မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, May 09, 2008

ခေါင်းစဉ်မဲ့




ပြောစရာစကားလဲ ကုန်နေပါပြီ…
ပြောချင်စိတ်လဲ ဘာမှကိုမရှိတော့ပါဘူး…
ရင်ထဲက နာကျည်းချက်၊ အော်ကလီဆန်ချက်၊ ကြေကွဲချက်၊ ခံစားချက်တွေကလဲ စကားလုံးနဲ့ ထုတ်ပြဖို့တောင် လိုက်မမှီတော့ဘူး…

သေသွားတာက မြတ်ပါတယ်…
ဝဋ္ဌ်ကျွတ်သွားတယ်လို့ပဲ ဆိုရမလား….
အသက်ရှင်ကျန်ရစ်ခဲ့တာ ပိုဆိုးနေမလားပဲ…
တစ်အိမ်သားလုံးသေသွားပြီး ကိုယ်တစ်ဦးတည်းကျန်ရစ်မှတော့ ဘ၀ဆိုတာ ဘာအဓိပယ်ရှိနိုင်တော့မလဲ…
အုန်းပင်ပေါ်မှာ တွယ်တက်နေရင်း မိန်းမနဲ့ ကလေးတွေ ဘယ်ရောက်သွားမှန်းမသိဘူးတဲ့ ယောင်္ကျားတွေ…
ကယ်ဆယ်ရေးလှေနောက်လိုက်သွားပြီး ယောင်္ကျားနဲ့ ကလေးတွေ နောက်လှေတွေနဲ့များ ဘယ်တော့ ရောက်လာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကမ်းစပ်မှာ နေ့စဉ်မျှော်နေမယ့် မိန်းမတွေ..
မိဘတွေ ဘယ်တော့ ပြန်လာမလဲ မျှော်နေမယ့်ကလေးတွေ….ဘယ်လောက်များလိမ့်မလဲ…


ဆာလွန်းလို့ သရက်စေ့လျက်နေရတဲ့ လူတွေကို
မြန်မာတွေဟာ ဘီစကွတ်မုန့်မစားဘူး၊ ဆန်စားတာဆိုပြီး၊ လှုထားတဲ့ဘီစကွတ်မုန့်တွေကို ငတ်နေသူတွေကို ဝေမပေးပဲ သိမ်းထားတယ်ကြားရတော့ ရေချိုးခန်းထဲ သွားအန်ပစ်လိုက်ပါတယ်…

လူတွေကို နာကျည်းအောင်၊ ဒေါသထွက်အောင်၊ ကြိတ်မနိုင်ခဲမရ ဖြစ်အောင် လုပ်နိုင်စွမ်းရှိသူတွေဟာ မကောင်းဆိုးဝါးတွေများ တွယ်ကပ်နေလေလျော့သလား…
ဒါမှမဟုတ် ငတို့ ဘ၀အကျိုးပေးတွေကြောင့်ပဲ ဒီလိုမကောင်းဆိုးဝါးတွေ တွယ်ကပ်နေသူတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရတာလား…
ဝတ်စရာအ၀တ်တောင် မရှိဖြစ်နေသူတွေရှေ့မှာ ပြောင်ပြောင်လက်လက်တွေ လုပ်ပြနေတာ နိုင်ငံတကာရှေ့မှာ နဲနဲလေးတောင် သူတို့ မရှက်ကြတော့ဘူးလား…

အကြောက်တရားနဲ့ အုပ်စိုးနေသူတွေဟာ သူတို့ကိုယ်တိုင်လဲ ကြောက်နေကြလို့ပဲ…
ဒီအကြောက်တရားကြီးရဲ့ သံသရာလည်ခြင်း ဘယ်တော့များမှ ရပ်ပါတော့မလဲဟင်..
ပူလောင်ခြင်းနဲ့ ရတဲ့ စည်းစိမ်တွေပေါ်မှာထိုင်နေရတာ သံပူပြားပေါ်ထိုင်နေရသလို မဖြစ်ပေဘူးလား…
တစ်နိုင်ငံလုံးအေးချမ်းသာယာဝပြောရင် သူတို့လဲ အေးမြခြင်းနဲ့ ယှဉ်တဲ့ စည်းစိမ်ပေါ်မှာ ထိုင်ရမယ်ဆိုတာ မသိတော့ဘူးလား…

ဒီမုန်တိုင်းရဲ့ ပြင်းထန်မှု၊ ခရီးလမ်း၊ လေတိုက်နှုန်းတွေကို အိန္ဒိယနိုင်ငံကကော ထိုင်းနိုင်ငံက မုန်းတိုင်းစောင့်ကြည့်တဲ့ နေရာတွေက ၄၈ နာရီတိတိ ကြိုတင်ပြီး တာဝန်ရှိသူတွေကို အသိပေးပြီးသားဖြစ်တယ်လို့ ဒီနိုင်ငံက သတင်းစာကြီးတွေမှာ ခေါင်းစီးမဲကြီးတွေနဲ့ကို ဖော်ပြတယ်… ၄၈နာရီမှာ အခြေအနေတွေအများကြီး ကောင်းသွားနိုင်တယ်…

၉/၁၁ မှာတောင် ဒီလောက်မသေဘူး… သူတို့ နယူးယောက်မြို့ကြီးအတွက် ရက်ပေါင်းများစွာငိုတယ် (ကွန်စပေရေစီသီအိုရီကို-သူများတိုင်းပြည်ကို စစ်ဝင်တိုက်ချင်လို့ ခိုင်လုံတဲ့ အကြောင်းတစ်ခု ဖန်တီးတာလို့ သူတို့ကိုယ်တိုင်လဲ ကိုယ့်လို ယုံကြည်တယ်ပဲထား) သူတို့ ရက်ပေါင်းများစွာငိုတယ်…
ကိုယ်တို့နှစ်ပေါင်းများစွာ ငိုကြွေးသင့်တယ်..

ဒီအချိန်မှာ အတ္တတွေ နဲနဲလျော့ပြီး မဲဗုံးတွေကို ခဏချောင်ထိုးထားလို့ ပြည်သူတွေကို ကယ်တင်ရင် မကြည်ညိုနိုင်ဘူးဆိုရင်တောင် အနည်းနဲ့အများတော့ ငြိမ်းချမ်းရေးခြေလှမ်းသစ်တစ်ခု ပြန်စနိုင်ကောင်းရဲ့…
အခုတော့….

ဖယောင်းတိုင်တွေ ထွန်းထားပါတယ်…
သူရဲကောင်းတွေအတွက်…
ဆိုဝါးနိမ့်ကျ ယုတ်ညံ့မှုတစ်ခုကို ကမ္ဘာတစ်ခုလုံး ကြိတ်မနိုင်ခဲမရခံစား သိနားလည်သွားအောင်… မြန်မာပြည်ဆိုတာဒါပဲ ဆိုတာကို
မြတ်သောသေခြင်းနဲ့ ယုတ်ညံ့သောရှင်ခြင်းရဲ့ ခြားနားချက်ကို
အသေခံပြသွားတဲ့ ကလေးတွေနဲ့ လူကြီးတွေအားလုံးရဲ့ ၀ိညာဉ်များ ကောင်းရာသုဂတိလားကြပါစေ… အသက်ရှင်ပြီး ကျန်ခဲ့သူများလဲ ဒုက္ခ၀ဋ္ဌ်ဆင်းရဲတွေမှာ အမြန်ဆုံး လွတ်မြောက်ကြပါစေ...

ကနေဒါရောက် မြန်မာတွေရဲ့ ခံစားချက်တွေကို ဒီဆိုဒ်မှာ ဝေမျှနိုင်ပါတယ်ရှင်…
ကနေဒါမှ မဟုတ်သူများလဲ ၀င်ရောက်ရေးသားနိုင်ပါတယ်...
လူဖြူများရဲ့ ခံစားချက်အချို့ကိုလဲ တင်ပြထားပါတယ်..
တတ်နိုင်သမျှ လှုကြပါ…
တစ်ကယ်လိုအပ်သူတွေလက်ထဲရောက်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် လှုကြပါ..

8 comments:

My Wonderful Moral Thoughts said...

ရင်ထဲမှာ တစ်ဆစ်ဆစ်နဲ့ နာတယ် အစ်မရေ…
်ု
Soe Mya Nandar Thet Lwin

Anonymous said...

တူတူပါပဲ...
ဒီခြားထဲမင်္ဂလာဆောင်တဲ့ လူကလဲ ရှိသေးတယ်...
မြန်မာပြည် .. ရှင်နေတာထက်စာရင် သေနေတာကမှ ပို ကောင်းတယ်လို့ ပြောလို့ သူငယ်ချင်းတွေက အံ့သြကြတယ်။...
နှလုံးသားမဲ့လို့ မဟုတ်ပါဘူး..
မကြည့်ရက်တော့လို့ပါ..။

မြတ်နိုး

Anonymous said...

အဆိုးရတပ်မတော်ရေ....
ဒို့ပြည်ကြီး...တို့ ပြည်သူတွေလေ...ဟသာင်္ကိုးသောင်းပျက်တဲ့ပုံပါပေ...
လူမြိုမှ လူမျိုးတုံးမှာလေ..
မနှေးသတိချပ်ရန် လက်တို့ပါရစေ။
၁၆၈

ရဲရင့် said...

ဒီနေရာကိုဒီလိုလာမယ်ဆိုတာ၃၆နာရီကြိုသိခွင့်ရရဲ့နဲ့ငါ့လူမျိုးတွေပိုးစိုးပက်စက်သေကြေပျက်စီးရတာအသဲနာတယ်.သူတို့လဲဘာမှမစွမ်းဆောင်
နိုင်ပဲရာဇပလ္လင်ခွေးတက်ထိုင်လို့အခုလိုကဒ်သင့်ရတာ...
(ပေါက်ကွဲခွင့်ပြုပါ..)မလေး။ဒီInfoaလးထားခဲ့ပါတယ်....
THOUSANDS OF CYCLONE VICTIMS IN BURMA NEED URGENT HELP. BURMA BUDDHIST ASSOCIATION OF ONTARIO IS ACCEPTING DONATION FOR THE CYCLONE VICTIMS IN BURMA CHEQUE SHOULD BE PAYABLE TO (BURMA BUDDHIST ASSOCIATION OF ONTARIO MENTION "BURMA CYCLONE RELIEF") AS REF; SEND TO; BURMA BUDDHIST ASSOCIATION OF ONTARIO 12 HIGH MEADOW PLACE TORONTO, ONTARIO M9L 2Z5 More information: ASHIN (416) 7477879 ZAW( 416)538 2318 Thanks for Your Help

မောင်မျိုး said...

အစ်မ တကယ်ပေါက်ကွဲထားတာ ရေလည်မိုက်တယ်ဗျာ သုံးစားမရတဲ့ အုပ်ချုပ်သူ တွေ နဲ့  ဆုံဆည်းခဲ့ရတာကိုက ဘ၀ ကဆိုးတယ် ကျနော်တို့ပြည်သူတွေ အဖြစ်ဆိုးနဲ့  ကြုံရသလို ဒီအစိုးရလည်း ဒီ့ထက်ဆိုးဝါးတဲ့ အဖြစ်ဆိုးနဲ့ ကြုံပါစေလို့  အကုသိုလ် တက်စွာနဲ့  ဆုတောင်းလိုက်တယ် နောင်များတော့ ဒီလို လူမဆန်တဲ့ တရိစ္ဆာန်အစိုးရ လက်အောက်မှာ လူမဖြစ်ပါရစေနဲ့ ဗျာ...............................။

Anonymous said...

လှုမှာလား အူမှာလား
ကူမှာလား ဆူမှာလား
အားပေးမှာလား ဓါးသွေးမှာလား
ငွေလှုမှာလား လေကူမှာလား
အသစ်ပြင်မှာလား အပြင်တင်မှာလား
ကိုသန်ရာကိုယ်လုပ်ကြ.......

ဆရာမရေ.. အဲဒီ ကဗျာလေးလို ပါပဲ .. သေချာတာတော့ ကျနော်တို့ ဘာမှ မလုပ်ပေးနိုင်သေးပါဘူး ဗျာ

စာဖတ်သူ

Anonymous said...

I am an ordinary Burmese, I work hard for my visa, to pay bills and to support my families back in Yangon. I am not an activist, I do not belong to any political party. It is very heart breaking and suffering to be a Burmese. I love my country, I want it to be a lively place, with lovingly people. But now I hate those generals and military regime. I hate them too much.

ကလိုစေးထူး said...

လာလည်သွားတယ် တပြည်သူရေ…။
လာလည်တယ် ဆိုတာထက် အခုတလော သတင်းတွေက တစက်မှ စိတ်မချမ်းသာတော့ အဲဒီသတင်းတွေအပေါ်မှာကိုပဲ လူစိတ်ရှိရှိ၊ အကြင်နာတရား ရှိရှိနဲ့ ခံစားရေးတတ်တဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေရဲ့ ခံစားချက်တွေကို အတူတူ လာခံစားသွားတယ်ဆိုရင် ပိုမှန်မလားဘဲ။

LinkWithin

Related Posts Plugin for WordPress, Blogger...