မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, January 29, 2008

မစ္ဇ္ဇရီ

ငိုကြွေးနေတဲ့ မျက်ဝန်းတွေ..
ငတ်မွတ်နေတဲ့ အစာအိမ်တွေ..
ကြေမွနေတဲ့ အသည်းနှလုံးတွေ
မခံရပ်နိုင်မှုတွေကို မြိုသိပ်လို့
နည်းလမ်းတွေမဲ့
ခပ်ယဲ့ယဲ့အပြုံးတွေနဲ့
သေနတ်တွေ၊ ဖိနပ်တွေ
လိမ်ညာစကားနဲ့ အရောင်လက်ဘားတွေအောက်
အကြောက်တရားနဲ့ ထွက်ပေါက်အားမဲ့ နိုင်ငံတစ်ခုထဲက
လူသားတစ်စုရဲ့ မစ်ဇ်ဇရီအပေါ်မှာ..
အမြတ်ထွက်သွားတဲ့ အကြောင်းတွေ
ပြောပြချင်သေးတယ်…။

ဆောင်းနင်းမြူတွေထဲ
လုပ်စရာမရှိလို့
အေးခဲတဲ့ မီလင်းဖိုကိုနွှေး
ပက်ပစီတစ်ပုလင်း၊ ပီဇာတစ်ဗန်း
ဘီယာတွေ တခမ်းတနား
ဆန်းပြားတဲ့ ကြက်သားကြော်
စားစရာနော်.. မျိုးစုံပါပဲ..
အပြင်းပြေ ပျော်ရာရှာမယ့်
လူဖြူ၊လူမဲ၊ လူနီလူဝါတွေ..
နောက်ပြီး…
ရုပ်ရှင်ဂီတ အသိုင်းအ၀ိုင်းက
ဆောင်းတွင်းညရဲ့
ပျင်းရိသွေ့ခြောက်နေတဲ့ လူငယ်တစ်စုတွက်
ဖျော်ဖြေရာ ဖန်သားပြင်ပေါ်က
အကျအန တီးကွက်တွေ
ရှုခင်းရှုကွက်.. ရိုက်ကွင်းရိုက်ကွက်
Effect မျိုးစုံကို
ဘယ်ထောင့်က ဘယ်လို
စိမ်ပြေနပြေ လေဘေးတွေဖြောင့်
ကြောင့်ကြမှုမဲ့စွာ
ငါတို့လူမျိုးတွေရဲ့ မစ်ဇ်ဇရီဟာ.. သူတို့အတွက်တော့ ဖျော်ဖြေစရာသက်သက်…
လူ့ဘ၀ဇာတ်ခုံပေါ်က ကကြိုးတစ်ကွက်တဲ့လား..
သိပ်ခက်နေပြီပေါ့ကွယ်….။

ဘားမားလား
ဟင့်အင်း.. ခုထိလူတော်တော်များများ
ဘာမှန်းမသိပါဘူး..
ဒီရုပ်ရှင်လား သွေးသံရဲရဲ လက်ပြတ်ခြေပြတ်..
xploding heads, spilled intestines,
decapitation, unambitious line တွေနဲ့
ဘာအနှစ်သာရမှမရှိ..

အော်.. တစ်ကယ့်အဖြစ်တွေကိုအခြေခံတာလား..
မသိပါဘူးကွယ်..
ဖြစ်နေတဲ့ ပြဿနာတွေလား..
အိပ်ရေးတောင် မပျက်အားကြပါဘူး…
“ငါတို့တိုင်းပြည်တွေမှာလဲ ပြဿနာပေါင်း
သောင်းခြောက်ထောင်..
နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး..
အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့
တိုင်းပြည်သေးသေးလေး..
ငါတို့ ဂရုမစိုက်သေးဘူး..
အုပ်ချုပ်နေသူတွေနဲ့ အုပ်ချုပ်ခံရသူတွေ…
အနိုင်ကျင့်နေသူတွေနဲ့ အနိုင်ကျင့်ခံနေရသူတွေ..
လက်နက်ကိုင်ထားသူတွေနဲ့ လက်နက်မဲ့သူတွေ…
ခွဲမမြင်ဘူး.. ကွဲလဲမမြင်ဘူး..
မင်းတို့ အားလုံး အတူတူပဲ..
ကိုယ့်ပြဿနာ ကိုယ်ရှင်းကြလေ
ဒီလိုစကားတွေအောက်..
အရည်ပျော် ပျောက်ဆုံးမသွားအောင်
ကြိုးစားနေလိုက်ဦးမယ်…။

ဗလထုတ်ပြ၊ ငွေထုတ်ပိုက်ကြမယ့်
ဖန်သားပြင်ပေါ်က ကကွက်လေးတစ်ကွက်
အမုန်းမျိုးစေ့လေး တစက်ကြောင့်တော့
အပြစ်မရှိသူ ပြည်သူတွေကို
မလိုမုန်းထား အငြိုးပွားလို့
တိုင်းပြည်သစ္စာဖောက် အမေရိကန်နောက်လိုက်လို့စွတ်စွဲ
ရွာလုံးကျွတ် မီးမစွဲပါစေနဲ့..
ခံယူချက် အယူဝါဒ နဲ့
ကိုးကွယ်မှုပုံစံတွေ မတူညီလဲလေ
လူလူချင်းတွေပါ..

ငြိမ်းချမ်းရေးကို သေသည်အထိ
မျှော်ကြည့်နေလိုက်ဦးမယ်…။

မစ္ဇ္ဇရီ = Misery


Saturday, January 19, 2008

မင်္ဂလာပါရှင်..

ဒေါက်တာလွမ်းဆွေဘလော့မှာရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ မောင်လေးအိုအေစစ် မေးတာတစ်ခုပါ…

အိုအေစစ်: ကိုလွဏ်းဆွေဘလော့မှာ ဆောင်းပါးရေးတဲ့ အိမ့်ချမ်းမြေ့ နဲ့ အတူတူဘဲလား သိချင်လို့ပါ ကျေးဇူးပြုပြီး ဖြေကြားပေးပါ

အိမ့်ချမ်းမြေ့: မောင်လေးပြောမှ အမသွားကြည့်တော့ အေးချမ်းမြေ့ ဆိုတဲ့ နာမယ် ဆင်တူယိုးမှားတွေ့တယ်.. အမ မဟုတ်ပါဘူး။ အမ နိုင်ငံရေး မကျွမ်းကျင်သောကြောင့် နိင်ငံရေး စာမျက်နှာတွေမှာ ယခုချိန်ထိ မရေးသေးပါဘူး။ နာမယ်ကတော့ တော်တော်လေးဆင်ပါတယ်။ နာမယ်တူမရှား လူတူမရှားပေါ့..း) အမရဲ့ဒေါ့ကွန်းရယ် ဒီဘလောဂ်ရယ်၊ အိမ်မက်နဲ့ ညွန်းထားသော အွန်လိုင်းမဂ္ဂဇင်းများမှာ အိမ့်ချမ်းမြေ့ (သို့) အိမ်ချမ်းမြေ့ အမည်နှင့်သာရေးပါတယ်..

အိမ့်ချမ်းမြေ့: ခုတစ်လောလဲ အိမ်မှုကိစ္စတွေ၊ သင်တန်းတွေရယ် အလုပ်တစ်ဘက်ရယ်နဲ့အလုပ်များလို့ ဘလောဂ်ကေးရှင်း ခဏယူပါမယ်။ ဆီဗုံးလဲမပြန်နိုင်မှာဖြစ်လို့ ခေတ္တဖြုတ်ထားပါတယ်။ လာလည်သူများအားလုံးမင်္ဂလာပါရှင်...

အေးချမ်းမြေ့ရေးသောဆောင်းပါးကို ဖတ်ချင်ရင်.. ဒီလင့်ခကိုသွားနိုင်ပါတယ်ရှင်

Thursday, January 17, 2008

လိပ်ပြာတောင်ပံခတ်သံ

ဟေမာနေ၀င်းရဲ့ သီချင်းထဲကလိုပေါ့..
အချစ်များနဲ့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားခြင်းပါ..။

မေမေကပြောတယ်…
သမီးကိုမက်တဲ့ အိပ်မက်တွေ မကောင်းဘူး ဘုရားရှိခိုးဦး”တဲ့…
ညီမလေးကပြောတယ်…
အိပ်မက်တွေ မကောင်းဘူး.. စိတ်ပူတယ်” တဲ့…
သူကပြောတယ်…
ညက အိပ်မက်ထဲမှာ မင်းသိပ်လှနေတယ်.. နောက်ပြီး ပန်းလေးတစ်ပွင့်ကိုင်လို့ ကိုယ့်ဆီလျောက်လာနေတယ်.. အသွားအလာဂရုစိုက်နော်……” တဲ့…
ကိုယ်လဲမက်တယ်..
တောနက်ကြီးထဲက ပင့်ကူအိမ်တွေကို လက်နဲ့ထိလိုက်တိုင်း ထိလိုက်တိုင်း ဖြူ နီ ညို ပြာ စိမ်း ၀ါ ရောင်စုံလိပ်ပြာတွေ လွင့်ကနဲ…… လွင့်ကနဲ
ကိုယ် လိပ်ပြာတွေကို လွှတ်နေတာ.. အနှောင်အဖွဲ့ က ဝေးအောင်.. တဲ့



4.jpg

ကိုယ့်နှုတ်ခမ်းတွေ ပြုံးနေတယ်…။
လူတွေယုံကြမယ်မထင်ဘူး… ကိုယ်အူမြူးနေပါတယ်ဆိုရင်..
သူမ.. ရူးသွပ်နေပြီလို့ ထင်ကောင်းထင်ကြမှာပေါ့နော်..။
ကိုယ့်အကြောင်းကို သိတဲ့သူတွေကတော့.. နားလည်ကြမယ်ထင်ပါတယ်..

လူတွေ… လူတွေ.. သေခြင်းတရားကို တစ်ကယ်ကြုံရမှာပါ။
လူတိုင်းသွားရမှာကို ဘာလို့ဒီလောက် ကာကွယ်ချင်နေကြတာပါလိမ့်နော်..
သေဆုံးခြင်းကို နမိတ်မြင်တာ မကောင်းတာလို့ ဘာဖြစ်လို့ သတ်မှတ်ကြပါလိမ့်…
အသက် ၈၅နှစ်ထိ နေကြတယ်ဆိုရင်တောင် ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပဲ နေကြတာလေ..

လူတွေက သေဆုံးခြင်းကိုလဲ အရောင်ဆိုးချင်ကြသေးတယ်နော်..
အစိမ်းသေတဲ့..
ရုတ်တရက် မခံစားရပဲ ထွက်ခွာသွားရတာထက် အသက်အရှည်ကြီးနေပြီး ရော၈ါနဲ့ အိပ်ရာထဲလဲပြီး သေဆုံးမှ ပိုကောင်းတယ်လို့များ ထင်ကြလေသလား…။

2.jpg

သေဆုံးခြင်းရဲ့ ဟိုတစ်ဘက်ကမ်းမှာ တစ်စုံတစ်ရာ ရှိနေရင်လဲရှိမယ်..
တည်ရှိမှုတစ်ခု လုံးဝ ရပ်ဆိုင်းသွားတာလဲဖြစ်မယ်..
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကြောက်စရာတစ်ခုမှ မဟုတ်ပဲကွယ်..
တစ်စုံတစ်ခုရှိတယ်ဆိုရင်တော့ ပျော်စရာသိပ်ကောင်းမယ်ထင်တယ်နော်..

ရုတ်တရက်များ သေဆုံးသွားရင် သူငယ်ချင်းတွေနဲ့ စာဖတ်သူတွေ ကိုယ့်ရဲ့ ပိုစ်တွေမျှော်နေမလား.. ဒါမှမဟုတ် အိမ့်ချမ်းမြေ့ မာနကြီးသွားတယ်လို့ မြင်မလား…
တွေ့ချင်တဲ့ သူတွေဆီ သူတို့အိပ်ပျော်နေတုန်း တိတ်တိတ်လေး သွားကြည့်မယ်…
စိတ်နဲ့ ချက်ချင်းရောက်မလား..
လိပ်ပြာတစ်ကောင်လို လွင့်ပါးပျော်မြူးမိမလား
လေးလံတဲ့ ခန္ဒာကိုယ် ၀တ်ရုံကြီးကို ခွာချလိုက်တော့ ပေါ့သွားမှာတော့ အမှန်ပဲ…
တွေ့ချင်သူတွေဆီရောက်ရင်.. သူတို့ ကိုယ့်ကိုများ အိပ်မက်လေမလား..
သူ့ကိုတော့ သွားကြည့်မယ်..
သူ့နှုတ်ခမ်းကို တို့ကြည့်မယ်.. ဆံပင်လေးကို သပ်ကြည့်မယ်..

ဘာကိုမှ မစွဲလန်းဘူး..
မျက်လုံးဝိုင်းလေး တစ်စုံ က လွဲလို့…
နှုတ်ခမ်းထော်လေး တစ်စုံကလွဲလို့လေ..
ဒါလဲ အဆင်ပြေသွားကြမှာပါ..

ညီမလေးကို ပြောလိုက်တယ်..
ရင်နှီးသူ တစ်ဦးနှစ်ဦးကိုပြောလိုက်တယ်…
ဆီဗုံးမှာတော့ စာဖတ်သူတွေသိအောင် ပြောပြလိုက်ပါလို့..
မျှော်နေကြမှာ စိုးလို့ လို့…
“ဟာ… ဘာတွေလာပြောနေတာလဲ…”တဲ့ စိတ်ဆိုးမာန်ဆိုးပြောကြတယ်..
1.jpg
ဒီနေ့ နယူးဘရမ်စ်ဝတ်ပြည်နယ်မှာ ၁ရနှစ်သား ငါးယောက်၊ ၁၅နှစ်တစ်ယောက်နဲ့ ၁၆နှစ်တစ်ယောက်ရဲ့ နောက်ဆုံးခရီးကို အကြီးအကျယ် ဆင်နွဲကြတယ်..
Basketball ကစားသူ လူငယ်လေးတွေ..
ကျောင်းမှာလဲ အရမ်း ထင်ရှားတဲ့ ကလေးတွေ..
ပွဲစဉ်တစ်ခုကို ကစားရန်အသွားလမ်းမှာ နှင်းထဲမှာချော်ပြီး ကားမှောက်လို့ ဆုံးသွားကြတယ်..
ကနေဒါတစ်နိုင်ငံလုံး ငိုကြွေးကြတယ်..
ကျန်ရစ်သူ မိသားစုတွေ ဘယ်လိုများနေပါလိမ့်… အထူးသဖြင့် မိဘတွေပေါ့...
ဆုံးရှုံးမှုကို မသိသူတွေရဲ့ မြေပြင်အမြင့်က ချွေးသိပ်သံတွေ..
သားသမီးတစ်ခါမှ မရှိဘူးသူ ဘာသာရေးခေါင်းဆောင်တွေရဲ့ တရားစကားတွေ...
အရှင်ဘုရားတို့ သားသမီးရှိဘူးလို့လား.. လို့ သူတို့မိဘတွေက ပြန်မပြောမိအောင် အံကြိတ်ပြီး မချိပြုံး ပြုံးပြနေကြလိမ့်မယ်ထင်တယ်...
မပိုင်ဆိုင်ဘူးတဲ့ အရာတစ်ခုကို ဘယ်သူက လွမ်းဆွတ်တတ်ကြမလဲလေ..
ဒါလဲ တရား တစ်ခုပေါ့.. မဟုတ်ဘူးလား..
အသက်ရှင်ကျန်ရစ်သူ ကျောင်းသားတွေကပြောတာတော့ ကားကို နောက်က အရှိန်တစ်ခုက တွန်းလိုက်သလိုပဲတဲ့…
တစ်ကယ်တော့ အဲလိုနည်းနဲ့သွားရတာ သိပ်ခံစားရမယ်မထင်ဘူး..
သိတောင် သိလိုက်မယ် မဟုတ်ဘူးနော်..

450_seven_victims_080113.jpg

5.jpg
ဘီစီပြည်နယ်ရဲ့ လမ်းတွေပေါ်မှာလဲ တစ်ပတ်ကို လူနှစ်ယောက် အမြဲဆုံးပါးတယ်..
တိုးတက်နေတဲ့ တိုင်းပြည်က ပြယုဒ်တစ်ခုလေ
ကားသိပ်ပေါတဲ့ တိုင်းပြည်မဟုတ်လား… လူဦးရေနဲ့ ကားဦးရေက တူတူနီးပါးလေ..
ဆင်းရဲတော့လဲ အစာငတ်လို့သေဆုံးကြ.. အနာရောဂါတွေနဲ့ သေဆုံးကြ..
စစ်တွေဖြစ်လို့ သေဆုံးကြ..
ချမ်းသာတော့လဲ ချမ်းသာသလိုသေဆုံးကြ…
ဒီမြို့ကလမ်းမတွေ.. လမ်းထောင့်တွေ လမ်းချိုးတွေ ဟိုင်းဝေးတွေပေါ်မှာ ပန်းလေးတွေနဲ့ လက်ဝါးကပ်တိုင်ဟာ နေရာအနှံပေါ့…
ချစ်သူတွေထွက်ခွာသွားတဲ့နေရာမှာ ကျန်ရစ်သူတွေရဲ့ တမ်းတခြင်းလက်ဆောင်တွေ…
ဆရာတင်မိုးပြောသလိုပေါ့..
ကိုယ်သိပ်ချစ်သူရဲ့ လှဲလျောင်းရာနေရာဟာ ကိုယ့်အတွက်တော့.. ခင်တွယ်ရာဆိုသလိုပါပဲ..

သက်သတ်လွတ် သုံးရက်စားမယ်…
သေဆုံးခြင်းကို ကာကွယ်ရန်မဟုတ်..
ကာကွယ်လို့မရတဲ့ အရာကို ကာကွယ်ရန် မဟုတ်…
လှလှပပ လေး ထွက်ခွာသွားရန်…
အေးအေးချမ်းချမ်းလေး ထွက်ခွာသွားနိုင်ရန်..

3.jpg

cite: သတင်းဖတ်လိုလျှင်

Monday, January 14, 2008

သောကြာကြယ် - ၅

ထူးမတို့အားလုံးရန်ကုန်ပြန်ရန် ပြင်ဆင်နေကြပြီ။ ပစ္စည်းတွေ ထုပ်ပိုးနေသော မေမေနားမှာ ထူးမတို့ညီအစ်မလဲ မေမေ့ကို ကူရင်း အလုပ်ရှုပ်နေကြသည်။
အပြင်မှာ ကစ္ဆပနဒီဘက်က လေတွေက ပြူတင်းကိုဖြတ်ပြီး တိုက်ခတ်လာနေသည်။ လခြမ်းကွေးကွေးလေးက အေးအေးလေး သာနေသည်။ ညပိုးကောင်လေးတွေက အော်မြည်နေသည်။ ရေချိုးအပြီး ရေချိုးခန်းထဲက ထွက်လာသော ဖေဖေက မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကိုသုတ်နေသည်။ ဖေဖေ့ ညာဘက် နောက်ကျောနှင့် ရှေ့နံရိုးအောက်က အညိုရောင် ခပ်ရှည်ရှည် အမှတ်နှစ်ခုကို ထူးမကြည့်နေသည်။

“ဖေဖေက အရင်ဘ၀တုန်းက ဘုရင့်တပ်က သာမန်ရဲမက်လေးတစ်ဦးပေါ့”
“ဟင်”
“သမီးတို့ မေမေက ဘုရင့်သမီးတော်လေးတစ်ပါးပေါ့၊ ဖေဖေတို့ မေတ္တာမျှတော့ သဘောဘယ်တူကြမလဲ။ ဒီလိုနဲ့တစ်နေ့ ခိုးပြေးကြတယ်ဆိုပါတော့”
“မောင်…နော်၊ ကလေးတွေကို ဘာတွေလျောက်ပြောနေတာလဲ”
“ဟီးဟီး.. ဆက်ပြောဖေဖေ”
“အဲဒါ နောက်ကနေ ဖေဖေတို့ကို လိုက်ဖမ်းတာ ဖေဖေတို့က ဂူကြီးတစ်ခုထဲ ၀င်ပုန်းကြတာပေါ့။ လိုက်ဖမ်းတဲ့ တခြားရဲမက်တွေက ဂူထိပ်က စောင့်နေတာပေါ့ကွယ်။ ဖေဖေနဲ့ မေမေလဲ ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူးတဲ့”
“ဟင်..”
“အို…” ထူးမညီမလေး ငိုမဲ့မဲ့ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲဖေဖေ၊ ဂူထဲမှာ.. တစ်ခုခုဖြစ်သွားလို့လားဟင်”
“မဟုတ်ဘူး။ ဟိုဘက် ဂူပေါက်က ထွက်သွားကြတာလေ”
“အာ.. ဖေဖေကလဲ”
“ဟားဟား နောက်ဘာဆက်ဖြစ်လဲ ဖေဖေ”
“ဖေဖေတို့ ဟိုဘက်ဂူပေါက်ကထွက်ပြေးတော့ ရဲမက်တွေက လိုက်ကြတာ ဖေဖေ့ကို နောက်ကနေလှံနဲ့ ပစ်လိုက်တာ လှံကကျောကနေ ရှေ့ကို ဖောက်ပြီး ….”
“ဟင်”
“ဖေဖေရယ်..”
“အို.. မောင်ကလဲ၊ ကလေးတွေကို စ မနေပါနဲ့၊ အဲလိုကြီးတွေ”
“ဟားဟား အလကားစတာပါကွာ၊ ထူးက အမှတ်ကို ကြည့်နေလို့”
“ဖေဖေ့ အမှတ်ကလဲ အဲလိုပုံစံပဲနော်.. ထူးဆန်းတယ်”

“စီအို.. စီအို”
ရုတ်တရက် အခန်းအပြင်မှ စိုးရိမ်တုန်လှုပ်နေသော ဦးစိုးအသံ။
“အေး.. ကိုစိုး ဘာဖြစ်လဲကွ”
“စီအို.. အောက်မှာ လာခေါ်နေတယ်”
“ဘာဖြစ်တာလဲ ညကြီး”
“ဟို.. ဟို. မိခိုင်ရဲ့ အမျိုးသား ဟိုရဲဘော်လေး ဆူဆိုဒ် လုပ်သွားတယ်”
“ဘာ…”
“သူ့ခေါင်းကို သူ ရှော့ လိုက်တာလို့ပြောတယ်။ စီအို အမြန်လိုက်ခဲ့ပါ”
“အေး ငါအခုလာပြီ”

ဖေဖေထွက်သွားတော့ သားအမိသုံးဦး အခန်းထဲမှာ ကတုန်ကယင်နှင့် ကျန်ခဲ့ကြသည်။
ထိုညက ထူးမ တော်တော်နှင့် အိပ်မပျော်။ ၀ရံတာဘက်ထွက်ပြီး မိခိုင်တို့နေသည့် တန်းလျားဘက်ကို မျှော်ငေးနေမိသည်။ ထူးမ မျက်ရည်တွေကျနေသည်။ ပေါင်းသင်းတာတောင်မှ တစ်နှစ်မပြည့်တတ်သေး။ ငယ်ရွယ်နုပျိုပြီး အလှအပ မက်မောသည့် မိခိုင်တစ်ယောက် သူ၏ယောင်္ကျားအပေါ်တွင် အခါခါ မစောင့်ထိန်းသည့်အကြောင်းများကို ရဲဘော်လေးသာမက ပတ်ဝန်းကျင်ကလဲ ကြားနေရသည်။ နောက်ဆုံး ရဲဘော်လေး မခံနိုင်သည့်အဆုံး သူ့ကိုယ်သူများ အဆုံးစီရင်သွားလေရော့သလားဟု ထူးမ တွေးနေသည်။



လေခပ်ပြင်းပြင်းကြောင့် ထီး၇ွက်က တဖျတ်ဖျတ်လွင့်နေသည်။ ရန်ကုန်မြို့၏ ဆူညံနေသော နေ့လည်ခင်းကို အပေါ်စီးက လှမ်းမြင်နေရသည်။ ပင်လယ်ကဗွီးပင်ထိပ်ဖျားက အရွက်တွေက မသိမသာ ခေါင်းယမ်းနေသည်။ လေထဲမှာ မီးခိုးနံ့တွေ။

“မမမိတို့တွေ စနေနေ့ဆိုလား ပြန်လာတော့မယ်။ ငါ့ဦးလေးက ခုထဲက သူတို့ ခရီးထွက်ဖို့ ကားတွေ စီစဉ်နေတယ်” ထူးမ သူငယ်ချင်းက ဖန်ခွက်ထဲက ပိုက်ကလေးကို လှပတဲ့ လက်ကလေးနဲ့ ကိုင်ရင်း ထူးမကိုကြည့်ပြီး ပြောလိုက်သည်။

“ဟုတ်လား”

“ဘယ်နေ့ ဘယ်ဟိုတယ်မှာ ညစာစားမယ်၊ ဘယ်နေ့ ဘယ်မြို့ကို ခရီးထွက်မယ်က အစ စီစဉ်ပြီးသား”

“အော်…”

“နောက်တစ်ပတ် ကြာသပတေးနေ့ကျရင် သူတို့ ဗမာရုပ်ရှင် ကြည့်ချင်တယ်ဆိုလို့ န၀ဒေးမှာ ကြည့်ကြမယ်၊ နင်လိုက်ခဲ့ပါလား၊ သူငယ်ချင်းတွေအားလုံးလဲ ခေါ်ထားတယ်”

“နင်တို့ ဆွေမျိုးဝမ်းကွဲတွေကော၊ သူငယ်ချင်းတွေကောဆိုရင် လူသုံးလေးဆယ် ဘယ်လိုကြည့်ကြမှာလဲ” ထူးမ မျက်လုံးလှန်ကြည့်ပြီး မေးလိုက်သည်။

“အဲဒီနေ့ ရုံပိတ်ပြီး ကြည့်မှာပေါ့”

“ဟင်.. တစ်ခြားလာကြည့်မယ့် သူတွေကော”

“ပြန်ပေါ့ဟဲ့ .. နောက်နေ့မှ ပြန်လာကြည့်ကြပေါ့”

“ဟင်.. ရုံရှေ့ရောက်မှ ယနေ့ ရုံပိတ်သည်ဆိုတာမြင်ပြီး လူတွေကလှဲ့ပြန်ကြရမယ်ပေါ့”

“အင်းလေ.. နင်ကလဲ ဘာများဆန်းလို့လဲ၊ န၀ဒေးက အဲလို အိုကေးရှင်းတွေ အတွက်ပဲ မဟုတ်ဘူးလား”

“ဟဲ့.. တစ်ကယ်လို့ မြို့ပြင်မှာနေတဲ့ ပိုက်ဆံမရှိတဲ့ မိသားစုလေးတစ်စု အဲဒီနေ့မှာမှ အစီအစဉ်လုပ်ပြီး အဝေးကြီးက ကားဘာညာငှားလာပြီးမှ ပြန်လှဲ့ရမယ်ဆို ကားခကုန်ပြီပေါ့ဟဲ့၊ သူတို့ရဲ့ နေ့လေးတစ်နေ့ ကသိကအောင့်ဖြစ်မသွားဘူးလား”
ထူးမ နဲနဲ အသံကျယ်လာသည်။

“တစ်ခြားရုံသွားပေါ့” ထူးမသူငယ်ချင်းက ဆံပင်ကို လက်နဲ့ ဖျတ်ကနဲ သတ်တင်ရင်း မျက်လုံးလေး စင်းလိုက်ပြီးပြောသည်။

“နင့်ဦးလေးကို အဲဒီနေ့ ရုံပိတ်တယ်လို့ ဥပမာ လူတွေ သိအောင် တစ်နည်းနည်းနဲ့ ကြော်ငြာခိုင်းရင် လူတွေ အကျိုးမရှိဘူးလား” ထူးမ မျက်ခုံး ပိုရှုံ့လာမိသည်။

“ဟားဟား ထူးမ၊ နင်ဟာလေ တော်တော်အတွေးခေါင်တာပဲ။ ဘယ်သူ ဘယ်တုန်းက ဒါမျိုးကြော်ငြာလို့လဲ၊ အဲဒီနေ့ ရုံပိတ်လိုက်၊ လူတွေလာလဲ တခြားရုံသွားရင်သွား၊ မသွားလဲပြန်ကြ၊ နောက်နေ့မှ ပြန်လာကြည့်ပေါ့၊ လွယ်လွယ်လေး၊ ဘာလဲ နင်က ရေဒီယိုသတင်းစာကနေ ဒီနေ့ စပယ်ရှယ်အိုကေးရှင်းတွက် နဝေးဒေးရုံပိတ်သည်လို့ ကြော်ငြာစေ့ချင်နေတာလား.. အဟား”

“ဟင်း…”
“လိုက်မယ်မဟုတ်လား”
“ငါ အားမယ်မထင်ဘူးဟာ..။ နင့်ကို အခြေအနေအကြောင်းပြန်မယ်လေ.. နော်”

ထူးမ ပြောပြီး တစ်ဖက်လှဲ့ပြီး သက်ပြင်းကြိတ်ချလိုက်သည်။ ထူးမ သက်ပြင်းချသံကို ထူးမ မကြားရ။ ခပ်ဝေးဝေးက တစ်မြို့လုံး ညံနေသော ကားဟွန်းသံများကိုသာ ထူးမ ကြားနေမိပါတော့သည်။

ဆက်ရန်…

Saturday, January 12, 2008

ရွှေမှုန်ခင်းတဲ့ သက်တန့်တစ်စင်း

မြက်ခင်းစိမ်းတွေပေါ်မှာ
မိုးရေစက်လေးတွေ ခိုတွယ်နေတယ်။
လေအယိမ်းမှာတော့…
တိမ်းနွဲ့တဲ့ သစ်ရွက်ကြွေတွေကို
ငှက်ပျို ငှက်ကျားလေးတွေက
ခုန်ဆွခုန်ဆွနဲ့ လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားကြလို့
ရှဉ့်လေးတွေက မဟားတရားရယ်မောလိုက်ကြတယ်..။




ခပ်လှမ်းလှမ်းမှာတော့
ဆီမီးရောင်ကြော့ကြော့လေးတွေ
လှုပ်ခတ်နေတယ်။
မနွမ်းပါးတဲ့ ကောင်းကင်ကတော့
ညို့ညို့မှိုင်းမှုန် လွမ်းရိပ်ထုံသင်း
လေပြေညှင်းက ဆော့ကစားသွားတယ်…။

ဟော..
ကောင်းကင်မှာ က့််တစ်စင်း
မှိန်ရာကလင်း… လင်းရာကတောက်..
ရွှေမှုန်တွေ တဖောက်ဖောက်ကျလာသလို..
အို…
မင်းမျက်နှာလှလှ.. မေ ဖူးတွေ့လိုက်ရသလိုပေါ့ကွယ်..


ဒီနေ့ တစ်ဆယ့်နှစ်ရက်နေ့..
ကောင်းကင်က က်တန့်အလင်းနဲ့
အလွမ်းတွေသက်ဆင်းလာနေကြလေရဲ့..
ကြာခဲ့ပြီဆိုနိုင်ပေမယ့်လဲ…
မေ့ အတွက်တော့….
……………………….
မနေ့ကလိုပဲပေါ့ကွယ်..


ပြန်ဆုံပါရစေ.. နော်..




Friday, January 11, 2008

သောကြာကြယ် - ၎

“မိုက်လုံးကြီးတဲ့ သမီး၊ ဒီအမိုက်မကို ကျွန်မမွေးမိတာပါရှင်..”
“အခုတော့ ဘယ်လိုလုပ်ကြမလဲ.. ဟင်”
“စိတ်ကို အေးအေးထားကြပါ။ ဘယ်လိုဖြစ်ကြတာလဲ”
“အသက်တောင် မပြည့်သေးပါဘူးဗျာ၊ ကျွန်တော်တို့လဲ ကလေးဆိုပြီး လွှတ်ထားမိတာ အခုတော့ လိုက်သွားပြီလေ”
“လုပ်ပါဦးရှင်။ ဘယ်မှာမှလဲ ရှာလို့မတွေ့တော့ဘူး.. ”
“မင်းကို အစထဲက ပြောထားတယ်လေ။ သမီးက အရွယ်နဲ့ မလိုက်အောင် အလှအပ ကြိုက်တတ်နေတာ၊ တန်းလျားမှာလဲ ကောင်လေးတွေ တရုန်းရုန်းနဲ့ ကြည့်ပြောဦးဆိုတာ.. ခုတော့”
“အို.. ရှင်လဲ အဖေပဲ။ အခုမှ ဘာဖြစ်လို့ ကျွန်မတစ်ယောက်ထဲ အပြစ်ဖြစ်ရတာလဲ”
“ဒီလောက်လဲ စိတ်မပူပါနဲ့ဗျာ။ အခုဟာက ကောင်လေးက ရိုးရိုးသားသားလို့ ကြားပါတယ်။ လူငယ်ချင်းမေတ္တာမျှနေကြတာဆို”
“အို.. စီအိုကြီးရယ် ကျွန်မသမီး မိခိုင်ကို ခုလိုအသက်မပြည့်ခင် ခိုးယူသွားတဲ့ ရဲဘော်လေးကိုတော့ တစ်ခုခု အရေးယူပေးပါ..”
“စိတ်အေးအေးထားကြပါ။ ကြည့်လုပ်ပေးပါ့မယ်”

နံနက်စောစောစီးစီး အိမ်ရှေ့ခန်းမှ ဆူဆူညံညံ အသံများက မုန့်ဟင်းခါးပူပူကို နှေးကွေးစွာစားနေကြသော ထူးမတို့ ညီအစ်မရှိရာ ထမင်းစားခန်းထဲသို့ တိုးဝင်လာနေသည်။
သမီးပါသွား၍ ပူလောင်နေသော မိဘနှစ်ဦး စကားတွေပြောအပြီး ပြန်ထွက်သွားတော့ မေမေ့ စကားသံက ထွက်လာသည်။

“မောင်..”
“အင်း”
“အဲဒီရဲဘော်လေးကို ရှာတွေ့ရင် အရေးယူမှာလား”
“မိန်းကလေးက အသက်မပြည့်သေးဘူး”
“မောင်.. ”
“ပြော..”
“မောင်.. အဲဒီရဲဘော်လေးကို အရေးယူမယ်ဆိုရင်.. မနက်မနက် နောက်ဘေးအိမ်နောက်က ဆင်းဆင်းလာတဲ့ မောင့် အရာရှိကိုလဲ အရေးယူသင့်တယ်နော်”
“ဟိုကလေးကို အရေးယူမယ် ဘယ်သူပြောသေးလဲ ဒါ..ရယ်၊ မောင်စုံစမ်းပါဦးမယ်”
“မောင်..”
“ဘာလဲ”
“အေးကို ကိစ္စကျတော့ မောင်တို့က မသိဟန်ဆောင်နေတယ်နော်။ ရဲဘော်လေးက သူတစ်ကယ်ပေါင်းချင်လို့ ခေါ်သွားတာကျတော့...”
“အေးကို ကိစ္စလဲ မောင် စီစဉ်ပါမယ်ကွာ။ ဟိုမိန်းကလေးကတော့ နှစ်ဆယ်ကျော်ပြီ။ ရည်ငံနေကြတယ်ဆိုလဲ လက်ထပ်ခိုင်းရမှာပဲ။ တိတ်တိတ်နေစမ်းပါဦးကွာ.. စဉ်းစားပါရစေဦး ”
“မောင်.. ကျွန်မကို မအော်နဲ့”
“ဘယ်မှာအော်လို့လဲ။ ဒီမှာ စိတ်ရှုပ်နေတယ်ကွ”
“အခုမအော်လို့ ဘာလဲ၊ စကားကောင်းကောင်းပြောပါ။ ကျွန်မ မောင့် လက်အောက်ငယ်သား မဟုတ်ဘူးနော်။ မောင့် မိန်းမ”
“ဟာ.. ဒီမှာ ပြသနာတွေဖြစ်နေတာ။ ဒီ တုန်း(tone)နဲ့ ဟိုလူတွေကို ပြောနေတာ ချက်ချင်း တုန်း ကို မပြောင်းနိုင်ဘူး။ တုန်းကို ချက်ခြင်းချက်ခြင်းပြောင်းရအောင် ဒီမှာ အက်ရှင်မင်းသားမဟုတ်ဟေ့…”
“အို.. ပြောင်းသင့်ရင် ပြောင်းရမှာပဲ။ ကျွန်မ မောင့်မိန်းမနော်.. အဲဒါပဲ”
“မင်း… မောင့်မိန်းမမှန်း လူတိုင်းသိပါတယ်ကွာ”
“မောင်.. ဒေါသကိုမဆွနဲ့.. ဟွန်း”

အခန်းထဲကို ၀င်သွားသော မေမေ့ခြေသံနှင့် အိမ်ရှေ့ဆွဲတံခါးကို ဖွင့်လျှက် ထွက်သွားသော ဖေဖေ့ခြေသံတို့ကို ထူးမ ကြားလိုက်ရသည်။



ထန်းပင်တောထဲကို နေရောင်က ဟိုသည်တစ်ကွက် ထိုးကျနေသည်။ ထန်းတောအောက်ခြေ သဲပြင်ပေါ်မှာ သစ်ရွက်ခြောက်တွေ၊ သစ်တိုသစ်စတွေ ပြန့်ကြဲနေသည်။ ပင်ခြေအောက်မှာ ခြုံပုတ်တွေကလဲ ဟိုတစ်စု သည်တစ်စု။ ခပ်လှမ်းလှမ်းမှာ ပင်လယ်လှိုင်းသံကို ကြားနေရသည်။ စက်ဘီးက သဲထဲမှာ တွန်းရခက်နေသည်။
“ဒီနားပဲ စက်ဘီးတွေ ထားခဲ့မလား မမထူး၊ ဘယ်သူမှလဲယူမှာမဟုတ်ပါဘူး”
“နေဦး ဟိုနားမှာ တဲလေးတစ်ခု သွားကြည့်ရအောင်”
ထူးမတို့ ညီအစ်မ တဲလေးနားအထိ စက်ဘီးကို ခက်ခက်ခဲခဲ တွန်းလာကြသည်။ တဲလေးနားရောက်တော့ တဲလေးတစ်ဝိုက်ကို မျက်စိကစားကြည့်သည်။ တဲလေးက တိတ်ဆိတ်နေသည်။
“လူ.. ရှိလား”
ထူးမ အသံပြုလိုက်တော့ တဲလေးထဲမှ မိန်းကလေးတစ်ယောက်ထွက်လာသည်။

“ဟင်”
“အို”
“ဟင်.. မမ.. မမတို့.. သမီးကိုလာရှာတာလားဟင်”
“အို.. မဟုတ်ဘူး၊ မဟုတ်ပါဘူး။ မမတို့ ဒီနားလာတာ စက်ဘီးထားခဲ့ချင်လို့ ဒီတဲလေးထဲ လူရှိမလား လာကြည့်တာ”
“မမ မိခိုင် ဖေဖေနဲ့ မေမေကို မပြောပါနဲ့နော်။ တောင်းပန်ပါတယ်”
“မပြောပါဘူး။ ဒါပေမယ့် သူတို့ အရမ်းစိတ်ပူနေတယ်။ အိမ်တော့ ပြန်လိုက်ဦး”
“ဟုတ်.. ဟုတ်ကဲ့။ ပြန်မှာပါ တစ်ရက် နှစ်ရက်နေရင် ပြန်မယ်။ မပြောပါနဲ့နော်”
“မပြောပါဘူး။ ပြန်မယ်ဆို မပြောဘူး”
“ပြန်မယ် မမ။ မပြောနဲ့နော်”
“အင်း စိတ်ချပါ”

ထူးမတို့ ညီအစ်မ ထန်းတစ်ပင်အောက်မှာ စက်ဘီးတွေ ထောင်ခဲ့ပြီး ကမ်းစပ်ဘက်ကို ထွက်လာခဲ့သည်။ ရေတက်နေသည်။ သောင်စပ်နား ငါးခြောက်လှမ်းသော တဲတန်းရှည်များနားက တဲအိမ်လေး နောက်တစ်လုံးနားမှာ ရခိုင်အမျိုးသမီးကြီးတစ်ဦး အ၀တ်လှန်းနေသည်ကို ထူးမတွေ့လိုက်သည်။ သူမ၏ အသားအရည်က နေလောင်ထား၍ ညိုမောင်းနေသည်။ အကျီ င်္ချိုင်းက ချုပ်ရိုးပြုတ်နေသည်။ အိမ်ရှေ့ လှေကားထစ်မှာ ဆယ့်သုံးလေးနှစ်အရွယ် ကလေးမလေးတစ်ဦး ထန်းတောထဲကို ငေးကြည့်နေသည်။
“အဒေါ်”
သူမ လှည့်ကြည့်လာသည်။
“ဒီသောင်က အပြန့်ကြီးလားဟင်”
အမျိုးသမီးကြီးက မျက်လုံးပြူးပြီးကြည့်နေသည်။ သူမ၏ မျက်လုံးများက အရောင်မဲ့နေသည်။ “ဒီသောင်က အပြန့်လားလို့ မေးတာ။ ရေကူးချင်လို့။ အပြန့်... ကြီး …လား….. လို့”
ထူးမ ညီမလေးက အသံကို အရမ်းမြှင့်လိုက်ပြီး ရေကူးဟန်၊ သောင်အပြန့်ဟန် လုပ်ပြနေသည်။
“ဟယ်.. သူက နားလေးတာမှ မဟုတ်တာ၊ ဗမာလိုမတတ်တာလေ။ တိုးတိုးပြောပါဟယ်”
“အင်း ဟုတ်သားပဲ”
“အဒေါ် သောင်က ပြန့်လား” ထူးမ လက်ဟန်ခြေဟန်လုပ်ပြတော့ အဒေါ်ကြီးက ခေါင်းကို လေးလေးမှန်မှန် ငြိမ့်သည်။
“ပြန့်တယ်တဲ့..”
“ဒါဆို.. ဒီသောင်က နက်လား၊ ချိုင့်ကြီးရှိလား” ထူးမ ညီမလေးက လက်ဟန်နှင့် ချိုင့်သဏ္လန်လုပ်ပြီး မေးလိုက်ပြန်သည်။ အဒေါ်ကြီးက ခေါင်းကို လေးလေးမှန်မှန် ထပ်ငြိမ့်သည်။
“ဟင်”
“ဟောတော့”
“ဒုက္ခပါပဲ ဘာမေးမေးခေါင်းငြိမ့်ပြနေတော့မှာပဲ”
“ကူးမှာလား၊ ဘယ်လိုလုပ်မလဲ”
“ကူးမယ်.. အစပ်နားကူးမယ်၊ ဟိုနေ့ညနေက လမ်းလျောက်တာ ဒီနားလောက်ထိရောက်ပါတယ်။ သောင်ပြန့်ပါတယ်.. လာ”
ထူးမ တို့ ငါးခြောက်လှန်းသော တဲတန်းနားကို ရောက်လာကြသည်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်ကြသည်။ သွေ့ခြောက်သောလေက တိုက်ခတ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မွန်းတည့်နေအောက်မှာ တိတ်ဆိတ်နေသည်။ ထန်းတောထဲမှ ငှက်ကလေးများ၏ အသံကိုသာ ကြားနေရသည်။ အိမ်မှာထဲက ရေကူးအကျီ င်္ကို အထဲမှ ၀တ်လာသော ထူးမတို့ အပေါ်အကျီ င်္များကို ချွတ်ပြီးငါးခြောက်တဲထဲမှာပဲ ထားခဲ့ကြသည်။
“နံလိုက်တာ အန်မိတော့မယ်”
“မြန်မြန်လုပ် သွားမယ်”

ရေကူးအပြီး ရခိုင်မကြီးဆီပြန်ရောက်လာသည်။ သူမ အိမ်နောက်က လက်တစ်ထွာအမြင့်သာ ဘောင်ရှိသော ရေတွင်းမှာ သူမကို လက်ဟန်ခြေဟန်နှင့် ခွင့်တောင်းပြီး ရေချိုးကြသည်။
ပါလာတဲ့ အကျီ င်္အပိုတွေကို သူမ၏ သမီးလေးအတွက်ဟု အမူအယာလုပ်ပြပြီး ပေးခဲ့တော့ ထုံးစံအတိုင်း အားငယ်ခြင်းမဲ့သော၊ မနာလိုမှုမဲ့သော၊ ဆိုင်ပြိုင်မှုမဲ့သော၊ မောဟမဲ့သောမျက်လုံးများ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ၊ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ စသဖြင့် ဘာကိုမျှ မသိသော မျက်လုံးများ၊ သိရန်လဲမလိုသော မျက်လုံးများ၊ ထို..အရောင်မဲ့ မျက်လုံးများနှင့် ထူးမတို့ကို စိုက်ကြည့်နေခဲ့ပါသည်။

ဆက်ရန်…

Tuesday, January 08, 2008

သောကြာကြယ် - ၃

နေလုံးနီနီက ဖြောင့်တန်းတဲ့ မိုးကုပ်စက်ဝိုင်း ကြိုးတန်းပေါ်မှာ ငိုက်မြည်းနေသယောင်၊ ညနေခင်းငှက်တို့ကလဲ ပင်လယ်ပြင်ပေါ်မှာ ၀ဲပျံနေကြရင်း နေလုံးနီကို ရင်ကွဲမတတ် နှုတ်ဆက်နေကြသယောင်။ သောင်စပ်က ညနေခင်းလမ်းလျောက်ကအပြန် အုန်းပင်စီရရီတန်းထားတဲ့ တိုက်ပုလေးရှေ့က ဖြတ်လျောက်မိကြသည်။
“ခဏ၀င်ချင်လား”
“၀င်လေ.. မောင်”
အုတ်လှေကားပေါ်မှာ ပန်းပွင့်လေးတွေ ဟိုတစ်ပွင့် သည်တစ်စ။ အိမ်ရှေ့ခန်းထဲမှာ စာအုပ်တစ်အုပ်ဖတ်နေသော အိမ်ရှင်လူကြီးက ထူးမတို့မိသားစုကို အိမ်တွင်းမှ လှမ်းမြင်လိုက်ကတည်းက သူကိုယ်တိုင် တံခါးထဖွင့်ပေးရန် ထလာသည်။


“ဟာ… စီအို အထဲကြွပါခင်ဗျာ၊ လမ်းလျောက်ရာက အပြန်လား၊ ၀င်ပါထိုင်ပါ”
“အင်းဗျာ.. ကျွန်တော့ မိသားစုဝင်တွေနဲ့လဲ တွေ့ပေးချင်လို့၊ ဒါကျွန်တော့်အမျိုးသမီး၊ ဒါက သမီးအကြီး၊ ဒါက အငယ်” ထူးမ ဖေဖေက ၀င်ထိုင်ရင်း ပြောသည်။
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်”
သန့်ရှင်းသပ်ရပ်တဲ့ တိုက်ပုလေး အိမ်ရှေ့ခန်းရဲ့ ထောင့်တစ်ထောင့်မှာ ပန်းအိုးလှလှလေးနဲ့ နံရံပေါ်က ပန်းချီကားတစ်ချို့ကို ထူးမ မျက်လုံးဝေ့ကြည့်မိသည်။ မီးဖိုချောင်ဘက်အသွား ပါးပါးလျလျကန့်လန့်ကာနောက်မှာ ထူးမတို့အရွယ်သာသာ ကောင်လေးနှစ်ယောက် မတ်တပ်ရပ်နေကြသည်။
“စီအိုတို့ သောက်ဖို့ ကော်ဖီဖျော်ခဲ့ကွာ”
“အို.. ရပါတယ်ရှင်.. ကျွန်မတို့ စားပြီးခဲ့ပါပြီ” မေမေက ယဉ်ကျေးသိမ်မွေ့စွာငြင်းလိုက်သည်။
“အို.. ဘယ်ဟုတ်မလဲဗျာ၊ တစ်ခုခုလုပ်ခဲ့” အိမ်ရှင်က ကန့်လန့်ကာနောက်က မယောင်မလည်ရပ်နေသော ကောင်လေးနှစ်ယောက်ကို လှမ်းပြောလိုက်သည်။ ကောင်လေးနှစ်ယောက် နဖူးချင်းထိလု ကျိတ်ကျိတ်ထိုးနေကြသည်။
“ဟေ့ကောင်တွေ ကော်ဖီချလေကွာ” အိမ်ရှင်က ထပ်ပြောသည်။
ကောင်လေးနှစ်ယောက်လုံး လက်လေးတွေ နောက်ပစ်ပြီး မ၀ံ့မရဲ ခပ်လေးလေးပင်ပင်နှင့် ကန့်လန့်ကာနောက်မှ ခါးကုန်းပြီးထွက်လာကြသည်။
“ဟို .. ဟို.. ကော်ဖီမှုန့်ကုန်နေတယ် စီအို”
ထူးမ ညီမလေးက အောက်နှုတ်ခမ်းကို ကိုက်ထားပြီး ထူးမကို မျက်လုံးလှန်ကြည့်သည်။ ထူးမကတော့ အိနြေ္ဒတစ်ခွဲသားနှင့် မသိချင်ယောင်ဆောင်နေသည်။
“ဟာ.. မင်းတို့ကလဲ ဒါဆို သံပုရာရည်ဖြစ်ဖြစ် ချကွာ”
သံပုရာရည်ဆို၍ သွေ့ခြောက်နေသော ထူးမလည်ချောင်းက ထ ခုန်မတတ် ပျော်သွားသည်။
“အဲ…ဟို.. သံပုရာရည်ဖျော်ဖို့လဲ သကြားမရှိဘူး စီအို”
ထူးမ ခေါင်းတွင်တွင်ငုံ့ရင်း ကြမ်းပြင်ကို ကြည့်နေမိသည်။ နေရင်းထိုင်ရင်း မျက်နှာတွေက ပူလာသလိုလို။
“ဟာ.. မင်းတို့ဟာကလဲ” အိမ်ရှင်က အနေရခက်စွာပြောသည်။
“အို.. ရပါတယ်ရှင်။ နေပါစေ.. သောက်ရေပဲပေး ကလေးတို့၊ အန်တီတို့စားပြီးမှ လာတာကွဲ့”
“ဟုတ်.. ဟုတ်ကဲ့”
ကောင်လေးနှစ်ယောက် သောက်ရေယူရန် မီးဖိုထဲကို ကုပ်ကုပ်လေးနှင့် ပြန်ဝင်သွားပါတော့သည်။

အဲဒီညနေက လေတဖြူးဖြူးတိုက်နေသော လမ်းကလေးအတိုင်း ထူးမတို့ လမ်းလျှောက်ပြန်လာကြသည်။
“သူလဲ သူ့မိန်းမလိုပဲ သိပ်ရိုးတယ်ထင်တယ်နော်.. မောင်။ သူ့မိန်းမက ရန်ကုန်နာမယ်ကြီးကျောင်းတစ်ကျောင်းက ဆရာမ။ တစ်ခါတစ်ခါ ဘတ်စ်ကားနဲ့တောင် ကျောင်းသွားတယ်ပြောတယ်”
“အိမ်မှာ ကော်ဖီမှုန့် လောလောဆယ်ကုန်နေတာလဲဖြစ်ရင်ဖြစ်မယ်။ အိမ်ရှင်မ မရှိလို့ ဖြစ်သလိုနေတာလဲဖြစ်ရင်ဖြစ်မယ်။ သူ့ရိုးသားမှုရဲ့ ပြယုဒ်လဲဖြစ်မယ်။ ဘယ်ရှုထောင့်က ကြည့်မလဲဆိုတာလဲ ရှိသေးတယ်လေ။ ဒီလိုပြည့်စုံတဲ့လူတစ်ယောက်ရဲ့အိမ်မှာ ဧည့်သည်အတွက် သကြားတောင်မရှိတာဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်တာဝန်ကျေနိုင်မလဲဆိုတာတော့ စဉ်းစားစရာဖြစ်နေတယ်။ ဒါပေမယ့် ဒီလူဟာ လူကောင်းတစ်ယောက်ဆိုတာတော့ ဘယ်သူမှ ငြင်းမရပါဘူး”
“ဘာပဲဖြစ်ဖြစ် ဒီလောက် corrupt ဖြစ်နေတဲ့ထဲမှာ ဒီလိုလူမျိုးတွေ ရှာမှရှားပါမောင်ရယ်၊ corruption က နေရာတိုင်းမှာရှိတာပါပဲ။ အုပ်ချုပ်ရေးအပြင်ဘက်တွေမှာလဲရှိတာပဲ။ ဒါပေမယ့် အုပ်ချုပ်သူတွေအနေနဲ့ ဒါကိုထိန်းဘို့တာဝန်ရှိတယ်။ သူ့လိုလူမျိုးတွေလဲ အများကြီး ရှိဖို့သင့်တယ်”
“ဒါဒါ.. စကားကြည့်ပြော၊ အနေအထိုင် အပြောအဆို ဆင်ချင်ကြမှ” ထူးမ ဖေဖေက အသံကို အုပ်ပြီးပြောသည်။
လမ်းမတစ်လျောက် လူတွေက ထူးမတို့ ဖေဖေကို ပြုံးပြသည်။ လှမ်းနှုတ်ဆက်ကြသည်။ မျက်နှာချင်းဆိုင်က လာသည့် သူတွေကလဲ လမ်းဘေးကပ်လျောက်ပေးကြသည်။
“သိပ်ရှက်တာပဲ..” ထူးမ ညီမလေးက တိုးတိုးလေးပြောသည်။
“အင်း သိတယ်.. ဖေဖေနဲ့ သွားရရင် အဲလိုပဲ.. မျက်နှာပူတယ်”
ထူးမတို့ ညီအစ်မရင်ထဲမှာ မှားယွင်းမှုတစ်ခုကို သေချာလွန်းစွာ ခံစားနေခဲ့ရသည်။

ထိုညက အိမ်ပြန်အရောက် အိမ်ထဲမ၀င်သေးပဲ အိမ်နောက်က မြေကွက်လပ်ရှိ ပက်လက်ကုလားထိုင်မှာ ဦးစိုးချပေးတဲ့ လက်ဘက်သုတ်ကိုစားရင်း လေးယောက်သား စကားစမြည်ဆက်ပြောဖြစ်ကြသည်။ ငှက်တို့အိပ်တန်းပြန်ချိန်က သာယာလွမ်းမောဖွယ်။ တိမ်စင်တဲ့ကောင်းကင်မှာ ညနေကြယ်လေးတွေ ဟိုသည်တစ်ပွင့်ပေါ်လာသည်။ ကောင်းကင်ထောင့်တစ်ထောင့်မှာတော့ သောက်ရှုးကြယ်လေးတစ်ပွင့် လင်းတစ်ခါမှိန်တစ်လှဲ့။

“သမီးထူးကို မမ ဆီပို့ဖို့ စာရွက်စာတမ်းတွေရန်ကုန်ကို ရောက်နေပြီ”
မေမေ့စကားဆုံးတော့ အားလုံး အမှတ်မထင် တိတ်ဆိတ်သွားကြသည်။
“သမီးကို ဖေဖေ လက်ဆောင်တစ်ခုပေးမယ်” ထူးမ ဖေဖေက ချောင်းဟန့်ပြီး ပြောလိုက်သည်။
“ဟိုးမှာသောက်ရှုးကြယ်လေးတွေ့လား.. ထူး။ အဲဒီသောကြာကြယ်လေးဟာ သမီးအတွက် ဖေဖေ့လက်ဆောင်ပဲ..”

ထိုအချိန်မှာ ညလေက ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်သည်။
ထူးမ ပင့်သက်ကို လေးပင်စွာရှိုက်မိသည်။

“သောကြာကြယ်ကို ဗီယက်နမ်၊ ဂျပန်စတဲ့ အရှေ့တိုင်းနိုင်ငံတွေကတော့ ရွှေကြယ်လို့ခေါ်ကြတယ်။ သက္ကတစကားနဲ့တော့ ကြည်လင်ခြင်း၊ အလင်း စသဖြင့်ခေါ်ကြတယ်။ ရှေးခေတ်ဂရိလူမျိုး တွေကတော့ အလင်းရောင်ကိုသယ်ဆောင်လာသူလို့ ခေါ်စမှတ်ပြုကြတယ်။ morning star, evening star လို့လဲခေါ်ကြတယ်။ ရောမတွေအတွက်ကတော့ နတ်ဘုရားမပေါ့။ အဖေကတော့ သမီးအတွက် အမြဲတည်တံ့တောက်ပနေမယ့် အဖေ့မေတ္တာတွေကို ကိုယ်စားပြုလို့ သမီးကို ပေးလိုက်တာပါ။ သမီးက အဲဒီရက်မှာလဲမွေးတယ်.. နောက်ပြီး သမီးဘယ်တိုင်းပြည်ရောက်ရောက် သမီးလေး ဖေဖေ့ကို မြင်နေရတယ်လို့ ယူဆပါ သမီး”

“သမီး မမစန်းကလေ. သမီးကို သိပ်သဘောကျနေတယ်။ ထူးလေးဟာ သူ့သမီးလေးနော်လို့ တဖွဖွပြောနေတယ်။ သူ့သားအကြီးကလဲ တော်ရှာပါတယ်သမီး…”
တစ်ကယ်ခွဲရမယ်ဆိုတော့ ဒါမျိုးတွေဘယ်တုန်းကမှ လေးနက်စွာစိတ်မကူးသော မေမေ့ စိတ်ကူးတွေ ပုံပေါ်လာသည်။
“ဟင့်အင်း မေမေ၊ သမီး သိပ်ငယ်သေးတယ်၊ ဟိုးကမ္ဘာတစ်ဘက်ခြမ်းမှာ ဘာတွေရှိသလဲဆိုတာလဲ သိချင်သေးတယ်၊ ဒီလိုအခွင့်အရေးမျိုးရဖို့လဲမလွယ်ဘူး။ သမီးသွားကြည့်ချင်တယ်။ အဆင်မပြေတော့လဲ ပြန်လာတာပေါ့မေမေ” ထူးမအသံတွေ တိမ်ဝင်နေသည်။

ထိုညက သက်ကြီးခေါင်းချချိန်တိုင်အောင် ထူးမတို့ မိသားစု မြေကွက်လပ်မှာ ဆက်ထိုင်နေခဲ့ကြသည်။
ဓည၀တီရဲ့ ညလေတွေကတော့ ညဉ့်နက်လာသည်နှင့်အမျှ ပိုမိုကြမ်းရှလာနေခဲ့သည်။

ဆက်ရန်...

သောကြာကြယ် - ၁
သောကြာကြယ် - ၂

Sunday, January 06, 2008

စာပန်းချီ ခြေလှမ်းသစ်



မင်္ဂလာပါရှင်.. ရေးလက်စ ၀တ္ထုမပြီးခင် ကြော်ငြာလေး ၀င်ပါတယ်။ စာပန်းချီ အွန်လိုင်းမဂ္ဂဇင်းရဲ့ ပထမဆုံး ခြေလှမ်းသစ် ထွက်ပါပြီ။ စာရေးဝါသနာရှင် ညီအစ်ကိုမောင်နှမတွေ ရဲ့ လက်စွမ်းလက်စတွေကို ပန်းချီဒီဇိုင်း လှလှလေးတွေနဲ့အတူ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီမှာ ဖတ်ရှုနိုင်ကြပါတယ်ရှင်။

Friday, January 04, 2008

သောကြာကြယ် - ၂

နွေကျောင်းပိတ်ရက်မကုန်ခင် မေမေနဲ့ ညီမလေးရောက်လာတော့ အိမ်က ပိုစိုပြေလာသည်။ မေမေလာမည့်နေ့မတိုင်ခင် တစ်ပတ်လောက်ကတည်းက တစ်အိမ်လုံးမှာရှိသည့် ခန်းဆီးတွေကို ဖေဖေကိုယ်တိုင်ဖြုတ်လဲသည်။ သူကိုယ်တိုင် အိမ်သန့်ရှင်းရေးလုပ်သည်။

ကစ္ဆပနဒီမြစ်ပြင်ကို ဖြတ်တိုက်လာသော ညလေက ငြိမ့်ငြိမ့်လေးတိုက်ခတ်နေသည်။ အိပ်ခန်းချင်းကပ်ရက် ဖေဖေနဲ့မေမေ့အခန်းမှ တီးတိုး စကားသံတွေက ထူးမတို့ ညီအစ်မ အခန်းထဲကို လွင့်ပျံ့လာသည်။
“စိုးထွေး ဆိုတဲ့ ကလေးကတော့ မဆိုးဘူးမောင်ရဲ့။ အသောက်အစားလဲ ကင်းပုံရတယ်။ မွန်မွန်ရည်ရည်လဲရှိတယ်။ အိမ်ကိုလာပါစေ”
“မောင်ကတော့ အေးကို ကိုသဘောကျတယ်။ အလုပ်လဲကြိုးစားတယ်။ တည်တည်တံ့တံ့နဲ့ လူကြီးလဲဆန်တယ်”

“စိတ်ညစ်တယ်”
ပြူတင်းပေါက်မှာထိုင်ပြီး ကဗျာတစ်ပုဒ်ရေးရန် စိတ်ကူးယဉ်နေသော ထူးမ ပျံ့လွင့်လာသော စကားတွေကြောင့် ခေါင်းကိုတွင်တွင်ကုပ်ပြီး ညီမလေးကိုကြည့်လိုက်သည်။ ညီမလေးက ပုခုံးတွန့်လိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။

“မနက်ဖြန် ဖေဖေနဲ့ မေမေအလစ် ရေသွားကူးကြဦးမလား”
“အင်း.. ကောင်းတယ်” ထူးမ သွက်လက်စွာပြန်ပြောလိုက်သည်။


ထိုနေ့နံနက် ငါးနာရီခန့် ဝေလီဝေလင်းအချိန် ထူးမတစ်ယောက် တစ်ရေးနိုးကိုယ်လက်သန့်စင်အပြီး ညက ၀ရံတာမှာ မေ့ပြီး ပစ်ထားခဲ့မိသည့် ဂစ်တာလေးကို ထွက်ယူလိုက်သည်။ ပတ်ဝန်းကျင်က လတ်ဆတ်သည့်လေကို ရှုရိက်ရင်း ပြန်မအိပ်ပဲ သောင်စပ်တွင် သွားပြေးလျှင်ကောင်းမလားဟု စဉ်းစားနေမိသည်။ ထိုအချိန်တွင် လမ်းတစ်ဘက်က ကွမ်းတောင်ကိုင်ညီအစ်မတွေနေသော အိမ်၏နောက်ဘက်တံခါး ပွင့်လာသည်ကို ထူးမ လှမ်းမြင်လိုက်သည်။ နောက်ဖေးလှေကားမှ လူတစ်ဦး တိုးတိုးတိတ်တိတ် ဆင်းလာသည်ကို ထူးမ မျက်မှောင်ကုပ်ကြည့်နေမိသည်။
“ဟင်…”

နံနက်ခင်းနေရောင်အောက်ရှိ မိသားစု နံနက်စာဝိုင်းက မေမေတို့ရောက်လာပြီး စိုပြေနေသည်။

“ဒီနေ့ ဖေဖေနဲ့မေမေ မြို့ထဲသွားမယ်။ သမီးတို့လိုက်ခဲ့ပါလား”
“ဟင့်အင်း မလိုက်ချင်ဘူးမေမေ၊ အိမ်မှာပဲနေမယ်”
“ဘယ်မှလျောက်မသွားကြနဲ့နော်၊ အိမ်ထဲမှာပဲနေ”
“ဟုတ်.. မေမေ”
“ဘေးအိမ်က မိန်းကလေးကိုတွေ့လား၊ ဘယ်လောက်လိမ္မာရေးခြားရှိလဲ၊ အိမ်မှုကိစ္စတွေလဲ အကုန်နိုင်တယ်။ စကားပြောတာလဲ သိမ်မွေ့လိုက်တာ၊ နေပုံထိုင်ပုံက အစ၊ နောက်အိမ်ထဲက အိမ်ပြင်တောင်မထွက်ဘူး” သကြားဇွန်းကို ချလိုက်ပြီး ဖေဖေက ပြောသည်။

“ဟွန်း.. ဖေဖေကလဲ သူကအိမ်ထဲက အိမ်ပြင်ဘယ်ထွက်မလဲ။ အိမ်ထောင်ရှင် ကလေးအမေကြီးကို၊ နောက် အသက်ငယ်ငယ်လေးနဲ့ ကတော်ဖြစ်နေရှာတာကိုး။ အိမ်မှုကိစ္စလဲ နိုင်မှာပေါ့ အဖေဂုဏ်၊ ယောင်္ကျားဂုဏ်ပေါင်းပြီး အချွေအရံတွေက နဲမှမနဲပဲ.. နောက်.. သူသမီးတို့လို စက်ဘီးတွေစီး၊ ရေတွေကူး.. အဲ… ဟို လျောက်သွားလို့ ဘယ်ဖြစ်မလဲ။ နောက် သမီးတို့လဲ သူ့လိုသာနေရရင်တော့ လူဖြစ်ကျိုးရှုံးပါပြီ” ထူးမ ညီမလေးက လေသံအေးအေးလေးနှင့် ပြန်ပြောသည်။ ထူးမ ညီမလေးကို မျက်လုံးပြူးကြည့်လိုက်မိသည်။
“ရေဘယ်တုန်းက သွားကူးလဲ”
“ဟင့်အင်း ဟို… ဘယ်တုန်းကမှမကူးပါဘူး.. ဖေ”
“မင်းတို့ ဖေ့ဖေ့ကို မလိမ်နဲ့၊ ကိုယ့်အသားတွေ ကိုယ်ပြန်ကြည့်ကြစမ်း၊ ပြာနှမ်းနေကြပြီ”
“မ.. မဟုတ်ပါဘူး။ ဟို..ဟို… နေပူထဲ စက်ဘီးစီးတာတွေ များလို့ပါ”
“ဒါဆို သမီးတို့ရေချိုးခန်းထဲမှာ လှန်းထားတဲ့ ရေကူးဝတ်စုံတွေက ဘာတွေလဲ၊ ဒီမြို့မှာ လူကူးလို့ရတဲ့ ရေကူးကန်မရှိဘူးနော်။ ကူးစရာပင်လယ်ပဲရှိတယ်” မေမေက ကော်ဖီကို တချိုင့်သောက်အပြီးပြောသည်။
ထူးမနှင့် ညီမလေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။

“ညနေကျရင် အေးကို ညစာလာစားမယ်ထင်တယ်” မေမေက မသိမသာပြောသည်။
ထူးမ ချောင်းသီးသွားသည်။ ရင်ဘတ်ကိုဖိပြီး ရေခွက်ကိုလှမ်းယူလိုက်သည်။
“မေ… မေမေ… ဟို မေမေနဲ့ဖေဖေ အဲဒါပြောမလို့။ ဟိုလေ.. မနက်က သမီး ငါးနာရီလောက် ၀ရံတာထွက်ရပ်တာ.. ဟို အဲဒီ.. အဲဒီလူ နောက်ဖေးအိမ်နောက်က ဆင်းလာတာတွေ့တယ်”
“ဟင်” မေမေ ၏ အံ့သြသွားသံ။
“ဟုတ်ရဲ့လား ထူး”
“ဟုတ်ပါတယ်ဖေဖေရယ်။ သမီး ဘာလို့မဟုတ်တာပြောမလဲ”
ထူးမတို့ မေမေက ဖေဖေ့ကို ကဲ.. ဘယ်နှယ့်ရှိစ ဆိုသော အကြည့်နှင့် လှမ်းကြည့်လိုက်သည်။

“မမထူး အလှည့်ပြီးရင် သမီးဘက် မလှည့်နဲ့နော်။ သမီးတော့ ဘယ်သူ့မှ မယူဘူး။ ခုထဲကပြောထားတယ်။ စိတ်လဲမ၀င်စားဘူး။ ဒီအသိုင်းအ၀ိုင်းထဲမှာလဲ ဆက်မနေဘူး။ မာဖီးယားဂိုဏ်းကြီးလိုပဲ။ ဖေဖေတောင်ကြည့်ပါလား ဘာသာမတူတဲ့ မေမေ့ကို ယူလို့ ဘယ်လောက်မြင့်မြင့် ရာထူးတက်နိုင်မလဲ စောင့်ကြည့်ဦးမယ်။ ဒါတောင် မေမေက ဗမာစင်စစ်၊ ပေါင်းတလည်အနွယ်၊ မေမေ့ဘိုးကြီး ဘာသာပြောင်းတုန်းကလဲ နှင်ထုတ်ခံထိအပြီး ဘိုးကြီးရွာထဲ ဖြတ်လျောက်ရင် ရွာလမ်း နွားနို့နဲ့ ဆေးခံရသေးတယ်မို့လား။ နောက်…ဖေဖေက လာဘ်လဲ ယူသင့်တာမယူတော့ အထက်မဖို့နိုင် အောက်မကျွေးနိုင်နဲ့၊ ဖေဖေ့လိုရာထူးမျိုးနဲ့ သမီးသူငယ်ချင်းတွေရဲ့မိဘတွေမှာ အိမ်တွေမြေတွေ ရေတွက်လို့တောင်ရမယ်မထင်ဘူး၊ ဟိုနေ့က လက်ဆောင်လာပေးတဲ့ ပတ္တမြားလေးတွေဆို ရဲနေတာပဲ။ မယူပဲအတင်းပြန်ပေးလိုက်တယ်။ ဘယ်လောက်တန်မှာမို့လို့လဲ ..သမီးတို့မှာ အဲဒါမျိုးလေးတောင် မရှိဘူး” ထူးမ ညီမလေးက စိတ်ထဲရှိရာ တတွတ်တွတ်ပြောနေသည်။

“သမီးလဲ မနေဘူးဖေဖေ၊ သွားမယ်။ အကြီးဆီပို့ပေးပါ။ ဖေဖေပဲပြောတော့ အကောင်ကတော်ဖြစ်ရတာထက် ကိုယ်တိုင်အကောင်ဖြစ်အောင်လုပ်နိုင်တဲ့ ရိုးရိုးကျင့် မြင့်မြင့်ကြံအရည်အချင်းတွေ ရှိရမယ်ဆို၊ သမီးဟိုမှာနွားနို့ပို့မယ်၊ သတင်းစာပို့မယ်၊ ကျောင်းတက်မယ်၊ ဒီအသိုင်းအ၀ိုင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟိုနေ့က ဟိုအန်တီ့ အိမ်မှာ အလှုလုပ်တာ မေမေက မီးဖိုထဲတောင်မ၀င်ဘူး။ မေ့မေ့စိန်နားကပ်ကို လှတယ်ပြောတာလဲ ဖေဖေက ဘာလက်ဝတ်ရတနာမှ ချွတ်ပေးစရာမလိုဘူးမှာထားလို့ မေမေ ချွတ်မပေးလို့ ဒီနှစ်လဲ ဖေဖေရာထူးတက်ဦးမှာ မဟုတ်ဘူး။ သမီးလဲ ပြောမရဘူး၊ ဒီထဲက တစ်ယောက်ယောက်နဲ့ အကြောင်းပါရင် ကွမ်းတောင်ကိုင်ညီအစ်မတွေရဲ့ ထမီကို မီးပူထိုင်တိုက်ပေးချင် ပေးနေရမှာ၊ ဖေဖေကြည့်ရက်လား” ထူးမလဲ အသံတွေ တုန်နေသည်။

“ဖေဖေတော့ တန်စိုးလက်ဆောင် မယူဘူးသမီးတို့။ ရန်ကုန်မှာ စားသောက်ဆိုင်တွေက မိုးလင်းရင် ဦးဦးဖျားဖျား စားစရာတွေ ရတာတောင် လွန်လှပြီ။ စိတ်မသန့်ဘူး။ ငြင်းရလဲခက်၊ သူများတွေအနေနဲ့ စားစရာလေးများ၊ အသေးအဖွဲလို့ ယူဆပေမယ့် ဖေဖေသေရင် ဘုရားရှေ့မှာ ခေါင်းမဖော်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး။ ဖေဖေလဲ ဒီအလုပ်ထက် တခြားအလုပ်မလုပ်တတ်တော့ဘူး။ ဆယ့်ခြောက်နှစ်ထဲက ဒီတက္ကသိုလ်ထဲဝင်တာဆိုတော့ ဒီအလုပ်ပဲ လုပ်တတ်တော့တယ်၊ သမီးတို့သာသွားပါ။ ဖေဖေနဲ့ မေမေ ပို့ပေးမယ်”

“ကလေးတွေ… မနက်စာ ပြီးအောင်စားနော်… နောက်မှပြော၊ ဖေဖေစိတ်မကောင်းဖြစ်မယ်”
ထူးမတို့ မေမေက ဖေဖေ့လက်မောင်းကို ကိုင်ပြီး ယဲ့ယဲ့လေး ပြုံးပြီးပြောသည်။
ထူးမဖေဖေက သက်ပြင်းချလျှက် စားပွဲမှ ထထွက်သွားတော့ ထူးမမေမေက နောက်မှ လိုက်သွားပါတော့သည်။

ဆက်ရန်…
သောကြာကြယ် - ၁
သောကြာကြယ် - ၃

Thursday, January 03, 2008

သောကြာကြယ်

ထိုညက ကောင်းကင်ထောင့်တစ်ထောင့်မှာ ကြယ်လေးတစ်လုံး လင်းတစ်ခါ မှိန်တစ်လှဲ့။ ပစိဖိတ်ညလေထဲမှာ ကခုန်မြူးတူးတော့မယောင်ယောင် သောကြာကြယ်လေးက ထူးမ ကိုငုံ့ကြည့်နေသည်။ ၀ရံတာခေါင်မိုးက ဆည်းလည်းသံတွေ ဆူညံသွားအောင် ဆောင်းအ၀င်ညလေက ခပ်ကြမ်းကြမ်း တိုက်ခတ်သွားတော့ ထူးမ လက်ကိုရင်မှာပိုက်ပြီး သက်ပြင်းရှိုက်သွင်းလိုက်သည်။ အပေါ်ထပ်ဝရံတာလက်ရန်းကို ကိုင်ရင်း ကားတွေသာ တန်းစီရပ်ထားသော၊ လူသူတိတ်ဆိတ်နေသော အိမ်ရှေ့လမ်းသွယ်ကို မျက်ရည်ဝိုင်းသောမျက်ဝန်းများနှင့် ငုံ့ကြည့်နေမိသည်။ ငုံ့ကြည့်မိသည်ဆိုတာထက် အလွန်အေးသူ၊ ရိုးသားသူ၊ ဘုရားတရားကြည်ညိုသူဟု လူသိများခဲ့သော တစ်စုံတစ်ယောက် ထိုလမ်းသွယ်ပေါ်မှာ လှမ်းလျောက်လာလေမလားဟု ရှာနေမိသည်ဆိုပါက ပိုမှန်ပေလိမ့်မည်။

ခပ်ဝေးဝေးမှာတော့ နီယွန်မီးတွေ လင်းလက်နေသော မြို့ပြညနှင့် ရော့ကီးတောင်တန်းသွယ်တွေ။ တောင်တန်းတွေပေါ်က ညမီးတွေ ဟိုသည်တစ်ပွင့် စိန်ပွင့်တွေလို တောက်လက်နေသည်။ တောင်တန်းတွေပေါ်မှာ ထုံးဖြူဖြူစေတီတွေကို စိတ်မှန်းနှင့် လွမ်းလိုက်မိသည်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪

နံနက်ခင်းလေက ထူးမ အိပ်ခန်းပြူတင်းပေါက်ကို ဖြတ်တိုက်လာသည်။ ဂစ်တာကြိုးကို ခပ်ဖွဖွတို့ခတ်နေသော ထူးမ တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ကို ပြူတင်းမှဖြတ်၍ ကြည့်လိုက်သည်။ အိမ်ရှေ့မှာတော့ စနေနေ့မို့ ဖေဖေ့ရဲ့ စစ်တုရင်ဝိုင်းက စိုပြေနေသည်။
“ထူး… ဒီနေ့ စနေနေ့ မြို့ထဲ သွား၊ ဈေးလေးဘာလေးဝယ်ပါလား။ ဖေဖေကားစီစဉ်ဖို့ ကိုမိုးကို ခေါ်လိုက်မယ်”
အခန်းဝမှာရပ်လျှက် ဖေဖေက ထူးမကိုပြောသည်။
“ဈေးမှ မကြိုက်တာဖေဖေ။ လူတွေတရုန်းရုန်းနဲ့ နောက်သမီးမှာ ၀ယ်စရာလဲ မရှိပါဘူး”
“ဒါဆို မနက်ဈေးသွားပါလား”
“ဟင် သမီးက ဘာသွားဝယ်ရမှာလဲ။ ဘာမှမ၀ယ်တတ်ဘူး။ ဦးစိုးတို့ မနက်တိုင်း ဈေးထွက်တာပဲမဟုတ်လား”
“ဒါဆို စက်ဘီးနဲ့ မြို့ထဲသွားပတ်ကြည့်ပါလား”
“ဟင့်အင်း ဘယ်မှမသွားချင်ဘူး တစ်ခုတော့လုပ်ချင်တယ်။ ပင်လယ်ထဲမှာ ရေကူးချင်တယ်”
“ထူး… မဟုတ်တာမလုပ်စမ်းနဲ့၊ အသားတွေ ရစရာမရှိအောင် မဲသွားလိမ့်မယ်”
“ဟင်.. နဂိုထဲကမှ မဖြူတာ၊ မဲပါစေ၊ အဖေနဲ့တူလို့ပဲဟာ”
“ထူးမ! ဒါဆို ဂစ်တာမတီးနဲ့၊ တီးရင်လဲ သီချင်းမဆိုနဲ့ကြားလား”
“ရှင်… ”

သူပြောချင်ရာပြောပြီး ထူးမ ဖေဖေ အခန်းထဲမှ ထွက်သွားတော့ ထူးမ အကျီ င်္အံဆွဲကိုဖွင့်ပြီး ရှပ်အကျီ င်္အဖြူတစ်ထည်နှင့် ဖွတ်ကြေနေသော ဂျင်းတစ်ထည်ကို ကောက်စွတ်လိုက်သည်။ ပြီးတော့ အိမ်ရှေ့ခန်းမှ ဖြတ်ထွက်လာသည်။ ဖေ့ဖေ့ စစ်တုရင်ဝိုင်းနားမှာ စစ်တုရင် ကစားနေကြသော၊ သတင်းစာဖတ်နေသော၊ တီဗွီဂိမ်းကစားနေသော မျက်လုံးများကို မသိကျိုးကျွံပြုရင်း ခွင့်ပန်လိုက်သည်။
“ဖေ.. သမီး ပွိုင့်ဘက် ခဏသွားမယ်နော်”
ဖေဖေက ခေါင်းငြိမ့်လိုက်တော့ ၀ရံတာထောင့်မှာ ကပ်ထောင်ထားသော စက်ဘီးကိုယူပြီး ထူးမတစ်ယောက် ခြေဦးတည့်ရာ ထွက်လာခဲ့ပါသည်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
မေမေကိုယ်တိုင်ချုပ်ပေးလိုက်သော အထက်အောက်ဆင်တူ ဗမာအကျီ င်္လေးကို ၀တ်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ထူးမတစ်ယောက် ကိုယ်ကိုတစ်ပတ်လှဲ့ကြည့်လိုက်သည်။ ကုတင်စောင်းမှာ ထိုင်နေသော ချိုနဲ့ ပုံပုံက အချဉ်ထုတ်တထုတ်ကို စိမ်ပြေနပြေ စားနေကြသည်။

“မောင်စိုး ဒီစစ်တုရင်ခုံတွေ တစ်နေရာရာကို ပို့လိုက်တော့ ကြားလား။ ငါ ဒီနေ့ကစပြီး စစ်တုရင် မထိုးတော့ဘူး”
အိမ်ရှေ့ခန်းက ဖေဖေ့အသံကိုကြားတော့ ထူးမတို့ တခွီးခွီးရယ်မောလိုက်ကြသည်။ ပြီးတော့ အိမ်ရှေ့ကိုထွက်လာကြသည်။
“သမီးတို့ ညမမှောင်စေနဲ့နော်၊ ဟင်… ထူးမ လာဦးလာဦး”
ဖတ်လက်စ သတင်းစာကိုချပြီး အခန်းထဲဝင်သွားတော့ ထူးမ ဖေဖေ့နောက်သို့လိုက်သွားသည်။ စားပွဲပေါ်က အုန်းဆီပုလင်းကို လှမ်းယူလိုက်သည်။
“ဟာ.. ဖေဖေ မလိမ်းချင်ဘူး။ စိတ်ညစ်လိုက်တာ”
“မဟုတ်ဘူးသမီးရဲ့ ဒီလိုမှ ပိုလှမှာ”
“ဖေ အုန်းဆီလိမ်းတဲ့ ခေတ်မဟုတ်တော့ဘူးလေကွာ။ စိတ်ညစ်တယ်။ ကြည့်ဦး ၀တ်ထားတာက အထက်အောက်ဆင်တူ၊ ဒေါက်မြင့်ဖိနပ်နဲ့ ဘိုကေအုန်းဆီကပ်ဆံပင်နဲ့ သမီးကိုတော့ လူတွေရယ်ကြတော့မယ်”
“လူတွေက အုန်းဆီရဲ့ ကောင်းခြင်းတွေကို မသိလို့၊ လာခဲ့။ ဒါဒါကလဲ ကလေးကို ဘာလို့ဒီလိုဆင်မှန်းမသိဘူး၊ ၀မ်းဆက်နဲ့၊ ငါ့သမီးခုမှ ၁ရနှစ်ပဲ ရှိသေးတယ်။ တစ်ခြားဟာဝတ်ပါလား၊ ခါးကလဲပေါ်နေသေးတယ်”
“အုန်းဆီလိမ်းဆို လိမ်းပါ့မယ်၊ အကျီ င်္တော့ မလဲပါရစေနဲ့ဖေဖေရယ်”

အဲဒီနေ့က ဆင်ဖြူရှင်မ ဂူနားက သစ်ပင်အောက်မှာ ထူးမတစ်ယောက် ခြေဆောင့် ငိုပါတော့သည်။
“ငါ ဒီလိုပုံနဲ့ ဘယ်လိုမြို့ထဲသွားမလဲ၊ အုန်းဆီက နားထင်တောင် စီးကျတော့မယ်”
“လှပါတယ်ဟာ နင်ကလဲ မသိသာပါဘူး၊ ညနေစောင်းမို့ မြင်လဲမမြင်ရပါဘူး၊ နင့်ဖေဖေက နင်တို့ ညီအစ်မတွေကို သိပ်ချစ်တာ”
ပုံပုံက ချော့သည်။
“ဘယ်ကလှရမှာလဲ။ ပြားကပ်နေအောင်လဲ တမင်ဖီးပေးလိုက်တာလေ”
“ရော့ ငါ့လက်ကိုင်ပုဝါနဲ့ သုတ်လိုက်”
ချိုက သူ့လက်ကိုင်ပုဝါကို ထုတ်ပေးသည်။
“ငါ့ရည်းစားပေးတာနော်၊ နင့်မို့”
“အေးပါဟာ နင်ကလဲ”
♫ ♪ ♫ ♪ ♫ ♪ ♫ ♪

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မဲမှောင်နေသည်။ အချိန်က ညဆယ်နာရီထိုးလုပြီ။ အိမ့်ရှေ့ခန်းက အင်မာဂျင်စီမီးနားမှာ ငုတ်တုပ်ထိုင်ရင်း ထူးမ ဖေဖေ့ကိုမျှော်နေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်အမင်းတိတ်ဆိတ်နေ၍ နာရီသံကိုပင် ကြားနေရသည်။ အပြင်မှာ ညလေတဖြူးဖြူးက အရင်နေ့တွေကလို ကဗျာဆန်မနေတော့။ ရင်ထဲမှာ ဗလောင်ဆူနေသည်။ ဖေဖေ့ကို အိမ်ပြန်ရောက်စေချင်လှပြီ။

“ထူးရေ.. ထူး.. ဖေဖေပြန်လာပြီ”
ထူးမ ဖေဖေ့အသံကြား၍ တံခါးကို အပြေးသွားဖွင့်လိုက်သည်။
“ဟင်…”
မီးရောင်မှိန်မှိန်အောက်က သနပ်ခါးပျက်လု ငိုထားသော ထူးမ မျက်နှာကို ဖေဖေကြည့်ပြီး အရမ်းမျက်နှာပျက်သွားသည်။
“ထူးမ…ထူးမ ဘာဖြစ်တာလဲ၊ တံခါးမြန်မြန်ဖွင့်စမ်းပါ”
“အင့်”
အားကိုးရာတွေ့သော ကလေးကဲ့သို့ မျက်ရည်တွေက ပိုစီးကျလာသည်။
“ထူး ဖွင့်စမ်းမြန်မြန်”
အိမ်ရှေ့ခန်းမှာထိုင်ရင်း မျက်ရည်ကိုသုတ်လိုက်သော ထူးမကို အလွန်စိုးရိမ်နေသော မျက်လုံးများနှင့်ကြည့်နေသည်။
“ထူးမ” အသံအကျယ်ကြီးနှင့်ခေါ်သည်။
“ဖေဖေ့ကိုပြောစမ်းပါ ဘာဖြစ်တာလဲ”
“ဘာ.. ဘာမှ မဖြစ်ပါဘူးဖေဖေ” ထူးမအသံတွေ တုန်နေသည်။
“ပြောစမ်းပါ… ပြော.. မင်းကို ဘယ်သူဘာလုပ်သွားလဲ၊ ဘယ်ကောင်လဲ”
ဖေဖေ မေးတော့ ထူးမ တအီးအီးအော်ငိုလိုက်ပါတော့သည်။
“ထူးမ ထူးမ ဖေ့ဖေ့ကို မြန်မြန်ပြောပါ”
“ဖေဖေ” ထူးမ အသံအကျယ်ကြီးနဲ့ ပြန်အော်လိုက်သည်။
“ဘာတွေပြောနေတာလဲဖေဖေရဲ့၊ ဒီမှာ မေမေနဲ့ ညီမလေးကိုလွမ်းတဲ့စိတ်ရယ်၊ ရန်ကုန်ကိုလွမ်းတဲ့စိတ်ရယ်၊ မီးပျက်လို့ အားငယ်တဲ့ စိတ်ရယ်၊ ဖေဖေက ခုမှပြန်လာတာရယ် ပေါင်းပြီး အရမ်းဝမ်းနဲလို့၊ တော်ပြီ၊ ပြန်မယ်။ တစ်ခါလာလဲ စာတွေပဲ ဖတ်ခိုင်းနေတယ်၊ ရေလဲမကူးရ၊ သီချင်းလဲ မဆိုရ၊ မီးကပျက်၊ အထက်တန်း စကားတွေသုံးလိုသုံးခိုင်းနဲ့၊ မနေဘူးရန်ကုန်ပြန်မယ်”
“အော်. ဒီကလေးနှယ် စောစောက ပြောရောပေါ့”
သက်ပြင်းရှိုက်လိုက်ပြီး ငိုတာတောင် မချော့တော့ဘဲ ထူးမကို ဖုတ်လေတဲ့ ငါးပိရှိတယ်လို့ မထင်ပဲ စိတ်အေးသွားသယောင်နဲ့ ထူးမဖေဖေက ပြုံး၍ အခန်းထဲသို့ ၀င်သွားပါလေတော့သည်။

ဆက်ရန်…
သောကြာကြယ် - ၂
သောကြာကြယ် - ၃

Tuesday, January 01, 2008

ဆီဗုံးထဲက မြတ်နိုးမှုလေးတွေ..

နှစ်သစ်ကူး နှုတ်ဆက်ပေးသွားတာလေးတွေကို အမှတ်တယ သိမ်းထားတာပါရှင်။
ဘာကြောင့်သိမ်းထားလဲဆိုတော့…ဟို.. ဟိုလေ..
အသစ်တွေရေးပေးကြတော့ အောက်ကိုကျကျသွားမှာစိုးလို့ပါ။
နှောင်နှစ်ရောက်ရင်လဲ အမှတ်တယဖြစ်စရာလေးတွေပေါ့နော်…
တတ်နိုင်သမျှ အကုန်ထည့်ထားပါတယ်။

ညီမလေးအိမ်ကကြွေးလိုက်တဲ့ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ အမဲသားဆီပြန်၊ ကောက်ညှင်းအချို၊ ကောက်ညှင်းငါးချိတ်စားပြီး ကလေးတွေလိုဗျောက်အိုးဖောက်ပြီး မောပြန်အလာ ဆီဗုံးမှာ ဟို..
အဲ.. အဲဒါနဲ့ အိပ်ငိုက်ငိုက်နဲ့ cut & paste လုပ်အပြီး ဆုတောင်းလေးများ ကျန်ခဲ့ရင်ခွင့်လွှတ်ပါ။
လောလောဆယ် ဘာပိုစ်မှတော့ မတင်နိုင်တော့ပါ။ အားလုံးမင်္ဂလာနှစ်သစ်ပါနော်

အိမ့်ချမ်း: ဆုမွန်ကောင်းတောင်းပေးသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ခုမှဒီမှာ ဗျောက်အိုးတွေဖောက်နေကြပါတယ်
1 Jan 08, 01:17

MrProgrammer: မင်္ဂလာနှစ်သစ်ပါ
1 Jan 08, 00:35

ein: မင်္ဂလာ နှစ်သစ် ၂၀၀၈ ပါရှင်.............:)
1 Jan 08, 00:04

pN: Happy New Year Sis.
31 Dec 07, 23:05

ချိုချဉ်: ဆရာမရေဆက်ရေးဗျ လက်ရာတွေကတော့ရှယ်ပဲ ..နတ်ပွဲနားလမ်းဖြတ်လျှောက်ရသလိုကို ရင်ခုန်တယ် စာပေကို

Arakanprincess: Happy New Year Ma Ain Chan Myay!
31 Dec 07, 21:51

ကဒေါင်းညင်: အိမ်ချမ်းမြေ့ရေ မင်္ဂလာ နှစ်သစ် ၂၀၀၈ ပါ ခင်ဗျာ
31 Dec 07, 20:56

ဂျစ်တူး: မလေးရေ .. happy new yr to u May u always remain beautiful and elegant in many more yrs to come mwahhh
31 Dec 07, 20:23

ရွှေဂျမ်း: Happy New Year!! မအိမ့်ချမ်းမြေ့
31 Dec 07, 18:06

ညလေး: မင်္ဂလာနှစ်သစ်ပါ မအိမ့်ရေ... ပျော်ရွှင်မှုများသည် မအိမ့်ဆီသို့ ရောက်ရှိပါစေသတည်း....

naing: Happy New Year! မ အိမ်ချမ်းမြေ့
31 Dec 07, 11:05

အိမ့်ချမ်း: happy new year to everyone !!!!!!
31 Dec 07, 11:04

အိမ့်ချမ်း: နယူးယးမုဒ် ခုမှ နဲနဲဝင်လာပါတယ်။ ဒီမှာတော့ ခုမှ ၃၁ မနက် ၁၀နာရီပဲရှိပါသေးတယ်
31 Dec 07, 10:01

ဆိုးသွမ်း: .¸¸.•♥☆´¨`☆♥•.¸ ¸.•` မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ။ ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.•
31 Dec 07, 09:34

ချစ်လေပြေ: ပျော်ရွှင်ဖွယ် မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ မလေးရေ၊ Happy New Year! အာဘွားးးးးး
31 Dec 07, 09:28

KM: နှစ်သစ်မင်္ဂလာပါ။ ပျော်ရွှင်ပါစေ
31 Dec 07, 06:37

မကြီး: သမီးသုံးယောက်ပုံ ယူထားလိုက်ပြီ။ ကျေးဇူး။ လွမ်းတယ်ကွာ။ဒီနွေပြန်လာမယ်.ဆုတောင်းပေး။
31 Dec 07, 05:21

maydarwii: မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ ... ညီမလေး ရေ ..
31 Dec 07, 04:52

သားဖြူ: Hoping New Year 2008!
31 Dec 07, 04:03

j: လာခဲ့နော် နစ်သစ်ကျရင်
31 Dec 07, 03:58

upasaka: ကဗျာ ကိုလေးစားတန်ဖိုးထားသူတယောက်အနေနဲ့ဒီblog ဟာအရမ်ကောင်းတယ်
31 Dec 07, 03:32

M.Y: Very Happy New Year Ma Ain...
31 Dec 07, 02:54

ချစ်စု: မလေးရေ.... ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေနော်
31 Dec 07, 01:41

thamudaya: happy new year!!!!!!!
30 Dec 07, 23:25

မိုးထက်နေ: အလွမ်းကတော့ အဟောင်းအတိုင်းပဲ ရှိမယ်
30 Dec 07, 22:53

အိမ့်ချမ်း: လာလည်သူများအားလုံး မင်္ဂလာပါရှင်။ ကျွန်မ နှစ်သစ်မုဒ် မ၀င်သေးလို့ ငြိမ်နေပါတယ် အားလုံးပျော်ရွှင်ကြပါစေရှင်
30 Dec 07, 18:54

မောင်မျိုး: မကြီးရေ့...ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစက်ကို ပိုင်ဆိုင်နိုင်ပါစေ..
30 Dec 07, 16:55

ချိုချဉ်: မလေးရေဆောင်းညတွေမှာ ခနခနထရတယ်ကွယ် ပြီးတော့ မကုတ်ရဲဘူးကွယ် အသားပါတ်တာတွေနဲ့မို့ လို့ ..အဟွန့် ဟွန့် ဟွန့် ....
30 Dec 07, 16:54

ချိုချဉ် သ�: မလေးရေ ဆောင်းတွင်းဆို ညညသိပ်ထရတာ ..ပြီးတော့ မကုတ်ရဲဘူးကွယ် ..အသားတွေပတ်လို့ ပါ
30 Dec 07, 10:32

မိုးထက်နေ: အားလုံးရင်ဆိုင် ဒီ မိုးသက်မုန့် တိုင်းများ
30 Dec 07, 09:40

ပြည့်စုံ: နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ...
30 Dec 07, 08:53

Angel: အိမ့်ရေ နေကောင်းလား။ စာတွေဖတ်သွားပြီနော်။
30 Dec 07, 04:06

မိုးထက်နေ: ကိုယ်တော်ရှင် ဟာ ချစ်ခြင်းမေတ္တာမှာတော့ အားနည်းရှာတယ်...
29 Dec 07, 08:22

မိုးထက်နေ: အသည်းရင်လှိုင်းခတ်သံ တူဆုံရင် အပြုံတွေ
29 Dec 07, 01:58

minnyoonthit:
29 Dec 07, 01:58

minnyoonthit: မအိမ့်ရေ ပျော်ရွှင်သော နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေ
28 Dec 07, 22:32

nca: လာလည်ပါတယ် မအိမ့်ချမ်းမြေ့
28 Dec 07, 20:44

မောင်မျိုး: မကြီး..အနော်လာသွားပါတယ်..ပျော်ရွှင်ပါစေဗျာ
28 Dec 07, 07:52

မဆုမွန်: လအလိုက်ကို ပြန်ဖတ်သွားတာ နိုင်းနိုင်းစနေနဲ့ မအိမ့်ချမ်းမြေံဘလော့နှစ်ခုပဲ
28 Dec 07, 07:51

မဆုမွန်: အကုန်ဖတ်သွားတယ် တော်တော်ကြိုက်ပါတယ်ပျော်စရာနှစ်သစ်နဲ့ တွေ့ ပါစေ..
28 Dec 07, 05:40

ကောင်းကင်က: လာလည်တယ်ဗျို့ ။ ဆောင်းအိပ်မက်ပဲ ပြန်ဖတ်သွားပါတယ်။
28 Dec 07, 03:03

ညလေး: မင်္ဂလာပါ မအိမ့်ရေ လာခဲ့တယ်
28 Dec 07, 02:35

မိုးထက်နေ: ..နောက်ဘဝပေါင်းမယ် ယုံကြည်ဆုတောင်ကာ....
28 Dec 07, 02:20

ဒီဝိုင်း: ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ...မလေးရေ
27 Dec 07, 21:49

Yan: မလေးရေ. နေကောင်းလားဗျ. 31 December ကို မလေးဘယ်လို ကြိုဆိုသလဲဆိုတာ သိချင်လို့ လာ Tag တာ. ရေးပေးပါဦးနော်. နော် နော်.
27 Dec 07, 20:51

မောင်မျိုး: မအမ်ရေ့...မအားသေးဘူးလား အစ်မ..နေကောင်းတယ်ဟုတ်..အနော့် ဆီကိုခဏလေးဖြစ်၂ လာပါအုံးဗျ

linker+: အစ်မ ဘလောက် နဲ့ အဲဒီအိုင်ဒီယာနဲ့လိုက်မှ လိုက်ပဲ
27 Dec 07, 03:09

linker+: ဟုတ်ကဲ့ template က ကျနေတဲ့အရာလေးတွေလုပ်ထားတဲ့ အိုင်ဒီယာပါခင်ဗျာ
27 Dec 07, 02:42

May Thit Sar Maung: လာလည်သွားပါတယ် http://maythitsarmaung.blogspot.com/
26 Dec 07, 22:30

မောင်မျိုး: မလေး ..အနော်လာသွားပါတယ်
26 Dec 07, 22:02

aungzeya: မအိမ့်ရေ ကျွန်တော်လာလည်သွားတယ်ဗျာ။ အရေးအသားတွေကောင်းတယ်။
26 Dec 07, 17:05

မိုးထက်နေ: Boxing Day မှာ သိမ်းစရာလဲ အလွမ်းတွေ ချည်း တနင့်တပိုး
26 Dec 07, 06:58

mgthantzin: BD wish လေးဘာလေးများ ရမလား စောင့်နေတာ... ရလဲရ၀ူး..
26 Dec 07, 05:30

အေးချမ်းသူ: မလေး... ဒီနေ့ထုတ် Weekly Eleven ဂျာနယ်မှာ မလေးပြောတဲ့ စကားလေး... ပါလာတယ်။ ဘာရယ်မသိဘူး... အိမ့်ချမ်းမြေ့ ဆိုတဲ့ နာမည်လေးမြင်ပြီး ရင်ထဲ ကြည်နူးမိတယ်။ ရိုးသားမှုထဲက အောင်မြင်မှုတွေ ရပါစေ ... လို့

ဟိုဘက်ဆီဗုံးကတော့ ငြိမ်နေတော့ ဒီတိုင်းလေးပဲထားထားပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...