မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 27, 2008

ညနေခင်း









နေခင်းနေရောင်အောက်မှာ ငှက်ပြာတို့ တေးသီနေသည်။ လမ်းမပေါ်က လွင့်ထွက်လာသော ကားမီးခိုးငွေ့ကို ရှုရှိုက်ရင်း၊ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ချိုဆိမ့်တစ်ခွက်ကို သောက်နေသော သူငယ်ချင်းကို ကျေးဇူးတင်စကားဆိုမိသည်။

“ရပါတယ်ဟာ နင်ကလဲ၊ အချင်းချင်းတွေပဲ၊ အေးအေးဆေးဆေးမှ ပြန်ပေး၊ ငါ့မှာလဲ ဘောဒ်အပိုရှိနေတာပဲ၊ နင်လိုချင်ရင် ကင်းဗတ်လဲ ငါလာပို့ပေးမယ်”

ရင်ဘတ်အိတ်ထဲက လက်သုတ်ပုဝါ အပြာကို ဆွဲထုတ်ပြီး အဆီပြန်နေသော မျက်နှာကို လက်သုတ်ပုဝါနှင့် သုတ်ရင်း သူက ဆိုသည်။

“ကင်းဗတ်တွေတော့ ရှိပါတယ်၊ အခုဟာက ငါက အကျီ င်္်စတွေပေါ်မှာ ဒီဇိုင်းဖော်ကြည့်ချင်တာ”

ကော်ဖီနှင့် မုန့်အချို့တင်ထားသော ခနော်ခနဲ့ စားပွဲညိုပေါ်သို့၊ ကြွေကျလာသော သက်ရွက်ကို အသာဖယ်လိုက်ရင်း ပြောလိုက်သည်။

ညနေစောင်းမို့ ဆိုင်က လူကျနေသည်။ စကားပြောသံ၊ ရယ်မောသံ၊ သီချင်းသံတွေနဲ့ အတူ ပတ်ဝန်းကျင်က အသက်ဝင်လှုပ်ရှားနေသည်။ ပုဏရိတ်ပင်တို့ခြားထားသော လက်ဖက်ရည်ဆိုင် အပြင်ဘက်က လမ်းပေါ်မှာ ရုံးမှ ပြန်လာသောလူများ၊ ညနေခင်းလမ်းလျောက်ထွက်သူများ၊ စက်ဘီးစီးနေသော ကလေးများနှင့်လဲ စည်ကားနေသည်။

“ဒီမှာလေ ငါ လက်ဆောင်ရလာတဲ့ ၀ါချောရဲ့ အ၀တ်တွေပေါ်မှာ ပန်းချီဆွဲနည်းစာအုပ်”

သူငယ်ချင်းရဲ့ မျက်လုံးတွေက ၀င်းလက်သွားသည်။

“အား ကောင်းလိုက်တာ ကြည့်ရအောင်၊ ဟား ဒီဟာလေးကြည့်စမ်း၊ ဒီဇိုင်းက တော်တော်သေသပ်တယ်”

သူငယ်ချင်းလက်ထောက်ပြသော ပုံလေးကို ခါးနဲနဲကိုင်းပြီး လှမ်းကြည့်လိုက်သည်။

ညနေခင်းလေတွေက ပိုမိုတိုက်ခတ်လာသည်။

သူငယ်ချင်းစိတ်ပါဝင်စားစွာပြနေသော ပုံတွေကို လက်ဘက်ရည်သောက်ရင်း ကြည့်နေရင်း ခပ်လှမ်းလှမ်းစားပွဲက ကျယ်ကျယ်လောင်လောင် အဆက်မပြတ်ချောင်းသီးသံကြောင့် အသံလာရာသို့ ဖျတ်ကနဲ့ မော့ကြည့်လိုက်မိသည်။

“ဟင်.. မောင်”

ပြုံးပြလိုက်ရင်း ဒီမှာလာထိုင်ပါလားလို့ လက်ယပ်ပြီး ခေါ်မလို့ အားပြုစဉ် လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်၊ ပုဆိုးကိုကမန်းကတန်းဝတ်၊ ခပ်နွမ်းနွမ်းပိုက်ဆံတစ်ချပ်ကို စားပွဲပေါ်သို့ပစ်တင်လျှက် လမ်းမပေါ်သို့ မောင် ရုတ်တရက်ထွက်ခွာသွားတော့သည်။

သူငယ်ချင်းကတော့ ဘာမှ ရိပ်မိလိုက်ပုံမပေါ်။ သူ့ဝါသနာအတိုင်း စာအုပ်ကို သဲကြီးမဲကြီး လှန်လှောဖတ်ရှုနေသည်။

“နင် အဲဒီစာအုပ်ယူချင်ယူထားလေ၊ ငါ့ကိုနောက်မှပြန်ပေး၊ ငါ အိမ်ပြန်လိုက်ဦးမယ်ဟာ”

“ဟင်.. ချက်ချင်းကြီး၊ အေးအေး နင့်မောင် စောင့်နေဦးမယ်၊ သွားသွား.. အော်ဒါနဲ့ နင်လေးရင် ဘောဒ်ကို ငါအိမ်ထိ လိုက်သယ်ပေးမယ်”

“နေပါစေဟာ ရတယ်၊ ငါသွားမယ်နော်”

ဘော့ဒ်ကို သယ်ပြီး လျောကျလာတဲ့ ဟောင်းနွမ်းတာကြာလို့ ပွန်းနေပြီဖြစ်တဲ့ စလင်းဘက်ကြိုးကို ပုခုံးပေါ်သို့ တင်လိုက်ပြီး လမ်းမကျယ်အတိုင်း အိမ်ဘက်သို့ ခပ်သွက်သွက်လျောက်လာသည်။ လမ်းမတလျောက် စက်ဘီးများကို ရှောင်ရင်း လမ်းကွေ့ကုန်းမို့လေးသို့အတက်၊ လမ်းဘေးက ညောင်ပင်အောက်မှာ သုန်မှုန်ပြီး ရပ်နေသော မောင့်ကို လှမ်းတွေ့လိုက်ရသည်။

မောင့်ရှေ့မှာ မတ်တပ်ရပ်ရင်း မျက်နှာကိုမော့ကြည့်လိုက်သည်။

မောင့်ဆံပင်တွေ ညနေခင်းလေအောက်မှာ လွန့်လူးနေသည်။

“ဘာဖြစ်ပြန်ပြီလဲ”

“ဘာဖြစ်ရမှာလဲ။ မင်းကို ဒီကောင်နဲ့ မပတ်သက်ပါနဲ့လို့ပြောထားတာ”

“မောင်.. မအော်နဲ့နော်” အသံကို ကြိတ်ပြီး ခပ်တင်းတင်းပြောလိုက်မိသည်။

“မအော်ဘူး၊ လုံးဝ အော်မနေဘူး”

“အေး အခုအော်နေတာမဟုတ်လို့ဘာလဲကွ၊ လူကိုလဲ မင်းလို့မပြောနဲ့၊ မင်းထက်ကြီးတယ်”

“ပြောမယ်၊ မင်း ဒီကောင်ဆီက ဘောဒ်သွားယူတယ်မဟုတ်လား၊ မောင် မ၀ယ်ပေးနိုင်ဘူးထင်လို့လား”

“တော်ပြီမောင်.. အပိုတွေမပြောနဲ့၊ လာ အိမ်ပြန်မယ်”

တစ်လမ်းလုံး တပျစ်တောက်တောက် အခြေအတင်တွေပြောလာကြသည်။ ပတ်ဝန်းကျင်က လူတွေက ကွက်ကြည့်ကွက်ကြည့်။

“ဘောဒ်ကြီးလေးလွန်းလို့ ကူသယ်ပေးစမ်းပါ”

“မသယ်ပေးဘူး၊ ကိုယ့်ဘာသာသယ်”

တင်းမာနေသော မောင့်စကားသံအဆုံးမှာ ဒေါသစိတ်၊ မောင်ရက်စက်တယ်ဆိုတဲ့ စိတ်နှင့် မျက်ရည်တွေ ၀ိုင်းနေမိသည်။

အိမ်ရှေ့ရောက်တော့ သွပ်မိုးပြင်ထောင်အိမ်လေးက ယိုင်နဲ့နဲ့၊။ သရက်ကိုင်းတွေက သွပ်မိုးပေါ်ကို ကျနေသည်။

“မောင်.. ဒီတံတားလဲ ပြင်ဦး၊ ဟိုလူတွေနဲ့ စနေ၊တနင်္ဂနွေတွေမှာ ကျားပဲ ကစားမနေနဲ့”

အိမ်ရှေ့ရေမြောင်းကို ခွဆောက်ထားသော တံတားလေးကို သတိထားဖြတ်ရင်း ပြောလိုက်သည်။

“မင်း ကို ဒီကောင်နဲ့ မတွဲပါနဲ့လို့ပြောထားတယ်”

“မောင် ဘာစကားပြောတာလဲ၊ ဒီလို စွတ်စွတ်စွဲစွဲ အသုံးအနှုန်းတွေ တွဲတယ်တွဲတယ်နဲ့ မပြောပါနဲ့ မကြိုက်ဘူးလို့ ဘယ်နစ်ခါပြောရမလဲ၊ ပန်းချီဆွဲဖို့ ဒီဘောဒ်လေးယူတာဘာဖြစ်လဲ၊ နောက် သူက ကျမ သူငယ်ချင်း၊ မောင် ရုံးအားရက်တွေ ကျားပဲ ကစားနေတာ ကျမ ဘာပြောလဲ၊ ဟင်.. ကျမ ဘာချုပ်ချယ်လဲ၊ ကျားမကစားနဲ့ ဒီလူတွေနဲ့ မပတ်သက်နဲ့ ဘယ်နှစ်ခါပြောလဲ၊ ကျမကိုလဲ ဘယ်တော့မှ မချုပ်ချယ်ပါနဲ့၊ ဖောက်ပြန်နေတာမဟုတ်ဘူး၊ အနုပညာကို မြတ်နိုးလို့”

“ချုပ်ချယ်ပါ၊ မောင် ကျားကစားနေတုန်း ၀င်လာပြီး ပွဲဖျက်လေ”

“အို.. ကျမ အဲလို မိန်းမရိုင်းမဟုတ်ဘူး”

“လုပ်ပါ.. လုပ်ပါလား၊ မင်း ပန်းချီဆွဲတာ ဘယ်တုန်းကမှ မပိတ်ပင်ခဲ့ဘူး၊ မင်းပန်းချီတွေကိုလဲ မောင်မြတ်နိုးတန်ဖိုးထားတယ်၊ အခုဟာက မောင်မကြိုက်တာကို လုပ်နေတာ၊ စာအုပ်တစ်အုပ်ကို ခေါင်းချင်းဆိုင်ကြည့်နေလိုက်တာများ၊ မောင် ကော်ဖီတောင် သီးတယ်။ ဘာလဲ.. မင်းသူ့ကို ကြိုက်နေလား”

“အား.. ”

စိတ်တိုတိုနှင့် သူ့လက်ထဲက လွယ်အိတ်ကို ဆောင့်ဆွဲယူပြီး အ၀င်ဝလှေကားပေါ်သို့ ပစ်ချပစ်လိုက်သည်။

“ဟင်”

ဆေးပေါ့လိပ်၊ မီးချစ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်၊ ခပ်နွမ်းနွမ်းပိုက်ဆံအိတ်သေးသေးလေးနှင့် ပိုစ်စကဒ်တစ်ခု ကစင့်ကလျား ထွက်ကျလာသည်။

ပိုစ်စကဒ်ကို ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

လက်တွေ တဆတ်ဆတ်တုန်လာသည်၊ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့ကို မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် မော့ကြည့်လိုက်မိသည်။

“မ”

“တော်ပြီ။ မင်း ဘာမှ ငါ့ကိုလာမပြောနဲ့”

“မ… မဟုတ်ဘူး”

“ဘာလဲ လက်ဆုပ်လက်ကိုင်တွေ့နေတာတောင် ငြင်းချင်သေးတယ်”

“အာ…….. စိတ်ညစ်တယ်ဟေ့”

အိမ်ရှေ့ တံခါးကိုဖွင့်ပြီး သူ အထဲကို ၀င်သွားသည်။

“လာ.. ဒါတွေလာကောက်.. ကျမ မကောက်ဖူးနော်”

“ရှင်.. အလကားလူ၊ ကျွန်မကိုလဲ ယူထားသေးတယ်၊ ရည်းစားဟောင်း နဲ့ ပြန်ဆက်သွယ်နေတယ်”

“မဆိုင်ပါဘူးဗျာ၊ သူ့ဟာသူ ပို့တာပါ၊ ကျွန်တော် ဘာမှ မသိဘူး၊ ပြဿနာက မျှားဦးဒီဘက်လှည့်လာပြီ။ သိပ်လည်တယ်ဟေ့”

ကျဲပြန့်နေသော ပစ္စည်းများကို လိုက်ကောက်ရင်း စိတ်ပျက်စွာ သူငြီးညူနေသည်။

“ဘာမှ မလည်ဘူး။ ရှင့်လက်ထဲ ဒီပို့စကတ်က ဘာလို့ရောက်နေတာလဲ”

“မသိဘူးဗျာ.. သူငယ်ချင်းကတဆင့်ရောက်လာတာ”

“ရှင်.ဟာ ကျွန်မကိုကျတော့ ချုပ်ချယ်တယ်၊ ရှင်ကျတော့ ဖြစ်ချင်တိုင်းဖြစ်နေတယ်”

“ရှင်ဟာ…………….. ”

“ရှင်ဟာ………………”

ထိုင်ခုံမှာ ထိုင်ချရင်း တပျစ်တောက်တောက်ပြောနေမိသည်။

သူ ကြမ်းပြင်ပေါ်မှာ လာထိုင်ပြီး ပေါင်ပေါ်ကို ခေါင်းတင်လျက် ငြိမ်သက်နေသည်။

“ကျေနပ်တဲ့ အထိပြောပါနော်”

“ကြိုက်တာပြောပါနော်”

♥♥♥♥♥

နေ၀င်သွားပြီ။
မိုးချုပ်လာပြီမို့ ပုရစ်အော်သံတို့ကြားနေရသည်။ သရက်ကိုင်းလေတိုးသံနှင့်အတူ၊ ခနော်ခနဲ့ ပျဉ်ထောင်အိမ်လေး၏ အိမ်အတွင်းခန်းမှ မှိန်ပြပြ ဖယောင်းတိုင်မီးရောင်၊ တပျစ်တောက်တောက် ပြောနေသော မိန်းမတစ်ဦး၏ ခပ်တိုးတိုးစကားသံနှင့် တစ်ချက်တစ်ချက်ဟောက်သံတစ်သံက ရေနီမြောင်းကိုဖြတ်လျှက် ချိုင့်ခွက်ပေါများသော လမ်းမပေါ်သို့ ဖိတ်စင်ကျနေပါတော့သည်။

Comments from www.ainchannmyay.com

1. ကောင်းလိုက်တာ မလေးရေ.. မှန်လဲ မှန်တယ် မလိုအပ်ဘဲ အလွန်အမင်း သ၀န်တိုပြ နေသူ အများစုဟာ သူတို့ ကိုယ်တိုင်က မဟုတ်တာ လုပ်ထားလို့ သူများကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး သူတို့ကို ပြန် ထောက်မှာ ကြောက်လို့ ကြိုကာတဲ့ အနေနဲ့ သူများကို သ၀န်တို ချုပ်ချယ် နေကြတာ .. ဒီလိုမျိုးကို မိန်းမဖြစ်စေ ယောက်ျားက ဖြစ်စေ လုပ်လေ့ ရှိကြတယ်..
Comment by ခွန်မြလှိုင် — June 27, 2008 @ 3:56 am |

2. ပန်းချီလေးတွေ လှလိုက်တာဗျာ. မအိမ့်က တော်တော်အနုပညာဆန်တာပဲနော်.
ဝတ္ထုလေးကလည်း အရေးအသားပြေပြစ်တယ်. ဖတ်လို့ကောင်းတယ်. ဇာတ်လမ်းလေးလည်း လှတယ်.
ပြဿနာတွေရဲ့ အရင်းဇစ်မြစ်က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေတာ၊ တစ်ယောက်အထင်လွဲမှာကို တစ်ယောက်က အစိုးရိမ်လွန်နေတာပါပဲ.
သိပ်ပြီးတော့ စဉ်းစားဥာဏ်ကင်းမဲ့လောက်အောင် သ၀န်တိုတတ်တာတော့ မကောင်းဘူးပေါ့လေ.
ကျွန်တော် လေရှည်သွားပြီ. ဆောရီး. စိတ်ထဲမှာ ဖြစ်လာတာမို့ ၀င်ပြောကြည့်တာ. သိလို့တော့ မဟုတ်ပါဘူး.
အားပေးနေမယ်. အစ်မရေ…
ပျော်ရွှင် အဆင်ပြေပါစေ…
L.Z.T
Comment by လင်းဇေသူ — June 27, 2008 @ 7:22 pm |

3. ဇတ်ရှန်ကကောင်းနေတုန်း ပြီးသွားတယ် “မ” က ဘယ်လိုဆုံးဖြတ်မှာပါလိမ့်  ။ စာအဖွဲ့ နွဲ့ တွေအရမ်းကောင်းတယ်ဗျာ ဇတ်ထဲမှာ မျောသွားတယ် ။
Comment by မောင်မျိုး — June 27, 2008 @ 7:41 pm |

4. အစ်မရေ..ဖတ်လို့ကောင်းတယ်။မလိုအပ်ရင်သ၀န်မတိုတာအကောင်းဆုံးပါပဲနော်။
Comment byီDream — June 27, 2008 @ 8:19 pm |

5. မလေးရေ … ဖတ်ပြီး ပြုံးမိတယ်… (တပျစ်တောက်တောက် ပြောနေသော မိန်းမတစ်ဦး၏ ခပ်တိုးတိုးစကားသံနှင့် တစ်ချက်တစ်ချက်ဟောက်သံတစ်သံ) တဲ့ … အစစ်ပဲ ။
ဒါကြောင့် လေးမ ဆို ပျစ်တောက် ပျစ်တောက် လုံးဝမလုပ်တော့ဘူး…။ ဂျောက်ဂျောက်ဂျောက်ပဲ လုပ်တယ်…။ မကျေနပ်တာရှိရင် စာရေးပြီး သိမ်းထားလိုက်တယ်…။
Comment by လေးမ — June 28, 2008 @ 12:32 am |

6. why u finish ur story like that?
Comment by meenge — June 28, 2008 @ 5:30 am |

7. မမအိမ့်ရေ… အစကနေအဆုံး အသက်မရှုဘဲ ဖတ်သွားမိတယ်။ ဖတ်လဲပြီးရော… ထူးထူးဆန်းဆန်း ၀မ်းနည်းနေတယ် အစ်မရယ်။ အစ်မရေးတာ သိပ်ကောင်းတာပဲလို့ ပြောစရာတောင် လိုမယ် မထင်တော့ပါဘူးး)
Comment by ရွှေပြည်သူ — June 29, 2008 @ 2:14 am |

8. မလေး…
မလေး… ရင်ခတ်သံလေးတွေက စီးမျောနေဆဲ… မလေးရဲ့ ညနေခင်းတစ်ခုကို မိုးအေးအေးညနေလေးမှာ လာဖတ်သွားတယ်။ ညီမလေးလည်း တဖြည်းဖြည်းနဲ့ မလေးရဲ့ ဇာတ်ကောင်တွေကို အကျွမ်းဝင် နားလည်လာပြီ။ အသက်ကြီးလာပြီထင်ပါရဲ့။ လူတွေအကြောင်းကို တွေးတတ်ပြီ။ ၀င် ခံစားနေတတ်ခဲ့ပြီ။ ကွန်မန့်ကို ဒီနေ့မှ ဖတ်ရတယ်။ ဘ၀တူ ညီအစ်မတွေပေါ့နော်။
မလေးရဲ့စာတွေကို နှစ်ခြိုက်လျက်
ညီမလေး
Comment by ayechanthu — June 29, 2008 @ 4:31 am

9. ဘာတွေ ပဲဖြစ်ဖြစ် ပါ … မောင် အရမ်းချစ်တယ် ..
Comment by မောင် — July 1, 2008 @ 3:22 am |

10. အမရေ ဖတ်လို့ကောင်းတယ် ကျွန်တော်လဲ အဲ့လို သ၀န်တိုပြီး အလကားနေ သံသယ ပွားတဲ့လူတွေဆို မုန်းတယ်..။
Comment by မင်းယွန်းသစ် — July 13, 2008 @ 12:28 am |

11. ဖြစ်တတ်တဲ့ သရုပ်မှန်လေးတွေ ဗျ Good !
Comment by စိုးထက် - Soe Htet ! — July 31, 2008 @ 12:53 am |


6 comments:

တန်ခူး said...

အိမ့်ရေ…သံသယညနေခင်းက ပီပြင်လိုက်တာ…မိန်းမနဲ့ ယောင်္ကျားကွာဟပုံလေးချပြသွားတဲ့ အဆုံးသတ်လေးလှတယ်

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

သံသယညနေခင်းလို့ ဆိုလိုက်တာလေးက ပိုပြီး ကောင်းလိုက်တာ..
နာမည်ပြောင်းလိုက်မယ်နော်

တန်ခူး said...

အိမ့်ရေ…ဒီနာမည်လေးက ပိုကောင်းပါတယ်…
နို့ မို့ ခေါင်းစဉ်ဖတ်ပြီးရိပ်မိနေဦးမယ်…ညနေခင်းဆိုတာလေးက ပိုအဆင်ပြေပါတယ်…

Anonymous said...

ဘာတွေ ပဲဖြစ်ဖြစ် ပါ ... မောင် အရမ်းချစ်တယ် ..

မောင်

ကလိုစေးထူး said...

ကျနော်ကတော့ ပတ်ဝန်းကျင်ကို ပုံပေါ်အောင် သရုပ်ဖော်ရေးထားတာလေးကို ပိုသဘောကျတယ်။

Mae said...

that was so real.. i hope i don't ever have to go through that

LinkWithin

Related Posts Plugin for WordPress, Blogger...