ့မြေအနေအထားတွေပြောင်းလို့၊ ရာသီဥတုတွေပြောင်းလို့ ဘင်္ဂလားဒေရှ်ကို အမြဲဝင်နေတဲ့ ဆိုင်ကလုန်းတွေ၊ လမ်းကြောင်းပြောင်းလို့ မြန်မာပြည်ကိုပဲ နောက်ပိုင်းဝင်နေမယ်ဆိုရင် ဘာတွေလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တွေ တွေးမိပါလား။

လေယာဉ်ကွင်းမှာ လှုထားတဲ့ပစ္စည်းတွေ ဒီအတိုင်းပဲ တောင်လိုပုံနေတယ်၊ ရေဘေးသင့်ပြည်သူတွေ မကောင်းတဲ့ဆန်တွေနဲ့ မှိုတက်နေတဲ့ ပေါင်မုန့်တွေကိုပဲစားနေရယ်လို့ကြားတော့ ဆက်လက်လှုချင်စိတ်တွေ ပျောက်သွားတယ်။ ဒီကြားထဲ တရုပ်ပြည် ဆီချွမ်ပြည်နယ်ငလျင်ဒဏ်သင့်သူတွေဘက်ကို၊ အလှုရှင်တွေက အာရုံရောက်သွားတယ်။ ဒီရက်တွေမှာ ဘာမှလုပ်ချင် ပြောချင်စိတ်မရှိ၊ ငယ်ငယ်တည်းက (ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ NLD) စတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဘယ်တုန်းကမှ ၀င်ရောက်ခြင်းမရှိသော၊ စစ်အာဏာရှင်ကိုလုံးဝမလိုလားသော၊ တစ်ဦးတည်းရပ်တည်နေသော၊ ရသစာပေကိုသာရေးလိုသော၊ ကျွန်မရဲ့ဘလော့ဂ်လေးဟာ စက်တင်ဘာကတည်းက သွေးစွန်းပြီးသားမို့ ယခုမျက်ရည်တွေ ထပ်စွန်းလဲ ထူးမည်မဟုတ်တော့ပါ။

Friday, May 09, 2008

ခေါင်းစဉ်မဲ့




ပြောစရာစကားလဲ ကုန်နေပါပြီ…
ပြောချင်စိတ်လဲ ဘာမှကိုမရှိတော့ပါဘူး…
ရင်ထဲက နာကျည်းချက်၊ အော်ကလီဆန်ချက်၊ ကြေကွဲချက်၊ ခံစားချက်တွေကလဲ စကားလုံးနဲ့ ထုတ်ပြဖို့တောင် လိုက်မမှီတော့ဘူး…

သေသွားတာက မြတ်ပါတယ်…
ဝဋ္ဌ်ကျွတ်သွားတယ်လို့ပဲ ဆိုရမလား….
အသက်ရှင်ကျန်ရစ်ခဲ့တာ ပိုဆိုးနေမလားပဲ…
တစ်အိမ်သားလုံးသေသွားပြီး ကိုယ်တစ်ဦးတည်းကျန်ရစ်မှတော့ ဘ၀ဆိုတာ ဘာအဓိပယ်ရှိနိုင်တော့မလဲ…
အုန်းပင်ပေါ်မှာ တွယ်တက်နေရင်း မိန်းမနဲ့ ကလေးတွေ ဘယ်ရောက်သွားမှန်းမသိဘူးတဲ့ ယောင်္ကျားတွေ…
ကယ်ဆယ်ရေးလှေနောက်လိုက်သွားပြီး ယောင်္ကျားနဲ့ ကလေးတွေ နောက်လှေတွေနဲ့များ ဘယ်တော့ ရောက်လာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကမ်းစပ်မှာ နေ့စဉ်မျှော်နေမယ့် မိန်းမတွေ..
မိဘတွေ ဘယ်တော့ ပြန်လာမလဲ မျှော်နေမယ့်ကလေးတွေ….ဘယ်လောက်များလိမ့်မလဲ…


ဆာလွန်းလို့ သရက်စေ့လျက်နေရတဲ့ လူတွေကို
မြန်မာတွေဟာ ဘီစကွတ်မုန့်မစားဘူး၊ ဆန်စားတာဆိုပြီး၊ လှုထားတဲ့ဘီစကွတ်မုန့်တွေကို ငတ်နေသူတွေကို ဝေမပေးပဲ သိမ်းထားတယ်ကြားရတော့ ရေချိုးခန်းထဲ သွားအန်ပစ်လိုက်ပါတယ်…

လူတွေကို နာကျည်းအောင်၊ ဒေါသထွက်အောင်၊ ကြိတ်မနိုင်ခဲမရ ဖြစ်အောင် လုပ်နိုင်စွမ်းရှိသူတွေဟာ မကောင်းဆိုးဝါးတွေများ တွယ်ကပ်နေလေလျော့သလား…
ဒါမှမဟုတ် ငတို့ ဘ၀အကျိုးပေးတွေကြောင့်ပဲ ဒီလိုမကောင်းဆိုးဝါးတွေ တွယ်ကပ်နေသူတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရတာလား…
ဝတ်စရာအ၀တ်တောင် မရှိဖြစ်နေသူတွေရှေ့မှာ ပြောင်ပြောင်လက်လက်တွေ လုပ်ပြနေတာ နိုင်ငံတကာရှေ့မှာ နဲနဲလေးတောင် သူတို့ မရှက်ကြတော့ဘူးလား…

အကြောက်တရားနဲ့ အုပ်စိုးနေသူတွေဟာ သူတို့ကိုယ်တိုင်လဲ ကြောက်နေကြလို့ပဲ…
ဒီအကြောက်တရားကြီးရဲ့ သံသရာလည်ခြင်း ဘယ်တော့များမှ ရပ်ပါတော့မလဲဟင်..
ပူလောင်ခြင်းနဲ့ ရတဲ့ စည်းစိမ်တွေပေါ်မှာထိုင်နေရတာ သံပူပြားပေါ်ထိုင်နေရသလို မဖြစ်ပေဘူးလား…
တစ်နိုင်ငံလုံးအေးချမ်းသာယာဝပြောရင် သူတို့လဲ အေးမြခြင်းနဲ့ ယှဉ်တဲ့ စည်းစိမ်ပေါ်မှာ ထိုင်ရမယ်ဆိုတာ မသိတော့ဘူးလား…

ဒီမုန်တိုင်းရဲ့ ပြင်းထန်မှု၊ ခရီးလမ်း၊ လေတိုက်နှုန်းတွေကို အိန္ဒိယနိုင်ငံကကော ထိုင်းနိုင်ငံက မုန်းတိုင်းစောင့်ကြည့်တဲ့ နေရာတွေက ၄၈ နာရီတိတိ ကြိုတင်ပြီး တာဝန်ရှိသူတွေကို အသိပေးပြီးသားဖြစ်တယ်လို့ ဒီနိုင်ငံက သတင်းစာကြီးတွေမှာ ခေါင်းစီးမဲကြီးတွေနဲ့ကို ဖော်ပြတယ်… ၄၈နာရီမှာ အခြေအနေတွေအများကြီး ကောင်းသွားနိုင်တယ်…

၉/၁၁ မှာတောင် ဒီလောက်မသေဘူး… သူတို့ နယူးယောက်မြို့ကြီးအတွက် ရက်ပေါင်းများစွာငိုတယ် (ကွန်စပေရေစီသီအိုရီကို-သူများတိုင်းပြည်ကို စစ်ဝင်တိုက်ချင်လို့ ခိုင်လုံတဲ့ အကြောင်းတစ်ခု ဖန်တီးတာလို့ သူတို့ကိုယ်တိုင်လဲ ကိုယ့်လို ယုံကြည်တယ်ပဲထား) သူတို့ ရက်ပေါင်းများစွာငိုတယ်…
ကိုယ်တို့နှစ်ပေါင်းများစွာ ငိုကြွေးသင့်တယ်..

ဒီအချိန်မှာ အတ္တတွေ နဲနဲလျော့ပြီး မဲဗုံးတွေကို ခဏချောင်ထိုးထားလို့ ပြည်သူတွေကို ကယ်တင်ရင် မကြည်ညိုနိုင်ဘူးဆိုရင်တောင် အနည်းနဲ့အများတော့ ငြိမ်းချမ်းရေးခြေလှမ်းသစ်တစ်ခု ပြန်စနိုင်ကောင်းရဲ့…
အခုတော့….

ဖယောင်းတိုင်တွေ ထွန်းထားပါတယ်…
သူရဲကောင်းတွေအတွက်…
ဆိုဝါးနိမ့်ကျ ယုတ်ညံ့မှုတစ်ခုကို ကမ္ဘာတစ်ခုလုံး ကြိတ်မနိုင်ခဲမရခံစား သိနားလည်သွားအောင်… မြန်မာပြည်ဆိုတာဒါပဲ ဆိုတာကို
မြတ်သောသေခြင်းနဲ့ ယုတ်ညံ့သောရှင်ခြင်းရဲ့ ခြားနားချက်ကို
အသေခံပြသွားတဲ့ ကလေးတွေနဲ့ လူကြီးတွေအားလုံးရဲ့ ၀ိညာဉ်များ ကောင်းရာသုဂတိလားကြပါစေ… အသက်ရှင်ပြီး ကျန်ခဲ့သူများလဲ ဒုက္ခ၀ဋ္ဌ်ဆင်းရဲတွေမှာ အမြန်ဆုံး လွတ်မြောက်ကြပါစေ...

ကနေဒါရောက် မြန်မာတွေရဲ့ ခံစားချက်တွေကို ဒီဆိုဒ်မှာ ဝေမျှနိုင်ပါတယ်ရှင်…
ကနေဒါမှ မဟုတ်သူများလဲ ၀င်ရောက်ရေးသားနိုင်ပါတယ်...
လူဖြူများရဲ့ ခံစားချက်အချို့ကိုလဲ တင်ပြထားပါတယ်..
တတ်နိုင်သမျှ လှုကြပါ…
တစ်ကယ်လိုအပ်သူတွေလက်ထဲရောက်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် လှုကြပါ..

Tuesday, May 06, 2008

Please help Burma!

If you want to Donate through World Vision

I got this picture from Canadian Broadcasting Corporation -CBC


If you want to Donate through World Food Program

I got this picture from here


Burma Cyclones in Video from BBC{Watch Video}

I'd like to beg Myanmar Embassies to issue entry visas to aid groups immediately!!

Monday, May 05, 2008

ဒီနေ့…

ဒီနေ့…

အမေစုကို ကနေဒါနိုင်ငံက နိုင်ငံသားအဖြစ် ဆုချီးမြှင့်လိုက်ပြီး မြန်မာနိုင်ငံ ရေဘေးဒဏ်ခံရသူတွေတွက် ဒေါ်လာနှစ်သန်းလှုလိုက်တဲ့နေ့…

ပစ်စတို ကာဘိုင်း စနိုက်ပါ ရီဗော်ဗာ ကိုလ့်တ်ပိုင်သွန်တို့ သိမ်းထားတဲ့နေရာတွေမှာ
မုန်တိုင်းကြိုတင်သတိပေးစက်တွေ သစ်ခုတ်လွှစက် သစ်ကိုင်းကြိတ်စက် စောင်တွေ စားစရာတွေ ဖယောင်းတိုင် ဓာတ်မီးနဲ့ ဆီသွတ်ဗူးတွေကို အာဏာပိုင်တွေက လူထုအတွက် အလျှံပယ် သိုလှောင်ထားတယ်လို့ အိမ်မက်တဲ့နေ့….



မြန်မာပြည်စစ်ခေါင်းဆောင်တွေကို စိတ်မရှည်တော့ပါဘူးလို့ လော်ရာဘွတ်ရှ်က ပြောလိုက်တဲ့နေ့...
အနည်းဆုံး မြန်မာပြည်အကြောင်း စကားထဲ ထည့်ပြောလို့ သူမကိုရိုးသားစွာ ကျေးဇူးတင်မိတဲ့နေ့…

ရေဘေးဒဏ်ခံရသူ မြန်မာတွေအတွက်တဲ့ အိမ်စုတ်တစ်လုံးစာတောင် တန်ဘိုးမရှိတဲ့ ပြင်သစ်ကလှုတဲ့ ယူအက်စ်ဒေါ်လာ သုံးသိန်းနဲ့ လော်ရာဘွတ်ရှ်တို့ တိုင်းပြည်က ဒေါ်လာနှစ်သိန်းခွဲ လက်ဆောင်ပေးလိုက်တဲ့နေ့ …

သူတို့မှာ ငွေတွေဒီလောက်ရှိရဲ့သားနဲ့ ဆင်းရဲမွဲတေလွန်းပြီး ဒုက္ခရောက်နေတဲ့ ကိုယ်တို့ကို သူတို့တိုင်းပြည်တွေမှာ အိမ်အစုတ်တစ်လုံးတောင် ၀ယ်လို့မရတဲ့ ဒီလောက်ငွေလေးနဲ့ စော်ကားတာလားလို့ မြင်မိတဲ့ အမြင်ကို ချိုးနှိမ်ပြီး ဘာမှမပေးတာထက်စာရင် ပေးရှာသားလို့ ဖြေတွေးရင်း ကျေးဇူးတင်နေမိတဲ့နေ့ ….

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အာဏာပိုင်တွေနဲ့ လူတွေဒီလောက်သေနေတဲ့ အချိန်မှာတောင် ပွဲလန့်တုန်းဖျာခင်းတတ်တဲ့ လူတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့နေ့…

အလွန်ခေါင်းမာပြီး မာနမကြီးသင့်တဲ့နေရာမှာ မာနကြီးနေတဲ့ အာဏာပိုင်တွေ ယူအန်နဲ့ စကားပြောတယ်ဆိုလို့ သက်ပြင်းကြိတ်ချမိတဲ့နေ့…

ကုလားနဲ့ တရုပ်ကြားမှာညှပ်နေတဲ့၊ မြေနိမ့်ရာအမြဲလှံစိုက်ခံနေရတဲ့ ဒီကံဆိုးမနောက်ကိုမှ မိုးက တကောက်ကောက်လိုက်လို့ ရွာနေတာကို အံကြိတ်မျက်ရည်ဝဲမိတဲ့နေ့…

ဒီနေ့…




ပစိဖိတ်သမုဒ္ဒရာကမ်းက ကျွန်မကိုယ်တိုင် မနေ့ကကောက်လာတဲ့ ဒီရောင်စုံကျောက်တုံးလေးတွေဟာ ဒီဆိုင်ကလုံးသဘာဝဘေးအန္တရာယ်အောက်မှာ သေဆုံးသွားသော မြန်မာပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ အရွယ်စုံ၊ ရာထူးအစုံ၊ ပိုင်ဆိုင်မှုမျိုးစုံ ကို ကိုယ်စားပြုပါတယ် …

ကိုယ်ချင်းစာခြင်းများစွာနှင့်…


UNICEF Canada
2200 Yonge St., Suite 1100
Toronto, Ontario
M4S 2C6
Or call toll free: 1-800-567-4483
Fax: 416-482-8035

www.redcross.ca

cites:
http://www.abc.net.au/news/stories/2008/05/06/2236366.htm?section=world
http://www.newswire.ca/en/releases/archive/May2008/05/c5160.html
http://ap.google.com/article/ALeqM5jUfyzYXJEcNr_sIZJcsFNWon72cwD90FM3J80

Saturday, May 03, 2008

ဆိုင်ကလုံးဒဏ် ခံရသူများတွက်

ကနေဒါမှ မြန်မာပြည်နဲ့ဝေးနေလို့ လှုရခက်နေသူများ.. အတွက်
အောက်ကလင်ခ်များမှာတဆင့် လှုနိုင်ပါတယ်ရှင်..
Destination ကိုတော့ မြန်မာနိုင်ငံ ဆိုင်ကလုံးဒဏ်ခံရသူများတွက်လို့ သေသေချာချာပြောကြပါရန်…။ toll free ကိုဖုန်းဆက်ပြီးသေသေချာချာပြောရင် ပိုအဆင်ပြေနိုင်ပါတယ်။

ယူနီဆက်ဖ်

UNICEF Canada
2200 Yonge St., Suite 1100
Toronto, Ontario
M4S 2C6
Or call toll free: 1-800-567-4483
Fax: 416-482-8035


ကြက်ခြေနီ

Myanmar Red Cross Society: Dr. Hla Myint (president); email: mrcshs-ec@redcross.org.mm; Phone: +95.1.383.681; Fax: +95.1.383.675

Federation delegation in Myanmar: Bridget Gardner (head of delegation); e-mail: ifrcmm01@redcross.org.mm; Phone: +95.138.3686; Fax: +95.138.3682

Federation regional delegation in Bangkok: Bekele Geleta (head of regional delegation); email: bekele.geleta@ifrc.org; Phone: +66.2.640.8211; Fax: +66.2.640.8220

Federation secretariat in Geneva: Josse Gillijns (regional officer, Asia Pacific department); email: josse.gillijns@ifrc.org Phone: +44.22.730.4224; Fax: +41.22.733.0395.


ဒါကတော့ relief web appeal & funding က မြန်မာပြည်ကိုလှုထားတဲ့စာရင်းပါ

ကျမ်းမာချမ်းသာကြပါစေရှင်..

LinkWithin

Related Posts Plugin for WordPress, Blogger...