မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, August 27, 2008

ပွဲဈေးတန်းသို့တစ်ခေါက်..

ကနေဒါနိုင်ငံအနောက်ဘက် ဘီစီပြည်နယ်ရဲ့ ၁၉၁၉ခုနှစ်က စခဲ့တဲ့ ကုန်စည်ပြပွဲကို လွန်ခဲ့တဲ့ စနေနေ့က ရောက်ခဲ့တယ်။ ဒီပွဲဈေးတန်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၅နှစ်ထဲက စခဲ့တာလို့ဆိုကြတယ်။ ဟိုးတုန်းကတော့ ၀င်ကြေးက ပြားငါးဆယ်တဲ့။ အခုတော့ ၀င်ကြေးက တစ်ယောက်ကို ၁၅ဒေါ်လာပေးရတယ်။ ကုန်စည်ပြပွဲဆိုပေမယ့် ကျွန်မတို့ ကုန်စည်တွေကြည့်တာထက် အပျော်စီးတာတွေ၊ ကစားတာတွေဆီပဲ နှစ်စဉ်လိုလိုရောက်ဖြစ်တယ်။
အူတွေအသည်းတွေ ပြောင်းပြန်လှန်သလို လူတွေကို ဇောက်ထိုးမှောက်ခုန်လုပ်တဲ့ စီးစရာတွေထဲက ကျွန်မနှစ်သက်ရာလေးတွေကတော့ …


ကမ္ဘာပေါ်မှာ အအိုမင်းဆုံး ကြောက်စရာအကောင်းဆုံး ၁၉၅၈ ထဲက ဆောက်လုပ်ထားတဲ့ Wooden Roller Coaster ပါပဲ။ လက်ညိုးသာသာ သံတန်းလေးတစ်ခုပဲ ဗိုက်နားမှာရှိတယ်။ ပခုံးအကာ၊ ရင်ဘတ်အကာ ဘာမှမရှိပါဘူး။ တစ်နာရီကို ၄၅မိုင်ပြေးပါတယ်။ Mel Gibson, Johnny Deep တို့ရဲ့ အသည်းစွဲလို့လဲ ဆိုပါတယ်။ ကြောက်စရာကောင်းတာကတော့ အိုမင်းနေလို့ပဲဖြစ်ပါတယ်။ သံတန်းသေးသေးလေးက လှုပ်လီလှုပ်လဲ့နဲ့ ဗင်ကူးဗားမြို့ရဲ့ အလှကို အသည်းတအေးအေးနဲ့ ကြည့်နေတုန်း ဗြုန်းဆို အောက်ကို ပြုတ်ကျသွားတဲ့ အခါတော့ ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ကြပါရှင်။ ဒီ Wooden Roller Coaster ကို...



၁၉၉၄မှဆောက်တဲ့ ဒီ Corkscrew Roller Coaster ထက်လူကြိုက်များပါတယ်။






ဒါကတော့ Crazy Beach Party ပါ… လူကို မူးနောက်ပြီး နှလုံးသားတွေပျောက်သွားသလိုကို ခံစားရပါတယ်။


ဒါလေးကတော့ တခြားစီးစရာတွေထက် ညင်သာပါတယ်။ Hell's Gate ဆိုပေမယ့် ကျွန်မတွက်တော့ ညင်သာပါတယ်။ ညင်သာတယ်ဆိုတာတောင် ပေါင်မှာ အညိုအမည်းစွဲလောက်အောင် ဇောက်ထိုးထားပြီး ရေပန်းအောက်ကို ဆွဲခေါ်သွားတတ်တာပါပဲ။







Pirate ကတော့ ၁၉၈၄ ခုနှစ်ထဲကပါ။ ကျွန်မ သူငယ်ချင်းတစ်ယောက် အောက်ကနေ မော့ကြည့်ပြီး ဒါလေးများဆိုပြီး တက်သွားတာ ပြန်ဆင်းလာတော့ စကားမပြောနိုင်တော့ပါဘူး။ အဲဒီနားကခုံတန်းမှာ ငူငူကြီးထိုင်နေတာအကြာကြီးပါပဲ။ Pirate ကတော့ ကျွန်မအကြိုက်ဆုံး ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလိုပဲ ခံစားရလို့။ နောက် ကမ္ဘာ့ ဆွဲအားကနေလွတ်သွားတဲ့ ကိုယ့်ရဲ့ အလေးချိန်တွေပါ ပျောက်ဆုံးသွားစေအောင် ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။



ဒါကတော့ ကျွန်မ အသက်သိပ်မကြီးခင် တစ်ခါတော့ စီးကြည့်ဦးမယ့် အခုချိန်ထိတော့ မစီးဖူးသေးတဲ့၊ လူတွေငယ်သံပါအောင် တစ်ကွင်းလုံးကြားအောင် အော်ဟစ်နေရတဲ့ Hellevator ပဲဖြစ်ပါတယ်။ ၂၀၂ပေမြင့်တဲ့ တာဝါပေါ်ကို တစ်နာရီ ၇၅ ကီလိုမီတာနဲ့ လွှတ်တင်လိုက်ပြီး minus 1 g နဲ့ ပြန်ဆင်းလာတာလို့ သိရပါတယ်။



နွေရာသီမှာ ကျောင်းသားတွေ ငွေပိုငွေလျံရဖို့ ဒီပွဲဈေးကြီး မဖွင့်ခင် အလုပ်လျောက်ရင် အလုပ်လာလျောက်သူတိုင်းကို အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ တစ်နေကုန် ကြိုက်တာ အ၀စီးဖို့ လက်မှတ်တစ်စောင်စီ လက်ဆောင်ပေးပါတယ်။ ကျွန်မတို့ ငယ်စဉ်က အလုပ်လိုချင်တာထက် အဲဒီအလကားလက်မှတ်အတွက် အပျော်သွားတန်းစီကြပါတယ်။ ပြီးရင် အိမ်အပြန်ကားမောင်းလို့မရတော့လောက်အောင် ဆော့ကြ၊ ညကျတော့ အိပ်မက်ဆိုးတွေမက်ကြ၊ ကျွန်မ ညီမလေးတစ်ယောက်ဆို အဲဒီညက ခြေထောက်တောင် အကြောဆွဲသလိုဖြစ်လို့ ခေါင်းဦးတွေ စောင်တွေနဲ့ ဖိထားရတယ်။ တစ်နေကုန် သွားတွေအကုန်ပေါ်အောင် ရီနေပြီး၊ ညကျတော့မှ မျက်ရည်ကျပြနေလို့ သူ့ကို ၀ိုင်းဆူကြရင်း “ဟင်.. ကဲချင်ဦး။ နောင်နှစ်သွားဦးမလား” လို့မေးတော့ မျက်ရည်ဝိုင်းတဲ့ မျက်လုံးလေးတွေနဲ့ မျက်နှာလေးငယ်ပြီး ကျွန်မတို့ကိုကြည့်ပြီး ပြောရှာပါတယ်.. “သွားဦးမယ်.. ”တဲ့။


4 comments:

မောင်မျိုး said...

ပုံတွေကြည့်ပြီး စီးဖူးကြည့်ချင်တယ်ပြောစရာကြီးနေမှာပဲး) အဖြစ်စတွေကတော့ ၇ယ်ရပါ့ အစ်မသူငယ်ချင်းက ဒါလေးများဆိုပြီး ဟားဟား ဘာလို့  ငူငူကြီးဖြစ်သွားတာတုန်းး Crazy Beach Party စီးထျင်တယ်ဗျို့  ။ Hellevatorကို နောက်တော့ စီးပေါ့ အသက်မကြီးသေးခင် အခုတော့ ငယ်သေးတယ် မစီးနဲ့ အုံးးး နော့် ။

တန်ခူး said...

အိမ့်ရေ… သတ္တိကောင်းလိုက်တာ… တို့ ဆို တခုမှ မစီးရဲဘူး… ရဟတ်သေးသေးလေးတောင် တပတ်မပြည့်ခင် အတင်းရပ်ခိုင်းလို့  တို့ အမျိုးသားက ခုထိ သတိရတိုင်း ရယ်တုန်း… သစ်ပင်တာ တက်တာ အဲဒါတွေတော့ ကြောက်တယ်… Roller Coasterကြီးတော့ အကြောက်ဆုံး….

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မောင်မျိုး..
အမသူငယ်ချင်းက အဲလိုပဲ ဘာမဆို ဒါလေးများ ဆိုပြီး တက်စီးပြီးတိုင်း အသက်မရှုနိုင်ဖြစ်နေတာလေ…

အမတန်ခူး
ဒီမှာ တစ်နာရီနေမှ တပတ်လည်တဲ့ အရမ်းပျင်းစရာကောင်းအောင် ပက်ကျိလို နှေးကွေးတဲ့ ရဟတ်ရှိတယ်.. စုံတွဲလေးတွေ နေ၀င်တာကို ထိုင်ကြည့်လို့ရတဲ့ ရဟတ်.. အမနဲ့အကိုစီးဖို့ကောင်းတယ်.. ကြောက်တတ်တဲ့ အမတွက်တော့ အတော်ပဲနေမှာနော်

Phyo Evergreen said...

အစ်မရေလာလည်သွားပါတယ်။ ဒီလိုပို့စ်လေးတွေမဖတ်ရတာကြာပြီဗျ။
အခွင့်ကြုံရင်တော့စီးချင်သား။

LinkWithin

Related Posts Plugin for WordPress, Blogger...