မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, October 08, 2008

ဆူးမဲ့စာမျက်နှာ



ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။


*******
မီးရောင်အောက်မှာ ကပွဲရုံထဲက ခုံတွေက တိတ်ဆိတ်နေသည်။ စင်ပေါ်မှာတော့ ရောင်စုံပိုးဖဲကတ္တီပါ ကန့်လန့်ကာတွေက ခေါင်းမိုးထုတ်တန်းတွေမှ တွဲလွဲကျနေကြသည်။ ရောင်စုံမီးပေးသည့် မီးအုပ် မီးဆိုင်းတွေက မျက်စိကို ကျိမ်းစပ်နေအောင် ထိုးနေသဖြင့် လှည်းနေသည့် တံမြက်စည်းကို ခဏချပြီး စင်နောက်ကိုထွက်သွားလိုက်သည်။ စင်နောက်က မီးခလုတ်အချို့ကို ပိတ်ချလိုက်ပြီး စင်ရှေ့ဘက် ပြန်ထွက်ပြီး တံမြက်စည်းကို ဆက်လှည်းနေလိုက်သည်။

ခုံတွေပေါ်မှာ ပေါက်ပေါက်ဆုပ်တွေ၊ ပလတ်စတတ်အခွံတွေ ကြဲပြန့်နေသည်ကို အမှိုက်အိတ်အနက်ကြီးထဲထည့်၊ လေစုပ်စက်နှင့် အမှုန်အမွှားတွေကိုစုပ်လိုက်သည်။ ဒီညလာကြည့်သွားသည့် ပရိတ်သတ်က အခြား ပရိသတ်အုပ်စုထက် အမှိုက်တော်တော်လေး ဖွသည်ဟု မဆီမဆိုင်တွေးလိုက်မိသေးသည်။

ဒီပွဲကြည့်ရုံက တစ်ခြားသောရုံတွေလောက် အဆင့်မမြင့်ပေမယ့် ဒရိတ် လမ်းမပေါ်မှာတော့ နာမယ်ကြီးသည်။ နေ့လည်ခင်းတွေဆိုရင် လမ်းမတလျောက် ရုံးသွားရုံးလာတွေနှင့် စည်ကားနေတတ်သည်။ ညနေစောင်းဆိုရင်တော့ ပွဲကြည့်လာ ပရိသတ်တွေနှင့် စည်ကားတတ်သည်။ ပွဲစဉ်တွေပြီးပြီဆိုလျှင် လူခြေတိတ်ဆိတ်သွားတတ်သည်။ သည်တော့ ချောင်ကြိုချောင်ကြားမှ အိမ်ခြေမဲ့၊ အလေအလွင့်၊ ဘိန်းစား၊ သူတောင်းစားတို့၏ ခိုနားရာလမ်းမဖြစ်သွားတတ်သည်။

ဒီညကတော့ သောင်္ကြာနေ့ ညတစ်ည၊ ကပွဲက နှစ်ပွဲဆက်တိုက်။ ပထမပွဲက လက်ကျန် အမှိုက်တွေသိမ်းအပြီး ကပွဲရုံဘေးမှာ ဆေးလိပ်ထွက်သောက်နေလိုက်သည်။ ညငှက်တစ်ကောင် အော်မြည်သံနှင့်အတူ ခပ်မှောင်မှောင် လမ်းကြားထဲက ဒုက္ခိတ ဘီးလှိမ့်သံ တကျွိကျွိကြားတော့ ဘိန်းစားအဘဆိုတာ လှည့်မကြည့်ပဲသိလိုက်သည်။ ဘီးလှိမ့်သံက ဘေးမှာ ရပ်သွားသည်။ သူ့ဘီးကို ဒုက္ခိတဘီး ဟု ခေါ်တာကို ဘိန်းစားအဘက ကျေနပ်စွာ ဟက်ဟက်ပက်ပက်ရယ်မောတတ်သည်။ တစ်ခါက ဘိန်းမူးပြီး လှေကားအမြင့်ပေါ်က ပြုတ်ကျပြီးကတည်းက ခြေမသန်တော့လို့ အမှိုက်ပုံတစ်ပုံမှာပစ်ထားတဲ့ ခပ်စုတ်စုတ်ဒီဘီးကို ကောက်ပြီး လျောက်သွားနေတော့သည်။

“ဒီနေ့ နှစ်ပွဲဆက်တိုက်ပါလား”
“ဟုတ်တယ် အဘ”
“ဒီနေ့ မင်းအလုပ်များမှာပေါ့”
“ဒီလိုပါပဲအဘရယ်၊ သိမ်းလိုက်ရတဲ့ အမှိုက်တွေ၊ ဒီညတော့ မောမောနဲ့ အိမ်ရောက်တာနဲ့ ခေါက်တော့မယ်ထင်တယ်”
အိတ်ထဲက လက်ကျန်ဆေးလိပ်တစ်ချောင်းကို သူ့ကိုလှမ်းပေးလိုက်သည်။
“ငါ ဒီလောက်နဲ့ မတိုးတော့ဘူးကွ”
ဟက် ကနဲတစ်ချက်ရယ်လိုက်ချိန်မှာ မဲခြောက်နေသော နှုတ်ခမ်းတွေကြားက မညီမညာ ၀ါထိန်နေသော သွားတွေကို မြင်လိုက်ရသည်။

ပွဲရုံရှေ့သို့ ကားတစ်စင်းဆိုက်လာသည်။ ကားတံခါးအပွင့် ရုပ်ရှင်တွေထဲကအတိုင်း ဖြူဖွေးနုအိသော ခြေတစ်စုံက ကြွကြွလေး လှမ်းသွားသည်။ ပေါင်ရင်းထိ တက်နေသော စကတ်ရဲ့ နောက်ပိုင်းတွေကို ကြည့်ပြီး မျက်နှာလွှဲလိုက်မိသည်။ ကားတွေ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာသည်။ ဒေါက်မြင့်ဝတ် ပေါင်ပေါ်မတွေလဲ တစ်ယောက်ပြီးတစ်ယောက် ကပွဲရုံထဲသို့ ရူးဖိနပ်ဝတ်များနှင့် တွဲ၍ ၀င်ဝင်သွားကြသည်။

“ဟူး”
သက်ပြင်းမောတစ်ချက် ကြိတ်ချလိုက်မိသည်။ ဒါတွေမြင်ရဖန်များတော့ စိတ်မလှုပ်ရှားတော့တဲ့အပြင် ရင်ကို မီးစကြီးတွေနဲ့ ထိုးနေသလိုလို။

“အဘ၊ ပွဲကြည့်ချင်လား”
“မကြည့်ချင်ပါဘူးကွာ”
“ကြည့်ချင်ရင် စက်ထိန်းခန်းထဲခေါ်သွားပေးမယ်လေ”
“ဟေ.. အဲလိုရလား”
“ရပါတယ်.. စက်ထိန်းနဲ့ ကျုပ်နဲ့က အဆင်ပြေတယ်၊ သူ့အခန်းထဲကနေ လှမ်းကြည့်လို့ရတယ်”
“ဖြစ်ရဲ့လားကွာ” ညစ်ပေနေသော ဆံပင်တွေကို တဗြင်းဗြင်းကုတ်ရင်း ပြောလိုက်သည်။
“ဒီည အမေတွေနဲ့ သမီးတွေ တူတူတက်နွှဲမယ့် ပွဲတဲ့၊ အဘတို့ခေတ်က အဆိုကျော်တွေလဲ ပါမယ်လေ”
“အေး ဒါဆိုလိုက်မယ်ကွာ”

*****

စင်ပေါ်မှာ မီးရောင်တွေက ပျိုးပျိုးပြက်ပြက်၊ တီးသံတွေက ကောင်းကင်အနှံ့ က တပြိုင်နက်ပစ်လွှတ်လိုက်တဲ့ မိုးကြိုးသွားတွေလို၊ အောက်က ပရိတ်သတ်ကလဲ တဝေါဝေါ၊ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ယမကာနံ့တွေကိုတော့ ရမက်ခိုးဝေတဲ့ အကြည့်စူးစူးတွေက စင်ပေါ်ကို သယ်ဆောင်သွားနေကြသည်။

တစ်ယောက်က…
ခါးသိမ်သိမ်၊ တင်ကားပြီးသားမှာ အာရုံတွေ တစ်နေရာထဲကို စုစေဖို့ ပြောင်ပြောင်လက်လက် ခါးပတ်နက်တစ်ခုကို ခါးရိုးအောက်မှာ မခို့တယို့ပတ်ထားရင်း အဲဒီနေရာကိုပဲ ခါပြီး စင်မြင့်တစ်လျောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်ရင်း အသံကုန်ဟစ်နေသည်။

နောက်တစ်ယောက်က…
စီ သို့မဟုတ် ဒီဒီ လောက်ရှိတဲ့ အရာတစ်စုံကို ပြုတ်ကျခမန်း ခါပြီး အသုံးတော်ခံသည်။

နောက်တစ်ယောက်ကတော့…
ရှေ့ပိုင်း မလှလို့ပဲလား၊ ဒါမှမဟုတ် နောက်ပိုင်းက ပိုလှတယ်ထင်လို့ပဲလား၊ စင်မြင့်ကို တစ်ချိန်လုံး ကျောပေးထားသည်။ ပြီးတော့ နောက်ပိုင်းတွေကို လှုပ်ပြရင်း အသံကုန်လွှင့်သည်။

“ငါ့အဖေက ပြောဖူးတယ်ကွ”
စက်ထိန်းဆီက အသံထွက်လာသည်။

“အနုပညာသမားတွေ၊ ကဇာတ်သမားတွေ၊ စာပေသမားတွေဟာ သေရင် ငရဲကျမယ်တဲ့”

“ဗျာ” သောက်လက်စ ဖန်ခွက်ထဲက ရေ အပြင်ကို အနည်းငယ်လွင့်စင်သွားသည်။

“ဟား ဟား ဟား ဟား” ဘိန်းစားအဘက အသံကျယ်ကြီးနှင့် အော်ရီလိုက်သည်။

“ဟုတ်တယ်.. လူအများကို စိတ်တိုစေတယ်၊ ဒေါသထွက်စေတယ်၊ သနားစေတယ်၊ ဂရုဏာရသရစေတယ်၊ မနာလိုစိတ်ဖြစ်စေတယ်၊ တဏှာရာဂ ထကြွစေတယ်၊ ဒီခံစားချက်တွေကို သွေးထိုးလှုံဆော် ပျံ့နှံ့စေပြီး ဒီခံစားချက်တွေ အပေါ်မှာ လုပ်စားနေတာလို့ ဆိုတယ်”

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်နေကြတာပဲ မဟုတ်ဘူးလား”
“စိတ်မနိုင်ရင် အနုပညာကို မခံစားနဲ့လေဗျာ၊ ဘာရုပ်ရှင်မှမကြည့်နဲ့ ဘာရသမှကဗျာတွေမှ မဖတ်နဲ့ ဘာနိုင်ငံရေးစာမှ မလေ့လာနဲ့ပေါ့ဗျ” စက်ထိန်းစကားကို လက်မခံနိုင်၍ အသံကျယ်ကျယ်နှင့် သူ ပြန်ပြောလိုက်သည်။

“အေးလေ၊ ခံစားချင်လို့ ဒါတွေကို လာခံစားနေကြတာမဟုတ်ဘူးလား” ဘိန်းစားအဘက အိပ်ချင်မူးတူးဟန်နှင့် ဆိုသည်။

“မခံစားနဲ့ မပြောပါဘူး၊ ဒီလို ညစ်ညူးစေတဲ့စိတ်၊ သောကဖြစ်စေတဲ့စိတ်၊ ဒေါသဖြစ်စေတဲ့စိတ်၊ လွမ်းဆွတ်စေတဲ့စိတ်တွေကို ကူးစက်စေတာဟာ အမှားတစ်ခုဖြစ်မနေနိုင်ဘူးလား” စက်ထိန်းကဆက်ပြောသည်။

“မင်းကလဲ ဒါဆို ပိုက်ဆံပေးပြီး လာခံစားတဲ့သူတွေကကော မှန်နေသလား” ဘိန်းစားအဘ မျက်လုံးပြူးလာပြီ။

“အဘတို့ တော်ကြဗျာ၊ ကျုပ်ကတော့ အချိန်တန် သူတို့ပစ်ချသွားတဲ့ အမှိုက်တွေလိုက်ကောက်မယ်၊ ပိုက်ဆံရရင် အိမ်ကိုငွေပို့မယ်၊ ကံကောင်းတဲ့နေ့တွေ ပိုက်ဆံချပ်လေး တစ်ချပ်နှစ်ချပ် ကောက်ရတတ်သေးတယ်ဗျ”

“နေစမ်းပါဦး၊ မင်းကကော နေ့စဉ် ဒီ က္ကိုထိယ တွေကို မြင်နေရတာ ဘယ်လိုနေလဲ၊ လူငယ်ဆိုတော့ မေးစမ်းပါရစေဦး”

“ဘယ်လိုမှ မနေတော့ဘူး၊ အသားဆိုင်ကြီးတွေ လှုပ်ခါနေတာ၊ ဆံပင်တွေ ယမ်းခါနေတာ၊ အသံတွေ နားမှာအူနေတာပဲ သိတော့တယ်”

ထိုအချိန်မှာ စင်မြင့်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ စင်ထောင့်ကို ပန်းနုရောင်မီးလေးက ဖျော့ဖျော့လေး ထိုးထားသည်။ မီးဝိုင်းလေးအောက်သို့ တစ်စုံတစ်ယောက် ၀င်လာသည်။

“ဟင်..”

နှုတ်မှ ယောင်ယမ်း ထွက်သွားမိသည်။ ကြည်လင်တဲ့အပြုံး၊ အိနြေ္ဒရတဲ့ မျက်လုံး၊ နဲ့ ပရိတ်သတ်ကို ကြည့်ပြီး စင်အလယ်သို့ လျောက်လာသည်။ သူမ တစ်ကိုယ်လုံး အသားဆိုင်တစ်ခုမှ ပေါ်မနေ၊ အဖိုးတန် လွှာရုံအောက်က သူမ၏ ကောက်ကြောင်းတို့က အိနြေ္ဒရလွန်းနေသည်။ မိုက်ခရိုဖုန်းမှ သူမ အသံက တည်ငြိမ်စွာ ထွက်လာသည်။ ကပွဲရုံတစ်ခုလုံး အပ်ကျသံကြားရမတတ် ငြိမ်သက်နေသည်၊ တိတ်ဆိတ်နေသည်၊ တစ်စုံတစ်ရာကို ငံ့လင့်နေသည်။

သူမ… စည်းချက်ညီညီ တေးသွားတစ်ပုဒ်ကို စတင်ဆိုသည်။

သူမ တစ်ကိုယ်လုံးက အိနြေ္ဒရစွာ လွန့်လူးနေသော ကန့်လန့်ကာ တစ်ချပ်နှယ် တေးသွားနှင့် အညီ ယိမ်းနွဲ့နေသည်။ အေးမြကြည်လင်သော စမ်းရေတစ်စင်း သို့မဟုတ် မြစ်တစင်း ပွဲရုံကြီးကိုဖြတ်ပြီး သူ့ရင်ထဲထိ စီးဆင်းသွားပြီ။ သူ့ နှုတ်ခမ်းတွေက တင်းတင်းစေ့နေသည်။ ရေခွက်ကို တင်းတင်းဆုပ်ထားမိသည်။ သူ့  ရင်တွေ တဆတ်ဆတ်ခုန်နေသည်။ ရင်ခုန်နေသည်ဆိုရာဝယ် သာယာငြိမ့်ငြောင်းသော၊ အိနြေ္ဒရသော၊ နက်နဲသော၊ အနုပညာတစ်ခုကို မြည်းစမ်းကြည့်မိလိုက်လို့ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် ခုန်နေရသည့်အဖြစ်။ ဒီမြင်ကွင်း၊ သည်အဖြစ်အပျက် ပျောက်ကွယ်သွားမှာ၊ ဒီသိင်္ဂါရ ရသလေး ပျက်ပြယ်သွားမှာကို စိုးရိမ်ထိတ်လန့်နေမိသည့် အဖြစ်။

“ကောင်မလေး က ငြိမ်လိုက်တာ”
“ဒီနေရာနဲ့ မတန်ပါဘူးကွာ”
“လုပ်စားနေတာမဟုတ်တာ သိသာပါတယ်”
“လုပ်စားနေရသူတွေလဲ ပရိတ်သတ်အကြိုက်လုပ်ရရှာတာပါကွာ”
စက်ထိန်းနှင့် ဘိန်းစားအဘ အပြန်အလှန်ပြောနေကြသည်။

“အမြဲတမ်း ဒါမျိုးလေးကို ကြည့်နေရရင် ကျုပ်အသက်ရှည်မယ်ထင်တယ်”
နှုတ်က ခပ်တိုးတိုးရေရွတ်မိသည်။

“အေး… မင်းလိုပရိတ်သတ်နဲတော့ ဒီပွဲရုံလဲ ပျက်ရောပေါ့ကွာ”

“အေး ခေတ်မရှိတော့ဘူးကွ၊ ဟား ဟား ဟား” အဘတို့ သူ့ကိုလှောင်ပြောင်နေကြသည်။

“ကျုပ်ရင်တွေ အေးမြလိုက်တာ၊ ဆူးမဲ့စာမျက်နှာလေးတစ်ခုကို ဖတ်နေရသလိုပဲ၊ အေးမြလိုက်တာ အဘတို့ရာ”

“မင်းသာ တစ်သက်လုံး သန့်ရှင်းရေးအလုပ်သမားဘ၀နဲ့ ဒီကပွဲရုံမှာ ဆက်လုပ်ကောင်းလုပ်မယ်၊ ကလေးမက သူ့အမေနဲ့ အပျော်တမ်း တစ်ခါပဲတက်ဆိုတာ၊ ဒီအသိုင်းဝိုင်းက မဟုတ်တာ သိသာလွန်းနေတာပဲဟာ၊ နောက်လဲ တစ်သက်လုံးတွေ့ချင်မှ တွေ့ရတော့မှာလေ”

“ဘ၀ဆိုတာ အမြဲအေးမြ မနေတာ မင်းသိပါတယ်နော်”
စက်ထိန်းနဲ့ ဘိန်းစားအဘရဲ့ စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်။

*******

လမ်းပေါ်မှာ ကားတွေတိတ်ဆိတ်သွားသည်။ ကပွဲရုံလမ်းကြားထောင့်က သူမ ကားလေးထွက်ခွာသွားတော့မည်ကို အမှောင်ရိပ်ထဲမှ လှမ်းကြည့်မိသည်။

“မင်းလို မိန်းကလေးမျိုး ခုခေတ်ကာလကြီးမှာ တည်ရှိနေသေးတယ်နော်”

“ကျုပ်ရင်တွေ အေးမြလိုက်တာ ဆူးမဲ့စာမျက်နှာရယ်”

သူ့ရင်ထဲမှာ သည်စကားက အကြိမ်ကြိမ်အခါခါ ပဲ့တင့်ထပ်နေသည်။

ထိုအချိန်မှာ.. နောက်ခန်းက မှန်လေးက တဖြည်းဖြည်းကျလာသည်။ အမှောင်ရိပ်စပ်ကငေးနေသော သူ့ကို သူမ မြင်သွားသည်။ သူမ မသိမသာပြုံးပြလိုက်လေသလား။
ကားလေးက ဒရိတ်လမ်းမကြီးပေါ်သို့ အရှိန်ပြင်းပြင်းထွက်ခွာသွားပါတော့သည်။
သူ တစ်သက်လုံး တိတ်တဆိတ် သိမ်းထားလိုက်မည့် “ဆူးမဲ့စာတစ်မျက်နှာ” ကတော့… ကားလေးနှင့်အတူ… ဝေး၍ ဝေး၍……..။

6 comments:

Phyo Evergreen said...

ဆူးမဲ့စာမျက်နှာကို အေးအေးညိမ့်ညိမ့်လေးဖတ်သွားပါတယ်
ဗျာ..။

ကလိုစေးထူး said...

သေရင် ငရဲကျမယ်ဆိုလို့ လန့်သွားတာပဲဗျာ။ :D

ကျနော်တော့ အဲဒီ ကလေးမရဲ့ နောက်ဆက်တွဲတွေကို ထပ်စဉ်းစားနေမိသေးတယ်။ ဒါမှမဟုတ် ဒီကလေးမဟာ ဆွဲဆောင်မှု တမျိုးအရကိုပဲ အဲဒီလို အေးအေးငြိမ့်ငြိမ့် သရုပ်ဆောင်သွားတာရော မဖြစ်နိုင်ဘူးလားလို့ တွေးမိပြန်သေးတယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မောင်လေးဖြိုး..

အမြဲလာအားပေးတဲ့တွက် ၀မ်းသာတယ်...


ကိုစေထူး...

အဲဒီကလေးမက ပိုဆိုးနိုင်တယ်..
ကျန်တာတွေက တဒင်္ဂံဖြစ်စေတာ.. အဲဒီကလေးမက ဟိုကလေးကို အချိန်တော်တော်ကြာ စွဲလန်းသွားစေတာ တရားသဘောနဲ့ ကြည့်မယ်ဆိုရင်.. ပိုမကောင်းဘူး..း)
နောက်ပြီး စာရေးသူ အဲဒီအိမ်ချမ်းမြေ့က သူပြောချင်တာ သုံးလေးခု ပစ်ထဲ့သွားတာ.. :D မြှုပ်ကွက်တွေက စာအုပ်အဖုံးမှာလဲ ပါသေးတယ်.. အပေါ်ယံဆူးမဲ့သယောင်နဲ့ ဆူးတွေပြည့်နေတာမျိုး..

ဒါပေမယ့် ဟန်ဆောင်မှုဆိုတာလဲ ရေရှည်မခံပါဘူး..
တစ်ချိန်ထဲမှာပဲ ရေရှည်မခံဘူးဆိုတိုင်းလဲ အကျင့်တွေဟာ တစ်ဦးမှတစ်ဦး ကူးစက်တတ်ကြတာ.. ငါးနှစ်တွင်းမှာ လူတစ်ယောက်ဟာ နောက်တစ်ယောက်ရဲ့ အကျင့်တွေတော်တော်များများ ကူးစက်သွားတတ်တာလေးတွေလဲ ရှိသေးတော့…

ဆူးတွေမဲ့လွန်းနေလဲ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကနေ အလိုလိုအပြင်ရောက်သွားတတ်တော့..

ဘယ်လိုပဲဖြစ်ဖြစ် အဲလို ဆူးမဲ့စာမျက်နှာလေး တစ်ခုနှစ်ခုကို တိတ်၂လေး သွားကြည့်နေသူတွေ ရှိနေဦးမှာမယ်လို့ ထင်မိတာပါနော

တန်ခူး said...

အိမ့်ရေ… ဆူးမဲ့စာမျက်နှာ ရဲ့နောက်ကွယ်က ၀ှက်ဖဲကို အိမ့်က ကော်မန့် မှာ ပြန်ထားတော့ တခေါက်ထပ်ဖတ်ဖြစ်တယ်… အင်း….အိမ့်ပြောသလိုပေါ့… အပြင်ဆူးနဲ့ အတွင်းဆူး အတွင်းဆူးက ပိုကြောက်ဖို့ ကောင်းတယ်နော်… ဒါပေမယ့် မြင်သာတာက အပြင်ဆူးလေ…

ရှင်မင်းညို said...

စဖတ်တုန်းတော့တော်တော်နားမလည်တာ..
အခုမှ အမရဲ့ comment ကိုဖတ်ပြီး တော်တော်သဘော
ပေါက်သွားတာ...
အရမ်းသဘောကျတယ်....

နတ်လူ said...

"စာပေသမားတွေဟာ သေရင် ငရဲကျမယ်တဲ့"
စာပေသမားဖြစ်ချင်လို့  နတ်ပြည်ကနေ ခုန်ချလာခဲ့တာ။ သေရင် ထပ်ငရဲကျရဦးမှာလား ...း)

LinkWithin

Related Posts Plugin for WordPress, Blogger...