မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 28, 2008

ဥသျှစ်သီး

အချစ်ဆိုတာ လေမှာကြဲပျံ့ သက်တန့်မျက်နှာ၊
မာယာကဝေယောင်ဆောင်လို့ ရေကြည်ကိုနှောက်သူပါတဲ့
မြင့်ဦးဦးမြင့်က ကဗျာတပုဒ်စပ်ဖူးခဲ့လေရဲ့ချစ်သူ…..။

ယောင်္ကျားတွေရဲ့အချစ် ဘ၀အနှစ်မဟုတ်ဘူး
အချစ်ဆိုတာ ခမျာယောင်္ကျားတွေအတွက်တော့
ဘ၀လေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလို့
ခှိုင်းနှိုင်းတတ်ကြချိန်မှာ..
အချစ်ဆိုတာ မိန်းမတွေတွက်တော့
ဘ၀တစ်ပျက်စာလို
ပုံတိုပတ်စနဲ့လဲ ယုံအောင်ပြောတတ်ကြလေရဲ့ကွယ်…..။

အချစ်ကြောင့် နန်းစွန့်သူဘုရင် တွေရှိပေမယ့်
အချစ်ကြောင့် နန်းစွန့်သူဘုရင်မ မရှိဘူးရယ်လို့
မင်းဆိုခဲ့စဉ်က….
ကျုပ်…ကြင်နာစွာ ပြုံးနေခဲ့ပါတယ်ချစ်သူ…
ကွန်စပရေစီ သီအိုရီတွေနဲ့ ငြင်းမနေချင်ခဲ့လို့
လေဒီ ဒိုင်ယာနာကို
ကျုပ်တို့ စကားဝိုင်းထဲ ဆွဲမခေါ်တော့ပါဘူးကွယ်..။

အချစ်ဆိုတာ ဆရီတိုနင်လား၊ နော်ပင်နက်ဖရင်လား
အောက်ဆီတိုစင်လား၊ ဒိုပါမင်လား ဟင်
သေချာတာတော့ ဦးနှောက်ထဲမှာ
လှည့်ပတ်သွားလာ ဒီကယ်မီကယ်လ်တွေကြောင့်
အိပ်လို့မရ၊ စားလို့မ၀င်၊
ဘယ်နေရာသွားသွား၊ ဘာကိုကြည့်ကြည့်
မင်းမျက်နှာပဲမြင်၊ တမင်လုပ်ပြနေတာ
ကျုပ်လဲ တစ်ကယ်မဟုတ်ရပါကွယ်..။

တစ်ခါမှ မချစ်ဖူးတာနဲ့စာရင်
တစ်ခါလောက် အရူးအမူးချစ်၊ အသစ်တွေ့လို့ပြေးရင်လဲ
အလဲလဲအပြိုပြိုနဲ့ အသဲအိုကိုကုစားဖူးမှ
လူဖြစ်ကျိုးနပ်သယောင်ယောင်..
အချစ်ကို လှောင်တာတော့ မဟုတ်ရပါကွယ်…။

သံပုရာရည်မွှေးတဲ့ နှုတ်ခမ်း
မင်းနမ်းနေတာ မြင်လိုက်ချိန်ထိ
ကျုပ် ရှုးမိုက်စွာ ချစ်မိနေတုန်းပါကွယ်..
အခုလေ…
ကျုပ်ခေါင်းထဲက ရူးမိုက်စေတဲ့ ကယ်မီကယ်တွေကို
စတော်ဘယ်ရီပိုက်နဲ့ စုတ်ထုတ်
ကျုပ်… စိတ်ရှိလက်ရှိ အပြုတ်ကိုလုပ်ပစ်လိုက်ချင်တယ်… တစ်ကယ်..။

နှစ်နစ်တော့ ကျုပ်မစောင့်တော့ဘူးချစ်သူ…
“အချစ်”လို့ လူတွေ ကင်ပွန်းတတ်သော
ဒီကယ်မီကယ်တွေကို ကိုယ့်ခေါင်းထဲကထုတ်
ရောင်းရန်ရှိသည်လို့ စာတမ်းထုတ်ပြီး
ဥသျှစ်သီးပဲ ၀ယ်စားလိုက်တော့မယ်ကွယ်..။

Wednesday, April 23, 2008

လွှမ်းမိုးရဲ့ မအေး

ရင်ထဲလွမ်းတယ်…


Saturday, April 19, 2008

သာမန်လူ

ကြည်လင်သော ရေကန်ထဲမှာ ဖြူဖွေးလှပသော လည်တံရှည်ငန်းလေးတွေ ကူးခတ်နေကြသည်။ ငိုနေသော ၀စ်လိုး အရွက်စိမ်းတွေ လေအဝှေ့မှာ ခေါင်းလေးငဲ့လို့ သူတို့အချင်းချင်း တီးတိုးစကားဆိုနေကြသည်။ ကမ်းစပ်က ဖားလေးတစ်ကောင် ရေကြည်ကြည်ထဲကို ခုန်ဆင်းသွားတော့ ရေဘဲလေးက လန့်လို့ ပျံပြေးသွားသည်။ တိုင်းလုံးကိုမှီရင်း ရေထဲကို ကြည့်လိုက်မိတော့ ရေကန်ထဲမှာ ရိုမန်ခေတ်က တံတိုင်းတွေက လှုပ်လီလှုပ်လဲ့။ တံတိုင်းတွေထိပ်မှာတော့ ရင်သပ်ရှုမောဖြစ်စေလောက်သော ကောက်ကြောင်းတွေနဲ့ နွဲ့နွဲ့ပြောင်းပြောင်း ၀တ်ရုံတွေကို ခြုံ၊ သပ်ရပ်တဲ့ ဆံထုံးတွေထုံးထားသော ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေပေါ် မျက်နှာမှောက်လို့ ငိုနေကြသည်။ တစ်ထောင့်ကိုးရာခြောက်ခုနှစ်က ငလျှင်ကြီးထဲမှာ ပျောက်ဆုံးသွားသော မြို့ကြီး၏ အပိုင်းအစများကို ယခုထို သတိရနေလို့များလား။ ကန်ထဲက အသက်ရာချီရှိနေသော လိပ်တို့ကတော့ ပနားမားတူးမြောင်းကြီးရဲ့ အောင်မြင်မှုကို ချီးကျူးနေကြဆဲ။ ရေကန်ဘေးမှာတော့ ယခုမှ ဘုရားကျောင်းထဲက ဘုန်းတော်ကြီး၏ ကောင်းချီးပေးမှုကို ခံယူပြီးကာစ ချစ်သူစုံတွဲလေးတွေ၊ နောက်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ။


လက်မှနာရီကို ကြည့်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ထက် နာရီဝက်တိတိ လွန်နေပြီ။
သူမ မလာတော့ဘူးလား။

လက်ထဲက ဖုန်းကိုယူပြီး သူမလက်ကိုင်းဖုန်းသို့ ကောက်လှည့်လိုက်သည်။ သူမ ဖုန်းမကိုင်။ ဖုန်းကိုပိတ်ထားသည်။ သူမရုံးဖုန်းကိုကောက်လှည့်လိုက်သည်။ မက်စေခ်ျပွင့်လာသည်။ သူမ သူ့ကိုပေးထားသော ပါစ်ဝါဒ်ကို နှိပ်မည်လုပ်ပြီးမှ ဖုန်းကို ပိတ်ပစ်လိုက်သည်။ ပါစ်ဝါဒ်ပေးထားပေမယ့် သူ မကြားသင့်သော စာတွေ မက်စေခ်ျတွေက ရှိနေတတ်သည်။ သူမ ဘာကြောင့် မဖျက်တာလဲ။ ဒါမှမဟုတ် မေ့ပြီး မဖျက်မိတာလား။ တစ်ခါက သူမနှင့်ထိုင်နေကျ စားသောက်ဆိုင်တစ်ခုထဲမှာ လေးဆယ့်ငါးမိနစ် တိတိစောင့်နေအပြီး သည်းညည်းမခံနိုင်တော့သည့်အဆုံး သူမ၏ အသံမေးလ်ကို ဖွင့်နားထောင်လိုက်မိသည်။ ရုံးကိစ္စ၊ အလုပ်ကိစ္စ မက်စေခ်ျတွေအပြီး အနောက်နိုင်ငံသားတစ်ဦး၏ အသံတစ်ခု။

“ဟေး ဒီနေ့စောစော အိမ်ပြန်သွားတာလား၊ ဂရုစိုက်နော်၊ လွမ်းနေမယ်၊ အထူးသဖြင့် မင်းဖျော်ပေးနေကျ လိမ္မော်ရည်မွှေးမွှေးလေးကို၊ အိုကေနော်.. တွေ့မယ်၊ မွှား”

သူ မျက်ခုံးရှုံ့ပြီး ဖုန်းကို ပိတ်ပစ်လိုက်သည်။ ဖုန်းကို စားပွဲပေါ်ချပြီး ကော်ဖီကို ငုံ့အသောက် သူမ ကဗျာကသီ ဆိုင်ထဲဝင်လာသည်ကို တွေ့လိုက်သည်။ နောက်ကျသွားသည်ဟု တောင်းပန်သည်။ သူမကို ထိုမက်စေခ်ျအကြောင်း မေးမိသည်။ အဓိက မက်စေခ်ျထဲက အနမ်းတစ်ခု အကြောင်းကို မေးမိသည်။ ဒီလိုပဲခင်မင်ရင်းနှီး၍ အဆန်းတကျယ်မဟုတ်ဟု သူမ ဆိုသည်။

“ကိုကို.. ကိုကို့ကို သိပ်ချစ်တာ မသိဘူးလားဟင်၊ တစ်ဘ၀လုံးနဲ့ ရင်းပြီးချစ်တာ” ဟု မျက်လုံးလေးဝင့်၊ နှုတ်ခမ်းလေထော်လို့ သူမ ဆိုတော့ ချစ်ချစ်တောက်ပူနေသော ကော်ဖီကို ရောင်ယမ်းမြိုချလိုက်မိသည်။

တစ်ခါကတော့ ပန်းခြံထဲက သစ်ခြောက်ပင်တစ်ပင်အောက်မှာ သူ နာရီပေါင်းများစွာစောင့်နေခဲ့သည်။ အဲဒီနေ့ကတော့ သူမ လုံးဝ ပေါ်မလာတော့။ အိမ်ပြန်ရောက်လို့ သူမ ဖုန်းကိုခေါ်တော့လဲ ဖုန်းက မက်စေခ်ျတောင် မပွင့်တော့။ အဲဒီနေ့က သူ ဘယ်ဖုန်းမှ မကိုင်ပဲ ၀ရံတာမှာ ထွက်ထိုင်နေလိုက်သည်။ ညနေခင်းတစ်ခုလုံး ဖုန်းတွေ အဆက်မပြတ်မြည်နေသည်။ သူမ ထံကဖုန်းတွေမှန်းသိလို့ မကိုင်ဘဲ အိမ်အပြင်မှာ တစ်ညနေလုံး ဘီယာပုလင်းတွေနဲ့ ထွက်ထိုင်နေလိုက်သည်။ မနက် တစ်နာရီထိုးခါနီးမှ အိမ်ခန်းထဲ ပြန်ဝင်လာလိုက်သည်။ ရေချိုးခန်းဘက်အသွား ဖုန်းက မြည်လာပြန်သည်။ ဒီတစ်ခါတော့ သူ စိတ်တိုတိုနှင့် ကောက်ကိုင်လိုက်သည်။ ဟလိုဟု သူ မဆို။ ဒီအတိုင်းကိုင်ထားလိုက်သည်။ ဟိုဘက်က ထုံးစံအတိုင်း မိန်းမူးစေလောက်တဲ့ အသံပိုင်ရှင် သူမ တုန်တုန်ရင်ရင်နှင့် သူငယ်ချင်းများအတင်းခေါ်သွားလို့ တစ်ခြားမြို့ကို ပါသွားကြောင်း ငိုတော့မလိုအသံနှင့် တတွတ်တွတ်ပြောနေသည်။ စာတော်တာကလွဲပြီး သာမန်လူဖြစ်တဲ့ ကိုကို့ကိုပဲ သာမန်ဆန်စွာ ချစ်တာပါဟု ပြောပြီးတော့ သူမ ဖုန်းချသွားခဲ့သည်။



ဒီနေ့တော့ ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေမှီလို့ ပိုမိုငိုရှိုက်နေကြသည်ထင်သည်။ ရေဘဲလေးတွေလဲ မကူးချင့်ကူးချင်နှင့် ကူးခတ်နေကြသည်။ သူ လေးတွဲ့စွာမတ်တပ်ရပ်လျှက် ကားဆီသို့လျောက်လာသည်။ လာနေကြလမ်းအတိုင်းမပြန်ပဲ ဆန်ဖရန်စစ်စ်ကို တံတားကြီးဘက်က လှည့်ပြန်လိုက်သည်။ တံတားပေါ်ရောက်တော့ ကားတွေက နှစ်ဘက်လုံး ကျပ်ပိတ်နေသည်။ ရေဒီယိုကိုပိတ်ပြီး အခွေတွေထည့်သည့် ကားထဲကဗုံးထဲ မကြည့်ပဲလက်နှိုက်ပြီး လက်ထဲပါလာသည့် ကြုံရာတိတ်ခွေတစ်ခုကို ကတ်ဆက်ထဲ ထိုးသွင်းလိုက်သည်။ မြန်မာဆိုင်တစ်ဆိုင်ရောက်တုန်းက ကြုံတုန်းဝယ်လာပြီး တစ်ခါမှ နားမထောင်ဖြစ်သော မြန်မာသီချင်းတစ်ပုဒ်က ထွက်လာသည်။

အပြုံးတု နဲ့ အမုန်း

အမုန်းတွေနဲ့လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအားစွဲလမ်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
ရုတ်တရက်ကြီးကို အထီးကျန်ကာ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ ရက်စက်တဲ့အမုန်းတွေလေ



သီချင်းလေးက ငြိမ့်ငြောင်းလွန်းလှသည်။ ကားပြူတင်းပေါက်ကို ချလိုက်ပြီး တစ်ဘက်က မျက်နှာချင်းဆိုင် ကားတွေဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကားတွေက ဘီးလှိမ့်ရုံသာ သွားနေသည်မို့ တစ်ဘက်က ကားအနီလေးတစ်စင်းပေါ်က လူရည်သန့်သန့် နေကာမျက်မှန်အကောင်းစားနှင့် လူဖြူတစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။

အဝေးကိုပြန်တမ်းတရင် မောနေတဲ့အလွမ်းများ
အသည်းကွဲရင်းနဲ့လုံးဝမမေ့နိုင် ငိုနေတဲ့နှလုံးသား
တို့ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ထားသွား
လွမ်းလည်းမထူးတဲ့ရက်စက်မှုဟာ သေချာနေပြီးသား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
အလူးအလဲပဲ ကိုယ်ခံစားရ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ..။

သူ့ဘက်လက်တံတောင်ဆစ်ကို ကားဘောင်ပေါ်ဟန်ပါပါတင်လျှက် စတီရီယာကိုကိုင်ထားသည်။ တစ်ဘက်လက်ကတော့ သူ့ဘေးက မိန်းကလေးတစ်ယောက်၏ ပုခုံးကို ဖက်ထားသည်။ မိန်းကလေးက သူ့ပခုံးမှာ ခေါင်းမှီထားသည်။ ကားရေကာမှန်နောက်က သူတို့ကို မှုန်ရီဝိုးတ၀ါးမြင်နေရာမှ ကားနှစ်စင်းက တန်းသွားသည်။ သူ ခေါင်းကိုငဲ့ပြီး ကားထဲကို ကြည့်လိုက်သည်။ ကားထဲက မျက်လုံး နှစ်စုံကလဲ သူ့ကို ပြန်ကြည့်လိုက်သည်။

တစ်ယောက်တည်း…. လမ်းတွေအလယ်
မျှော်လင့်ခြင်းမဲ့စွာနဲ့ သံယောဇဉ်များလည်း
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
ကိုယ်ကြေကွဲတယ်
ရက်စက်တဲ့ အမုန်းတွေလေ…..

မျက်လုံးဝိုင်းမလေးရဲ့ မျက်လုံးတွေ ပိုဝိုင်းသွားသည်။ နှုတ်ခမ်းလေးတွေ ပွင့်ဟာ သွားပုံများ လူတွေကို မြင်စေချင်စမ်းသည်။ ဂန္တ၀င်မြောက်လိုက်ပုံများ။ ကိုကို ဟုပင် ယောင်ယမ်းခေါ်လိုက်သေးသည်ထင်သည်။ သာမန်လူကိုပဲချစ်သည်ဆိုသူ သူမ သာမန်လူနောက်တစ်ယောက်ပခုံးပေါ်မှာ သာမန်ဆန်ဆန် ခေါင်းလေးမှီနေသည်ကို သူ ကြည့်နေမိသည်။ သူ နှုတ်ခမ်းကို ကိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။ ခေါင်းကို ဆတ်ကနဲ့ သည်ဘက်ကိုလှည့်လိုက်ပြီး ဆံပင်တွေထဲ လက်ကိုထိုးသွင်းလိုက်သည်။ နေလုံးက ပင်လယ်ထဲကို မြုပ်ဝင်သွားသည်။ တံတားအောက်က မြူတွေ အလိပ်လိုက်တက်လာသည်။ အနီရောင်ကြိုးလုံးတွေကြားထဲကို ညငှက်တစ်ကောင်ပျံတက်သွားပါတော့သည်။

Tuesday, April 15, 2008

သင်္ကြန်တစ်ခု

ဒီနှစ်သင်္ကြန်တော့ ဒီမြို့လေးမှာ သင်္ကြန်ပွဲ သုံးခုလောက်ရှိတယ်လို့ သိလိုက်ပေမယ့် ဘယ်ပွဲမှ မရောက်ဖြစ်လိုက်။ လွန်ခဲ့တဲ့ နှစ်တော်တော်များများက ဒီမြို့က သင်္ကြန်ပွဲတွေဟာ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတွေ စုပြီး အိမ်တစ်အိမ်အိမ်မှာ ထမင်း၊ဟင်း စုစားပြီး ပြီးသွားလေ့ရှိတဲ့ ပွဲတွေ။ နှစ်တွေကြာလာတာနဲ့အမျှ မြန်မာတွေများလာလို့ ခန်းမတွေငှားပြီး သင်္ကြန်ပွဲတွေဟာ ပိုစည်းကားလာခဲ့တယ်။ နိုင်ငံကျော် ဂီတအနုပညာသည်တွေလဲ လာရောက်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်တော့ ဘယ်မှကို မသွားဖြစ်လိုက်။

မနက်ကတော့ ရုံးသွားခါနီး တိုက်ဆိုင်လွန်းစွာပဲ အလှပြင်အံဆွဲထဲက ထောင့်တစ်ထောင့်မှာ ရွှေပြားလေးတစ်ခုလက်ကနဲဖြစ်သွားတယ်။ လက်နဲ့ဆွဲယူလိုက်တော့ အရောင်တွေ မှိုင်းနေပြီဖြစ်တဲ့ ရွှေတံဆိပ်ပြားလေး။ တံဆိပ်ပြားလေးပေါ်မှာ ရေးထားတာကတော့ နွေရာသီသမ္မာကျမ်းစာသင်တန်း ပထမဆု တဲ့။ ရက်စွဲကတော့ တစ်ထောင့်ကိုးရာကိုးဆယ် ဧပြီလ ၁၂ရက်မှ ၁၉ရက်တဲ့။ ဒီရွှေပြားလေးဟာ ဒီအံဆွဲထဲ ရှိနေတာ တစ်ဆယ့်ရှစ်နှစ်တောင်ရှိနေပေမယ့် ဒီနေ့မှ ထူးထူးခြားခြား သတိထားလိုက်မိတယ်။

ငယ်ငယ်က နွေရာသီရောက်ရင် အထူးသဖြင့် သင်္ကြန်ဝန်းကျင်တွေမှာ ဘုရားကျောင်းက စီစဉ်တဲ့ နွေရာသီသင်တန်းတွေကို မိဘတွေက လွှတ်လေ့ရှိတယ်။ နွေရာသီကျမ်းစာသင်တန်း၊ အလုပ်သင်တန်း၊ ပတ်ဝန်းကျင်လေ့လာရေး သင်တန်း စသဖြင့်ပေါ့။ အဲဒီမှာ အလုပ်သင်တန်းကတော့ အပင်ပန်းဆုံးနဲ့ ကျမ်းစာသင်တန်းကတော့ ပျင်းစရာအကောင်းဆုံးပါပဲ။ သင်တန်းဆုံးရင် စာမေးပွဲကလဲ ဖြေရသေးတယ်။ ပတ်ဝန်းကျင်လေ့လာရေးသင်တန်းကတော့ တောင်ကြီးလို လာရှိုးလိုနေရာတွေ ခရီးထွက်ရလို့ ပျော်စရာအကောင်းဆုံးလို့ ပြောကြပေမယ့် ခရီးဝေးဆိုတော့ အိမ်ကမလွှတ်လို့ တစ်ခါမှ မရောက်ဖူးပါ။ ဒါကြောင့် ပျင်းစရာအကောင်းဆုံး သမ္မာကျမ်းစာသင်တန်းနဲ့ ရပ်ကွက်ထဲက လူကြီးသူမအိမ်တွေကို ရေနံချေးသုတ်၊ ဘုရားကျောင်းကို ဆေးသုတ်၊ ရေမြောင်းဖော် စသဖြင့် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့ အလုပ်သင်တန်းတွေပဲ ရောက်ဖူးခဲ့တယ်။

သင်တန်းတွေမစခင်မှာ ကြီးကြပ်သူ လူကြီးတွေက လူတွေနဲ့ အိပ်ရာလိပ်တွေကို စုရပ်ကွင်းလယ်မှာချပြီး ချက်ချင်း အသင်းသုံးသင်းခွဲလေ့ရှိတယ်။ အနီ၊ အစိမ်း၊ အ၀ါအသင်းစသဖြင့်။ သုံးသင်းလုံးကို အမှတ် တစ်ရာစီပေးထားတယ်။ စည်းကမ်းမလိုက်နာတဲ့အခါ၊ အချိန်မတိကျတဲ့ အခါ အမှတ်နှုတ်သွားတာ အမှတ်အမြင့်ဆုံးကျန်တဲ့ အသင်းက စံပြဆုချီးမြှင့်ခံရတယ်။ တစ်ဦးချင်း စံပြဆု၊ အရည်အချင်းဆု၊ စာမေးပွဲ ပထမ၊ ဒုတိယ၊ တတိယဆု၊ စည်းကမ်းအရှိဆုံးအသင်း စသည်လဲ ဆုတွေရာထားတယ်။ အသင်းတွေခွဲတဲ့အခါမှာ မောင်နှမအရင်းတွေကို ခွဲထုတ်လေ့ရှိတယ်။ သိပ်ချစ်တဲ့ မောင်နှမတွေ ညီအစ်မတွေဟာ အသင်းခွဲပြီးတာနဲ့ တစ်ပြိုင်နက် တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြတော့ဘူးပေါ့ရှင်။ ဆိုရှယ်လစ်လစ်ဇင်လား၊ ကွန်မြူနစ်ဇင်လား၊ အင်ဒီဗစ်ဂျဲလစ်ဇင်လား တိတိကျကျမသိရပေမယ့် လူဆိုတာ ဘာလဲဆိုတာ အဲဒီမှာ နဲနဲပေါ်တော့တာပါပဲ။ သင်တန်းရဲ့ ထမင်း၊ ဟင်းချက်တွေက ၂၅နှစ်လောက်ပဲရှိသေးပေမယ့် အဲဒီတုန်းကတော့ သူတို့ကို လုံးဝအချိန်တွေ ကုန်ဆုံးသွားသော ဟိုင်းဆင်များလို့ ထင်ခဲ့တယ်။ အဲဒီအရွယ်လောက်ဆိုရင်ကို မီးဖိုထဲမှာ ချက်ရေး၊ ပြုတ်ရေး၊ ထင်းခွဲ၊ ရေခပ် လုပ်ကြရတယ်။ သင်တန်းထဲ မပါကြတော့ဘူး။ သင်တန်းသားတွေကလဲ အကြီးဆုံးကမှ ရှိလှ အသက်နှစ်ဆယ်။

မနက်ဆို ငါးနာရီဆိုတာနဲ့ အိပ်ရာက ထရတယ်။ ခြင်ထောင်တွေ စောင်တွေကို ပေါင်မုန့်လေးတွေလို လုံးနေအောင်၊ အစလုံးဝမထွက်အောင် ခေါက်ရတယ်။ ၁၅မိနစ်အတွင်းမှာ သွားတိုက်၊ အိပ်ရာခင်းအပြီးလုပ်ပြီး ကွင်းလယ်မှာ သတိ အနေအထားနဲ့ ရပ်နေရတယ်။ ငါးနာရီ တဆယ့်ငါးဆိုတာနဲ့ ဘုရားစာရွတ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး မနက်စာစားတဲ့အဆောင်ကို တန်းစီသွားရတယ်။ စကားတစ်ခွန်းမှ မပြောရဘူး။ ထမင်းစားဆောင်ရောက်ရင် မတ်တပ်ရပ်ပြီး ဘုရားစာ ထပ်ရွတ်ရတယ်။ ပြီးမှ နံနက်စာ စားရတယ်။ ခက်ရင်းသံ၊ ဇွန်းသံလဲ လုံးဝ မထွက်ရဘူး။ ကိုယ်ကိုမတ်ပြီး ဇွန်းကို ပါးစပ်ကို သယ်ရတယ်။ ပါးစပ်ကိုပိတ်ဝါးပြီး တောင့်တောင့်ကြီး စားရတာပေါ့။ စားရခြင်းသည်လဲ တစ်ဒုက္ခဆိုတာ အဲဒီမှာ သိပ်သိသာတာပါပဲ။ အောက်စဖို့တက္ကသိုလ် တက်နေရတာထက်ဆိုးမယ်ထင်တယ်။

နံနက်စာ စားပြီးတာနဲ့ ကျမ်းစာသင်တန်းဆိုလဲ ဆိုင်ရာသင်တန်းခန်းမကိုသွား၊ ဒါမှမဟုတ် အလုပ်သင်တန်းဆိုလဲ ပေါက်တူး၊ ဘာညာယူပြီး တူးဆွဖို့ သွားရတော့တာပါပဲ။ အလုပ်သင်တန်းကတော့ တော်တော်လေးပင်ပန်းတယ်။ အိမ်သာကျင်းတူး၊ ရေနံချေးသုတ်။ မိန်းကလေးတွေကိုတော့ ယောင်္ကျားလေးတွေက ညှာပါတယ်။ သူတို့ပဲ သိမ်းကြုံးလုပ်တာများတယ်။ သိပ်အလုပ်ကြိုးစားပြီး စံပြဆုလိုချင်တဲ့ ခေါင်းဆောင်မျိုးနဲ့ တွေ့ရင်တော့ မချောင်ဘူး။ တစ်နှစ်ကတော့ အသင်းတစ်သင်းကခေါင်းဆောင် စံပြဆုလိုချင်လို့ သူတို့နေတဲ့ အဆောင်တစ်ခုလုံးက ကော်ရစ်ဒါကို လက်လက်ထအောင် ရေပတ်တိုက်လိုက်ပြီး စံပြဆုကို ထိုက်ထိုက်တန်တန် ခူးဆွတ်သွားလေရဲ့။

တချို့သိပ်ငယ်ပြီး အိမ်နဲ့မခွဲဖူးတဲ့ မိန်းကလေးအချို့ကတော့ ပေါက်တူးပေါက်ရတော့မယ်ဆိုတာနဲ့ ကြွက်တက်တယ်၊ ခေါင်းမူးတယ်၊ နှာခေါင်းသွေးယိုတယ်၊ ၀မ်းကိုက်တယ်ဆိုပြီး ယဲ့ယဲ့ပဲ ကျန်တော့တဲ့ ပုံနဲ့ ဆေးခန်းထဲ တန်းစီဝင်အိပ်နေလိုက်တာ နေ့လည်စာစားချိန်ဆိုရင်တော့ သွားတွေအကုန်ပေါ်အောင်ရယ်ပြီး ထမင်းစားဆောင်ရှေ့မှာ သူတို့ပဲ ထိပ်ဆုံးက တန်းစီနေပါလေရော..။ ထမင်းစားပြီးတာနဲ့ သူတို့က ချက်ချင်း ကြွက်တက်ပြီး မူးပြီး ဆေးခန်းထဲ ပြန်ရောက်နေကြတယ်။ အဲဒီလူတွေပဲ ညနေဆို ထမင်းစားဆောင်ရှေ့ ခြောက်နာရီမထိုးသေးဘူး ရောက်နေတော့ အမှတ်နှုတ်ခံထိတော့တာပေါ့။

ညနေစောင်းလို့ ဧည့်ချိန်ဆိုရင် အိမ်က ဘယ်သူလာမလဲ မျှော်ရတာအမော။ မိဘတွေလာရင် ပြေးဖက်ပြီး ချွဲသူချွဲကြ၊ အိမ်ပြန်ချင်တယ် ငိုသူငို။ တစ်ပတ်လောက်အိမ်နဲ့ခွဲရတာဟာ တစ်နှစ်လောက်လိုပဲ ခံစားရတယ်။ ညစာစားပြီးရင်တော့ နားချိန်ရတယ်။ ဂစ်တာစုတီးသူတီး၊ ပြဇတ်တွက် ဇာတ်ညွှန်းရေးသူရေး၊ လမ်းလျောက်ထွက်သူထွက်၊ စာဖတ်သူဖတ်၊ ပဲထုတ်ပြီး (အမှတ်ပိုရမလားရယ်လို့) ပုလ္လင်ရှေ့ ဘုရားရှိခိုး ဟန်ဆောင်သူလဲရှိသေးရဲ့။ ညနေစောင်းတစ်ခု သူငယ်ချင်းမိန်းကလေးတွေစုပြီး ခိုင်ထူးလားမသိဘူး (မမှတ်မိတော့) သူရဲ့ သီချင်းတစ်ပုဒ်ကိုဖျက်ပြီး “ဒီကချက်တဲ့ ထမင်းနဲ့ဟင်းဟာ အိမ်ကချက်တဲ့ဟင်းလောက်မကောင်းဘူး၊ အမေ့လောက် ကိုယ့်အပေါ်ဘယ်သူမှ မကောင်းဘူး၊ ရှာမနေတော့ဘူး အဖေ့လောက် ကောင်းတဲ့သူ ရှိတော့မှာမဟုတ်ဘူး” ဆိုပြီး ထပ်ခါထပ်ခါ ကြော့ပြီး အော်ဆိုမိလို့ အသင်းရဲ့အမှတ် နှုတ်ခံထိလိုက်တယ်။ ခက်တာက အမှတ်နှုတ်နေတာ ဘယ်သူဆိုတာ မသိရတာပဲ။ ဒါကိုက ပျော်စရာတစ်မျိုးဖြစ်ပေမယ့် အဲဒီတုန်းကတော့ မပျော်ပါဘူး။

တစ်ထောင့်ကိုးရာ ကိုးဆယ်ခုနှစ်ကတော့ ရန်ကုန်မြို့ပြင် မြို့လေးတစ်မြို့က ဘုရားကျောင်းဝင်းတစ်ခုထဲမှာ သမ္မာကျမ်းစာသင်တန်းသွားတက်တယ်။ ခြံဝင်းကြီးထဲမှာ ပိန္နဲပင်၊ သရက်၊ မာလာကာ၊ ဇောင်းကားပင်၊ စုံနေတာပဲ။ အသီးတွေလဲ ပြွတ်သိပ်သီးနေတာ စားချင့်စဖွယ်ပေမယ့် ခူးတာမိတာနဲ့ အမှတ်တွေအများကြီး နှုတ်မယ်ဆိုလို့ ဘယ်သူမှ မထိရဲဘူး။ ဖြစ်ချင်တော့ ကိုယ်က အပြာအသင်းရဲ့ မိန်းကလေးခေါင်းဆောင်ဆိုတော့ ကိုယ့်လူတွေကို ကြပ်မတ်ထားတယ်။ ယောင်္ကျားလေးတွေကတော့ ညနေသင်တန်းပြီးတာနဲ့ သူတို့တည်းခိုရာ ရွာထဲက အိမ်တွေကိုအပြန်လမ်းမှာ ခိုးခိုး ခူးသွားတယ်ကြားပေမယ့် မိန်းကလေးတွေကတော့ ကျောင်းဝင်းထဲက အဆောင်တွေပေါ်မှာပဲ နေရတော့ ဘာမှ လုပ်လို့မရ။ ထူးခြားတာက တောနက်ပေမယ့် ညည ခြင်တစ်ကောင်မှ ရှိမနေတာပဲ၊ ပါလာတဲ့ ခြင်ထောင်တွေ အိပ်ထဲကတောင် ထုတ်စရာမလို။ လေလဲမပြင်းပဲ သိပ်အိပ်လို့ကောင်းတဲ့ညတွေထဲမှာ အဲဒီသင်တန်းညတွေလဲပါတယ်။ ညဆို ကိုးနာရီခွဲတာနဲ့ မီးရောင်မရှိစေရတော့ဘူး။ တစ်ညကျတော့ မမတွေ ဘာစိတ်ကူးပေါက်လဲမသိဘူး။ အစားတွေစားတာများတယ်ဆိုပြီး အဆောင်ပေါ်မှာ အမှောင်ကြီးထဲ အေရိုးဘစ် ထခုန်တာ အရှိန်လွန်ပြီး တစ်ယောက်ရဲ့ မျက်မှန်ကို တက်ကြိတ်မိတာ အဲဒီမိန်းကလေး အရမ်းကို ငိုသွားတယ်။

သင်တန်းတွေမှာ ပျော်စရာအကောင်းဆုံးအချိန်ကတော့ ညနေစာစားအပြီး ကစားချိန်၊ နားချိန်ပါပဲ။ ပြဇာတ်ပြိုင်ပွဲ၊ အနုပညာပြိုင်ပွဲတွေပြီးရင် သတင်းစာဖွင့်ပွဲရှိတယ်။ သတင်းစာထဲမှာ မပြောရဲတာတွေကို အကုန်ရေးကြတော့တာပဲ။ ဘယ်သူဘယ်ညက အိမ်သာမသွားရဲလို့ ဘယ်နေရာမှာက အစ…. ဘယ်သူ့ကို နှစ်သက်မိပါတယ်ဆိုတာတွေရော ကဗျာတွေ၊ စာတွေနဲ့ ရေးကြတာတွေကို ဖတ်တဲ့ပွဲ။ စာပေစီစစ်ရေးတော့ ရှိတာပေါ့လေ။ စိတ်ညစ်စရာအကောင်းဆုံးကတော့ နေ့လည်စာစားပြီး သင်တန်းပြန်တက်ချိန်ပဲ။ ကျမ်းစာသင်တန်းဆိုတော့ လူတွေက ဟန်မဆောင်နိုင်အောင် ငိုက်တော့တာပါပဲ။ အဲဒါကို အမှတ်ထိုင်နှုတ်သူတွေက စိမ်ပြေနပြေ ထိုင်နှုတ်တော့တာပဲ၊ ယောင်္ကျားလေးတွေကလဲ ညနေစောင်းက ခိုးထားတဲ့ အသီးအနှံတွေကို လက်သိပ်ထိုးပေးပြီး အိပ်ချင်ပြေအောင် ကူညီကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရဘူး။

တစ်နေ့တော့ ရွာထဲကို လုပ်အားပေးဖို့ထွက်ကြတယ်။ အသွားမှာ တန်းစီပြီး စည်းကမ်းရှိစွာ ငြိမ်ပြီး သွားကြတယ်။ ရွာထဲရောက်တော့ ထင်းခွေ၊ ရေခတ် လုပ်အားပေးကြတာပေါ့။ ရွာထဲမှာ ပိတောက်တွေ ထိန်နေပေမယ့် စည်းကမ်းရှိရမယ်ဆိုလို့ မော့တောင် မကြည့်မိပါဘူး။ ညနေစောင်းတော့ လေနုအေးက တိုက်ခတ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဧပြီလ ၁၅ရက်နေ့။ အဆောင်ကို ပြန်ဖို့ အားလုံးတန်းစီနေပေမယ့် ရင်ထဲမှာ အားလုံးကြိတ်ပြုံးနေတယ်။ သင်္ကြန်မိုးရွာတော့မယ်လေ။ အဲဒီအချိန်မှာပဲ သင်္ကြန်မိုးက ဖြုန်းဆို သဲသဲမဲမဲရွာပါလေရော။ ဘယ်သူမှ ထီးမပါဘူး။ မိုးရွာထဲမှာ တန်းစီပြီး ပြန်ကြတယ်။ မိုးကပိုသဲလာတယ်။ လူတွေကလဲ တုပ်တုပ်ရွှဲနေပြီ။ ဖုန်တထောင်းထောင်းထတဲ့ ရွာလမ်းမက မြေတွေ စီးကပ်ချွဲကျိနေတာ လမ်းတောင် လျောက်လို့မရတော့ဘူး။ ဘယ်လိုမှ လျောက်လို့မရကြတော့လို့ ဖိနပ်တွေခ,ျွတ်လျောက်ကြတယ်။ မိန်းကလေးတွေ တစ်ယောက်နဲ့ တစ်ယောက်တွဲပြီး တုန်တုန်ချိချိနဲ့လေ။ တစ်ခါမှ မကြုံဘူးတော့ ကုန်းအဆင်းမှာတစ်ယောက်က ချော်လဲတာ ဒိုမီနိုလိုဖြစ်ပြီး ကုန်းအောက်က လူတွေပါ အကုန်လဲကျ၊ ပြန်ကုန်းထ၊ ပြန်လဲကျ၊ ရီကြမောကြ၊ အော်ကြဟစ်ကြနဲ့။ ဆူညံနေတာပဲ လူက အယောက် ရှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ လမ်းဘေးခြုံတွေထဲက ကင်းမလက်မဲတွေ ထွက်လာတော့ မိန်းကလေးတွေ ငယ်သံပါအောင် အော်ပြေးလို့ ချော်လဲပြီး မိုးရေတွေကော ရွံတွေကော အလူးလူးနဲ့ပေါ့။ အဲဒီနေ့က ဆရာ ဆရာမတွေက ရေပက်ခွင့်ပေးလိုက်တယ်။

အဲဒီနှစ်က ကိုယ်တို့အပြာအသင်း စံပြဆုရခဲ့တယ်၊ ကိုယ်တို့အသင်းရဲ့ယောင်္ကျားလေးခေါင်းဆောင်လဲ စံပြမောင်ဆုရခဲ့တယ်။ အုပ်စုလိုက်သီချင်းပြိုင်ပွဲမှာလဲ ကိုယ်တို့အသင်း ပထမဆုရခဲ့တယ်။ အဲဒီတုန်းက သူငယ်ချင်းအချို့တွေ အခုတော့လဲ ကမ္ဘာအနှံ့ရောက်နေကြပြီ။ တစ်ကယ်လို့ အမှတ်တမဲ့နဲ့ ဒီစာစုလေးဖတ်မိလိုက်မယ်ဆိုရင် တစ်ချိန်တုန်းက သင်္ကြန်တစ်ခုရဲ့ သင်္ကြန်မိုးနဲ့ သင်တန်းလေးတစ်ခုကို အမှတ်ယလိုက်မိကြလိမ့်မယ်ထင်ပါတယ်….။

Sunday, April 13, 2008

ကြည်ပြာ

ကောင်းကင်က လမင်းရွှန်းရွန်းစိုစို.. အို သာနေလှသကိုး။ ကျွန်တော်မျိုးမ ဒီလိုလှတဲ့ ညတွေမှာ အစိမ်းရောင်ကမ္ဘာ ထဲက သခင့်ကို မော်ဖူးလို့ ပျော်ဖူးခဲ့တယ်နော်..။ လေပြေနုနုလေး ကျွန်တော်မျိုးမ ကိုယ်ပေါ်ကို လျှပ်တိုက်ပြေးသွားတော့ မွှေးညှင်းနုလေးတွေက လှိုင်းကြက်ခွပ်သဖွယ် လှုပ်လီလှုပ်လဲ့ ရယ်မောလိုက်ကြတယ်..။ ညငှက်တစ်ကောင် လန့်ပျံသွားတာကို တားမည့်သူ မရှိတော့ဘူးလားလို့ ကျွန်တော်မျိုးမ အလန့်တကြားနဲ့ ပတ်ဝန်းကျင်ကိုလေ လှည့်ပတ်ကြည့်မိပါတယ်။ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လွန်းနေတယ်…။
သခင်ရယ်…

ကျွန်တော်မျိုးမကို လူတွေက အရောင်မဲ့တယ်လို့ ထင်ကြတယ်..။ တစ်ကယ်တော့ ကျွန်မလက်ကို နနွင်းမှုန့်ထိကြည့်ပါ.. ၀ါထိန်သွားတော့မပေါ့။ မှင်တစ်စက် ပက်ကြည့်လိုက်.. အပြာရောင်တွေ လွှမ်းသွားလိမ့်မယ်။ ကျွန်တော်မျိုးမရဲ့လက်.. အက်စစ် တစက်နဲ့ တွေ့မယ်ဆိုလဲ နီရဲလို့ သွားလိမ့်မယ်..။

ကျွန်တော်မျိုးမကို တိတ်ဆိတ်လွန်းသူလို့လဲ သူတို့က ပုံဖော်တတ်ကြသေးတယ်သခင်..။ ဒါပေမယ့် သခင်ရယ်… လေပြေလာတဲ့ ညတွေမှာ ကျောက်တုံးတွေကြားထဲ ခပ်တိုးတိုး ရယ်မောတတ်သလို..၊ မိုးသည်းတဲ့နေ့တွေမှာ သခင့်ကို လွမ်းလို့ ခါးခါးသီးသီးနဲ့ တ၀ုန်းဒိုင်းဒိုင်း အော်ဟစ်ငိုယိုတတ်ပါတယ်…။ တစ်ခါတစ်ရံ အမိုးနိမ့်နိမ့် အိမ်ခေါင်မိုးတွေပေါ်မှာ တရစပ်လျောက်ပြေးရင်း သခင့်ကို ရှာမိတတ်တယ်..။

ခိုကိုးရာမဲ့တဲ့ နေ့တွေမှာ လေးထောင့်ပုံ အခန်းတစ်ခုထဲမှာ လေးထောင့်ဆန်စွာ အိပ်မောကျဖို့ ကြိုးစားမိသလို၊ စက်ဝိုင်းပုံ ခုံတစ်လုံးပေါ်မှာလဲ အဆင်ပြေအောင် လှဲလျောင်းတတ်လာတယ်။

သခင်ရယ်…
အစိမ်းရောင် ကမ္ဘာနဲ့ဝေးလို့ သခင်နဲ့ဝေးတာလဲ ကြာခဲ့ပေါ့သခင်..။
အခုလေ.. သူတို့..
သူတို့ ကျွန်တော်မျိုးမကို ငွေလင်ပန်းနဲ့ သယ်ဆောင်သွားနေကြတယ်…။ အရောင်စုံပိုးဖဲ ကတ္တီပါတွေ တဖျတ်ဖျတ်လက်တဲ့ နန်းတော်ကြီးလိုနေရာတစ်ခုကိုပေါ့။
ဟော… ဂီတသံတွေလဲ စီးမျောလာနေတယ်..။ ပူလောင်ပြင်းပျတဲ့ ဂီတသံတွေနဲ့အတူ လုံမပျိုလေးတွေရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ပေါ်မှာ ဂီတတွေနဲ့အတူ အ၀ါရောင်ပန်းတွေ။ အဲဒီလုံမပျိုတွေရဲ့ ကိုယ်ပေါ်မှာ ကျွန်တော်မျိုးမ နားခိုအိပ်စက်လိုက်တဲ့အခါ ပတ်ဝန်းကျင်က ယောင်္ကျားသားတွေ ဘယ်လိုဖြစ်သွားမယ် သခင်ထင်သလဲဟင်…။
သူတို့တွေအားလုံးကတော့ အရင်တုန်းကလိုပဲ ကျွန်တော်မျိုးမကို သန့်ရှင်းစင်ကြယ်သူလို့ သတ်မှတ်လို့ သူတို့ကိုယ်ပေါ်မှာ သွန်းလောင်းကြဖို့လေ …။
ဒါပေမယ့်…
ဒါပေမယ့်.. သခင်ရယ်…
အဖန်ဖန်အတေတေ နှစ်ပေါင်း လေးဘီလီယံကျော်လာသည်အထိ ၀တ်ရုံတွေ လဲရတဲ့ ကျွန်တော်မျိုးမ ဘယ်လောက်ဖြူစင်နိုင်တော့မလဲ သခင်ရယ်…။
ကျွန်တော်မျိုးမရဲ့ ကိုယ်ထဲက သူတို့ ကိုယ်တိုင်ထိုးသွင်းပေးထားတဲ့ အဆိပ်တွေ သူတို့အရေပြားတွေထဲက တဆင့် စိမ့်ဝင်တိုးဖောက်.. အနက်ရှိုင်းဆုံးဆီကိုလေ……..။
ဟင့်အင်း.. ကျွန်တော်မျိုးမကို အစိမ်းရောင် ကမ္ဘာထဲ ပြန်ပို့ပေးပါသခင်..
ပြန်ပို့ပေးပါတော့…။
ဖြူစင်မှုတစ်ခု ပန်ပေးပါတော့သခင်…..။


သီတာ….
အရောင်မဲ့တယ်လို့ ထင်ကြပေမယ့် ..
သီတာဆိုတာ..
နံနွင်းမှုန့်ကျသွားတော့လဲဝါ
မှင်တစ်စက်ကျမယ်ဆိုတော့ပြာ
အက်စစ်နဲ့တွေ့တော့နီ
ကျောက်တုံးတွေကြားထဲစီးတော့ ရယ်သတဲ့…

သီတာ…
သဏ္လာန်မရှိဘူးလို့ ထင်ကြပေမယ့်..
လေးထောင့်ခွက်ထဲမှာအိပ်
စလင်ဒါထဲမှာ သိပ်
စက်ဝိုင်းပုံထဲမှာခွေ
နွေပူအောက်မှာတော့ အတောင်ပံခတ်လို့
တဖတ်ဖတ်နဲ့ မရပ်မနား
ကမ္ဘာအနားစွန်းမှာ… လှည့်ပတ်ပျံသန်းသွားတတ်သေး သတဲ့…

သီတာ…
အပူချိန်ကို အလိုလိုက်လို့
ပူ နွေး အေး စို
ညို လေး ခဲ သကို…
သီတာဆိုတာ အဖြူပါလို့ လူတွေဆိုလဲ
နှစ်တွေပြောင်းလို့ ကာလငြောင်းသည်
အက်စစ်မိုးနဲ့ မီးခိုးဝေသီလို့
မဖြူနိုင်တော့တဲ့ သီတာ..
မကြည်နိုင်တော့တဲ့သီတာ…
မမြနိုင်တော့တဲ့ သီတာ..
မလှနိုင်တော့တဲ့ သီတာ..
အို…
သီတာရယ်..………။

Tuesday, April 08, 2008

ကောင်းကင်တစ်စုံတစ်ရာ… ၂

ကျွန်ုပ်တို့အနားတွင် ခေတ္တပဲ ဖြစ်ဖြစ်လာနေကြည့်ပါ…
နာကျင်မှုများမှ ပုန်းကွယ်လိုသည်ပဲဖြစ်ဖြစ်…
ကျွန်ုပ်တို့ကို နေရောင်ခြည်ဟုလို့လဲ တင်စားနိုင်ပါသည်…
သင့်ဝိညာဉ် ခေတ္တနားခိုရာပဲဖြစ်ဖြစ်ပါ..
ကျွန်ုပ်တို့ဟာ စွမ်းအင်များအခြေခံရာနေရာလဲ ဖြစ်ကောင်းဖြစ်မယ်..




ဒီကမ္ဘာကြီးကို သင်တို့တွက် ပေးထားတယ်..
သင်တို့ရဲ့ နှလုံးသားတွေကို လေထဲမှာ လက်နဲ့ ကိုင်မြှောက်ထားလိုက်ပါ..
နာကျင်ခြင်းတွေကို အနည်းငယ်ပဲဖြစ်ဖြစ် သက်သာလိုသက်သာငြား…

သင်တို့နေတဲ့ ကမ္ဘာကြီးက အ၀တ်စုတ်တစ်ခုလို စုတ်ပြတ်သတ်နေတဲ့အခါ..
ကမ္ဘာ့ သက်တမ်း ကုန်ဆုံးတော့မယ့်အခါ…
ကျွန်ုပ်တို့နဲ့ လာနေလို့ ရပါတယ်..

လူတွေအားလုံး သူစိမ်းတွေဖြစ်နေတဲ့အခါ..
သင်တို့ ဒီနေရာမှာ နားခိုနိုင်ပါတယ်..
ငြိမ်သက်ခြင်းတွေ ပိုင်စိုးတဲ့ အချိန်တစ်ခုလေးထဲမှာပဲ ဖြစ်ဖြစ်..

ဟိုးအောက်က မှောင်မဲနေတဲ့ ဒေသတစ်ခုကို အလင်းရောင်ပေးလိုက်ပါ..
ကြယ်တွေကို ဖောက်ထွင်းမြင်ကြည့်ပါ..
ကျွန်ုပ်တို့နှလုံးသားတွေထဲက အပျော်မြစ်ရေတွေထဲ စီးဆင်းသွားတဲ့
ကမ္ဘာကြီးကို ဖမ်းဆုပ်ယူပါ…
စွမ်းအားတွေကို ချည်တိုင်က လွတ်လိုက်ပါ..

ငြိမ်သက်ခြင်းတွေ ပိုင်စိုးတဲ့ အချိန်တစ်ခုပဲဖြစ်ဖြစ်

DISCLAIMER :
All Gregorian - Send Me An Angel lyrics, artist names and images are copyrighted to their respective owners. All Gregorian - Send Me An Angel song lyrics are restricted for educational and personal use only.
http://www.lyricstime.com/gregorian-send-me-an-angel-lyrics.html
စာသားများကို မိမိကိုယ်ပိုင် အနုပညာခံစားချက်ကို အခြေခံပြီး ချရေးထားခြင်းဖြစ်ပါတယ်…
မူရင်းသိလိုပါက အထက်ပါ ဆိုဒ်ကိုသွားပါ..

LinkWithin

Related Posts Plugin for WordPress, Blogger...