မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, February 11, 2008

သောကြာကြယ် - ၆

ထိုနေရာလေးက အမြဲလိုလို လေပြင်းပြင်း တိုက်ခတ်နေတတ်သည်။ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေလဲရှိသည်။ ကောင်းကင်ပြာအောက်က မြင့်မားလှတဲ့ စနိုးဖုံးတောင်တန်းတွေကို နောက်ခံထားလို့ ခပ်လှမ်းလှမ်းက စိမ်းပြာရောင် တောင်တန်းတွေရှေ့က လယ်ကွင်းတွေက ထူးမ မျက်စိကို အေးစေသည်။ လယ်ကွင်းတွေရဲ့ဘေးမှာကတော့ ရေကန်ပြာတွေ။ ကုန်းထိပ်က ခုံတန်းလျားမှာ ထူးမ သွားထိုင်တိုင်း လေတွေထဲက သစ်ရွက်ခတ်သံတွေနဲ့အတူ သစ်ပင်ပေါ်က ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို ကြားရတတ်သည်။ ထိုနေရာလေးက ထူမးနေတဲ့အိမ်နဲ့ သိပ်တော့ မဝေးလှ။ ၂နာရီလောက်မောင်းသွားလိုက်တာနဲ့ လူသူနဲတဲ့ မြို့သေးသေးလေးရဲ့ တောင်ကုန်းလေးထိပ်မှာရှိသောနေရာလေးဖြစ်သည်။


ထိုတောင်ကုန်းထိပ် သစ်ပင်လေးအောက်က ခုံတန်းလေးရှိတဲ့ နေရာကတော့ ၁၉၅၄ ခုနှစ်ထဲက ဘုန်းကြီးတွေကိုယ်တိုင် ဆောက်ထားတဲ့ ဘုရားရှိခိုးကျောင်းဝင်းကြီးထဲက ခုံတန်းလေးပဲဖြစ်သည်။ နံနက်ဝေလီဝေလင်းမှာ လယ်ကွင်းတစ်လျောက် သာယာငြိမ့်ငြောင်းတဲ့ ခေါင်းလောင်းသံက ဝေ့၀ဲပျံ့လွင့်တတ်သည်။ ပြီးတော့ ဓမ္မတေးသံတွေက ထူးမ လာထိုင်နေကျ သည်ခုံတန်းလေးဆီကို ရောက်လာတတ်သည်။

ထိုဘုရားကျောင်းလေးဆီ ကျောင်းအားရက်၊ ရုံးအားရက်မှာ ထူးမ မကြာခဏ ရောက်ဖြစ်သည်။ ပူလောင်ပြင်းပြတဲ့ လူ့ဘ၀တွေမှ ထွက်ပြေးလိုသည့်အခါ ပိုရောက်ဖြစ်သည်။ ငယ်ရွယ်တဲ့ထူးမ ဘ၀ကို ကစားပွဲတစ်ခုလို ကစားကြည့်၊ စွန့်စားကြည့်ချင်ခဲ့ပေမယ့် တစ်ကယ်တမ်း ရင်ဆိုင်၊ ပူလောင်မှုတွေနဲ့ ကြုံတွေ့ရသည့်အခါ၊ ဘ၀ကို အရှုံးပေးလိုသည့်အခါတိုင်း ဒီတရားရိပ်မှာ ခိုဝင်ချင်စိတ်တွေက ချိုးနှိမ်လို့မရ။ အထူးသဖြင့် အိမ်ကိုမခွဲဘူးသည့်ထူးမ၊ ဖေဖေ၊ မေမေ၊ ညီမလေး၊ ထူးမ၏ သံယောဇဉ်ဦးနှင့် သူငယ်ချင်းတွေကို လွမ်းသည့်စိတ်၊ မြန်မာပြည်ကို လွမ်းသည့်စိတ်နှင့် ရင်ဘတ်တစ်ခုလုံးကို မီးနှင့် မြိုက်နေသလိုခံစားနေရသည်။ လွမ်းတာမှ လမ်းမပေါ်က အုတ်ခဲရောင် ရေအိုင်ကွက်တွေ၊ ကုတ်ချောင်းချောင်းသွားနေတဲ့ ခွေးလေခွေးလွင့်တွေကအစ၊ လမ်းထောင့်က ဘယာကြော်နံ့တွေ၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်က ရာဘာစက်ရုံက ဆိုးဆိုးဝါးဝါး အနံ့တွေက အဆုံး၊ အရာအားလုံးကို ရင်တစ်ခုလုံး မရှိတော့ သလိုကိုလွမ်းသည်။

ထူးမ မေမေနှင့်ဖုန်းပြောတိုင်း မေမေက ဖုန်းထဲမှာ ငိုယိုပြီး အိမ်ကိုပြန်ခေါ်သည်။
“တိုးတက်တိုင်း ကောင်းတယ်လို့ ဘယ်သူပြောလဲ၊ ပြန်လာခဲ့။ မေမေတို့ လုပ်ကိုင်စားသောက်ကြမယ်”
ဖေဖေကတော့ ဖုန်းနောက်တစ်လုံးနှင့် ဒီဆုံးဖြတ်ချက်က ထူးမဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် စတဲ့ စကားလုံးကြီးကြီးတွေသုံးပြီး ပညာရှာရန်၊ ဥစ္စာရှာရန်၊ ဘ၀ကိုတိုးတက်ဖို့အရင်လုပ်ရန် တရားချသည်။
ကိုယ်နဲ့ဘာမှမဆိုင်တဲ့ ပတ်ဝန်းကျင်၏ စိမ်းရွှေရွှေအနံ့တွေနဲ့ ရင်းနှီးအောင် အသက်အောင့်ရှု၊ ကိုယ်နဲ့အသားအရောင်မတူသူတွေရဲ့ ဆန်းပြားတဲ့ လေသံတွေနဲ့ လုံးပမ်း၊ ကျောင်းကတစ်ဘက်၊ အလုပ်ကတစ်ဘက်နဲ့ အိမ်ပြန်အရောက် အိပ်ရာပေါ် ခဏလှဲမယ်ဆိုပြီး နိုးလာတော့ မိုးစင်စင်လင်းနေတဲ့ နေ့တွေက အများသား။ နောက်တစ်နေ့မိုးလင်းတော့ အကြီးက အဆင်သင့်ထုတ်ပေးထားရှာတဲ့ ထမင်းဗူးဆွဲလို့ တစ်နေ့တာ အသက်ထပ်ဆက်ရတဲ့ နေ့တွေထဲက လွတ်မြောက်လို လွတ်မြောက်ငြား မြန်မာပြည်ကို ဖုန်းပဲ ဖိဆက်နေခဲ့သည်။ ထိုအချိန်က ဖုန်းကဒ်ဆိုတာ မပေါ်သေး၊ ဂျီတောခ်တွေ စကိုက်တွေဆိုတာ ဝေလာဝေး၊ တစ်မိနစ်ကို တစ်ဒေါ်လာနီးပါးပေးရတဲ့ ခေတ်။ ဆံပင်မညှပ်ပဲ၊ ဖြစ်သလိုအကျီ င်္ဝတ်ပြီး၊ အပေါစားဖွတ်ချက်ကားတစ်စီးကို ကြုံသလိုဝယ်စီးပြီး ရသမျှငွေနဲ့ ဖုန်းပဲထိုင်ဆက်နေမိခဲ့သည်။ ငတ်ပြတ်ပြီး ဒုက္ခရောက်နေသော မျက်နှာတွေကို မြင်ပေမယ့် ထူးမလဲ အလွမ်းဒဏ်ကို မခံနိုင်လို့ ဖုန်းပဲထိုင်ဆက်မိခဲ့ပါသည်။ လွန်ခဲ့တဲ့ လကတော့ ထောင်ဂဏန်းနီးပါး ဖုန်းဘိုးကုန်သွားလို့ ထူးမကို စကားမပြောတော့သော အကြီးကြောင့် ပိုစိတ်ညစ်ပြီး ထူးမ ဒ်ီတောင်ကုန်းပေါ်မှာ လာထိုင်နေမိသည်။ အခုအကြီးတို့လဲ ဥရောပဘက် ခရီးနှစ်ပတ် ထွက်သွားပြီ။ အိမ်မှာလဲ ထူးမတစ်ယောက်ထဲ ဘယ်လိုမှနေလို့မရ။ မြန်မာပြည်ပြန်ချင်စိတ်ကိုချိုးနှိမ်ရင်း မြန်မာပြည်ပြန်လဲ ရည်ရှည်မှာ ရုန်းကန်ရဦးမှာပဲဟု ကိုယ့်ကိုကိုယ် အားပေးနေရသည်။ ယခုတော့ ဘ၀ကို အရှုံးပေးပြီး သီလရှင် ၀တ်ချင်စိတ်တွေ တဖွားဖွားပေါ်နေသည်။

ခေါင်းလောင်းသံတွေ လွင့်ပျံ့လာတော့ လမ်းသွယ်လေးအတိုင်း ဘုန်းကြီးတွေ စိုက်ထားသော စိုက်ခင်းတွေကို ဖြတ်ပြီး ဘုရားကျောင်းဘက်ကို လျောက်လာခဲ့သည်။ ခေါင်းလောင်းစဉ်အောက်မှာ ရောင်စုံပန်းတွေက နေရောင်အောက်မှာ ဖူးဖူးစွင့်စွင့်။ ဘုရားကျောင်း နံရံတွေပေါ်က ဘုန်းကြီးတွေ ကိုယ်တိုင်ဆွဲထားတဲ့ မယ်တော်၊ သားတော်နဲ့ သမိုင်းထဲကပုံရိပ်တွေရဲ့ ရေဆေးပန်းချီတွေနဲ့ အနုပညာ ဇ ပါတဲ့ ကျောင်းထိုင်ဘုန်းကြီး အချို့ရဲ့ ဘာသာရေးဆိုင်ရာ ပန်းပုလက်ရာတွေကိုတော့ ထူးမ အမြဲ တအံ့တသြငေးကြည့်တတ်သည်။ ဘုန်းကြီးတွေကိုယ်တိုင် ထုဆစ်ထားတဲ့ ဘုရားကျောင်းနံရံမှန်ကူကွက်တွေကို ဖောက်ထွင်းလို့ နေရောင်ခြည်ထိုးကျလာရင် ရောင်စုံသက်တန့်တွေက ဘုရားကျောင်း ကြမ်းပြင်ပေါ်မှာ ဟိုတစ်ကွက် သည်တစ်ကွက်။


မွှေးပျံ့တဲ့ ပန်းပေါင်းဆီနံ့တွေနဲ့ အတူ စင်္ကြတစ်လျောက် ဓမ္မစာတွေကို ရွတ်ဖတ်လို့ ခေါင်းဖုံးလို့ စနစ်တကျ တန်းစီလျောက်လာတဲ့ ကိုယ်တော်တွေကို ကြည့်လို့ ကြည်နူးမှုဖြင့် ထူးမ မျက်ရည်လည်မိသည်။ ဘုရားရှိခိုးအပြီး ပရိတ်သတ်တွေကို ဘုန်းကြီးတွေက လိုက်လံနှုတ်ဆက်၊ အချိန်ယူပြီး စကားစမြည်ပြောတော့ ဘုန်းကြီးတစ်ပါးနှင့် ထူးမ စကားပြောဖြစ်သည်။ ခပ်လှမ်းလှမ်းတောင်ကုန်းအောက်က မှုန်ပြပြ ကျောင်းတစ်ကျောင်းကို လက်ညိုးထိုးပြသည်။ နောက်ဆုံး အပြင်းအထန်ကျင့်ရင် အဲဒီကျောင်းနဲ့ ကျောင်းနောက်က ဂူတွေထဲကတောင် ထွက်မလာတော့ပဲ လူတွေနဲ့ ဘယ်တော့မှ မတွေ့တော့တဲ့ သီလရှင်တွေရှိကြောင်း၊ သီလရှင်ဝတ်လိုက်ခြင်းဟာ ဘ၀ကိုအရှုံးပေးတာမဟုတ်ပဲ တစ်ကယ်တော့ သတ္တိလိုအပ်ကြောင်း၊ စိတ်မနိုင်ပဲ စိတ်ထဲမှာ ဖောက်နေရင် ပိုအာပတ်သင့်နိုင်ကြောင်း၊ ဘ၀မှာ ကျင်လည်တာဟာလဲ အပြစ်တရားတစ်ခုမဟုတ်ကြောင်း၊ သူ့စွန့်စားချက်နဲ့ သူဖြစ်ကြောင်း၊ လူအနေနဲ့လဲ အကျင့်ကျင့်နိုင်ကြောင်း၊ သို့သော်ကျင့်တိုင်းလဲ သီလမမြည်ကြောင်း၊ ဘယ်လောက်ကျင့်ကျင့်၊ ကိုယ်ခန္ဒာကို သူများကိုလှုရန် မီးရှို့ပေးရင်တောင် နှလုံးသားထဲမှာ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်သည်ဆိုသည့် ကျမ်းချက်ကို မှတ်ယူသင့်ကြောင်း၊ ဘ၀မှာ အသက်ရှင်နေတာဟာ ကိုယ့်call နှင့်ကိုယ်ဖြစ်ကြောင်း ဟောလိုက်သည့်တရားများကို ခေါင်းငုံ့နားထောင်ပြီး ထူးမ စိတ်ညစ်ညစ်နဲ့ အိမ်ကိုပြန်ခဲ့ပါတော့သည်။

ဆက်ရန်…

13 comments:

မိုးထက်နေ said...

စာတွေများများ ရေးနိုင်ပါစေ

စာဖတ်သူ said...

ဆရာမ စာပြန်ရေးတာ အရမ်းဝမ်းသာပါတယ်..
ကျနော်တို့  အားလုံးလဲ ထူးမ လို ဘာလုပ်ရမှန်း မသိတဲ့ ထောင့်ထဲ မှာ လဲပြိုနေခဲ့ကြဘူးတာပဲ။
အထူးသဖြင့် ဖြစ်သင့်တာတွေ သိပ်များလွန်းပြီး..ဖြစ်သင့်တာ တစ်ခုကမှ ကိုယ်ဖြစ်ချင်တာနဲ့  ဟာမိုနီ မဖြစ်တဲ့ အခါမျိုးတွေမှာ...
တတိယလမ်းကြောင်း ရွေးတတ်ကြတယ်.. ( သာသနာ့ဘောင် ဝင်တာမျိုး၊ ရေစုန်မျောလိုက်တာမျိုး.....)
ထူးမ ကတော့ အဲလိုလူမျိုး မဟုတ်လောက်ဘူး ၊ ဘဝကို ထိခိုက်လောက်မဲ့ အခြေအနေတိုင်က ထူးမ ဦးဏှောက် ကို မဖြတ်သန်းနိုင်ဘူး ၊
တိုးတက်မှု အားလုံးကျောခိုင်းပြီး အိမ်ပြန်မယ် မဟုတ်ဘူး၊ ဘောင်တစ်ခု အတွင်းထဲကသာစိတ်ကို အလိုလိုက်တတ်တဲ့ Character ထင်ပါရဲ့ .. ...
ဆက်ဖတ်ဖို့ မျှော်နေပါ့ မယ်.. ဆရာမ .

တန်ခူး said...

ခုတော့ မျှော်လင့်ခြင်းကောင်းကင်မှာ သောကြာကြယ်လင်းလက်ခဲ့ပေါ့...တပြည်သူထူးမရယ်။

စိုးထက် - Soe Htet ! said...

သောကြာကြယ် စီးရီးလိုက် ဖတ် သွားပါတယ် ... ဇာတ်ကောင်မှ မြင့်မြတ် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေ ဗျာ ...

ကျွန်တော်ကတော့ စဉ်းစားဆဲပဲ မရေးဖြစ်လောက် တော့ပါဘူး .. လည်တာတော့ လည်တုန်းပဲ နည်းနည်းချင်းး :D

အားပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ... :)

လင်း said...

သောကြာကြယ်ရဲ့ နောက်ဆက်တွဲများကိုမျှော်နေပါတယ်

pandora said...

စိတ်လေ စိတ်ညစ် နေတဲ့အခါမှာ တရားရိပ်က အအေးချမ်းဆုံးလို့ သတိရတတ်တယ်။ ဒါပေမယ့် ခဏတဖြုတ်ပဲ သတိဝင်တာဖြစ်ပြီး ဒုံရင်းစိတ်ပြန်ရောက်သွားရင် ခက်ပြန်ရော။ မရင့်မှည့်ခင် ဆုံးဖြတ်မိလို့ ကိုယ့်ဘ၀နဲ့ လိုက်လျောညီထွေ ဖြစ်မလာရင် ပိုခက်တတ်တာပေါ့နော်။ ထူးမကို ဆက်စောင့်ကြည့်နေတယ်။

စာတွေများများဆက်ရေးနော်.. မလေး။

Angel said...

ဒို့ ဘာသာမှာတော့တရားတစ်ခုခုနာပြီးတိုင်း ညစ်နေတဲ့စိတ်တွေနည်းနည်းတော့ပေါ့ပါး
သွားတယ်။ တရားရေအေးတိုက်ကျွေးခံရတယ်ဆိုတာပေါ့။ လုံးဝစိတ်နိုင်မှတရားလုပ်ရ
မယ်ဆိုတဲ့သတ်မှတ်ချက်တွေမရှိသလောက်ပဲ။
ဒို့ နားလည်တာက meditation ဆိုတာစိတ်ကို တည်ငြိမ်အောင်ကူညီပေးတယ်။relax
ဖြစ်စေတယ်ပေါ့နော်။ စိတ်တည်ငြိမ်မှ meditation လုပ်ရမယ်ဆိုတာကျတော့သိပ့်မြင့်
လွန်းနေသလားလို့ ။ Take it easy ပါအိမ့်ရေ။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မအိန်ဂျယ်လ် မှတ်ချက်ဖတ်ပြီး ကိုယ့်လိုအပ်ချက်ကို မြင်ရတော့ ကျေးဇူးတင်မိတယ်..မ။
ကိုယ်ဆိုလိုချင်တာကို စာဖတ်သူမရဘူးဆိုရင် ကျမလိုနေလို့ပဲ..
အမှန်ကတော့ ထူးမက တရားထိုင်ရုံသက်သက်လုပ်ချင်တာမဟုတ်ဘူး မရဲ့
သူက ရာသက်ပန် ဂူထဲမှာ သီလရှင်ဝတ်ချင်တာ.. လူတွေနဲ့ ရောတဲ့ သီလရှင်တောင် မဟုတ်ဘူး..။ စကားမပြောတော့တဲ့ သီလရှင်။ လူတွေနဲ့ မတွေ့တော့တဲ့ secluded ones ဖြစ်ချင်တာ.. အဲဒါကြောင့် ဘုန်းကြီးက ထူးမ သိပ်ငယ်သေးလို့ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်မဆုံးဖြတ်ခိုင်းတဲ့ သဘော..
မ ပြောမှ ကိုယ်ရေးထားတာဖတ်မိပြီး ပြုံးမိတယ်..
ဟောလိုက်သည့်တရားများကို ခေါင်းငုံ့နားထောင်ပြီး ထူးမ စိတ်ညစ်ညစ်နဲ့ အိမ်ကိုပြန်ခဲ့ပါတော့သည်…… တဲ့။ ဟုတ်ပါရဲ့။

layma said...

မလေး..သောကြာကြယ် ပြန်လင်းလာတာ ကျေးဇူး..။ ၆ အရောက်မှာ ထူးမကို မလေးလို့ပဲ မြင်မြင်နေတယ်...ဘီလိုလုပ်ရပါ့...။

Chit Lay Pyay said...

မလေးရေ သောကြာကြယ်လေး လာဖတ် သွားပါတယ်၊ မလေး စာတွေ များများ ရေးနိုင်ပါစေ၊ အားပေးနေပါတယ်၊ မလေး ရေ အဆင်ပြေပါစေ၊

ခွန်မြလှိုင် said...

မလေးရေ သောကြာကြယ် ကို မျှော်နေမယ်

ဒီဝိုင်း said...

ချမ်းမြေ့ပါစေဗျာ....

ဒီဝိုင်း said...

ချမ်းမြေ့ပါစေ...မလေး..

LinkWithin

Related Posts Plugin for WordPress, Blogger...