မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, February 23, 2008

လမင်းရှိုက်သံ

ပတ်ဝန်းကျင်မှာ ကြယ်လေးတွေ ရင်ခုန်စွာ တလက်လက် အရောင်ဖြာနေကြသည်။ နေရောင်က တည့်တည့်ကြီး ထွန်းလင်းနေလို့ မျက်လုံးတွေ ကျိမ်းစပ်နေသည်။ မျက်စောင်းထိုးက လည်နေတဲ့ အပြာရောင် အလုံးတစ်လုံးကတော့ တစ်နှစ်ကုန်လေ အရောင်ဖျော့လာလေ။ နောက်တစ်နှစ်ရောက်လေ အရောင်ဖျော့လာလေ။ အရင်နှစ်တွေတုန်းကတော့ အပြာပေါ်မှာ အဖြူငွေ့လေးတွေသန်းပြီး ကြည့်လိုက်တိုင်း မျက်စိအေးစရာ။ အခုတော့ မိုးပြာရောင်ကနေ မှိုင်းပြာပြာအရောင်လိုလို ညိုတိုတိုအရောင်လိုလို ဖြစ်မှန်းမသိဖြစ်လာနေသည်။
နေမင်းက တဖြည်းဖြည်းနှင့် အပြာလုံးနောက်ကို ပုန်းကွယ်ဖို့ ကြိုးစားနေသည်။ နေရောင်ညို့မှပဲ ဒီအပြာရောင်အလုံးကို သေသေချာချာ ကြည့်နိုင်တော့မည်။

အခုတော့ ဟိုဘက် အလင်းဘက်အခြမ်းကို မသိမသာ ငုံ့ကြည့်လိုက်သည်။ ခြောက်သွေ့ကွဲအက်နေတဲ့ ကန္တာရဟင်းလင်းပြင်တွေထဲက ဆူးပင်တွေ၊ မြက်ပင်တွေ။ ခပ်လှမ်းလှမ်းမှာတော့ စိမ်းညို့တဲ့ တောအုပ်တွေ၊ ဒီဘက်မှာတော့ ထိုးထိုးထောင်ထောင် ကွန်ကရစ်အပုံတွေနားက အငွေ့တလူလူထွက်နေတဲ့ မဲမဲခေါင်းတိုင်တွေ။ ရုတ်တရက် ငှက်တစ်အုပ် ၀ရုန်းသုန်းကား ထပျံလာသည်။ သူတို့၏ လည်ချောင်းကွဲမတတ် ချောင်းဆိုးသံတွေကို ကြားလိုက်ရတော့ စိတ်မသက်သာစွာ သက်ပြင်းချမိသည်။

ဒီဘက်ခြမ်းမှာတော့ အမှောင်ရိပ်ကျနေတာတောင် ကားသံတွေ၊ နီယွန်မီးတွေ၊ ပူလောက်ပြင်းလျှတဲ့ လျှက်စစ်တေးသွားတွေ၊ ပြောင်လက်တဲ့ ကြမ်းပြင်တွေပေါ်က ချွန်ထက်တဲ့ ဒေါက်မြင့်ဖိနပ်တွေ၊ အမြှုပ်တစီစီထနေတဲ့ သေရည်တွေ၊ အိမ်တွေထဲကလွှတ်ထုတ်လိုက်တဲ့ အပူငွေ့တွေ။ နှစ်ဆယ့်လေးနာရီ လည်ပတ်နေတဲ့ စက်ရုံတွေ။
ခပ်ဝေးဝေးမှာ မဲမဲတစ်အုပ် အားအင်ချိနဲ့စွာ အဝေးကြီးကို ပျံသန်းသွားနေသည်။ ပျားတွေပါလား။ သူတို့ လမ်းမှားနေပြီ၊ သွားရမယ့်နေရာနဲ့ ဆန့်ကျင်ဘက်ကို ပျံသန်းသွားနေကြပါလား။




“ဟဲ့ မိန်းမ နင်ဘာလို့ ငိုနေတာလဲ”

“ငါ့ယောင်္ကျား အိမ်ပြန်မလာ ၂ရက်ရှိပြီလေ.. ဟင့်အင့်”

“ဟင်.. နင့်ယောင်္ကျားပါ ပြန်မလာဘူး၊ ဟုတ်လား”

“ရွှတ်.. ဟုတ်တယ်ဟာ မွေးကင်းစလေးနဲ့ ငါ့မှာ ဒုက္ခရောက်နေပြီ”

“အေး.. ရွာထဲမှာလဲ ပန်းဝတ်ရည် သွားသွားယူတဲ့ ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ပျောက်သွားတယ်။ ငါတို့ ဘုရင်မလဲ တော်တော်စိတ်ပူနေပြီ”

“အေး ငါကြားတယ်။ အရှာထွက်တဲ့ သူတွေပါ ပြန်မလာဘူးကြားတယ်.. ဒါပေမယ့် ဒါပေမယ့်.. အင့်ဟင့် ငါ့ယောင်္ကျားလဲ တစ်ယောက်အပါအ၀င်ဖြစ်မယ်လို့ ငါမထင်ခဲ့မိဘူးဟာ”

“တောက်.. တော်တော် လူမဆန်တဲ့ လူတွေ”

“ဟင်.. ဘာဖြစ်လို့လဲ”

“သူတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးလွယ်ကူဖို့ သူတို့ ကိုင်ကိုင်နေတဲ့ ဟိုရှည်ရှည်သေးသေး အသံမြည်တဲ့ ဟာတွေကြောင့် ငါတို့တွေရဲ့ မိသားစု ဘ၀တွေ ပျက်စီးနေရတာ၊ တောက်!”

“ဟင်.. ငါတို့ ဘာဆက်လုပ်ကြမလဲ..”

“ဒီ လှိုင်းတွေနဲ့ ဝေးရာ တစ်ရွာလုံး ပြောင်းပြေးကြတာပေါ့ဟာ”



“မေမေ၊ သမီးကို ဆဲလ်ဖုန်းတစ်လုံးလောက် အသစ်ဝယ်ပေးပါ”

“ဟင်.. အခုကိုင်နေတဲ့ ဆဲလ်ဖုန်းက ဘာဖြစ်လို့လဲ၊ အသစ်ကြီး ရှိသေးတယ်”

“အာ.. မေမေကလဲ၊ ဒိတ်အောက်နေပြီ၊ သမီး သူငယ်ချင်းတွေ ကိုင်တာလေးတွေဆို လှမှလှ”

“ဟဲ့ ဒီဖုန်းက တစ်နှစ်ပဲ ကိုင်ရသေးတယ်မဟုတ်လား”

“ဟင့်အင်း ဟင့်အင်း၊ မရဘူး၊ အသစ်ပဲလိုချင်တယ်”

“ကဲကဲ.. မနက်ဖြန် Rogers ကိုဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား”

“ဟေးးး ဒါမှ တို့မေမေကွ၊ ရွှတ်”




“စိတ်မကောင်းဘူးဟာ..”

“ဘာဖြစ်လို့လဲ”

“ငါ့ဆရာသမား ဆေးခန်းသွားတာ ငါလိုက်သွားတယ်၊ သူတို့ကလေးမရနိုင်တော့ဘူးတဲ့၊ ဆရာ့ အရည်အတွက်က သုညနီးပါးဆိုလား ပြနေတယ်။ နောက်ပြီး Motility နဲ့ Morphology နှုန်းတွေကလဲ ငါးဆယ်ရာခိုင်နှုန်းအောက်၊ သူတို့ ဒီတစ်သက် ကလေး မရနိုင်တော့ဘူး”

“မင်းကြောင့်လို့ထင်နေလား…. တစ်ခြားအကြောင်းတွေလဲ အများကြီးဖြစ်နိုင်တာပဲ”

ထင်တယ်၊ ငါ့ကိုယ်ထဲက ပလတ်စတစ်၊ ကော့ပါး၊ ဖန်၊ ကိုဘော့၊ လစ်သီယမ်၊ ကာဘွန်၊ နီကယ်၊ သတ္တု၊ ဇင့်၊ ငွေ၊ ခရိုမီယမ်၊ တမ်တလမ်၊ ကဒ်မီယံ၊ မာကျုရီ၊ ဘယ်ရီလစ်ယမ်၊ အင်တီမိုနီ၊ ရွှေ၊ ခဲ၊ တစ်ခုခုရဲ့ လက်ချက် မဖြစ်နိုင်ဘူးလား၊ အထူးသဖြင့် ခဲ နဲ့ ခရိုမီယမ်က အဆိပ်တွေလေ၊ ငါ့ကို ညညခေါင်းအုံးအောက် ထားအိပ်တာ နှစ်ရှည်လများဆိုတော့…

မင်းကလဲ မကြောင်စမ်းပါနဲ့၊ မင်းတို့ငါတို့ဖုန်းတွေရဲ့ ကိုယ်ထဲကထုတ်လွှတ်တဲ့ လှိုင်းတွေဟာ သူတို့သုံးနေတဲ့ တခြား ပစ္စည်းတွေထဲမှာလဲ ရှိတာပါပဲ၊ ရုံးသုံး မိတ္တုကူးစက်တွေ၊ ကွန်ပြူတာတွေ ထားလိုက်ဦး၊ စားပွဲတင်နာရီတစ်လုံးထဲမှာတောင် ရှိနေတာပဲ”

Colony Collapse Syndrome ကျတော့ကော

စီးပွားရေး သမားတွေရဲ့ လှည့်ကွက်ဖြစ်နိုင်တာပဲလေ

“ဟူး.. မသိတော့ပါဘူးကွာ”




နေမင်းက အပြာရောင်အလုံးနောက်ကို တည့်တည့်ကြီး ပုန်းကွယ်သွားသည်။ အရိပ်မဲတစ်ခုက ကိုယ့်ကို လုံးဝဖုံးလွှမ်းသွားသည်။ အပြာရောင်လုံးကို ကိုယ် မမှိတ်မသုန် ကြည့်နေမိသည်။ ကိုယ့်တစ်ကိုယ်လုံး မဲမဲမှောင်သွားသည်ကို ကြည့်ပြီး ဘာကြောင့်မှန်းမသိ၊ တိုင်းပြည်၏ မင်းအချို့ တုန်လှုပ်နေကြသည်။ ပညာရှင်အချို့က မှန်ဘီလူးခပ်ကြီးကြီးများနဲ့ ထိုးချိန်ထားသည်။ ကလေးတွေနဲ့ လူကြီးအချို့ စိတ်လှုပ်ရှားနေကြသည်။ အချို့ကလဲ ကိုယ့်ကို မကြည့်ဖို့ တားမြစ်ကြသည်။




ကော်ဖီခွက်ထည့်သည့် ခွက်ကလေးထဲက ဖုန်းက တုန်ခါလာသဖြင့် ကောက်ကိုင်လိုက်သည်။

“ဟလို”
“…..”
“ဟုတ်ကဲ့ အိမ့်ချမ်းမြေ့ပါ”
“……”
“ဟွန်း၊ လူကို လာစနေတယ်”
“……..”
“ဟင်.. ဟုတ်လား၊ လငပုပ်ဖမ်းနေတယ်… ဟယ်ဟုတ်ပါရဲ့၊ ကင်မရာမပါလာဘူး”
“….….”
“အင်း.. လမ်းဘေးမှာ ကားရပ်လိုက်ပြီး ဖုန်းနဲ့ လှမ်းရိုက်လိုက်ဦးမယ်… အိုကေနော်.. ဘိုင်”
……….
……….
“ဟင်း.. ဖုန်းနဲ့ လငပုပ်ဖမ်းတာကို ဘယ်လိုရိုက်လို့ရမလဲ. .. ငါကလဲလေ..။ ငါ့ဆဲလ်လေးလဲ ဟောင်းနေပြီ”
အသစ်တစ်လုံးတော့ ၀ယ်ဦးမှ.. ဒါနဲ့ဒီဆဲလ်အဟောင်းလေး ဘာလုပ်ရရင်ကောင်းမလဲ၊ recycle တော့လုပ်ရမယ်။




ပင်လယ်ပြင် မဲမဲတစ်ခု….။
ပင်လယ်ပြင်လား.. မဟုတ်၊ မဟုတ်ပါ။
ချမ်းသာသောဒေသများမှ မလိုအပ်လို့ ပစ်လိုက်သော ကွန်ပြူတာအဟောင်းများ၊ စက်ဟောင်းများ၊ တာရာအဟောင်းများထံမှ အရည်မဲမဲတွေ ခပ်ဖြည်းဖြည်း ယိုစီးနေသည်။ ထိုအရည်မဲမဲတွေက အမှိုက်ပုံကြီးထဲ၌ အလုပ်လုပ်နေသော ကလေးသာသာ လူမမယ်လေးများ၏ ခြေထောက်တွေအောက်မှ ဖြတ်စီးကာ သစ်ပင်တွေထဲသို့ မြေပြင်ထဲသို့… ပင်လယ်ထဲသို့ ……

(ဓတ်ပုံများကို ဂူဂဲလ်ဒေါ့ကွန်းမှ ရယူပါသည်)
Photo credit to various photographers/contributors from images.google.com

Sunday, February 17, 2008

ငွေရောင်မြစ်

ဒီမြစ်ကမ်းက ရေစီးသန်နေသည်။ လရောင်အောက်က မြစ်ပြင်မှာ ငွေရည်တွေ စီးဆင်းနေသည်။ မြစ်ကမ်းတစ်လျှောက်မှာတော့ ရောင်စုံပန်းတွေက ဖူးပွင့်ဝေဆာ လေယူရာတိမ်း ယိမ်းနွဲ့ဝေေ၀။ သောင်ကမ်းလေအောက်က သူမ၏ ဆံပင်တွေလဲ ဆောက်တည်ရာမဲ့ မျောလွင့်နေသည်။ သူမ ခြေထောက်တွေကတော့ ရွှံတွေ အလိမ်းလိမ်းပေကျံနေသည်။ မြစ်ကမ်းစပ်က ရေကို ခြေချောင်းတွေနဲ့ ထိကြည့်မိသည်။ အေးစက်လွန်းလှပါလား။ သူမ နောက်ကို လှည့်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက တောင်ကုန်းပေါ်က မိုင်တိုင်တွေက လရောင်အောက်မှာ မှုန်ရီရီ တန်းစီနေသည်။ အချို့မိုင်တိုင်တွေက ထောင်မတ်နေသည်။ အချို့က သန့်ရှင်းပြောင်လက်နေသည်။ အချို့က အိုမင်းဟောင်းနွမ်းနေသည်။ အချို့က ဆွေးမြေ့လို့ တစ်စစီပြိုကျနေသည်။ မိုင်တိုင်အချို့ပေါ်မှာ အောင်မြင်မှု သရဖူတွေရှိနေသလို၊ အချို့ကတော့ ဓားဒဏ်ရာတွေ မွစိတက်နေသည်၊ အချို့မိုင်တိုင်တွေက ကျောက်သံပတ္တမြားတွေ စီခြယ်ထားပေမယ့် အချို့တိုင်အောက်မှာတော့ ခြုံနွယ်တွေပြုံထနေသည်။ အချို့မိုင်တိုင်တွေပေါ်မှာလည်း ဆူးနွယ်တွေ ရစ်ပတ်ပြီး တိုင်ထိပ်ထိ ထိုးတက်နေကြသည်။

မြစ်ကမ်းနဖူးက သစ်တစ်ပင်အောက်မှာတော့ လှုပ်လှုပ်ရွရွ လူတစ်စု။ အချို့က ထွေရာလေးပါးပြောဆို ရယ်မောနေကြသည်။ အချို့ကတော့ ပခုံးတွန့်လိုက် မဲ့လိုက် ရွဲ့လိုက်နဲ့ သူမ အကြောင်းပြောနေကြသည်ကို လေအဝှေ့မှာ ပျံ့လွင့်လာတဲ့ စကားသံများမှ တဆင့်ကြားနေရသည်။ အချို့ကတော့ သူမကို သံယောဇဉ်မပြတ်တဲ့ မျက်ဝန်းများနှင့်ကြည့်နေကြသည်။ အချို့ကလည်း သူမရဲ့ ကောင်းကွက်လေးတွေကို ရွေးပြီး တီးတိုးစကားဆိုနေကြသည်။

သစ်ပင်ပေါ်မှာ သူမက ချစ်ရပြီး သူမကိုလဲ ပြန်ချစ်သူတွေ၊ ချုံပုတ်လေးနားမှာတော့ သူမ ချစ်ပေမယ့် သူမကို ပြန်မချစ်သူတွေ၊ တောင်ကုန်းအောက်မှာတော့ သူမ မချစ်မနှစ်သက်ပြီး သူမ ကိုလည်း မချစ်မနှစ်သက်သူတွေ၊ သောင်ပြင်ပေါ်မှာတော့ သူမ စိတ်ထဲမှာ ဘယ်လိုမှမရှိပေမယ့် သူမကိုတော့ လွမ်းမောနေသူတွေ၊ အားကိုးနေသူတွေ။

ရုတ်တရက် လေခပ်ပြင်းပြင်းတိုက်ခတ်လိုက်သည်။ သူမ၏ လက်အတွင်းမှ စာရွက်စာတမ်းအချို့လေနှင့်အတူ လွင့်ပါသွားသည်။
သူမ နှမြောတသစွာဖြင့် လိုက်ဖမ်းရန် ကြိုးစားသည်။ လက်ထဲက အ၀တ်အိတ်ကို သောင်စပ်မှာ ပစ်ချလိုက်ပြီး တုန်တုန်ယင်ယင်နှင့် လိုက်ဖမ်းသည်။ ဘေးကရပ်ကြည့်နေသော လူတွေကို လှမ်းအကူအညီတောင်းသည်။ မည်သူမျှ မလှုပ်။ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ၊ စိုက်ထုတ်ပြီး ရထားသော ဘွဲ့လက်မှတ်နှင့် ဒီပလိုမာလက်မှတ်တွေ၊ နောက်ပြီး သူမ၏အိမ်ဂရံတွေ၊ အခြားပိုင်ဆိုင်မှုတွေ၏ စာရွက်တွေ၊ နောက် သူမ အမြတ်နိုးဆုံးသော ကဗျာတို၊ ကဗျာစ၊ စာတိုပေစတွေ။ သူမ ၀မ်းနည်းကြေကွဲစွာ သောင်စပ်တွင် ထိုင်ချလိုက်မိသည်။ အတန်ကြာကြာ ငေးနေပြီးမှ သတိရလိုက်ပြီး ချထားသော အိတ်ကိုလှမ်းကြည့်လိုက်သည်။ သူမချထားသော အ၀တ်ထုပ်က ရေစီးနှင့်အတူ တရွေ့ရွေ့ မျောပါသွားနေသည်ကို လှမ်းတွေ့လိုက်ရသည်။ ဒီတစ်ခါတော့ လိုက်ဆယ်ရန် မကြိုးစားတော့။ သဲတွေထဲမှာ ထိုင်ပြီး သည်အတိုင်း ငေးနေမိသည်။

သူမ လေးတွဲ့စွာ မတ်တပ်ရပ်လိုက်သည်။ သဲပြင်ထဲသို့ ခြေထိုးထည့်ပြီး ညာဘက်ကို လှမ်းကြည့်လိုက်သည်။ သူမ မခွဲနိုင်ဆုံးသော သူ နှစ်ယောက်...။ သူတို့၏ ပါးပြင်များမှာ ငွေရည်တွေ တွဲလွဲခိုနေသည်။ ဟိုဘက်ကမ်းကို သူမ မျှော်ငေးလိုက်သည်။ လရောင်အောက်က အုန်းပင်တွေ အရောင်လက်နေသည်။ ဟိုဘက်ကမ်း သောင်ပေါ်မှာ တောက်လက်နေတဲ့ မျက်လုံးဝိုင်းတစ်စုံကို သူမ လှမ်းမြင်လိုက်ရသည်။ သူမ နှုတ်ခမ်းတွေ တဖြည်းဖြည်း ပြုံးလာသည်။ ဖိနပ်မပါသော ခြေထောက်အောက်က သဲမာမာ စိုစိုတွေကို ဖိနင်းရင်း ကမ်းစပ်က လှေသမားဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာသည်။ လှေသမားက သူမထံသို့ လက်ကမ်းသည်။ သူမက လှေသမား လက်ထဲသို့ တစ်စုံတစ်ရာ ထည့်ပေးလိုက်သည်။

လရောင်အောက်မှာ ကူးတို့ခ ငွေပြားလေးက လင်းလက်သွားပါတော့သည်။

Monday, February 11, 2008

သောကြာကြယ် - ၆

ထိုနေရာလေးက အမြဲလိုလို လေပြင်းပြင်း တိုက်ခတ်နေတတ်သည်။ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေလဲရှိသည်။ ကောင်းကင်ပြာအောက်က မြင့်မားလှတဲ့ စနိုးဖုံးတောင်တန်းတွေကို နောက်ခံထားလို့ ခပ်လှမ်းလှမ်းက စိမ်းပြာရောင် တောင်တန်းတွေရှေ့က လယ်ကွင်းတွေက ထူးမ မျက်စိကို အေးစေသည်။ လယ်ကွင်းတွေရဲ့ဘေးမှာကတော့ ရေကန်ပြာတွေ။ ကုန်းထိပ်က ခုံတန်းလျားမှာ ထူးမ သွားထိုင်တိုင်း လေတွေထဲက သစ်ရွက်ခတ်သံတွေနဲ့အတူ သစ်ပင်ပေါ်က ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို ကြားရတတ်သည်။ ထိုနေရာလေးက ထူမးနေတဲ့အိမ်နဲ့ သိပ်တော့ မဝေးလှ။ ၂နာရီလောက်မောင်းသွားလိုက်တာနဲ့ လူသူနဲတဲ့ မြို့သေးသေးလေးရဲ့ တောင်ကုန်းလေးထိပ်မှာရှိသောနေရာလေးဖြစ်သည်။


ထိုတောင်ကုန်းထိပ် သစ်ပင်လေးအောက်က ခုံတန်းလေးရှိတဲ့ နေရာကတော့ ၁၉၅၄ ခုနှစ်ထဲက ဘုန်းကြီးတွေကိုယ်တိုင် ဆောက်ထားတဲ့ ဘုရားရှိခိုးကျောင်းဝင်းကြီးထဲက ခုံတန်းလေးပဲဖြစ်သည်။ နံနက်ဝေလီဝေလင်းမှာ လယ်ကွင်းတစ်လျောက် သာယာငြိမ့်ငြောင်းတဲ့ ခေါင်းလောင်းသံက ဝေ့၀ဲပျံ့လွင့်တတ်သည်။ ပြီးတော့ ဓမ္မတေးသံတွေက ထူးမ လာထိုင်နေကျ သည်ခုံတန်းလေးဆီကို ရောက်လာတတ်သည်။

ထိုဘုရားကျောင်းလေးဆီ ကျောင်းအားရက်၊ ရုံးအားရက်မှာ ထူးမ မကြာခဏ ရောက်ဖြစ်သည်။ ပူလောင်ပြင်းပြတဲ့ လူ့ဘ၀တွေမှ ထွက်ပြေးလိုသည့်အခါ ပိုရောက်ဖြစ်သည်။ ငယ်ရွယ်တဲ့ထူးမ ဘ၀ကို ကစားပွဲတစ်ခုလို ကစားကြည့်၊ စွန့်စားကြည့်ချင်ခဲ့ပေမယ့် တစ်ကယ်တမ်း ရင်ဆိုင်၊ ပူလောင်မှုတွေနဲ့ ကြုံတွေ့ရသည့်အခါ၊ ဘ၀ကို အရှုံးပေးလိုသည့်အခါတိုင်း ဒီတရားရိပ်မှာ ခိုဝင်ချင်စိတ်တွေက ချိုးနှိမ်လို့မရ။ အထူးသဖြင့် အိမ်ကိုမခွဲဘူးသည့်ထူးမ၊ ဖေဖေ၊ မေမေ၊ ညီမလေး၊ ထူးမ၏ သံယောဇဉ်ဦးနှင့် သူငယ်ချင်းတွေကို လွမ်းသည့်စိတ်၊ မြန်မာပြည်ကို လွမ်းသည့်စိတ်နှင့် ရင်ဘတ်တစ်ခုလုံးကို မီးနှင့် မြိုက်နေသလိုခံစားနေရသည်။ လွမ်းတာမှ လမ်းမပေါ်က အုတ်ခဲရောင် ရေအိုင်ကွက်တွေ၊ ကုတ်ချောင်းချောင်းသွားနေတဲ့ ခွေးလေခွေးလွင့်တွေကအစ၊ လမ်းထောင့်က ဘယာကြော်နံ့တွေ၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်က ရာဘာစက်ရုံက ဆိုးဆိုးဝါးဝါး အနံ့တွေက အဆုံး၊ အရာအားလုံးကို ရင်တစ်ခုလုံး မရှိတော့ သလိုကိုလွမ်းသည်။

ထူးမ မေမေနှင့်ဖုန်းပြောတိုင်း မေမေက ဖုန်းထဲမှာ ငိုယိုပြီး အိမ်ကိုပြန်ခေါ်သည်။
“တိုးတက်တိုင်း ကောင်းတယ်လို့ ဘယ်သူပြောလဲ၊ ပြန်လာခဲ့။ မေမေတို့ လုပ်ကိုင်စားသောက်ကြမယ်”
ဖေဖေကတော့ ဖုန်းနောက်တစ်လုံးနှင့် ဒီဆုံးဖြတ်ချက်က ထူးမဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် စတဲ့ စကားလုံးကြီးကြီးတွေသုံးပြီး ပညာရှာရန်၊ ဥစ္စာရှာရန်၊ ဘ၀ကိုတိုးတက်ဖို့အရင်လုပ်ရန် တရားချသည်။
ကိုယ်နဲ့ဘာမှမဆိုင်တဲ့ ပတ်ဝန်းကျင်၏ စိမ်းရွှေရွှေအနံ့တွေနဲ့ ရင်းနှီးအောင် အသက်အောင့်ရှု၊ ကိုယ်နဲ့အသားအရောင်မတူသူတွေရဲ့ ဆန်းပြားတဲ့ လေသံတွေနဲ့ လုံးပမ်း၊ ကျောင်းကတစ်ဘက်၊ အလုပ်ကတစ်ဘက်နဲ့ အိမ်ပြန်အရောက် အိပ်ရာပေါ် ခဏလှဲမယ်ဆိုပြီး နိုးလာတော့ မိုးစင်စင်လင်းနေတဲ့ နေ့တွေက အများသား။ နောက်တစ်နေ့မိုးလင်းတော့ အကြီးက အဆင်သင့်ထုတ်ပေးထားရှာတဲ့ ထမင်းဗူးဆွဲလို့ တစ်နေ့တာ အသက်ထပ်ဆက်ရတဲ့ နေ့တွေထဲက လွတ်မြောက်လို လွတ်မြောက်ငြား မြန်မာပြည်ကို ဖုန်းပဲ ဖိဆက်နေခဲ့သည်။ ထိုအချိန်က ဖုန်းကဒ်ဆိုတာ မပေါ်သေး၊ ဂျီတောခ်တွေ စကိုက်တွေဆိုတာ ဝေလာဝေး၊ တစ်မိနစ်ကို တစ်ဒေါ်လာနီးပါးပေးရတဲ့ ခေတ်။ ဆံပင်မညှပ်ပဲ၊ ဖြစ်သလိုအကျီ င်္ဝတ်ပြီး၊ အပေါစားဖွတ်ချက်ကားတစ်စီးကို ကြုံသလိုဝယ်စီးပြီး ရသမျှငွေနဲ့ ဖုန်းပဲထိုင်ဆက်နေမိခဲ့သည်။ ငတ်ပြတ်ပြီး ဒုက္ခရောက်နေသော မျက်နှာတွေကို မြင်ပေမယ့် ထူးမလဲ အလွမ်းဒဏ်ကို မခံနိုင်လို့ ဖုန်းပဲထိုင်ဆက်မိခဲ့ပါသည်။ လွန်ခဲ့တဲ့ လကတော့ ထောင်ဂဏန်းနီးပါး ဖုန်းဘိုးကုန်သွားလို့ ထူးမကို စကားမပြောတော့သော အကြီးကြောင့် ပိုစိတ်ညစ်ပြီး ထူးမ ဒ်ီတောင်ကုန်းပေါ်မှာ လာထိုင်နေမိသည်။ အခုအကြီးတို့လဲ ဥရောပဘက် ခရီးနှစ်ပတ် ထွက်သွားပြီ။ အိမ်မှာလဲ ထူးမတစ်ယောက်ထဲ ဘယ်လိုမှနေလို့မရ။ မြန်မာပြည်ပြန်ချင်စိတ်ကိုချိုးနှိမ်ရင်း မြန်မာပြည်ပြန်လဲ ရည်ရှည်မှာ ရုန်းကန်ရဦးမှာပဲဟု ကိုယ့်ကိုကိုယ် အားပေးနေရသည်။ ယခုတော့ ဘ၀ကို အရှုံးပေးပြီး သီလရှင် ၀တ်ချင်စိတ်တွေ တဖွားဖွားပေါ်နေသည်။

ခေါင်းလောင်းသံတွေ လွင့်ပျံ့လာတော့ လမ်းသွယ်လေးအတိုင်း ဘုန်းကြီးတွေ စိုက်ထားသော စိုက်ခင်းတွေကို ဖြတ်ပြီး ဘုရားကျောင်းဘက်ကို လျောက်လာခဲ့သည်။ ခေါင်းလောင်းစဉ်အောက်မှာ ရောင်စုံပန်းတွေက နေရောင်အောက်မှာ ဖူးဖူးစွင့်စွင့်။ ဘုရားကျောင်း နံရံတွေပေါ်က ဘုန်းကြီးတွေ ကိုယ်တိုင်ဆွဲထားတဲ့ မယ်တော်၊ သားတော်နဲ့ သမိုင်းထဲကပုံရိပ်တွေရဲ့ ရေဆေးပန်းချီတွေနဲ့ အနုပညာ ဇ ပါတဲ့ ကျောင်းထိုင်ဘုန်းကြီး အချို့ရဲ့ ဘာသာရေးဆိုင်ရာ ပန်းပုလက်ရာတွေကိုတော့ ထူးမ အမြဲ တအံ့တသြငေးကြည့်တတ်သည်။ ဘုန်းကြီးတွေကိုယ်တိုင် ထုဆစ်ထားတဲ့ ဘုရားကျောင်းနံရံမှန်ကူကွက်တွေကို ဖောက်ထွင်းလို့ နေရောင်ခြည်ထိုးကျလာရင် ရောင်စုံသက်တန့်တွေက ဘုရားကျောင်း ကြမ်းပြင်ပေါ်မှာ ဟိုတစ်ကွက် သည်တစ်ကွက်။


မွှေးပျံ့တဲ့ ပန်းပေါင်းဆီနံ့တွေနဲ့ အတူ စင်္ကြတစ်လျောက် ဓမ္မစာတွေကို ရွတ်ဖတ်လို့ ခေါင်းဖုံးလို့ စနစ်တကျ တန်းစီလျောက်လာတဲ့ ကိုယ်တော်တွေကို ကြည့်လို့ ကြည်နူးမှုဖြင့် ထူးမ မျက်ရည်လည်မိသည်။ ဘုရားရှိခိုးအပြီး ပရိတ်သတ်တွေကို ဘုန်းကြီးတွေက လိုက်လံနှုတ်ဆက်၊ အချိန်ယူပြီး စကားစမြည်ပြောတော့ ဘုန်းကြီးတစ်ပါးနှင့် ထူးမ စကားပြောဖြစ်သည်။ ခပ်လှမ်းလှမ်းတောင်ကုန်းအောက်က မှုန်ပြပြ ကျောင်းတစ်ကျောင်းကို လက်ညိုးထိုးပြသည်။ နောက်ဆုံး အပြင်းအထန်ကျင့်ရင် အဲဒီကျောင်းနဲ့ ကျောင်းနောက်က ဂူတွေထဲကတောင် ထွက်မလာတော့ပဲ လူတွေနဲ့ ဘယ်တော့မှ မတွေ့တော့တဲ့ သီလရှင်တွေရှိကြောင်း၊ သီလရှင်ဝတ်လိုက်ခြင်းဟာ ဘ၀ကိုအရှုံးပေးတာမဟုတ်ပဲ တစ်ကယ်တော့ သတ္တိလိုအပ်ကြောင်း၊ စိတ်မနိုင်ပဲ စိတ်ထဲမှာ ဖောက်နေရင် ပိုအာပတ်သင့်နိုင်ကြောင်း၊ ဘ၀မှာ ကျင်လည်တာဟာလဲ အပြစ်တရားတစ်ခုမဟုတ်ကြောင်း၊ သူ့စွန့်စားချက်နဲ့ သူဖြစ်ကြောင်း၊ လူအနေနဲ့လဲ အကျင့်ကျင့်နိုင်ကြောင်း၊ သို့သော်ကျင့်တိုင်းလဲ သီလမမြည်ကြောင်း၊ ဘယ်လောက်ကျင့်ကျင့်၊ ကိုယ်ခန္ဒာကို သူများကိုလှုရန် မီးရှို့ပေးရင်တောင် နှလုံးသားထဲမှာ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်သည်ဆိုသည့် ကျမ်းချက်ကို မှတ်ယူသင့်ကြောင်း၊ ဘ၀မှာ အသက်ရှင်နေတာဟာ ကိုယ့်call နှင့်ကိုယ်ဖြစ်ကြောင်း ဟောလိုက်သည့်တရားများကို ခေါင်းငုံ့နားထောင်ပြီး ထူးမ စိတ်ညစ်ညစ်နဲ့ အိမ်ကိုပြန်ခဲ့ပါတော့သည်။

ဆက်ရန်…

Tuesday, February 05, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

နောက်ဆုံးလက်ကျန် ငါးကြော်ကိုရှင်းခြင်း

Maung Tin Yu has left a new comment on your post "ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း":

ကျွန်တော်ဘာမှဝင်ရောက်ပြောဆိုခြင်း
မလုပ်ချင်ဘူး၊ဘာလို့ လည်းဆိုတော့ နိုင်ငံအနှံမှာရှိသောရုပ်ရှင်သူရုပ်ဆောင်တွေ၊ဒါရိုက်တာ
တွေ၊ရိုက်ကြပါတယ်၊ သမိုင်းတို့  ဖြစ်ရပ်မှန်တို့ ကိုအခြေခံသောဇတ်ကားတွေ၊ဒါကြောင့် 
ရုပ်ရှင်ကိုရှင်ရှင်လိုဘဲမြင်တာရယ်၊ သူအလုပ်သူလုပ်သွားကြတာလိုဘဲမြင်ထားကြတာရယ်
ကြောင့်ပါ၊
သို့ ပေမဲ့ ပြောစရာကြီးမားသောအကြောင်းကရှိနေတယ်
မြန်မာနိုင်ငံဟာဘယ်တုံးကများပြဌာန်တာပါလည်း " ဗုဒ္ခဘာသာကိုနိုင်ငံတော် ဘာသာအဖြစ်၊
ဘာလို့ လည်းဆိုတော့ စာရေးသူကပြောတဲ့(နိုင်ငံတော် ဘာသာဖြစ်တဲ့ ဗုဒ္ခဘာသာကို မကိုးကွယ်တဲ့ ကရင်တွေသာမက အခြားသော ဗမာများနဲ့ လူမျိုးစုတွေအတွက်ပါ ဆိုးသွားနိုင်ပါတယ်)
ကျေးဇူးပြုပြီးရှင်းပြပေးပါ၊
လိုအပ်ရင်လည်းအမှားပြင်ဆင်ချက်လို့ ရေးပေးပါ။
Posted by Maung Tin Yu to သံစဉ်မဲ့အလင်္ကာများ at 3:58 AM

ဦးတင်ယုရှင့်..

With the end of colonialism, Buddhists argued that just as in the days of the Burmese kings, there was the need now for the independent government to assume the special role of “promoter of faith”.9 In the year of Myanmar’s Independence, 1948, U Nu, a devout Buddhist, became the Prime Minister. On September 26, 1959, a General Parliamentary election registered a landslide victory of U Nu’s party (AFPFL), which promised to make Buddhism the state religion. Despite some opposition, U Nu fulfilled his promise, and in 1961 the Constitution was amended making Buddhism the state religion……
………………………………..
………………………………..

d) The Church under the Revolutionary Council (1962-1974) and Socialist Government (1974 – 1988)
On March 2, 1962, General Ne Win and his Revolutionary Council seized power. Under Ne Win’s regime, church and state were kept separate. Ne Win decreed U Nu’s declaration of Buddhism as the state religion to be null and void.
http://www.cca.org.hk/resources/ctc/ctc04-12/ctc04-12t.htm

ဦးနအစိုးရသည် အများပြည်သူ လက်ခံတင်မြောက်ထားသော အစိုးရဖြစ်သည့်အားလျော်စွာ ဥပဒေဖြင့် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် constitution amend လုပ်လိုက်ပြီး ဖြစ်ပါသည်။ နေ၀င်းအစိုးရသည် လူများလက်ခံမတင်မြောက်ထားသော တရားမ၀င် အစိုးရဖြစ်သည့်အတွက် Buddhism ကို state religion အဖြစ်မှ decree နှင့် null and void လုပ်လိုက်ခြင်းကိုလဲ တရားမ၀င်ဟု ကျမ ယူဆသောကြောင့် နိုင်ငံတော်ဘာသာဟု ရေးခြင်းဖြစ်ပါသည်။ ကျွန်မ၏ နေ၀င်းအစိုးရကို တရားဝင်အစိုးရဟု မသတ်မှတ်သော ခံယူချက်ကြောင့်ကျွန်မ အမှားပြင်ဆင်ရန်မလိုပါ။

သည်ကိစ္စသည် တစ်ဦးချင်းစီ၏ သတ်မှတ်ချက်အပေါ်တွင် မူတည်ပါလိမ့်မည်။ ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာမဟုတ်ဟု ယူဆလိုက်လျှင် နေ၀င်းအစိုးရကို လက်ခံခြင်းပဲလားဟု မေးခွန်းထုတ်စရာရှိသော်လည်း ဆက်လက်ပြီး အချိန်ကုန်မခံလိုတော့ပါ။

ဒေါက်တာလွမ်းဆွေ ဘလော့ဂ်တွင် ကော့မန့်ရေးထားသော ဘိုထိုင်ကိစ္စ analogy ကိုလဲ current situation ကို ကိုယ်စားမပြုဟု ထင်မိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်ရှိ အစိုးရအိမ်များနှင့် အခြားသော အိမ်များတွင် ဘိုထိုင် ရှိပြီးဖြစ်ပါသည်။ မြန်မာပြည်မှာပင်လျှင် မွေးကတည်းက ဘိုထိုင်နှင့် ထိုင်လာသူများရှိပါသည်။ relevant မဖြစ်ပါရှင်။ ဘိုထိုင် ကိစ္စလဲ ဆက်လက်ပြီးလဲ အချိန်ကုန်ခံ ရေးသားတော့မည်မဟုတ်ပါ။ တော်တော်လေး ကလေးကလား ဆန်သည်ဟု ထင်လို့ပါ။

အခြားသော ဖရုသ၀ါစာ ကော့မန့်ရေးသူများ၏ မှတ်ချက်များကိုလဲ
(၁)တန်ဘိုးတစ်စုံတစ်ရာမရှိပဲ၊ ကျွန်မအတွက်လဲ ပညာတိုးပွားစေမည်ကွန်မင့်များ မဟုတ်ပါက၊
(၂) ယဉ်ကျေးသော်လည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်စေနိုင်သည်ဟု ကျွန်မယူဆလျှင် (မှန်သည်မှားသည်ထက် ကျွန်မထိုသို့ယူဆလျှင်)
အခြားစာဖတ်သူများကို လေးစားသည့်အနေနှင့် ကျွန်မ၏ ဘလော့ဂ်ပေါ်တွင် တင်ပြမည် မဟုတ်ပါကြောင်း ၀မ်းနဲစွာပြောကြားလိုပါသည်ရှင်။

ကျွန်မအတွက် အမုန်းခံပြီး ကြားထဲမှ ရေးသားနေသော သူငယ်ချင်း မိတ်ဆွေများ၊ အီးမေးလ်ပို့ပြီး အားပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။ ကျွန်မ ဒီဘလောဂ် ကိစ္စလုပ်နေတာနဲ့ ရုံးပရိုဂျက်မမှီမှာစိုးလို့ အဲဒီဘက်ကို အာရုံစိုက်မည်ဖြစ်ကြောင်း၊ သူငယ်ချင်းများ စိတ်မပူကြရန်…
(ဘာမှမဖြစ်ဘူး အေးဆေးပဲ.. စိတ်မပူကြနဲ့နော်..။ ရုပ်ရှင်ကိုဝေဖန်တာ ရမ်ဘိုကိုဝေဖန်တာ ဘာတွေဘယ်လိုဖစ်.. ဆုံဆုံခွေ့ တွေနဲ့တွေ့ရတယ်လို့နော်.. အော်.. အမှတ်တယပါပဲလား)
စိတ်မညစ်နဲ့နော်.. ကဗျာပဲဆက်ရေးတော့နော်.. ညီမလေးဟု အီးမေးလ်ပို့သူ အစ်မတစ်ဦးတွက်.. ဟဲဟဲ.. စတာပါအမရေ..။

Monday, February 04, 2008

အသည်းကွဲဖူးပါတယ်…

ကျွန်မ အလုပ်စလုပ်သည့်နှစ်မှစပြီး ယခုအချိန်ထိ ၀င်ငွေထဲမှ ပေးလှုသော ငွေများသည် မြန်မာပြည်စစ်အစိုးရလက်ထဲသို့ တစ်ခါမှ မရောက်ဖူးခဲ့သော်လည်း ဒီမိုကရေစီအဖွဲ့အစည်းများ၊ လှု့မှုအဖွဲ့အစည်းများ၏ လက်ထဲသို့ရောက်ပါသည်။

ကျွန်မဘလော့ဂ်ပေါ်မှ ပိုစ်များသည် ဒီမိုကရေစီသမားများကို တစ်ခါမျှ မစော်ကားသော်လည်း လက်ရှိစစ်အာဏာရှင်ကို ဆော်ထားသော ပိုစ်များ ရှိနေပါသည်….။

သို့သော်…………….
……………………….
……………………….

ရုရှားရောက် စစ်သားများ၊ ပြည်တွင်းမှ စစ်သားများနဲ့ စစ်အာဏာရှင်များ၏ တံဆိပ်တပ်မှု၊ စောင်းမြောင်းပြောဆိုမှုများကို မခံရပဲ..
မိမိ ယုံကြည်သော၊ လေးစားသော၊ အားကိုးသော ဒီမိုကရေစီသမားများ၏ တံဆိပ်တပ်ခြင်း၊ စောင်းမြောင်းပြောခြင်းများကို ခံရသောအခါ…

ကျွန်မအတွက်.. စဉ်းစားစရာတစ်ခု ဖြစ်ခဲ့ရပါပြီရှင်…

ဟုတ်ကဲ့…
အသည်းကွဲဖူးပါတယ်…
အခု…
ပိုပြီးလဲ အသည်းကွဲပါတယ် ကိုမွှေးရေ…။

Friday, February 01, 2008

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရခြင်း

သည်ရုပ်ရှင် အဆုံးတော့ အနောက်နိုင်ငံသားတွေအမြင်ဟာ သူရဲကောင်းတွေဟာ မစ်ရင်နရီတွေ၊ ရင်အုံကြီးကြီးနဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်တွေ နဲ့ ဗလကောင်းကောင်းနဲ့ မကောင်းမှုကို တိုက်ဖျက်တတ်တဲ့ မြောက်အမေရိကတိုက်သားတွေ။ သည်ရုပ်ရှင်ဆုံးတော့ ဥာဏ်တိမ်လွန်းလို့ ဘာမှသုံးစားလို့မရတဲ့သူတွေကတော့ ပုဇွန်ဦးနှောက်ပိုင်ရှင် တိုင်းရင်းသား လူမျိုးစုတွေ နဲ့ နေကာမျက်မှန်တကားကားနဲ့ အဆိပ်ငွေ့တွေ ရှုရှိုက်နေသူ ဗမာစစ်သားတွေ။ သည်ရုပ်ရှင်ဆုံးတော့ ရုပ်ရှင်ရဲ့ အနှစ်သာရ၊ နိုင်ငံရေးပြကွက် ဘာတစ်ခုမှ ရေရေရာရာမကျန်လိုက်။ ရုံထဲကထွက်လာမယ့် အသက်အစိတ်ဝန်းကျင် လူငယ်တွေရဲ့ နှုတ်က ‘they’re just a bunch of idiots” ဆိုတာကို ကိုယ်တိုင်မကြားပေမယ့်လဲ သိနေတယ်။ မြန်မာပြည်တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ အားလုံးရဲ့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ အရည်အသွေးမရှိခြင်း၊ အတွေးအခေါ်အမျှော်အမြင်နိမ့်ပါးခြင်း၊ အချို့ဒေသတွေမှာ လူမျိုးရေး ဘာသာရေး သဘောထားပြည့်ဝမှုနဲခြင်း စသည်တို့ကို ကမ္ဘာမှာ တင်ပြပြီး အရှက်ခွဲခံလိုက်ရတဲ့ အဖြစ်ကိုတအုံနွေးနွေးဖြစ်နေခဲ့တယ်။ ဒီမြို့က သတင်းစာကြီး တွေကတော့ ရမ်ဘိုနံပါတ်လေးကို ဂရိတ်ဒင်း “F” ကိုပေးပစ်လိုက်ပါတယ်။ သူတို့ အချင်းချင်းကောင်းကောင်း သိပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဒုက္ခဆင်းရဲနဲ့ ကယ်သူမယ့်မှု၊ မဇ်ဇရီကို အသုံးချပြီး ငွေသဲ့ယူမယ့် အကွက်ဆိုတာကို။

ရမ်ဘို၊ အာနိုး၊ စတီဗင်ဆီးဂဲလ် စတဲ့ မင်းသားတွေဟာ ဟောလိဝုဒ်ရဲ့ ဒုတိယတန်းစားလို့ ခေါ်လို့ရတဲ့ မင်းသားတွေပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာနိုးကလွဲလို့ လူဖြူတွေမဟုတ်လို့ပဲလို့ ပြောလိုက်ပါရစေ။ သူတို့တွေရဲ့ ရုပ်ရှင်တွေကို ပညာတတ်တော်တော်များများ ကြည့်လိမ့်မယ်လို့ မထင်ပါဘူး။ လူငယ်လူရွယ်တွေ အတွက် ဆောင်းရာသီ အိမ်တွင်းပုံး ပျင်းရိနေမှုကို ဖျော်ဖြေရန်သက်သက် ဒီရမ်ဘိုနံပါတ်လေး ကို တင်ဆက်ခြင်းလဲဖြစ်ပါတယ်။ သူတို့အရွယ်အမေရိကန် ဟစ်ပီခေတ်ကလူကြီးပိုင်းတွေ ဘီယာတမျှမျှနဲ့ စိတ်အစာဖြေရန်လဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်နဲ့ အခြားသော အဖိနှိပ်ခံ အာရှတိုင်းပြည်တွေမှာတော့ ဒီလိုရုပ်ရှင်တွေဟာ ရေနစ်သူတွေ အတွက် ကောက်ရိုးတမျှင် ပဲဖြစ်ပါတယ်။ ဒုက္ခဆင်းရဲနွံထဲမှ မည်သူကယ်မည်လဲဟူသော မျှော်လင့်ချက်လေးတွေနဲ့ ရမ်ဘိုတို့ အာနိုးတို့ ဆီးဂဲလ်တို့လို မင်းသားတွေပါတဲ့ ရုပ်ရှင်တွေနဲ့ စိတ်ကိုအစာကျွေးမိကြသလား။ ယခု ဒီ ရမ်ဘိုနံပါတ်လေး မတိုင်ခင်ကတည်းက ဆီးဂဲလ် ကလွဲလို့ ကျန်တဲ့ မင်းသားနှစ်ယောက်ကို စိတ်ထဲမှာရှိတောင် မရှိခဲ့ပေမယ့် ဒီရုပ်ရှင်စရိုက်နေပြီ ဆိုကတည်းက တစ်စုံတစ်ရာ မှားယွင်းနေပြီလို့ ခံစားနေခဲ့မိတယ်။

ကမ္ဘာက စစ်တပ်နဲ့ ပြည်သူဆိုတာကို ကွဲပြီး ဘယ်လိုမှ မမြင်ပါဘူး၊ လူတော်တော်များများက ပြဿနာတက်နေတဲ့ တိုင်းပြည်လို့ပဲမြင်ပါတယ်။ စစ်အစိုးရရဲ့ အသုံးမကျမှုကို ပြည်သူတွေကလဲ တစ်နည်းတစ်ဖုံနဲ့ ဖြည့်စည်းပေးနေတယ်လို့ပဲ မြင်ပါတယ်။ ဆိုးဝါးလှတဲ့ စစ်အစိုးရဟာ ဘာကြောင့် ပိုပိုပြီး အင်အားကြီးလာသလဲ။ ကိစ္စတော်တော်များများအတွက် အုပ်ချုပ်သူတွေဟာ တာဝန်ရှိတယ်။ ဒီအုပ်ချုပ်သူတွေ ဥာဏ်ရှိသလား မရှိသလားဆိုတာ ဘာမှထွေထွေ ထူးထူးပြောနေစရာမလိုပေမယ့် စစ်ဆိုရင် ရေတောင် စစ်မသောက်ဖူးဟေ့ဆိုပြီး အော်ခဲ့တဲ့ သူငယ်ချင်းမတွေ စစ်ဗိုလ်ကတော်ဖြစ်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်နေတာ၊ စစ်တပ်ကိုရွံမုန်းလှပါရဲ့ဆိုတဲ့ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးက သူ့မြေးမလေး စစ်တက္ကသိုလ်က နည်းပြတစ်ယောက်နဲ့ မင်္ဂလာပွဲဆင်နွဲမှာကို ပြောမဆုံးဖြစ်နေတာ။ အတိုက်အခံခေါင်းဆောင်တချို့ စစ်အစိုးရရဲ့ မကောင်းမှုကို အခြေပြုပြီး ဒေါ်လာသန်းချီရနေတာ၊ ဘုန်းကြီးကျောင်းက ကထိန်တစ်ခုမှာ အဲဒီခေါင်းဆောင်ဟာ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ဒုက္ခရောက်နေသူတွေ၊ လက်ရှိအခြေအနေတွေအကြောင်းပြောနေတာထက်၊ သားတွေ သမီးတွေက ထိပ်ထိပ်ကြဲ ယူနီဗာစတီတွေက ဆရာဝန်ဘွဲ့ ရှေ့နေဘွဲ့ ရကြောင်း၊ ဒီမြို့ရဲ့ လူဂုဏ်ထံရပ်ကွက်မှာ ဘယ်လိုအိမ်ကို ၀ယ်လိုက်ကြောင်းတွေ ပြောနေတဲ့အခါ အနားကလူဖြူအချို့ရဲ့ အကြည့်တွေကို မြင်စမ်းစေချင်ဘိ။ ဒီလိုခေါင်းဆောင် သန်းရွှေနေရာရောက်ရင် မြန်မာပြည်ဟာ ဒီထက်တောင် ဆိုးနိုင်သေးပါလားလို့ တွေးမိနေမှာပဲ။

စက်တင်ဘာအရေးအခင်းဖြစ်စဉ်က ဗွီဒီယိုတွေကြည့်ပြီး လက်နက်မဲ့ လူတွေကို စစ်ဖိနပ်တွေနဲ့ ကျောကိုကန်၊ တုတ်တွေနဲ့ ရိုက်၊ ဆွဲလားရမ်းလားလုပ်နေတာကို ကျိုးနေတဲ့သွားတွေနဲ့ ကွမ်းတမြုံ့မြုံ့ဝါးပြီး စိမ်ပြေနပြေပြုံးကြည့်နေတဲ့ ယူနီဖောင်းကိုခေါက်ရိုးမကျိုးစေတဲ့၊ မင်းသားရှုံးလောက်အောင် ဟန်ပြထားတဲ့ စစ်ဗိုလ်တစ်ဦးကို ကြည့်ပြီး ကိုယ်ကိုတိုင် သေနတ်ဆွဲချင်တဲ့ စိတ် လူတော်တော်များများ ပေါက်မိကြမှာပါပဲ။ ဒီလိုတုန့်ပြန်ချင်တဲ့ စိတ်၊ သူသေကိုယ်သေ ချကြတော့ ဆိုတဲ့စိတ်ကို ရမ်ဘိုနံပါတ်လေးက အစာလှလှလေး ကြွေးပေးလိုက်တယ်။ ဗမာစစ်သားတွေကို ပက်ပက်စက်စက် သတ်ပြတယ်။ သွေးရဲရဲသံရဲရဲလုပ်ပြတယ်။ နိုင်ငံခြားရောက် ဗမာလူငယ်တွေက စစ်အာဏာရှင်ကို လက်မခံနိုင်ကြောင်း၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်ကြောင်းပြချင်လို့ စေတနာ သက်သက်နဲ့ အဲဒီရုပ်ရှင်ကို သွားကြည့်တယ်။ အခြားသောသူတွေကလဲ အမေရိကန်ကူညီဖို့ ဆိုင်းပြင်းပြီလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားကြည့်တယ်။ ရမ်ဘိုကတော့ ငွေထုတ်ပိုက်သွားတယ်။

ဒီရုပ်ရှင်ရဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်းကို ချိန်ထိုးရင် ဆိုးတဲ့ ဘက်ကို ပိုအားသာနေတယ်။ မြန်မာပြည် ဘာမှ ပိုကောင်းမသွားဘူး။ ပိုတောင် ဆိုးသွားနိုင်တယ်။ နိုင်ငံတော် ဘာသာဖြစ်တဲ့ ဗုဒ္ခဘာသာကို မကိုးကွယ်တဲ့ ကရင်တွေသာမက အခြားသော ဗမာများနဲ့ လူမျိုးစုတွေအတွက်ပါ ဆိုးသွားနိုင်ပါတယ်။ ကရင်တွေအနေနဲ့လဲ ဗမာကို ဒီထက် ပိုမုန်းသွားစေနိုင်တယ်။ နဂိုထဲက ဘယ်လိုမှ နိုင်ငံရေး၊ လှုမှုရေး၊ ဘာသာရေး ဘာမှ အစေးမကပ်တဲ့ တိုင်းပြည် ဒီထက်ပို ကွဲရင် လိုချင်တဲ့ ပန်းတိုင်ဟာ ရှာလေ ဝေးလေပဲ ဖြစ်နေမှာပါ။

LinkWithin

Related Posts Plugin for WordPress, Blogger...