မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, July 12, 2008

ကျွန်မရဲ့ ပူဒီနံ

နွေရာသီရောက်ပြီဆိုရင် ခြံထဲက ပန်းပင်လေးတွေ အမှတ်တယ ဓာတ်ပုံရိုက်ပြီး ဝေမျှနေကျပေမယ့် ဒီနှစ်နွေက ခြံထဲတောင် သိပ်မဆင်းဖြစ်လို့ အပင်တွေလဲ တချို့ ရေငတ်နေကြပြီ…။

ဒီအပင်ကိုကြည့်ပါ….။
အဲဒါ ကျမ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင်လို့ အလွန်ထွားကျိုင်းသန်မာနေသော၊ အရွက်ဖားဖားနဲ့ စိမ်းလန်း မွှေးပျံ့နေသော၊ ဂစ်နစ်စံချိန်တင်လောက်သော အမွှေးနံ့သာပင်……..


လို့ ... မထင်လိုက်ပါနဲ့…။



တစ်ခြံလုံးကို မွှေးပျံ့တဲ့ ရနံ့တွေ ပေးစွမ်းနိုင်တာမှန်ပါတယ်၊ ဘေးအိမ်က သီရိလင်္ကာနိုင်ငံနွယ်ဖွားတို့ မျက်စိကျနေလို့ ခဏခဏ ဖြတ်ဖြတ်ပေးရတာလဲမှန်ပါတယ်။ ကျမ သိပ်ကြိုက်လွန်းလို့ မနှစ်က ၀ယ်စိုက်ပြီး ရေလဲမလောင်း ဒီတိုင်းပစ်ထားလိုက်တာ၊ ဒီနှစ်ဆောင်းကုန် နွေအကူးမှာ ရုတ်တရက် အပင်က ထွားတက်လာလိုက်တာ အခုတော့ ရင်ဘတ်လောက် ရောက်နေပြီဖြစ်တဲ့ ကျမရဲ့ ပူဒီနံ အပင်ပါပဲရှင်..။



ခြံထဲဆင်းရင် တစ်ခြံလုံးမွှေးနေတာပါပဲ။ အပင်ထွားလွန်းတော့ အရိုးကတော့ ရင့်သွားပြီမို့ အရွက်ကိုပဲ ဟင်းအမျိုးမျိုးထဲ ကျွန်မထည့်စားတော့တာပါပဲ။ တစ်မျိုးလုံးတစ်ဆွေလုံးအပြင်၊ ဘေးအိမ်က သီရိလင်္ကာမောင်နှံပါ ပူဒီနံဖိုး သက်သာတယ်လို့ဆိုလို့ရပါတယ်။



ဒီအပင်ကတော့ Honey Suckel လို့ခေါ်တဲ့ မွှေးပျံ့တဲ့ ရနံ့ရှိတဲ့ ခြုံနွယ်ပင်တစ်မျိုးပါပဲ..
သူကတော့ အင်းကြင်းပွင့်ရနံ့ မျိုးရှိတယ်လို့ ဆိုကြပါတယ်..။။




ညနက်လာတော့ အဲဒီပန်းနွယ်ခြုံအောက်မှာ တစ်လှုပ်လှုပ်တစ်ရွရွဖြစ်နေတာနဲ့ ကျမ ကြည့်နေတာ ရုတ်တရက် ခြုံအောက်က မဲမဲအလုံးလေးတွေထွက်လာတယ်။
အသည်းကယား၊ လန့်လဲလန့်ပြီးကြည့်နေတာ …..



ခွေးတူဝက်တူကောင်လေးတွေဖြစ်နေတယ်….
ည လူခြေတိတ်တော့ ထွက်လာတာ.. တစ်ခါမှ မတွေ့ဖူးတာနဲ့ အမြန် ကင်မရာယူပြီး ရိုက်ယူထားလိုက်တယ်…


အဲဒီညက လေတွေက တိုက်နေတယ်….။ လေထဲမှာ ပန်းနံ့တွေနဲ့ ပူဒီနံ အနံ့တွေ သင်းနေတယ်..။
နွေညတွေကတော့ ဘယ်နေရာရောက်ရောက် လှပနေတတ်ပါတယ်..။

5 comments:

Anonymous said...

ငါကြော်နဲ့ ချဉ်ရည်ဟင်း စားချင်တယ် ဗျာ

မောင်

Anonymous said...
This comment has been removed by a blog administrator.
တန်ခူး said...

အိမ့်ရေ… အားကျလိုက်တာ… အဲလိုခြံလေးနဲ့  အပင်လေးတွေ စိုက်ချင်လိုက်တာ… ဒီမှာတော့ ၀ရန်တာကျဉ်းကျဉ်းလေးမှာ မနဲဖြစ်အောက်စိုက်ရတာ… တို့ လဲ ပူဒီနံ(ပူစီနံလို့ ခေါ်ဖြစ်တယ်) ကြိုက်တယ်… အိမ့်ကိုအားကျပြီး ပူဒီနံစိုက်ကြည့်ဦးမယ်….

ကလိုစေးထူး said...

တပြည်သူရေ...။
တိုက်ဆိုင်တယ် လို့ ပြောရမယ်။ ကျနော်လဲ အခုလေးတင်ပဲ ဓာတ်ပုံပို့စ် တခုတင်ပြီးတော့ တပြည်သူဘလော့ဂ်ကို လာဖတ်တာ အခုပို့စ်ကို ဖတ်မိတော့တာပဲ။ တပြည်သူ အရင်ဦးတယ်ဆိုတော့ ကျနော်က အိုင်ဒီယာ ကော်ပီရိုက်နဲ့ ငြိတာပေါ့နော်...။ :D အောက်ဆုံးက ပုံတပုံက မှောင်လွန်းတော့ ဘာမှ မမြင်ရဘူးဗျ။

ရွှန်းမီ said...

သစ်ပင်ပန်းပင်တွေကို ချစ်တတ်တဲ့ မလေးရေ..
ခွေးတူဝက်တူကောင်လေးတွေကို မြင်အောင် ကြည့်သွားတယ်။ ချစ်စရာလေးတွေ .. Disney cartoon ထဲကနဲ့ တော်တော်ဆင်တာပဲ။ တစ်မိသားစုလုံးပဲ ထင်တယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...