မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, August 09, 2008

အံဆွဲ

တိတ်ဆိတ်ငြိမ်သက်သော နွေညယံတစ်ယံသည် လွမ်းမော ခြောက်သွေ့နေတတ်သည်။ ငှက်တို့ကလဲ ညကိုးနာရီထိုးခါမှ အိပ်တန်းပြန်ရန် ကသောကမျော ပြေးလွှား ပုန်းခိုတတ်ကြသည်။ ငှက်တို့ပျံပြေးသွားသည်ကို လှမ်းမြင်နိုင်သော စိမ်းပြာရောင်ဖျော့ဖျော့လေး လိမ်းကျံနေသော ဤအခန်းထဲတွင် အံဆွဲပေါင်းများစွာ ရှိနေသည်။ ထိုအံဆွဲပေါင်းများစွာထဲမှာမှ သည်အံဆွဲတစ်ခုကိုဖွင့်ပြီး ဘယ်မှာထားမိမှန်းမသိသော ပစ္စည်းတစ်ခုကို လွမ်းမောဘွယ်ကောင်းသော သည်ညမှာမှာ ရှာမိပါသည်တကား။

သည်အံဆွဲထဲတွင် နှစ်ပေါင်းများစွာ အိပ်မောကျနေသော အတိတ်တို့ မြွေဟောက်တစ်ကောင်ကဲ့သို့ လွန့်လူး ထကြွလာသည်။ ၀ါထိန်စ ပြုနေသော စာရွက်ပါးပါးလျလျတို့ ကကြိုးနဲ့အညီ ဒယီးဒယိုင် ထလာကြသည်။ မဖတ်ဖူးဟု အားတင်းထားလျက်က စာရွက်များကို နုနုရွရွလေး တုန်တုန်ယင်ယင်လေး ကိုင်ကာ ဖွင့်နေမိသော လက်တို့ကို တိတ်တခိုး ကျိန်ဆဲနေမိသည်လား။

“ဟိုမှာ ကြိုးစားပါ။ ဒီမှာ ကောင်းစားနိုင်တဲ့ အခွင့်အရေးတွေ၊ လူကောင်းတွေ အတွက်မျှော်လင့် စရာမရှိပါဘူး။ တချို့လဲ ကောင်းကောင်းမွန်မွန် ကြိုးစားပြီး အောင်မြင်နေတာရှိတယ်။ ရာခိုင်နှုန်းနဲတယ်။ လူတွေ လစာ နဲ့ မလောက်တော့ အချင်းချင်း လှီးကြတယ်။ ညစ်ပတ်ကြတယ်”
စေတနာတရားတွေကို ဦးထိပ်နေရင်းနဲ့အမျှ မမှီသလောက်ဥာဏ်လေးနဲ့ ခပ်တိုးတိုးပြန်လည် ငြင်းခုံနေမိတယ်။ လစာလောက်နေရင်းတောင်ပဲ လောဘတွေနဲ့ အချင်းချင်း လှီးနေကြတာတွေလဲ လက်ရေးပိုင်ရှင်ပြောသော“ဟိုမှာ” ဆိုတဲ့ နေရာမှာ ရှိနေတာကို ဥာဏ်ကလေးရှိသမျှ ငြင်းခုံလိုက်ရပါသည်လား။

သက်ပြင်းကြိတ်ချရင်း မျက်ရည်တွေ ဝေ့တက်လာလေပြီ။ စာရွက်ပါးပါးလေးနှင့် ကြဲပျံ့လာသော ဓာတ်ပုံဟောင်းအချို့ကို အံဆွဲထဲ ပြန်ထည့်မလို စိတ်ကလုပ်ပြီးမှ တုန်ချိအားကုန်နေသောလက်တို့က ငြင်းဆန်လျှက် စာရွက်တို့ကို ဆက်ကိုင်ထားမိသည်။ မျက်လုံးတွေများက နူးညံ့ညင်သာသော စိတ်ဓာတ်ကို ဖော်ကျုးနေသော လက်ရေးလေးတွေကို ခေါင်းမာစွာ ဆက်လက်ငေးကြည့်နေမိသည်။ စိမ်းပြာရောင်ဖျော့ဖျော့လေး သုတ်လိမ်းထားသော သည်အခန်းနံရံ ပေါ်တွင် ည၏ ကကြိုးတို့ တိုးတိတ်စွာ ကခုန်လာသည်။

“ဒီမှာတော့ Power & Wealth မရှိရင် လူတန်းစေ့ မနေနိုင်ကြဘူး။ လူရာမ၀င်ဘူး။ တချို့တွေ ကျတော့လဲ ချမ်းသာလိုက်ကြတာ။ ဘယ်က ပိုက်ဆံတွေ ရကြလဲမသိဘူး”

“Enjoy what you can and endure what you must” ဆိုတဲ့အတိုင်း စံစားစရာရှိစံစား ခံရတဲ့အခါမှာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာပါပဲ။ ဒီမှာ ညွှန်ကြားရေးမှုး အဆင့်တွေတောင် ငတ်နေကြတယ်။ ၀ တဲ့လူတွေကျတော့လဲ အလွန်အကျွံဝ လို့ပေါ့။ သမီးရေ… ဒါပါပဲကွာ..။ အစစအရာရာ လိမ္မာပါ။ အကြီးတို့ စကားနားထောင်ပါ၊ အလုပ်ကော စာကော ကြိုးစားပါ”

သက်ပြင်းတွေ အခါခါ ကြိတ်ချရင်း မျက်ရည်တွေ မဆည်နိုင်အောင် ကျလာသည်။ ငှက်တွေကလဲ အလိုက်ကန်းဆိုးမသိစွာ လေဟုန်ချီရင်း သိုက်မြုံကို ရှာကာ အိပ်တန်းတက်နေကြသည်။ အခန်းပေါက်ဝတွင် ကြင်နာသော မျက်ဝန်းတစ်စုံ ပေါ်လာသည်။ နဘေး၌ ညင်သာစွာ ၀င်ထိုင်လျှက် ပခုံးစွန်းကို ကိုင်ရင်း လက်ထဲက စာရွက်များကို သိမ်းယူသွားသည်။
မတ်လ တစ်ထောင့်ကိုးရာ ကိုးဆယ့်လေး ရက်စွဲတတ်ထားသည့် စာများနှင့် ဓာတ်ပုံ များကို သန်မာသော လက်တစ်စုံက အံဆွဲလေးထဲမှာ စနစ်တကျ ပြန်လည် အိပ်မောကျစေလိုက်သည်။

“ဘ၀ ဆိုတာ လွမ်းမောစရာ ကောင်းလှပါလားကွာ”

မျက်နှာကြက်ပေါ်မှာ ကြင်နာသမှု စကားစုတို့ ခပ်တိုးတိုးပဲ့တင်ထပ်သွားလေတော့သည်။

1 comment:

တန်ခူး said...

အံဆွဲလေးထဲက အမှတ်တရတွေကို အတူဝေမျှခံစားသွားပါတယ်…

LinkWithin

Related Posts Plugin for WordPress, Blogger...