မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, August 03, 2008

လွတ်လပ်သော ကောင်းကင်

ဒီကောင်းကင်အမိုးအောက်
ကိုယ်တစ်ယောက်ထဲ လျောက်သွားတယ်…
လေယာဉ်မရှိ၊ မီးပုံးပျံမရှိ၊ ငှက်တေလေမရှိ၊ ရွက်ကြွေတွေလဲမရှိ….

အသက်ကို တစ်ဝတစ်ပြဲ
မဆန့်မပြဲကြီးကို ရှုပစ်လိုက်တယ်…
အား…….
အောက်ဆီဂျင်တွေ အောက်ဆီဂျင်တွေ
နှလုံးအိမ်ထဲကို တနင့်တပိုးကြီးနဲ့
ပလုံးပထွေး တိုးဝင်သွားလိုက်တာ….


စည်းတွေဘောင်တွေ ကင်းမဲ့ရမယ်ဆိုပြီး
ကိုယ်ချထားတဲ့ ပေါ်လစီက
တစ်ကယ်တော့ မပီပြင်လိုက်တာပါကလားနော်…
လွတ်လပ်တဲ့မီဒီယာဟာ………. တဲ့
တစ်ကယ်တော့ “သူ”ပြောသလိုပဲ
မလွတ်လပ်ဆုံး အသုံးမကျဆုံးလားဟင်…

စည်းတွေ အကုန်ဖြိုချမယ်..
ကဲ… လာလေရော့
ပြီးတော့….
ကိုယ်… လွတ်လပ်စွာ ရယ်မောလိုက်တော့မယ်…

ဒီည…
ပျော့အိညံ့သက်တဲ့
ခေါင်းအုံးကို ထွေးပိုက်လို့
ခပ်မိုက်မိုက်လေးပြုံးရင်း
ကိုယ် အိပ်စက်လိုက်မယ်နော်….

3 comments:

မောင်မျိုး said...

စည်းတွေ အကုန်ဖြိုချမယ်..
ကဲ… လာလေရော့ .....

စာသားလေး မိုက်တယ် တစ်ခါခါ တစ်ခါ စည်းဆိုတာက ကိုယ့်ကိုယ်ကို ဘောင်ခတ်နေမိသလို အရမ်းပင်ပန်းတော့ ခဏတော့ ဖြိုချလိုက် သက်သာလိမ့်မယ်။

ကလိုစေးထူး said...

တခါတလေကျရင် အသက်တောင် လွတ်လွတ်လပ်လပ် မရှူရတော့ပါလားလို့ တွေးမိတဲ့အခါ ခွေအိပ်နေတာက ပိုကောင်းပါတယ်လေ လို့ တွေးမိတာပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစားလိုက်တော့လဲ ခွေအိပ်နေတာက ခဏတဖြုတ်ပဲ ကောင်းတာဗျ။ ပြောသာပြောရတယ်... လွတ်လပ်တဲ့ ကောင်းကင်ဆိုပေမယ့် ကောင်းကင်တောင်မှ အပြည့်အ၀ လွတ်လပ်ရှာရဲ့လား မသိ...။

တန်ခူး said...

တခါတခါ ကိုယ်ကိုယ်တိုင်က ကိုယ့်လွတ်လပ်ခြင်းအတွက် အဟန့် အတားဖြစ်နေတတ်ပြန်ရော… မလွတ်လပ်ခြင်းတွေနဲ့ နေသားကျနေတဲ့အခါပေါ့…
ဟုတ်တယ်အိမ့်ရေ… စည်းတွေ အကုန်ဖြိုချပြီး ဟိုးကောင်းကင်ကြီးကို ကြည့်လို့  လွတ်လပ်စွာ ရယ်မောချင်သေးတော့….

LinkWithin

Related Posts Plugin for WordPress, Blogger...