မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, January 08, 2008

သောကြာကြယ် - ၃

နေလုံးနီနီက ဖြောင့်တန်းတဲ့ မိုးကုပ်စက်ဝိုင်း ကြိုးတန်းပေါ်မှာ ငိုက်မြည်းနေသယောင်၊ ညနေခင်းငှက်တို့ကလဲ ပင်လယ်ပြင်ပေါ်မှာ ၀ဲပျံနေကြရင်း နေလုံးနီကို ရင်ကွဲမတတ် နှုတ်ဆက်နေကြသယောင်။ သောင်စပ်က ညနေခင်းလမ်းလျောက်ကအပြန် အုန်းပင်စီရရီတန်းထားတဲ့ တိုက်ပုလေးရှေ့က ဖြတ်လျောက်မိကြသည်။
“ခဏ၀င်ချင်လား”
“၀င်လေ.. မောင်”
အုတ်လှေကားပေါ်မှာ ပန်းပွင့်လေးတွေ ဟိုတစ်ပွင့် သည်တစ်စ။ အိမ်ရှေ့ခန်းထဲမှာ စာအုပ်တစ်အုပ်ဖတ်နေသော အိမ်ရှင်လူကြီးက ထူးမတို့မိသားစုကို အိမ်တွင်းမှ လှမ်းမြင်လိုက်ကတည်းက သူကိုယ်တိုင် တံခါးထဖွင့်ပေးရန် ထလာသည်။


“ဟာ… စီအို အထဲကြွပါခင်ဗျာ၊ လမ်းလျောက်ရာက အပြန်လား၊ ၀င်ပါထိုင်ပါ”
“အင်းဗျာ.. ကျွန်တော့ မိသားစုဝင်တွေနဲ့လဲ တွေ့ပေးချင်လို့၊ ဒါကျွန်တော့်အမျိုးသမီး၊ ဒါက သမီးအကြီး၊ ဒါက အငယ်” ထူးမ ဖေဖေက ၀င်ထိုင်ရင်း ပြောသည်။
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်”
သန့်ရှင်းသပ်ရပ်တဲ့ တိုက်ပုလေး အိမ်ရှေ့ခန်းရဲ့ ထောင့်တစ်ထောင့်မှာ ပန်းအိုးလှလှလေးနဲ့ နံရံပေါ်က ပန်းချီကားတစ်ချို့ကို ထူးမ မျက်လုံးဝေ့ကြည့်မိသည်။ မီးဖိုချောင်ဘက်အသွား ပါးပါးလျလျကန့်လန့်ကာနောက်မှာ ထူးမတို့အရွယ်သာသာ ကောင်လေးနှစ်ယောက် မတ်တပ်ရပ်နေကြသည်။
“စီအိုတို့ သောက်ဖို့ ကော်ဖီဖျော်ခဲ့ကွာ”
“အို.. ရပါတယ်ရှင်.. ကျွန်မတို့ စားပြီးခဲ့ပါပြီ” မေမေက ယဉ်ကျေးသိမ်မွေ့စွာငြင်းလိုက်သည်။
“အို.. ဘယ်ဟုတ်မလဲဗျာ၊ တစ်ခုခုလုပ်ခဲ့” အိမ်ရှင်က ကန့်လန့်ကာနောက်က မယောင်မလည်ရပ်နေသော ကောင်လေးနှစ်ယောက်ကို လှမ်းပြောလိုက်သည်။ ကောင်လေးနှစ်ယောက် နဖူးချင်းထိလု ကျိတ်ကျိတ်ထိုးနေကြသည်။
“ဟေ့ကောင်တွေ ကော်ဖီချလေကွာ” အိမ်ရှင်က ထပ်ပြောသည်။
ကောင်လေးနှစ်ယောက်လုံး လက်လေးတွေ နောက်ပစ်ပြီး မ၀ံ့မရဲ ခပ်လေးလေးပင်ပင်နှင့် ကန့်လန့်ကာနောက်မှ ခါးကုန်းပြီးထွက်လာကြသည်။
“ဟို .. ဟို.. ကော်ဖီမှုန့်ကုန်နေတယ် စီအို”
ထူးမ ညီမလေးက အောက်နှုတ်ခမ်းကို ကိုက်ထားပြီး ထူးမကို မျက်လုံးလှန်ကြည့်သည်။ ထူးမကတော့ အိနြေ္ဒတစ်ခွဲသားနှင့် မသိချင်ယောင်ဆောင်နေသည်။
“ဟာ.. မင်းတို့ကလဲ ဒါဆို သံပုရာရည်ဖြစ်ဖြစ် ချကွာ”
သံပုရာရည်ဆို၍ သွေ့ခြောက်နေသော ထူးမလည်ချောင်းက ထ ခုန်မတတ် ပျော်သွားသည်။
“အဲ…ဟို.. သံပုရာရည်ဖျော်ဖို့လဲ သကြားမရှိဘူး စီအို”
ထူးမ ခေါင်းတွင်တွင်ငုံ့ရင်း ကြမ်းပြင်ကို ကြည့်နေမိသည်။ နေရင်းထိုင်ရင်း မျက်နှာတွေက ပူလာသလိုလို။
“ဟာ.. မင်းတို့ဟာကလဲ” အိမ်ရှင်က အနေရခက်စွာပြောသည်။
“အို.. ရပါတယ်ရှင်။ နေပါစေ.. သောက်ရေပဲပေး ကလေးတို့၊ အန်တီတို့စားပြီးမှ လာတာကွဲ့”
“ဟုတ်.. ဟုတ်ကဲ့”
ကောင်လေးနှစ်ယောက် သောက်ရေယူရန် မီးဖိုထဲကို ကုပ်ကုပ်လေးနှင့် ပြန်ဝင်သွားပါတော့သည်။

အဲဒီညနေက လေတဖြူးဖြူးတိုက်နေသော လမ်းကလေးအတိုင်း ထူးမတို့ လမ်းလျှောက်ပြန်လာကြသည်။
“သူလဲ သူ့မိန်းမလိုပဲ သိပ်ရိုးတယ်ထင်တယ်နော်.. မောင်။ သူ့မိန်းမက ရန်ကုန်နာမယ်ကြီးကျောင်းတစ်ကျောင်းက ဆရာမ။ တစ်ခါတစ်ခါ ဘတ်စ်ကားနဲ့တောင် ကျောင်းသွားတယ်ပြောတယ်”
“အိမ်မှာ ကော်ဖီမှုန့် လောလောဆယ်ကုန်နေတာလဲဖြစ်ရင်ဖြစ်မယ်။ အိမ်ရှင်မ မရှိလို့ ဖြစ်သလိုနေတာလဲဖြစ်ရင်ဖြစ်မယ်။ သူ့ရိုးသားမှုရဲ့ ပြယုဒ်လဲဖြစ်မယ်။ ဘယ်ရှုထောင့်က ကြည့်မလဲဆိုတာလဲ ရှိသေးတယ်လေ။ ဒီလိုပြည့်စုံတဲ့လူတစ်ယောက်ရဲ့အိမ်မှာ ဧည့်သည်အတွက် သကြားတောင်မရှိတာဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်တာဝန်ကျေနိုင်မလဲဆိုတာတော့ စဉ်းစားစရာဖြစ်နေတယ်။ ဒါပေမယ့် ဒီလူဟာ လူကောင်းတစ်ယောက်ဆိုတာတော့ ဘယ်သူမှ ငြင်းမရပါဘူး”
“ဘာပဲဖြစ်ဖြစ် ဒီလောက် corrupt ဖြစ်နေတဲ့ထဲမှာ ဒီလိုလူမျိုးတွေ ရှာမှရှားပါမောင်ရယ်၊ corruption က နေရာတိုင်းမှာရှိတာပါပဲ။ အုပ်ချုပ်ရေးအပြင်ဘက်တွေမှာလဲရှိတာပဲ။ ဒါပေမယ့် အုပ်ချုပ်သူတွေအနေနဲ့ ဒါကိုထိန်းဘို့တာဝန်ရှိတယ်။ သူ့လိုလူမျိုးတွေလဲ အများကြီး ရှိဖို့သင့်တယ်”
“ဒါဒါ.. စကားကြည့်ပြော၊ အနေအထိုင် အပြောအဆို ဆင်ချင်ကြမှ” ထူးမ ဖေဖေက အသံကို အုပ်ပြီးပြောသည်။
လမ်းမတစ်လျောက် လူတွေက ထူးမတို့ ဖေဖေကို ပြုံးပြသည်။ လှမ်းနှုတ်ဆက်ကြသည်။ မျက်နှာချင်းဆိုင်က လာသည့် သူတွေကလဲ လမ်းဘေးကပ်လျောက်ပေးကြသည်။
“သိပ်ရှက်တာပဲ..” ထူးမ ညီမလေးက တိုးတိုးလေးပြောသည်။
“အင်း သိတယ်.. ဖေဖေနဲ့ သွားရရင် အဲလိုပဲ.. မျက်နှာပူတယ်”
ထူးမတို့ ညီအစ်မရင်ထဲမှာ မှားယွင်းမှုတစ်ခုကို သေချာလွန်းစွာ ခံစားနေခဲ့ရသည်။

ထိုညက အိမ်ပြန်အရောက် အိမ်ထဲမ၀င်သေးပဲ အိမ်နောက်က မြေကွက်လပ်ရှိ ပက်လက်ကုလားထိုင်မှာ ဦးစိုးချပေးတဲ့ လက်ဘက်သုတ်ကိုစားရင်း လေးယောက်သား စကားစမြည်ဆက်ပြောဖြစ်ကြသည်။ ငှက်တို့အိပ်တန်းပြန်ချိန်က သာယာလွမ်းမောဖွယ်။ တိမ်စင်တဲ့ကောင်းကင်မှာ ညနေကြယ်လေးတွေ ဟိုသည်တစ်ပွင့်ပေါ်လာသည်။ ကောင်းကင်ထောင့်တစ်ထောင့်မှာတော့ သောက်ရှုးကြယ်လေးတစ်ပွင့် လင်းတစ်ခါမှိန်တစ်လှဲ့။

“သမီးထူးကို မမ ဆီပို့ဖို့ စာရွက်စာတမ်းတွေရန်ကုန်ကို ရောက်နေပြီ”
မေမေ့စကားဆုံးတော့ အားလုံး အမှတ်မထင် တိတ်ဆိတ်သွားကြသည်။
“သမီးကို ဖေဖေ လက်ဆောင်တစ်ခုပေးမယ်” ထူးမ ဖေဖေက ချောင်းဟန့်ပြီး ပြောလိုက်သည်။
“ဟိုးမှာသောက်ရှုးကြယ်လေးတွေ့လား.. ထူး။ အဲဒီသောကြာကြယ်လေးဟာ သမီးအတွက် ဖေဖေ့လက်ဆောင်ပဲ..”

ထိုအချိန်မှာ ညလေက ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်သည်။
ထူးမ ပင့်သက်ကို လေးပင်စွာရှိုက်မိသည်။

“သောကြာကြယ်ကို ဗီယက်နမ်၊ ဂျပန်စတဲ့ အရှေ့တိုင်းနိုင်ငံတွေကတော့ ရွှေကြယ်လို့ခေါ်ကြတယ်။ သက္ကတစကားနဲ့တော့ ကြည်လင်ခြင်း၊ အလင်း စသဖြင့်ခေါ်ကြတယ်။ ရှေးခေတ်ဂရိလူမျိုး တွေကတော့ အလင်းရောင်ကိုသယ်ဆောင်လာသူလို့ ခေါ်စမှတ်ပြုကြတယ်။ morning star, evening star လို့လဲခေါ်ကြတယ်။ ရောမတွေအတွက်ကတော့ နတ်ဘုရားမပေါ့။ အဖေကတော့ သမီးအတွက် အမြဲတည်တံ့တောက်ပနေမယ့် အဖေ့မေတ္တာတွေကို ကိုယ်စားပြုလို့ သမီးကို ပေးလိုက်တာပါ။ သမီးက အဲဒီရက်မှာလဲမွေးတယ်.. နောက်ပြီး သမီးဘယ်တိုင်းပြည်ရောက်ရောက် သမီးလေး ဖေဖေ့ကို မြင်နေရတယ်လို့ ယူဆပါ သမီး”

“သမီး မမစန်းကလေ. သမီးကို သိပ်သဘောကျနေတယ်။ ထူးလေးဟာ သူ့သမီးလေးနော်လို့ တဖွဖွပြောနေတယ်။ သူ့သားအကြီးကလဲ တော်ရှာပါတယ်သမီး…”
တစ်ကယ်ခွဲရမယ်ဆိုတော့ ဒါမျိုးတွေဘယ်တုန်းကမှ လေးနက်စွာစိတ်မကူးသော မေမေ့ စိတ်ကူးတွေ ပုံပေါ်လာသည်။
“ဟင့်အင်း မေမေ၊ သမီး သိပ်ငယ်သေးတယ်၊ ဟိုးကမ္ဘာတစ်ဘက်ခြမ်းမှာ ဘာတွေရှိသလဲဆိုတာလဲ သိချင်သေးတယ်၊ ဒီလိုအခွင့်အရေးမျိုးရဖို့လဲမလွယ်ဘူး။ သမီးသွားကြည့်ချင်တယ်။ အဆင်မပြေတော့လဲ ပြန်လာတာပေါ့မေမေ” ထူးမအသံတွေ တိမ်ဝင်နေသည်။

ထိုညက သက်ကြီးခေါင်းချချိန်တိုင်အောင် ထူးမတို့ မိသားစု မြေကွက်လပ်မှာ ဆက်ထိုင်နေခဲ့ကြသည်။
ဓည၀တီရဲ့ ညလေတွေကတော့ ညဉ့်နက်လာသည်နှင့်အမျှ ပိုမိုကြမ်းရှလာနေခဲ့သည်။

ဆက်ရန်...

သောကြာကြယ် - ၁
သောကြာကြယ် - ၂

3 comments:

Kay said...

မလေးရေ.. စောင့်ဖတ်နေပါတယ်...

တန်ခူး said...

ထူးမဖေဖေရဲ့ စိတ်ကူးလေးက ကောင်းလိုက်တာနော်...။ သောကြာကြယ်မှာ ဖေဖေမျက်နှာ တွေ့ရမယ်ဆိုရင် တို့လဲ သောကြာကြယ်ကို အမြဲတွေ့ချင်နေမှာ...။ သံစဉ်မဲ့အင်္လကာ ကောင်းကင်က သောကြာကြယ်ကတော့ မျှော်ရတာ မောလိုက်တာကွယ်။

La Wun said...

I miss my Dad so much now... It reminds me those old days... I'm so happy and surprised that you posted the section one on Jan 3rd.

LinkWithin

Related Posts Plugin for WordPress, Blogger...