မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, May 24, 2008

သဘာဝဘေးအန္တရာယ်နှင့် စိတ်ကျန်းမာရေး


လပွတ္တာလို နေရာမှာ စိတ်ဂရောက်ဂယက် ဖြစ်တာကို ဆွေးနွေးပေးမဲ့ ဆရာဝန်ရှိနိုင်မယ် မထင်ပေမယ့် စားစရာမရှိလို့ ဒါတွေကို မစဉ်းစားနိုင်သေးပေမယ့် မြန်မာလူမျိုးတွေရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပါတယ်ရှင်..

ကျွန်မတို့ မြန်မာပြည်ရဲ့ ဆန်အိုးကို နာဂစ်ဝင်မွှေသွားတာ တစ်လနီးပါးရှိပါပြီ။ အခုလို သဘာဝဘေးအန္တရာယ်နှင့်နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့ လူများ၊ အသက်မသေပဲ ကျန်ခဲ့တဲ့ သူများအနေနဲ့ ကိုယ်ခန္ဒာဒဏ်ရာအနာတရဖြစ်မှုများအပြင်၊ စိတ်ထိခိုက်မှုအမျိုးမျိုးကို ခံစားကြရမှာဖြစ်ပါတယ်။ နေစရာအိမ်မရှိ၊ စားစရာမရှိတဲ့အပြင် ချစ်ခင်နှစ်သက်တဲ့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့အဖြစ်တွေကို ရင်နဲ့အမျှခံစားနေကြရမှာဖြစ်ပါတယ်။ ဒီလိုပူဆွေးဝမ်းနည်းမှုဟာ လူသားတွေဖြစ်တဲ့အတွက် သဘာဝဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ဝမ်းနဲပူဆွေးမှု၊ ဒေါသဖြစ်မှု၊ ယူကြုံးမရဖြစ်မှုတွေဖြစ်လာချိန်မှာ ခံစားချက်တွေကို ခုခံတားဆီးမြိုသိပ်ထားလိုက်တာထက်၊ ဖွင့်ချထုတ်လွှတ်လိုက်ခြင်းဟာ ရေရှည် စိတ်ကျမ်းမာရေးတွက် ကောင်းတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဘေးဆိုးကြီးဘယ်တော့ ထပ်ကျလာဦးမလဲ၊ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတဲ့ ကြောက်ရွံ့တုန်လှုပ်တဲ့ အတွေးတွေဟာလဲ အချိန်တော်တော်ကြာသည်အထိ ခြောက်လှန့်နေမှာဖြစ်ပါတယ်။ ကစင့်ကလျားဖြစ်နေတဲ့ မိမိရဲ့ စိတ်ခံစားချက်တွေဟာ လူသားသဘာဝကြောင့် ဖြစ်နေတာမို့ ဒါကို ကြောက်စရာမလိုပဲ၊ နီးစပ်ရာ မိသားစုဝင်တွေ၊ ဆွေမျိုး၊ မိတ်ဆွေများကို မိမိခံစားချက်တွေကို တတ်နိုင်သမျှရင်ဖွင့်ပြီး စိတ်ကို ကုစားဖို့လိုပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေကြုံတွေ့ရအပြီး လူတစ်ဦးနဲ့တစ်ဦး စိတ်ကိုကုစားပုံတွေ မတူညီကြတာကိုလဲ တစ်ဦးနဲ့ တစ်ဦးနားလည်ပေးဖို့လိုပါတယ်။ တစ်ချို့က ဒီအကြောင်းတွေကို လုံးဝပြန်မပြောချင်တော့ပဲ တစ်ဦးတည်းပဲ သီးသန့်နေလိုတဲ့ ဆန္ဒရှိမယ်။ အချို့ကလဲ ဒါကိုပဲ အဖန်တလဲလဲ ပြန်ပြောလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါကို နားလည်ပေးရမှာဖြစ်ပါတယ်။

ခံစားနေရတဲ့ စိတ်ဒဏ်ရာကို ကုသနေတဲ့ တစ်ချိန်ထဲမှာပဲ မိမိမှာရှိတဲ့ ခွန်အား၊ သတ္တိ၊ အစွမ်းအစတွေကို လဲ ပြန်လည်သတိရဖို့လိုပါတယ်။ မိမိမှာ ပိုင်ဆိုင်မှုဘာမှမရှိတော့ဘူး၊ ဘာမှအသုံးမကျတော့ဘူးဆိုတဲ့ အတွေးမျိုးထက် အရင်က ရှိခဲ့ဖူးတဲ့ မိမိရဲ့အစွမ်းအစတွေကို ကြိုးစားပြီး ပြန်လည်သတိရဖို့လိုပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ ဒုက္ခရောက်နေတာခြင်းအတူတူ အကူအညီလိုအပ်လို့ လာတောင်းပန်ခဲ့တယ်ဆိုရင်လဲ “ကိုယ်လဲ သူ့လိုပဲ ဒုက္ခရောက်နေတာပဲ.. မကူညီနိုင်ပါဘူး” ဆိုတဲ့အတွေးထက် တတ်နိုင်သမျှ နှုတ်အားဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ကူညီယိုင်းပင်းခြင်းဟာ မိမိစိတ်ကိုလဲ ကုသပေးရာရောက်ပါတယ်။

ခုလို သဘာဝဘေးအန္တရာယ်နှင့်နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့ လူများသာမက၊ ဒုက္ခရောက်သူများကိုသွားရောက် အကူအညီပေးသူများဟာလဲ အနည်းနှင့်အများ စိတ်ထိခိုက်ကြေကွဲကြရမှာဖြစ်ပါတယ်။ အကူအညီသွားပေးသူများအနေနဲ့ အောက်ပါ လက္ခဏာများကို ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဗဟုသုတရှင်များနဲ့ တွေ့ဖို့ အကြံပြုကြပါတယ်။

  • ခန္ဒာကိုယ် ပြင်းထန်စွာကိုက်ခဲခြင်း
  • တုပ်ကွေးမိသယောင်ဖြစ်ခြင်း
  • အကြားအာရုံ သို့မဟုတ် အမြင်အာရုံ မှုန်ဝါးလာခြင်း
  • အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အကျွံအိပ်စက်ခြင်း
  • အရက်အလွန်အကျွံသောက်လာခြင်း
  • အာရုံစူးစိုက်မှုလျော့နည်းလာခြင်း
  • လုပ်ငန်းခွင်မှာ အာရုံလျော့နည်းလားခြင်း
  • တစ်ဦးတည်းနေလိုခြင်း
  • အိမ်ထဲမှ အိမ်ပြင်မထွက်လိုခြင်း
  • မျှော်လင့်ချက်များလုံးဝကုန်ဆုံးသလိုခံစားရခြင်း
  • စိတ်အတက်အကျ ပြင်းထန်လာခြင်း
  • ၀မ်းနည်းပြီး အလွယ်တကူငိုယိုခြင်း၊ စိတ်ကျခြင်း
  • မိမိကိုယ်ကို ယုံကြည်မှုမရှိတော့ခြင်းနှင့် အပြစ်ရှိသလိုခံစားလာရခြင်း။

အထက်ပါခံစားချက်တွေဟာ များသောအားဖြင့် စိတ်ထိခိုက်လို့ ဖြစ်တဲ့ ခံစားချက်များဖြစ်ပေမယ့် တုပ်ကွေးဖြစ်သလို ကိုယ်လက်ကိုက်ခဲမှုကတော့ ဦးနှောက်အမြှေးရောင်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်းဟာ လူသူများစွာ စုဝေးနေထိုင်တဲ့ စခန်းတွေမှာ အဖြစ်များတတ်လို့ နေမကောင်းဖြစ်ချင်သလိုဖြစ်တယ်ဆိုရင် သက်ဆိုင်ရာကျမ်းမာရေးပညာရှင်တွေနဲ့ တွေ့ဖို့ အကြံပေးကြခြင်းပဲဖြစ်ပါတယ်။

ယခုလောလောဆယ် မြန်မာပြည်မှာ ဒုက္ခရောက်နေသူတွေအများစုဟာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရသူများပဲ ဖြစ်ပါလိမ့်မယ်။ တစ်ကိုယ်ရည်ကျန်းမာရေး ပတ်ဝန်းကျင်ကျန်းမာရေး ဆက်လက်ဆောက်တည်နိုင်ရန် အောက်ပါအချက်များကို သတိပြုစေလိုပါတယ်။ အောက်ပါအချက်လက်များကတော့ ကယ်ဆယ်ရေးလုပ်နေသူများကို ရည်ညွှန်းပေမယ့် ဒုက္ခရောက်နေသူများအတွက်လဲ အသုံးဝင်နိုင်ပါတယ်ရှင်။

  • မိမိတစ်ကိုယ်ရည်ကျမ်းမာရေးကို ဂရုစိုက်ပါ။ အိပ်ရေးဝစွာအိပ်ပြီး အစားမှန်စွာစားပါ။
  • လုပ်နေကျအလုပ်များကို ကြိုးစားပြီး ပုံမှန်ပြန်လုပ်ပါ။
  • မိမိကို နားလည်ပေးနိုင်သည့် မိသားစုဝင်များ၊ သူငယ်ချင်းများကို အချိန်ပေးပါ။
  • ကိုယ့်ကိုကိုယ် “down time” ပေးပါ။ တစ်ဦးတည်း ခေတ္တနေပါ။ နောက်ရက်တွေအတွက် ခွန်အားပြန်ဖြည့်ပါ။
  • ပင်ပန်းသည်ဆိုပြီး အရက်သေစာသောက်သုံးခြင်းကို ရှောင်ပါ။ အရက်သေစာသည် စိတ်ကျစေသည့်အတွက် သောက်နေတုန်းသာ စိတ်ထနေသလိုလိုနှင့် နောက်ရက်တွေမှာ စိတ်ကို ကျစေပါသည်။ သကြား၊ ကော်ဖီ၊ လက်ဘက်ရည် အလွန်အကျွံသောက်သုံးပါကလဲ စိတ်ကို ဂဏာမငြိမ်ဖြစ်စေသည်ကို သတိပြုပါ။
  • ဗုဒ္ဒဘာသာဝင်များအနေနှင့် စိတ်ငြိမ်ရန်တရားထိုင်ပါ သို့မဟုတ် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ နူးညံ့သောတေးသွားကို နားထောင်ပါ၊ ခံစားချက်များကို စာရွက်တစ်ရွက်တွင် ချရေးပါ။ စိတ်ချမ်းသာစရာ အတိတ်က အဖြစ်အပျက်တစ်ခုခုကို စဉ်းစားပါ။
  • လောကကြီးမှာ မမျှော်လင့်တာတွေအမြဲဖြစ်တတ်တာကို နှလုံးသွင်းပါ။
  • အရာရာတိုင်းဟာ မျှော်လင့်ချက်မဲ့စရာ၊ အဓိပယ်မရှိသည့် လူ့ဘ၀တွေကို စဉ်းစားမိတိုင်း ဒီခံစားချက်တွေဟာလဲ ခေတ္တပဲဟု နှလုံးသွင်းပါ။
အခုလိုသဘာဝဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်အပြီးမှာ
  • ရင်ဆိုင်ခဲ့ရတဲ့ မြင်ကွင်းတွေ၊ ပုံရိပ်တွေ၊ အသံတွေကို မကြာခဏ တဖျတ်ဖျတ်မြင်နေခြင်း
  • အိပ်မက်ဆိုးများ ဆက်တိုက်မက်နေခြင်း
  • လူမှုဆက်ဆံရေးထိခိုက်လာခြင်း
  • အာရုံစူးစိုက်မှုလျော့နည်းလာခြင်း
  • ဒေါသ၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျမှု၊ ပြင်းထန်စွာငိုကြွေးမှု
  • တစ်ဦးထဲနေလိုမှု
  • အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေမှု
  • ဖြစ်ချင်ရာဖြစ်ဟု ရေစုန်မျောနေလိုခြင်း
စတဲ့ ခံစားချက်တွေကတော့ post-traumatic stress disorder (PTSD) ပဲဖြစ်ပါတယ်။ အဲဒီစိတ်ခံစားချက်တွေဟာ အချိန်တော်တော်ကြာသည်အထိ ဖြစ်နေမယ်ဆိုရင် ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးကုသရန်လိုပါတယ်။ အချိန်မှီမကုသပါက ရေရှည်မှာ မိမိရဲ့စိတ်ကိုသာမက၊ အလုပ်၊ ပတ်ဝန်းကျင်၊ မိသားစုတွေကိုပါ ထိခိုက်နိုင်လာပါတယ်။

မြန်မာပြည်တွင်းက လူအများစုဟာ တစ်ဦးနဲ့တစ်ဦး အလွန်ယိုင်းပင်းကူညီကြပါတယ်။ နယ်တွေမှာ ကျမ်းမာရေးပညာရှင်တွေ လုံလုံလောက်လောက် မရှိနိုင်ပေမယ့်လည်း ဘာသာရေးခေါင်းဆောင်တွေဆီမှ၊ှ သူကြီးတွေဆီမှ၊ ရွာထဲက လူကြီးသူမတွေဆီမှ စိတ်ခွန်အားတွေအများကြီးရနိုင်ပါတယ်။

ဆက်လက်ပြီး ရှင်သန်ကြပါစေရှင်။
ဒဏ်ရာရစိတ်တွေ အနာသက်သာကြပါစေတော့…

Marjorie Dyan Hirsch, D.C.S.W., C.E.A.P., C.A.S.A.C., B.C.E.T.S. ၏ Returning Home After Disaster Relief Work ကိုမှီငြမ်းပါသည်။

3 comments:

Anonymous said...

မလေးရေ...
မလေးရဲ့စေတနာဆေးတွေ တစ်နိုင်ငံလုံး ပျံ့နှံ့ပြီး ဝေဒနာခံစားရသူတွေအားလုံး "ကျန်း"မာရေး ကောင်းစေဖို့ ဆုတောင်းပေးပါတယ်။
မလေးလိုပဲ စိတ်ညစ်တဲ့အခါ ပင်လယ်ဝမှာ သွားထိုင်ချင်တယ်။ ဒီမှာက အရမ်းမွန်းကျပ်တယ် မလေးရဲ့။ ဒါပေမဲ့ ဒီနေရာလေးမှာ သာနေတဲ့ "လ"၊ ပြာနေတဲ့ "ရေ"၊ စိုပြေတဲ့ "လေ" တွေ ရှိသေးလို့ နည်းနည်းတော့ အပန်းပြေပါတယ် မလေး။ ပြောနေကြသေးတယ်... ပျောက်ဆုံးသွားတဲ့ လူတွေအတွက် အမျှဝေကြဖို့..... လိုအပ်တယ်လို့ ညီမလေးတော့ ထင်တာပဲ။ ၀ှူး... အသက်ဝအောင် ရှူသွားတာပဲ မလေးရေ....
မလေး အဆင်ပြေပါစေ။

အေးချမ်းသူ

ကိုကို (ဆေး-၁) said...

post-traumatic stress disorder (PTSD ခံစားရသူကို လူသားတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်မှ လူများကနားလည်ပေးပို့လိုပါတယ်။ disorder ဖြစ်နေခြင်းဟာ ကုသလို့ရတဲ့ စိတ်ခံစားချက်ပါပဲ။ supportive groups တွေထံမှ နွေးထွေးမှု နားလည်မှုကိုလဲ လိုအပ်တယ်။ supportive group တွေဟာ ကိုယ်နဲ့ဘ၀တူတဲ့ survivors groups တွေပါပဲ။ လူတွေဟာ စိတ်နဲ့ကိုယ် နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့အခါမှာ လူကိုယ်ဟာနေမကောင်းဖြစ်တတ်သလို စိတ်ဆိုတာလဲ နေမကောင်းဖြစ်တတ်တယ်။ လူနေမကောင်းရင်ဆရာဝန်ဆီသွားပြရမှာ မရှက်မကြောက်သလို စိတ်နေမကောင်းဖြစ်ရင်လဲ မရှက်မကြောက်ပဲ ကိုယ့်စိတ်နေမကောင်းဖြစ်တာကို နားလည်ရမယ်။ The person needs to open up himself and willing to take treatment. မိသားစုဝင်တွေသေဆုံးပြီး မိမိကတော့ အသက်ရှင်ကျန်ရစ်တဲ့အခါမှာ အပြစ်ရှိသလို ခံစားနေရတဲ့ စိတ်ခံစားချက်ကိုလဲ တတ်နိုင်သမျှ ကုသဖို့လိုတယ်။ အဲလိုဖြစ်နေရင် ကိုယ်နဲ့ ဘ၀တူတွေနဲ့ နီးနီးနေပါ။ ခံစားချက်တွေကို ဝေမျှကြခြင်းဖြင့် survivor guilt ကိုသက်သာစေနိုင်တယ်။

စိုးထက် - Soe Htet ! said...

မှန်ပါတယ် ခင်ဗျာ .. ရေတို ရေရှည် တွဲ လုပ်ရမှာပါ ... ဝေမျှပေးတာ ကျေးဇူး တင်ပါတယ် ခင်ဗျာ ... :)

LinkWithin

Related Posts Plugin for WordPress, Blogger...