မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 15, 2008

ချစ်သော.....ဖန်သားပြင်

ကျွန်မ ဖန်သားပြင်ပေါ်မှာ စာရေးခဲ့ခြင်းဟာ ဒီလောကကို အတုလို့ ထင်မိခဲ့လို့ပါ။ ဒီဖန်သားပြင်ကြီးရဲ့ နောက်မှာထိုင်နေကြတဲ့ သူတွေအားလုံးမှာ မိမိကိုယ်ပိုင် ဘ၀ကိုယ်စီရှိကြပါလိမ့်မယ်။ လူတွေဘာလို့ ဒီဖန်သားပြင်ပေါ်မှာ စာတွေရေးကြတာပါလဲ။ ဗဟုသုတမျှဝေချင်လို့၊ စိတ်အစာပြေချင်လို့၊ ကလောင်သွေးချင်လို့၊ ပျော်ချင်လို့၊ ရင်ဖွင့်ချင်လို့ ဖြစ်ပါလိမ့်မည်။

ကျွန်မ အတွက်တော့ ရင်ဖွင့်ရာ နေရာလေးတစ်ခု အနေနဲ့ စခဲ့တာပါ။ မည်သူမျှလဲ ကျွန်မစာတွေကို အလေးထားဖတ်လိမ့်မယ်လို့ မထင်ခဲ့မိပေမယ့် ကိုယ်ရေးတဲ့စာတိုင်းဟာ ခံစားချက်ကို အရင်းခံခဲ့တဲ့ နှလုံးအိမ်က ယိုစီးလာတဲ့ သွေးတွေမို့ မည်သူတန်ဖိုး ထားထား၊ မထားထား ပန်းကလပ်ပေါ်တင်လို့ သိပ်တန်ဖိုးထားတာ စာရေးသူအချင်းချင်း သိပါလိမ့်မည်။

ဒီနေ့ အလုပ်မသွားခင် အိမ်ခန်းထဲမှာ နှုတ်ခမ်းနီဆိုးနေစဉ် အိမ်ရှေ့ခန်းကနေ အဲလက်စ်က သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းလိုက်ပါတယ်။

ဘာကိုမှ နားမလည်ခင် အချစ်ဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီစာသားကြားမိတော့ တစ်ယောက်ထဲ တိတ်တိတ်လေး ပြုံးမိတယ်…

အဲဒီစာသားလေးနေရာမှာ.. စာသားလေးအချို့ထည့်ပြီး တစ်ယောက်ထဲ သီချင်းညည်းမိတယ်..

ဘာကိုမှ နားမလည်ခင် ဖန်သားပြင်ပေါ်မှာ စာရေးရခြင်းဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီအချိန်မှာ အဲလက်စ်က ဆက်ဆိုတယ်….

အားလုံးကို နားလည်ရင် အချစ်ဟာမီးလိုပူလောင်တယ်…
ပန်းကြွေကျသလိုလို အလွမ်းတွေ ရလာရင်ငိုချင်တာ…
သစ္စာမဲ့တာတွေ.. နစ်နာခဲ့တာတွေ မြင်နိုင်တယ်…

နှုတ်ခမ်းနီတောင့်ကို မှန်တင်ခုံပေါ် အသာချ၊ အိမ်ခန်းထဲက ထွက်ပြီး စာကြည့်ခန်းထဲကို ၀င်သွားလိုက်တယ်။ ကွန်ပြူတာကိုဖွင့်လိုက်ရင်း အဲလက်စ်သီချင်းကို နောက်က သံယောင်လိုက်မိတယ်။

အားလုံးကို နားလည်ရင် (အချို့လူတွေအတွက်) ဒီလောကဟာ (အွန်လိုင်းလောကဟာ) မီးလို ပူလောင်နိုင်တယ်..
သစ္စာမဲ့တာတွေ.. နစ်နာတာတွေကိုလဲ ကျွန်မဲ မြင်နေရတယ်…

အီးမေးလ်ကို ကျွန်မဖွင့်လိုက်တယ်။ အီးမေးလ်တွေထဲမှာ စာလေးတွေနဲ့အတူ၊ ထုံးစံအတိုင်း မိတ်ဆက်စာလေးတွေ တွေ့လိုက်ရတယ်။ မိတ်ဆက်စာတွေရရင် တန်ဖိုးထားလို့ ဖြူစင်စွာပျော်တတ်ခဲ့တဲ့ ကျွန်မဟာ မိတ်ဆက်စာတွေ အပေါ်မှာ ထုံထုံထိုင်းထိုင်းဖြစ်လာတတ်တာ၊ စာတွေကို တော်ရုံ မပြန်ဖြစ်တဲ့ ကျွန်မ မာသာထရီစာနဲ့ ပတ်သက်ပြီး ရလာတဲ့ မိတ်ဆက်စာလေးတစ်ခုနဲ့ ပတ်သက်ပြီး ပန်းတွေကြွေကျဖူးသလိုဖြစ်ခဲ့ဖူးလို့ပါ။ ဒါကြောင့် နောက်ပိုင်း အွန်လိုင်းမိတ်ဆက်စာဆိုရင် ဘယ်စာကိုမှ ခံစားချက်မထားတော့ဘူးလို့ ဆုံးဖြစ်ထားခဲ့တယ်။ ဒီလိုနဲ့ အီးမေးလ်ထဲက မိတ်ဆက်စာလေး တစ်စောင်ပေါ်မှာ မျှားလေးတင်ထားပြီး ကျွန်မ အတွေးနယ်ချဲ့နေမိတယ်။

………………….

………………….

ဒီအွန်လိုင်းလောကထဲကို ငယ်စဉ်အခါက ခြေမချဖြစ်ခဲ့ပါ။ လူတွေ ပျော်နေကြတဲ့ အချိန်မှာ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် ကျွန်မကတော့ အတ္တတွေနောက်ကို လိုက်နေခဲ့သူမို့ စာအုပ်ပိုးတစ်ကောင်ဖြစ်လိုက်၊ မစို့မပို့ ငွေစက္ကူလေးတွေကို တုန်တုန်ယင်ယင် ကိုင်တတ်သူ တစ်ယောက်ဖြစ်လိုက်နဲ့ ဘ၀ဟာ လည်ပတ်နေခဲ့တယ်။ ဒီလိုနဲ့ အတ္တတွေကို အနည်းငယ် ပုံစံချပြီးပြီလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ပြီးတဲ့ အခါမှာတော့ ဒီ အတုလောကကြီးထဲကို အပျော်သဘောနဲ့ ကိုယ်ဖျောက်လို့ မယောင်မလည် ၀င်ရောက်ခဲ့ပါတယ်။

ပျော်မိပါတယ်။ တက်သစ်စ ဘလော့ဂါတွေရဲ့ ခံစားချက်တိုင်းပေါ့။ ဆီပုံးတွေသွားနှုတ်ဆက်လိုက်… ကွန့်မန့်တွေရေးလိုက်၊ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်နဲ့ ပြောဆိုလိုက်နဲ့ ပန်းခင်းကြီးထဲမှာ ပန်းရနံ့မျိုးစုံကို ရှုရှိုက်လို့ နေရောင်နွေးနွေးကိုခံရင်း ပျော်ရွှင်နေတဲ့ လိပ်ပြာတစ်ကောင်လို ၀ဲနေခဲ့တယ်။ အပြင်လောကမှာ လူချစ်လူခင်များတဲ့ ကျွန်မကို ဒီ အတုလောက က လူတွေကလဲ ထိုက်သင့်သလောက် ခင်ကြ ချစ်ကြပါတယ်..။ တစ်ဖြည်းဖြည်းနဲ့ ဒီအတုလောကကြီးကိုလဲ ကျွန်မ ချစ်လာတယ်။ သံယောဇဉ်တွေ တွယ်လာမိတယ်။

လတွေ သက်တမ်းရင့်လာတဲ့ အခါမှာတော့…
ဒီအတုလောကကြီးဟာ တဖြည်းဖြည်း အသက်ဝင်လာတယ်။ မျိုးစေ့ချ ပေါင်းသင်ရေလောင်းလို့ ကြီးထွားလာတဲ့ မိုးထိပဲပင် တစ်ပင်လို ကျွန်မ ရင်ထဲမှာ ကြီးထွားလာတယ်။
လည်ပတ်သွားလာနေတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်အယူအဆတွေ၊ နူးညံ့သိမ်မွေ့မှုတွေ၊ ကြမ်းတမ်းမှုတွေ၊ နာကျည်းချက်တွေ၊ အောင်မြင်ခြင်းတွေ၊ ရှုံးနိမ့်ခြင်းတွေကို သယ်ဆောင်ထားတဲ့ လူသားတွေဟာ လက်မ၀က်တောင် မရှိတဲ့ ဒီဖန်သားပြင်တွေရဲ့ နောက်မှာ ရှိနေတာပါလား၊ ဒါဟာ အစစ်လောကကြီးပါလားလို့ သံဝေဂ ရလာတယ်။

အဲလက်စ် ဆိုသလိုပဲ အားလုံးကို နားလည်လာတော့ ပန်းတွေကကြွေကျလို့ အလွမ်းတွေလဲ ရလာတယ်ပေါ့ရှင်။ စာရေးရတာလဲ အရင်လို မလွတ်လပ်တော့ သလို ခံစားလာရတယ်။ နာမယ်ရ ဘလော့ဂါသူငယ်ချင်းတစ်ယောက်ကတော့ အမြဲမေးပါတယ် စာရေးရင် ဘာလို့ ချုပ်ထားတာလဲ တဲ့။ မရည်ရွယ်ဘဲ ချုပ်ထားမိတဲ့ ကျွန်မရဲ့စာတွေဟာလဲ ထွက်လာတုန်းက အဖြူထည်၊ ဖန်သားပေါ်ရောက်တာနဲ့ အရောင်ဆိုးခံတာမျိုး တစ်ခါတစ်ခါ ခံစားရတယ်။

မိတ်ဆက်စာလေးတစ်ခုပေါ်မှာ မျှားလေးကို တင်ထားရင်းအတွေးနယ်ချဲ့မိတဲ့ ကျွန်မ ပထမ တစ်စောင်ကိုနှိပ်ချလိုက်တယ်…

အမ,

First of all, let me say i sincerely adore and admire u after reading ur writings...
ဗမာလိုပဲရေးတော့မယ်... အပေါ်ကစာကြောင်းက မြန်မာလိုရေးရင်တမျိုးကြီးလိုပဲမို့လို့ပါ...
မလေးလို့ပဲခေါ်ခွင့်ပြုပါ... မမလို့ခေါ်ရင်လဲကြောင်သွားမလားလို့.
မလေးရဲ့ စာတွေကို သဘောကျတယ် အရမ်းလဲအထင်ကြီးပါတယ်... အတွေးတွေပေးတယ်...
ဒီနေ့ အမ ရေးထားတဲ့ သတင်းစာဆရာ ဝတ္တုတိုလေး ကိုဖတ်ရတယ်...
မလေးရဲ့ Rambo ကားအမြင် ကိုလဲ ဒီနေ့ မှပဲဖတ်ဖူးတာ... တော်တော်ကို သဘောကျတယ်...
အဲဒီက တင်တုန်းက ကျောင်းကသူငယ်ချင်းတွေနဲ့သွားကြည့်တာ..မလေးလိုပဲစိတ်တွေတိုပြီးပြန်လာရတယ်...
သူတို့ ကိုရှင်းပြလို့မရတာတွေအများကြီးပဲ...သူ တို့လဲ ဘာကြီးလဲဟ ဆိုတဲ့ မျက်နှာမျိုးတွေနဲ့လေ... ပြီးတော့ ကိုယ်ပြောတာတွေကို သိတဲ့ အတိုင်း အဖြူတွေပုံစံနဲ့ နားလည်ပေးသလိုလိုဘာလိုလိုတွေနဲ့လေ...
မလေးရဲ့ အဲဒီကား အပေါ်မှာ မြင်တာရော Proposal နိုင်ငံရေးလုပ်နေတဲ့ လူတွေကို တင်ပြတာကို အရမ်းအထင်ကြီးပါတယ်... comment တွေ ဒီအချိန်မှ လာရေးလို့လူတွေက ရူးနေတယ်လို့ ထင်မှာဆိုးလို့..
မလေး ရဲ့ email address ကို မလေး comment ထားခဲ့တုန်းက တွေ့ လို့ email ရေးလိုက်တာပါ...
အရင်တုန်းက မလေးစာတွေကို မဖတ်ဘူးဘူး... လူတွေပြောတာတွေပဲကြားဘူးတာ..
မလေးက စစ်တပ် အသိုင်းအဝိုင်းကလို့ကြားဘူးတော့ လုံးဝ မဖတ်ဖြစ်တော့တာ...
လူတွေမကောင်းဘူး... မလေးရေးထာတွေ တဖြေးဖြေးရင်းဖတ်တော့မှ ကြားဘူးတာတွေနဲ့ တလွဲကြီးတွေပဲ...
မလေးရဲ့ စာလေးတွေကို စာအုပ် ထုတ်သင့်တယ်... ဝတ္တုလေးတွေကိုပါ....
အရမ်းသဘောကျတာတော့သိတယ်... ဘာပြောရမလဲတော့သိတော့ဘူး....
မလေးကို သဘောကျတယ်........
ခင်တဲ့
ညီမ

ဒီစာလေးရတော့ ငိုင်ကျသွားတယ်။
ဘယ်အသိုင်းအ၀ိုင်း၊ ဘယ်အဖွဲ့အစည်းကိုမှ မပါဝင်ခဲ့သော၊ မပါသော၊ ဘယ်တော့မှလဲ ပါလိမ့်မည်မဟုတ်သော၊ မိမိကိုယ်ကို အင်ဒီဗစ်ဂျူရယ် တစ်ဦးလို့ မြင်ခဲ့တဲ့ ကျွန်မဟာ အဲဒီစာလေးဖတ်ပြီး မိတ်ဆက်စာပို့လာတဲ့ ညီမကို ကျေးဇူးတွေတင်နေမိပါတယ်။ သူ့စာလေးဖတ်ရတာ ပျော်ရွှင်ပီတိဖြစ်သလို၊ တစ်ချိန်ထဲမှာ သြော်……… လို့လဲဖြစ်သွားတယ်။
အဲလို ဆွေးဆွေးမြေ့မြေ့လေး သြော်…….. လို့ ဖြစ်သွားပြီးတဲ့နောက်၊ နောက်စာလေးကို နှိပ်လိုက်တယ်….

မမအိမ့်ရေ...

ညီမက ------ပါ မမ။ မမအိမ့် ညီမBlogကို လာဖတ်ပေးတာတွေ အတွက်ရော comment လေးရေးပေးသွားတဲ့ အတွက်ပါ အရမ်းကျေးဇူးတင်တဲ့အကြောင်း ပြောချင်လို့ ---------- က မောင်လေး ------ ဆီက Email တောင်းပြီး စာရေးလိုက်တာပါ။ ညီမက အခုလို စာမျိုးသိပ်ရေးလေ့ မရှိပေမယ့် အစ်မကိုတော့ စိတ်ထဲက အရမ်းလေးစား ချစ်ခင်နေမိလို့ ရေးလိုက်တာပါ။ Online မှာ စကားတောင် မပြောဖူးပေမယ့် အစ်မကို ညီမစိတ်ထဲမှာ အရမ်းကို ရင်းနှီးခင်မင်နေခဲ့တာပါ။ အစ်မရေးတဲ့စာတွေကို ညီမအရမ်းကို ကြိုက်တာပါပဲ။ အစ်မရဲ့ "ချစ်သူ့အိမ်"ကို ညီမဘယ်နှခေါက်ဖတ်မိလည်းတောင် မမှတ်မိတော့ပါဘူး။ အဆုံးသတ်လေးကို ဖတ်မိတိုင်းသဘောကျမိပါတယ်။ ရိုးလည်း မသွားပါဘူး။ အစ်မ ညီမကို ရေးပေးခဲ့တဲ့ comment လေး ဖတ်ရတုန်းကလည်း အရမ်းကို ပျော်ပါတယ်။ ညီမရေးတာလေးတွေကို အစ်မကကြိုက်တယ်ပြောတော့ အရမ်းဝမ်းသာမိပါတယ်။

အစ်မကိုလည်း ညီမ Gtalk မှာ Add လုပ်ထားပါရစေနော်။ အစ်မ အဆင်ပြေရင် Accept လုပ်ပေးပါနော်။ အဆင်မပြေဘူး ဆိုရင်လည်း ရပါတယ် အစ်မး) အစ်မ အလုပ်သိပ်များမယ်ဆိုတာ ညီမနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်မကို အခုလိုစာရေးလိုက်ရတာနဲ့တင် စိတ်ထဲမှာ တော်တော်ပျော်နေပါပြီ။ အစ်မ နာမည်လေးနဲ့လိုက်အောင် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေ...

ချစ်ခင်လေးစားတဲ့
ညီမ -----------

ဒုတိယ တစ်စောင်ကိုဖတ်ပြီးတော့ ကျွန်မ အပျော်ဟာ ပိုပြည့်စုံသွားတယ်။ မိတ်ဆက်စာတိုင်းကို မပြန်ပေမယ့် ဒီစာလေးတွေရဲ့ ပိုင်ရှင်တွေဆီကို စာပြန်ပြီးတော့ အရင်မိတ်ဆက်စာတွေလိုပဲ ဖိုင်လေးတစ်ခုထဲမှာ မြတ်မြတ်နိုးနိုး သိမ်းထားလိုက်တယ်။ ပြီးတော့ ကွန်ပြူတာခလုတ်ကို ကျွန်မ ပိတ်လိုက်တယ်။ မှန်သားပြင်ဟာ မဲမှောင်သွားတယ်။ ကျွန်မအရိပ်ကို ကျွန်မ ပြန်မြင်လိုက်ရတယ်။ အရိပ်လေးရဲ့ နှုတ်ခမ်းက ပြုံးရောင်သန်းနေတယ်…။

.................

.................

ဖန်သားပြင်ပေါ်မှာ ကျွန်မစာတွေရေးခဲ့တာ ဒီလောကကို အတု လို့ ထင်ခဲ့မိလို့ပါ…။

(အဲဒီစာလေးနစ်စောင်ကို ကျွန်မပိုစ်မှာ မျှဝေမယ်လို့ ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်ရယူပြီးသားဖြစ်ပါတယ်ရှင်)


Comments from ainchannmyay.com

1. မေတ္တာဆိုတာ အသွားပြန်ရှိတာပေါ့ အစ်မရေ့ စာရေသူကစေတနာထားတော့ ရောင်ပြန်တာဖြစ်မယ် အစ်မကိုချစ်ကြတယ်ဆိုတာ သိရတော့ ၀မ်းသာတယ် အမြဲပြုံးနိုင်ပါစေဗျာ
Comment by မောင်မျိုး — October 16, 2008 @ 2:10 am |

2. Ma Lay,
Keep writing whatever you believe in. Keep up your good work. We are your daily readers and love your writing a lot.
Ain Shin Ma
Comment by lynda — October 16, 2008 @ 8:08 am |

3. မအိမ့်ချမ်းမြေ့….
မင်္ဂလာပါနော်…
ကျွန်တော် အခုလို မိတ်ဆက်စာကိုကောမန့်အနေနဲ့ ရေးတော့ နည်းနည်းများကြောင်သွားမလားပဲ. ဘယ်လိုမျိုးလဲဆိုပြီး တွေးနေမှာလည်း စိုးရိမ်မိတယ်.
မအိမ့်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါရစေ..
ကျွန်တော့်နာမည် ရွက်စိမ်း ပါ. ကျွန်တော်လည်း ကဗျာတွေဘာတွေ ရေးတယ်ဗျ. မအိမ့်လိုတော့ လက်သိပ်မထက်လှဘူး…
ကျွန်တော် ခုနလေးတင် အိမ်ပြန်ရောက်တယ်. ရောက်ရောက်ချင်း ထုံးစံအတိုင်း… မအိမ့်ရဲ့ ဘလော့ဂ်လေးရယ်၊ ဒေါ့ကွန်းလေးရယ်ကို ဖွင့်ဖတ်ဖြစ်တယ်.
ချစ်သော.. ဖန်သားပြင်ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်လိုက်ရရော ကျွန်တော့်ရင်ထဲ အေးချမ်းသွားတယ် မအိမ့်ရယ်…
ပို့စ်လေးထဲမှာ မအိမ့်ရဲ့ အွန်လိုင်းလောကကြီးကို နည်းနည်းလန့်နေပုံကိုလည်း ခံစားမိတယ်. ဒါပေမယ့် စစ်မှန်တဲ့ စာဖတ်ပရိသတ်တွေ ရှိနေသေးလို့လည်း မအိမ့်ဝမ်းသာကြည်နူးနေတယ်ဆိုတာကိုလည်း
ကျွန်တော် နားလည်သဘောပေါက်မိပါတယ်.
ဒါကြောင့် ဒီမိတ်ဆက်စာလေးကို ရေးဖြစ်သွားတယ်ဆိုပါတော့ဗျာ..
ကျွန်တော့်ဆီ စာပြန်စရာမလိုပါဘူးခင်ဗျာ. ကျွန်တော့်ရင်ထဲ ဖြစ်လာလို့ ချရေးလိုက်ရုံသက်သက်ပါ. ဘာမှ မမျှော်လင့်ပါဘူး.
ကျွန်တော်လေ မအိမ့်ရဲ့ ဒေါ့ကွန်းလေးနဲ့ ဘလော့ဂ်စာမျက်နှာလေးတွေကို ချစ်တယ်. သဘောကျတယ်. နှစ်သက်တယ်
ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။
ခင်မင်စွာနှင့်…
ရွက်စိမ်း
Comment by ရွက်စိမ်း — October 16, 2008 @ 4:37 pm |

4. မလေးရေ-
ဒေါ့ကွန်း လုပ်လိုက်တော့.. Reader မှာ မတတ်ဘူးလား မသိ။ တကူးတက လာလည်ပါတယ်။ မလေး ရဲ့ ဖန်သားပြင် လေး ပိုမို အဓိပ္ပါယ် ရှိ..တင့်တယ် နေပါစေ လို့ ဆန္ဒမွန်ပြုပါတယ်။ ကျမ တို့လည်း..ဘလော့ တွေစ ဖတ်တော့..ဒီဘလော့ လေး မှာပဲ..ငေးမော အားကျ ခဲ့ ရတာပါ။ ဖန်သားပြင် နောက်က..လောက ကြီး ကလည်း.. တခုခု တော့..တခုခုပါပဲလေ။ လူ့လောက..ပရလောက ဆိုသလိုမျိုး ထင်ပါ့.. ပရ လောက မှာ ၀ိဥာဉ်တွေ မြူးနေ သလိုပဲ.. အဲဒီ ၂၁ ရာစု လောက အသစ်ကြီး ထဲမှာလည်း.. ၀ိညဉ် တွေပဲ..မြူးနေကြတာပါပဲ။ အသစ် ပေါ် လာတာ မဟုတ်ပဲ..အဟောင်း ပင်ကိုယ် သဘာဝ တခုက.. နည်းပညာ မျက်နှာဖုံး နဲ့ ပြန်ပေါ် လာတာ လား မသိနော်။
ခင်မင်လျက်-
Comment by K — October 17, 2008 @ 1:53 am |

5. ဖန်သားပြင်ကြောင့် လူတွေရူးကြတယ်..
ဖန်သားပြင်ထဲမှာ လူတွေ စကားလုံးတွေနဲ့ မူးယစ်ကြတယ်..
ဖန်သားပြင်ပေါ်မှာ ခင်ကြတယ်.. ကြဉ်ကြတယ်..
ဘာတွေပဲဖြစ်ဖြစ်.. ဘာတွေပဲပြောပြော..
ဖန်သားပြင်က အားလုံးရဲ့တစ်ခုတည်းသောထွက်ပေါက်ပဲလေ..
မလေးရဲ့ ဖန်သားပြင်ထွက်ပေါက်လည်း အိုအေစစ်လို အမြဲစိမ်းလန်းနေမှာပါ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:18 am |

6. မလေးစာတွေကို နှစ်သက်မိတာ ဖတ်လိုက်တိုင်း ရင်ထဲ တစ်ခုခု ကျန်ခဲ့တာက အဓိကပဲ။ ဖွင့်တာ သုံးခါလောက်ရှိပြီ၊ wordpress database error ဆိုပြီး ကွန်မန့်ရေးရတာ အဆင်မပြေဘူး။
ဟိုးအစက မလေးရေးခဲ့တဲ့ စာတွေ ပြန်ဖတ်နေတာ အကျိုးရှိတာပေါ့။ အတုလောကကြီးအတွက်ရည်ရွယ်ပြီး အစစ်တွေ ရေးခဲ့တဲ့ ခံစားချက်တွေကို မြင်ခွင့်ရခဲ့လို့။
ဘာပဲဖြစ်ဖြစ် အမြဲအားပေးနေမှာပါ မလေး…
Comment by အေးချမ်းသူ — October 20, 2008 @ 5:18 am |

4 comments:

Phyo Evergreen said...

အစ်မရေစာတွေလာဖတ်သွားတယ်နော်..။ အစ်မပို့စ်တင်
တာကျဲပေမဲ့ တစ်ခုတင်လိုက်တိုင်း ရေးထားတဲ့အကြောင်း
အရာတွေက ကောင်းမွန်ပြည့်စုံနေတယ်..။ ဖတ်လိုက်တိုင်းလည်း ရိုးရှင်းမှုနဲ့ စစ်မှန်မှုကိုခံစားရတယ်။
လာလည်တိုင်းလည်းရိုးသွားတယ်မရှိဘူး..။ ဆန်းသစ်နေ
တာတော့မဟုတ်ဘူး...အရင်းခံအတိုင်းလေးဘဲ စာတွေက
ရိုးရှင်းလှပနေတာ...။ အားပေးနေပါတယ်..။

ရှင်မင်းညို said...

ဘာပြောရမှန်းတော့ မသိဘူး..
တမျိုးလေးပဲ..
အရမ်းကောင်းတယ်မလေး...
individualism ဆိုတဲ့ အမြင်ကိုကြိုက်တယ်...

Winkabar said...

အစ်မစာတွေဖတ်ရတာ စိတ်ချမ်းသာတယ်။ ဟန်ဆောင်မှုမရှိတဲ့ ကလေးတစ်ယောက်လိုမျိုးပေါ့။ နာမည်ကြားရတာနဲ့တင် စိတ်ချမ်းသာနေတာ။ တကယ်ပြောတာသိလား။ အမြဲအားပေးနေမယ်မလေး။ အမြဲမရောက်ဖြစ်ရင်တောင် အားတိုင်းရောက်ဖြစ်ပါတယ်။ အစ်မစာတွေဖတ်ရတာ တကယ်အေးချမ်းလို့။

တန်ခူး said...

အိမ့်ရေ… အလည်ပြန်သွားပြီ မှတ်လို့  မလာဖြစ်တာ… ဒီလိုမှန်းသိ တက်ဂ်ပါတယ်…
ချစ်သော ဖန်သားပြင်ထက်မှာ ချစ်စရာကောင်းတဲ့ အကြောင်းလေးတွေ လွမ်းစရာကောင်းတဲ့အကြောင်းလေးတွေ ပြီးတော့ ပွင့်လင်းရိုးသားတဲ့အတွေးအမြင်လေးတွေ ဆွတ်ဆွတ်ပျံ့ ပျံ့ ရေးတတ်တဲ့ ချစ်စရာဘလော့ဂါလေးက ဖန်သားပြင်ထက်က အမြဲလန်းနေမယ့် ပန်းလေးတပွင့်ပေါ့… အမြဲလန်းဆန်းပါစေ… တို့ အတွက်တော့ ဒီနေရာလေးက အမြဲငြိမ်းချမ်းပြီး ပန်းရနံ့ လေးတွေ သင်းနေတယ်လို့ ခံစားရတယ်…

LinkWithin

Related Posts Plugin for WordPress, Blogger...