မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, January 14, 2008

သောကြာကြယ် - ၅

ထူးမတို့အားလုံးရန်ကုန်ပြန်ရန် ပြင်ဆင်နေကြပြီ။ ပစ္စည်းတွေ ထုပ်ပိုးနေသော မေမေနားမှာ ထူးမတို့ညီအစ်မလဲ မေမေ့ကို ကူရင်း အလုပ်ရှုပ်နေကြသည်။
အပြင်မှာ ကစ္ဆပနဒီဘက်က လေတွေက ပြူတင်းကိုဖြတ်ပြီး တိုက်ခတ်လာနေသည်။ လခြမ်းကွေးကွေးလေးက အေးအေးလေး သာနေသည်။ ညပိုးကောင်လေးတွေက အော်မြည်နေသည်။ ရေချိုးအပြီး ရေချိုးခန်းထဲက ထွက်လာသော ဖေဖေက မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကိုသုတ်နေသည်။ ဖေဖေ့ ညာဘက် နောက်ကျောနှင့် ရှေ့နံရိုးအောက်က အညိုရောင် ခပ်ရှည်ရှည် အမှတ်နှစ်ခုကို ထူးမကြည့်နေသည်။

“ဖေဖေက အရင်ဘ၀တုန်းက ဘုရင့်တပ်က သာမန်ရဲမက်လေးတစ်ဦးပေါ့”
“ဟင်”
“သမီးတို့ မေမေက ဘုရင့်သမီးတော်လေးတစ်ပါးပေါ့၊ ဖေဖေတို့ မေတ္တာမျှတော့ သဘောဘယ်တူကြမလဲ။ ဒီလိုနဲ့တစ်နေ့ ခိုးပြေးကြတယ်ဆိုပါတော့”
“မောင်…နော်၊ ကလေးတွေကို ဘာတွေလျောက်ပြောနေတာလဲ”
“ဟီးဟီး.. ဆက်ပြောဖေဖေ”
“အဲဒါ နောက်ကနေ ဖေဖေတို့ကို လိုက်ဖမ်းတာ ဖေဖေတို့က ဂူကြီးတစ်ခုထဲ ၀င်ပုန်းကြတာပေါ့။ လိုက်ဖမ်းတဲ့ တခြားရဲမက်တွေက ဂူထိပ်က စောင့်နေတာပေါ့ကွယ်။ ဖေဖေနဲ့ မေမေလဲ ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူးတဲ့”
“ဟင်..”
“အို…” ထူးမညီမလေး ငိုမဲ့မဲ့ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲဖေဖေ၊ ဂူထဲမှာ.. တစ်ခုခုဖြစ်သွားလို့လားဟင်”
“မဟုတ်ဘူး။ ဟိုဘက် ဂူပေါက်က ထွက်သွားကြတာလေ”
“အာ.. ဖေဖေကလဲ”
“ဟားဟား နောက်ဘာဆက်ဖြစ်လဲ ဖေဖေ”
“ဖေဖေတို့ ဟိုဘက်ဂူပေါက်ကထွက်ပြေးတော့ ရဲမက်တွေက လိုက်ကြတာ ဖေဖေ့ကို နောက်ကနေလှံနဲ့ ပစ်လိုက်တာ လှံကကျောကနေ ရှေ့ကို ဖောက်ပြီး ….”
“ဟင်”
“ဖေဖေရယ်..”
“အို.. မောင်ကလဲ၊ ကလေးတွေကို စ မနေပါနဲ့၊ အဲလိုကြီးတွေ”
“ဟားဟား အလကားစတာပါကွာ၊ ထူးက အမှတ်ကို ကြည့်နေလို့”
“ဖေဖေ့ အမှတ်ကလဲ အဲလိုပုံစံပဲနော်.. ထူးဆန်းတယ်”

“စီအို.. စီအို”
ရုတ်တရက် အခန်းအပြင်မှ စိုးရိမ်တုန်လှုပ်နေသော ဦးစိုးအသံ။
“အေး.. ကိုစိုး ဘာဖြစ်လဲကွ”
“စီအို.. အောက်မှာ လာခေါ်နေတယ်”
“ဘာဖြစ်တာလဲ ညကြီး”
“ဟို.. ဟို. မိခိုင်ရဲ့ အမျိုးသား ဟိုရဲဘော်လေး ဆူဆိုဒ် လုပ်သွားတယ်”
“ဘာ…”
“သူ့ခေါင်းကို သူ ရှော့ လိုက်တာလို့ပြောတယ်။ စီအို အမြန်လိုက်ခဲ့ပါ”
“အေး ငါအခုလာပြီ”

ဖေဖေထွက်သွားတော့ သားအမိသုံးဦး အခန်းထဲမှာ ကတုန်ကယင်နှင့် ကျန်ခဲ့ကြသည်။
ထိုညက ထူးမ တော်တော်နှင့် အိပ်မပျော်။ ၀ရံတာဘက်ထွက်ပြီး မိခိုင်တို့နေသည့် တန်းလျားဘက်ကို မျှော်ငေးနေမိသည်။ ထူးမ မျက်ရည်တွေကျနေသည်။ ပေါင်းသင်းတာတောင်မှ တစ်နှစ်မပြည့်တတ်သေး။ ငယ်ရွယ်နုပျိုပြီး အလှအပ မက်မောသည့် မိခိုင်တစ်ယောက် သူ၏ယောင်္ကျားအပေါ်တွင် အခါခါ မစောင့်ထိန်းသည့်အကြောင်းများကို ရဲဘော်လေးသာမက ပတ်ဝန်းကျင်ကလဲ ကြားနေရသည်။ နောက်ဆုံး ရဲဘော်လေး မခံနိုင်သည့်အဆုံး သူ့ကိုယ်သူများ အဆုံးစီရင်သွားလေရော့သလားဟု ထူးမ တွေးနေသည်။



လေခပ်ပြင်းပြင်းကြောင့် ထီး၇ွက်က တဖျတ်ဖျတ်လွင့်နေသည်။ ရန်ကုန်မြို့၏ ဆူညံနေသော နေ့လည်ခင်းကို အပေါ်စီးက လှမ်းမြင်နေရသည်။ ပင်လယ်ကဗွီးပင်ထိပ်ဖျားက အရွက်တွေက မသိမသာ ခေါင်းယမ်းနေသည်။ လေထဲမှာ မီးခိုးနံ့တွေ။

“မမမိတို့တွေ စနေနေ့ဆိုလား ပြန်လာတော့မယ်။ ငါ့ဦးလေးက ခုထဲက သူတို့ ခရီးထွက်ဖို့ ကားတွေ စီစဉ်နေတယ်” ထူးမ သူငယ်ချင်းက ဖန်ခွက်ထဲက ပိုက်ကလေးကို လှပတဲ့ လက်ကလေးနဲ့ ကိုင်ရင်း ထူးမကိုကြည့်ပြီး ပြောလိုက်သည်။

“ဟုတ်လား”

“ဘယ်နေ့ ဘယ်ဟိုတယ်မှာ ညစာစားမယ်၊ ဘယ်နေ့ ဘယ်မြို့ကို ခရီးထွက်မယ်က အစ စီစဉ်ပြီးသား”

“အော်…”

“နောက်တစ်ပတ် ကြာသပတေးနေ့ကျရင် သူတို့ ဗမာရုပ်ရှင် ကြည့်ချင်တယ်ဆိုလို့ န၀ဒေးမှာ ကြည့်ကြမယ်၊ နင်လိုက်ခဲ့ပါလား၊ သူငယ်ချင်းတွေအားလုံးလဲ ခေါ်ထားတယ်”

“နင်တို့ ဆွေမျိုးဝမ်းကွဲတွေကော၊ သူငယ်ချင်းတွေကောဆိုရင် လူသုံးလေးဆယ် ဘယ်လိုကြည့်ကြမှာလဲ” ထူးမ မျက်လုံးလှန်ကြည့်ပြီး မေးလိုက်သည်။

“အဲဒီနေ့ ရုံပိတ်ပြီး ကြည့်မှာပေါ့”

“ဟင်.. တစ်ခြားလာကြည့်မယ့် သူတွေကော”

“ပြန်ပေါ့ဟဲ့ .. နောက်နေ့မှ ပြန်လာကြည့်ကြပေါ့”

“ဟင်.. ရုံရှေ့ရောက်မှ ယနေ့ ရုံပိတ်သည်ဆိုတာမြင်ပြီး လူတွေကလှဲ့ပြန်ကြရမယ်ပေါ့”

“အင်းလေ.. နင်ကလဲ ဘာများဆန်းလို့လဲ၊ န၀ဒေးက အဲလို အိုကေးရှင်းတွေ အတွက်ပဲ မဟုတ်ဘူးလား”

“ဟဲ့.. တစ်ကယ်လို့ မြို့ပြင်မှာနေတဲ့ ပိုက်ဆံမရှိတဲ့ မိသားစုလေးတစ်စု အဲဒီနေ့မှာမှ အစီအစဉ်လုပ်ပြီး အဝေးကြီးက ကားဘာညာငှားလာပြီးမှ ပြန်လှဲ့ရမယ်ဆို ကားခကုန်ပြီပေါ့ဟဲ့၊ သူတို့ရဲ့ နေ့လေးတစ်နေ့ ကသိကအောင့်ဖြစ်မသွားဘူးလား”
ထူးမ နဲနဲ အသံကျယ်လာသည်။

“တစ်ခြားရုံသွားပေါ့” ထူးမသူငယ်ချင်းက ဆံပင်ကို လက်နဲ့ ဖျတ်ကနဲ သတ်တင်ရင်း မျက်လုံးလေး စင်းလိုက်ပြီးပြောသည်။

“နင့်ဦးလေးကို အဲဒီနေ့ ရုံပိတ်တယ်လို့ ဥပမာ လူတွေ သိအောင် တစ်နည်းနည်းနဲ့ ကြော်ငြာခိုင်းရင် လူတွေ အကျိုးမရှိဘူးလား” ထူးမ မျက်ခုံး ပိုရှုံ့လာမိသည်။

“ဟားဟား ထူးမ၊ နင်ဟာလေ တော်တော်အတွေးခေါင်တာပဲ။ ဘယ်သူ ဘယ်တုန်းက ဒါမျိုးကြော်ငြာလို့လဲ၊ အဲဒီနေ့ ရုံပိတ်လိုက်၊ လူတွေလာလဲ တခြားရုံသွားရင်သွား၊ မသွားလဲပြန်ကြ၊ နောက်နေ့မှ ပြန်လာကြည့်ပေါ့၊ လွယ်လွယ်လေး၊ ဘာလဲ နင်က ရေဒီယိုသတင်းစာကနေ ဒီနေ့ စပယ်ရှယ်အိုကေးရှင်းတွက် နဝေးဒေးရုံပိတ်သည်လို့ ကြော်ငြာစေ့ချင်နေတာလား.. အဟား”

“ဟင်း…”
“လိုက်မယ်မဟုတ်လား”
“ငါ အားမယ်မထင်ဘူးဟာ..။ နင့်ကို အခြေအနေအကြောင်းပြန်မယ်လေ.. နော်”

ထူးမ ပြောပြီး တစ်ဖက်လှဲ့ပြီး သက်ပြင်းကြိတ်ချလိုက်သည်။ ထူးမ သက်ပြင်းချသံကို ထူးမ မကြားရ။ ခပ်ဝေးဝေးက တစ်မြို့လုံး ညံနေသော ကားဟွန်းသံများကိုသာ ထူးမ ကြားနေမိပါတော့သည်။

ဆက်ရန်…

2 comments:

တန်ခူး said...

အတ္တနဲပြီး ကိုယ်ချင်းစာတရား ရှိတဲ့ ထူးမစိတ်ဓါတ်ကို လေးစားတယ်။

Thyda said...

Very nice! I am looking forward to read next episodes. I like your writing style and stories since long time ago. Plz keep on writing sister.

LinkWithin

Related Posts Plugin for WordPress, Blogger...