မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 28, 2008

ဥသျှစ်သီး

အချစ်ဆိုတာ လေမှာကြဲပျံ့ သက်တန့်မျက်နှာ၊
မာယာကဝေယောင်ဆောင်လို့ ရေကြည်ကိုနှောက်သူပါတဲ့
မြင့်ဦးဦးမြင့်က ကဗျာတပုဒ်စပ်ဖူးခဲ့လေရဲ့ချစ်သူ…..။

ယောင်္ကျားတွေရဲ့အချစ် ဘ၀အနှစ်မဟုတ်ဘူး
အချစ်ဆိုတာ ခမျာယောင်္ကျားတွေအတွက်တော့
ဘ၀လေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလို့
ခှိုင်းနှိုင်းတတ်ကြချိန်မှာ..
အချစ်ဆိုတာ မိန်းမတွေတွက်တော့
ဘ၀တစ်ပျက်စာလို
ပုံတိုပတ်စနဲ့လဲ ယုံအောင်ပြောတတ်ကြလေရဲ့ကွယ်…..။

အချစ်ကြောင့် နန်းစွန့်သူဘုရင် တွေရှိပေမယ့်
အချစ်ကြောင့် နန်းစွန့်သူဘုရင်မ မရှိဘူးရယ်လို့
မင်းဆိုခဲ့စဉ်က….
ကျုပ်…ကြင်နာစွာ ပြုံးနေခဲ့ပါတယ်ချစ်သူ…
ကွန်စပရေစီ သီအိုရီတွေနဲ့ ငြင်းမနေချင်ခဲ့လို့
လေဒီ ဒိုင်ယာနာကို
ကျုပ်တို့ စကားဝိုင်းထဲ ဆွဲမခေါ်တော့ပါဘူးကွယ်..။

အချစ်ဆိုတာ ဆရီတိုနင်လား၊ နော်ပင်နက်ဖရင်လား
အောက်ဆီတိုစင်လား၊ ဒိုပါမင်လား ဟင်
သေချာတာတော့ ဦးနှောက်ထဲမှာ
လှည့်ပတ်သွားလာ ဒီကယ်မီကယ်လ်တွေကြောင့်
အိပ်လို့မရ၊ စားလို့မ၀င်၊
ဘယ်နေရာသွားသွား၊ ဘာကိုကြည့်ကြည့်
မင်းမျက်နှာပဲမြင်၊ တမင်လုပ်ပြနေတာ
ကျုပ်လဲ တစ်ကယ်မဟုတ်ရပါကွယ်..။

တစ်ခါမှ မချစ်ဖူးတာနဲ့စာရင်
တစ်ခါလောက် အရူးအမူးချစ်၊ အသစ်တွေ့လို့ပြေးရင်လဲ
အလဲလဲအပြိုပြိုနဲ့ အသဲအိုကိုကုစားဖူးမှ
လူဖြစ်ကျိုးနပ်သယောင်ယောင်..
အချစ်ကို လှောင်တာတော့ မဟုတ်ရပါကွယ်…။

သံပုရာရည်မွှေးတဲ့ နှုတ်ခမ်း
မင်းနမ်းနေတာ မြင်လိုက်ချိန်ထိ
ကျုပ် ရှုးမိုက်စွာ ချစ်မိနေတုန်းပါကွယ်..
အခုလေ…
ကျုပ်ခေါင်းထဲက ရူးမိုက်စေတဲ့ ကယ်မီကယ်တွေကို
စတော်ဘယ်ရီပိုက်နဲ့ စုတ်ထုတ်
ကျုပ်… စိတ်ရှိလက်ရှိ အပြုတ်ကိုလုပ်ပစ်လိုက်ချင်တယ်… တစ်ကယ်..။

နှစ်နစ်တော့ ကျုပ်မစောင့်တော့ဘူးချစ်သူ…
“အချစ်”လို့ လူတွေ ကင်ပွန်းတတ်သော
ဒီကယ်မီကယ်တွေကို ကိုယ့်ခေါင်းထဲကထုတ်
ရောင်းရန်ရှိသည်လို့ စာတမ်းထုတ်ပြီး
ဥသျှစ်သီးပဲ ၀ယ်စားလိုက်တော့မယ်ကွယ်..။

4 comments:

Kay said...

မလေးရေ..ဥသျှစ်သီး တွေ..ခဏခဏ ၀ယ် နေရ တာ..မနိပ်ပါဘူး နော်..း)

PS. ခံစားလို့ ရ သွားတယ်

May Burma said...

very nice

တန်ခူး said...

အိမ့်ရေ...ဒါမျိုးလေးတွေ မဖတ်ရတာကြာခဲ့ပါရော...ကြိုက်တယ်...ကဗျာအဆုံးလေးက မာနလေးတစနဲ့ သဘာဝကျသလို လှလည်းလှတယ်...

Anonymous said...

လေဒီဒိုင်ယာနာလဲ ဒိုဒီမိုလို့ ပါ.....
လမ်းထိပ်က ဆိုက်ကားနင်းတဲ့ အကိုကြီးဆိုရင် မသိဟန်ဆောင်နေမှာပါ ဆရာမ ရယ်.. ကျနော့ စိတ်ထင်တော့ မိန်းမတွေဟာ ဘဝအကျိုးပေးကောင်းလေ အတ္တကြီးလေပဲ... အတ္တကြီးလို့  အကျိုးပေးကောင်းတာလဲ ဖြစ်နိုင်ပါတယ်....

စာဖတ်သူ

LinkWithin

Related Posts Plugin for WordPress, Blogger...