မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, January 03, 2008

သောကြာကြယ်

ထိုညက ကောင်းကင်ထောင့်တစ်ထောင့်မှာ ကြယ်လေးတစ်လုံး လင်းတစ်ခါ မှိန်တစ်လှဲ့။ ပစိဖိတ်ညလေထဲမှာ ကခုန်မြူးတူးတော့မယောင်ယောင် သောကြာကြယ်လေးက ထူးမ ကိုငုံ့ကြည့်နေသည်။ ၀ရံတာခေါင်မိုးက ဆည်းလည်းသံတွေ ဆူညံသွားအောင် ဆောင်းအ၀င်ညလေက ခပ်ကြမ်းကြမ်း တိုက်ခတ်သွားတော့ ထူးမ လက်ကိုရင်မှာပိုက်ပြီး သက်ပြင်းရှိုက်သွင်းလိုက်သည်။ အပေါ်ထပ်ဝရံတာလက်ရန်းကို ကိုင်ရင်း ကားတွေသာ တန်းစီရပ်ထားသော၊ လူသူတိတ်ဆိတ်နေသော အိမ်ရှေ့လမ်းသွယ်ကို မျက်ရည်ဝိုင်းသောမျက်ဝန်းများနှင့် ငုံ့ကြည့်နေမိသည်။ ငုံ့ကြည့်မိသည်ဆိုတာထက် အလွန်အေးသူ၊ ရိုးသားသူ၊ ဘုရားတရားကြည်ညိုသူဟု လူသိများခဲ့သော တစ်စုံတစ်ယောက် ထိုလမ်းသွယ်ပေါ်မှာ လှမ်းလျောက်လာလေမလားဟု ရှာနေမိသည်ဆိုပါက ပိုမှန်ပေလိမ့်မည်။

ခပ်ဝေးဝေးမှာတော့ နီယွန်မီးတွေ လင်းလက်နေသော မြို့ပြညနှင့် ရော့ကီးတောင်တန်းသွယ်တွေ။ တောင်တန်းတွေပေါ်က ညမီးတွေ ဟိုသည်တစ်ပွင့် စိန်ပွင့်တွေလို တောက်လက်နေသည်။ တောင်တန်းတွေပေါ်မှာ ထုံးဖြူဖြူစေတီတွေကို စိတ်မှန်းနှင့် လွမ်းလိုက်မိသည်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪

နံနက်ခင်းလေက ထူးမ အိပ်ခန်းပြူတင်းပေါက်ကို ဖြတ်တိုက်လာသည်။ ဂစ်တာကြိုးကို ခပ်ဖွဖွတို့ခတ်နေသော ထူးမ တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ကို ပြူတင်းမှဖြတ်၍ ကြည့်လိုက်သည်။ အိမ်ရှေ့မှာတော့ စနေနေ့မို့ ဖေဖေ့ရဲ့ စစ်တုရင်ဝိုင်းက စိုပြေနေသည်။
“ထူး… ဒီနေ့ စနေနေ့ မြို့ထဲ သွား၊ ဈေးလေးဘာလေးဝယ်ပါလား။ ဖေဖေကားစီစဉ်ဖို့ ကိုမိုးကို ခေါ်လိုက်မယ်”
အခန်းဝမှာရပ်လျှက် ဖေဖေက ထူးမကိုပြောသည်။
“ဈေးမှ မကြိုက်တာဖေဖေ။ လူတွေတရုန်းရုန်းနဲ့ နောက်သမီးမှာ ၀ယ်စရာလဲ မရှိပါဘူး”
“ဒါဆို မနက်ဈေးသွားပါလား”
“ဟင် သမီးက ဘာသွားဝယ်ရမှာလဲ။ ဘာမှမ၀ယ်တတ်ဘူး။ ဦးစိုးတို့ မနက်တိုင်း ဈေးထွက်တာပဲမဟုတ်လား”
“ဒါဆို စက်ဘီးနဲ့ မြို့ထဲသွားပတ်ကြည့်ပါလား”
“ဟင့်အင်း ဘယ်မှမသွားချင်ဘူး တစ်ခုတော့လုပ်ချင်တယ်။ ပင်လယ်ထဲမှာ ရေကူးချင်တယ်”
“ထူး… မဟုတ်တာမလုပ်စမ်းနဲ့၊ အသားတွေ ရစရာမရှိအောင် မဲသွားလိမ့်မယ်”
“ဟင်.. နဂိုထဲကမှ မဖြူတာ၊ မဲပါစေ၊ အဖေနဲ့တူလို့ပဲဟာ”
“ထူးမ! ဒါဆို ဂစ်တာမတီးနဲ့၊ တီးရင်လဲ သီချင်းမဆိုနဲ့ကြားလား”
“ရှင်… ”

သူပြောချင်ရာပြောပြီး ထူးမ ဖေဖေ အခန်းထဲမှ ထွက်သွားတော့ ထူးမ အကျီ င်္အံဆွဲကိုဖွင့်ပြီး ရှပ်အကျီ င်္အဖြူတစ်ထည်နှင့် ဖွတ်ကြေနေသော ဂျင်းတစ်ထည်ကို ကောက်စွတ်လိုက်သည်။ ပြီးတော့ အိမ်ရှေ့ခန်းမှ ဖြတ်ထွက်လာသည်။ ဖေ့ဖေ့ စစ်တုရင်ဝိုင်းနားမှာ စစ်တုရင် ကစားနေကြသော၊ သတင်းစာဖတ်နေသော၊ တီဗွီဂိမ်းကစားနေသော မျက်လုံးများကို မသိကျိုးကျွံပြုရင်း ခွင့်ပန်လိုက်သည်။
“ဖေ.. သမီး ပွိုင့်ဘက် ခဏသွားမယ်နော်”
ဖေဖေက ခေါင်းငြိမ့်လိုက်တော့ ၀ရံတာထောင့်မှာ ကပ်ထောင်ထားသော စက်ဘီးကိုယူပြီး ထူးမတစ်ယောက် ခြေဦးတည့်ရာ ထွက်လာခဲ့ပါသည်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
မေမေကိုယ်တိုင်ချုပ်ပေးလိုက်သော အထက်အောက်ဆင်တူ ဗမာအကျီ င်္လေးကို ၀တ်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ထူးမတစ်ယောက် ကိုယ်ကိုတစ်ပတ်လှဲ့ကြည့်လိုက်သည်။ ကုတင်စောင်းမှာ ထိုင်နေသော ချိုနဲ့ ပုံပုံက အချဉ်ထုတ်တထုတ်ကို စိမ်ပြေနပြေ စားနေကြသည်။

“မောင်စိုး ဒီစစ်တုရင်ခုံတွေ တစ်နေရာရာကို ပို့လိုက်တော့ ကြားလား။ ငါ ဒီနေ့ကစပြီး စစ်တုရင် မထိုးတော့ဘူး”
အိမ်ရှေ့ခန်းက ဖေဖေ့အသံကိုကြားတော့ ထူးမတို့ တခွီးခွီးရယ်မောလိုက်ကြသည်။ ပြီးတော့ အိမ်ရှေ့ကိုထွက်လာကြသည်။
“သမီးတို့ ညမမှောင်စေနဲ့နော်၊ ဟင်… ထူးမ လာဦးလာဦး”
ဖတ်လက်စ သတင်းစာကိုချပြီး အခန်းထဲဝင်သွားတော့ ထူးမ ဖေဖေ့နောက်သို့လိုက်သွားသည်။ စားပွဲပေါ်က အုန်းဆီပုလင်းကို လှမ်းယူလိုက်သည်။
“ဟာ.. ဖေဖေ မလိမ်းချင်ဘူး။ စိတ်ညစ်လိုက်တာ”
“မဟုတ်ဘူးသမီးရဲ့ ဒီလိုမှ ပိုလှမှာ”
“ဖေ အုန်းဆီလိမ်းတဲ့ ခေတ်မဟုတ်တော့ဘူးလေကွာ။ စိတ်ညစ်တယ်။ ကြည့်ဦး ၀တ်ထားတာက အထက်အောက်ဆင်တူ၊ ဒေါက်မြင့်ဖိနပ်နဲ့ ဘိုကေအုန်းဆီကပ်ဆံပင်နဲ့ သမီးကိုတော့ လူတွေရယ်ကြတော့မယ်”
“လူတွေက အုန်းဆီရဲ့ ကောင်းခြင်းတွေကို မသိလို့၊ လာခဲ့။ ဒါဒါကလဲ ကလေးကို ဘာလို့ဒီလိုဆင်မှန်းမသိဘူး၊ ၀မ်းဆက်နဲ့၊ ငါ့သမီးခုမှ ၁ရနှစ်ပဲ ရှိသေးတယ်။ တစ်ခြားဟာဝတ်ပါလား၊ ခါးကလဲပေါ်နေသေးတယ်”
“အုန်းဆီလိမ်းဆို လိမ်းပါ့မယ်၊ အကျီ င်္တော့ မလဲပါရစေနဲ့ဖေဖေရယ်”

အဲဒီနေ့က ဆင်ဖြူရှင်မ ဂူနားက သစ်ပင်အောက်မှာ ထူးမတစ်ယောက် ခြေဆောင့် ငိုပါတော့သည်။
“ငါ ဒီလိုပုံနဲ့ ဘယ်လိုမြို့ထဲသွားမလဲ၊ အုန်းဆီက နားထင်တောင် စီးကျတော့မယ်”
“လှပါတယ်ဟာ နင်ကလဲ မသိသာပါဘူး၊ ညနေစောင်းမို့ မြင်လဲမမြင်ရပါဘူး၊ နင့်ဖေဖေက နင်တို့ ညီအစ်မတွေကို သိပ်ချစ်တာ”
ပုံပုံက ချော့သည်။
“ဘယ်ကလှရမှာလဲ။ ပြားကပ်နေအောင်လဲ တမင်ဖီးပေးလိုက်တာလေ”
“ရော့ ငါ့လက်ကိုင်ပုဝါနဲ့ သုတ်လိုက်”
ချိုက သူ့လက်ကိုင်ပုဝါကို ထုတ်ပေးသည်။
“ငါ့ရည်းစားပေးတာနော်၊ နင့်မို့”
“အေးပါဟာ နင်ကလဲ”
♫ ♪ ♫ ♪ ♫ ♪ ♫ ♪

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မဲမှောင်နေသည်။ အချိန်က ညဆယ်နာရီထိုးလုပြီ။ အိမ့်ရှေ့ခန်းက အင်မာဂျင်စီမီးနားမှာ ငုတ်တုပ်ထိုင်ရင်း ထူးမ ဖေဖေ့ကိုမျှော်နေမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်အမင်းတိတ်ဆိတ်နေ၍ နာရီသံကိုပင် ကြားနေရသည်။ အပြင်မှာ ညလေတဖြူးဖြူးက အရင်နေ့တွေကလို ကဗျာဆန်မနေတော့။ ရင်ထဲမှာ ဗလောင်ဆူနေသည်။ ဖေဖေ့ကို အိမ်ပြန်ရောက်စေချင်လှပြီ။

“ထူးရေ.. ထူး.. ဖေဖေပြန်လာပြီ”
ထူးမ ဖေဖေ့အသံကြား၍ တံခါးကို အပြေးသွားဖွင့်လိုက်သည်။
“ဟင်…”
မီးရောင်မှိန်မှိန်အောက်က သနပ်ခါးပျက်လု ငိုထားသော ထူးမ မျက်နှာကို ဖေဖေကြည့်ပြီး အရမ်းမျက်နှာပျက်သွားသည်။
“ထူးမ…ထူးမ ဘာဖြစ်တာလဲ၊ တံခါးမြန်မြန်ဖွင့်စမ်းပါ”
“အင့်”
အားကိုးရာတွေ့သော ကလေးကဲ့သို့ မျက်ရည်တွေက ပိုစီးကျလာသည်။
“ထူး ဖွင့်စမ်းမြန်မြန်”
အိမ်ရှေ့ခန်းမှာထိုင်ရင်း မျက်ရည်ကိုသုတ်လိုက်သော ထူးမကို အလွန်စိုးရိမ်နေသော မျက်လုံးများနှင့်ကြည့်နေသည်။
“ထူးမ” အသံအကျယ်ကြီးနှင့်ခေါ်သည်။
“ဖေဖေ့ကိုပြောစမ်းပါ ဘာဖြစ်တာလဲ”
“ဘာ.. ဘာမှ မဖြစ်ပါဘူးဖေဖေ” ထူးမအသံတွေ တုန်နေသည်။
“ပြောစမ်းပါ… ပြော.. မင်းကို ဘယ်သူဘာလုပ်သွားလဲ၊ ဘယ်ကောင်လဲ”
ဖေဖေ မေးတော့ ထူးမ တအီးအီးအော်ငိုလိုက်ပါတော့သည်။
“ထူးမ ထူးမ ဖေ့ဖေ့ကို မြန်မြန်ပြောပါ”
“ဖေဖေ” ထူးမ အသံအကျယ်ကြီးနဲ့ ပြန်အော်လိုက်သည်။
“ဘာတွေပြောနေတာလဲဖေဖေရဲ့၊ ဒီမှာ မေမေနဲ့ ညီမလေးကိုလွမ်းတဲ့စိတ်ရယ်၊ ရန်ကုန်ကိုလွမ်းတဲ့စိတ်ရယ်၊ မီးပျက်လို့ အားငယ်တဲ့ စိတ်ရယ်၊ ဖေဖေက ခုမှပြန်လာတာရယ် ပေါင်းပြီး အရမ်းဝမ်းနဲလို့၊ တော်ပြီ၊ ပြန်မယ်။ တစ်ခါလာလဲ စာတွေပဲ ဖတ်ခိုင်းနေတယ်၊ ရေလဲမကူးရ၊ သီချင်းလဲ မဆိုရ၊ မီးကပျက်၊ အထက်တန်း စကားတွေသုံးလိုသုံးခိုင်းနဲ့၊ မနေဘူးရန်ကုန်ပြန်မယ်”
“အော်. ဒီကလေးနှယ် စောစောက ပြောရောပေါ့”
သက်ပြင်းရှိုက်လိုက်ပြီး ငိုတာတောင် မချော့တော့ဘဲ ထူးမကို ဖုတ်လေတဲ့ ငါးပိရှိတယ်လို့ မထင်ပဲ စိတ်အေးသွားသယောင်နဲ့ ထူးမဖေဖေက ပြုံး၍ အခန်းထဲသို့ ၀င်သွားပါလေတော့သည်။

ဆက်ရန်…
သောကြာကြယ် - ၂
သောကြာကြယ် - ၃

3 comments:

မိုးထက်နေ said...

မက်ကလာရေ ယိုင်ယိုင်
ကြိမ်သားတုတ်ကို နနှောင်းကိုင်
ကယိုင်ကပါး ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ တောင်ချိုင့်ကြားမှာ
ကျွဲကျောင်းလာရေ့ 
ကျွဲကျောင်းလာ
ဟူး ရေး ရေး ဟူး
ဟူး ရေး ရေး ဟူး

တန်ခူး said...

အိမ့်ရေ...စိတ်ဝင်စားစရာလေး...'ဆက်ရန်'လေးမြန်မြန်နော်...ထူးမရဲ့ဖေဖေက တို့ဖေဖေလိုပဲ...တို့၁၀ တန်းထိ တို့ဖေဖေကအုန်းဆီလိမ်းပေးတုန်း...

Maydarwii said...

မလေးက ကောင်းခန်းမှာ ဖြတ်ထားပြန်ပြီ။
ဆက်ရေးပါဦး။ စောင့်ဖတ်နေတယ် … နော်။
မမေ အဖေကတော့ ထူးမ ဖေဖေလို ဆီလိမ်းမပေးဘူး။ ခေါင်းလျှော်ပြီးတိုင်း မမေက ရေခြောက်အောင် ဘယ်တော့မှ မသုတ်လို့ အဖေက မျက်နှာသုတ်ပုဝါ တထည်နဲ့ အမြဲလိုက်သုတ်ပေးခဲ့တာ။ ပြောရင်းနဲ့ အဖေ့ကို လွမ်းလိုက်တာ … ။ 
ဒါနဲ့ သောကြာကြယ် ခေါင်းစဉ်မှာ စာလုံးပေါင်း ပြင်လိုက်ဦးနော်။
“သောကြာ” လို့ ရေးတယ်။ သောင်္ကြာ မဟုတ်ဘူး။

LinkWithin

Related Posts Plugin for WordPress, Blogger...