မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, June 14, 2008

မျက်ဝန်းညိုမ

မတ်လထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ ကျွန်မရဲ့ ၀တ္ထုတိုလေးကို ပြန်လည်ဖော်ပြထားတာပါရှင်..။




ညက ပိုမိုတိတ်ဆိတ်လာသည်။ ဆိုင်တွင်းမှာလဲ လူရှင်းစ ပြုလာသည်။ ငွေသိမ်းကောင်တာမှ အရောင်းစာရေးမလေးများက အိမ်ပြန်ရင် ပြင်စပြုနေပြီ။ သူမရှိနေသည့် ဆိုင်၏နောက်ဆုံးတန်းမှာတော့ လူရှင်းနေသည်။ သူမ ပတ်ဝန်းကျင်ကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ဆံပင်ဆာမူရိုင်းနှင့် ကျောပိုးအိတ်လွယ်ထားသော ကောင်မလေးကို သူမ မျက်စောင်းထိုးကြည့်နေမိသည်။

“ကြည့်တော့သာ လူကောင်က သေးသေးလေး ဟွန်း ငါ့ကို ပုခုံးချင်းယှဉ်ချင်သေးတယ်”
စိတ်ထဲမှ မကျေမနပ်နှင့် ကြိတ်ပြီး ရည်ရွတ်လိုက်မိသည်။
ကောင်မလေးကတော့ မျက်လုံးညိုကြီးများရွဲလျှက် လက်မှ နာရီကို ငုံ့ကြည့်နေသည်။
သူမရောက်ပြီး သိပ်မကြာခင်မှာ မျက်ဝန်းညိုမလဲ ဒီဆိုင်ကိုရောက်ရှိလာသည်။
မျက်ဝန်းညိုမ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဆိုင်ထဲမှာ ထင်တိုင်းကြဲနေသော သူမ၏ သြဇာက ကျလာသည်။ သူမသည် ရုပ်ရည်ချောမောလှပသည်၊ ချမ်းသာသည်၊ ၀ါကြီးသည်၊ ငွေရှိသည်၊ အဆက်အသွယ်ကောင်းသည်။ မွေးစားမိဘတွေကလဲ လူဂုဏ်ထံ အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသည့်အတွက် သူမထံမှာ အလှမွေး တိရစ္ဆာန်တွေဆိုတာ အမျိုးလေးဆယ်ခန့်ရှိသည်။ ခွေး၊ကြောင်၊မြင်း မပြောနှင့် သူမထံမှာ အလှမွေး ခြင်္သေ့တစ်ကောင်တောင် ရှိလိုက်သေးသည်။ သူမထံမှာ ကားတွေကလဲ အမျိုးမျိုး၊ ဂျစ်ကားတစ်မျိုး အမိုးပွင့်ကားတစ်ဖုံ မရိုးနိုင်အောင် ပိုင်ဆိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေ။ ဒီဆိုင်ကလဲ သူမမွေးစားမိဘတွေ ပိုင်သည့်ဆိုင်။ အရင်ကဆို သူမထင်တိုင်းကြဲနေကျ။ အခုတော့…။
ဟင်း.. ။ သူမသက်ပြင်းချမိသည်။

မျက်နှာချင်းဆိုင်က ကိုယ်လုံးပေါ်မှန်ထဲမှာ သူမကိုယ်သူမ ပြန်မြင်နေရသည်။ မို့မောက်တဲ့ ရင်အုံ၊ သေးသွယ်သောခါး၊ ပြေလျောကျသွားတဲ့ တင်ပါးနှင့် လှချင်တိုင်းလှနေသောသူမ။ ရှည်လျားကော့ပြန်နေတဲ့ မျက်တောင်ရှည်များနှင့် ၀န်းရံထားသည့် မျက်လုံးများကလဲ လှပနက်ရှိုင်းလွန်းနေသည်။ ရွှေအိုရောင်ဆံပင်ပျော့ပျော့လေးတွေ ၀ဲပျံနေတာက တမျိုးချစ်စရာ။ နှုတ်ခမ်းတွေကလဲ မွေးရာပါ စိုရဲဖူးမွတ်နေသည်။ မိန်းကလေး အချင်းချင်းတောင် သူမကိုမြင်လျှင် အိမ်ခေါ်ချင်စရာဟု သူငယ်ချင်းများက ပုခုံးချင်းတိုက် စဖူးသေးသည်။

သူမရဲ့ အရပ်က ငါးပေနဲ့ ကိုးလက်မ၊ ပေါင်ချိန် ၁၁၀ ဆိုတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပေါ့။ ရင် ၃၆၊ ခါး ၁၈၊ တင် ၃၃။ သူမကို ဆရာဝန်ကတော့ သိပ်ပိန်လွန်းနေသည်ဟု ပြောပေမယ့် မကြားချင်ဟန်ဆောင်နေလိုက်သည်။ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အဆီပြင်ထက် ၁ရ ရာခိုင်နှုန်းလျော့နေတယ်ဟု သူမ ဆရာဝန်က လျာရှည်တော်မူလိုက်သေးသည်။ သူမ ဆံပင်ကို ခါပြီး ခေါင်းမော့ထားလိုက်သည်။ ဒီပုံတိုင်းဆိုရင်တော့ ဒီဆရာဝန် အိမ်ကို မလာစေရတော့ဘူးဟု စိတ်ထဲက တေးမှတ်ထားလိုက်သည်။

သူမနဲ့ နီးစပ်နေတဲ့ ပတ်ဝန်းကျင်က မိန်းမတော်တော်များများကလဲ သူမလိုအသားအရည်၊ ကိုယ်လုံးကိုယ်ထည်၊ မျက်နှာအနေအထား၊ ဆံပင်ပုံဆံ တုချင်လွန်းလို့ ကိုယ်လုံးလှအောင်လုပ်၊ အသားအရည်ကိုပြုပြင်၊ အို အမျိုးမျိုးပါပဲ။ နောက်ဆုံး သူမလို ခါးသေးရင်ချီ ကိုယ်လုံးမျိုး လိုချင်လွန်းလို့ ခွဲစိတ်ကုသခံကြသည်တဲ့။ သူမကိုင်တွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် နောက်ဆုံပေါ် လက်ကိုင်အိတ်၊ ဖိနပ်၊ အ၀တ်အစား စသဖြင့်ကိုလဲ လိုက်တုပြီး ၀တ်ကြသည်တဲ့။ ဒီသတင်းတွေ ကြားရတော့ ဆံပင်လေးတွေ လှုပ်ခါအောင် သူမ ရယ်မောလိုက်မိသေးသည်။

“ကြိုးစားလိုက်ကြဦး အမိတို့။ တို့ကိုတော့ ဘယ်သူမှ မမှီစေရဘူး”
စိတ်ထဲမှ ကြုံးဝါးပစ်လိုက်သည်။

အခုတော့လဲကြည့်ကြစမ်းပါဦး။ ဘာမဟုတ်တဲ့ ငချွတ်မလေး ဆိုင်ထဲရောက်လာသည်။ သူမ မိဘတွေကလဲ ဘာစိတ်ကူးနှင့် ဒီကောင်မလေးကို ဆိုင်ထဲ ဆွဲသွင်းခဲ့ပါလိမ့်။ ကောင်မလေးက သနားကမားလေးပါ။ သို့ပေမယ့် ကိုယ့်နေရာကိုယ်သိပုံ မပေါ်။ ဆံပင်ကလဲ အိုးမုတ်ခွက်လိုလိုဘာလိုလို၊ ရှုချင်စရာလုံးဝမရှိ။ ဥစ္စာပစ္စည်းလဲ မယ်မယ်ရရ ရှိပုံမပေါ်။ တစ်ခါကတော့ ဘာစိတ်ကူး ပေါက်သည်မသိ ဆိုင်ထဲကို သူ့ရဲ့ အလှမွေးမျောက်ညိုတစ်ကောင် ခေါ်လာပြီး ကစားနေသေးသည်။ မျှော်လင့်မထားပဲ ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုးမျောက်ကို တွေ့လိုက်ရတော့ လန့်ပြီး တက်ခမန်းချက်ခမန်း သူမ အော်လိုက်မိသည်။ ပတ်ဝန်းကျင်အားလုံးက သူမကို ၀ိုင်းပြီးပြုစုပေးကြသည်။

“သွားသွား.. ဒီမျောက်ကို မမြင်ချင်ဘူး။ ဆိုင်ထဲကထုတ်ပစ်လိုက်ကြစမ်း”

သူမ ပလုံးပထွေး ပြောမိသည်။ သူမပြောတာကို မကြားကြလို့လားမသိ။ မျောက်ညိုကို နောက်နေ့တွေမှာ ဆက်တွေ့နေရသည်။ ဘာမှတော့ ဒုက္ခမပေး။ သူ့ဟာသူ ထိုင်နေသည်။ သူမလဲ ရိုးသွား၍ ဘာမှ ဆက်မပြောဖြစ်တော့။

နောက်ပိုင်းကြာလာတော့ လူတော်တော်များများက မျက်ဝန်းညိုမကို ပြဿနာများကို ဖြေရှင်းနိုင်တဲ့သူ၊ ပေါ့ပါးသွက်လက်သူ၊ ဖြတ်ထိုးဥာဏ်ရှိသူဟု သတ်မှတ်လာကြသည်။ မျက်ဝန်းညိုမကလဲ တော်ပါတယ်ဆိုမှ မန်းတပ်တိုင် တက်ပြနေသေးတော့သည်။ သူများတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စနစ်တကျနဲ့ တစ်ခုခြင်းဆီ တဆင့်ခြင်းစီ ဖြေရှင်းပြသည်။ နောက်ပြီး သူ မဖြေရှင်းနိုင်တဲ့ ပြဿနာများကိုလဲ မဖြေရှင်းနိုင်ကြောင်း ပွင့်လင်းစွာပြောပြီး အကူအညီပေးနိုင်သည့်သူများထံမှ အမြဲ အကြံဥာဏ်တောင်းခံတတ်သေးသည်။ သူမခေါင်းထဲမှာ ဘာတဲ့ သူတို့တွေပြောပြောနေတဲ့ အယ်နာလီတစ်ကယ်လ် လားဘာလား ဒါပဲတွေးနေလားမသိ။ သူမကတော့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်မည်၊ နောက်ဆုံးပေါ် အသုံးအဆောင်တွေ ကိုယ်ပေါ်တင်မည်၊ ဖိနပ်လှလှလေးတွေ ၀တ်မည်။ အမိုးပွင့်ကားပေါ် သူငယ်ချင်းတွေကိုတင်ပြီး လျောက်လည်မည်။ ခါးကို မသေးသေးအောင်၊ ကိုယ်လုံးလှအောင် လေ့ကျင့်ခန်း သင်တန်းတွေ တက်မည်။

သူမ ဘယ်လောက်ကြာကြာတွေးနေမိလဲမသိ။ သူမအနားကို မိသားစုတစ်စု ရောက်လာတော့ မှ အတွေးတွေ ရပ်တန့်သွားသည်။ ကြည့်ရတာ အဖေရယ်၊ အမေရယ်၊ သမီးလေးရယ် ဆိုင်မပိတ်ခင် အချိန်မှီ သမီးမိန်းကလေးလိုချင်သော အရုပ်တစ်ခုခုကို လာဝယ်ပေးပုံရသည်။

“ဖေဖေ သမီး ဒီအရုပ်လေး လိုချင်တယ်”
ကလေးမလေးက အသံစာစာလေးနဲ့ ပြောလိုက်သည်။
“ဘာဘီဒေါလ် လားသမီး၊ မယူရဘူး” အဖေဖြစ်သူက လှမ်းပြောလိုက်သည်။
“ဟွန်း ရဘူး.. လိုချင်တယ်။ ဘာလို့မရတာလဲ”
“တစ်ခြားကောင်းတာ ရှာပေးမယ်နော်” အမေ ဖြစ်သူကလဲ အဖေနဲ့ တလေသံတည်း။
“ကလေးကို တခြား အရုပ်ဝယ်ပေး ခင်လေးရေ့.. ဘာဘီတော့ မ၀ယ်ပေးနဲ့”
“အင်း.. မောင် ၀ယ်ပေးပါဆိုရင်တောင် ၀ယ်မပေးပါဘူး။ တော်ကြာ သမီးလေး သူ့လိုတင်တွေရင်တွေရှိမှ၊ ရွဲနေတဲ့ မျက်လုံးရှိမှ၊ ရွှေရောင်ဆံပင်ရှိမှ မိန်းမစစ်တယ်လို့ ထင်နေပြီး လိုက်လုပ်နေဦးမယ်”
“ပြောသာပြောတာ။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်ပေါင်း ၁၅၀ကျော်မှာ တစက္ကန့်မှာ ဘာဘီ သုံးရုပ်ရောင်းရတယ်ကြားတယ်နော်”
“အင်း.. ကလေးတွေတော့ မလွယ်ဘူး။ ဒီကြားထဲအမေတွေကိုယ်တိုင် ၀ယ်ပြီးသိမ်းထား တာတွေလဲပါတယ်လို့ ပြောကြတယ် မောင်ရဲ့။ အသက်လေးဆယ်ကျော်တွေအများစုက ဒီအရုပ်တွေကို ၀ယ်သိမ်းတယ်ပြောတယ်။ သူတို့ငယ်ငယ်က ပေါ်ခဲ့တဲ့ အရုပ်ကိုး”
“သမီးလေးကို ဒိုရာရုပ်လေး ၀ယ်ပေးရင်မကောင်းဘူးလား ခင်လေး”
“အင်း.. ကြိုက်တယ်။ သူက ဥာဏ်သုံးပြီးလဲ ကစားရတဲ့ ဟာတွေပါတယ်။ ကလေးရဲ့ ဥာဏ်ရည်သွေးကို လှုံဆော်ပေးရာလဲရောက်မယ်။ နောက်ဆုံးပေါ် အသုံးအဆောင်တွေဝတ်ပြီး ကားစီးပြီး ရှော့ပင်ပဲထွက်နေတာမဟုတ်ဘူး။ ကလေးက သိပ်လဲ ငယ်သေးတော့ ဒိုရာရုပ်ပဲ ကောင်းတယ် .. မောင်”
“ရော့.. သမီးလေး ဒိုရာယူနော်”

သားအမိသားအဖ သုံးယောက် ဆိုင်တန်းထဲမှ ထွက်ခွာသွားကြသည်။ ဆိုင်တန်းတစ်တန်းလုံး တိတ်ဆိတ်သွားသည်။ ကလေးမလေးက ဒိုရာရုပ်ကို ချီပိုးထားသည်။ သူမ ဒိုရာရုပ်ကို ငေးကြည့်နေမိသည်။ မျက်ဝန်းညိုမကလဲ သူမကို ပြန်လည်ငေးကြည့်နေရင်း တရွေ့ရွေ့ ဝေးသွားပါတော့သည်။



6 comments:

Kay said...

ဟုတ်တယ်မလေးရေ-
ခုဆို..Barbie နဲ့ britz ဘယ်ဟာ ကလေးတွေ အတွက် ပိုကောင်းလဲ ဆို တာတွေ တောင်..ငြင်းခုံ နေ ကြတာ ဖတ် ဖူးတယ်။ အရုပ်တွေ လိုပဲ..စာအုပ်တွေ..ရုပ်ရှင်တွေ ထဲက..ကာတွန်း ဇတ်ကောင်တွေ လည်း..သိပ် အရေး ကြီးတယ်နော်။

ခင်မင် လျက်
(အမြဲ ဖတ် ပေမဲ့..တခါ တလေ မှ..လေပွ ဖြစ်တယ်)း)

တန်ခူး said...

စိတ်ကူးလေးကကောင်းပါ့…ဆုံးခါနီးမှ ဘာဘီဒေါလ်ဆိုတာ ရိပ်မိတော့တယ်…ဟုတ်တယ်အိမ့်ရေ…တို့ လဲ သမီးလေးသာရှိရင် ဘာဘီဒေါလ်အရုပ်တွေ သိပ်ဝယ်ပေးဖြစ်မှာ မဟုတ်ဘူး…အတုခိုးမှားမှာစိုးလို့ လေ…

Anonymous said...

Barbie dolls can cause the identity crisis for the non caucassian girls.

http://www.fisher-price.com/fp.aspx?st=8640&e=mermaids

s0wha1 said...

ရေးထားတာလေးက ကောင်းမှကောင်း... ဒါပေမဲ့ ဘာဘီကို ချစ်တယ်... :D

M.Y. said...

မအိမ့်...
မရောက်တာကြာ..စာတွေလာဖတ်သွားပါသည်။
မျက်ဝန်းညိုမ ဟာ ၀တ္ထုတိုကောင်းကလေးတစ်ပုဒ်ပဲ။ ပုံနှိပ်စာမူအတွက် Congratulations ဘာဘီ နဲ့ .မျက်ဝန်းညိုမ ယှဉ်ထားတဲ့ သရုပ်ဖော်ချက်ကလေး က..တွေးစရာတွေအများကြီးပေးစွမ်းတယ်…
စာဖတ်သူအတွက်အကျိုးရှိမှာပါ…

ကလိုစေးထူး said...

အိမ်ကို စာအုပ်ရောက်လာကတည်းက အီစကိုက ဖတ်ထားတာကွ။ :P

LinkWithin

Related Posts Plugin for WordPress, Blogger...