မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, February 23, 2008

လမင်းရှိုက်သံ

ပတ်ဝန်းကျင်မှာ ကြယ်လေးတွေ ရင်ခုန်စွာ တလက်လက် အရောင်ဖြာနေကြသည်။ နေရောင်က တည့်တည့်ကြီး ထွန်းလင်းနေလို့ မျက်လုံးတွေ ကျိမ်းစပ်နေသည်။ မျက်စောင်းထိုးက လည်နေတဲ့ အပြာရောင် အလုံးတစ်လုံးကတော့ တစ်နှစ်ကုန်လေ အရောင်ဖျော့လာလေ။ နောက်တစ်နှစ်ရောက်လေ အရောင်ဖျော့လာလေ။ အရင်နှစ်တွေတုန်းကတော့ အပြာပေါ်မှာ အဖြူငွေ့လေးတွေသန်းပြီး ကြည့်လိုက်တိုင်း မျက်စိအေးစရာ။ အခုတော့ မိုးပြာရောင်ကနေ မှိုင်းပြာပြာအရောင်လိုလို ညိုတိုတိုအရောင်လိုလို ဖြစ်မှန်းမသိဖြစ်လာနေသည်။
နေမင်းက တဖြည်းဖြည်းနှင့် အပြာလုံးနောက်ကို ပုန်းကွယ်ဖို့ ကြိုးစားနေသည်။ နေရောင်ညို့မှပဲ ဒီအပြာရောင်အလုံးကို သေသေချာချာ ကြည့်နိုင်တော့မည်။

အခုတော့ ဟိုဘက် အလင်းဘက်အခြမ်းကို မသိမသာ ငုံ့ကြည့်လိုက်သည်။ ခြောက်သွေ့ကွဲအက်နေတဲ့ ကန္တာရဟင်းလင်းပြင်တွေထဲက ဆူးပင်တွေ၊ မြက်ပင်တွေ။ ခပ်လှမ်းလှမ်းမှာတော့ စိမ်းညို့တဲ့ တောအုပ်တွေ၊ ဒီဘက်မှာတော့ ထိုးထိုးထောင်ထောင် ကွန်ကရစ်အပုံတွေနားက အငွေ့တလူလူထွက်နေတဲ့ မဲမဲခေါင်းတိုင်တွေ။ ရုတ်တရက် ငှက်တစ်အုပ် ၀ရုန်းသုန်းကား ထပျံလာသည်။ သူတို့၏ လည်ချောင်းကွဲမတတ် ချောင်းဆိုးသံတွေကို ကြားလိုက်ရတော့ စိတ်မသက်သာစွာ သက်ပြင်းချမိသည်။

ဒီဘက်ခြမ်းမှာတော့ အမှောင်ရိပ်ကျနေတာတောင် ကားသံတွေ၊ နီယွန်မီးတွေ၊ ပူလောက်ပြင်းလျှတဲ့ လျှက်စစ်တေးသွားတွေ၊ ပြောင်လက်တဲ့ ကြမ်းပြင်တွေပေါ်က ချွန်ထက်တဲ့ ဒေါက်မြင့်ဖိနပ်တွေ၊ အမြှုပ်တစီစီထနေတဲ့ သေရည်တွေ၊ အိမ်တွေထဲကလွှတ်ထုတ်လိုက်တဲ့ အပူငွေ့တွေ။ နှစ်ဆယ့်လေးနာရီ လည်ပတ်နေတဲ့ စက်ရုံတွေ။
ခပ်ဝေးဝေးမှာ မဲမဲတစ်အုပ် အားအင်ချိနဲ့စွာ အဝေးကြီးကို ပျံသန်းသွားနေသည်။ ပျားတွေပါလား။ သူတို့ လမ်းမှားနေပြီ၊ သွားရမယ့်နေရာနဲ့ ဆန့်ကျင်ဘက်ကို ပျံသန်းသွားနေကြပါလား။




“ဟဲ့ မိန်းမ နင်ဘာလို့ ငိုနေတာလဲ”

“ငါ့ယောင်္ကျား အိမ်ပြန်မလာ ၂ရက်ရှိပြီလေ.. ဟင့်အင့်”

“ဟင်.. နင့်ယောင်္ကျားပါ ပြန်မလာဘူး၊ ဟုတ်လား”

“ရွှတ်.. ဟုတ်တယ်ဟာ မွေးကင်းစလေးနဲ့ ငါ့မှာ ဒုက္ခရောက်နေပြီ”

“အေး.. ရွာထဲမှာလဲ ပန်းဝတ်ရည် သွားသွားယူတဲ့ ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ပျောက်သွားတယ်။ ငါတို့ ဘုရင်မလဲ တော်တော်စိတ်ပူနေပြီ”

“အေး ငါကြားတယ်။ အရှာထွက်တဲ့ သူတွေပါ ပြန်မလာဘူးကြားတယ်.. ဒါပေမယ့် ဒါပေမယ့်.. အင့်ဟင့် ငါ့ယောင်္ကျားလဲ တစ်ယောက်အပါအ၀င်ဖြစ်မယ်လို့ ငါမထင်ခဲ့မိဘူးဟာ”

“တောက်.. တော်တော် လူမဆန်တဲ့ လူတွေ”

“ဟင်.. ဘာဖြစ်လို့လဲ”

“သူတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးလွယ်ကူဖို့ သူတို့ ကိုင်ကိုင်နေတဲ့ ဟိုရှည်ရှည်သေးသေး အသံမြည်တဲ့ ဟာတွေကြောင့် ငါတို့တွေရဲ့ မိသားစု ဘ၀တွေ ပျက်စီးနေရတာ၊ တောက်!”

“ဟင်.. ငါတို့ ဘာဆက်လုပ်ကြမလဲ..”

“ဒီ လှိုင်းတွေနဲ့ ဝေးရာ တစ်ရွာလုံး ပြောင်းပြေးကြတာပေါ့ဟာ”



“မေမေ၊ သမီးကို ဆဲလ်ဖုန်းတစ်လုံးလောက် အသစ်ဝယ်ပေးပါ”

“ဟင်.. အခုကိုင်နေတဲ့ ဆဲလ်ဖုန်းက ဘာဖြစ်လို့လဲ၊ အသစ်ကြီး ရှိသေးတယ်”

“အာ.. မေမေကလဲ၊ ဒိတ်အောက်နေပြီ၊ သမီး သူငယ်ချင်းတွေ ကိုင်တာလေးတွေဆို လှမှလှ”

“ဟဲ့ ဒီဖုန်းက တစ်နှစ်ပဲ ကိုင်ရသေးတယ်မဟုတ်လား”

“ဟင့်အင်း ဟင့်အင်း၊ မရဘူး၊ အသစ်ပဲလိုချင်တယ်”

“ကဲကဲ.. မနက်ဖြန် Rogers ကိုဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား”

“ဟေးးး ဒါမှ တို့မေမေကွ၊ ရွှတ်”




“စိတ်မကောင်းဘူးဟာ..”

“ဘာဖြစ်လို့လဲ”

“ငါ့ဆရာသမား ဆေးခန်းသွားတာ ငါလိုက်သွားတယ်၊ သူတို့ကလေးမရနိုင်တော့ဘူးတဲ့၊ ဆရာ့ အရည်အတွက်က သုညနီးပါးဆိုလား ပြနေတယ်။ နောက်ပြီး Motility နဲ့ Morphology နှုန်းတွေကလဲ ငါးဆယ်ရာခိုင်နှုန်းအောက်၊ သူတို့ ဒီတစ်သက် ကလေး မရနိုင်တော့ဘူး”

“မင်းကြောင့်လို့ထင်နေလား…. တစ်ခြားအကြောင်းတွေလဲ အများကြီးဖြစ်နိုင်တာပဲ”

ထင်တယ်၊ ငါ့ကိုယ်ထဲက ပလတ်စတစ်၊ ကော့ပါး၊ ဖန်၊ ကိုဘော့၊ လစ်သီယမ်၊ ကာဘွန်၊ နီကယ်၊ သတ္တု၊ ဇင့်၊ ငွေ၊ ခရိုမီယမ်၊ တမ်တလမ်၊ ကဒ်မီယံ၊ မာကျုရီ၊ ဘယ်ရီလစ်ယမ်၊ အင်တီမိုနီ၊ ရွှေ၊ ခဲ၊ တစ်ခုခုရဲ့ လက်ချက် မဖြစ်နိုင်ဘူးလား၊ အထူးသဖြင့် ခဲ နဲ့ ခရိုမီယမ်က အဆိပ်တွေလေ၊ ငါ့ကို ညညခေါင်းအုံးအောက် ထားအိပ်တာ နှစ်ရှည်လများဆိုတော့…

မင်းကလဲ မကြောင်စမ်းပါနဲ့၊ မင်းတို့ငါတို့ဖုန်းတွေရဲ့ ကိုယ်ထဲကထုတ်လွှတ်တဲ့ လှိုင်းတွေဟာ သူတို့သုံးနေတဲ့ တခြား ပစ္စည်းတွေထဲမှာလဲ ရှိတာပါပဲ၊ ရုံးသုံး မိတ္တုကူးစက်တွေ၊ ကွန်ပြူတာတွေ ထားလိုက်ဦး၊ စားပွဲတင်နာရီတစ်လုံးထဲမှာတောင် ရှိနေတာပဲ”

Colony Collapse Syndrome ကျတော့ကော

စီးပွားရေး သမားတွေရဲ့ လှည့်ကွက်ဖြစ်နိုင်တာပဲလေ

“ဟူး.. မသိတော့ပါဘူးကွာ”




နေမင်းက အပြာရောင်အလုံးနောက်ကို တည့်တည့်ကြီး ပုန်းကွယ်သွားသည်။ အရိပ်မဲတစ်ခုက ကိုယ့်ကို လုံးဝဖုံးလွှမ်းသွားသည်။ အပြာရောင်လုံးကို ကိုယ် မမှိတ်မသုန် ကြည့်နေမိသည်။ ကိုယ့်တစ်ကိုယ်လုံး မဲမဲမှောင်သွားသည်ကို ကြည့်ပြီး ဘာကြောင့်မှန်းမသိ၊ တိုင်းပြည်၏ မင်းအချို့ တုန်လှုပ်နေကြသည်။ ပညာရှင်အချို့က မှန်ဘီလူးခပ်ကြီးကြီးများနဲ့ ထိုးချိန်ထားသည်။ ကလေးတွေနဲ့ လူကြီးအချို့ စိတ်လှုပ်ရှားနေကြသည်။ အချို့ကလဲ ကိုယ့်ကို မကြည့်ဖို့ တားမြစ်ကြသည်။




ကော်ဖီခွက်ထည့်သည့် ခွက်ကလေးထဲက ဖုန်းက တုန်ခါလာသဖြင့် ကောက်ကိုင်လိုက်သည်။

“ဟလို”
“…..”
“ဟုတ်ကဲ့ အိမ့်ချမ်းမြေ့ပါ”
“……”
“ဟွန်း၊ လူကို လာစနေတယ်”
“……..”
“ဟင်.. ဟုတ်လား၊ လငပုပ်ဖမ်းနေတယ်… ဟယ်ဟုတ်ပါရဲ့၊ ကင်မရာမပါလာဘူး”
“….….”
“အင်း.. လမ်းဘေးမှာ ကားရပ်လိုက်ပြီး ဖုန်းနဲ့ လှမ်းရိုက်လိုက်ဦးမယ်… အိုကေနော်.. ဘိုင်”
……….
……….
“ဟင်း.. ဖုန်းနဲ့ လငပုပ်ဖမ်းတာကို ဘယ်လိုရိုက်လို့ရမလဲ. .. ငါကလဲလေ..။ ငါ့ဆဲလ်လေးလဲ ဟောင်းနေပြီ”
အသစ်တစ်လုံးတော့ ၀ယ်ဦးမှ.. ဒါနဲ့ဒီဆဲလ်အဟောင်းလေး ဘာလုပ်ရရင်ကောင်းမလဲ၊ recycle တော့လုပ်ရမယ်။




ပင်လယ်ပြင် မဲမဲတစ်ခု….။
ပင်လယ်ပြင်လား.. မဟုတ်၊ မဟုတ်ပါ။
ချမ်းသာသောဒေသများမှ မလိုအပ်လို့ ပစ်လိုက်သော ကွန်ပြူတာအဟောင်းများ၊ စက်ဟောင်းများ၊ တာရာအဟောင်းများထံမှ အရည်မဲမဲတွေ ခပ်ဖြည်းဖြည်း ယိုစီးနေသည်။ ထိုအရည်မဲမဲတွေက အမှိုက်ပုံကြီးထဲ၌ အလုပ်လုပ်နေသော ကလေးသာသာ လူမမယ်လေးများ၏ ခြေထောက်တွေအောက်မှ ဖြတ်စီးကာ သစ်ပင်တွေထဲသို့ မြေပြင်ထဲသို့… ပင်လယ်ထဲသို့ ……

(ဓတ်ပုံများကို ဂူဂဲလ်ဒေါ့ကွန်းမှ ရယူပါသည်)
Photo credit to various photographers/contributors from images.google.com

9 comments:

မိုးထက်နေ said...

တကယ်တော့ လူမမယ်လေးတွေ မှမဟုတ်ပါဘူး .. အရွယ်ရောက်ပြီးသား လူပုဂ္ဂိုလ်တွေတောင် မျှော်လင့်ချက် ဆိုတဲ့ အလင်းလေး မငြိမ်းသေးသမျှ အမဲရောင်အဆိပ်ရည်တွေ ထဲက သူတို့ မနက်ဖြန်ကို လိုက်ကောက်နေဦးမှာပဲ.... မျှော်လင့်ချက်အလင်ရောင် ကလေး ငြိမ်းသွား ရင်တော့ မျက်စိရှေ့ ရွှေတွေ ထွက်လာရင် တောင် အသိအမှတ်ပြု မယ်မထင်တော့ဘူး ..
မိုးထက်နေ

တန်ခူး said...

တိုးတက်မှူတွေကပဲဆုတ်ယုတ်မှူကိုတပါတည်းခေါ်လာခဲ့တယ်အိမ့်ရယ်။ လမင်းလေး အငိုတိတ်ဖို့...။

Anonymous said...

မလေး

မလေးရဲ့ ကီးဘုတ်ကနေပဲ ရိုက်သွားရတယ်။ ဒီနေရာလေးက လှလိုက်တာ မလေးရယ်... စမ်းသပ်ဆဲလက်ရာကိုလည်း နှစ်ပတ်လည်တဲ့အထိ ကြည့်သွားတယ်။ သောကြာကြယ် ထပ်မပေါ်လာသေးဘူးနော်။ ဟိုးအရင်က ကဗျာလေးတွေ ပြန်ဖတ်နေတယ်။ တစ်ရေးနိုးသော် အကြံပေါ်တဲ့၊ နောက်တစ်ခါကျတော့ သေချာတွေးပြီးသား ဝေဖန်ရေးလေးတွေ လာပေးမယ်နော်။ မလေးရဲ့ အတွေးတွေကို အရေးနဲ့ပုံဖော်တာ အရမ်းသဘောကျတယ်။ လမင်းရှိုက်သံကို တိုးတိုးလေး ဖတ်သွားတယ်။ မထင်မှတ်ဘဲ ညီမလေးဆီက ထွက်သွားမိမှာစိုးလို့... အဲဒီရှိုက်သံလေ။

အေးချမ်းသူ

တန်ခူး said...

နေကောင်းရဲ့လားညီမလေးရေ။ အသစ်တွေ ဖတ်ချင်တယ်။ လွမ်းတယ်။

myatnoe said...

မလေးရေ..
မလေးစာတွေကို သဘောကျလို့ မြတ်နိုးဘလော့မှာ လင့်ချိတ်ခွင့်ပေးပါနော်။ ဘလော့ကတော့ မပီးသေးပေမဲ့
ကြိုခွင့်တောင်းတာပါ။

khunmyahlaing said...

ပညာပေး အားနည်းသေးတဲ့ နိုင်ငံတွေပေါ် ရောက်ရင် နိုင်ငံသားတွေ အတွက် ၀မ်းနည်းတဲ့ လမင်းကတော့ ငိုရှိုက်နေဦးမှာပါပဲ

myatnoe said...

မလေး...
ဘလော့လုပ်ပီးသွားလို့ လာလည်ဖို့ ဖိတ်ပါတယ်နော်..

မြတ်နိုးဘလော့က

yuyamyatnoe.blogspot.com

ဒီဝိုင်း said...

မလေးရေ…ပျားတွေဘယ်ရွာကိုပြောင်းသွားလဲဗျို့…

myatnoe said...

ကျေးဇူးပဲနော် လာအားပေးလို့..

LinkWithin

Related Posts Plugin for WordPress, Blogger...