မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 04, 2008

သောကြာကြယ် - ၂

နွေကျောင်းပိတ်ရက်မကုန်ခင် မေမေနဲ့ ညီမလေးရောက်လာတော့ အိမ်က ပိုစိုပြေလာသည်။ မေမေလာမည့်နေ့မတိုင်ခင် တစ်ပတ်လောက်ကတည်းက တစ်အိမ်လုံးမှာရှိသည့် ခန်းဆီးတွေကို ဖေဖေကိုယ်တိုင်ဖြုတ်လဲသည်။ သူကိုယ်တိုင် အိမ်သန့်ရှင်းရေးလုပ်သည်။

ကစ္ဆပနဒီမြစ်ပြင်ကို ဖြတ်တိုက်လာသော ညလေက ငြိမ့်ငြိမ့်လေးတိုက်ခတ်နေသည်။ အိပ်ခန်းချင်းကပ်ရက် ဖေဖေနဲ့မေမေ့အခန်းမှ တီးတိုး စကားသံတွေက ထူးမတို့ ညီအစ်မ အခန်းထဲကို လွင့်ပျံ့လာသည်။
“စိုးထွေး ဆိုတဲ့ ကလေးကတော့ မဆိုးဘူးမောင်ရဲ့။ အသောက်အစားလဲ ကင်းပုံရတယ်။ မွန်မွန်ရည်ရည်လဲရှိတယ်။ အိမ်ကိုလာပါစေ”
“မောင်ကတော့ အေးကို ကိုသဘောကျတယ်။ အလုပ်လဲကြိုးစားတယ်။ တည်တည်တံ့တံ့နဲ့ လူကြီးလဲဆန်တယ်”

“စိတ်ညစ်တယ်”
ပြူတင်းပေါက်မှာထိုင်ပြီး ကဗျာတစ်ပုဒ်ရေးရန် စိတ်ကူးယဉ်နေသော ထူးမ ပျံ့လွင့်လာသော စကားတွေကြောင့် ခေါင်းကိုတွင်တွင်ကုပ်ပြီး ညီမလေးကိုကြည့်လိုက်သည်။ ညီမလေးက ပုခုံးတွန့်လိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။

“မနက်ဖြန် ဖေဖေနဲ့ မေမေအလစ် ရေသွားကူးကြဦးမလား”
“အင်း.. ကောင်းတယ်” ထူးမ သွက်လက်စွာပြန်ပြောလိုက်သည်။


ထိုနေ့နံနက် ငါးနာရီခန့် ဝေလီဝေလင်းအချိန် ထူးမတစ်ယောက် တစ်ရေးနိုးကိုယ်လက်သန့်စင်အပြီး ညက ၀ရံတာမှာ မေ့ပြီး ပစ်ထားခဲ့မိသည့် ဂစ်တာလေးကို ထွက်ယူလိုက်သည်။ ပတ်ဝန်းကျင်က လတ်ဆတ်သည့်လေကို ရှုရိက်ရင်း ပြန်မအိပ်ပဲ သောင်စပ်တွင် သွားပြေးလျှင်ကောင်းမလားဟု စဉ်းစားနေမိသည်။ ထိုအချိန်တွင် လမ်းတစ်ဘက်က ကွမ်းတောင်ကိုင်ညီအစ်မတွေနေသော အိမ်၏နောက်ဘက်တံခါး ပွင့်လာသည်ကို ထူးမ လှမ်းမြင်လိုက်သည်။ နောက်ဖေးလှေကားမှ လူတစ်ဦး တိုးတိုးတိတ်တိတ် ဆင်းလာသည်ကို ထူးမ မျက်မှောင်ကုပ်ကြည့်နေမိသည်။
“ဟင်…”

နံနက်ခင်းနေရောင်အောက်ရှိ မိသားစု နံနက်စာဝိုင်းက မေမေတို့ရောက်လာပြီး စိုပြေနေသည်။

“ဒီနေ့ ဖေဖေနဲ့မေမေ မြို့ထဲသွားမယ်။ သမီးတို့လိုက်ခဲ့ပါလား”
“ဟင့်အင်း မလိုက်ချင်ဘူးမေမေ၊ အိမ်မှာပဲနေမယ်”
“ဘယ်မှလျောက်မသွားကြနဲ့နော်၊ အိမ်ထဲမှာပဲနေ”
“ဟုတ်.. မေမေ”
“ဘေးအိမ်က မိန်းကလေးကိုတွေ့လား၊ ဘယ်လောက်လိမ္မာရေးခြားရှိလဲ၊ အိမ်မှုကိစ္စတွေလဲ အကုန်နိုင်တယ်။ စကားပြောတာလဲ သိမ်မွေ့လိုက်တာ၊ နေပုံထိုင်ပုံက အစ၊ နောက်အိမ်ထဲက အိမ်ပြင်တောင်မထွက်ဘူး” သကြားဇွန်းကို ချလိုက်ပြီး ဖေဖေက ပြောသည်။

“ဟွန်း.. ဖေဖေကလဲ သူကအိမ်ထဲက အိမ်ပြင်ဘယ်ထွက်မလဲ။ အိမ်ထောင်ရှင် ကလေးအမေကြီးကို၊ နောက် အသက်ငယ်ငယ်လေးနဲ့ ကတော်ဖြစ်နေရှာတာကိုး။ အိမ်မှုကိစ္စလဲ နိုင်မှာပေါ့ အဖေဂုဏ်၊ ယောင်္ကျားဂုဏ်ပေါင်းပြီး အချွေအရံတွေက နဲမှမနဲပဲ.. နောက်.. သူသမီးတို့လို စက်ဘီးတွေစီး၊ ရေတွေကူး.. အဲ… ဟို လျောက်သွားလို့ ဘယ်ဖြစ်မလဲ။ နောက် သမီးတို့လဲ သူ့လိုသာနေရရင်တော့ လူဖြစ်ကျိုးရှုံးပါပြီ” ထူးမ ညီမလေးက လေသံအေးအေးလေးနှင့် ပြန်ပြောသည်။ ထူးမ ညီမလေးကို မျက်လုံးပြူးကြည့်လိုက်မိသည်။
“ရေဘယ်တုန်းက သွားကူးလဲ”
“ဟင့်အင်း ဟို… ဘယ်တုန်းကမှမကူးပါဘူး.. ဖေ”
“မင်းတို့ ဖေ့ဖေ့ကို မလိမ်နဲ့၊ ကိုယ့်အသားတွေ ကိုယ်ပြန်ကြည့်ကြစမ်း၊ ပြာနှမ်းနေကြပြီ”
“မ.. မဟုတ်ပါဘူး။ ဟို..ဟို… နေပူထဲ စက်ဘီးစီးတာတွေ များလို့ပါ”
“ဒါဆို သမီးတို့ရေချိုးခန်းထဲမှာ လှန်းထားတဲ့ ရေကူးဝတ်စုံတွေက ဘာတွေလဲ၊ ဒီမြို့မှာ လူကူးလို့ရတဲ့ ရေကူးကန်မရှိဘူးနော်။ ကူးစရာပင်လယ်ပဲရှိတယ်” မေမေက ကော်ဖီကို တချိုင့်သောက်အပြီးပြောသည်။
ထူးမနှင့် ညီမလေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။

“ညနေကျရင် အေးကို ညစာလာစားမယ်ထင်တယ်” မေမေက မသိမသာပြောသည်။
ထူးမ ချောင်းသီးသွားသည်။ ရင်ဘတ်ကိုဖိပြီး ရေခွက်ကိုလှမ်းယူလိုက်သည်။
“မေ… မေမေ… ဟို မေမေနဲ့ဖေဖေ အဲဒါပြောမလို့။ ဟိုလေ.. မနက်က သမီး ငါးနာရီလောက် ၀ရံတာထွက်ရပ်တာ.. ဟို အဲဒီ.. အဲဒီလူ နောက်ဖေးအိမ်နောက်က ဆင်းလာတာတွေ့တယ်”
“ဟင်” မေမေ ၏ အံ့သြသွားသံ။
“ဟုတ်ရဲ့လား ထူး”
“ဟုတ်ပါတယ်ဖေဖေရယ်။ သမီး ဘာလို့မဟုတ်တာပြောမလဲ”
ထူးမတို့ မေမေက ဖေဖေ့ကို ကဲ.. ဘယ်နှယ့်ရှိစ ဆိုသော အကြည့်နှင့် လှမ်းကြည့်လိုက်သည်။

“မမထူး အလှည့်ပြီးရင် သမီးဘက် မလှည့်နဲ့နော်။ သမီးတော့ ဘယ်သူ့မှ မယူဘူး။ ခုထဲကပြောထားတယ်။ စိတ်လဲမ၀င်စားဘူး။ ဒီအသိုင်းအ၀ိုင်းထဲမှာလဲ ဆက်မနေဘူး။ မာဖီးယားဂိုဏ်းကြီးလိုပဲ။ ဖေဖေတောင်ကြည့်ပါလား ဘာသာမတူတဲ့ မေမေ့ကို ယူလို့ ဘယ်လောက်မြင့်မြင့် ရာထူးတက်နိုင်မလဲ စောင့်ကြည့်ဦးမယ်။ ဒါတောင် မေမေက ဗမာစင်စစ်၊ ပေါင်းတလည်အနွယ်၊ မေမေ့ဘိုးကြီး ဘာသာပြောင်းတုန်းကလဲ နှင်ထုတ်ခံထိအပြီး ဘိုးကြီးရွာထဲ ဖြတ်လျောက်ရင် ရွာလမ်း နွားနို့နဲ့ ဆေးခံရသေးတယ်မို့လား။ နောက်…ဖေဖေက လာဘ်လဲ ယူသင့်တာမယူတော့ အထက်မဖို့နိုင် အောက်မကျွေးနိုင်နဲ့၊ ဖေဖေ့လိုရာထူးမျိုးနဲ့ သမီးသူငယ်ချင်းတွေရဲ့မိဘတွေမှာ အိမ်တွေမြေတွေ ရေတွက်လို့တောင်ရမယ်မထင်ဘူး၊ ဟိုနေ့က လက်ဆောင်လာပေးတဲ့ ပတ္တမြားလေးတွေဆို ရဲနေတာပဲ။ မယူပဲအတင်းပြန်ပေးလိုက်တယ်။ ဘယ်လောက်တန်မှာမို့လို့လဲ ..သမီးတို့မှာ အဲဒါမျိုးလေးတောင် မရှိဘူး” ထူးမ ညီမလေးက စိတ်ထဲရှိရာ တတွတ်တွတ်ပြောနေသည်။

“သမီးလဲ မနေဘူးဖေဖေ၊ သွားမယ်။ အကြီးဆီပို့ပေးပါ။ ဖေဖေပဲပြောတော့ အကောင်ကတော်ဖြစ်ရတာထက် ကိုယ်တိုင်အကောင်ဖြစ်အောင်လုပ်နိုင်တဲ့ ရိုးရိုးကျင့် မြင့်မြင့်ကြံအရည်အချင်းတွေ ရှိရမယ်ဆို၊ သမီးဟိုမှာနွားနို့ပို့မယ်၊ သတင်းစာပို့မယ်၊ ကျောင်းတက်မယ်၊ ဒီအသိုင်းအ၀ိုင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟိုနေ့က ဟိုအန်တီ့ အိမ်မှာ အလှုလုပ်တာ မေမေက မီးဖိုထဲတောင်မ၀င်ဘူး။ မေ့မေ့စိန်နားကပ်ကို လှတယ်ပြောတာလဲ ဖေဖေက ဘာလက်ဝတ်ရတနာမှ ချွတ်ပေးစရာမလိုဘူးမှာထားလို့ မေမေ ချွတ်မပေးလို့ ဒီနှစ်လဲ ဖေဖေရာထူးတက်ဦးမှာ မဟုတ်ဘူး။ သမီးလဲ ပြောမရဘူး၊ ဒီထဲက တစ်ယောက်ယောက်နဲ့ အကြောင်းပါရင် ကွမ်းတောင်ကိုင်ညီအစ်မတွေရဲ့ ထမီကို မီးပူထိုင်တိုက်ပေးချင် ပေးနေရမှာ၊ ဖေဖေကြည့်ရက်လား” ထူးမလဲ အသံတွေ တုန်နေသည်။

“ဖေဖေတော့ တန်စိုးလက်ဆောင် မယူဘူးသမီးတို့။ ရန်ကုန်မှာ စားသောက်ဆိုင်တွေက မိုးလင်းရင် ဦးဦးဖျားဖျား စားစရာတွေ ရတာတောင် လွန်လှပြီ။ စိတ်မသန့်ဘူး။ ငြင်းရလဲခက်၊ သူများတွေအနေနဲ့ စားစရာလေးများ၊ အသေးအဖွဲလို့ ယူဆပေမယ့် ဖေဖေသေရင် ဘုရားရှေ့မှာ ခေါင်းမဖော်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး။ ဖေဖေလဲ ဒီအလုပ်ထက် တခြားအလုပ်မလုပ်တတ်တော့ဘူး။ ဆယ့်ခြောက်နှစ်ထဲက ဒီတက္ကသိုလ်ထဲဝင်တာဆိုတော့ ဒီအလုပ်ပဲ လုပ်တတ်တော့တယ်၊ သမီးတို့သာသွားပါ။ ဖေဖေနဲ့ မေမေ ပို့ပေးမယ်”

“ကလေးတွေ… မနက်စာ ပြီးအောင်စားနော်… နောက်မှပြော၊ ဖေဖေစိတ်မကောင်းဖြစ်မယ်”
ထူးမတို့ မေမေက ဖေဖေ့လက်မောင်းကို ကိုင်ပြီး ယဲ့ယဲ့လေး ပြုံးပြီးပြောသည်။
ထူးမဖေဖေက သက်ပြင်းချလျှက် စားပွဲမှ ထထွက်သွားတော့ ထူးမမေမေက နောက်မှ လိုက်သွားပါတော့သည်။

ဆက်ရန်…
သောကြာကြယ် - ၁
သောကြာကြယ် - ၃

4 comments:

Yan said...

ဒီပို့စ်လေးကို ဖတ်နေရင်း တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ မိသားစုလေးတစ်စုပုံ ပေါ်လာတယ်. ရိုးသားဖြောင့်မတ်တဲ့ ဖေဖေ၊ အခွင့်အရေးမယူတတ်တဲ့ ဖေဖေ၊ သားသမီးတွေကို ဂရုစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ဆုံးဖြတ်ရဲတဲ့ဖေဖေ… အဲလို အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဖခင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို မြင်နေရတယ်.

တကယ်လို့ ဒီဇာတ်လမ်းလေးဟာ fiction တစ်ခုမဟုတ်ဘဲ reality တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်တော့ ထူးမရဲ့ ဖေဖေဟာ ယောင်္ကျားကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ပါလို့ ပြောချင်ပါတယ်.

ထူးမဟာလည်း ဘ၀ကို ဒီတိုင်းနေသွားတာထက် လေ့လာစမ်းသပ်မှုတွေနဲ့ နေရတာ၊ လက်တွေ့ဆန်ဆန် ဘ၀ကို တည်ဆောက်ရတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိတာ၊ မိသားစုကို သံယောဇဉ်တွယ်တာတာ စတဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားတစ်ယောက်ပါပဲ.

နောက်ဆက်မယ့် ဇာတ်လမ်းလေးတွေကို မျှော်နေပါတယ်.

တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော်လည်း ကစ္ဆပနဒီအလွမ်းပြေ ဇာတ်လမ်းတစ်ပုဒ်ရေးနေတာ. ခုတော့ ဇာတ်အိမ်တစ်ခု ပိုခိုင်မာသွားခဲ့တာပေါ့လေ.

ထူးမပျော်ရွှင်အောင်မြင်ပါစေ…

ရန်အောင်

ပါချောချော said...

တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော်လည်း အိမ်နားက နွားကြီးပေါင်ကျိုးတဲ့ အကြောင်းဇာတ်လမ်းတစ်ပုဒ်ရေးနေတာ. ခုတော့ ဇာတ်အိမ်တစ်ခု ပိုခိုင်မာသွားခဲ့တာပေါ့လေ ....
(ဆိုင်မယ်ထင်တယ် နော် အဲဒီနွားကြီးရဲ့ ဇာတိက ဘင်္ဂလာဒေ့ က မောင်တော ကနေလှည့်ဝင်လာတာတဲ့)

မသိလို့  said...

Reality မဟုတ်ပဲ Fiction ဆိုရင်ရော ထူးမဖေဖေ က ဘာဖြစ်မှာတုန်း ငါ့ကောင်ကြီးရ

Maydarwii said...

မလေးရေ .. ဆက်ရေးပါဦး

LinkWithin

Related Posts Plugin for WordPress, Blogger...