မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, April 15, 2008

သင်္ကြန်တစ်ခု

ဒီနှစ်သင်္ကြန်တော့ ဒီမြို့လေးမှာ သင်္ကြန်ပွဲ သုံးခုလောက်ရှိတယ်လို့ သိလိုက်ပေမယ့် ဘယ်ပွဲမှ မရောက်ဖြစ်လိုက်။ လွန်ခဲ့တဲ့ နှစ်တော်တော်များများက ဒီမြို့က သင်္ကြန်ပွဲတွေဟာ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတွေ စုပြီး အိမ်တစ်အိမ်အိမ်မှာ ထမင်း၊ဟင်း စုစားပြီး ပြီးသွားလေ့ရှိတဲ့ ပွဲတွေ။ နှစ်တွေကြာလာတာနဲ့အမျှ မြန်မာတွေများလာလို့ ခန်းမတွေငှားပြီး သင်္ကြန်ပွဲတွေဟာ ပိုစည်းကားလာခဲ့တယ်။ နိုင်ငံကျော် ဂီတအနုပညာသည်တွေလဲ လာရောက်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်တော့ ဘယ်မှကို မသွားဖြစ်လိုက်။

မနက်ကတော့ ရုံးသွားခါနီး တိုက်ဆိုင်လွန်းစွာပဲ အလှပြင်အံဆွဲထဲက ထောင့်တစ်ထောင့်မှာ ရွှေပြားလေးတစ်ခုလက်ကနဲဖြစ်သွားတယ်။ လက်နဲ့ဆွဲယူလိုက်တော့ အရောင်တွေ မှိုင်းနေပြီဖြစ်တဲ့ ရွှေတံဆိပ်ပြားလေး။ တံဆိပ်ပြားလေးပေါ်မှာ ရေးထားတာကတော့ နွေရာသီသမ္မာကျမ်းစာသင်တန်း ပထမဆု တဲ့။ ရက်စွဲကတော့ တစ်ထောင့်ကိုးရာကိုးဆယ် ဧပြီလ ၁၂ရက်မှ ၁၉ရက်တဲ့။ ဒီရွှေပြားလေးဟာ ဒီအံဆွဲထဲ ရှိနေတာ တစ်ဆယ့်ရှစ်နှစ်တောင်ရှိနေပေမယ့် ဒီနေ့မှ ထူးထူးခြားခြား သတိထားလိုက်မိတယ်။

ငယ်ငယ်က နွေရာသီရောက်ရင် အထူးသဖြင့် သင်္ကြန်ဝန်းကျင်တွေမှာ ဘုရားကျောင်းက စီစဉ်တဲ့ နွေရာသီသင်တန်းတွေကို မိဘတွေက လွှတ်လေ့ရှိတယ်။ နွေရာသီကျမ်းစာသင်တန်း၊ အလုပ်သင်တန်း၊ ပတ်ဝန်းကျင်လေ့လာရေး သင်တန်း စသဖြင့်ပေါ့။ အဲဒီမှာ အလုပ်သင်တန်းကတော့ အပင်ပန်းဆုံးနဲ့ ကျမ်းစာသင်တန်းကတော့ ပျင်းစရာအကောင်းဆုံးပါပဲ။ သင်တန်းဆုံးရင် စာမေးပွဲကလဲ ဖြေရသေးတယ်။ ပတ်ဝန်းကျင်လေ့လာရေးသင်တန်းကတော့ တောင်ကြီးလို လာရှိုးလိုနေရာတွေ ခရီးထွက်ရလို့ ပျော်စရာအကောင်းဆုံးလို့ ပြောကြပေမယ့် ခရီးဝေးဆိုတော့ အိမ်ကမလွှတ်လို့ တစ်ခါမှ မရောက်ဖူးပါ။ ဒါကြောင့် ပျင်းစရာအကောင်းဆုံး သမ္မာကျမ်းစာသင်တန်းနဲ့ ရပ်ကွက်ထဲက လူကြီးသူမအိမ်တွေကို ရေနံချေးသုတ်၊ ဘုရားကျောင်းကို ဆေးသုတ်၊ ရေမြောင်းဖော် စသဖြင့် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့ အလုပ်သင်တန်းတွေပဲ ရောက်ဖူးခဲ့တယ်။

သင်တန်းတွေမစခင်မှာ ကြီးကြပ်သူ လူကြီးတွေက လူတွေနဲ့ အိပ်ရာလိပ်တွေကို စုရပ်ကွင်းလယ်မှာချပြီး ချက်ချင်း အသင်းသုံးသင်းခွဲလေ့ရှိတယ်။ အနီ၊ အစိမ်း၊ အ၀ါအသင်းစသဖြင့်။ သုံးသင်းလုံးကို အမှတ် တစ်ရာစီပေးထားတယ်။ စည်းကမ်းမလိုက်နာတဲ့အခါ၊ အချိန်မတိကျတဲ့ အခါ အမှတ်နှုတ်သွားတာ အမှတ်အမြင့်ဆုံးကျန်တဲ့ အသင်းက စံပြဆုချီးမြှင့်ခံရတယ်။ တစ်ဦးချင်း စံပြဆု၊ အရည်အချင်းဆု၊ စာမေးပွဲ ပထမ၊ ဒုတိယ၊ တတိယဆု၊ စည်းကမ်းအရှိဆုံးအသင်း စသည်လဲ ဆုတွေရာထားတယ်။ အသင်းတွေခွဲတဲ့အခါမှာ မောင်နှမအရင်းတွေကို ခွဲထုတ်လေ့ရှိတယ်။ သိပ်ချစ်တဲ့ မောင်နှမတွေ ညီအစ်မတွေဟာ အသင်းခွဲပြီးတာနဲ့ တစ်ပြိုင်နက် တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြတော့ဘူးပေါ့ရှင်။ ဆိုရှယ်လစ်လစ်ဇင်လား၊ ကွန်မြူနစ်ဇင်လား၊ အင်ဒီဗစ်ဂျဲလစ်ဇင်လား တိတိကျကျမသိရပေမယ့် လူဆိုတာ ဘာလဲဆိုတာ အဲဒီမှာ နဲနဲပေါ်တော့တာပါပဲ။ သင်တန်းရဲ့ ထမင်း၊ ဟင်းချက်တွေက ၂၅နှစ်လောက်ပဲရှိသေးပေမယ့် အဲဒီတုန်းကတော့ သူတို့ကို လုံးဝအချိန်တွေ ကုန်ဆုံးသွားသော ဟိုင်းဆင်များလို့ ထင်ခဲ့တယ်။ အဲဒီအရွယ်လောက်ဆိုရင်ကို မီးဖိုထဲမှာ ချက်ရေး၊ ပြုတ်ရေး၊ ထင်းခွဲ၊ ရေခပ် လုပ်ကြရတယ်။ သင်တန်းထဲ မပါကြတော့ဘူး။ သင်တန်းသားတွေကလဲ အကြီးဆုံးကမှ ရှိလှ အသက်နှစ်ဆယ်။

မနက်ဆို ငါးနာရီဆိုတာနဲ့ အိပ်ရာက ထရတယ်။ ခြင်ထောင်တွေ စောင်တွေကို ပေါင်မုန့်လေးတွေလို လုံးနေအောင်၊ အစလုံးဝမထွက်အောင် ခေါက်ရတယ်။ ၁၅မိနစ်အတွင်းမှာ သွားတိုက်၊ အိပ်ရာခင်းအပြီးလုပ်ပြီး ကွင်းလယ်မှာ သတိ အနေအထားနဲ့ ရပ်နေရတယ်။ ငါးနာရီ တဆယ့်ငါးဆိုတာနဲ့ ဘုရားစာရွတ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး မနက်စာစားတဲ့အဆောင်ကို တန်းစီသွားရတယ်။ စကားတစ်ခွန်းမှ မပြောရဘူး။ ထမင်းစားဆောင်ရောက်ရင် မတ်တပ်ရပ်ပြီး ဘုရားစာ ထပ်ရွတ်ရတယ်။ ပြီးမှ နံနက်စာ စားရတယ်။ ခက်ရင်းသံ၊ ဇွန်းသံလဲ လုံးဝ မထွက်ရဘူး။ ကိုယ်ကိုမတ်ပြီး ဇွန်းကို ပါးစပ်ကို သယ်ရတယ်။ ပါးစပ်ကိုပိတ်ဝါးပြီး တောင့်တောင့်ကြီး စားရတာပေါ့။ စားရခြင်းသည်လဲ တစ်ဒုက္ခဆိုတာ အဲဒီမှာ သိပ်သိသာတာပါပဲ။ အောက်စဖို့တက္ကသိုလ် တက်နေရတာထက်ဆိုးမယ်ထင်တယ်။

နံနက်စာ စားပြီးတာနဲ့ ကျမ်းစာသင်တန်းဆိုလဲ ဆိုင်ရာသင်တန်းခန်းမကိုသွား၊ ဒါမှမဟုတ် အလုပ်သင်တန်းဆိုလဲ ပေါက်တူး၊ ဘာညာယူပြီး တူးဆွဖို့ သွားရတော့တာပါပဲ။ အလုပ်သင်တန်းကတော့ တော်တော်လေးပင်ပန်းတယ်။ အိမ်သာကျင်းတူး၊ ရေနံချေးသုတ်။ မိန်းကလေးတွေကိုတော့ ယောင်္ကျားလေးတွေက ညှာပါတယ်။ သူတို့ပဲ သိမ်းကြုံးလုပ်တာများတယ်။ သိပ်အလုပ်ကြိုးစားပြီး စံပြဆုလိုချင်တဲ့ ခေါင်းဆောင်မျိုးနဲ့ တွေ့ရင်တော့ မချောင်ဘူး။ တစ်နှစ်ကတော့ အသင်းတစ်သင်းကခေါင်းဆောင် စံပြဆုလိုချင်လို့ သူတို့နေတဲ့ အဆောင်တစ်ခုလုံးက ကော်ရစ်ဒါကို လက်လက်ထအောင် ရေပတ်တိုက်လိုက်ပြီး စံပြဆုကို ထိုက်ထိုက်တန်တန် ခူးဆွတ်သွားလေရဲ့။

တချို့သိပ်ငယ်ပြီး အိမ်နဲ့မခွဲဖူးတဲ့ မိန်းကလေးအချို့ကတော့ ပေါက်တူးပေါက်ရတော့မယ်ဆိုတာနဲ့ ကြွက်တက်တယ်၊ ခေါင်းမူးတယ်၊ နှာခေါင်းသွေးယိုတယ်၊ ၀မ်းကိုက်တယ်ဆိုပြီး ယဲ့ယဲ့ပဲ ကျန်တော့တဲ့ ပုံနဲ့ ဆေးခန်းထဲ တန်းစီဝင်အိပ်နေလိုက်တာ နေ့လည်စာစားချိန်ဆိုရင်တော့ သွားတွေအကုန်ပေါ်အောင်ရယ်ပြီး ထမင်းစားဆောင်ရှေ့မှာ သူတို့ပဲ ထိပ်ဆုံးက တန်းစီနေပါလေရော..။ ထမင်းစားပြီးတာနဲ့ သူတို့က ချက်ချင်း ကြွက်တက်ပြီး မူးပြီး ဆေးခန်းထဲ ပြန်ရောက်နေကြတယ်။ အဲဒီလူတွေပဲ ညနေဆို ထမင်းစားဆောင်ရှေ့ ခြောက်နာရီမထိုးသေးဘူး ရောက်နေတော့ အမှတ်နှုတ်ခံထိတော့တာပေါ့။

ညနေစောင်းလို့ ဧည့်ချိန်ဆိုရင် အိမ်က ဘယ်သူလာမလဲ မျှော်ရတာအမော။ မိဘတွေလာရင် ပြေးဖက်ပြီး ချွဲသူချွဲကြ၊ အိမ်ပြန်ချင်တယ် ငိုသူငို။ တစ်ပတ်လောက်အိမ်နဲ့ခွဲရတာဟာ တစ်နှစ်လောက်လိုပဲ ခံစားရတယ်။ ညစာစားပြီးရင်တော့ နားချိန်ရတယ်။ ဂစ်တာစုတီးသူတီး၊ ပြဇတ်တွက် ဇာတ်ညွှန်းရေးသူရေး၊ လမ်းလျောက်ထွက်သူထွက်၊ စာဖတ်သူဖတ်၊ ပဲထုတ်ပြီး (အမှတ်ပိုရမလားရယ်လို့) ပုလ္လင်ရှေ့ ဘုရားရှိခိုး ဟန်ဆောင်သူလဲရှိသေးရဲ့။ ညနေစောင်းတစ်ခု သူငယ်ချင်းမိန်းကလေးတွေစုပြီး ခိုင်ထူးလားမသိဘူး (မမှတ်မိတော့) သူရဲ့ သီချင်းတစ်ပုဒ်ကိုဖျက်ပြီး “ဒီကချက်တဲ့ ထမင်းနဲ့ဟင်းဟာ အိမ်ကချက်တဲ့ဟင်းလောက်မကောင်းဘူး၊ အမေ့လောက် ကိုယ့်အပေါ်ဘယ်သူမှ မကောင်းဘူး၊ ရှာမနေတော့ဘူး အဖေ့လောက် ကောင်းတဲ့သူ ရှိတော့မှာမဟုတ်ဘူး” ဆိုပြီး ထပ်ခါထပ်ခါ ကြော့ပြီး အော်ဆိုမိလို့ အသင်းရဲ့အမှတ် နှုတ်ခံထိလိုက်တယ်။ ခက်တာက အမှတ်နှုတ်နေတာ ဘယ်သူဆိုတာ မသိရတာပဲ။ ဒါကိုက ပျော်စရာတစ်မျိုးဖြစ်ပေမယ့် အဲဒီတုန်းကတော့ မပျော်ပါဘူး။

တစ်ထောင့်ကိုးရာ ကိုးဆယ်ခုနှစ်ကတော့ ရန်ကုန်မြို့ပြင် မြို့လေးတစ်မြို့က ဘုရားကျောင်းဝင်းတစ်ခုထဲမှာ သမ္မာကျမ်းစာသင်တန်းသွားတက်တယ်။ ခြံဝင်းကြီးထဲမှာ ပိန္နဲပင်၊ သရက်၊ မာလာကာ၊ ဇောင်းကားပင်၊ စုံနေတာပဲ။ အသီးတွေလဲ ပြွတ်သိပ်သီးနေတာ စားချင့်စဖွယ်ပေမယ့် ခူးတာမိတာနဲ့ အမှတ်တွေအများကြီး နှုတ်မယ်ဆိုလို့ ဘယ်သူမှ မထိရဲဘူး။ ဖြစ်ချင်တော့ ကိုယ်က အပြာအသင်းရဲ့ မိန်းကလေးခေါင်းဆောင်ဆိုတော့ ကိုယ့်လူတွေကို ကြပ်မတ်ထားတယ်။ ယောင်္ကျားလေးတွေကတော့ ညနေသင်တန်းပြီးတာနဲ့ သူတို့တည်းခိုရာ ရွာထဲက အိမ်တွေကိုအပြန်လမ်းမှာ ခိုးခိုး ခူးသွားတယ်ကြားပေမယ့် မိန်းကလေးတွေကတော့ ကျောင်းဝင်းထဲက အဆောင်တွေပေါ်မှာပဲ နေရတော့ ဘာမှ လုပ်လို့မရ။ ထူးခြားတာက တောနက်ပေမယ့် ညည ခြင်တစ်ကောင်မှ ရှိမနေတာပဲ၊ ပါလာတဲ့ ခြင်ထောင်တွေ အိပ်ထဲကတောင် ထုတ်စရာမလို။ လေလဲမပြင်းပဲ သိပ်အိပ်လို့ကောင်းတဲ့ညတွေထဲမှာ အဲဒီသင်တန်းညတွေလဲပါတယ်။ ညဆို ကိုးနာရီခွဲတာနဲ့ မီးရောင်မရှိစေရတော့ဘူး။ တစ်ညကျတော့ မမတွေ ဘာစိတ်ကူးပေါက်လဲမသိဘူး။ အစားတွေစားတာများတယ်ဆိုပြီး အဆောင်ပေါ်မှာ အမှောင်ကြီးထဲ အေရိုးဘစ် ထခုန်တာ အရှိန်လွန်ပြီး တစ်ယောက်ရဲ့ မျက်မှန်ကို တက်ကြိတ်မိတာ အဲဒီမိန်းကလေး အရမ်းကို ငိုသွားတယ်။

သင်တန်းတွေမှာ ပျော်စရာအကောင်းဆုံးအချိန်ကတော့ ညနေစာစားအပြီး ကစားချိန်၊ နားချိန်ပါပဲ။ ပြဇာတ်ပြိုင်ပွဲ၊ အနုပညာပြိုင်ပွဲတွေပြီးရင် သတင်းစာဖွင့်ပွဲရှိတယ်။ သတင်းစာထဲမှာ မပြောရဲတာတွေကို အကုန်ရေးကြတော့တာပဲ။ ဘယ်သူဘယ်ညက အိမ်သာမသွားရဲလို့ ဘယ်နေရာမှာက အစ…. ဘယ်သူ့ကို နှစ်သက်မိပါတယ်ဆိုတာတွေရော ကဗျာတွေ၊ စာတွေနဲ့ ရေးကြတာတွေကို ဖတ်တဲ့ပွဲ။ စာပေစီစစ်ရေးတော့ ရှိတာပေါ့လေ။ စိတ်ညစ်စရာအကောင်းဆုံးကတော့ နေ့လည်စာစားပြီး သင်တန်းပြန်တက်ချိန်ပဲ။ ကျမ်းစာသင်တန်းဆိုတော့ လူတွေက ဟန်မဆောင်နိုင်အောင် ငိုက်တော့တာပါပဲ။ အဲဒါကို အမှတ်ထိုင်နှုတ်သူတွေက စိမ်ပြေနပြေ ထိုင်နှုတ်တော့တာပဲ၊ ယောင်္ကျားလေးတွေကလဲ ညနေစောင်းက ခိုးထားတဲ့ အသီးအနှံတွေကို လက်သိပ်ထိုးပေးပြီး အိပ်ချင်ပြေအောင် ကူညီကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရဘူး။

တစ်နေ့တော့ ရွာထဲကို လုပ်အားပေးဖို့ထွက်ကြတယ်။ အသွားမှာ တန်းစီပြီး စည်းကမ်းရှိစွာ ငြိမ်ပြီး သွားကြတယ်။ ရွာထဲရောက်တော့ ထင်းခွေ၊ ရေခတ် လုပ်အားပေးကြတာပေါ့။ ရွာထဲမှာ ပိတောက်တွေ ထိန်နေပေမယ့် စည်းကမ်းရှိရမယ်ဆိုလို့ မော့တောင် မကြည့်မိပါဘူး။ ညနေစောင်းတော့ လေနုအေးက တိုက်ခတ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ဧပြီလ ၁၅ရက်နေ့။ အဆောင်ကို ပြန်ဖို့ အားလုံးတန်းစီနေပေမယ့် ရင်ထဲမှာ အားလုံးကြိတ်ပြုံးနေတယ်။ သင်္ကြန်မိုးရွာတော့မယ်လေ။ အဲဒီအချိန်မှာပဲ သင်္ကြန်မိုးက ဖြုန်းဆို သဲသဲမဲမဲရွာပါလေရော။ ဘယ်သူမှ ထီးမပါဘူး။ မိုးရွာထဲမှာ တန်းစီပြီး ပြန်ကြတယ်။ မိုးကပိုသဲလာတယ်။ လူတွေကလဲ တုပ်တုပ်ရွှဲနေပြီ။ ဖုန်တထောင်းထောင်းထတဲ့ ရွာလမ်းမက မြေတွေ စီးကပ်ချွဲကျိနေတာ လမ်းတောင် လျောက်လို့မရတော့ဘူး။ ဘယ်လိုမှ လျောက်လို့မရကြတော့လို့ ဖိနပ်တွေခ,ျွတ်လျောက်ကြတယ်။ မိန်းကလေးတွေ တစ်ယောက်နဲ့ တစ်ယောက်တွဲပြီး တုန်တုန်ချိချိနဲ့လေ။ တစ်ခါမှ မကြုံဘူးတော့ ကုန်းအဆင်းမှာတစ်ယောက်က ချော်လဲတာ ဒိုမီနိုလိုဖြစ်ပြီး ကုန်းအောက်က လူတွေပါ အကုန်လဲကျ၊ ပြန်ကုန်းထ၊ ပြန်လဲကျ၊ ရီကြမောကြ၊ အော်ကြဟစ်ကြနဲ့။ ဆူညံနေတာပဲ လူက အယောက် ရှစ်ဆယ်လောက်ရှိမယ်ထင်တယ်။ လမ်းဘေးခြုံတွေထဲက ကင်းမလက်မဲတွေ ထွက်လာတော့ မိန်းကလေးတွေ ငယ်သံပါအောင် အော်ပြေးလို့ ချော်လဲပြီး မိုးရေတွေကော ရွံတွေကော အလူးလူးနဲ့ပေါ့။ အဲဒီနေ့က ဆရာ ဆရာမတွေက ရေပက်ခွင့်ပေးလိုက်တယ်။

အဲဒီနှစ်က ကိုယ်တို့အပြာအသင်း စံပြဆုရခဲ့တယ်၊ ကိုယ်တို့အသင်းရဲ့ယောင်္ကျားလေးခေါင်းဆောင်လဲ စံပြမောင်ဆုရခဲ့တယ်။ အုပ်စုလိုက်သီချင်းပြိုင်ပွဲမှာလဲ ကိုယ်တို့အသင်း ပထမဆုရခဲ့တယ်။ အဲဒီတုန်းက သူငယ်ချင်းအချို့တွေ အခုတော့လဲ ကမ္ဘာအနှံ့ရောက်နေကြပြီ။ တစ်ကယ်လို့ အမှတ်တမဲ့နဲ့ ဒီစာစုလေးဖတ်မိလိုက်မယ်ဆိုရင် တစ်ချိန်တုန်းက သင်္ကြန်တစ်ခုရဲ့ သင်္ကြန်မိုးနဲ့ သင်တန်းလေးတစ်ခုကို အမှတ်ယလိုက်မိကြလိမ့်မယ်ထင်ပါတယ်….။

8 comments:

Anonymous said...

ဆရာမ ..
လူတွေ အကြောင်း ကို ခရီးတူတူထွက်တဲ့ အခါ၊ အလုပ်တစ်ခု အတူတူစုဝေး လုပ်ကြတဲ့ အခါမှာ ပိုပြီးသိရတယ်။
သင်္ကြန်နဲ့ ပတ်သက်လို့  ကျနော့ အတွက် ဘာမှ အမှတ်ရဖို့  ထူးထူးခြားခြား မရှိပါဘူး ။ တီးဝိုင်း တီးတဲ့ သူငယ်ချင်းတွေ ရဲ့  စင်တွေ ပေါ်တတ်ထိုင် ။
တစ်ခါခါ Backing လေးလိုက် တီးပေး၊ စင်ရှေ့ မှာလူတွေ ကျဲပါးတဲ့ အခါ မျိုးတွေ မှာ ပေါ့။
အထူးသဖြင့်တော့ လူတွေ ပျော်နေတာကြည့်ပြီး လိုက်ပျော် ။ ပြီးတော့ လူအားလုံး အမြဲပျော်ပါစေလို တွေး

ဒါပေမဲ့ ဒီလို သင်္ကြန်ငွေတွေ လွမ်းထားတဲ့ ကာလတစ်ခုမှာတုန်းက ကျနော် မြန်မာနိုင်ငံက တောင်ပေါ်မြို့ သေးသေးလေးတစ်ခုကို ရောက်တယ်။
အဲဒီ အချိန်မှာ တိုက်တိုက် ဆိုင်ဆိုင်ပဲ ဘုရားကျောင်း တစ်ခု အုတ်မြစ်ချတဲ့ အခါနဲ့ ကြုံတယ်။ တစ်မြို့ လုံး အုံးအုံးကျွက်ကျွက် အဲဒီကို သွားကြတော့ ကျနော်လဲ မြို့ ခံသူငယ်ချင်းနဲ့ ပါသွားတာပေါ့။

အဲဒီမှာ ပထမဆုံး ဘုရားကျောင်း ရဲ့ ဘုန်းတော်ကြီး က ဆုတောင်းတာတို့ ကျမ်းစာဖတ်တာတို့ လုပ်တယ်။
ပြီးတော့ တခြား ဂိုဏ်ကွဲတွေ က သင်းအုပ်ဆရာတွေ ဘုန်းတော်ကြီးတွေ ကလဲ တစ်လှည့်စီ ဆုတောင်းတယ်။
နောက် ဗုဒ္ဓဘာသူ ဘုန်းတော်ကြီးတွေ ၊ မော်လဝီ အဖွဲ့ တွေ။ တစ်ဖွဲ့ ပြီး တစ်ဖွဲ ၊့ တစ်ဘာသာပြီးတစ်ဘာသာ..ထုံးစံရှိရာ အတိုင်း အုတ်မြစ်ချ မင်္ဂလာကို လုပ်ကြတယ်။

ခုရေး ရင်တောင် ကြက်သီး ထတယ် ဆရာမရေ....
နောက်တစ်ခါ ထပ်မြင်ရဖို့ လဲ မလွယ်ဘူး ထင်ပါတယ်။

လူတွေ ရဲ့  အတ္တစီးကြောင်း ထဲမှာ မှာ ဘာသာတရားတွေကိုယ်တိုင် မြောပါလို့ .......

ဘုရားကျောင်း ဆောက်မဲ့ နေရာရဲ့ ဘေးမှာ အချိန်လွန်ပိတောက်တွေ တစ်ပင်လုံး ညွတ်လို့ .........
သူ့ နားမှာ တော့ အတ္တကလွတ်မြောက်နေတဲ့ လူပီသတဲ့ နာရီတစ်ချို့  ရှိခဲ့တယ်..

စာဖတ်သူ

Anonymous said...

စာဖတ်သူ လား စာရေးသူလား ဟင်

Anonymous said...

နစ်ခုလုံးဖြစ်မယ်

ပီတိ said...

ဘယ်လိုဖြစ်ဖြစ် သင်္ကြန်ကို သတိရသွားတဲ့ မလေး…
မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

မင်္ဂလာ ၁၃၇၀ ပါ။
အိမ့်ချမ်းမြေ့  ပျော်ပါစေ။

မိုးထက်နေ

M.Y. said...

မအိမ့်..
မင်္ဂလာနှစ်သစ်မှာ..အောင်မြင်ခြင်း၊ အဆင်ပြေခြင်းများ စွာ နဲ့  ချစ်သောသူများနှင့်အတူ ပြည့်စုံ ပျော်ရွှင်စေ..

pandora said...

မလေးရေ...
စိတ်ညစ်စရာတွေကင်း ၀မ်းနည်းစရာတွေ အလျဉ်းမရှိတဲ့ ပျော်ရွှင်ကြည်နူးစရာ နှစ်သစ်ဖြစ်ပါစေနော်.

တန်ခူး said...

လတ်ဆတ်ချိုမြတဲ့ အတိတ်နေ့တွေကို တူးဆွခံစားကြည့်တော့ ထူးခြားစွာ အဲဒီတဒင်္ဂကလဲ လတ်ဆတ်ချိုမြလို့။ ချမ်းမြေ့စရာ နှစ်သစ်ဖြစ်ပါစေ။

LinkWithin

Related Posts Plugin for WordPress, Blogger...