မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, March 11, 2008

သာလွန်းခဲ့တယ်….

နွေနေ့လည်ခင်းတွေ သစ်ပင်ပေါ်မှာ မောင်နှစ်မတွေနဲ့ ကစားတတ်တဲ့အခါမှာ အိမ်ရှေ့လမ်းပေါ်မှာ လေးဘီးကားလေးမောင်းလို့ သူ ဖြတ်ဖြတ်သွားတတ်တယ်…။ တစ်ခါတစ်ရံ သူ့ကားလေး ဖြတ်မောင်းသွားတဲ့ အခါတွေမှာ ကိုယ်တို့တွေကတော့ စိတ်လှုပ်ရှားမှုမဲ့စွာ သတိတောင် မထားမိတဲ့ အခါတွေရှိပါတယ်။ ညနေစောင်းတွေဆိုရင်တော့ သူ့ရဲ့ သီချင်းသံတွေဟာ လက်ဘက်ရည်ဆိုင်တွေမှ တဆင့် မြေနီလမ်းတွေပေါ်ကို ဖိတ်စဉ် ကျလာတတ်တယ်။ အဲဒီတုန်းကလဲ သူ့သီချင်းသံတွေကို ဘာမှ ခံစားလို့ မရခဲ့ဘူး…။ ကြိုးစားပြီး လိုက်ဆိုကြည့်သေးတယ်..။ အတည်ပေါက်လိုက် ဆိုရင်းနဲ့ သူ့ရဲ့ ဂန္တ၀င်သီချင်း တစ်ပုဒ်ဆိုရင် အသံမထိန်းနိုင်တဲ့ မောင်နှစ်မတွေကြားမှာ စိတ်ပျက်စရာကောင်းသွားတတ်တယ်..။

ဒီလိုနဲ့….
တက္ကသိုလ်တက်စ နှစ်တွေမှာ သူ့သီချင်း၊ စာသားတွေနဲ့ ပတ်သက်လို့ သူငယ်ချင်းယောင်္ကျားလေးတွေနဲ့ စကားအခြေအတင်ငြင်းခုံ ခဲ့ကြဖူးတယ်..။
သူ့ သီချင်းတွေကို ဘယ်လိုမှ ခံစားလို့ မရတဲ့ ကိုယ့်ကို သူငယ်ချင်းယောင်္ကျားလေးတွေက ဝေဖန်ကြတယ်လေ။ “အဲဒါကမှ အနှစ်တွေ၊ စာသားတွေကို ခံစားကြည့်လိုက်” လို့ ခံစားချက်အပြည့်နဲ့ ပြောဆိုနေတဲ့ သူငယ်ချင်းတွေကို မျက်လုံးပြူးပြီး ကြည့်နေလိုက်တယ်။

နူးညံ့ယဉ်ကျေးတဲ့ စာသားတွေနဲ့ အလှမ်းကွာဝေးသွားတာရယ်.. အသက်အရွယ်က စကားပြောလာတာကြောင့်ရယ်.. နှစ်တွေကြာလာတာနဲ့ အမျှ သူ့သီချင်းတွေဟာ နားထဲမှာ ညင်ညင်သာသာ စီးဆင်းစပြုလာတယ်…။

အိမ်နဘေးက သစ်ပင်မှာ.. ငှက်ဆိုးထိုးသံတွေ….” ဆိုတဲ့ တေးသွားတွေ၊ “မင်းပန်မယ်ဆိုရင်.. ကိုယ်ခူးပေးပါ့မယ် အချစ်ရယ်.. ဒါပေမယ့် ဒီပန်းကို မင်းတန်ဖိုးထားရမယ်..” ဆိုတဲ့ သံစဉ်တွေဟာ..
ပချုပ်ဆိုင်ပြူတင်းက ခန်းစီးစ မ လို့ကြည့်လိုက်ရင်… ” ဆိုတဲ့ တေးသွားတွေလိုပဲ ကိုယ့်ရင်ကို ကိုင်လှုပ်တတ်လာတယ်..။ “ကိုယ့်ရင်ဟာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလား..ဟင်” ဆိုသလိုပဲ ကျန်သူတွေတော့မသိဘူး ဒီကိုယ်ပိုင်သံစဉ်တေးသွားတွေရဲ့ တန်ဖိုးကြီးမားမှု၊ လှပဆန်းကျယ်နက်နဲမှု၊ တီထွင်နိုင်မှုပြယုဒ်တွေဟာ သီချင်းနားထောင်နေတဲ့ ကိုယ့်ရင်ကိုတော့ ဆွဲကိုင်လှုပ်တတ်လာတယ်။

တစ်ကယ်တော့ သီချင်းရေးသူတွေဟာလဲ သီချင်းဆိုသူတွေလောက် အသိအမှတ်ပြုခြင်း မခံရရှာပါဘူး။ ရေးထားတဲ့ သီချင်းလေးတွေကိုလဲ ခံစားချက်နဲ့ ပီပြင်အောင် ဆိုနိုင်တဲ့လူလဲ ရှားမှာပါပဲ။ သူကတော့ သူသီဆိုတဲ့သီချင်းတွေကို ခံစားရေးထားသူရဲ့ သီချင်းရေးဆရာရဲ့ ပွင့်အန်ချက်တွေကို မမှေးမှိန်စေပဲ ပိုမိုတောက်လက်လာအောင်ဆိုနိုင်ခဲ့သူ အနုပညာရှင်တစ်ယောက်လို့ ကိုယ်ယူဆမိပါတယ်..။

အရင်ညကတော့ သာလွန်းခဲ့တယ်….

အရင်ညကတော့ သာလွန်းခဲ့ပါတယ်…။

(ဆရာထီးကွယ်လွန်သွားတဲ့အတွက် အလွန်ဝမ်းနဲကြေကွဲပါတယ်…)

ဆရာထီးသီချင်းတွေကို လုံးဝ မနှစ်သက်ခဲ့ဖူးသော…
ဆရာထီးရဲ့ လေးဘီးကားကို သင်္ကြန်တစ်ခုတုန်းက ရေဗူဘောင်းနှင့် ပေါက်ခဲ့ဖူးသော…
xxxx လမ်းထဲက ချာတိတ်မ)

2 comments:

Anonymous said...

စိုင်းခမ်းလိတ် ... စိုင်းထီးဆိုင် သူတို့  နှစ်ယောက်ပူးပေါင်း ဖန်းဆင်းတဲ့ ဂီတစာသားတွေ... ကလေးသာသာ အရွယ်ကတည်းက စက်ဘီးပျောက်တဲ့ သီချင်းအတွဲလိုက်တွေထဲက ဘီးနံပါတ်OK 0122L ကို ကပေါက်တိကပေါက်ချာ အော်အော်ဆိုတတ်တယ်.... နောက်ပိုင်းတော့ စက်ဘီးနံပါတ်လေးကို ဟိုရွှေ့ ဒီရွှေ့ လုပ်လိုက်ရင်Look 12-2 ဆိုတဲ့ အဓိပ္ပါယ်ရှိတယ် ဆိုတဲ့ ဒုတိယ အနက်ကို ( ဖန်တီးသူတွေက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ) သဘောကျနေခဲ့ပြန်တယ်...နောက်တော့ "ဘယ်သူတွေ ပြောပြောကိုယ်ကတော့ နောက်မဆုတ်နိုင်ပါ.. .." စတဲ့ နွဲတင်အတွက် သီချင်း အတွဲတွေ ရင်ထဲရောက်လာပြန်တယ်... အဲလိုနဲ့  ကလေးဘဝ ကို ဖြတ်သန်းနေတုန်း ဝုန်းကနဲ ကြီးပြင်းလိုက်ရတဲ့ ကာလတွေမှာ "ရွာမလိုလိုသာမလိုလိုနဲ့  လေယူရာပါသွားတဲ့ မိုးတိမ်လို..."ဆိုတဲ့ "ရတနာ" ရင်ထဲပြိုဆင်းလာတယ်... မရှေးမနှောင်းပါပဲ...ဝမ်းနည်းဖို့ ကောင်းတာက သူ့ အသံချိုချိုနဲ့ "တို့ သွေးလဲ မဟုတ်တို့ သားလဲ မဟုတ်....."စတဲ့ ပျက်ယွင်းအနုပညာတွေ နားထဲ တရှိန်ထိုး ရောက်လာပြန်တယ်.. ပုဂ္ဂိုလ်ရေးအရ စိုင်းထီးဆိုင် ဆိုတဲ့လူကို ဆွဲနှုတ်သွားတယ်.. ဒါပေမဲ့ သူ့ အနုပညာက ဒီနေ့ အထိ ရင်ထဲမှာကျန်နေဆဲပဲ... ခုထိ နားထဲစွဲ နေဆဲပဲ..... ဆေးချလို့  အဖမ်းခံရတာကို တရားဝင် အရုပ်ရေးပြရဲ တဲ့ သတ္တိကို လေးစားနေတုန်းပဲ... ဘာကြောင့်လဲ တော့ မသိဘူး ..... ၁၉၉၀ နောက်ပိုင်း စိုင်းထီးဆိုင်ကို စိုင်းထီးဆိုင် အတုလို့  မြင်နေတယ်.. တစ်စုံတစ်ရာ အရ (အတ္တဖြစ်ကောင်း ဖြစ်မယ်)ကိုယ့်ကိုယ်ကို ထိုးကျွေးလိုက်ရတဲ့ အနုပညာသည်... ကိုယ့် ကို ကိုယ် လက်နက်ချတဲ့လူ တစ်ယောက်လို့  မြင်နေတယ်...
ကိုထီးရေ..."အနုပညာကို ငွေဆိုတဲ့ဘုရားအတွက် ပျော်တော်ဆက်ဖို့ ရာ မဖြစ်စေလိုပါ.......သူတောင်းစားသာသာ" ဆိုတဲ့ သီချင်းလေး အတိုင်း ခင်ဗျား နေထိုင်မသွား နိုင်တာကို တော့ ခုထိ အားမလို အားမရဖြစ်နေတုန်းပဲ.....တကယ်လို့ နောက်တစ်ခါ ရှိဦးမယ်ဆိုရင် ကြောက်ရွံ့ ခြင်းကင်းသော..စိတ်နဲ့ ရုပ်တစ်သားထဲ ဖြစ်သော "စိုင်းထီးဆိုင်" ဖြစ်စေချင်တယ်... အနုပညာကို ဇွတ်တရွတ် ကဲ့ထုတ်တူးဆွ အသုံးချတတ်တဲ့ အစိုးရတွေ နဲ့ လဲ ဝေးစေချင်တယ်...... မည်သို့ ပင်ဖြစ်စေ ၁၉၉၀ အရင်က ကိုထီး ကို ပြည့်ပြည့်ဝဝ လွမ်းတယ်....
(ဆရာမရေ.. ကျနော့ကြောင့် ဆရာမ ပိုစ့် ရုပ်ပျက်သွားရင် ခွင့်လွတ်ပါ)
စာဖတ်သူ

တန်ခူး said...

အိမ့်ရေ...တို့ငယ်ငယ်ကလဲ ထီးဆိုင် မကြိုက်ခဲ့ဘူး။ သူ့သီချင်းတွေကို ခံစားတတ်လာတာ အိမ်ထောင်ကျပြီးမှပါ။ ထီးဆိုင်ကြိုက်တဲ့ တို့အမျိုးသားရဲ့ အခွေတွေ၊ သီချင်းစာအုပ်တွေက တဆင့် သူ့သီချင်းတွေ စွဲငြိခဲ့တယ်။ တကယ် ကြေကွဲစရာ ဆုံးရှူံးမှူပါ။

LinkWithin

Related Posts Plugin for WordPress, Blogger...