မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, January 17, 2008

လိပ်ပြာတောင်ပံခတ်သံ

ဟေမာနေ၀င်းရဲ့ သီချင်းထဲကလိုပေါ့..
အချစ်များနဲ့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားခြင်းပါ..။

မေမေကပြောတယ်…
သမီးကိုမက်တဲ့ အိပ်မက်တွေ မကောင်းဘူး ဘုရားရှိခိုးဦး”တဲ့…
ညီမလေးကပြောတယ်…
အိပ်မက်တွေ မကောင်းဘူး.. စိတ်ပူတယ်” တဲ့…
သူကပြောတယ်…
ညက အိပ်မက်ထဲမှာ မင်းသိပ်လှနေတယ်.. နောက်ပြီး ပန်းလေးတစ်ပွင့်ကိုင်လို့ ကိုယ့်ဆီလျောက်လာနေတယ်.. အသွားအလာဂရုစိုက်နော်……” တဲ့…
ကိုယ်လဲမက်တယ်..
တောနက်ကြီးထဲက ပင့်ကူအိမ်တွေကို လက်နဲ့ထိလိုက်တိုင်း ထိလိုက်တိုင်း ဖြူ နီ ညို ပြာ စိမ်း ၀ါ ရောင်စုံလိပ်ပြာတွေ လွင့်ကနဲ…… လွင့်ကနဲ
ကိုယ် လိပ်ပြာတွေကို လွှတ်နေတာ.. အနှောင်အဖွဲ့ က ဝေးအောင်.. တဲ့



4.jpg

ကိုယ့်နှုတ်ခမ်းတွေ ပြုံးနေတယ်…။
လူတွေယုံကြမယ်မထင်ဘူး… ကိုယ်အူမြူးနေပါတယ်ဆိုရင်..
သူမ.. ရူးသွပ်နေပြီလို့ ထင်ကောင်းထင်ကြမှာပေါ့နော်..။
ကိုယ့်အကြောင်းကို သိတဲ့သူတွေကတော့.. နားလည်ကြမယ်ထင်ပါတယ်..

လူတွေ… လူတွေ.. သေခြင်းတရားကို တစ်ကယ်ကြုံရမှာပါ။
လူတိုင်းသွားရမှာကို ဘာလို့ဒီလောက် ကာကွယ်ချင်နေကြတာပါလိမ့်နော်..
သေဆုံးခြင်းကို နမိတ်မြင်တာ မကောင်းတာလို့ ဘာဖြစ်လို့ သတ်မှတ်ကြပါလိမ့်…
အသက် ၈၅နှစ်ထိ နေကြတယ်ဆိုရင်တောင် ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပဲ နေကြတာလေ..

လူတွေက သေဆုံးခြင်းကိုလဲ အရောင်ဆိုးချင်ကြသေးတယ်နော်..
အစိမ်းသေတဲ့..
ရုတ်တရက် မခံစားရပဲ ထွက်ခွာသွားရတာထက် အသက်အရှည်ကြီးနေပြီး ရော၈ါနဲ့ အိပ်ရာထဲလဲပြီး သေဆုံးမှ ပိုကောင်းတယ်လို့များ ထင်ကြလေသလား…။

2.jpg

သေဆုံးခြင်းရဲ့ ဟိုတစ်ဘက်ကမ်းမှာ တစ်စုံတစ်ရာ ရှိနေရင်လဲရှိမယ်..
တည်ရှိမှုတစ်ခု လုံးဝ ရပ်ဆိုင်းသွားတာလဲဖြစ်မယ်..
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကြောက်စရာတစ်ခုမှ မဟုတ်ပဲကွယ်..
တစ်စုံတစ်ခုရှိတယ်ဆိုရင်တော့ ပျော်စရာသိပ်ကောင်းမယ်ထင်တယ်နော်..

ရုတ်တရက်များ သေဆုံးသွားရင် သူငယ်ချင်းတွေနဲ့ စာဖတ်သူတွေ ကိုယ့်ရဲ့ ပိုစ်တွေမျှော်နေမလား.. ဒါမှမဟုတ် အိမ့်ချမ်းမြေ့ မာနကြီးသွားတယ်လို့ မြင်မလား…
တွေ့ချင်တဲ့ သူတွေဆီ သူတို့အိပ်ပျော်နေတုန်း တိတ်တိတ်လေး သွားကြည့်မယ်…
စိတ်နဲ့ ချက်ချင်းရောက်မလား..
လိပ်ပြာတစ်ကောင်လို လွင့်ပါးပျော်မြူးမိမလား
လေးလံတဲ့ ခန္ဒာကိုယ် ၀တ်ရုံကြီးကို ခွာချလိုက်တော့ ပေါ့သွားမှာတော့ အမှန်ပဲ…
တွေ့ချင်သူတွေဆီရောက်ရင်.. သူတို့ ကိုယ့်ကိုများ အိပ်မက်လေမလား..
သူ့ကိုတော့ သွားကြည့်မယ်..
သူ့နှုတ်ခမ်းကို တို့ကြည့်မယ်.. ဆံပင်လေးကို သပ်ကြည့်မယ်..

ဘာကိုမှ မစွဲလန်းဘူး..
မျက်လုံးဝိုင်းလေး တစ်စုံ က လွဲလို့…
နှုတ်ခမ်းထော်လေး တစ်စုံကလွဲလို့လေ..
ဒါလဲ အဆင်ပြေသွားကြမှာပါ..

ညီမလေးကို ပြောလိုက်တယ်..
ရင်နှီးသူ တစ်ဦးနှစ်ဦးကိုပြောလိုက်တယ်…
ဆီဗုံးမှာတော့ စာဖတ်သူတွေသိအောင် ပြောပြလိုက်ပါလို့..
မျှော်နေကြမှာ စိုးလို့ လို့…
“ဟာ… ဘာတွေလာပြောနေတာလဲ…”တဲ့ စိတ်ဆိုးမာန်ဆိုးပြောကြတယ်..
1.jpg
ဒီနေ့ နယူးဘရမ်စ်ဝတ်ပြည်နယ်မှာ ၁ရနှစ်သား ငါးယောက်၊ ၁၅နှစ်တစ်ယောက်နဲ့ ၁၆နှစ်တစ်ယောက်ရဲ့ နောက်ဆုံးခရီးကို အကြီးအကျယ် ဆင်နွဲကြတယ်..
Basketball ကစားသူ လူငယ်လေးတွေ..
ကျောင်းမှာလဲ အရမ်း ထင်ရှားတဲ့ ကလေးတွေ..
ပွဲစဉ်တစ်ခုကို ကစားရန်အသွားလမ်းမှာ နှင်းထဲမှာချော်ပြီး ကားမှောက်လို့ ဆုံးသွားကြတယ်..
ကနေဒါတစ်နိုင်ငံလုံး ငိုကြွေးကြတယ်..
ကျန်ရစ်သူ မိသားစုတွေ ဘယ်လိုများနေပါလိမ့်… အထူးသဖြင့် မိဘတွေပေါ့...
ဆုံးရှုံးမှုကို မသိသူတွေရဲ့ မြေပြင်အမြင့်က ချွေးသိပ်သံတွေ..
သားသမီးတစ်ခါမှ မရှိဘူးသူ ဘာသာရေးခေါင်းဆောင်တွေရဲ့ တရားစကားတွေ...
အရှင်ဘုရားတို့ သားသမီးရှိဘူးလို့လား.. လို့ သူတို့မိဘတွေက ပြန်မပြောမိအောင် အံကြိတ်ပြီး မချိပြုံး ပြုံးပြနေကြလိမ့်မယ်ထင်တယ်...
မပိုင်ဆိုင်ဘူးတဲ့ အရာတစ်ခုကို ဘယ်သူက လွမ်းဆွတ်တတ်ကြမလဲလေ..
ဒါလဲ တရား တစ်ခုပေါ့.. မဟုတ်ဘူးလား..
အသက်ရှင်ကျန်ရစ်သူ ကျောင်းသားတွေကပြောတာတော့ ကားကို နောက်က အရှိန်တစ်ခုက တွန်းလိုက်သလိုပဲတဲ့…
တစ်ကယ်တော့ အဲလိုနည်းနဲ့သွားရတာ သိပ်ခံစားရမယ်မထင်ဘူး..
သိတောင် သိလိုက်မယ် မဟုတ်ဘူးနော်..

450_seven_victims_080113.jpg

5.jpg
ဘီစီပြည်နယ်ရဲ့ လမ်းတွေပေါ်မှာလဲ တစ်ပတ်ကို လူနှစ်ယောက် အမြဲဆုံးပါးတယ်..
တိုးတက်နေတဲ့ တိုင်းပြည်က ပြယုဒ်တစ်ခုလေ
ကားသိပ်ပေါတဲ့ တိုင်းပြည်မဟုတ်လား… လူဦးရေနဲ့ ကားဦးရေက တူတူနီးပါးလေ..
ဆင်းရဲတော့လဲ အစာငတ်လို့သေဆုံးကြ.. အနာရောဂါတွေနဲ့ သေဆုံးကြ..
စစ်တွေဖြစ်လို့ သေဆုံးကြ..
ချမ်းသာတော့လဲ ချမ်းသာသလိုသေဆုံးကြ…
ဒီမြို့ကလမ်းမတွေ.. လမ်းထောင့်တွေ လမ်းချိုးတွေ ဟိုင်းဝေးတွေပေါ်မှာ ပန်းလေးတွေနဲ့ လက်ဝါးကပ်တိုင်ဟာ နေရာအနှံပေါ့…
ချစ်သူတွေထွက်ခွာသွားတဲ့နေရာမှာ ကျန်ရစ်သူတွေရဲ့ တမ်းတခြင်းလက်ဆောင်တွေ…
ဆရာတင်မိုးပြောသလိုပေါ့..
ကိုယ်သိပ်ချစ်သူရဲ့ လှဲလျောင်းရာနေရာဟာ ကိုယ့်အတွက်တော့.. ခင်တွယ်ရာဆိုသလိုပါပဲ..

သက်သတ်လွတ် သုံးရက်စားမယ်…
သေဆုံးခြင်းကို ကာကွယ်ရန်မဟုတ်..
ကာကွယ်လို့မရတဲ့ အရာကို ကာကွယ်ရန် မဟုတ်…
လှလှပပ လေး ထွက်ခွာသွားရန်…
အေးအေးချမ်းချမ်းလေး ထွက်ခွာသွားနိုင်ရန်..

3.jpg

cite: သတင်းဖတ်လိုလျှင်

9 comments:

ပုံရိပ် / Pon Yate said...

မလေးရယ် ဖတ်ရတာ ကြက်သီးတောင် ထတယ် :D

တန်ခူး said...

အိမ့်ရယ်...ကျောင်းသားလေးတွေ သနားစရာနော်။ ဟိုတလောကပဲ ဒီက ကျောင်းသားလေးတွေ လှေလှော်ပြိုင်ဖို့ သွားကြတာ လေ့ကျင့်ရင်းနဲ့ ဝမ်းနည်းစရာ အဖြစ်တွေ ဖြစ်ခဲ့သေးတယ်။

ကောင်းကင်ကို said...

တရားတွေ ဘာတွေ နှလုံးသွင်းလို့ ပါ့ကော။

pandora said...

စိတ်မကောင်းလိုက်တာနော်

Anonymous said...

မလေးရယ်... အရာရာတိုင်းကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် မုန်းတီးနေမိတယ်။ မနေနိုင် မထိုင်နိုင် ခု မလေးဘလော့ကို လာဖတ်မိတယ်။ ဒီည အိပ်ပျော်ပါတော့မလား။ စာလည်းလုပ်ရဦးမယ်၊ မလေးရဲ့ သေခြင်းတရားဆိုတာကြီးက ဦးနှောက်ထဲမှာ အခါခါ ရိုက်ခတ်နေတော့မှာလေ ... ... ...
လွမ်းနေတယ် မလေး

အေးချမ်းသူ

Thyda said...

so sorry to hear that..

ခင်မင်းဇော် said...

မလေးရေ..
သားသမီးချင်းကိုယ်ချင်းစာ မိတယ် ...
အမလည်းတဦးတည်းသော သားကို သိပ်စိုးရိမ်ကြီးမိတယ်..
တကယ်တော့ ... အပူမီးတွေထဲမှာ ..
သားသမီး သံယောဇဉ်က အပူဆုံးပဲ..
ဖတ်လိုက်ရတာ တကယ် စိတ်မကောင်းဘူး။
တို့ ဗမာပြည်က တောင်တွင်းကြီးမှာလည်း ကလေးတွေ ပျောက်ကြလို့တဲ့။ ပြန်တွေ့တဲ့ ကလေး ၄ ၊ ၅ ယောက်က အသက်မရှိပဲ ယောက်ျားလေး အင်္ဂါတွေလဲ မရှိတော့ဘူးတဲ့။ တရုပ်နိုင်ငံမှာ ရောင်းတယ် ဆိုလားပဲ။ အတွင်း သတင်းလေး တခု ရတာလေ။
ကဲ - ဆင်းရဲတော့လဲ ဆင်းရဲလို့...
ချမ်းသာတော့လဲ ချမ်းသာလို့....

ခင်မင်းဇော် said...

တောင်တွင်းကြီး မဟုတ် တောင်ကြီးတဲ့ မလေးရဲ့ ...
မှားသွားလို့ ပြန်လာပြောတာ..

Pinkgold said...

ရုတ်တရက်များ သေဆုံးသွားရင် သူငယ်ချင်းတွေနဲ့ စာဖတ်သူတွေ ကိုယ့်ရဲ့ ပိုစ်တွေမျှော်နေမလား.. ဒါမှမဟုတ် အိမ့်ချမ်းမြေ့ မာနကြီးသွားတယ်လို့ မြင်မလား…

မလေးရေ တိုက်ဆိုင်လိုက်တာ
ခုပဲ ဘာညာနဲ့ အဲဒီအကြောင်း ပြောနေတာလေ
ငါတို့ ရုတ်တစ်ရက် သေသွားခဲ့ရင် တစ်ခြားဟာတော့ ခဏထားပါအုံး ငါတို့ ဘလောဂ့်တွေ ဘာဖြစ်မလဲပေါ့.. ထက် တို့က ခုကတည်းက admin grant ကို တစ်ယောက်ယောက်ကို ပေးရတော့မလို ဖြစ်နေပြီ ဟားဟား... (ဒါက ကြုံလို့ပြောပြတာပါ)

ဒီပိုစ်လေးကို ဖတ်ရတာ ရင်ထဲ မကောင်းဘူး မလေးရေ

LinkWithin

Related Posts Plugin for WordPress, Blogger...