မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 11, 2008

သောကြာကြယ် - ၎

“မိုက်လုံးကြီးတဲ့ သမီး၊ ဒီအမိုက်မကို ကျွန်မမွေးမိတာပါရှင်..”
“အခုတော့ ဘယ်လိုလုပ်ကြမလဲ.. ဟင်”
“စိတ်ကို အေးအေးထားကြပါ။ ဘယ်လိုဖြစ်ကြတာလဲ”
“အသက်တောင် မပြည့်သေးပါဘူးဗျာ၊ ကျွန်တော်တို့လဲ ကလေးဆိုပြီး လွှတ်ထားမိတာ အခုတော့ လိုက်သွားပြီလေ”
“လုပ်ပါဦးရှင်။ ဘယ်မှာမှလဲ ရှာလို့မတွေ့တော့ဘူး.. ”
“မင်းကို အစထဲက ပြောထားတယ်လေ။ သမီးက အရွယ်နဲ့ မလိုက်အောင် အလှအပ ကြိုက်တတ်နေတာ၊ တန်းလျားမှာလဲ ကောင်လေးတွေ တရုန်းရုန်းနဲ့ ကြည့်ပြောဦးဆိုတာ.. ခုတော့”
“အို.. ရှင်လဲ အဖေပဲ။ အခုမှ ဘာဖြစ်လို့ ကျွန်မတစ်ယောက်ထဲ အပြစ်ဖြစ်ရတာလဲ”
“ဒီလောက်လဲ စိတ်မပူပါနဲ့ဗျာ။ အခုဟာက ကောင်လေးက ရိုးရိုးသားသားလို့ ကြားပါတယ်။ လူငယ်ချင်းမေတ္တာမျှနေကြတာဆို”
“အို.. စီအိုကြီးရယ် ကျွန်မသမီး မိခိုင်ကို ခုလိုအသက်မပြည့်ခင် ခိုးယူသွားတဲ့ ရဲဘော်လေးကိုတော့ တစ်ခုခု အရေးယူပေးပါ..”
“စိတ်အေးအေးထားကြပါ။ ကြည့်လုပ်ပေးပါ့မယ်”

နံနက်စောစောစီးစီး အိမ်ရှေ့ခန်းမှ ဆူဆူညံညံ အသံများက မုန့်ဟင်းခါးပူပူကို နှေးကွေးစွာစားနေကြသော ထူးမတို့ ညီအစ်မရှိရာ ထမင်းစားခန်းထဲသို့ တိုးဝင်လာနေသည်။
သမီးပါသွား၍ ပူလောင်နေသော မိဘနှစ်ဦး စကားတွေပြောအပြီး ပြန်ထွက်သွားတော့ မေမေ့ စကားသံက ထွက်လာသည်။

“မောင်..”
“အင်း”
“အဲဒီရဲဘော်လေးကို ရှာတွေ့ရင် အရေးယူမှာလား”
“မိန်းကလေးက အသက်မပြည့်သေးဘူး”
“မောင်.. ”
“ပြော..”
“မောင်.. အဲဒီရဲဘော်လေးကို အရေးယူမယ်ဆိုရင်.. မနက်မနက် နောက်ဘေးအိမ်နောက်က ဆင်းဆင်းလာတဲ့ မောင့် အရာရှိကိုလဲ အရေးယူသင့်တယ်နော်”
“ဟိုကလေးကို အရေးယူမယ် ဘယ်သူပြောသေးလဲ ဒါ..ရယ်၊ မောင်စုံစမ်းပါဦးမယ်”
“မောင်..”
“ဘာလဲ”
“အေးကို ကိစ္စကျတော့ မောင်တို့က မသိဟန်ဆောင်နေတယ်နော်။ ရဲဘော်လေးက သူတစ်ကယ်ပေါင်းချင်လို့ ခေါ်သွားတာကျတော့...”
“အေးကို ကိစ္စလဲ မောင် စီစဉ်ပါမယ်ကွာ။ ဟိုမိန်းကလေးကတော့ နှစ်ဆယ်ကျော်ပြီ။ ရည်ငံနေကြတယ်ဆိုလဲ လက်ထပ်ခိုင်းရမှာပဲ။ တိတ်တိတ်နေစမ်းပါဦးကွာ.. စဉ်းစားပါရစေဦး ”
“မောင်.. ကျွန်မကို မအော်နဲ့”
“ဘယ်မှာအော်လို့လဲ။ ဒီမှာ စိတ်ရှုပ်နေတယ်ကွ”
“အခုမအော်လို့ ဘာလဲ၊ စကားကောင်းကောင်းပြောပါ။ ကျွန်မ မောင့် လက်အောက်ငယ်သား မဟုတ်ဘူးနော်။ မောင့် မိန်းမ”
“ဟာ.. ဒီမှာ ပြသနာတွေဖြစ်နေတာ။ ဒီ တုန်း(tone)နဲ့ ဟိုလူတွေကို ပြောနေတာ ချက်ချင်း တုန်း ကို မပြောင်းနိုင်ဘူး။ တုန်းကို ချက်ခြင်းချက်ခြင်းပြောင်းရအောင် ဒီမှာ အက်ရှင်မင်းသားမဟုတ်ဟေ့…”
“အို.. ပြောင်းသင့်ရင် ပြောင်းရမှာပဲ။ ကျွန်မ မောင့်မိန်းမနော်.. အဲဒါပဲ”
“မင်း… မောင့်မိန်းမမှန်း လူတိုင်းသိပါတယ်ကွာ”
“မောင်.. ဒေါသကိုမဆွနဲ့.. ဟွန်း”

အခန်းထဲကို ၀င်သွားသော မေမေ့ခြေသံနှင့် အိမ်ရှေ့ဆွဲတံခါးကို ဖွင့်လျှက် ထွက်သွားသော ဖေဖေ့ခြေသံတို့ကို ထူးမ ကြားလိုက်ရသည်။



ထန်းပင်တောထဲကို နေရောင်က ဟိုသည်တစ်ကွက် ထိုးကျနေသည်။ ထန်းတောအောက်ခြေ သဲပြင်ပေါ်မှာ သစ်ရွက်ခြောက်တွေ၊ သစ်တိုသစ်စတွေ ပြန့်ကြဲနေသည်။ ပင်ခြေအောက်မှာ ခြုံပုတ်တွေကလဲ ဟိုတစ်စု သည်တစ်စု။ ခပ်လှမ်းလှမ်းမှာ ပင်လယ်လှိုင်းသံကို ကြားနေရသည်။ စက်ဘီးက သဲထဲမှာ တွန်းရခက်နေသည်။
“ဒီနားပဲ စက်ဘီးတွေ ထားခဲ့မလား မမထူး၊ ဘယ်သူမှလဲယူမှာမဟုတ်ပါဘူး”
“နေဦး ဟိုနားမှာ တဲလေးတစ်ခု သွားကြည့်ရအောင်”
ထူးမတို့ ညီအစ်မ တဲလေးနားအထိ စက်ဘီးကို ခက်ခက်ခဲခဲ တွန်းလာကြသည်။ တဲလေးနားရောက်တော့ တဲလေးတစ်ဝိုက်ကို မျက်စိကစားကြည့်သည်။ တဲလေးက တိတ်ဆိတ်နေသည်။
“လူ.. ရှိလား”
ထူးမ အသံပြုလိုက်တော့ တဲလေးထဲမှ မိန်းကလေးတစ်ယောက်ထွက်လာသည်။

“ဟင်”
“အို”
“ဟင်.. မမ.. မမတို့.. သမီးကိုလာရှာတာလားဟင်”
“အို.. မဟုတ်ဘူး၊ မဟုတ်ပါဘူး။ မမတို့ ဒီနားလာတာ စက်ဘီးထားခဲ့ချင်လို့ ဒီတဲလေးထဲ လူရှိမလား လာကြည့်တာ”
“မမ မိခိုင် ဖေဖေနဲ့ မေမေကို မပြောပါနဲ့နော်။ တောင်းပန်ပါတယ်”
“မပြောပါဘူး။ ဒါပေမယ့် သူတို့ အရမ်းစိတ်ပူနေတယ်။ အိမ်တော့ ပြန်လိုက်ဦး”
“ဟုတ်.. ဟုတ်ကဲ့။ ပြန်မှာပါ တစ်ရက် နှစ်ရက်နေရင် ပြန်မယ်။ မပြောပါနဲ့နော်”
“မပြောပါဘူး။ ပြန်မယ်ဆို မပြောဘူး”
“ပြန်မယ် မမ။ မပြောနဲ့နော်”
“အင်း စိတ်ချပါ”

ထူးမတို့ ညီအစ်မ ထန်းတစ်ပင်အောက်မှာ စက်ဘီးတွေ ထောင်ခဲ့ပြီး ကမ်းစပ်ဘက်ကို ထွက်လာခဲ့သည်။ ရေတက်နေသည်။ သောင်စပ်နား ငါးခြောက်လှမ်းသော တဲတန်းရှည်များနားက တဲအိမ်လေး နောက်တစ်လုံးနားမှာ ရခိုင်အမျိုးသမီးကြီးတစ်ဦး အ၀တ်လှန်းနေသည်ကို ထူးမတွေ့လိုက်သည်။ သူမ၏ အသားအရည်က နေလောင်ထား၍ ညိုမောင်းနေသည်။ အကျီ င်္ချိုင်းက ချုပ်ရိုးပြုတ်နေသည်။ အိမ်ရှေ့ လှေကားထစ်မှာ ဆယ့်သုံးလေးနှစ်အရွယ် ကလေးမလေးတစ်ဦး ထန်းတောထဲကို ငေးကြည့်နေသည်။
“အဒေါ်”
သူမ လှည့်ကြည့်လာသည်။
“ဒီသောင်က အပြန့်ကြီးလားဟင်”
အမျိုးသမီးကြီးက မျက်လုံးပြူးပြီးကြည့်နေသည်။ သူမ၏ မျက်လုံးများက အရောင်မဲ့နေသည်။ “ဒီသောင်က အပြန့်လားလို့ မေးတာ။ ရေကူးချင်လို့။ အပြန့်... ကြီး …လား….. လို့”
ထူးမ ညီမလေးက အသံကို အရမ်းမြှင့်လိုက်ပြီး ရေကူးဟန်၊ သောင်အပြန့်ဟန် လုပ်ပြနေသည်။
“ဟယ်.. သူက နားလေးတာမှ မဟုတ်တာ၊ ဗမာလိုမတတ်တာလေ။ တိုးတိုးပြောပါဟယ်”
“အင်း ဟုတ်သားပဲ”
“အဒေါ် သောင်က ပြန့်လား” ထူးမ လက်ဟန်ခြေဟန်လုပ်ပြတော့ အဒေါ်ကြီးက ခေါင်းကို လေးလေးမှန်မှန် ငြိမ့်သည်။
“ပြန့်တယ်တဲ့..”
“ဒါဆို.. ဒီသောင်က နက်လား၊ ချိုင့်ကြီးရှိလား” ထူးမ ညီမလေးက လက်ဟန်နှင့် ချိုင့်သဏ္လန်လုပ်ပြီး မေးလိုက်ပြန်သည်။ အဒေါ်ကြီးက ခေါင်းကို လေးလေးမှန်မှန် ထပ်ငြိမ့်သည်။
“ဟင်”
“ဟောတော့”
“ဒုက္ခပါပဲ ဘာမေးမေးခေါင်းငြိမ့်ပြနေတော့မှာပဲ”
“ကူးမှာလား၊ ဘယ်လိုလုပ်မလဲ”
“ကူးမယ်.. အစပ်နားကူးမယ်၊ ဟိုနေ့ညနေက လမ်းလျောက်တာ ဒီနားလောက်ထိရောက်ပါတယ်။ သောင်ပြန့်ပါတယ်.. လာ”
ထူးမ တို့ ငါးခြောက်လှန်းသော တဲတန်းနားကို ရောက်လာကြသည်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်ကြသည်။ သွေ့ခြောက်သောလေက တိုက်ခတ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မွန်းတည့်နေအောက်မှာ တိတ်ဆိတ်နေသည်။ ထန်းတောထဲမှ ငှက်ကလေးများ၏ အသံကိုသာ ကြားနေရသည်။ အိမ်မှာထဲက ရေကူးအကျီ င်္ကို အထဲမှ ၀တ်လာသော ထူးမတို့ အပေါ်အကျီ င်္များကို ချွတ်ပြီးငါးခြောက်တဲထဲမှာပဲ ထားခဲ့ကြသည်။
“နံလိုက်တာ အန်မိတော့မယ်”
“မြန်မြန်လုပ် သွားမယ်”

ရေကူးအပြီး ရခိုင်မကြီးဆီပြန်ရောက်လာသည်။ သူမ အိမ်နောက်က လက်တစ်ထွာအမြင့်သာ ဘောင်ရှိသော ရေတွင်းမှာ သူမကို လက်ဟန်ခြေဟန်နှင့် ခွင့်တောင်းပြီး ရေချိုးကြသည်။
ပါလာတဲ့ အကျီ င်္အပိုတွေကို သူမ၏ သမီးလေးအတွက်ဟု အမူအယာလုပ်ပြပြီး ပေးခဲ့တော့ ထုံးစံအတိုင်း အားငယ်ခြင်းမဲ့သော၊ မနာလိုမှုမဲ့သော၊ ဆိုင်ပြိုင်မှုမဲ့သော၊ မောဟမဲ့သောမျက်လုံးများ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ၊ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ စသဖြင့် ဘာကိုမျှ မသိသော မျက်လုံးများ၊ သိရန်လဲမလိုသော မျက်လုံးများ၊ ထို..အရောင်မဲ့ မျက်လုံးများနှင့် ထူးမတို့ကို စိုက်ကြည့်နေခဲ့ပါသည်။

ဆက်ရန်…

9 comments:

Yan said...

အားငယ်ခြင်းမဲ့သော၊ မနာလိုမှုမဲ့သော၊ ဆိုင်ပြိုင်မှုမဲ့သော၊ မောဟမဲ့သောမျက်လုံးများ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ၊ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ စသဖြင့် ဘာကိုမျှ မသိသော မျက်လုံးများ၊ သိရန်လဲမလိုသော မျက်လုံးများ၊ ထို..အရောင်မဲ့ မျက်လုံးများနှင့် ထူးမတို့ကို စိုက်ကြည့်နေခဲ့ပါသည်။

အဲဒီ့စာကြောင်းကို ထပ်ခါထပ်ခါ ဖတ်ကြည့်ရင်း အတွေးတစ်ခုစီ ထွက်လာတယ်.

အထူးသဖြင့် ဘာကိုမှမသိသော မျက်လုံးများ၊ သိရန်လည်း မလိုသော မျက်လုံးများ၊ ထို.. အရောင်မဲ့မျက်လုံးများ ဆိုတဲ့နေရာမှာပေါ့.

သရုပ်ဖော်အရေးအသား နိုင်နင်းတယ်ဗျာ.

အချိန်ယူပြီး ဆက်ရေးပါဦး. တစ်ခါတစ်ခါတင်တာ နည်းပေမယ့် ဖတ်ရတာ တကယ်တန်ပါတယ် မလေးရေ.

ခင်မင်လေးစားလျက်

ရန်အောင်

တန်ခူး said...

အဖွင့်ကိုတွေ့တော့ နဲနဲလန့်သွားတယ်။ထူးမများ ပါသွားပြီလားလို့။ မဖြစ်နိုင်ပါဘူးလို့တော့ ထင်သား။ ထူးမကို တိုင်ပြောမယ်။ လူကြီး မသိအောင် ရေခိုးကူးတယ်။ အိမ့်ရေ...သောကြာကြယ်က episode ဘယ်နှစ်ခုလဲဟင်။ ပြောပြမလား 8-)

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုရန်…
awareness ဖြစ်ခြင်းရဲ့ ကောင်း/မကောင်းမှုကိုစဉ်းစားမိလို့ပါ။ awareness ဖြစ်လာရင်တာနဲ့အမျှ အဲဒီရဲ့ ဆိုးမှုကောင်းမှုတွေကို ခံစားလာတာတွေ၊ အသက်ကြီးသော်လည်း ပတ်ဝန်းကျင် အနေအထားနဲ့ မိမိရဲ့ သိချင်မှု/မသိချင်မူတွေပေါ်မှာ မူတည်လို့ innocence ဆိုတဲ့ အရာဟာ အတိုင်းအတာ တစ်ခုထိ လူတစ်ဦးဦးဆီမှာ ရှိနေတတ်သေးတာကို စဉ်းစားမိလို့ပါ

မမတန်ခူးရေ..
တစ်နေ့ နည်းနည်းရေးနေတာ…မ။ နောက်ထပ် ၃ - ၄ ခုလောက်တော့ ကျန်ဦးမယ်ထင်တယ်။ plot ချမထားဘူး..မ။ ခံစားချက်တွေနဲ့ အတွေးတချို့ကို စာရွက်ပေါ် ပစ်ပစ်ချနေတာပါ။

ချစ်စု said...

မလေး...မင်္ဂလာပါ။ သောကြာကြယ်ကိုလာခံစားသွားတယ်အစ်မရေ..
အခန်းဆက်လေးတွေကိုစောင့်မျှော်နေတယ်နော်အစ်မ
ညီမဆီလာလည်တဲ့အတွက်ကျေးဇူးနော်အစ်မ။ပျော်ရွှင်ပါစေ...

စာဖတ်သူ said...

သောကြာကြယ် ရဲ့ ဇာတ်အိမ်လေးက တော်တော်ကောင်းတယ်။
တစ်ခု ပဲ သတိထားပါ။ Character တွေရဲ့ လေတွေ တူနေတယ်။
CO ကြီးမိန်း မနဲ့  သူလက်အောက်ငယ် သားရဲ့ မိန်းမ ရဲ့ လေ၊
CO ကြီးနဲ့  သူလက်အောက်ငယ်သား ရဲ့ လေ၊
နောက် ထူးမတို့ ရွယ်တူတွေ ရဲ့ လေ တွေ ဟာ တော်တော်ဆင်နေတယ်။
တစ်ထပ်တည်းလို့ တောင်ပြောလို့ ရနေတယ်။
ဝတ္ထုဟာ အသံပါတယ် ဆိုတာ ဆရာမ သိပြီးသား နေပါလိမ့်မယ်။
ဆရာမ ဝတ္ထုလေး လာဖတ်တိုင်း အောက်က လိုက်လိုက်ရေး နေတဲ့ ဝေဖန်ရေး ဆရာလား၊စာရေးဆရာလား မသိတဲ့
ရန်အောင် ဆိုတဲ့ နာမည်ပိုင်ရှင်ရဲ့ အလွံအကျွံမြောက်ပင့် နေတဲ့ အလုံးတွေးကြား ထဲမှာ
တကယ် ကောင်းတဲ့ ဇာတ်လမ်းလေး ဇာတ်ကောင်အကိုင်အတွယ် ကြောင့်ပေါ့ သွားမဆိုးလို့  ပါ၊
ကျုပ်ကိုယ်တိုင်လဲ ဝေဖန်မိသွား ပြီး ထင်ပါတယ်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ချစ်စုဘလော့က public ဖြစ်သွားတာလား ကောင်းတယ်ကောင်းတယ်

စာဖတ်သူရေ..
ခုလိုဝေဖန်တာကျေးဇူးပါ။ CO ကြီးမိန်း မနဲ့  သူလက်အောက်ငယ် သားရဲ့ မိန်းမ ရဲ့ လေ၊
CO ကြီးနဲ့  သူလက်အောက်ငယ်သား ရဲ့ လေတွေရောအောင်..
ပထမအပိုဒ်မှာ အသံတွေဖျောက်ထားတာ ထူးမ လိုက်သွားတယ်လို့ စာဖတ်သူတွေ ပထမထင်အောင် ရေးလိုက်တာပါ။
ထူးမတို့ ရွယ်တူတွေရဲ့ လေတွေ တူတယ်ဆိုတာတော့ ဟုတ်တယ်။ ကျေးဇူး။

ကိုရန်အောင်က မြှောက်တာတော့မဟုတ်ပါဘူး။ သောကြာကြယ်နဲ့ ပတ်သက်ပြီး ကျွန်မခံစားချက်ကို ကျွန်မအဖြစ်တွေကို သိထားသူမို့ ဆက်မရေးပဲ ရပ်ထားမှာစိုးလို့ အားပေးနေရုံ သက်သက်ပါ။

ခုလိုထောက်ပြတာတွေတွက် ကျေးဇူးပါ။ နောင်ရေးမယ့် ၀တ္ထုတွေအတွက် ကျမအတွက် အားပါပဲ။ ဆရာမလို့တော့ မခေါ်ပါနဲ့ရှင်.. ဆရာမ မဟုတ်ပါဘူး။း)

စာဖတ်သူ said...

ဆရာမ အနေနဲ့  စာဖတ်သူတွေ ကို ဆွဲခေါ်သွားချင်လို့  ထည့်လိုက်တဲ့ အသံဆိုပေမဲ့။
Tone,Color တွေ က တူလွန်းနေတဲ့ အချက်ကို ဆိုလိုတာပါ။
ခံစားမှု တစုံတရာကြောင့် တကယ် နာကျင်နေတဲ့ အချိန်မှာ သူဋ္ဌေးဖြစ်ဖြစ် ၊ မြင်းလှည်းသမား
ဖြစ်ဖြစ် အသံကတူတူဖြစ်သွားတာပါ။ ဒေါသသံ၊ နာကျင်သံ၊ နမြောတသ သံလိုမျိုး ဖြစ်သွားတတ်တယ်။
ခုရေးသွားတဲ့ ပုံစံက Tone,Color မပြောင်းဘူး စကားလုံး သက်သက် ပြောင်းသွားတာမျိုးကို ဆိုလိုတာ
တကယ်တော့ အဲလို အခြေအနေမှာ လူတိုင်း အတူတူဖြစ်သွားတာ ပဲ။ ဒါပေမဲ့ ဆရာမရေးထားတဲ့
လေသံထက် ပိုမာကြောတယ်၊ ပိုပြင်ထန်တယ်၊ ပိုရိုးသားတယ်၊ ပိုနာကျည်းတယ်၊
ခုက သိမ်မွေ့ နေသေးတယ်။ ပလော့တွေမှာ နာမည်မှ မပါ၊ သီးခြား အခေါ်အဝေါ်မှ မပါတာ။
တင်ရေးလို့ ရပါတယ်။ လုပ်ယူစရာမလို ပါဘူး။
ကျနော် Realism တစ်ခု အနေနဲ့ ဖတ်လို့  သတိပေးတာပါ။

ရန်အောင် အားပေးတာဟာ ပြဿနာမဟုတ်ပါ။ သူတစ်ယောက်ထဲ မဟုတ်ပဲ တန်ခူး၊ ကေအေဝိုင်
တို့ လဲရေးနေတာပါပဲ။ ဘယ်လိုကောင်းတယ် ဘာကြောင့်ကောင်းတယ် ဆိုတာမျိုးတွေ
ရေးနေတာ ကို ဆိုလိုတာပါ။ ဆရာလုပ်နေတာလား ၊ အချင်းချင်းပင့်နေတာလာ၊ ဆိုတာမျိုး တွေးဆရာဖြစ်လို့ ပါ။ ဒါဟာ သူတေသနကွင်း မဟုတ်တဲ့ အတွက် စာညွန်ရေး
စရာ မလိုပါဘူး။ သောကြာကြယ် ဖတ်ပြီး ကောင်းတယ် ဆိုပြီး စိတ်ထဲဝင်သွားတဲ့ ခံစားမှုအားလုံး
ရန်အောင်ရေး တားတဲ့ ဇွတ်တရွတ်ချီးမြောက်တာတွေ ဖတ်ထားပြီး စိတ်လေလေသွားတယ်။
နောက် ပေါက်ဦးပဲ ဆိုတဲ့ဘန်းစကား အရ ရန်အောင် ဟာ စာပေအသိုင်း အဝိုင်းနဲ့ ထိစပ်ပုံရတယ်။
တကယ်ဆရာကြီး ဆိုလဲ နောက်မှ သေချာ စစ်တမ်းပုံစံမျိုးရေးစေ့ ချင်ပါတယ်။
သေချာလေ့ လာထားတယ် ဆိုရင်ပေါ့ ။
ဒါမှ မဟုတ်ရင်တော့ ပုဆိုးတစ်အုပ် နဲ့ ဒေါင်းဒင်္ဂါး ၁၀ ပြားလောက်ပေးလိုက်ပါ :)

အကြံပေးတာပါ အကုန်ပြီးတာနဲ့ ဘယ်သူမှ ကော့မန့် ရေးခွင့် မပေးပဲ အစအဆုံးတင်ပေး စေချင်ပါတယ်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

အကုန်ပြီးတာနဲ့ ဘယ်သူမှ ကော့မန့် ရေးခွင့် မပေးပဲ အစအဆုံးတင်ပေး စေချင်ပါတယ်.. ကတော့ မဖြစ်နိုင်ဘူးရှင့်…
ဒီဝတ္ထု ပြီးအောင်တောင် ကျွန်မ မနဲရေးနေရတာ။ အခြားစာဖတ်သူတွေ သူတို့ခံစားချက်ရှိသလို ရှိတုန်းချရေးမှ အစစ်အမှန်မြင်ရမှာပေါ့။ အခု စာဖတ်သူရေးသလိုပေါ့။ အသံတွေလျောယှက်မှုကို ဒီစာ ဆုံးမှ သိရတာထက် စောစောသိရတာ ကျွန်မတွက်ကော ဒီစာကို ဖတ်သူတွေပါ အကျိုးရှိသလိုပဲပေါ့။

Chit Lay Pyay said...

မလေးရေ ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား။ ငါလဲ မလုပ်တတ်ဘူး၊ ဟီး စတာနော်၊ ဝေဖန်ကြည့်တာ၊ ဘယ်လို ဝေဖန်ရမှန်း မသိလို့၊ ဘာပဲဖြစ်ဖြစ် မလေးရဲ့ သောကြာကြယ်ကို စိတ်ဝင်းတစား စောင့်မျှော်နေပါကြောင်း၊

LinkWithin

Related Posts Plugin for WordPress, Blogger...