မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, February 17, 2008

ငွေရောင်မြစ်

ဒီမြစ်ကမ်းက ရေစီးသန်နေသည်။ လရောင်အောက်က မြစ်ပြင်မှာ ငွေရည်တွေ စီးဆင်းနေသည်။ မြစ်ကမ်းတစ်လျှောက်မှာတော့ ရောင်စုံပန်းတွေက ဖူးပွင့်ဝေဆာ လေယူရာတိမ်း ယိမ်းနွဲ့ဝေေ၀။ သောင်ကမ်းလေအောက်က သူမ၏ ဆံပင်တွေလဲ ဆောက်တည်ရာမဲ့ မျောလွင့်နေသည်။ သူမ ခြေထောက်တွေကတော့ ရွှံတွေ အလိမ်းလိမ်းပေကျံနေသည်။ မြစ်ကမ်းစပ်က ရေကို ခြေချောင်းတွေနဲ့ ထိကြည့်မိသည်။ အေးစက်လွန်းလှပါလား။ သူမ နောက်ကို လှည့်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက တောင်ကုန်းပေါ်က မိုင်တိုင်တွေက လရောင်အောက်မှာ မှုန်ရီရီ တန်းစီနေသည်။ အချို့မိုင်တိုင်တွေက ထောင်မတ်နေသည်။ အချို့က သန့်ရှင်းပြောင်လက်နေသည်။ အချို့က အိုမင်းဟောင်းနွမ်းနေသည်။ အချို့က ဆွေးမြေ့လို့ တစ်စစီပြိုကျနေသည်။ မိုင်တိုင်အချို့ပေါ်မှာ အောင်မြင်မှု သရဖူတွေရှိနေသလို၊ အချို့ကတော့ ဓားဒဏ်ရာတွေ မွစိတက်နေသည်၊ အချို့မိုင်တိုင်တွေက ကျောက်သံပတ္တမြားတွေ စီခြယ်ထားပေမယ့် အချို့တိုင်အောက်မှာတော့ ခြုံနွယ်တွေပြုံထနေသည်။ အချို့မိုင်တိုင်တွေပေါ်မှာလည်း ဆူးနွယ်တွေ ရစ်ပတ်ပြီး တိုင်ထိပ်ထိ ထိုးတက်နေကြသည်။

မြစ်ကမ်းနဖူးက သစ်တစ်ပင်အောက်မှာတော့ လှုပ်လှုပ်ရွရွ လူတစ်စု။ အချို့က ထွေရာလေးပါးပြောဆို ရယ်မောနေကြသည်။ အချို့ကတော့ ပခုံးတွန့်လိုက် မဲ့လိုက် ရွဲ့လိုက်နဲ့ သူမ အကြောင်းပြောနေကြသည်ကို လေအဝှေ့မှာ ပျံ့လွင့်လာတဲ့ စကားသံများမှ တဆင့်ကြားနေရသည်။ အချို့ကတော့ သူမကို သံယောဇဉ်မပြတ်တဲ့ မျက်ဝန်းများနှင့်ကြည့်နေကြသည်။ အချို့ကလည်း သူမရဲ့ ကောင်းကွက်လေးတွေကို ရွေးပြီး တီးတိုးစကားဆိုနေကြသည်။

သစ်ပင်ပေါ်မှာ သူမက ချစ်ရပြီး သူမကိုလဲ ပြန်ချစ်သူတွေ၊ ချုံပုတ်လေးနားမှာတော့ သူမ ချစ်ပေမယ့် သူမကို ပြန်မချစ်သူတွေ၊ တောင်ကုန်းအောက်မှာတော့ သူမ မချစ်မနှစ်သက်ပြီး သူမ ကိုလည်း မချစ်မနှစ်သက်သူတွေ၊ သောင်ပြင်ပေါ်မှာတော့ သူမ စိတ်ထဲမှာ ဘယ်လိုမှမရှိပေမယ့် သူမကိုတော့ လွမ်းမောနေသူတွေ၊ အားကိုးနေသူတွေ။

ရုတ်တရက် လေခပ်ပြင်းပြင်းတိုက်ခတ်လိုက်သည်။ သူမ၏ လက်အတွင်းမှ စာရွက်စာတမ်းအချို့လေနှင့်အတူ လွင့်ပါသွားသည်။
သူမ နှမြောတသစွာဖြင့် လိုက်ဖမ်းရန် ကြိုးစားသည်။ လက်ထဲက အ၀တ်အိတ်ကို သောင်စပ်မှာ ပစ်ချလိုက်ပြီး တုန်တုန်ယင်ယင်နှင့် လိုက်ဖမ်းသည်။ ဘေးကရပ်ကြည့်နေသော လူတွေကို လှမ်းအကူအညီတောင်းသည်။ မည်သူမျှ မလှုပ်။ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ၊ စိုက်ထုတ်ပြီး ရထားသော ဘွဲ့လက်မှတ်နှင့် ဒီပလိုမာလက်မှတ်တွေ၊ နောက်ပြီး သူမ၏အိမ်ဂရံတွေ၊ အခြားပိုင်ဆိုင်မှုတွေ၏ စာရွက်တွေ၊ နောက် သူမ အမြတ်နိုးဆုံးသော ကဗျာတို၊ ကဗျာစ၊ စာတိုပေစတွေ။ သူမ ၀မ်းနည်းကြေကွဲစွာ သောင်စပ်တွင် ထိုင်ချလိုက်မိသည်။ အတန်ကြာကြာ ငေးနေပြီးမှ သတိရလိုက်ပြီး ချထားသော အိတ်ကိုလှမ်းကြည့်လိုက်သည်။ သူမချထားသော အ၀တ်ထုပ်က ရေစီးနှင့်အတူ တရွေ့ရွေ့ မျောပါသွားနေသည်ကို လှမ်းတွေ့လိုက်ရသည်။ ဒီတစ်ခါတော့ လိုက်ဆယ်ရန် မကြိုးစားတော့။ သဲတွေထဲမှာ ထိုင်ပြီး သည်အတိုင်း ငေးနေမိသည်။

သူမ လေးတွဲ့စွာ မတ်တပ်ရပ်လိုက်သည်။ သဲပြင်ထဲသို့ ခြေထိုးထည့်ပြီး ညာဘက်ကို လှမ်းကြည့်လိုက်သည်။ သူမ မခွဲနိုင်ဆုံးသော သူ နှစ်ယောက်...။ သူတို့၏ ပါးပြင်များမှာ ငွေရည်တွေ တွဲလွဲခိုနေသည်။ ဟိုဘက်ကမ်းကို သူမ မျှော်ငေးလိုက်သည်။ လရောင်အောက်က အုန်းပင်တွေ အရောင်လက်နေသည်။ ဟိုဘက်ကမ်း သောင်ပေါ်မှာ တောက်လက်နေတဲ့ မျက်လုံးဝိုင်းတစ်စုံကို သူမ လှမ်းမြင်လိုက်ရသည်။ သူမ နှုတ်ခမ်းတွေ တဖြည်းဖြည်း ပြုံးလာသည်။ ဖိနပ်မပါသော ခြေထောက်အောက်က သဲမာမာ စိုစိုတွေကို ဖိနင်းရင်း ကမ်းစပ်က လှေသမားဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာသည်။ လှေသမားက သူမထံသို့ လက်ကမ်းသည်။ သူမက လှေသမား လက်ထဲသို့ တစ်စုံတစ်ရာ ထည့်ပေးလိုက်သည်။

လရောင်အောက်မှာ ကူးတို့ခ ငွေပြားလေးက လင်းလက်သွားပါတော့သည်။

9 comments:

ပန်းဦးနွေ said...

ငါ့ချစ်ခြင်းတွေမှာ မျှော်လင့်ခြင်းတွေ မငြိတွယ်စေတော့ဘူး
လွတ်လပ်စွာပဲ ပျံသန်းပါစေလေ.
ကာရန်တွေကို နာခံလို့
သံချိုသာစွာ သီကျူးတတ်ခဲ့သည်
ငါ…
ချစ်တတ်ပြီ…

ငါ့ရင်ခုန်သံတွေမှာ ဘာသာပြန်တွေ မထည့်သွင်းတော့ဘူး
စစ်မှန်စွာပဲ ရှိပါစေလေ.
တမ်းတမှုတွေကို အဖော်ပြုလို့
စိတ်မှန်းနဲ့ မင်းဆီရောက်ခဲ့ပြီ
ငါ…
လွမ်းမိသည်…

ငါ့နံရံတွေမှာ ပန်းချီကားတွေ မချိတ်ဆွဲတော့ဘူး
အဖြူထည်ပဲ ရှိပါစေလေ.
တွေဝေခြင်းတွေကို နှုတ်ဆက်လို့
အတွေးစဉ်တွေကို ပြတ်စဲစေခဲ့သည်
ငါ…
လွတ်လပ်ပြီ….

ငါ့လှေငယ်မှာ ကြိုးတွေ မချည်နှောင်တော့ဘူး
ရည်ရွယ်ရာ သွားပါစေလေ.
ကြားမိတဲ့ ခေါ်သံကို နားစွင့်လို့
မင်းဆီကို ရွက်လွှင့်ခဲ့သည်
ငါ…
လှမ်းခဲ့မည်…

ဒီစာလေးကိုဖတ်ပြီး ကောက်ခြစ်မိလိုက်တဲ့ အတွေးစ တစ်ချို့ပါ မအိမ့်ချမ်းရေ...

အားပေးနေပါတယ်ရျင်...

ပန်းဦးနွေ

Anonymous said...

မလေး
သစ်ပင်ပေါ်မှာ ထိုင်နေတဲ့အထဲ ပါချင်တယ်။ ဒါပေမဲ့ အမြင့်ကိုတော့ ကြောက်တယ်။

မလေး အေးချမ်းပါစေ။

အေးချမ်းသူ

ဒီဝိုင်း said...

မလေးနေရာက ဝင်ရောက်ခံစားသွားပါတယ်..

Anonymous said...

ဆရာမ
ဇာတ်လမ်းကို ဖတ်ပြီး ကျနော်တော့ သေလို့ ရတယ်။ ကျနော်ကလဲ ဝတ္ထုတွေ၊ အက်ဆေးတွေ၊ အာတီကယ်တွေကို ဖတ်ပဲဖတ်တတ်တာ မရေးတတ်တော့ ဘာပြောရမှန်းတောင်မသိဘူး။
ကျနော် သာ စာရေးတတ်ရင် မျက်လုံးဝိုင်းလေး က ဟိုဘက်ကမ်းကနေ သူမရဲ့ ဖြစ်တည်မှု ကို စောင့်ကြည့်ပျော်ရွှင်နေတာ မျိုးပဲ ရေးမိမယ်။
ဒါမှ မဟုတ် ဒီဘက်ကမ်းမှာပဲ မျက်လုံးဝိုင်း လေးကို ထားမယ် .. ကူတိုးခ ပေးပြီးသွား ဖို့ မလိုဘူးပေါ့။
ဒါမှ မဟုတ် မျက်လုံးဝိုင်းလေး အကြောင်း ကို သူမကို ပေးမသိနဲ့ ပေါ့။
ကျနော့ အမြင် ဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်အားလုံး ဒုက္ခရောက် ကုန်သလိုပါပဲ။
ကျနော့ စိတ်ထင် မျက်လုံးဝိုင်းလေး တစ်ယောက်ပဲ ဟိုဘက်ကမ်းမှာ ထားလိုက်ရင် အရာရာ အဆင်ပြေသွား မယ်ထင်တယ်။
ကျနော် ကလဲ ခုထိ ဝတ္ထုကို ဝတ္ထုလို မဖတ်တတ်သေးတော့ ဆရာမ ပေးချင်တဲ့ Message ကို သိပေမဲ့ ကျနော် မခံစားနိုင်ဘူးဖြစ်နေတယ်။
အပြင်မှာတော့ စာရွက်တွေ လိုက်ဖမ်းနေမှာပဲ လို့ တွေးရင်း စိတ်ဖြေလိုက်ပါတယ်။
ဆရာမ စာဆက်ရေးပါ.. အားပေးနေပါတယ်။
စာဖတ်သူ

ဂျစ်တူး - gyit_tu said...

ဒါဖတ်ပြီး ကိုယ်လိုချင်ရာ ဆွဲတွေးသွားတယ် ... ။

ဂျစ်တို့တတွေ ခုတလော အပြာရောင်တွေနဲ့ နပန်းလုံးနေရသလိုပဲ ။

May Burma said...

တနေ့ တချိန် ဒီလို ကြုံကြရမှာပါဘဲ..

လောလောဆယ်တော့ လုပ်စရာရှိတာလုပ်ကြတာပေါ့....

အားတင်းထားပါ.. ဟိုဘက်ကမ်းကိုကြည့်မနေနဲ့ ..

ကူးဘို့ လဲကြောက်မနေနဲ့ နော်..

နေ့ စဉ် ပျော်ရွှင် နိုင်ပါစေ...

ခွန်မြလှိုင် said...

မလေး ရည်ညွန်းချင်တဲ့ အမေအိုကို လှိုင်မြင်မိ သလိုပဲ မလေးရေ.. အားနာ သနား မိပါတယ်.. ကိုယ်လဲ တနေ့ ဒီလိုပဲ ဖြစ်မယ် ထင်ရဲ့.. လိုက်ဖမ်းစရာနဲ့ ချထားစရာ မများတာတော့ သေချာပါတယ်

တန်ခူး said...

စကားလုံးတွေပျောက်ဆုံးသွားတယ်။ Lခွန်းရီသီချင်းလေးကိုသတိရလိုက်မိတယ်။

honey said...

ကြေကွဲစရာကောင်းလိုက်တာ

LinkWithin

Related Posts Plugin for WordPress, Blogger...