မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, August 23, 2008

ဘာသာမတူလို့ အတူမနေရတော့ဘူးလား

ညီမလေး ၀င်္ကပါရေ…

ညီမလေးက မလေးကို ဦးစားပေးမေးတယ် ဆိုတော့လဲ ဖြေရပြီပေါ့ညီမရယ်..

မလေး က ပညာရှင်တစ်ယောက်တော့မဟုတ်လို့ မလေး အမြင်ကိုပဲ ပြောပါရစေ။

ညီမလေးပြောတဲ့ ဘာသာမတူတဲ့ သူနှစ်ယောက် ချစ်မိကြပြီး အတူနေဖို့ ဆုံးဖြတ်တယ်ဆိုရင် အခက်အခဲတွေက အများကြီးတွေ့ကြုံနိုင်တယ်လို့ပြောချင်ပါတယ်။ တူတူနေတယ်ဆိုတာ တစ်ကယ်တော့ တူတူကို နေကြတာမဟုတ်ပါဘူး။ နှစ်ဘက်လုံးဘက်က အတွေးအခေါ်၊ အယူအဆ၊ ၀ါဒ၊ ခံယူချက်တွေ မတူတဲ့ လူသား တွေကိုပါ မိသားစုထဲကို ဆွဲခေါ်လာရလို့ပါပဲ။


ဘာသာတူတဲ့ လူအချင်းချင်းတောင်မှ မိမိယုံကြည်တဲ့ ဘာသာအပေါ်မှာ လက်ခံတာခြင်း ထပ်တူမကျနိုင်ပါဘူး။ ဥပမာပေးရမယ်ဆိုရင် ခရစ်ယာန်တွေထဲမှာ အချို့က ဘုရားသခင်ကို မေတ္တာတော်ရှင်လို့မြင်သလို၊ အချို့တွေကျတော့လဲ အပြစ်ပေးသော ဘုရားလို့မြင်ကြပြန်တယ်။ အချို့က ဘာမဆို ဘုရားအလိုတော်လို့ ထင်သလို၊ အချို့ကလဲ ဘုရားသခင်က free will ကို ပေးထားတယ်လို့မြင်ပါတယ်။ တချို့ကလဲ ကြားနေပေါ့။ အဲလိုမျိုး ဘာသာတူပါတယ်ဆိုတာတောင် ကိုယ်ပိုင် အယူအဆတွေက ကွဲနေကြပြန်ပါသေးတယ်။

ဒီတော့ တစ်ကယ်လို့ ဘာသာမတူတဲ့ သူနှစ်ယောက် ချစ်မိကြပြီး ဘယ်သူတွေနဲ့မှ မနေပဲ၊ အားလုံးနဲ့ ဝေးရာတစ်နေရာလေးမှာ (မိဘ၊ ဆွေမျိုး၊ မောင်နစ်မ - အထူးသဖြင့် influence ဖြစ်နိုင်တဲ့ မိသားစုဝင်တွေနဲ့ ဝေးရာမှာ) နှစ်ယောက်တည်းနေတယ်ဆိုရင်တောင် သက်ဆိုင်ရာ ဘာသာရေးပွဲတွေ ကို တက်ကြတဲ့အခါ၊ ဥပမာ၊ ကထိန်၊ အစ် စသဖြင့် တက်ကြတဲ့အခါတွေမှာ၊ မိသားစု ဘာသာရေးပွဲလေးတွေလုပ်တဲ့အခါမှာ အခက်အခဲလေးတွေရှိနိုင်ပါတယ်။ နောက်ပြီး ကလေးလေးတွေ မွေးလာတဲ့အခါ တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ကြရဦးမှာဖြစ်ပါတယ်။ ကလေးတွေကို ဘယ်ဘာသာရဲ့အောက်မှာ ဘယ်အတွေးအခေါ်ရဲ့အောက်မှာ မွေးဖွားကြီးပြင်းစေမှာလဲ ဆိုတာ မေးစရာရှိပါတယ်။ ကလေးတွေကို ရှင်ပြုမှာလား မပြုဘူးလား စသဖြင့်ပေါ့။

ဖြစ်နိုင်ရင် နှစ်ယောက်လုံးက အရမ်း သဘောထားကြီးရပါမယ်။ တော်တော်ကို သဘောထားတွေ ကျယ်ပြန့်ရမယ်။ သူများယုံကြည်မှုကို တန်ဘိုးထားလေးစားရမယ်။ နောက်တစ်ခုဟာ လူတစ်ဦးတစ်ယောက်ဟာ အချိန်၊ အသက်အရွယ်၊ နေရာဒေသလိုက်လို့ ခံယူချက်၊ အမြင်တွေဟာ လနဲ့ နှစ်နဲ့အမျှ ပြောင်းနေကြတယ်ဆိုတော့ လူတွေဟာ ကိုယ့်စိတ်နဲ့ကိုယ်တောင် ငြင်းခုန်တတ်ကြပါတယ်ဆိုတော့ ကိုယ့်အိမ်ထောင်ဘက်နဲ့ ဘာသာရေးကို ဆွေးနွေးရင် အကျိုးအပြစ်တွေကိုလဲ နှစ်ယောက်လုံးက သိထားရန်လိုလိမ့်မယ်ထင်ပါတယ်။ လုံးဝမဆွေးနွေးလို့လဲ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ ရယ်လို့ဖြစ်နေရင်ကို အားလုံးက ဒီဘာသာကိုမှ မယုံကြည်ရင် ကယ်တင်ခြင်းမရဘူး၊ ကောင်းကင်နိုင်ငံမရောက်ဘူး၊ နိဗ္ဗာန်ကို မရောက်ဘူး စသဖြင့် ယူဆထားကြတာများလို့ပါပဲ။ အဲဒီတော့ ကိုယ်ချစ်တဲ့သူကို ကောင်းကင်နိုင်ငံကိုရောက်စေချင်တယ်၊ နိဗ္ဗာန်ကို ရောက်စေချင်ကြမှာဆိုတော့ အနည်းနဲ့အများဆွေးနွေးမိကြမှာပါ။ အဲဒီတော့ တော်ရုံစိတ်ဓာတ်နဲ့ ဘာသာရေးဆွေးနွေးပွဲကို လုပ်လို့မရဘူးလို့ ထင်ပါတယ်။ religious communication ဆိုတာလဲ သိပ်ကို အရေးကြီးတယ်လို့ ပြောကြပါတယ်။ မိမိရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ခံစားချက်၊ အတွေ့အကြုံတွေကို ဒေါသမပါ၊ အနိုင်ယူလိုမှုမပါတဲ့ ဆွေးနွေးနိုင်တဲ့ အရည်အချင်းဟာ လူနဲစုမှာသာ ရှိလိမ့်မယ်လို့ ထင်ပါတယ်။

တစ်ခုလုပ်နိုင်တာ ဘယ်ဘာသာရေးပွဲတွေကိုမှ မတက်ဘူး။ ကလေးတွေကိုလဲ နှစ်ဘာသာလုံးကို ritual တွေ မလုပ်ခိုင်းဘူးဆိုလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ ဘယ်ဘာသာပွဲမဆို တူတူတက်မယ်၊ ကလေးတွေကိုလဲ ritual တွေအားလုံးကို လုပ်ခိုင်းမယ် ဆိုလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက်လဲ စဉ်းစားပေးရဦးမယ်။ သူတို့ဖြစ်ချင်တာထက် မိဘတွေဟာ ကိုယ်ဖြစ်စေချင်တာကို အတင်းတွန်းလုပ်သလို မဖြစ်အောင်လဲ သတိပြုရဦးမှာဖြစ်တယ်။

တစ်ကယ်တော့ လူသားတွေဟာ ကိုယ်မွေးဖွားလာတဲ့ မိသားစုရဲ့ ဘာသာတရားကို ယူလိုက်ကြတာများပါတယ်။ မွေးရာပါယုံကြည်မှုတစ်ခုကို တော်ရုံထိုးဖောက်ထွက်တာ အလွန်ရှားပါတယ်။ ဘာသာမတူတဲ့ မိဘနှစ်ပါးဟာ သိပ်ပြီး စိတ်ဓာတ်တွေ ကျယ်ပြန့်တယ်ဆိုရင်တော့ အဲဒီကလေးဟာ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာသာနှစ်ခုရဲ့ ကောင်းကွက်တွေကိုကော၊ ဟာကွက်တွေကို လေ့လာခွင့်ရမယ်။ ယှဉ်ကြည့်လို့ရမယ်။ ဘာသာတစ်ခုတည်းကို မျက်စိမှိတ်ပြီး စုံယုံကြည်မှု၊ မိမိယုံကြည်တာကမှ အမှန်၊ ကျန်တာတွေက အမှားဆိုတဲ့ ခံယူချက်တွေ အဲဒီကလေးတွေမှာ လျော့နည်းနိုင်မယ်လို့ထင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ ဘာသာကွဲတွေနဲ့ ဘာသာတူ အိမ်ထောင်ရေး ပျက်ပြားမှုတွေမှာ ဘာသာကွဲတွေရဲ့ အိမ်ထောင်ရေးကွဲမှုဟာ အနည်းငယ်ပိုမြင့်တယ်လို့ဆိုပါတယ်။ ဘာသာတူတွေလဲ ကွဲကြတာပါပဲ။ အိမ်ထောင်ကွဲတာတွေကတော့ ဘာသာမတူတာ တူတာတစ်ခုတည်းနဲ့ မပတ်သက်ပါဘူး။ တစ်သက်လုံး ဘာသာမတူပဲ အဆင်ပြေပြေနဲ့ တူတူနေတယ်ဆိုရင်တောင်.. အသက်ကြီးလာရင် လူ့သဘာဝအရ မိမိငယ်ငယ်က ယဉ်ပါးခဲ့တဲ့ ဘာသာတရားနောက်ကို ပါသွားကြတာများပါတယ်။ သူ (သို့) သူမက စေတီလေးရှေ့ တရားထိုင်ချိန်မှာ သူမ (သို့) သူက ဗလီရှေ့မှာ အမွှေးနံ့သာတွေနဲ့ ရှိခိုးချင်ခိုးနေမှာပေါ့။ ပြောရင်းလွမ်းလာပြီ။ ဘာသာတူတယ်ဆိုရင်တောင် အဲဒီအရွယ် ရောက်မှတော့လဲ တွဲမသွားကြတော့လောက်ပါဘူး။ ပျင်းလောက်ပြီပေါ့။ (ပြောရင်း နောက်ချင်လာလို့ပါ) ဘာပဲဖြစ်ဖြစ် တူတူနေတယ်ဆိုတော့ တူနိုင်သမျှတူတာအကောင်းဆုံးလို့ မြင်ပါတယ်။ မှန်တယ်မှားတယ်ထက် အတွေးအခေါ်၊ အယူအဆတွေ တူတော့ အိမ်ထောင်ရေးပိုဖြောင့်နိုင်တာပေါ့နော်။ ကလေးတွေတွက်လဲ စဉ်းစားပေးရဦးမယ်မဟုတ်လား။ ဒါပေမယ့် ဘာသာမတူပဲ အဆင်ပြေစွာ ရိုးမြေကျ ပေါင်းသွားတဲ့ လူတွေလဲ အများကြီးရှိတယ်ဆိုတာ ညီမလဲအသိပါ။ သဘောထားပြည့်ဝကြဖို့က အရေးအကြီးဆုံးလို့မြင်ပါတယ်။ တစ်ကယ်တော့ အားလုံးဟာ လူသား တွေပါ။

ဒါပါပဲ ညီမရယ်…

ခင်မင်လျှက်..

မလေး

(မည်သူကိုမျှ ထိခိုက်စေရန်မရည်ရွယ်ပါ။ တစ်ခုခုမှားယွင်းခဲ့လို့ တစ်စုံတစ်ဦးက ငြင်းခုန်မည်ဆိုရင်လဲ ဘာငြင်းခုန်မှုမျိုးကိုမှလဲ ပြန်လည်ပြုလုပ်မည်မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အလဟသ ငြင်းခုန်ခြင်းကို မခုံမင်တာရယ်၊ ဘာသာတရားတိုင်းမှာ လှပနူးညံ့မှုရှိတယ်လို့ ယုံကြည်လို့ပါပဲ။ ဒီကိစ္စက အရမ်း ကိုင်တွယ်တာ နူးညံ့ဖို့လိုမှန်းလဲသိလို့ အတတ်နိုင်ဆုံး စကားလုံးရွေးလို့ ပြောချင်တာလဲ ဆိုလိုရင်းရောက်အောင် ကြိုးစားထားပါတယ်။ အမှားအယွင်းရှိပါက နားလည်ပေးကြပါလို့ စာဖတ်သူများကို ပြောလိုပါတယ်ရှင်။)

4 comments:

ရွှန်းမီ said...

မလေးရေ..
ညီမ ၀င်္ကပါ အတွက် ရေးပေမယ့် မီလဲ ဖတ်သွားပါတယ်။
ဘာသာမတူပေမယ့် တစ်သက်တာလက်တွဲသွားတဲ့သူတွေ၊ ဘာသာတူရက်နဲ့ လမ်းခွဲသွားကြသူတွေလည်း မီ့ ပတ်ဝန်းကျင်မှာ ရှိခဲ့ပါတယ်။
ဘာသာမတူတဲ့အတွက် ကတောက်ကဆ ဖြစ်စရာတွေက ပိုများတာတော့ အမှန်ပါပဲ။
ဘာသာတူရင်တောင် အယူအဆတွေ ကွဲနေတတ်တာမို့ မလေးပြောသလိုပဲ သဘောထားကြီးနိုင်ဖို့ ညှိနှိုင်းနိုင်ဖို့ အဓိကလို့ ထင်ပါတယ်။

Phyo Evergreen said...

အမြဲလာလည်ပါတယ်။ ၃ ကြိမ်မြောက်ကွန်မန့်ရေးခြင်းပါ။ အတွေးအခေါ်၊ အယူအဆ လေးတွေမှတ်သားစရာပါ။ ဘလော့ ကို လာလည်ဖို့ဖိတ်ပါတယ်။

တန်ခူး said...

ဟုတ်တယ် အိမ့်ရေ… နောက်တခုက သမီးရီးစားနဲ့ အိမ်ထောင်သည်ဘ၀က မတူတော့ဘူး… သမီးရီးစားဘ၀မှာ “ဘာသာမတူတာ..ဘာအကြောင်းလဲ…တို့ တော့ဒါတွေ နားမလည်” ဆိုသလို ချစ်ခြင်းတခုထဲမှာ စီးမျော မွေ့ လျော်လို့  ရပေမယ့် အိမ်ထောင်သည်ဘ၀ကျ နားလည်မှုက အဓိက ဖြစ်သွားပြီလေ… ဘာသာမတူတဲ့ အသိမိတ်ဆွေစုံတွဲတတွဲကတော့ မိန်းမဘုရားကျောင်းသွားရင် ယောင်္ကျားက ကားမောင်းလိုက်ပို့ ပေးတယ်… ယောင်္ကျားဘုရားရှိခိုးဖို့  မိန်းမက ပန်းဆီမီး အကုန်ပြင်ဆင်ပေးတယ်… ကလေးတွေကို နှစ်ဘာသာလုံးလေ့လာခိုင်းပြီး သူတို့ ပိုအားသန်ယုံကြည်ရာကို ကိုးကွယ်ခိုင်းတယ်… အရမ်းတွေ့ ရခဲတဲ့ နားလည်မှုပါ…

လားရှိုးသူ said...

လူမျိုးကွဲ၊ အသားအရောင်ကွဲတယ်ဆိုတာက အဓိကမကျဘူး၊ ခံယူချက်၊ ယုံကြည်ခြင်းမတူညီတာက ဘယ်လိုမှ ညှိနိုင်း ဆက်စပ်ယူလို့ မရဘူးတဲ့၊ ကျမရဲ့ ဆရာကြီးတယောက်ကပြောဘူးတယ်။ ဒါပေမဲ့ ချစ်ခြင်းနဲ့ နှောင်ဖွဲ့မိပြီဆိုရင် ယုံကြည်ခြင်းမတူတာတောင် လမ်းမခွဲချင်ကြဘူး၊ ဘယ်လိုလုပ်ရမလဲ။

LinkWithin

Related Posts Plugin for WordPress, Blogger...