မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, March 22, 2008

မွန်းလွဲစာ

“စောင့်နေတာကြာပြီလား”

“မကြာသေးပါဘူး”

“စားနှင့်တာမဟုတ်ဘူး”

“စောင့်နေတာလေ.. တူတူမှာစားဖို့”

“မှာပေးရမလား”

“အင်း.. ဘရော့ကာလီကိရှ် နဲ့ ပန်းသီးဖျော်ရည်ပဲ ယူတော့မယ်..”

“အင်း ကိုယ်သွားယူလိုက်မယ်..”

“ကျေးဇူး..”

“ပန်းသီးဖျော်ရည်ကုန်နေတယ်တဲ့ သဘောင်္သီးဖျော်ရည်ရတယ်မဟုတ်လား”

“ရပါတယ်.. ကြိုက်တယ် ကျေးဇူး”

“အဲဒီကျေးဇူးဆိုတာကြီး ခဏခဏမပြောပါနဲ့လား”

“အကျင့်ပါနေလို့ပါ”

“ဒါနဲ့ မင်းရဲ့ နောက်ဆုံးပို့စ်လေးကို လူတွေဘယ်လိုမြင်မယ်ထင်လဲ၊ အစုံမြင်နေကြတယ်
နည်းနည်း နားလည်ရခက်မယ်နော်”

“အင်း စောင့်ကြည့်နေတာ လူတွေရဲ့ ဆိုက်ကိုတွေကိုလေ.. သိပ်စိတ်ဝင်စားဖို့ကောင်းတယ်”

“မင်း ရေးထားတာ သိမ်မွေ့ပါတယ်၊ ဒါပေမယ့် လူတွေမြင်တာက တစ်မျိုးနော်၊ ငါးကြင်းကြော်ပြီးရင် ကလပ်ဖြစ်နေဦးမယ်.. ”

“ဟင်.. ဘာလို့လဲ၊ သေသေချာချာဖတ်ရင် conformity ကိုရေးထားတာပါ
sense of belonging regardless of one's own belief ကိုရေးတာလေ၊ ဘာဖြစ်ကုန်ပြန်ပြီလဲ”

“ဘေးလူတွေအနေနဲ့ဖတ်ကြည့်ရင် မင်းကို ဆိုရှယ်ကျတယ်၊ အနောက်ကိုအထင်ကြီးတယ်လို့ မြင်နိုင်တယ်”

“အဲ… ကျမ relatively မြန်မာဆန်ပါတယ်.. ၊နောက် ဒါ.. ၀တ္ထုလေ”

“စာရေးသူတစ်ယောက် ကွန်မင့်ရေးသွားသလို ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ပြီး အသင်းဝင်ဖြစ်ဖို့စတေးတယ်ဆိုတာ… အဲဒါကိုပဲကွက်ပြီး လူတွေအများစုမြင်နိုင်တယ်”

“ဟင်.. ၀တ္ထုလေ.. နောက်ပြီး ကျွန်မမှာ ခွေးလဲမရှိဘူး”

“အဲလိုမငြင်းနဲ့လေ ဆရာမကလဲ၊ ရှိသားပဲ၊ ခွေးသုံးကောင်တောင်မဟုတ်လား”

“ဟင်.. ဘယ်မှာလဲ”

ဒေါ့ကွန်းတဲ့၊ ဘလော့ဂ်တဲ့၊ အိပ်မက်တဲ့…. ဟားဟား”

“အိုးးးးးးးးးးးးးးးး”

“ဒါပေမယ့် ကျွန်မပေးချင်တာတွေကို စာဖတ်သူတွေက prism လို တစ်ခြမ်းစီတစ်ခြမ်းစီက ကိုယ်စီမြင်တာကို သိပ်ကြိုက်တယ်”

“ဟုတ်တယ်.. ဒါပေမယ့် အစိတ်စိတ်အမွှာမွှာကွဲထွက်ပြီး တကယ့်အစစ်အမှန်ကိုလည်း ထောင့်တစ်ခုအနေနဲ့ အထင်မှားသွားတတ်တာကိုလည်း သတိထားသင့်တယ်နော်”

“အင်း.. ဆက်ပြောပါ”

“ဘယ်လိုပြောရမလဲ… ဟိုဟာပေါ့နော်…အင်း.... ပြောချင်တာကပေါ့နော်…”

“အမလေး… ပြောမှာသာပြောပါ…၊ စိတ်သိပ်မရှည်ချင်ဘူး”

“ပြောပါ့မယ်.. နောက်ဆုံးမှာ ကောင်မလေးက ကောင်လေးကို အကြာကြီးနမ်းတဲ့အခန်းလေ”

“အင်း”

“မြန်မာတွေအမြင်မှာ တစ်မျိုးဖြစ်မယ်”

“ရှင်… ”

“ဖတ်မိသူတွေ အသည်းယားလိမ့်မယ်”

“ဟင်…ဟုတ်လို့လား.. သူအသည်းယားတိုင်း”

“ဟားဟား”

“ဒါ ၀တ္ထုလေ.. အနောက်ကို အထင်ကြီးတယ်မြင်မယ်ဆိုရင်လဲ မြင်ပါစေ.. အနည်းနဲ့အများ အထင်ကြီးလို့ အပြင်ကို တစ်နည်းနည်းနဲ့ ကျွန်မတို့တွေ ရောက်နေကြတာပဲမဟုတ်လား”

“အခုဟာက စားပွဲပေါ်ကို ချပြတာကိုပြောနေတာ.. မင်းရဲ့ ကဗျာတစ်ပုဒ်ထဲကလိုပေါ့၊ အကုန်ချပြမလို့လား”

“ဟုတ်တယ်လေ.. မ၀ံမရဲနဲ့ တတ်သမျှမှတ်သမျှ ခံစားချက်နဲ့ ချက်ထားတဲ့ ဟင်းလေးတွေ၊ နောက်ပြီး သူများဆီက ရလာတဲ့ ချက်နည်းအသစ်လေးတွေကိုလဲ အစမ်းချက်ပြီး စားပွဲပေါ်တင်ပြနေတာပါ၊ တချို့ဟင်းတွေက အစပ်အဟပ်တည့်ချင်မှလဲ တည့်မပေါ့”

“အကုန်ချကျွေးမလို့လား”

“ဒါကတော့ ကိုယ်ဘယ်လောက် ချက်နိုင်လဲအပေါ်မှာ မူတည်ပါမယ်၊ စားသူတွေကတော့ သူနှစ်သက်ရာကို စားသွားမှာပဲလေ၊ ကောင်းတယ်မကောင်းဘူးလဲ လွတ်လပ်စွာပြောခွင့်ရှိပါတယ်”

“မတည့်တာတွေ စားမိပြီး တစ်စုံတစ်ခုဖြစ်လို့ကတော့ ကျေးဇူးမတင်တဲ့အပြင် အမေရိကန်တွေလို ချကျွေးသူကို တရားစွဲနေဦးမယ်နော်.. ဟားဟား”

“အဲ.. ဘာပြောရမှန်းတောင်မသိဘူး”

“အချစ်ဝတ္ထုလေးတွေပဲ ရေးပါလား အပြစ်ကင်းကင်းလေးတွေ”

“ကုန်ကြမ်းကုန်ပြီ”

“ဗျာ..”

“ဟွန်းဟွန်း၊ စ တာပါ… ဟိုလေ စာရေးတယ်ဆိုတာ အဲလိုမရဘူးလေ၊ ခံစားချက်မရှိပဲနဲ့ အတင်းလုပ်ပြီး ရေးလို့မှ မရတာ၊ နောက်ပြီး အချစ်ဝတ္ထုတိုင်းကလဲ အပြစ်နဲ့မှ မကင်းကြပဲ၊ အဲဒါတွေရေးတော့လဲ စိတ်ကူးယဉ်ဆန်သတဲ့.. ”

“အင်းပါကွာ.. မင်းစိတ်ချမ်းသာရင်ပြီးတာပါပဲ.. ကဲ ဒါကို ကုန်အောင်စားဦး၊ ကိုယ်သွားမယ်”

“အင်း… ခုနေ..ကန်ဇွန်းရွက်ကြော်နဲ့ ငပိကြော်လေးနဲ့ စားရရင်ကောင်းမယ်နော်”

“ရုံးဆင်းရင် ကုလားမကြီးဆိုင်မှာ သွားဝယ်ကြမယ်လေ.. ဟုတ်ပြီလား”

“ဟုတ်.. ကျေးဇူး”

“လုပ်ပြန်ပြီ..”

“ဟင်းဟင်း.. ဆောရီး”

“အိုကေနော်.. ညနေတွေ့မယ်”

“အင်း.. တွေ့မယ်”

“ဘိုင်”

“ဘိုင်”

Thursday, March 20, 2008

ကလပ်

အိမ်ရှေ့တံခါးကို သော့လှဲ့ပိတ်ပြီး ကားရှိရာသို့လျောက်လာတော့ အေးစက်ကျွတ်ခဲ နေသောလေက ဆံပင်တွေထဲ၊ လက်ချောင်းတွေထဲအထိ တိုးဝင်သွားသည်။ ကားတံခါးဖွင့်လိုက်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်တော့ လမင်းက တိမ်တွေခြံရံလျှက် ခပ်တိုးတိုးသာနေသည်။ ဟိုင်းဝေးလမ်းမပေါ်ရောက်တော့ ကားတွေရှင်းနေသည်။ သူ ကျေနပ်စွာပြုံးလိုက်သည်။ ကားဒိုင်ခွက်က နာရီက နံနက် ငါးနာရီကို ညွှန်ပြနေသည်။ ရေဒီယိုကိုဖွင့်လိုက်သည်။ နယူးယောက် ဂါဗာနာ အဲလိယက် စပစ်ဇာ အကြောင်း ယခုထိ ပြောလို့ မပြီးနိုင်ကြသေး။ မျက်ခုံးကို မသိမသာရှုံ့လိုက်ပြီး လိုင်းပြောင်းလိုက်သည်။ သတင်းကြေငြာနေသူ အမျိုးသမီးက ခပ်စွာစွာနှာခေါင်းသံနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အကမယ်တစ်ဦးအား ပိုက်ဆံပေးပြီး ကခိုင်းရာတွင် ထိုအကမယ်၏ ဒေါက်မြင့်ဖိနပ်က သူ့ပါးကိုထိသွား၍ တရားစွဲမည်ဆိုသည့်သတင်းကို စိတ်ဝင်စားအောင်ပြောနေသည်။ သူ မျက်ခုံးမြှင့်ပြီး သက်ပြင်းချမိသည်။ ရေဒီယိုကိုပိတ်ချလိုက်သည်။ ဒီလောက်လှတဲ့ နံနက်ခင်းမှာ ဒီလိုသတင်းတွေ နားမထောင်လိုသည့် သူ့ကို ဗဟုသုတ မရှာဖွေလိုသူ၊ ပတ်ဝန်းကျင်ဘာဖြစ်နေသလဲ မသိသော လူထူးလူဆန်းတစ်ဦးလို မြင်ကြလေမလား။ သူ့အတွက်ကတော့ ဒါတွေဟာ သတင်းတွေထက် အတင်းတွေဟု မြင်မိသည်။ လူ့သမိုင်းကိုပြောင်းလဲသွားစေနိုင်သည့် အဖြစ်အပျက်တွေဟုတ်မဟုတ်ကတော့ အချိန်က ဆုံးဖြတ်သွားပါလိမ့်မည်။

ကားပြူတင်းကိုတစ်ဝက်ရောက်သည် အထိ ဖွင့်ချလိုက်သည်။ ကျွတ်ဆတ်နေသောလေတွေ တရောဟော တိုးဝင်လာသည်။ ကားအရှိန်ကိုမြှင့်လိုက်သည်။ တံတားအောက်က ရေတွေ အရောင်တလက်လက် တောက်ပနေသည်။ ကတ်ဆက်ခလုတ်ကိုနှိပ်လိုက်တော့ မာရဇ္ဖ၏ အက်ရှနေသော အသံက ခပ်ကြမ်းကြမ်းလွင့်သွားသည်။

“အချစ်ဆုံးပေးတဲ့ ရက်စက်ခြင်း.. ဓားသွားထက်…”
ဟင်း အားလုံးခါးသီးနေကြပါလား။ မိုးတောင်မလင်းသေးဘူး ဘ၀ဆိုတာ ခါးသီးမှုတွေနဲ့ ကြုံနေရပါလားဟု နှုတ်ခမ်းကို မသိမသာတွန့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ အသင့်ဖျော်လာတဲ့ ကော်ဖီခါးခါးကို မော့သောက်လိုက်ရင်း သီချင်းကို ထပ်ကျယ်ပစ်လိုက်သည်။

ရုံးအောက်က ကားပါကင်ထဲရောက်တော့ နံနက်ငါးနာရီခွဲပြီ။ ကားသုံးလေးစင်းပဲတွေ့သေးသည်။ ဆာရီမချွတ်တမ်းဝတ်သည့် hematologist အမျိုးသမီးကြီး၏ ကား၊ လုံခြုံရေးသမား၏ကား၊ အစားသောက်တွေပြင်ဆင်သည့် အမျိုးသမီးများ၏ကားများ သူ့နေရာနှင့်သူ ရပ်ထားသည်။ စားပွဲရောက်တော့ ကော်ဖီခွက်ကို ချလိုက်ပြီး မျက်နှာချင်းဆိုင်က ကိုဒက် ရုံးအ၀ကို ကြည့်လိုက်သည်။ မီးတွေမလင်းသေး။ သူ ကွန်ပြူတာကို ဖွင့်လိုက်ပြီး ထုံးစံအတိုင်း စာများဖွင့်ဖတ်၊ ပြန်သင့်သည်များကို ပြန်ရင်း မျက်လုံးက ကိုဒက်အ၀င်ဝကို ကြည့်နေမိသည်။ ပရိုဂျက်တစ်ခုအတွက် အသံသွင်းကတ်ဆက်ကို ဖွင့်ပြီး debrief တစ်ခုကို ပြန်နားထောင်နေသည်။ စိတ်ကမပါ။ မျက်လုံးက ကိုဒက်အ၀င်ဝကိုသာ ရောက်ရောက်သွားသည်။

နေရောင်ခြည်က တဖြည်းဖြည်းလင်းလာသည်။ အပြင်ဘက်က ထင်းရှုးပင်ပေါ်က ငှက်ကလေးတွေက ခုန်ဆွခုန်ဆွနှင့်။
ဟော…
နံနက်ခင်းနေရောင်အောက်မှာ လွင့်မျောလာတဲ့ ရင်းနှီးဖူးခဲ့သော ရွှေရောင်ဆံပင်၊ ပေါင်မှာသိမ်ပြီး ခြေဖမိုးနားမှာ မသိမသာကားသွားတဲ့ အနက်ရောင်ဘောင်းဘီရှည်၊ ပေါင်လည်ထိရှည်တဲ့ ဂျက်ကတ်။ ခပ်တိုတိုစလင်းဘက်အိတ်၊
သူမ ဟန်ပါပါနှင့် လှမ်းလာနေသည်။ သူမ၏ ညာဘက်လက်မှာ ကြိုးရှည်တစ်ချောင်း၊ ထိုကြိုးရှည်နှင့် ချည်ထားခြင်းခံရသည့် အရာတော့ အမွေးပွပွ တယ်ရီယာလေးတစ်ကောင်။ သူရှိရာ ရုံးခန်းဘက်ကို သူမ လှဲ့ကြည့်လိုက်သည်။ သူ မသိမသာ ခေါင်းကိုလွှဲပြီး ကွန်ပြူတာဘက် အကြည့်ပို့ထားသည်။ သူမ ကိုဒက်ထဲကို ခွေးနှင့်ဝင်သွားသည်။ မြောက်ကြွမြောက်ကြွနှင့် လျောက်လှမ်းသွားသော သူမနောက်ပိုင်းကို ကြည့်ပြီး သူ နှုတ်ခမ်းကို ရွဲ့လို့ ပြုံးလိုက်မိသည်။ ကိုဒက်ဧည့်ကြိုအခန်းမမှာ သူမ၏ ဒေါက်မြင့်သံ တဂွပ်ဂွပ်မြည်နေမှာကို တွေးမိလိုက်သည်။

နေရောင်ခြည် ပိုလင်းလက်လာသည်နှင့်အမျှ ကိုဒက်၏ အလုပ်သမားများ ခွေးကိုယ်စီနှင့် လုပ်ငန်းခွင်စရန် တသဲသဲရောက်လာကြသည်။ သူ့ဘေးသို့ သူ့လုပ်ဖော်ကိုင်ဘက် စကော့ဆိုသူ ရောက်လာသည်။ သူ့လက်ထဲက ကော်ဖီခွက်က အငွေ့တထောင်းထောင်း ထနေသည်။

“မောနင်း.. အဆင်ပြေလား”

“အင်း.. ဒီနေ့ ဘော့ပ် နဲ့ အစည်းအဝေးရှိတယ်နော်..”

“၁၁နာရီ.. ဒါနဲ့ ငါတို့ လဲ ရုံးကိုခွေးခေါ်လာလို့ရရင်ကောင်းမယ်.. ငါ့ကောင်ကြီးကားထဲမှာပဲ နေနေရတာ”

“ဒါဆိုလဲ ဟိုဘက် ရုံးပြောင်းပေါ့၊ ခွေးတွေသိပ်ချစ်စရာကောင်းပေမယ့် ငါခွေးအမွှေးနဲ့ မတည့်ဘူး၊”

သူ ခပ်တည်တည်ပြောလိုက်တော့ စကော့ ပခုံးတွန့်ပြီး ထွက်သွားသည်။

****

ချယ်ရီဖူးလေးတွေ စီရရီအပင်အောက်မှာ သူစာအုပ်တစ်အုပ်နှင့် ထိုင်နေသည်။ နေရာက ကိုဒက်ရုံးနှင့် သူု့ရုံး နှစ်ခုအလယ်က သစ်ရိပ်ပြာနဲ့ ခုံတန်းလေးတွေ။ သူလက်ကို ခေါင်းနောက်မှာ ယှက်ထားပြီး နေကာမျက်မှန်တပ်ထားရင်း ကုလားထိုင်ကို မှီပြီး မျက်စိမှိတ်ထားမိသည်။ သူ့ပေါင်ပေါ်က စာအုပ်က ဟန်ပြ၊ ပေါင်ပေါ်မှာ မှောက်ရက်၊ ခုတစ်လော စာဖတ်လို့က သိပ်အဆင်မပြေ၊ လေပြေလေးတွေ၏ အထိအတွေ့ကို ခံစားနေမိသည်။ နှာခေါင်းထဲမှာ ရေမွှေးနံ့လိုလို ရ၍ နေကာမျက်မှန်ကို အကာအကွယ်ယူပြီး မျက်စိကို စင်းပြီးကြည့်လိုက်သည်။ တဒုတ်ဒုတ်နဲ့ အသံတစ်ခုက သူ့ရင်ဘတ်ထဲက ထွက်လာနေသည်။ ကပ်လျက်ခုံမှာ ဟန်ပါပါထိုင်ရင်း မုန့်တစ်ခုကို ဟန်ပါပါစားနေသော၊ သူ့အနားမှာ တမင်လာထိုင်နေသော သူမ ကို မျက်မှန်နောက်မှ သူငေးကြည့်နေမိသည်။

“အိပ်ချင်ဟန်ဆောင်မနေနဲ့၊ ကွတ်ကီ စားမလား”

သူ ကိုယ်ကို တည့်မတ်လိုက်ပြီး အပြင်းဆန့်လိုက်သည်။

“တော်ပါပြီ၊ ကျေးဇူးတင်ပါတယ်..”

ထိုအချိန်မှာ သူမ၏ ခွေးက သူ့အနားကို ကပ်လာသည်။

“မင်း.. ခွေးလေးတောင် ကြီးလာပြီနော်…”

“အင်း…” သူမ မပွင့်တပွင့်လုပ်ပြီး သူမခွေးကို သူ့နားမကပ်ရန် ဟန့်လိုက်သည်။

“ခုထိ ခွေးကိုမချစ်တတ်သေးဘူးလား”

“ငါ ခွေးချစ်ပါတယ်.. ဒါပေမယ့် သူများခွေးမွေးတိုင်း ကိုယ်မမွေးနိုင်ဘူးလေ”

“သိပါတယ်.. ဒါကြောင့်လဲ ရှင့်လို ခွေးနဲ့ မတည့်တဲ့သူနဲ့…….”
သူမ တစ်ပိုင်းတစ်စနှင့် ရပ်သွားသည်။

“အဲဒီ ကလပ်တစ်ခုထဲ ၀င်ဖို့အတွက်တော့ ငါခွေးမမွေးပါရစေနဲ့ကွာ”

“ကျွန်မကလဲ ရှင့်ကို မမွေးခိုင်းပါဘူး”

“မင်းတို့ ခွေးမွေးတာ ခွေးလေးတွေကို တစ်ကယ်ချစ်လို့လား၊ ဒါမှမဟုတ် အဲဒီ ကလပ်ထဲ ၀င်ချင်လို့လား”

“အိုး နှစ်ခုလုံးပဲပေါ့ရှင့်၊ ရှင့်လို လုဂွစာတွေသာ ဘာမှ မသိနားမလည်တာ”
အရင်တုန်းကတော့ သူ့ကို အချစ်ရယ်ဟု မွတ်သိပ်စွာ ခေါ်ခဲ့ဖူးသော သူမ၏ နှုတ်ခမ်းလွှာကို လွမ်းမောစွာ ကြည့်နေမိသည်။

“ဒါကြောင့် မင်းငါ့ကို ထားခဲ့တာပေါ့.. ဟုတ်လား၊ ဒါနဲ့ အခုမင်းတွဲနေတာ မင်းလိုပဲ ခွေးချစ်တတ်သူလား၊ မင်းတစ်ကယ်ခွေးချစ်တာ ကိုယ်သိပါတယ်၊ ဒါပေမယ့် မင်းလူကကော ခွေးချစ်တတ်သူလား၊ တချို့တွေက ခွေးအမျိုးပေါင်း ရာထောင်ချီရှိတယ်ဆိုတဲ့ အကြောင်းတောင် ကောင်းကောင်းမသိဘဲ ခွေးချစ်သူတွေကြားမှာ ယောင်လည်လည်နဲ့ကလပ်အသင်းဝင်ဖြစ်ချင်တာနဲ့.. ခွေးတစ်ကောင် ကောက်မွေးလိုက်တတ်ကြသလားလို့ပါ”

“သူကတော့ ကျွန်မလိုပဲ ခွေးချစ်သူ၊ ကျွန်မလိုပဲ အဲဒီကလပ်ရဲ့ အသင်းဝင်၊ ကျွန်မနဲ့ စိတ်တူကိုယ်တူ၊ ရည်မှန်းချက်တူသူပေါ့ရှင်”

“အော်.. မင်းအတွက်ဝမ်းသာပါတယ်။ တစ်ကယ်တော့ ငါ ခွေးသိပ်ချစ်ပါတယ်.. ဒါပေမယ့် ငါက မွေးရာပါ ခွေးအမွှေးနဲ့ ဘယ်လိုမှ မတည့်လို့ဆိုတာ မင်းလဲ သိ……”

ထိုအချိန်မှာ လမ်းတစ်ဖက်တွင် ဒိုဘာမင်ခွေးတစ်ကောင်နှင့် လူတစ်ဦး သူမကို လက်ယပ်ပြီး လှမ်းခေါ်လိုက်သည်။ သူမ ၀မ်းနဲရိပ်သန်းသော သူ့စကားကို ဆုံးအောင်တောင် နားမထောင်တော့ပဲ ကဗျာကသီနှုတ်ဆက်ပြီး ထထွက်သွားသည်။ တယ်ရီယာလေးက ကြိုးတန်းလန်းနှင့် ကားရားကားရား ပါသွားသည်။ ဒိုဘာမင်နှင့် ထိုသူကို သူမ ခြေဖျားထောက်ပြီး နမ်းလိုက်သည်။ ဒိုဘာမင်နှင့် လူက သူမခါးကို အလိုက်သင့်ဖက်လိုက်သည်။ သူတို့ အချိန်အတော်ကြာကြာ နမ်းနေကြသည်။ သူဆံပင်တွေထဲ လက်ထိုးသွင်းပြီး ခေါင်းငုံ့ချလိုက်သည်။ ထိုအချိန်တွင် ခွေးနှစ်ကောင်ကတော့ တစ်ကောင်ကို တစ်ကောင် ကြည့်ပြီး မာန်ဖီနေကြပါတော့သည်။။

Sunday, March 16, 2008

တစ်ဖက်စွန်းကျမိတဲ့ အခါတွေမှာ...

တစ်ယောက်ယောက်က ဒါမှမဟုတ် အုပ်စုတစ်ခုခုက တစ်ဖက်စွန်းကျမိတဲ့ အခါတွေမှာ...
တစ်ယောက်က နစ်နာရစမြဲ..
အင်အားကြီးတဲ့ နှစ်ဘက်လုံးနားလည်မှုမယူနိုင်ကြဘူးဆိုရင်တော့..
ကြားထဲက မြေစာပင်လေးတွေအဖြစ်ကကော...
မူမှန်တဲ့ အချစ်စစ် မေတ္တာသဘောဟာ ပေးမျှခံယူခြင်းရယ်လို့လဲ...
ဆိုင်းခမ်းလိတ်က ဆိုခဲ့တယ်..
သူ့သီချင်းတွေထဲက ကျွန်မအနှစ်သက်ဆုံး တေးသွား တစ်ပုဒ်ပေါ့




နေရာတိုင်းမှာ

နေရာတိုင်းမှာ မင်းရှိတယ်..
လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ်လေ...


Tuesday, March 11, 2008

သာလွန်းခဲ့တယ်….

နွေနေ့လည်ခင်းတွေ သစ်ပင်ပေါ်မှာ မောင်နှစ်မတွေနဲ့ ကစားတတ်တဲ့အခါမှာ အိမ်ရှေ့လမ်းပေါ်မှာ လေးဘီးကားလေးမောင်းလို့ သူ ဖြတ်ဖြတ်သွားတတ်တယ်…။ တစ်ခါတစ်ရံ သူ့ကားလေး ဖြတ်မောင်းသွားတဲ့ အခါတွေမှာ ကိုယ်တို့တွေကတော့ စိတ်လှုပ်ရှားမှုမဲ့စွာ သတိတောင် မထားမိတဲ့ အခါတွေရှိပါတယ်။ ညနေစောင်းတွေဆိုရင်တော့ သူ့ရဲ့ သီချင်းသံတွေဟာ လက်ဘက်ရည်ဆိုင်တွေမှ တဆင့် မြေနီလမ်းတွေပေါ်ကို ဖိတ်စဉ် ကျလာတတ်တယ်။ အဲဒီတုန်းကလဲ သူ့သီချင်းသံတွေကို ဘာမှ ခံစားလို့ မရခဲ့ဘူး…။ ကြိုးစားပြီး လိုက်ဆိုကြည့်သေးတယ်..။ အတည်ပေါက်လိုက် ဆိုရင်းနဲ့ သူ့ရဲ့ ဂန္တ၀င်သီချင်း တစ်ပုဒ်ဆိုရင် အသံမထိန်းနိုင်တဲ့ မောင်နှစ်မတွေကြားမှာ စိတ်ပျက်စရာကောင်းသွားတတ်တယ်..။

ဒီလိုနဲ့….
တက္ကသိုလ်တက်စ နှစ်တွေမှာ သူ့သီချင်း၊ စာသားတွေနဲ့ ပတ်သက်လို့ သူငယ်ချင်းယောင်္ကျားလေးတွေနဲ့ စကားအခြေအတင်ငြင်းခုံ ခဲ့ကြဖူးတယ်..။
သူ့ သီချင်းတွေကို ဘယ်လိုမှ ခံစားလို့ မရတဲ့ ကိုယ့်ကို သူငယ်ချင်းယောင်္ကျားလေးတွေက ဝေဖန်ကြတယ်လေ။ “အဲဒါကမှ အနှစ်တွေ၊ စာသားတွေကို ခံစားကြည့်လိုက်” လို့ ခံစားချက်အပြည့်နဲ့ ပြောဆိုနေတဲ့ သူငယ်ချင်းတွေကို မျက်လုံးပြူးပြီး ကြည့်နေလိုက်တယ်။

နူးညံ့ယဉ်ကျေးတဲ့ စာသားတွေနဲ့ အလှမ်းကွာဝေးသွားတာရယ်.. အသက်အရွယ်က စကားပြောလာတာကြောင့်ရယ်.. နှစ်တွေကြာလာတာနဲ့ အမျှ သူ့သီချင်းတွေဟာ နားထဲမှာ ညင်ညင်သာသာ စီးဆင်းစပြုလာတယ်…။

အိမ်နဘေးက သစ်ပင်မှာ.. ငှက်ဆိုးထိုးသံတွေ….” ဆိုတဲ့ တေးသွားတွေ၊ “မင်းပန်မယ်ဆိုရင်.. ကိုယ်ခူးပေးပါ့မယ် အချစ်ရယ်.. ဒါပေမယ့် ဒီပန်းကို မင်းတန်ဖိုးထားရမယ်..” ဆိုတဲ့ သံစဉ်တွေဟာ..
ပချုပ်ဆိုင်ပြူတင်းက ခန်းစီးစ မ လို့ကြည့်လိုက်ရင်… ” ဆိုတဲ့ တေးသွားတွေလိုပဲ ကိုယ့်ရင်ကို ကိုင်လှုပ်တတ်လာတယ်..။ “ကိုယ့်ရင်ဟာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလား..ဟင်” ဆိုသလိုပဲ ကျန်သူတွေတော့မသိဘူး ဒီကိုယ်ပိုင်သံစဉ်တေးသွားတွေရဲ့ တန်ဖိုးကြီးမားမှု၊ လှပဆန်းကျယ်နက်နဲမှု၊ တီထွင်နိုင်မှုပြယုဒ်တွေဟာ သီချင်းနားထောင်နေတဲ့ ကိုယ့်ရင်ကိုတော့ ဆွဲကိုင်လှုပ်တတ်လာတယ်။

တစ်ကယ်တော့ သီချင်းရေးသူတွေဟာလဲ သီချင်းဆိုသူတွေလောက် အသိအမှတ်ပြုခြင်း မခံရရှာပါဘူး။ ရေးထားတဲ့ သီချင်းလေးတွေကိုလဲ ခံစားချက်နဲ့ ပီပြင်အောင် ဆိုနိုင်တဲ့လူလဲ ရှားမှာပါပဲ။ သူကတော့ သူသီဆိုတဲ့သီချင်းတွေကို ခံစားရေးထားသူရဲ့ သီချင်းရေးဆရာရဲ့ ပွင့်အန်ချက်တွေကို မမှေးမှိန်စေပဲ ပိုမိုတောက်လက်လာအောင်ဆိုနိုင်ခဲ့သူ အနုပညာရှင်တစ်ယောက်လို့ ကိုယ်ယူဆမိပါတယ်..။

အရင်ညကတော့ သာလွန်းခဲ့တယ်….

အရင်ညကတော့ သာလွန်းခဲ့ပါတယ်…။

(ဆရာထီးကွယ်လွန်သွားတဲ့အတွက် အလွန်ဝမ်းနဲကြေကွဲပါတယ်…)

ဆရာထီးသီချင်းတွေကို လုံးဝ မနှစ်သက်ခဲ့ဖူးသော…
ဆရာထီးရဲ့ လေးဘီးကားကို သင်္ကြန်တစ်ခုတုန်းက ရေဗူဘောင်းနှင့် ပေါက်ခဲ့ဖူးသော…
xxxx လမ်းထဲက ချာတိတ်မ)

LinkWithin

Related Posts Plugin for WordPress, Blogger...