မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, May 17, 2008

ဆုတောင်း

ဒီည….
လမင်းကြီးက ထိန်ထိန်သာနေတဲ့ည…
ပူလောင်အိုက်စပ်တဲ့ည…
အိမ်နောက်ဘေး ၀ရံတာမှ ထွက်ရပ်ရင်း လရောင်အောက်က အဖြူရောင်ချယ်ရီပွင့်တွေ ညလေအဝှေ့မှာ တိတ်တဆိတ်လွင့်ကြွေသွားတာကို ငေးမောလိုက်မိတဲ့ည…
လက်ထဲက ရေခဲစိမ်ပန်းသီးဖျော်ရည်ဖန်ခွက်ထဲက ရေခဲတုံးလေးတွေကို လှုပ်ခတ်ရင်း
ကြည်လင်တဲ့ကောင်းကင်ပေါ်က တောက်ပနေတဲ့ ကြယ်တွေကို ရည်တွက်ဖို့ကြိုးစားမိတဲ့ည…
ဖန်ခွက်ကို နှုတ်ခမ်းနားအတေ့ လှုပ်ခတ်နေနဲ့ ရေခဲတုံးလေးတွေနဲ့ ဖန်သားပြင်တို့တိုက်ခတ်သံကြားမှာ ခြောက်သွေ့ကွဲအက်နေမယ့် လည်ချောင်းတွေကို ခံစားလိုက်ရမိတော့ ဖန်ခွက်ကို ၀ရံတာတန်းပေါ် အသာလေး တင်လိုက်မိတဲ့ည……

ကြယ်တွေကို မော့ငေးရင်း……
ကောင်းကင်ကြည်လဲ့လဲ့ကိုတိုင်တည်…
ငွေရောင်လမင်းကို တိုင်တည်…
အဖြူရောင်တိမ်တိုက်ကို တိုင်တည်…
အရောင်မဲ့လေပြေကို တိုင်တည်လိုက်မိတယ်…

ဟိုရေစပ်က စောင်လေးပတ်လို့ ထာဝရ အိပ်မောကျသွားတဲ့ ကလေးရယ်…
အုန်းရွက်စိမ်းလေးတစ်ခုပေါ်မှာ မှောက်ရက်လေး လဲလျောင်းနေတဲ့ အနွေးအနီလေးနဲ့ ကလေးလေးရယ်…
အဖေအမေရဲ့ ခပ်လှမ်းလှမ်း ရေစပ်မှာ ပက်လက်လေး ဗိုက်ကလေးပူလို့ ကောင်းကင်ကြီးကို နောက်ဆုံး မော့ကြည့်သွားတဲ့ ကလေးရယ်…
ဖက်စိမ်းလေးတချပ် ရေထဲမျောသွားသလို…
လဲပွင့်လေး တစ်ပွင့် လေထဲလွင့်သွားသလို…
သူတို့ လွင့်ပါပျောက်ဆုံးသွားပေမယ့်…..
ဘယ်တော့မှ မပျောက်ဆုံးတဲ့ သူတို့ရဲ့ ၀ိညာဉ်တွေ…
အိမ်ကို ဖြောင့်ဖြောင့်တန်းတန်း ပြန်ရောက်ကြပါစေ…
ထာဝရငြိမ်းချမ်းပါစေ….

သားတို့ သမီးတို့……
ထာဝရငြိမ်းချမ်းပါစေ…
အမေ..
ကြယ်တွေကို တိုင်တည်လို့ ဆုတောင်းပေးလိုက်ပါရဲ့ကွယ်..


4 comments:

Nyein Chan Aung said...

အမြဲရောက်ပါတယ်။ စီဗောက်မတွေ့လို့ မအော်ဖြစ်တာပါ။ အဆင်ပြေပါစေ။

Htet Yee Mon Eai said...

မအိမ့်ရေ.. ရည်မွန် လာလည်သွားတယ်နော်.. ခဏခဏရောက်ဖြစ်တယ် ဒါပေမဲ့ ဆီဗုံး ပိတ်ထားလို့  မပြောသွားတော့တာ.. ရည်မွန် ဘလော့ဂ်ပြန်လုပ်နေတယ် မရေ.. www.yeemonhtatehtar.blogspot.com မအိမ့် အားရင် လာလည်ဖို့  ဖိတ်ခေါ်ပါတယ်နော်...

Anonymous said...

ဒီပို့စ်လေးကိုဖတ်ပြီး မျက်ရည်ကျမိပါတယ် ...ကျွန်တော်တို့ မြန်မာပြည်ကြီး ဘယ်တော့များမှ အေးချမ်းမှာလဲဗျာ ကျွန်တော်တို့ရဲ့ ကလေးတွေ ဘယ်တော့များမှ လုံခြုံနိုင်ကြမှာလဲဗျာ ..သဲတပွင့်ဟာ ဘာမှမဖြစ်လောက်ပေမယ့် ကို့လိပ်ပြာကိုယ်လုံနိုင်အောင် အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ် ကျွန်တော် လုပ်နိုင်မျှလေးပေါ့ဗျာ ..အမစာတွေသိပ်ကောင်းပါတယ် အားပေးနေပါတယ်ဗျာ

ကောင်းကင်ကို said...

ဆုတောင်းလေးကို ဖတ်ပြီး ကြေကွဲစွာ ဆုတောင်းသွားပါတယ်။ :-(

LinkWithin

Related Posts Plugin for WordPress, Blogger...