မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, May 25, 2008

အလွမ်းကန့်လန့်ကာတပ် ပြူတင်းတစ်ပေါက်

ပင်လယ်ကိုဖြတ်တိုက်လာတဲ့ သက်တန့်ရောင်လေပြေက ဆံနွယ်တွေထဲ ခပ်သာသာရယ်မောရင်း တိုးတိုက်သွားသည်။ ကမ်းစပ်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေက တောက်လက်နေသည်။ မျက်စိတဆုံး ကမ်းစပ်တစ်လျောက်က သဲမှုန်တွေထဲမှာ စိန်ပွင့်တွေ… စိန်ပွင့်မှုန်တွေ…။ ကျောက်စိမ်းသားအုန်းလက်တွေက နွဲ့နွဲ့ယိမ်းရင်း ပင်လယ်ကို ဦးခိုက်နေကြသည်။ အနက်ရောင်ကောင်းကင်က ကတ္တီပါပါးပါးသဖွယ် ဖြန့်ကျက်နေသည်။ ကတ္တီပါနက်ပေါ်က စိန်ပွင့်တွေကတော့ ပင်လယ်ကို ငုံ့ကြည့်နေကြသည်။ သူမ ခြေဖမိုးပေါ်မှာ စိန်ပွင့်သဲမှုန်တွေကို သူမ ငုံ့ကြည့်နေသည်။ မိုးကုပ်စက်ဝိုင်းအဆုံးမှာ သက်တန့်တံတားတစ်ခု။
အို…. တံတားပေါ်မှာ အရိပ်တစ်ခုပါလား။ ထိုအရိပ်ကသူမကို လှမ်းကြည့်နေသည်။ သူမ ဖြည်းငြင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထိုအချိန်မှာ ကျောက်စိမ်းသားအုန်းလက်တွေက သူမထံသို့ ကိုင်းညွှတ်လာသည်။ သူမ မော့ကြည့်လိုက်သည်။ မြသားရောင်အုန်းလက်တွေရဲ့ လက်ထဲမှာ အ၀ါရောင်မြက်ပန်းလေးပွင့်။ သူမ လှမ်းယူလိုက်သည်။ အုန်းလက်တွေက ကျေနပ်သွားသလို မသိမသာ ယိမ်းထိုးပြသည်။ သူမ မပီပြင်သောအပြုံးတုတစ်ခုကို အတင်းအသက်သွင်းရင်း သက်တန့် တံတားဘက်ဆီသို့ လှမ်းလျောက်သွားသည်။

သက်တန့်ပေါ်က အရိပ်လေးက သူမထံသို့ ယဉ်ကျေးသိမ်မွေ့သော၊ တည်ငြိမ်အေးချမ်းသော အပြုံးတစ်ခုကို ကြာရွက်စိမ်းပေါ်တင်လျှက် လှမ်းပေးလိုက်သည်။ သူမကတော့ အ၀ါရောင်းပန်းလေးပွင့်ကို အရိပ်လေးကို ပြန်လည်ပေးလိုက်သည်။ သက်တန့်တံတားပေါ်ကို တက်လာဖို့ အရိပ်လေးက လမ်းကမ်းလို့ ပြန်လည်ဖိတ်ခေါ်လိုက်သည်။ အရိပ်လေးလက်ကို ကိုင်ပြီး သက်တန့်ပေါ်သို့ ခနော်ခနဲ့ ခြေချလိုက်သည်။ သက်တန့်က ရေမှုန်တွေက တဖွားဖွားတက်လာနေသည်။ သက်တန့်က လမ်းကြောင်းကို ရင်တထိတ်ထိတ်နှင့် သူမ ငုံ့ကြည့်လိုက်သည်။ လမ်းကြောင်းက အောက်ကို လျောဆင်းသွားသည်ကို မြင်နေရသည်။ ဟိုးအောက်ထိ လျောဆင်းသွား၍ နက်ရှိုင်းလွန်း၍ ဘာမှမမြင်ရတော့။ ဒီသက်တန့်လမ်းအတိုင်း လျောဆင်းသွားလိုက်လို့ကတော့ အသည်းတအေးအေးနှင့် ဆိုဖွယ်ရာမရှိမည်ကို စိတ်ကူးမိ၍ သူမကြက်သီးထနေမိသည်။ မိုးကုပ်စက်ဝိုင်းဘက်ကို ငေးကြည့်မိတော့ သက်တန့်လမ်းကြောင်းက မျက်စိတစ်ဆုံး အနက်ရောင် စင်္ကြ၀လာတစ်ဖက်မှာ ခပ်ရေးရေးပေါ်နေသည်။ နောက် လမ်းကြောင်းက ဝေးလွန်းသွားလို့ သူမ စက္ကုအာရုံက လိုက်လို့မမှီတော့။


သူမ ဆံနွယ်တွေ တလိပ်လိပ်လှုပ်ရှားလာပြီး ပြူတင်းပေါက်လေးတစ်ခု ထွက်ကျသွားသည်။ သက်တန့်ပေါ်ကို အရှိန်ပြင်းပြင်းကျသွား၍ ရေမှုန်တွေ တဖွားဖွား ပြန့်ကျဲသွားသည်။ သူမ သဘောကျစွာရယ်မောလိုက်ပြီး သူမ ရယ်သံကို သူမပြန်လည်အံ့သြလိုက်မိသည်။ အရိပ်လေးက ပြူတင်းပေါက်လေးကို ငုံ့ကြည့်နေသည်။ ပြူတင်းပေါက်လေးက သူ့အလိုလို တဖတ်ဖတ် အစမှအဆုံးသို့… အဆုံးမှ အစသို့.. အဖန်ဖန်အပွင့်အပိတ်ဖြစ်နေသည်။

“လွမ်းလို့ ဆွဲထားတဲ့ ပန်းချီတွေ”

“အခုတော့ အလွမ်းပန်းချီတွေထက် သစ်ရွက်ခြောက်တွေကော၊ အရိုးဘီးတွေကော၊ အက်စစ်ကျောက်ခဲတွေကော ပြူတင်းပေါက်ထဲမှာ”

“အစကတော့ .. ဘယ်သူမှ ဒီပြူတင်းပေါက်ထဲဝင်မယ်လို့ မထင်ခဲ့ဘူးလေ”

“သေချာလို့လား ၀င်လာပြီး သစ်ရွက်တွေကို ယူမီးရှို့မယ်၊ အရိုးဘီးကို ယူဖီးမယ်လို့၊ အက်စစ်ကျောက်ခဲတွေကို ယူဝါးမယ်လို့ တစ်ကယ်မရည်ရွယ်ရင် ဒီပြူတင်းပေါက် မင်းဆံပင်တွေထဲက ထွက်ကျလာစရာအကြောင်းမရှိဘူး”
ပြတ်သားပြင်းထန်လွန်းတဲ့ အသံတစ်သံက အနက်ရောင်ကတ္တီပါကောင်းကင်နားက ပဲ့တင်ထပ်ထွက်လာသည်။

သူမနှင့် အရိပ်လေး ကတ္တီပါနက်ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကောင်းကင်က ပြန်လည်တိတ်ဆိတ်သွားသည်။

“ပြူတင်းပေါက်ပိုင်ရှင်ဘယ်လိုလူမျိုးလဲ သိချင်ကြမယ်ထင်တယ်”
“ပြူတင်းပေါက်လှပ်ကြည့်ရုံနဲ့ မကျေနပ်လောက်ဖူးလား၊ ဘာကြောင့်လဲ.. ”
“လှပ်ကြည့်ပြီး ပြန်လှည့်ရုံနဲ့ပြီးမယ်လို့ မင်းထင်လား”
“အရင်ကတော့ထင်ခဲ့တယ်။ အခုတော့ အတောင်ပံတွေတပ်လို့ အတင်းတိုးဝင်ကြည့်ချင်နေတယ်”

ပြူတင်းပေါက်ကို ပိတ်ဖို့ကြိုးစားရင်းဖြေတော့ အရိပ်လေးက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
“ဒါ.. ဒီကမ္ဘာရဲ့ထုံးတမ်းဖြစ်မယ်။ ပန်းချီကို ခံစားတာထက် ပန်းချီရှေ့မှာ ရပ်ရင်း
အနုပညာသက်ဘယ်လောက်ရှိလို့ ဒီလိုပန်းချီဆွဲတာလဲ၊ ဆယ်စုနှစ်လား၊ ရာစုနှစ်လား၊ ထောင်စုနှစ်လား၊ သစ်ပေါ်မှာဆွဲတာလား၊ ဖန်သားပြင်ပေါ်မှာလား၊ ဆံနွယ်မျှင်တွေပေါ်မှာလား၊ ဆံစေ့ပေါ်မှာလား၊ ကြက်ဥထဲမှာလား။ နောက်ပြီး ရေဆေးလား၊ ဆီဆေးလား၊ သွေးနဲ့ဆွဲတာလား၊ ကော်ရည်နဲ့ဆွဲတာလား။ ဘယ်လိုစုတ်တံတွေသုံးနေတာလဲ၊ စုတ်တံလား၊ လှိမ့်တံလား၊ ဓားပြားလား၊ စိန်သွားလား။ လက်ကတစ်ချောင်းထဲနဲ့လား၊ လက်နှစ်ချောင်းနဲ့လား၊ လက်ပွားလေးတွေနဲ့ ဆွဲနေတာလားကအစ တတွတ်တွတ် ခပ်တိုးတိုး ပွက်သံလေးတွေ မင်းမကြားမိဘူးလား”

“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်တောင်မှန်ထဲကြည့်ရင် မှုန်ဝါးနေတာ၊ ခပ်တိုးတိုးပွက်သံတွေက ဘယ်လောက်ပီပြင်နိုင်မှာလဲဟင်၊ ကိုယ်ကတော့ ပွက်သံတွေကို တစ်ခါမှ စိတ်မ၀င်စားခဲ့မိဘူး”
သူမ စိတ်ပျက်စွာ ခပ်တိုးတိုးရည်ရွတ်မိသည်။

“ကန့်လန့်ကာတွေဆွဲစုတ်၊ ပြူတင်းပေါက်ပိတ်လို့ ငါ့ရင်ဘတ်ပေါ်မှာပဲ ပန်းချီလာဆွဲပါ၊ အတန်တန်ငါမှာတယ်လေ၊ ပြောရင်ဘယ်တော့မှ နားမထောင်ဘူး”
ကတ္တီပါကောင်းကင်က ကျယ်လောင်စွာ လျှပ်တပြက်လက်သွားသည်။

“စုတ်ပြတ်သတ်နေတဲ့ မင်းပန်းချီတစ်ချပ်ပေါ်မှာ ချော်ပွင့်တွေကြဲချလာတဲ့နေ့မှတ်မိမှာပေါ့”
အရိပ်လေးကဆက်ပြောသည်။
“အင်း မှတ်မိပါတယ်”
“တစ်စစီဖြစ်သွားတုန်းက ပြန်ဆက်ဖို့ လိုက်ကောက်ပေးတဲ့ နွယ်ရှင်တွေဘယ်နှစ်ပင်ရှိလို့လဲ”
“မသိဘူး၊ မှတ်လဲမထားဘူး”
“လိမ်တယ်”
“မှတ်မထားမိတာတော့အမှန်ပါ၊ အလိုလို မှတ်မိနေတာတော့ ထည့်မပြောချင်တော့ဘူး”
“အင်း.. တစ်ကယ်တော့ အဲလိုနွယ်ရှင်တွေ အများကြီးမလိုပါဘူး”
“သိပါတယ်.. မျှော်လဲမမျှော်လင့်ဘူး၊ ဒါနိယာမတစ်ခု”

“ပြူတင်းပေါက်လေးကို ဆက်အလှဆင်ဦးမှာလား” အရိပ်လေးက မျက်ဝန်းထဲကိုကြည့်ပြီး စိတ်နှင့်မေးလိုက်သည်။
“အင်း၊ ဒီပြူတင်းပေါက်လေးကို တန်ဖိုးထားလို့ပါ”
အရိပ်လေးက သက်တန့်လမ်းပေါ်မှာ တဖျတ်ဖျတ်တံခါးချပ်တို့ ဖွင့်ချီပိတ်ချီဖြစ်နေသော ပြူတင်းပေါက်လေးကို မျက်လုံးဝိုင်းများနှင့် ချီမလျှက် သူမရင်ခွင်ထဲသို့ ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။

သည်စိန်ပွင့်ဖုံးရာ သောင်ကမ်း၊ မြသားအုန်းလက်တွေနှင့် ကတ္တီပါမိုးကောင်းကင်တို့ရှိရာနေရာကတော့ အရိပ်လေး လာကစားတဲ့နေရာဟု အရိပ်လေးက သူမကို စိတ်နှင့်ပြောသည်။ သူမ အရိပ်လေး၏ လက်ကလေးကို ပါးမှာကပ်ရင်း နားထောင်နေမိသည်။ သက်တန့်လမ်းကြောင်းပျောက်ဆုံးသွားတဲ့ တစ်ဘက်မှာတော့ အရိပ်လေးတို့ နေထိုင်ရာနေရာဟု ဆက်ပြောနေသည်။ ခဏလိုက်ကြည့်မလားဟု အရိပ်လေးက သူမကို စိတ်နှင့်လှမ်းမေးသည်။ သူမ မသိမသာ ခေါင်းယမ်းလိုက်မိသည်။
အရိပ်လေးက နားလည်စွာပြုံးကြည့်နေသည်။ အရိပ်လေးက သူမကိုနှုတ်ဆက်လိုက်သည်။ သက်တန့်လမ်းအတိုင်း ရုတ်တရက်လျောဆင်းသွားသည်။ အရိပ်လေး ပျောက်ကွယ်သွားတော့ ပြူတင်းပေါက်ကို ရင်မှာပိုက်လျှက် သက်တန့်လမ်းပေါ်က ဆင်းလိုက်သည်။ စိန်နှင့်သဲရောသော သောင်ပေါ်မှာ ရှပ်တိုက်လမ်းလျောက်ရင်း အလွမ်းမျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ထိုအချိန်တွင် စိုးရိမ်မှုတွေ စီးမျောနေသော ကောင်းကင်လေက ပြင်းပြင်းထန်ထန်တိုက်ခတ်လိုက်သည်။

“ပျော့မလိုလိုနဲ့ တော်တော်ခေါင်းမာတဲ့မိန်းမ”
အနက်ရောင်ကတ္တီပါကောင်းကင်က ကျယ်လောင်စွာ ထစ်ချုန်းလိုက်လေတော့သည်။

5 comments:

တန်ခူး said...

အလွမ်းကန့်လန့်ကာတပ် ပြူတင်းတစ်ပေါက်က တဆင့် ပျော့မလိုလိုနဲ့ တော်တော်ခေါင်းမာတဲ့မိန်းခလေးတယောက်ရဲ့ နှလုံးသားကို လှစ်ကနဲတွေ့ လိုက်တယ်…

Anonymous said...

ပိတ်ထားတဲ့ တံခါးကို ပိတ်ထားတဲ့ စာသားတွေနဲ့ လှစ်ပြသွားတာ ကို ရိုးတိုးရိပ်တိတ်တွေ့ လိုက်ရတယ်.. တကယ်ကောင်းတဲ့ Magical Realism ပါပဲ ဆရာမ
စာဖတ်သူ

nyquist said...

အစ်မရေ . .ရေးသွားတာ လေးက အရမ်းကိုလှပါတယ်. . ဘယ်နှစ်ခေါက်ဖတ်ဖတ်မရိုးနိုင်ပါဘူး . .
အမြဲတမ်းလာအားပေးဖြစ်ပင်မဲ့ commentမရေးဖြစ်ခဲ့ဘူး ..
အားပေးနေတယ်နော်..

Yan said...

အလွမ်းပြတင်းတံခါးကို လှစ်ဟကြည့်သွားတယ်. အဆင်ပြေပါစေ မလေးရေ....

ကိုလွမ်းလူ said...

မလေးရဲ့ အရေးအသားတွေမှာ တင်စားဖွဲ့နွဲ့ မှုတွေက တဖက်ကမ်း ခတ်တယ်။ ဒါမျိုးက ကဗျာသီကုံးတဲ့ လက်ပိုင်ရှင်မျိုးလည်း ဖြစ်တယ်။
ခံစားချက် ပုတီးလုံးလေးတွေ တစ်စေ့ချင်း သီကုံးရတဲ့ ရသအား ကောင်းလွန်းတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...