မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 20, 2008

တိမ်တိုက်ပြာ

ပိန်းပိတ်အောင်မှောင်တဲ့ အနက်ရောင်ကောင်းကင်ကြီးကို
အသည်းတအေးအေး ရင်တဖိုဖိုနဲ့ ကိုယ်… ငုံ့ကြည့်လိုက်တယ်…..။

ကောင်းကင်မှောင်ကြီးထဲမှာ
မရဲတရဲလင်းတဲ့ကြယ်အိမ်တွေကို
နဂါးငွေ့မျှင်တန်းတွေကရုံ
သိမ်သိမ်မွေ့မွေ့လေး ခြုံလို့ထားကြတယ်…။

ပန်းနုလရောင် ပင့်ထိုးတော့
ဗေဒါအိုးက တလူးတလွန့်နဲ့
ရှက်ပြုံးလေးပြုံးကာ ကိုယ့်ခြေရင်းမှာ နားခိုတယ်…။

ညလေရိုင်းအောက်မှာ ဆံနွယ်တွေ အထွေးလိုက်
တိမ်တိုက်တစ်ခုထဲ ပြုတ်ကျသွားခဲ့တယ်…။

သိုင်းဖက်ထားတဲ့ ကျောက်သားတွေ၊ ပင်လယ်ပြာနဲ့
အုန်းပင်တန်း
ရဲ့ ရင်ခွင်ထဲက လူးလဲထလို့ …
ဆံနွယ်ခွေနောက်
တကောက်ကောက်လိုက်ဖို့ ပြင်မိတယ်…။

ဗေဒါနွယ်တွေက ခြေကိုရစ်ပတ်
မသွားဖို့တားမြစ်တယ်…
ပင်လယ်ကတော့
ချုန်းပွဲချငို မျက်ရည်စိုပြတယ်…
ကျောက်ခဲတွေက တင်းတင်းဖက်ထား
ရင်ခွဲမလို့လားလို့မေးတယ်…။

မျက်စိစုံမှိတ် ရွှေရင်ထိတ်ပါလို့
ဆံနွယ်ခွေနောက် ကောက်ကောက်ရယ်ပါ
တိမ်တိုက်ပြာထဲ ခုန်ချလိုက်တယ်…။

ဆံနွယ်ခွေရင်မှာပိုက်လို့
ဟိုးအောက်ကောင်းကင်မှ ပင်လယ်ကိုမော့ကြည့်…
လက်ညှိုးလေးနဲ့ ထိကြည့်လိုက်တယ်…

ပင်လယ်က ရှက်ပြုံးလေးပြုံးတယ်…
ဗေဒါက ရေထဲပုန်းတယ်…
ဒီလိုနဲ့…
ဒီလိုနဲ့…
တိမ်တိုက်ပြာထဲ..
ကိုယ်…
စုန်းစုန်းမြှုပ်သွားပါတော့တယ်…

5 comments:

အဇ္ဈတ္တပြခန်း said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ Classic ကို Modern နဲ့တွဲရေးထားတာလေးက တမျိုးလေးပဲ အဆုံးထိ သိမ်မွေ့ဆင်းသွားတယ်.. ကျေးဇူးတင်တယ်ဗျာ

byakga said...

ဆွတ်ပျံ့လွမ်းမောသွားရင်း စိတ်ကူးတွေကို အမျဉ်းမျဉ်း ယဉ်စေနိုင်ပါပေ့ကွယ်..

တန်ခူး said...

ကောင်းကင်ထက်က တိမ်တိုက်ပြာ
ပင်လယ်အောက်က တိမ်တိုက်ပြာ
ဘယ်အရာကများ ပိုလို့ ဆွဲဆောင်ယစ်မူးစေမလဲ…
ကိုယ့်ရွေးချယ်မှုက ဆံနွယ်ခွေရဲ့  ရွေးချယ်မှုဖြစ်နေခဲ့တော့လဲ….

ကောင်းကင်ကို said...

ကဗှာလေး ခံစားသွားတယ်။ အရမ်းကောင်းတယ်ဗှာ။

M.Y. said...

အင်မတန်လှပတဲ့ သိင်္ဂါရ သန္တ အဖွဲ့ ပါပဲ..
အစအဆုံးပြန်ပြန်ဖတ်ပြီး..ခံစားသွားတယ်..တစ်ကယ့်ကိုအေးဆေးသက်ငြိမ်တဲ့ညပန်းချီကားတစ်ချပ်ထိုင်ကြည့်လိုက်ရသလိုပါပဲ…
ဒီလိုလေ..အဲဒိဗေဒါအိုးထဲဇောက်ထိုးကျနေတဲ့ ..ကောင်းကင်ကြီးကိုငုံ့ ကြည့်လိုက်မိတယ်..
အဲဒိမှာ တိမ်တိုက်တွေကို သွားတွေ့ တယ်…
ဆက်ခံစားရရင် ..ရသစာတစ်ပုဒ်ဖြစ်သွားတော့မယ်…ထင်တယ်…(ခွင့်ပြုရင်ပေါ့)

LinkWithin

Related Posts Plugin for WordPress, Blogger...