မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, December 30, 2008

ဘလော့ဂါအကယ်ဒမီ

ဘလော့ဂါများရဲ့ အကယ်ဒမီပွဲရှိတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့ ကျွန်မ မနေ့က http://mmblogpress.com ကိုရောက်ဖြစ်လိုက်တယ်။
စီစဉ်သူတွေ ဘယ်သူတွေလဲ မသိသော်လည်း သူတို့ရဲ့ ရည်ရွယ်ချက်၊ အချိန်ပေးမှု၊ ကြိုးစားအားထုတ်မှုတွေကို ကျမ လေးစားပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်ရှင်။


ကျမ အနေနဲ့ ဘယ်ဘလော့ဂ်ဟာ အကောင်းဆုံးပါလို့လို့ ရွေးရခက်နေပါတယ်။ ဘလော့ဂ်တိုင်းဟာ သူ့အထွာနဲ့သူ၊ သူ့ကဏ္ဍနဲ့သူ ကောင်းကြတာချည်းပဲ၊ နောက်ပြီး ကျမ မဲပေးချင်တဲ့ ဘလော့ဂါအချို့ကို စာရင်းထဲမှာ မတွေ့ဘူး။ သူတို့ကို လူသိပ်မသိကြဘူး။ သူတို့ကလဲ လူအများအယူအဆမှာ မပူ(hot) ဘူးထင်တယ်...:P ။ နောက်ပြီး ကျမစိတ်ထဲမှာ မဆီမဆိုင် ဖြစ်နေတာ အတွေးအခေါ်တွေ၊ နည်းပညာ၊ အနုပညာများစွာပိုင်ဆိုင်ပါရဲ့နဲ့၊ ကိုယ်ပိုင်ကွန်ပြူတာ မပိုင်နိုင်သူတွေနဲ့ အင်တာနက် ကွန်နက်ရှင်မကောင်းသူဘလော့ဂါတွေ၊ တစ်နာရီ ငွေကျပ်နှစ်ရာ မသုံးနိုင်လို့ သူငယ်ချင်းဘေးက ကွန်ပြူတာစကရင်ကို ထိုင်ကြည့်နေသူတွေ ကျမ ဘေးနာမှာ ရောက်နေသလိုပဲခံစားနေရတယ်။

ဘလောဂ် တော်တော်များများကို ကျမ ရောက်တယ်ဆိုပေမယ့် အကုန်လုံးကိုမရောက်ဘူး။ ရောက်ဖူးသမျှလေးကိုပဲ ဖတ်ပြီး၊ ကိုယ်နဲ့ရင်းနှီးရာ၊ အကြိုက်တူရာ၊ ၀ါသနာတူရာကိုပဲ မဲပေးမယ် ဆိုပြန်ရင်လဲ ကျမ မမျှတရာရောက်မယ်။

ကျမ အနေနဲ့ ဘလော့ဂ်ရေးတာ ယှဉ်ပြိုင်မှုတစ်ခုထက် မျှဝေမှုတစ်ခုလို့ မြင်လို့ ကျမအနေနဲ့လည်း ဆုရဖို့နေနေသာသာ ၀င်ရောက်ယှဉ်ပြိုင်ဖို့တောင် မထိုက်တန်ဘူးလို့ထင်ပါတယ်။ ကိုယ်ကိုတိုင်ကလဲ ဘယ်သူ့ကိုမှ မဲမပေးဘူးဆိုရင် ကိုယ်လဲ ၀င်အရွေးခံဖို့ မသင့်လို့ ကျမ နာမယ်ကို စာရင်းမှ ဖယ်ပေးဖို့ စာပို့လိုက်ပါတယ်။

သို့ပေမယ့် ကျမလို လူချည်းပဲဆိုရင်လဲ မဖြစ်ပြန်ဘူး။ ဘလော့ဂ် လောကကြီး ပျင်းစရာဖြစ်နေမယ်။ This event is supposed to be a fun event. ဒါကြောင့် စိတ်ဝင်စားသူများ ဒီမှာ မဲသွားပေးနိုင်ကြောင်း အသိပေးကြော်ငြာပေးအပ်ပါသည်ရှင်။

Comments from ainchannmyay.com

1. HEY Ma lay,
Why do u post the ……. what’s should be or shall be or ought to be or meaned to be …..?(just kidding Naw)
Everything you meaned things are really make a nice to be for everyone who see your ‘..
I’m agree with your ’s ……..
thank for ur effort to all(…………)
Comment by mgmoekhin — December 30, 2008 @ 7:48 pm |

2. သဘူတောပါတယ်.. စိတ်သဘောထားချင်း တိုက်ဆိုင်ပါတယ်။
Comment by byakga — December 30, 2008 @ 7:53 pm |

3. Very Happy New Year ahead Ma Lay..
Comment by K — December 30, 2008 @ 9:14 pm |

4. မပေးတော့ဘူး ခေါင်းကိုက်လို့
Happy new year ကျနော့်အစ်မ
Comment by မောင်မျိုး — December 30, 2008 @ 11:04 pm |

5. ဟုတ်တယ်အစ်မရေ.. ဘလော့ဂါတွေမစုံဘူးဖြစ်နေတယ်…။ အဆုံးသတ်တော့လဲ … အင်းမပြောတော့ဘူး..။ အစ်မရဲ့ စိတ်သဘောထားကိုတော့ ထောက်ခံတယ်..။ ဘာဘဲဖြစ်ဖြစ် Happy New Year ပါ (ဒီမှာတော့ ပြီးသွားပြီ)။
Comment by Phyo Evergreen — December 31, 2008 @ 9:46 am |

6. ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ…
Comment by မောင်လူအေး — December 31, 2008 @ 9:53 am |

7. ဘယ်သူတွေဆုရမလဲ မဲမပေးခင်ထဲကသိပြီးသားကြီးပါ
Comment by လူပျက် — December 31, 2008 @ 5:53 pm |

8. သို့ပေမယ့် ကျမလို လူချည်းပဲဆိုရင်လဲ မဖြစ်ပြန်ဘူး။ ဘလော့ဂ် လောကကြီး ပျင်းစရာဖြစ်နေမယ်။ This event is supposed to be a fun event. ဒါကြောင့် စိတ်ဝင်စားသူများ ဒီမှာ မဲသွားပေးနိုင်ကြောင်း အသိပေးကြော်ငြာပေးအပ်ပါသည်ရှင်။
………. မိမိ မည်သို့ ပင်ခံယူသည် ဖြစ်စေ သတိတရားဖြင့် ကြိုဆိုသော၊ ဆင်ခြင်တုံတရား ပါသော တင်ပြမှုအတွက် လေးစားမိပါသည်။။
ချမ်းမြေ့ ပါစေ။
မင်ဒင်
Comment by မင်းဒင် — January 1, 2009 @ 9:10 pm |


Wednesday, December 10, 2008

ရှားစောင်းပင်သစ္စာ

တစ်ထောင့်ကိုးရာ ကိုးဆယ့်ငါး

ပင်လယ်လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေသည်။ ဆံပင်တွေက အထိန်းအကွပ်မဲ့စွာ။ ကြယ်သီးတပ်မထားသော အနွေးထည်အင်္ကျီကို ရင်ဖုံးအကျီ င်္လို ဆွဲစေ့ကာ လက်တစ်ဘက်ကို ဂျိုင်းကြားထဲ ထည့်ထားလိုက်သည်။ ဖုန်းကိုင်ထားသော ကျန်လက်တစ်ဖက်ကတော့ နားနားမှာ။ ပင်လယ်လှိုင်းတွေက မာန်ဟုန်ကြီးစွာ တဝေါဝေါ ကမ်းကိုရိုက်ခတ်နေသည်။ မိုးကောင်းကင်ကတော့ မဲမဲမှောင်လာနေပြီ။ ပင်လယ်ဇင်ယော်ကြီးတွေက တုပ်တုပ်ရွှဲမှာစိုးရွံ့သည့်အလား ကမ်းစပ်က သစ်တုံးပြတ်တွေအောက်မှာ ပုံးခိုရန်နေရာရှာနေကြသည်။ လေပြင်းထဲမှာ ပျံသန်းနေသော ငှက်အချို့တို့ ဦးတည်ရာမရ လေဟုန်နှင့် မျောသွားကြသည်။ တဆတ်ဆတ်တုန်ခါလာသော ဒူးများကို ငုံ့ကြည့်လိုက်တော့ ဆံပင်တွေက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

“ရှင်.. ဟလို… ဘာမှ မကြားရဘူး..”

“မ… မ .. ဟလို… မောင်တို့… တစ်ကယ်ကို မဖြစ်နိုင်ဘူးလား”


“ဘယ်လို ဖြစ်နိုင်မှာလဲကွယ်”

“မောင် လေယာဉ်ပေါ်တက်တော့မယ်နော်…”

“ဟုတ်… ကောင်းသောခရီးဖြစ်ပါစေ”

“ဟင့်အင်း.. ဘယ်လိုမှ မကောင်းနိုင်ဘူး၊ မ.. ရက်စက်လွန်းပါတယ်”

“ဘယ်တုန်းကမှ ဖြစ်နိုင်တယ် မပြောခဲ့ရပါလားကွယ်”

“လေယာဉ်ကွင်းလာတဲ့ လမ်းတစ်လျောက်လုံး တွေ့သမျှ ဘုရားကျောင်းမှာ၊ သုံးလေးကျောင်းလောက် ရှိမယ်ထင်တယ်၊ သစ္စာဆိုခဲ့တယ်”

“………..”

“ချစ်သော.. မ နဲ့ အတူတူမနေရရင် ဒီခရီးဟာ နောက်ဆုံးဖြစ်ပါစေ…….. လို့”

“ဟာ.. ခက်တာပဲ။ မဟုတ်တာတွေ မဆိုနဲ့လေ၊ နောက်ပြီး ဘုရားဆိုတာကို မယုံဘူးဆို”

“ဟုတ်တယ်လေ.. မ က မောင့် ဘုရားပဲဟာကို”

“အော်.. အင်းအင်း.. အဟင်းဟင်း၊ ငရဲတွေကြီးကုန်ပါ့မယ်ကွယ်”

“တော်ပြီ မ… မဟာ တော်တော်လေးကို သွေးအေးလွန်းပါတယ်။ မောင်… သွားပြီ။ ဘာပဲဖြစ်ဖြစ် သိပ်ချစ်တယ်”

ဖုန်းကျသွားသည်။ မေးတွေ ခိုက်ခိုက်တုန်လာသည်။ ကားဆီသို့ လေးတွဲ့စွာလျောက်လာသည်။ ကားထဲမှာ မိနစ်ပေါင်းများစွာ ထိုင်နေမိသည်။ ပင်လယ်လေပြင်းတွေအောက်မှာ ထင်းရူးပင်တွေကတော့ ဆောက်တည်ရာမဲ့စွာ။


သက္ကရာဇ် နှစ်ထောင့်ငါး

မရောက်ဖူးသော အရပ်ဒေသတစ်ခုက စိတ်ကို လန်းဆန်းစေသင့်သလောက် မလန်းဆန်းစေနိုင်ပြီ။ ခြောက်ခြောက်ကပ်ကပ် ချုံပုတ်ပင်ပုများ၊ ရှားစောင်းပင်များက မျက်စိ အမြင်ဆန်းစေသည်။ ပူစပ်သော နေရောင်ခြည်က သည်တောမြို့လေး၏ အမိုးပြန့်ပြန့်အိမ်များပေါ်သို့ ထိုးကျနေသည်။ နေရာလေး တစ်နေရာမှ လေယာဉ်ကွင်းဆီသို့ ငှားလာသော ကားကို ကိုယ်တိုင်မောင်းရင်း ညနေခင်း လေညှင်းခံထွက်လာသည်။ ညနေခင်းဆိုသည့်တိုင် အပူချိန်က မြင့်နေသေးသည်။ ပတ်ဝန်းကျင်ကိုတော့ သူမ မျက်စိက တောက်လျောက် သတိထားကြည့်နေမိသည်။ ခုထိတော့ သူမ ရှာနေသော အရာများကို မတွေ့သေး။

လမ်းဘေးက အအေးဆိုင်လေး တစ်ဆိုင်ရှေ့မှာ ကားကိုထိုးရပ်လိုက်သည်။ ကားအရှိန်ကြောင့် ဖုန်တွေက တစ်ထောင်းထောင်း ထသွားသည်။ ဆိုင်ထဲဝင် အအေးတစ်ခွက်ဝယ်အပြီး ဆိုင်ပြင်ခုံတန်းလေးမှာ ထိုင်နေမိသည်။ ဘေးခုံမှာ တစ်ယောက်တည်း ထိုင်ပြီး အအေးခွက်ကို စိမ်ပြေနပြေသောက်နေသော အဘိုးကြီးတစ်ဦးကို သူမ ပြုံးပြလိုက်သည်။

“ဦးလေး.. ဒီလိပ်စာကနေ လေယာဉ်ကွင်းကိုသွားတဲ့လမ်း ဘယ်နှစ်လမ်းရှိလဲဟင်”
လက်ထဲက လိပ်စာ စာရွက်ကို သူမပြတော့ အဘိုးကြီးက ယူကြည့်သည်။

“ဒီမြို့လေးမှာ မိန်းလမ်းမက ဒီတစ်လမ်းထဲကွယ့်”

“သြော်…”

“ဟိုဘက်ခြမ်းမှာတော့ တစ်လမ်းရှိပေမယ့် ဒီလမ်းပဲ လူသုံးတာများတယ်၊ ဘာဖြစ်လို့လဲ”

“ဒီလမ်းပေါ်မှာ ဘုရားကျောင်းတွေ သုံးလေးကျောင်းရှိလားလို့”

“ဘုရားကျောင်းတွေက ဒီဘက်မှာ ဘယ်ရှိမလဲကွဲ့၊ အဘဒီမှာနေလာတာ မွေးကတည်းက ဒီလမ်းပေါ်မှာ ဘာ ဘုရားကျောင်းမှ မရှိဘူး”

“ခုန အဘပြောတဲ့ လေယာဉ်ကွင်းသွားတဲ့ နောက်တစ်လမ်းဆိုတဲ့ ဟိုဘက်ခြမ်းလမ်းကော”

“ပိုဆိုးတယ်၊ ဘာဘုရားကျောင်းမှ ဘယ်တုန်းကမှ မရှိဘူး။ ဒီမြို့လေးမှာ ဘုရားကျောင်းဆိုတာ ဟိုး တောင်ပေါ်မှာ တစ်ကျောင်းထဲပဲရှိတာ ကလေးမ ရဲ့”

“သြော်………”

သူမ နေကာမျက်မှန်ကို ဆံပင်တွေပေါ်မှ ဆွဲချလိုက်ပြီး မျက်လုံးတွေပေါ်သို့ ဖုံးအုပ်ပေးလိုက်သည်။ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းကို လိမ္မော်ရည် ချိုမြမြက မွတ်သိပ်စွာ နှုတ်ဆက်လိုက်လေသည်။

Comments from ainchannmyay.com

1. သူညာပါတယ်။ တကယ့်ကိုပဲကွယ်…. မရှိပဲနဲ့ ..ဆုတောင်းတယ်ပြောတယ်….
Comment by sin dan lar — December 10, 2008 @ 2:57 am |

2. မွန်သာဆိုရင်တော့ အဲဒီဘုရားကျောင်းတွေအကြောင်း မေးမိတာကို နောင်တရနေမလားပဲ
တခါတလေ မသိခြင်းတွေက ပိုပြီးဆွတ်ပျံ့စရာ နင့်နဲ့လှိုက်မောစရာကောင်းသလားလို့
တခါတခါ စိတ်ကူးယဉ်တာများသွားတယ်မမး))
Comment by မွန် — December 10, 2008 @ 5:45 am |

3. ဒီပိုစ်ရေးကတည်းက ရယ်ချင်နေတာ sin dan lar ကော့မန့်ဖတ်ပြီး ပိုရယ်ချင်သွားမိတယ်။
မွန်… ဟုတ်တယ်နော်.. တစ်ခါတစ်ခါလဲ မသိတာ ပိုကောင်းပါတယ်။
Comment by မလေး — December 10, 2008 @ 11:42 am |

4. kg lay t ( B ) nay yar ka nay 1 nay yar yar ko htwatt kwar pho pyin sin nay t
kg ma lay nae 1 nay yar yar mar 1 nay nay sone pe, Lat Twal kya pho kyoe sarr see yone nay pone ya par tal
kg ma lay nay yar t Myanmar pyay phit pone ma ya hu khant man ya par tal, 1995 ku nit , pin lae day da mar hand phone ya pho so tar , ma phit nai tay hu U sa taw kyong phit ei ,hto a pyin , Myanmar pyin lal day da mar , Htin Suu Pin ko tway lay tway hta ma shi hu htin t
dar so kg ma lay t , A aye po taw oversea mar phit nai ei A bae kyong so ya taw , pin lal pyin A nee a nar twin shi taw Htin Shuu Pin myar kyong phit par tal
kg lay phone sat taw nay yar( B ) har, phone tway htu htat taw nay yar phit pe , Shar Song Pin myar shi taw kyong , A Lae Pai day da phit nai ei
A lae pain day da mar , pa yar kyong shi lay shi hta tate ma shi ( myanmar ) pyay twin , pe tot ( tong kone ka lay ) paw mar shi tal so htar ei
A lae pain day da mar Toung Kone shi kg shi nai ei , but sharr ei , myay pyant day da phit taw kyong phit ei
Kg lay ye’ sa khar tway har yuu toot mu sate kam sarr chat shi taw Lu nge 1 yout ye Sa Yite ko paw lwin say par tal ( Kg Ei ) but sin sarr tat thu a twatt so yin tot ( Lu Nyar 1 yout phit kg phit nai kyong sa khar lone myar ka Pya Ta Htar ei , ( Po Kg ei )
eg :“ချစ်သော.. မ နဲ့ အတူတူမနေရရင် ဒီခရီးဟာ နောက်ဆုံးဖြစ်ပါစေ…….. လို့” OR “ဟုတ်တယ်လေ.. မ က မောင့် ဘုရားပဲဟာကို”
To Taw, zat lan a ya, kg ma lay 10 nit lone lone kam sarr chat tway ount ta nway nway phit kae ya taw pone san lay yay htar ei , ( Kg Ei )
A htat par sar myar har Sar Phat Thu ei , zat lan a paw sway nway mu tat tat tar phit par tal .
Layy sar swar arr pay Lat
Comment by Anonymous — December 10, 2008 @ 2:21 pm |

5. why waited
Comment by HK — December 10, 2008 @ 8:36 pm |

6. နားလည်ဘူးး မူးသွားတယ် ။ မောင်က ချစ်လို့ညာတာပဲနော့် အချစ်ဆိုတာ တစ်ခါခါတော့ ရိုးသားစွာလှည့်ဖြားခြင်းတွေလိုတယ် ဒါမှ ကာရန်လေးတွေလှလာမှာ
Comment by မောင်မျိုး — December 10, 2008 @ 11:03 pm |

7. မလေးဆိုလိုတာကို နားလည်အောင် ကြိုးစားရင်း.. မဖတ်တတ်တဲ့စာတွေကိုလည်း ကြိုးစားဖတ်ကြည့်ရင်း ပြုံးမိပါတယ်။
တခါတလေမှာ ခက်တယ်..။
Comment by ShwunMi — December 11, 2008 @ 4:22 am |

8. အဟီးး
တမျိုးပဲ ခံစားရတယ်
တွေးကြည့်ရင်ရီချင်သလို့ 
ဒေါသဖြစ်ရမှလို့ ပဲနော်
ကောင်းလိုက်တဲ့ခံစားချက်လေးပါ
အားပေးလျက်
Comment by ညခင်းနဲ့ လမင်း — December 11, 2008 @ 6:47 am |

9. ညီမလေး အိမ်လေးရေ… မတွေ့တာကြာလို့ လာသွားတယ်နော် ကောင်းလိုက်တဲ့ မ ရယ်…..
Comment by yamin — December 11, 2008 @ 7:31 am |

10. လေယာဉ်ပျံရော ပျက်ကျသွားသေးလား?း)
Comment by ဒိုင်းဝီ — December 11, 2008 @ 8:14 am |

11. အနောနမစ်… အမ မနည်းဖတ်လိုက်ရတယ်..
HK…. မစောင့်ပါဘူး..ကောင်မလေးက ကြုံတော့မှ သွားကြည့်လိုက်တာထင်တယ်..
မောင်မျိုး.. ရိုးသားစွာလှည့်ဖျားခြင်းတဲ့လား.. စကားလုံးလေးကြိုက်သွားပြီမောင်လေးေ၇..
ရွှန်းမီ… တစ်ခါတစ်လေပဲ ခက်လို့ တော်တော့ပါတယ် ညီမရယ်..
ညခင်းနဲ့လမင်း… လှလိုက်တဲ့ကလောင်
ယမင်း… မင်္ဂလာပါ အစ်မရေ..
ဒီဝိုင်း.. ဖွဟဲ့.. ဖွ..
Comment by မလေး — December 11, 2008 @ 1:03 pm |

12. မလေး ဘုရားကျောင်းတွေမရှိဘူးဆိုတာ အဖိုးကြီးရဲ့ပြောစကားလေ…:P
Comment by shinminnyo — December 11, 2008 @ 2:18 pm |

13. စိတ်ဆိုတာ ခက်သားလား။ ကောင်မလေးက သူစိတ်မ၀င်စားတဲ့သူရဲ့ စကားမှန်မမှန်တော့ သိချင်တာကိုး။
Comment by ပုံရိပ် — December 11, 2008 @ 7:07 pm |

14. nice story.
Comment by mgmoekhin — December 11, 2008 @ 8:35 pm |

15. တကယ်တော့ အဘိုးကြီးက Coma ဖြစ်ပြီး အကြာကြီး အိပ်ပျော်နေခဲ့တာဗျ.
အဲဒီ့အချိန်မှာပဲ ဘုရားကျောင်းသုံးခုလုံးက အဖျက်ခံလိုက်ရတယ်. ဒါက Option (1) ပေါ့.
နောက်ထပ် Option ကတော့ အဘိုးကြီးက အဘွားကြီး ဆုံးသွားကတည်းက ညနေခင်းတွေဆို အဲဒီ့နေရာလေးမှာ ထိုင်ပြီး ငိုင်တွေဆွေးနေတတ်တယ်. အဘွားကြီးနဲ့ အဘိုးကြီး လက်ထပ်ခဲ့တဲ့ ဘုရားကျောင်းလေးကို ကနေဒါအစိုးရက ပြည်သူပိုင်သိမ်းလိုက်တာကို စိတ်နာပြီး ဒီလမ်းထဲမှာ ဘာ ဘုရားကျောင်းမှ မရှိဘူးလို့ ပြောလိုက်တာဖြစ်နိုင်တယ်. သနားပါတယ်. အဘိုးကြီးကြေကွဲနေရှာတယ်နော်.
အဲဒါက Option(2) ပေါ့ဗျာ.
Option (3) ကတော့ ကောင်မလေး ရောက်တဲ့မြို့မှားနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.
ကောင်လေး ဘာဖြစ်သွားလဲဆိုတာ တွေးကြည့်လိုက်တော့…
သူ ကောင်မလေးကို မရနိုင်တော့တာ သေချာသွားမှန်းလည်းသိရော လွမ်းစရာကိုနာစရာနဲ့ ဖြေမယ်ဆိုပြီး နောက်တစ်ယောက်နဲ့ အိမ်ထောင်ပြုပစ်လိုက်ရင်း ဇာတ်မြုပ်နေထိုင်ပစ်လိုက်တယ်.
ဒါမှမဟုတ်…
လေယာဉ်ပေါ်မှာ အသည်းကွဲပြီး ရင်ပူတာကို သက်သာလိုသက်သာငြား ဂျင်ဂျာအေး မှာသောက်လိုက်ရော… ဂျင်ဂျာအေးကို တစ်ချိုက်ထဲသောက်ပစ်လိုက်တာ သီးသွားပြီး ဆေးရုံရောက်၊ ဆေးရုံမှာ Medical Checkup လုပ်… အရင်တုန်းက မသိခဲ့တဲ့ ရောဂါတွေ ပေါ်လာ. အရမ်းရှက်ပြီး ကောင်မလေးကို အဆက်အသွယ်မလုပ်တော့တာ ဖြစ်နိုင်တယ်. မယုံရင် ကန်တော်ကြီးအင်းလျားနားက ဆေးရုံတွေ မေးကြည့်ပါလား..
‘မင်းသိဖို့ကောင်းတယ်’
ဟတ်ဟတ်ဟတ်.
မသိတော့ဘူးဗျာ. ဇာတ်လမ်းလေးက ဖတ်ရတာကောင်းတယ်. ဒါပေမယ့် တဖက်သတ်ကြီး အဆုံးသတ်ထားတယ်ဗျာ. မသိရင် ယောင်္ကျားလေးတွေကပဲ မိန်းကလေးတွေကို ညာရွှီးဖြီးဖြန်းနေသလိုလို.. ပြီးတော့လည်း ကောင်မလေးက အဘိုးကြီးတစ်ယောက်တည်းရဲ့ စကားနဲ့ နေကာမျက်မှန်ကို ကောက်တပ်ပစ်လိုက်တယ်… မေးပါဦးလား. အထဲမှာ ထိုင်နေတဲ့ ဆိုင်ပိုင်ရှင်တို့၊ ခပ်လှမ်းလှမ်းမှာ ဂိတ်ထိုးထားတဲ့ တက်(က်)စီသမားတို့၊ ဟိုးဖက်ထောင့်မှာ ထိုင်ပြီးကဗျာရေးနေတဲ့ ဘလော့ဂါတစ်ယောက်ယောက်ကိုပေါ့. ဘလော့ဂါတွေဆိုရင် ဓာတ်ပုံအထောက်အထားနဲ့တောင် ပြောပြမလားပဲ
Information မစုံသေးဘဲ ဆုံးဖြတ်တာ ကောင်လေးအတွက် သနားဖို့ကောင်းပါတယ်. တကယ်ဆို သူ ကိုယ့်နားမှာ မနေနိုင်တော့ဘူးဆိုရင်တောင် ဖြူစင်ရိုးသားစွာနဲ့ ကောင်မလေးရင်ထဲမှာ ကျန်နေခဲ့စေချင်တယ်.
မလေး မတရားဘူး..
စတာပါဗျာ.. မလေးပျင်းနေမှာစိုးလို့..
သွားပြီ… ဘိုင်….
ကိုရန် - Kan Yo (အတုတွေပေါ်နေမှာစိုးလို့ Trademark Registered လုပ်လိုက်တာ. )
Comment by ကိုရန် -- Kan Yo — December 11, 2008 @ 9:43 pm |

16. ရှင်မင်းညို.. ကောင်မလေး ကိုယ်တိုင်လဲ တွေ့ဘူးလေ
ပုံရိပ်ရယ်… မဖြစ်နိုင်ဘူးလို့ ပြောတာလေ…
မောင်မိုးခင်… ကျေးဇူးပါရှင်..
ကိုရန်…. ကနေဒါမှာ ရှားစောင်းပင်မရှိဘူး။ စာလဲ သေချာမဖတ်…. ရသလေးတော့ ပျက်ပါပြီ…
Comment by မလေး — December 12, 2008 @ 12:32 pm |

17. မမရေ… စဖတ်ဖတ်ခြင်းမှာ ပင်လယ်လေတွေကြား ရောက်နေသလိုပဲ… အပြီးသတ်ကျတော့ ကျေကျေနပ်နပ်ကြီးကို ပြုံးမိတယ်… မမစာတွေကိုဖတ်တိုင်း စိတ်ထဲမှာ တကယ်တန်ဖိုးထားမိပါတယ်…
Comment by ရွှေပြည်သူ — December 12, 2008 @ 10:48 pm |

18. ညီမစာတွေကိုလဲ အပြန်အလှန်ပါပဲ ညီမရွှေပြည်သူး)
Comment by မလေး — December 15, 2008 @ 8:59 pm |

19. ချစ်ခြင်းမှာလှည့်ဖျားခြင်းကင်းပါစေ
Comment by kotharrnge — December 16, 2008 @ 1:34 am |

20. သူငယ်ချင်းေ၇…စာတွေကအတော်၇သမြောက်တယ်…ဒီနေ့အချိန်ပေးပြီးဖတ်ဖြစ်တယ်…ဆက်ဖတ်၇န်မျှော်နေမယ်…
Comment by Angel Eyes — December 17, 2008 @ 10:31 pm |

21. ကိုသားငယ်.. ပေးတဲ့ဆုနဲ့ပြည့်ကြပါစေ…
Angel Eyes …
အင်န်ယူအက်စ်က ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကိုယ်တိုင်လာမှတော့ ဒီထက်ပိုကြိုးစားရေးရမှာပေါ့ဟာ..
ငါကမတရားဘူးနော်.. ကိုယ့်အကြောင်းကျမပြောဘူး၊ သူများကြောင်းကျရေးနေတယ်.. နင်မကြိုက်ရင် ဒီကော့မန့်ဖျက်ပေးပါ့မယ် သူငယ်ချင်းရေ…
ကြုံရင်ဒါလေးဖတ်စေချင်တယ်.. http://www.ainchannmyay.com/?p=141
ကျန်တဲ့ ရသလေးတွေကလဲ ကြည့်တတ်ရင်.. hidden message လေးတွေပါတယ်သူငယ်ချင်း..
နင်လာတာငါ ၀မ်းသာတယ်နော်
Comment by မလေး — December 18, 2008 @ 3:47 pm |

Tuesday, December 09, 2008

မပြောချင်လို့သာပဲ.. ပြောလိုက်ရတဲ့ ကိုယ့်အကြောင်းရယ်…

ကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်များတဲ့ … ကိုရန်အောင်က တက်ဂ် ပါတယ်။
ကဲ… ရေးပါပြီ….

၁) ကိုယ့်အကြောင်းကို မပြောချင်ခြင်း

အဲဒီက စတော့တာပါပဲ။ မပြောချင်ပါဘူး ဆိုမှ တက်ဂ်လိုက်ကြတာပါပဲလား။ အဲဒီဂိမ်းက ဘလော့ဂ်တွေ စပေါ်စဉ်က ကိုတက်စလာက စလိုက်တာလို့ ကျွန်မထင်ပါတယ်ရှင်။ နာမယ်နဲ့လဲ လိုက်ပါတယ် တက်စလာတဲ့..။ သူတက်ဂ်ကာမှ တောက်လျောက်တက်ဂ်ကြတာ ခုတော့ မပြောချင်တာတွေလဲ ပြောရပြီပေါ့နော်…။

ကျွန်မက ဖြစ်နိုင်ရင် ကျွန်မ ဘယ်တိုင်းပြည်မှာနေတယ်၊ ဘာလုပ်တယ် စသဖြင့် လုံးဝမပြောချင်ပါဘူး။ တစ်ခြားဘာရယ်မဟုတ်ပါဘူးရှင်။ ကျွန်မရဲ့ ကလောင်နဲ့ စာတွေကိုပဲ အလေးထားစေချင်တဲ့ သဘောပါ။ ကျွန်မစာတွေကို စာ အနေနဲ့ပဲ မြင်စေဖတ်စေချင်တယ်။ ကျွန်မဟာ မိန်းမတစ်ဦးဖြစ်နေလို့၊ အသက်က ဘယ်အရွယ်မို့လို့၊ အလုပ်အကိုင်က ဘာမို့လို့၊ လခက ဘယ်လောက်ရနေလို့၊ မိသားစု အသိုင်းအ၀ိုင်းက ဘာမို့လို့ စတဲ့ ပေတံတွေနဲ့ စာပေကို ဘောင်ခတ်လိုက်မှာကို မလိုလားလို့ပဲဖြစ်ပါတယ်။ (ပြောရင်း လေအရမ်းရှည်ပြီး စီးယီးရပ်စ်တွေ ဖြစ်လာပြန်ပါပြီ)

ပထမ ကလောင်နာမယ်ကို ယောင်္ကျားနာမယ်တောင် ထွင်ပြီး ယူဦးမလို့။ “ဟယ်… ဒီကဗျာဆရာလေးက ကလောင်လေးကလဲလှ၊ ကဗျာလေးတွေကလဲ မဆိုးဘူးဟဲ့” အဲသလို အဲသလို ဖြစ်ချင်တာ။ ၀န်ခံရရင်တော့ လုပ်ခဲ့ဖူးပါတယ် တော်တော်ငယ်ငယ်က၊ yahoo group တွေ ခေတ်စားတုန်းကပါရှင်။ yahoo group တွေဖွဲ့ပြီး ကဗျာတွေ၊စာတွေတင်ပြီး နာမယ်လေး လူနည်းနည်းလေး သိလိုက်ပါသေးတယ်။ အဲဒီတုန်းက groupပေါ်တက်တာနဲ့ ကောင်မလေးတွေက အရမ်းလိုက်ပြီး စကားပြောတာနဲ့ မနိုင်တော့လို့ ပြေးရပါတယ်….ခွိ..။ (ကလောင်နာမယ်တော့ မပြောပါရစေနဲ့တော့… ၀ိုင်းရိုက်ခံထိမှာစိုးလို့) နောက်တော့ ကိုယ်က ထွင်တာပေမယ့် လိမ်သလိုဖြစ်မယ်လေ ဆိုပြီး အိမ့်ချမ်းမြေ့ နာမယ်နဲ့ပဲ အွန်လိုင်းလောကထဲကို ၀င်လာတယ်ဆိုပါတော့ရှင်။ အွန်လိုင်းလောကထဲမှာပဲ ကိုယ့်အကြောင်းမပြောချင်တာလားဆိုတော့လဲ မဟုတ်ပါဘူး။ အပြင်လောကမှာလဲ ကိုယ့်အကြောင်း မပြောချင်သူပါ။ (မပြောချင်လို့ပဲ တော်တော့တယ်နော်.. အဟွန်း)

၂) အလုပ်လောဘကြီးခြင်း

ငယ်ငယ်လေးထဲက ဘယ်အသက်အရွယ်မှာ ဘယ်အလုပ်ကို ပြီးရမယ်ဆိုတာကို အချိန်ဇယားလိုကို ချမှတ်ပြီး လုပ်ကိုင်ပါတယ်။ အလုပ်တစ်ခုလုပ်ပြီဆိုရင်လဲ ဘယ်လောက်ပင်ပန်းနေပါစေ၊ ဘယ်လောက်ခက်ခဲပါစေ၊ မရပ်မနား ပြီးသည်အထိလုပ်ပါတယ်။ ဒီအတွက် ကောင်းကျိုးတွေရှိသလို၊ ဆိုးကျိုးတွေလဲ ရှိပါတယ်။ ပင်ပန်းလွန်းလို့ အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့ အထိ အလုပ်လောဘကြီးတတ်ပါတယ်။

၃) အားနာတတ်ခြင်း၊ သနားတတ်ခြင်း

အဲဒါ ကျွန်မကိုယ့်ကိုကိုယ် သိပ်မုန်းတဲ့ အချက်ပါ။ လူလည်တွေ၊ ကတုံးပေါ်ထိပ်ကွက်သူတွေ၊ လေလုံးထွားထွားနှင့် ကြွားဝါနေသူတွေ၊ လူလူချင်း အသုံးချတတ်သူတွေကိုတောင် မသိဟန်ဆောင်၊ အ ချင်ဟန်ဆောင်ပေးနေတဲ့ ကိုယ့်ကိုကိုယ် နားမလည်နိုင်လောက်အောင်ပါပဲ။ တစ်ချိန်ထဲမှာပဲ သူတို့ကို စာနာနေတယ်၊ နားလည်ပေးနေတယ်။ ပြီးတော့ ခံလိုက်ရပြီး အိမ်ပြန်ရောက်လာရတဲ့ ကိုယ့်ကိုကိုယ် မုန်းပါတယ်။

၎) တစ်စုံတစ်ရာကို မြိုသိပ်နေပြီး တစ်အုံနွေးနွေးဖြစ်နေတတ်ခြင်း။

ခုနက နံပါတ် သုံးမှာ ခံလိုက်ရတာကို ဖြစ်နေတာပါ။ အဲဒါကြီးက အတော်ကိုဆိုးပါသည်။ ပေါက်ထွက်တဲ့အခါမှ မလှမပတွေ ဖြစ်ကုန်တတ်သည်မို့၊ လူလတ်ပိုင်းလဲ ရောက်လာပြီမို့ ကိုယ့်ကိုကိုယ် ပြုပြင်နေပါသည်။

၅) မိန်းမဖြစ်ပြီး ထမင်းဟင်းချက် ၀ါသနာ မပါခြင်း

ဟုတ်ကဲ့၊ အချိန်ကုန်တယ်လို့မြင်ပါတယ်။ မိန်းမဖြစ်သောကြောင့် ထမင်းဟင်းချက်ရမည်ဟု မည်သူက သတ်မှတ်လိုက်ပါသနည်း။ ကမ္ဘာပေါ်မှာ နာမယ်ကြီး cook များဟာ ယောင်္ကျားများသာဖြစ်ပါသည်။ Christmas Dinner, Thanksgiving Dinner တွေမှာ ဆွေမျိုးမိသင်္ဂဟတွေစုလို့ ချက်ရတာထား၊ နေ့စဉ် မီးဖိုထဲမှာ တကုတ်ကုတ်ချက်နေရသည်ကို မနှစ်သက်ပါ။ လူ့သက်တမ်းတိုတိုလေးမှာ အခြားလုပ်စရာများစွာ ရှိနေပါသည်ဟု မြင်ပါသည်။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာလဲ အစားအသောက်ကို ဇီဇာမကြောင်သော ယောင်္ကျားများသာ ရှိနေသောကြောင့်လဲ ကျွန်မ သည်ကဲ့သို့ ဖြစ်နေတာ ဖြစ်ပါလိမ့်မည်။ ၀ါသနာမပါသော်လည်း မိန်းမတစ်ယောက် တတ်သင့်သော ပညာရပ်ဟု လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ထားသောကြောင့်၊ အထက်တန်းလွှာ ထမင်းစားပွဲကို အမျိုးမျိုးပြင်တတ်အောင် သေချာကို ဆရာခေါ်သင်ထားသော အဒေါ်၏ ကောင်းမှုကြောင့်၊ ကျွန်မ ထမင်းစားပွဲလှလှတွေလဲ ခင်းတတ်ပါသည်၊ မြန်မာစတိုင်လား၊ ဂျပန်စတိုင်လား၊ အနောက်တိုင်းစတိုင်လား အကုန်ခင်းကျင်းတတ်ပါသည်။

စားပွဲခင်းတတ်တယ်ဆိုလို့ အဖြစ်အပျက်လေးတစ်ခုပြောပြချင်ပါတယ်။ ကျွန်မဦးလေးတစ်ယောက်က ငယ်ငယ်တုန်းက ကောင်မလေး တစ်ယောက်ကို ကျောင်းကထိန်အလှုမှာတွေ့တယ်တဲ့။ ကောင်မလေးက လူတွေစားထားတဲ့ စားပွဲမှာ ကျနေတဲ့ ထမင်းစေ့၊ ဟင်းဖတ်လေးတွေကို လက်ကလေးနဲ့ ကောက်သိမ်း၊ ရှင်းလင်းပေးတော့ ဦးလေးက “အော်.. ဒီမိန်းကလေးနှယ် တော်လိုက်လေခြင်း၊ သန့်ရှင်းသပ်ရပ်လိုက်လေးခြင်း၊ အိမ်ထောင်မှုလဲ အတော်ကျွမ်းကျင်ပိုင်နိုင်မယ်ထင်ရဲ့” ဆိုပြီး ချစ်မြတ်နိုးပြီး နောက်ဆုံး ယူလိုက်ကြသတဲ့။ ဒါပေမယ့် အဲဒီကောင်မလေးဟာတဲ့ အမကြီးဖြစ်၊ အဒေါ်ကြီးဖြစ်တဲ့အထိ စားပွဲက ထမင်းစေ့တွေကို လိုက်ကောက်တဲ့ အဆင့်ကနေကို မတက်တော့ဘူးတဲ့ကွယ်..။

ကျွန်မလဲ အဲလိုပါပဲလို့ မပြောလိုပါဘူးရှင်။ ကျွန်မ စားပွဲလှလှလေးတွေခင်းတတ်သလို၊ ဘယ်ဟင်းလာလာလဲ ချက်တတ်ပါသည်။ တရုပ်စာလား၊ ကုလားစာလား၊ ရှမ်းစာလား၊ ဗီယက်နမ်စာလား အကုန်ချက်တတ်ပါသည်။ သို့သော် …. ကျွန်မ ချက်ထားသောဟင်းတွေဟာ တရုပ်စာဟာ ကုလားဒီဇိုင်းထွက်ချင် ထွက်နေတတ်တာမို့ ချက်တော့ချက်မယ်၊ လက်ရာ ကောင်းတာ မကောင်းတာတော့ လုံးဝ တာဝန်မယူပါရှင့်း)))

၆) ရှားပါးသစ်သီးများကိုသာ နှစ်သက်ခြင်း

ရန်ကုန်မှာတုန်းကဆိုရင် ရှားပါးတဲ့ မရနိုင်တဲ့ သစ်သီးတွေမှ စားချင်ပါတယ်။ ကနေဒါရောက်တော့လဲ ဈေးကြီးတဲ့ သရက်သီးတို့၊ မင်းကွတ်သီးတို့မှ စားချင်ပါတယ်။ ပန်းသီးတို့၊ လိမ္မော်သီးတို့ကိုတော့ မုန်းပါတယ်၊ ဘယ်တုန်းကမှ မကြိုက်ပါ။

၇) တစ်ယောက်တည်းနေတတ်ခြင်း

လူတွေရုန်းရုန်း ရုန်းရုန်းနဲ့ လိုအပ်သည်ထက် ပိုပြီး ဘယ်တုန်းကမှ မနေတတ်ခဲ့ပါ။ ဘေးမှာ စကားတွေတစ်ယောက်တစ်ပေါက်တွေ ပြောနေရင်လဲ ဘာမှ မကြားတော့ပါ။ ငယ်ငယ်ထဲက picnic တွေသွားရင်လဲ သူငယ်ချင်း ၂ယောက်လောက်နဲ့ လူတွေနဲ့ ဝေးတဲ့ ရေစပ်တို့၊ တောင်ပေါ်တို့ တက်ထိုင်နေတတ်ပါသည်။ မိန်းကလေးတွေ ယောင်္ကျားလေးတွေ တွန်းလိုက်၊ ထိုးလိုက်၊ ရိုက်လိုက်နှက်လိုက်နဲ့ flirt လုပ်နေကြရင် ကြားထဲမှာ ကိုယ့်အသားကို လာထိမှာကို တော်တော်ကြောက်ပါသည်။ လူ့ဂွစာဖြစ်ပါလိမ့်မည်။ နောက်ပြီး အထူးသဖြင့် အုပ်စုထဲမှာ ဆရာကြီးလုပ်ပြီး ဟောပြောပို့ချနေရင် ဘာကိုမှ နားမ၀င်တော့ပါ။ အတင်းကြိုးစားနားထောင်ရင်တောင် မျက်လုံးကြီးတွေကသာ အာဘောင်အာရင်းသန်နေသူကို စိုက်ကြည့်နေပေမယ့် brain က shut down ကိုဖြစ်သွားပါတော့တယ်။ လူတိုင်းကိုယ့်အတွေးအခေါ်အယူအဆ ကိုယ်စီရှိသည်ဟု လက်ခံသူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ပညာပိုတတ်လို့ပဲဖြစ်ဖြစ်၊ ဂုဏ်တွေပိုရှိလို့ပဲဖြစ်ဖြစ်၊ ဘယ်သူကမှ ဘယ်သူကို ဆရာကြီး မလုပ်သင့်ဟု ယူဆယူဖြစ်ပါသည်။ အဲဒီတော့ ကိုယ်က သတ်သတ်ကြီးဖြစ်နေတတ်တာကို မုန်းပေမယ့် စက်ဝိုင်းတွေရဲ့ အပြင်မှာ တစ်ဦးတည်းပဲ ဆက်လက်နေဖြစ်ပါလိမ့်မည်။

၈) ပျော့ပျော့လေးနဲ့.. ခေါင်းမာခြင်း

မိဘတွေခေါ်တာ မပြောချင်ဘူး။ (ပျော့ပျော့လေးနဲ့ နံတဲ့….xxxxx ) ဟာတဲ့။ ဘယ်သူနဲ့မှလဲ ပြန်လည်ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း မရှိပါဘူး၊ အေးအေးလေးနဲ့ ပျော့ပျော့လေး နေပြီး ဘယ်သူ့ပြောတာမှလဲ နားမထောင်သူ တစ်ဦးမို့ ဒါဟာ ကောင်းတဲ့ အကျင့်တစ်ခု မဟုတ်ပါ။ တစ်ယောက်သောသူ ပြောသလို သွေးအေးထုံပေတဲ့ မိန်းမတစ်ဦးမို့ ဒီအချက်ကိုလဲ မနှစ်သက်ပါ။

၉) အွန်လိုင်းပေါ်မှာ အချိန်ကုန်နေခြင်း

ကျွန်မ တစ်ပတ်ကို ပိုစ်တစ်ခုလောက် အနည်းဆုံး တင်တာတောင် များတယ်လို့ ကျွန်မထင်ပါတယ်။ အွန်လိုင်းပေါ်က လူတွေတော်တော်များများကို ကျွန်မ ခင်မင် လေးစားတယ်၊ အတွေးအခေါ်အယူအဆမျိုးစုံ၊ နည်းပညာ ဗဟုသုတအစုံ၊ ကျွန်မရတယ်။ personality မျိုးစုံကို လေ့လာတွေ့ရှိရတယ်။ သတင်းတွေ၊ ဘ၀အတွေ့အကြုံတွေကို မြင်ရတယ်။ ကျွန်မ ဘလော့ဂ်တွေ အကုန်မရောက်ပေမယ့် တော်တော်များများကို ရောက်ပါတယ်။ ခြေရာမချန်တာသာရှိတာပါ။ အခုလို လေ့လာသင်ယူစရာတွေ အများကြီးရှိပေမယ့်လည်း၊ ဂျီတောခ့်လဲ တက်လေ့မရှိပေမယ့်လည်း၊ ကျွန်မကိုယ်ကိုကျွန်မ လိုအပ်သည်ထက် အွန်လိုင်းမှာ အချိန်ပိုကုန်နေတယ်လို့ မြင်မိပါတယ်။

၁၀) ငြီးငွေ့ပြီဆိုရင် လုံးဝ လှည့်မကြည့်ချင်တော့ခြင်း

ဘ၀ရဲ့ တစ်ဆယ့် ခွန်နှစ်နှစ်၊ တစ်ဆယ့်ရှစ်နှစ်တိုင်းမှာ တိုင်းပြည် တစ်ခုခုကို ပြောင်းရွှေ့နေလိုတယ်။ ကျွန်မ အသက် တစ်ဆယ့်ငါး တစ်ဆယ့်ခြောက်လောက်တုန်းကလဲ ရန်ကုန်မြို့ပြ၊ အနံ့အသက်၊ လူတွေ၊ အသိုင်းအ၀ိုင်း၊ အကုန်လုံးကို ငြီးငွေ့လွန်းတာရယ်၊ adventure ကို ရှာမလိုလို၊ ဘ၀တိုက်ပွဲကို ဆင်နွှဲတော့မလိုလိုနဲ့ ငယ်သွေးကြွပြီး မိဘတွေကို နားပူနားဆာလုပ်ပြီး ကနေဒါကို ရောက်လာခဲ့တာပါပဲ။ အခုတော့ ကနေဒါကို အရမ်းပျင်းနေပြီ။ အနောက်နိုင်ငံတွေရဲ့ မြို့ပြ အဆောင်အယောင်၊ စားစရာ၊ အနံ့အသက်၊ shopping mall တွေကို ငြီးငွေ့လွန်းနေပြီ။ အနောက်ကို အတုယူထားတဲ့ အရှေ့တိုင်းပြည်တွေဆိုရင်တော့ ဝေလာဝေးပဲ။ ပိုဆိုးတော့ မပေါ့။ ရန်ကုန်လဲ သိပ်တော့မထူးဘူး။ ကိုးရီးယားတိုင်းပြည်ရောက်နေသလိုဖြစ်မယ်ဆိုရင်တော့ မထူးဘူး။ မြို့ပေါ်က မိန်းကလေးတွေက ၀တ်တတ်စားတတ်လာတော့ ပိုလှလာတယ်။ ကိုးရီးယား ဒီဇိုင်းဆိုပေမယ့် လှပါတယ်။ ကျွန်မတို့ တိုင်းပြည်လဲ ဆင်းရဲတယ်သာပြောတယ်။ စားသောက် ပျော်ပါးနေကြတာပဲ။ မိုးလင်းရင် လက်ဘက်ရည်ဆိုင်တိုင်း၊ မုန့်ဟင်းခါးဆိုင်တိုင်းဟာ လူအပြည့်၊ ညနေဆိုလဲ ဘီယာဆိုင်တိုင်း၊ စားသောက်ဆိုင်တိုင်း လူအပြည့်။ ရွှေဘဲမှာဆို ဘယ်ညနေသွားသွား ခြေချစရာမရှိဘူး။ shopping mall တွေမှာလဲ လူတွေက အလကားပေးနေသလိုပဲ။ ဘုန်းကြီးကျောင်းတွေဆိုလဲ ရွှေရောင်ငွေရောင်တွေ တဖျတ်ဖျတ်နဲ့။ ညခင်းတွေမှာ ရန်ကုန်မြို့ ပလက်ဖောင်းတွေပေါ်မှာလဲ ပျံကျဈေးသည်တွေရဲ့ တောင်းတွေထဲက ဟင်းသီးဟင်းရွက်တွေ၊ ရုံးပတီသီးကြီးတွေ၊ ဗူးသီး၊ သခွား၊ လတ်လတ်ဆတ်ဆတ်တွေ၊ ထွားကြိုင်းလွန်းတာတွေကိုမြင်ရတယ်။ စုတ်ပြတ်သတ်နေတဲ့ ချောင်ချိုချောင်ခြားက မြို့ပြင်ရပ်ကွက်လေးတွေထဲလဲ ကျောပိုးအိတ်ကြီးတစ်လုံးနဲ့ ကျွန်မရောက်တယ်။ လူရှင်းတဲ့ သစ်ပင်အောက် အဖော်တစ်ယောက်ယောက်နဲ့ မသိမသာရပ်နေရင်း ဖြတ်သွားတဲ့ ကလေးတွေကို ပေးချင်တာတွေ ကျွန်မပေးတာပါ။ သူတို့ဘ၀မှာ တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေလို့ပဲ ဆိုပါတော့ရှင်။ ဒီက အလှုခံသွားတာတွေကော၊ ကျွန်မ စုထားတာလေးတွေကောပေါ့။ ကလေးတွေခြေထောက်မှာ အနာပလပွနဲ့ အနာပေါ်ကို ကျွတ်က တက်နေသေးတယ်။ ဒါလဲ ပျော်နေတာပဲ။ မျက်နှာလေးတွေက ပျော်နေတာပဲ။ သူတို့ အမေတွေဆိုလဲ ရင်လျားနဲ့ သန်းရှာနေတာတွေ၊ ရယ်မောပြီး စကားတွေပြောနေတာတွေ မြင်ရတယ်။ သူတို့ကြည့်ပြီး ကျွန်မ အပြီးပြန်ချင်စိတ် အရမ်းပေါက်နေတယ်။ ကနေဒါကို ငြီးငွေ့နေပြန်ပါပြီ။

ကျွန်မ ခင်မင်ရင်းနှီးမှုအနေနဲ့ ရှင်မင်းညို ကို တက်ဂ်ချင်ပါတယ်။ ညီမအဆင်ပြေရင်ရေးပေးပါနော်။

Comments from ainchannmyay.com

1. ၃၊ ၄၊ ၈ အချက်တွေကိုဖတ်ပြီး ငါထင်တာနဲ့မမှားပါဘူးလို့စိတ်ထဲဖြစ်သွားတယ် shopping mallတွေကိုငြီးငွေ့ပြီလား ကျနော်ဆို အပြင်ကပဲ မြင်ဖူးတယ် ၀ယ်မနိုင်လို့မရောက်ဖြစ်
Comment by မောင်မျိုး — December 8, 2008 @ 6:33 pm |

2. အဲ မလေးရေ ဒုခွ…
Comment by shinminnyo — December 8, 2008 @ 7:06 pm |

3. it’s so nice , there ’s nothing special comment to say odd. thank to see ur words, and hope that get to see u more and more ..
Comment by mgmoekhin — December 8, 2008 @ 8:13 pm |

4. (၁) တော်သေးတာပေါ့. အဲဒီ့တုန်းက ကျွန်တော် အွန်လိုင်းလောကနဲ့ သိပ်မနီးစပ်သေးလို့. မဟုတ်ရင် အဲဒီ့ကဗျာဆရာလေးကို လိုက်ချက်နေမိဦးမယ်. ဟတ်ဟတ်. နဂိုတည်းကမှ မာမီရန်ဆိုပြီး မျက်စောင်းထိုးချင်နေသူတွေက ဒုနဲ့ဒေး… အမလေး.. အသည်းယားလိုက်တာ မလေးရယ်… အက်အက်အက်…
(၂) အလုပ်လောဘကြီးတာကတော့ ယုံပါတယ်ဗျာ. ပို့စ်တွေ ဆက်တိုက်တင်နေတာသာ ကြည့်တော့. စာမပြန်နိုင်အားလို့ ဆီဗုံးတောင် ဘယ်ချောင်သွားဖွက်ထားတယ်မသိ.
(၃) မလေးက သနားတတ်တာကိုး… ကဲ.. မတတ်နိုင်ဘူးဗျာ. ဆူတယ်လို့လည်း မထင်နဲ့ ပွမ်တယ်လို့လည်း မပြောနဲ့.
(၄) မျိုသိပ်နေတာကိုတော့သိတယ်. တအုံနွေးနွေးဆိုတာ ဘယ်လိုဟာကြီးလဲဟင်. သိဘူးဗျာ. ပြောပါဦး. သိုးမွေးမာဖလာကြီး လည်ပင်းမှာ မြွေပတ်သလို ပတ်နေတာကို ခေါ်တာလား… ဟုတ်တယ်လေ. တအုံကြီးရယ်… ပြီးတော့ နွေးနွေးကြီး… တအုံထွေးထွေးလို့ ပြောလည်းရတာပဲနော့..
(၅) အင်း… ဒါကတော့ မလေး ၀ါသနာမပါတာနဲ့ပဲ နာမည်ကြီး Chef တွေက ယောင်္ကျားတွေ ဖြစ်ရတော့တယ်. Rachel တို့လည်း ရှိပါသေးတယ်. ပြီးတော့ အိုပရာဝင်းဖရေးဆိုရင် ဘာတဲ့. ကောက်ညှင်းငချိတ်ပေါင်းတာ နာမည်ကြီးဆိုပဲဗျ. ဘာပဲဖြစ်ဖြစ် မလေးချက်တဲ့ ပန်းသီးငါးပိချက်လေးကို သတိရနေတုန်းပဲ.
(၆) အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဗန္ဒာရသရက်သီးဆိုတာ ဂင်္ဂါမြစ်အထက်နားမှာ ရှိတယ်ဗျ. အရမ်းရှားတယ်. စားမလား. အိန္ဒိယရောက်ရင် ၀ယ်ခဲ့ပေးမယ်. ဟတ်ဟတ်. မလေးကြိုက်ပုံတွေက အဆန်းတွေပဲနော်.
(၇) အာပေါင်အာရင်းသန်နေသူကို စိုက်ကြည့်နေတတ်ပေမယ့် Brain ကတော့ Shut Down ဖြစ်နေတတ်သည်ဆိုတော့ ကော်မန့်ရေးရင်းနဲ့ လက်တွန့်သွားတယ်. ဟုတ်တယ်လေ. ကျွန်တော်က လေရှည်ပြီး တစ်ခုချင်း လိုက်ဖတ်၊ လိုက်ကော်မန့်ပေး၊ မလေးက အိပ်ငိုက်…
မမိုက်ပါဘူးဗျာ…………
(၈) what’s xxxx? ပူစီနံကိုပြောတာလားဟင်. ဒါမှမဟုတ် ပျော့ပျော့လေးနဲ့ စားရတဲ့ အာတာပူစီကို ပြောတာလား. ဒါမှမဟုတ် ဒယ်အိုးပြားလေးပေါ်မှာ ကင်ထားတဲ့ ပျော့ပျော့လေးစားရတဲ့ ချပါတီလားဟင်. ဘာပဲဖြစ်ဖြစ် မလေးကပျော့ပေမယ့် မာတယ်ဆိုတာသိလိုက်ရပြီ။ (ခေါင်းမာတာ) ဧရာမလျှို့ဝှက်ချက်ပေပဲ. တန်ဖိုးရှိလှပါဘိတောင်း.
(၉) ကျွန်တော့်ဆီကို လာရင်တော့ ခြေရာမချန်နိုင်ရင်တောင် လက်ရာလေးတော့ထားခဲ့ပါ. ဆရာစံဇာဏီဘိုဆီ ပို့ပြီး ဗေဒင်တွက်ခိုင်းမလို့. ပုတိဖွားလား၊ ရာဇဖွားလား၊ ကျွန်တော်ကတော့ ဂျမခါနာဖွားဗျ. ဟိုးအပေါ်ဆုံးထပ်မှာကို မွေးတာ. Fully Air-conditioned Room. ဘာမှတ်လဲ.
(၁၀) ဟုတ်တယ်ဗျ. နော်. ကနေဒါက ပျင်းစရာကြီး… ခေါင်တယ်. Vacation ရရင် ဒီဖက်လာခဲ့လေ. ကျွန်တော်တို့ဆီမှာက အမြဲတက်ကြွလှုပ်ရှားနေတာ. Always alive and kicking. ဘေ့စ်ဘောလိုက်ပြမယ်. စကိတ်စီးတာရှိတယ်. ကမ်းခြေတွေကလည်း လှမှလှ၊ ကမ္ဘာကျော် ဘရွတ်ကလင်း တံတားကြီးကလည်း အမြင့်ကြီးရယ်. ဟို မီးတိုင်ကိုင်ထားတဲ့ အမျိုးသမီးကြီးကလည်း အရမ်းလှတယ်.
ကနေဒါ… ဘာရှိလဲ… ဘာရှိလဲ…
မလေးကို မစရတာ ကြာပြီ။ အခုလိုမျိုး အားရပါးရ စလိုက်ရတာ ပျော်လိုက်တာ…
ဒိုးပြီဗျာ.
ရေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်. စက်ဝိုင်းထဲမှာ ဆက်ပြီးမှိန်းမနေနဲ့တော့ဗျာ. ထွက်ခဲ့ပါ. ပို့စ်တွေ မျှော်နေမယ်.
ခင်မင်လေးစားလျက်
ရန်အောင်.
Comment by Yan — December 8, 2008 @ 10:26 pm |

5. If I am not wrong, you must be a Pisces born (19 Feb ~ 20 Mar).
Comment by Fake_Sanzarnibo — December 9, 2008 @ 6:35 am |

6. ဘာပြောပြော နာတော့ မလေးအကြောင်းနဲနဲ တိတွားပီ
တစ်ယောက်တည်းနေတတ်တာတော့ ကောင်းသား
အနော်က နေတတ်ဘူးဂျ ရဘူး လာလည်ရင်တော့ လာရှုပ်မှာပဲဏော် ဒါပဲ ကြိုပြောထားတရ်
အဲ..ကနေဒါကိုငြီးငွေ့ရင်တော့ ချင်ပူမှာလာနေလေ ထမင်းဟင်းချက်ဝါသနာမပါလဲ တစ်နေ့တစ်မျိုးမရိုးအောင် ကျွေးမယ်(၀ယ်ကျွေးမယ် အဟိဟိ)ချင်ပူမှာ ရှားပါးသစ်သီးကတော့ ဇီးဖြူသီးပဲထင်တယ် ညန်မာကမှာပီး ထောင်းကျွေးမယ် ဒါမှမဟုတ်ဒီတိုင်းချား တိရား
အွန်လိုင်းပေါ်မှာ အချိန်ကုန်တယ်တဲ့ အနော်နဲ့တော့ ဂျကားကြောဘူး တော်ပီ ချိတ်ကောက်ဒယ်
အော်.. မှာထားဦးမယ် ကွန့်မန့်မှာ ရီပလိုင်း အရှည်ကြီးရေးတဲ့သူချိရင် တနားနဲ့ဏော် အဲလူတွေက …(အဟိ တိုက်ဆိုင်ရင် ခွေးလွှတ်ဗျို) ဒါပဲဒါပဲ ထပ်ပြောရင် မကောင်းတော့မစိုးလို့ဏော်ဏော်
အင်း ဘိုင်ဒဝေး ရင်ဖွင့်ချင်တာတွေရှိသေးလဲလာခဲ့နော်
Comment by မယ်လိုဒီမောင် — December 9, 2008 @ 9:38 am |

7. Ma Lay,
We are on the same page with you on #10. I am sooooo tired of staying in one place for so long but but but …which area would be the best to live. I dunno. I love country side, majestic mountains (it reminds me of Ps 121).
love all your posts.
Ain Shin Ma
Comment by lynda — December 9, 2008 @ 9:56 pm |

8. မောင်မျိုး.. မောင်လေးထင်တာတွေက လွဲခဲပါတယ်..း))
ရှင်မင်းညို… ညီမ အဆင်ပြေမှပါနော်.. အေးအေးဆေးဆေးပဲ..
မောင်မိုးခင်… ကျွန်မ ဆက်လက်ကြိုးစားနေပါတယ်ရှင်.. အားပေးတာကျေးဇူးပါ..
ကိုရန်အောင်… မလေး brain တစ်ကယ် shut down ဖြစ်သွားပါတယ် (နောက်တာပါရှင်)
ကိုစံဇာဏီဘိုအတုရေ…. အတုဆိုသည့်တိုင်းမှားပါသည်.. ကျွန်မက Aquarius ပါရှင်..
မမီ… အွန်လိုင်းကို မတက်တော့သလောက်ဖြစ်သွားလို့ မမီရဲ့..
အိမ်ရှင်မ… မလေးနေတဲ့မြို့လေးက တောင်တွေနဲ့ ပင်လယ်ပြာတွေ၊ ကန်ကြီးတွေနဲ့ လှတော့လှတယ်.. လာနေပါလားး))
Comment by မလေး — December 10, 2008 @ 11:47 am |

9. မလေးရေ..
တူနေတာတွေ ရှိမယ်ထင်တယ်..။ မ ဂဏန်းတွေချည်း တိုက်ဆိုင်တယ်..။း-)
ညီမကတော့ စိတ်ပေါက်ပေါက်နဲ့ အများကြီး ပိုမုန်းမိတယ်။
Comment by ShwunMi — December 11, 2008 @ 4:33 am |

10. တစ်ခါက နှစ်ခါ၊ နှစ်ခါက သုံးခါဆို ဟုတ်ပါ့မလားတောင် သံသယ၀င်စရာ…
နံပါတ် 6 မှာ လုံးဝကွဲသွားတာလေးတစ်ခုပဲ။
အကြောင်းသိလေ ပိုနီးစပ်လေပါ မလေးရေ…
စိုးရိမ်တကြီးမေးခဲ့တဲ့ ရေးဟန်လေးကို သိမ်းထားတယ်။ မလေးရဲ့အမှတ်ရမှုနဲ့ ညီမလေး ပြန်ပြေးလာတာ။
Comment by အေးချမ်းသူ — December 17, 2008 @ 4:06 am |

11. friend, although we haven’t been keeping in touch for 17 years, now i think i know and understand u more from ur writngs… he he…all the best…
Comment by Angel Eyes — December 17, 2008 @ 10:35 pm |

Tuesday, December 02, 2008

ကန်တော်ကြီး အင်းလျား

ကန်တော်ကြီး အလှဓာတ်ပုံတွေကို စိတ်ကူးရတုန်းက လုပ်ထားတဲ့ movie clip
နှစ်ပေါင်းများစွာ ကျမလို ဝေးနေသူများတွက် ရည်စူးပါတယ်ရှင်။

video

Friday, November 28, 2008

အမှတ်တယများ

ငါ့အသည်းထောင့် တစ်နေရာမှာ နေထိုင်ဆဲ...

Monday, November 24, 2008

ခြားနားချက်

ထောင့်ကိုးရာကိုးဆယ့်လေး..

လေယာဉ်ကြီးက နိမ့်ဆင်းလာနေပြီ။ ရင်တွေတုန်လိုက်တာ။ ၀ဲလာတဲ့မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မြန်မြန်ပုတ်ထုတ်မှပဲ။ လူတွေမြင်ရင်မကောင်းဘူး။ လေယာဉ်ပျံထဲက ကြားနေရတဲ့ ခရီးသည်တွေမြန်မာလိုတွေပြောနေတဲ့ စကားသံတွေကလဲ မင်္ဂလာရှိလိုက်တာ။ လက်ထဲက သတင်းစာထဲက ဗမာစာလုံးလေးတွေကလဲ အရင်တုန်းတွေကထက် လှပနေသလိုပဲ။ လေယာဉ်မယ်လေးတွေကတော့ မျက်နှာလေးတွေက တစ်ခြားနိုင်ငံက အမှုထမ်းတွေနဲ့တော့ သိပ်မတူဘူး။ သိပ်မပျော်သလိုပဲ။ ဒါမှမဟုတ် ဒီလိုပဲ နေရလို့လားမသိဘူး။ အောက်ကို လှမ်းကြည့်လိုက်ဦးမယ်.. ဟင်.. မည်းမှောင်နေတာပါပဲလား။ လေယာဉ်ကွင်းကို မောင်းတဲ့သူ ဘယ်လိုမြင်မလဲမသိဘူး။ တောထဲ ဆင်းမိမှ ပြဿနာပဲ။

အင်.. လေယာဉ်က ကွင်းလယ်မှာ ရပ်သွားပြီ။ လေယာဉ်ကွင်း ၀ရံတာက လက်ပြနေတဲ့ လာကြိုသူတွေ အများကြီးထဲမှာ ဖေဖေ၊မေမေ၊ ညီမလေးတို့ ပါမှာပဲ။ လေယာဉ်ဆီကနေ အဆောက်အဦးဆီကို အဝေးကြီးလမ်းလျောက်ရဦးမယ်။ အထုတ်ကလဲ လေးလိုက်တာ။ လေပူတွေ ၀ုန်းဆိုတိုက်လာတဲ့ အရသာကို အရမ်းနှစ်သက်တာပဲ။ နွေးနေတာပဲ။ သာယာလိုက်တဲ့ ညရယ်။

အမလေး.. ပိုးဟပ်.. ပိုးဟပ် လက်နဲ့ မြန်မြန်ပုတ်ထုတ်လိုက်လို့တော်သေးတယ်။ လန့်လိုက်တာနော်။ ဟော.. ၀ရံတာပေါ်ကနေ ညီမလေးရယ်.. အစ်မတွေ လှမ်းခေါ်နေကြတယ်။ မတ်တပ်ရပ်ပြီး လက်လှမ်းပြရင်း ရင်ထဲမှာ ပိုငိုချင်လာပြန်ပြီ။ အဆောက်အဦးထဲ ၀င်ပြီးတန်းစီနေတဲ့လူတွေနောက် သွားတန်းစီဦးမှပဲ။ မီးတွေက မှုန်နေတယ်။ အနံ့တစ်ခုရနေတယ်။ ဘာနံ့လဲတော့မသိဘူး။ လူဝင်မှုကြီးကြပ်ရေးက အစ်မလေးဆီရောက်လာပြီ။ ပြုံးပြဦးမှဘဲ။ ဟင်.. ပြန်လဲ မပြုံးပြပါလား။ ရှင်.. သွားတာကြာပြီလား ဟုတ်လားအစ်မ၊ မကြာသေးဘူးရှင့်။ ရှင်.. လက်ဆောင်.. လက်ဆောင်လဲမပါဘူး၊ မသိလို့ပါအစ်မ၊ ဟုတ်ကဲ့ ကျေးဇူး။ ပေးသင့်ပါတယ်။ လူမျိုးခြားတွေကိုတောင် tips တွေပေးနေသေးတာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း အိမ်ပြန်လက်ဆောင် ကျွန်မ တစ်ကယ်ဆို ပေးသင့်တယ်၊

အကောက်ခွန်ကို ဘယ်လိုဖြတ်လိုက်လဲတော့ မသိတော့ဘူး။ အပြင်မှာ ဖေဖေနဲ့မေမေ။ အို.. အိုစာသွားလိုက်ကြတာ။ အသားတွေကလဲ နေလောင်ထားတဲ့ အသားတွေ၊ ဘယ်လိုဖြစ်တာလဲ။ ဖေဖေ.. ဖေဖေ့ကားကလဲ မရွေ့တော့ဘူး။ တစ်မြို့လုံးက ကားတွေက ဒီလောက်နှုန်းနဲ့ပဲမောင်းနေမှတော့ လိုရာဘယ်လိုရောက်မလဲ..။ တစ်မြို့လုံးလဲ ဆေးလိပ်နဲ့အရက်ကြော်ငြာချည်းပါပဲလား။ မြန်မာမင်းသမီး ချောချောလှလှလေးတွေ အရက်ပုလင်းတွေရှေ့ ထိုင်နေတာ မြင်ရတာ အရမ်းတစ်မျိုးဖြစ်နေတယ်။ ဟင်.. ဘာလဲညီမလေး၊ ပိုးဟပ်လား.. ဟုတ်ပါတယ် အဆန်းမဟုတ်ပါဘူး။ ရုတ်တရက်မို့လန့်သွားတာပါကွယ်။ ငယ်ငယ်ထဲက ပိုးဟပ်နဲ့ ကစားလာတာပဲဟာ။ လမ်းထဲရောက်တော့မယ်။ ဒီလမ်းမကျယ်ကြီးကလဲ ဘယ်လိုဖြစ်ပြီး ကျဉ်းသွားတာလဲ..။ အရင်တုန်းက ငါ့မိဘအိမ်ကြီးက ကောင်းလိုက်တာ။ ခုဘယ်လိုဖြစ်ပြီး အမိုးတွေက နိမ့်ဆင်းကုန်သလို ခံစားလာရတာလဲမသိဘူး။ ငါ.. ဘာဆက်လုပ်ရမလဲ..။ သူတို့ကို ဒီမှာဆက်ထားလို့ဖြစ်ပါ့မလား။


သက္ကရာဇ်နှစ်ထောင့်သုံး
အို.. လှလိုက်တာ။ လေယာဉ်ပေါ်ကကြည့်တော့ ရွှေချထားတဲ့ ဘုရားလေးတွေ၊ ထုံးဖြူဖြူဘုရားလေးတွေ၊ မြစ်ချောင်းလေးတွေ၊ သစ်ပင်လေးတွေ စိမ်းစိမ်းလန်းလန်းနဲ့။ စလုံးက ဖြတ်ပြန်လာတုန်းက လှမ်းမြင်ရတဲ့ တိုက်တာတွေ၊ အဆောက်အဦးတွေလို မြင့်မြင့်မားမားမဟုတ်ပေမယ့်၊ သူ့သဘာဝအလှနဲ့သူ အရမ်းသာယာတဲ့ မြို့လေးပဲ။ ဒါကြောင့်နိုင်ငံခြားသားတွေက ကြိုက်တာကိုး။ အင်.. လေယာဉ်ကွင်းက ရွှေပြားတွေကပ်ထားတဲ့ ရပ်ကွက်ထဲက အလှုမဏ္ဍာပ်လိုဖြစ်နေပါလား။ ဘယ်လိုဖြစ်တာပါလိမ့်။ လေယာဉ်ပေါ်ကဆင်း ရပ်ထားတဲ့ shuttle bus ဆီသွားမှပဲ။ ကားပေါ်မှာ နေရာလွတ်တွေရှိရဲ့သားနဲ့ ဘာလို့ တိုးတိုက်ပြီး တက်နေပါလိမ့်။ ထိုင်ကြပါ၊ ကျမ မတ်တပ်ပဲရပ်ပါမယ်၊ အလွန်ဆုံးကြာ နှစ်မိနစ်ပေါ့ အဆောက်အဦးထဲ ရောက်မှာပဲ၊ ထိုင်စီးလာရတာ နာရီပေါင်းများစွာမို့ အညောင်းတောင် သက်သာပါသေးတယ်။ ဟုတ်ကဲ့ ထိုင်ကြပါ။ ထုံးစံအတိုင်း ဒီလေပူတွေကို ကြိုက်လိုက်တာ။ ရှေ့က အဖြူလင်မယားကတောက မျက်နှာစပျက်လာနေပြီ။ ပူလို့ထင်တယ်။ ကားခေါင်မိုးမှာ ပိုးမျှင်လေးတွေ၊ အင်းဒါလဲ သဘာဝအလှတစ်မျိုးပေါ့နော်၊ ကုန်ပစ္စည်းသယ်တဲ့ အလုပ်သမားအချို့တွေက ပုဆိုးဝတ်ထားတော့ အလုပ်လုပ်ရတာ အဆင်မှပြေပါ့မလားမသိဘူးနော်။

ဒီတစ်ခါတော့ လူဝင်မှုကြီးကြပ်ရေးမှာ ဘာမှထွေထွေထူးထူးမပြောလိုက်ရဘူး။ အကောက်ခွန်ကိုဖြတ်ဦးမှပဲ။ ဒီယူနီဖောင်းအဖြူဝတ်နှစ်ယောက်ရပ်နေတဲ့ ရှေ့က စားပွဲလေးပေါ်မှာ စာအုပ်လေး တင်လိုက်ဦးမယ်။ အို.. အို.. ဘယ်က အစ်မကြီးတွေလဲမသိဘူး။ ဘေးတွေနောက်တွေကနေ တွန်းပြီးကျော်တက်သွားတယ်။ တန်းလဲ မစီကြပါလား။ ဟောတော့.. စာအုပ်လေး အောက်ဆုံးရောက်သွားပြီ။ ဒီစာရွက်ဖြည့်ဖို့ အရေးထဲ ဘောပင်ကလဲ ရှာမတွေ့ဘူး။ ဒီအစ်မကို တောင်းကြည့်ဦးမှပဲ။ ဟင်.. မရှိဘူးဟုတ်လား။ ဘောပင်ကြီး လက်ထဲကိုင်ထားပြီး မရှိဘူး ဗြောင်လိမ်ရသလား အစ်မရယ်။ ဖြည်းဖြည်းပြောလဲရပါတယ်။ အင်.. ဘေးက အဖော်ကိုတောင် မှာလိုက်သေးတယ်ဟုတ်လား။ မရှိဘူးလို့ ပြောလိုက်လို့ လိမ်ခိုင်းလိုက် သေးတယ်နော်..။

ဒီလူအုပ်ပြီးတဲ့ထိတော့ ဘေးလေးမှာ အသာရပ်စောင့်နေမှပဲ။ ဟော.. ဟိုအဖြူယူနီဖောင်းနဲ့က လာခဲ့တဲ့။ အခြေအနေတစ်ခုလုံး သူ စောစောထဲက မြင်နေပုံရတယ်။ ဟုတ်ကဲ့.. ကျမ စာအုပ်ကတော့ ဟိုအပုံအောက်ရောက်သွားပြီရှင့်။ ရှင်.. အော် ဒီမှာပါ.. ပါလာတာတွေ စာရင်းလုပ်ထားတာပါ။ ရှင်.. ကျောက်တွေ၊ ဆွဲချလို့ရတယ်ဟုတ်လား။ ခဏလေးနေပါဦးရှင့် .. ဆွဲချတယ်ဆိုတာ ဘာလဲ။ သြော်.. ကျမပစ္စည်း ကျမယူလာတာလေ.. မင်္ဂံလာဆောင်တစ်ခုမှာ ၀တ်ဖို့ သေးသေးလေးတွေပါ။ ဘာလို့ဆွဲချမှာလဲ။ ကျမက နိုင်ငံခြားသားတစ်ယောက်ဆိုရင်တော့ ဆွဲမချဘူးဟုတ်လား။ စကားကို ဘာဖြစ်လို့ ရန်သူတစ်ယောက်ကို ပြောသလို ဆောင့်ကြီး အောင့်ကြီး ပြောနေတာပါလိမ့်။ တစ်ကယ်လို့ ကျွန်မက နိုင်ငံခြားသားတစ်ယောက်ဆိုရင်ကော..။ ဖြစ်ခဲ့တယ်ဆိုရင်.. လို့မေးတာပါ..။ ရှုပ်နေတာပဲ..။


သက္ကရာဇ် နှစ်ထောင့်ရှစ်
သြော်.. သစ်ပင်တွေ ပါးသွားလိုက်တာ။ သိပ်ကို စိမ်းလန်းစိုပြေခဲ့တဲ့ တိုင်းပြည်။ သစ်ပင်တွေ နမျောလိုက်တာနော် (ကျန်တာတွေတော့ မပြောပါနဲ့တော့) အို.. လေယာဉ်ကွင်းကြီးက ကောင်းလိုက်တာ။ နိုင်ငံတကာ လေယာဉ်ကွင်းတွေပုံစံပဲ။ နည်းနည်းသေးတာတစ်ခုပဲရှိတယ်။ ပစ္စည်းချတဲ့ ကားလေးတွေမောင်းနေတဲ့ အမှုထမ်းတွေကလဲ ယူနီဖောင်းတွေ ကောင်းလှချည်လား။ ဒီတစ်ခါတော့ လမ်းလဲဆင်းလျောက်စရာမလိုတော့ဘူး၊ shuttle bus ဆီလဲ သွားစရာမလိုတော့ဘူး။ လှိုဏ်ခေါင်းထဲကနေ တန်းပြီး အဆောက်အဦးထဲ ၀င်သွားရုံပဲမို့ ရောက်ရောက်ခြင်း နှုတ်ဆက်နေကြ အမိမြေရဲ့ လေပူလေးတွေကိုတော့ လွမ်းမိသား။ လေယာဉ်ကွင်းကြီးက အရမ်းကို ကောင်းနေတာပါပဲလား။ ဘယ်သူမှပြောသံလဲ မကြားမိဘူး။ ကိုယ်ပဲ ဗဟုသုတနဲလို့ ဖြစ်ပါလိမ့်မယ်လေ။ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေကလဲ သန့်ပြန့်နေတာပဲ။ မဖြတ်ခင် လက်သွားဆေးဦးမယ်။ အိမ်သာတွေလဲ မဆိုးပါဘူး။ ဆေးဝါးသုံးဖို့ နည်းနည်းတော့ လိုနေသေးတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်က ၀န်ထမ်းတွေက ငယ်ငယ်လေးတွေ၊ အထူးသဖြင့်အကောက်ခွန်က ၀မ်ထမ်းလေးတွေက ရှိလှမှ နှစ်ဆယ်ကျော်စ၊ ရိုးသားမှုတွေ အရောင်စွန်းထင်းမှု မခံရလောက်သေးဘူးလို့ မျှော်လင့်မိတာပါပဲ။ ရှင်.. အမအိတ်ကို ဖွင့်မယ် ဟုတ်လား၊ ဖွင့်ပါရတယ်။ အဲ.. ဟုတ်တယ်.. ဟိုကအဒေါ်က ဒီကအဒေါ်တွက် သခွားသီးခြစ်ဖို့ ထည့်ပေးလိုက်တာပဲကွယ်။ အစ်မလဲ ထည့်လာမိတယ်။ ဆေးလား အဖွားတွက် ဆေးနည်းနည်းပါတယ်။ သြော်.. မယူရဘူးလား၊ များနေလို့လား။ ရတယ်နော်.. သေချာတယ်နော်..။ အင်းအင်း ကျေးဇူးတင်ပါတယ်ကွယ်..။

စိတ်ချမ်းသာတယ်။ လိုတာထက်လဲ အပိုဘာမှပြောစရာမလိုဘူး။ သူတို့ မင်္ဂလာပါလို့ ခရီးသည်တွေကို နှုတ်ဆက်မယ်ဆိုရင် တော်တော်ပြည့်စုံသွားမယ်။ ပစ္စည်းရွေးပေးတဲ့ လူတွေလဲပဲ ယူနီဖောင်းသင့်တင့်စွာနဲ့ ကြည့်ရတာ အဆင်ပြေ အေးချမ်းနေတယ်။

မြန်မာပြည် အခေါက်ခေါက်ပြန်ရောက်တိုင်း... လေယာဉ်ကွင်းအပြင်ရောက်တာနဲ့ သရုပ်မှန်စပေါ်တယ်ထားဦး၊ ပြည်တွင်းခရီးစဉ် အဆောက်အဦးဟာ ထူးခြားပြောင်းလဲမှု မရှိသေးဘူးလို့ ဆိုကြသည်ပဲထားဦး၊ ပြည်ပအ၀င် အိမ်ရှေ့မျက်နှာစာဟာ ဟိုး အရင့်အရင်တုန်းတွေကထက်တော့ အများကြီး သန့်ရှင်းလှပ၊ အဆင့်မှီနေတာ၊ ၀မ်ထမ်းတွေဟာလဲ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး လုပ်စရာရှိတာကို လုပ်သွားတာကို ကိုယ်ကျေနပ်ဂုဏ်ယူတယ်။


Comments from ainchannmyay.com

1. အစ်မရေ စာတွေဖတ်၊ဓာတ်ပုံတွေကြည့်သွားပါတယ်…။ စာမေးပွဲရှိနေလို့ မရောက်ဖြစ်တာကြာပေါ့….။ ကျွန်တော်လည်းနွေရာသီတုန်းက မြန်မာပြည်ပြန်တော့ အစ်မလိုဘဲခံစားရတယ်။
Airport ကတော့အပြင်အဆင်တွေကောင်းပါရဲ့ တစ်ခုခုလိုနေတယ်( သက်ဝင်လှုပ်ရှားမှုမရှိဘူး) လို့ထင်မိတယ်…။ ခုရန်ကုန်မှာဘဲလား…။
Comment by evergreenphyo — November 24, 2008 @ 8:16 pm |

2. မလေးရေ… တစ်ခေါက်ထက်တစ်ခေါက် ကျေနပ်စရာကောင်းလာတယ်ပေါ့နော်…။ အဲလိုမြင်ပေးတာ ၀မ်းသာပါတယ်…။ ပျော်ရွှင်ပါစေ..။
Comment by လေးမ — November 24, 2008 @ 10:09 pm |

3. Thanks for writing your experiences. I’m going back in next month. A bit worry about how to explain about my things… Now release a bit. ha ha
Comment by shin — November 25, 2008 @ 7:22 pm |

4. တာဝါပေါ် တက်ဖူးလားဟင်။ ညီမလေးတော့ အဲဒီပေါ်တက်ရတာ အရမ်းသဘောကျတယ်။ စိတ်လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ပြီးတော့ ချုပ်နှောင်မှု ကင်းသလို ခံစားရတယ်။ တစ်ယောက်တည်း ထိုင်ရင်း ဟိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး၊ တစ်ခါတစ်ခါ ပျံသန်းနေတဲ့ လေယာဉ်ပျံတွေကို ကြည့်ပြီး စိတ်တွေက တိမ်ဆိုင်တွေနဲ့အတူ လွင့်မျောနေသလိုပဲ။ ခြားနားချက်က အဲဒီတစ်ခုမှာတော့ မရှိဘူးထင်တယ်နော်။
Comment by အေးချမ်းသူ — November 26, 2008 @ 8:35 pm |

5. Word press error ဆိုပြီး အဲဒီမှာ ရေးလို့မရလို့ မလေး။
မလေးရေ
တစ်ရာ့တစ်ခုမြောက်သော ပို့စ်မှာ အမှတ်တရလေးပေါ့။
ကန်တော်ကြီးပုံက လှလိုက်တာ။
နောက်ရက် အနည်းငယ်ဆို မလေးရဲ့စာတွေနဲ့ အချိန်နည်းနည်းကြာကြာ (နည်းနည်းပဲ ကြာချင်တာပေါ့ စိတ်ထဲကတော့…) ခွဲရဦးမယ် မလေးရေ…
1 ပတ်၊ 2 ပတ်၊ 1 လ……………………………………
အဲဒီအတွင်း လွမ်းနေမိမှာပဲ။ စိတ်တွေ အဲဒီလိုယောက်ယက်ခတ်နေလည်း မကောင်းဘူး။ တကယ့်ကို မလေးရဲ့စာတွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရဦးမယ်လို့….. အဲဒီလိုပဲ ယုံကြည်ထားလိုက်တော့တယ်။
မလေး ပျော်ရွှင်ချမ်းမြေ့ပါစေ
Comment by အေးချမ်းသူ — November 28, 2008 @ 5:10 am |

6. လာဖတ်သွားတယ်နော်
Comment by eh — December 7, 2008 @ 5:44 am |

ဂေါက်ကွင်းထဲက ပါးကွက်ကျား

စီးပွားရေးပြေလည်လို့ အချိန်မှန် အိမ်ပြန်မလာဘဲ အပျော်ကြူးနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ မိန်းမဖြစ်ရတာထက်၊ မသုံးနိုင် မဖြုန်းနိုင်လို့ တစ်နေကုန်နေပူ၊ မိုးရွာ ဆိုက်ကားနင်းပြီး ကိုယ်ချက်တဲ့ ငပိရည်နဲ့ တို့စရာကို စားဖို့ပြန်လာတဲ့ ဆိုက်ကားသမား မိန်းမသာ ဖြစ်လိုက်ချင်တော့တာပဲ




ကျမ နာမယ် ခင်ခင်တင့်ပါ အစ်မ၊ ကျမလား မြန်မာပြည် အလည်ပိုင်းကနေ ရောက်လာတာပါ၊ ကျမ အစ်ကိုရယ် ကျမရယ်.. မောင်နှစ်မ နှစ်ယောက် သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ ရန်ကုန်ကို ဆင်းလာတယ်ဆိုပါတော့၊ နယ်မှာက အမေအိုကြီး၊ မောင်လေးတစ်ယောက်နဲ့ ညီမလေး နှစ်ယောက်ကျန်ခဲ့တယ်။ အမေက မျက်စိမမြင်ဘူးလေ။ မောင်၊ ညီမတွေကလဲ ငယ်ကြသေးပါတယ်။ ကျမလား... နယ်ကျောင်းမှာ ကောလိပ် တစွန်းတစ တက်ဖူးပါတယ် အစ်မ။

ရန်ကုန်ရောက်ရောက်ခြင်း အဆက်အသွယ်နဲ့ အကိုက ကာရာအိုကေဆိုင်မှာ စားပွဲထိုး အလုပ်လုပ်တယ်။ ကျမကတော့ သူငယ်ချင်း တစ်ယောက် ပြောပေးတာနဲ့ ဒီဂေါက်ကွင်းမှာ အလုပ်ရတယ် ဆိုပါတော့ အစ်မရယ်။ ကျမက သူငယ်ချင်းတွေနဲ့ စုပြီး အခန်းငှားနေတယ်၊ အကိုကတော့ ဆိုင်မှာပဲ အိပ်တာများတယ်၊ မိုးလင်းပြီဆိုရင် စားသောက်ဆိုင်ရဲ့ စားပွဲအချို့ဟာ အကိုနဲ့ တစ်ခြား စားပွဲထိုးတွေအတွက် အိပ်ရာဖြစ်သွားတာပေါ့ အစ်မရယ်..။

ကျမအကိုပြောပြလို့ရယ် ဆိုင်ကို တစ်ခါတစ်လေ လိုက်သွားတတ်တဲ့ ကျမ၊ ယောင်္ကျားတွေ အကြောင်းတော်တော် သိလိုက်ရတယ်။ ပျော်စရာကို အတင်းဖြစ်ညှစ် ရှာနေကြတဲ့ ဘ၀တွေပါ အစ်မရယ်။ ကျမလေ ရမ္မက်နဲ့ အရက်ခိုးဝေပြီး အဆီပြန်နေတဲ့ မျက်နှာတွေကို ကြည့်ပြီးတော့ စီးပွားရေးပြေလည်လို့ အချိန်မှန် အိမ်ပြန်မလာဘဲ အပျော်ကြူးနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ မိန်းမဖြစ်ရတာထက်၊ မသုံးနိုင် မဖြုန်းနိုင်လို့ တစ်နေကုန်နေပူ၊ မိုးရွာ ဆိုက်ကားနင်းပြီး ကျမချက်တဲ့ ငပိရည်နဲ့ တို့စရာကို စားဖို့ပြန်လာတဲ့ ဆိုက်ကားသမား မိန်းမသာ ဖြစ်လိုက်ချင်တော့တာပဲ အစ်မရယ်။ ကျမကို ရူးနေတယ်လို့ မထင်ပါနဲ့နော်၊ ဒီလို စိတ်မျိုးရှိတဲ့ ကာရာအိုကေဘားက ကျမအသိမိန်းမတွေ အများကြီးရှိနိင်ပါသေးတယ်အစ်မ။ မဖြစ်နိုင်လွန်းလို့သာ လုပ်စားနေရတာ၊ ဒီဘ၀တွေကို ငြီးငွေ့နေကြသူတွေက အများကြီးပါ။ ဒီမှာတော့ ငွေကြေးနည်းနည်းရွှင်ရင် ပျက်စီးဖို့ လမ်းက များတယ်အစ်မ၊ တချို့မိန်းကလေးတွေကလဲ ဗိုက်ပြည့်ဖို့ တစ်ခုတည်းနဲ့ မလွတ်လပ်တဲ့ ယောင်္ကျားတွေကို မချစ်သော်လည်း အောင့်ကာနမ်းနေရတာ အများကြီးပါ အစ်မရယ်။ နောက် ကိုရီးယားကားတွေရဲ့ လက်ချက်လဲ ပါတယ်ဆိုရမယ်။ ကိုရီးယားကားတိုင်းလိုလိုက သူများယောင်္ကျားကို ကြိုက်တာတွေချည်းပဲ ပြနေသလိုပဲ။ တချို့တွေကလဲ ကိုရီးယားကားတွေကို သဘောကျတယ်လေ၊ ၀တ်စားဆင်ရင်ပုံတွေက နိုင်ငံတကာကို မှီလာလို့တဲ့။

ကျမတို့လဲ မိန်းမတွေဆိုပေမယ့် လူသားတွေပဲ မဟုတ်ဘူးလားအစ်မရယ်။ ယောင်္ကျားတွေ အလှကြိုက်တတ်သလို၊ လှတာလေးတွေ ငယ်တာလေးတွေကို ကြိုက်တတ်သလို၊ မိန်းမတွေလဲ ကြိုက်တတ်တာပဲ။ ဒီလို အသက်ကြီးကြီး၊ အဆီပြန်နေတဲ့ ဘီယာဗိုက်တွေကို ဘယ်လိုလုပ်ခံစားလို့ရမှာလဲ။ အဖေလောက်ရှိတဲ့ ဟာကြီးတွေကို။ ယောင်္ကျားပုဇ္ဖင်း၊ မိန်းမ ပုခက်တွင်းဆိုတာ သူတို့အတွက်တော့ ဟုတ်ပေမပေါ့။ ကျမတို့အနေနဲ့က ငွေမျက်နှာကြည့်ပြီး အလိုက်အထိုက် ဆံဆက်နေတာ။ တစ်ချို့ကလဲ ဘ၀တစ်ခုအတွက် ဘယ်လောက်အိုအို အငယ်အနှောင်းအဖြစ်နေဖို့ မငြင်းပယ်သူတွေလဲ ရှိတယ်လေ။ တစ်ကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အသုံးချနေကြတာပါ အစ်မရယ်။ ဘယ်လိုလုပ်ပြီး မေတ္တာစစ်ဆိုတာ ရှိပါ့မလဲ။

ကာရာအိုကေဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေမှာဆို ညနေစောင်းတွေဆို ယောင်္ကျားတွေချည်းပဲလို့ အစ်မမြင်သလို ကျမလဲမြင်တာပေါ့ အစ်မရယ်။ အင်း မိန်းမတွေနဲ့ ကလေးတွေ ဘယ်ရောက်နေကြလဲ၊ ဟုတ်လား၊ ကျမလဲ မသိဘူး။ ကျမ အကိုဆိုင်ကို လာလာနေတဲ့ ဖောက်သယ်တွေကတော့ မိသားစု ဘ၀တွေဆိုတာ ဝေလာဝေး၊ အပြင်မှာ ပျော်ပါးနေတာ။ စီးပွားပြေလည်တဲ့ ယောင်္ကျားတွေ တစ်ခြားပျော်စရာတွေ ထွက်ရှာနေကြတာလား။ ဟင်းဟင်း အစ်မကလဲ အစ်မပြောသလို ကလေးတွေကို စာပြပေးဖို့၊ ညအိပ်ရာဝင် ပုံပြောပြဖို့ဆိုတာ ဒီမှာ တော်ရုံအိမ်ထောင်သယ် ယောင်္ကျားတွေ လုပ်တာ ကျမတော့ သိပ်မကြားဖူးဘူး။ ရှိတော့ရှိမှာပါ။ ဟို အဆိုတော့ တစ်ယောက်ရဲ့ သီချင်းထဲကလိုပေါ့၊ အိမ်ကို စောစောပြန်လာပေးပါလား အဖေရယ်လို့ အသနားခံနေတဲ့ သားငယ်တစ်ယောက်ရဲ့ ခံစားချက်မျိုးတွေ ကျမလဲ ခံစားရမိတယ်။

ရှင်... သြော်.. အဲလို ညနေခင်းတွေမှာ လက်ဘက်ရည်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေမှာ အချိန်တွေ ဖြုန်းပစ်မယ့်အစား လူတွေစုပြီး နောက်ဖေးလမ်းကြားက အမှိုက်တွေဝိုင်းကောက်သင့်တယ်ဟုတ်လား အစ်မ၊ ဟားဟား အစ်မက ရယ်စရာလဲ တော်တော်ပြောတတ်တယ်နော်။ ဒါက စည်ပင်သာယာက လုပ်ရမယ့် အလုပ်မဟုတ်ဘူးလား အစ်မရဲ့။ သြော်.. အစ်မတို့ဆီမှာ ကိုယ့်လမ်းထဲက အမှိုက်တွေ၊ သစ်ရွက်တွေကို တစ်လမ်းလုံး လူကြီး၊လူငယ်၊ အဘိုးကြီးတွေပါမကျန် တက်ညီလက်ညီ ကောက်တတ်ကြတယ် ဟုတ်လား။ ကောက်ပြီး ခြံထိပ်မှာ အိတ်တွေနဲ့ပုံထားရင် စည်ပင်သာယာက လာသိမ်းရုံပဲလား၊ သြော် အင်းအင်း၊ ဒါလဲကောင်းတာပဲ၊ ဒါပေမယ့် အစ်မရဲ့ ဒီမှာက စည်ပင်သာယာက သိမ်းဖို့တောင် ပိုက်ဆံပေးရတယ်။ ပိုက်ဆံမပေးရင် ချန်သွားတယ်ဆိုလား။ အင်း.. အစ်မပြောတာလဲ ဟုတ်သင့်သလောက် ဟုတ်မှာပါ၊ လုပ်အားတွေ အလဟသဖြစ်နေတာ။ ရှင် ..အဲ.. Human Resource ဆိုတာတော့ ကျမ မသိဘူးအစ်မ၊ လျှာတောင်လိပ်တယ်။ ကျမ နိုင်ငံရေးတွေဘာတွေလဲ စိတ်မ၀င်စားနိုင်ဘူး၊ အမေမျက်မမြင်ကြီးကို မျက်စိကုပေးဖို့ရယ်၊ မောင်တွေ ညီမတွေရဲ့ ပညာရေးရယ်၊ ၀မ်းတွေဖြည့်ရဖို့ရယ်ကို အရင်စဉ်းစားရဦးမယ်။ ပိုက်ဆံလေး နည်းနည်းပိုရင် ရွာပြန်ချင်သေးတယ်လေ။ အမေ့ကိုလွမ်းတယ်။

အခုဒီ ဂေါက်ကွင်းမှာလား၊ အဆင်ပြေတယ်ရယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ အစ်မရယ်။ တစ်လကိုလားအစ်မ၊ ရှစ်ထောင်ရတယ်။ အရင်ကတော့ စီးပွားရေးပြေလည်ကြတုန်းက ဒီထက်လူများတယ်။ လာရိုက်သူတွေက တစ်ယောက်ကို တစ်ထောင်တန်သည် နှစ်ထောင်တန်သည် မုန့်ဖိုးပေးပေးသွားတော့ တစ်လကို သောင်းဂဏန်းလောက် ကျန်တယ်ဆိုပါတော့။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းတော့ လူသိပ်မလာတော့ဘူး အစ်မ။ အဲဒီတုန်းက အလုပ်ရှင်က လိုအပ်တာသုံးဖို့ ငွေထုတ်ချေးတယ်။ နောက်တော့ လခထဲက ပြန်နှုတ်တယ်လေ။ အလုပ်က သိပ်ပြီး ပင်ပန်းတယ်ရယ်တော့ မဟုတ်ပါဘူး။ ကွင်းထဲက ဂေါက်သီးတွေကို တစ်နေ့သုံးခါ ကောက်ရတယ်။ ညဆို ကိုးနာရီမှာ နောက်ဆုံးဂေါက်ကွင်းရှင်းတယ်လေ။ သြော်... အဟင်း အစ်မကလဲ၊ ကျမက မချောပါဘူး၊ သနပ်ခါးက လိမ်းရတယ်အစ်မရဲ့၊ နေက ပူတယ်လေ၊ တနေ့သုံးခါ ဂေါက်သီးတွေ ကွင်းထဲ ဆင်းဆင်းကောက်ရတော့ နေပူတဲ့နေ့ဆို အသားတွေ မဲလာတာပေါ့။ ကွင်းဆိုတော့ လေကလဲ တိုက်တယ်။ ဒါကြောင့် ပါးကွက်ကွက်ထားတာ အစ်မရဲ့။


ကျမလား ဒီလိုပဲ ပျော်အောင်နေရတာပေါ့ အစ်မရယ်။
အိမ်ကိုလွမ်းတယ်၊ ကျမ နယ်ကိုလွမ်းတယ်။
တစ်နေ့တော့ ပြန်မယ် အစ်မရယ်...
တစ်နေ့ပေါ့..။







COMMENTS FROM ACM.COM

1. မလေး မြန်မာပြည် ပြန်ရောက်နေတယ် ထင်တယ်။ ပုံရိပ်လဲ လင့်ခ် မှားပြီး ခုတလောမှ ပြန်လာလည်ဖြစ်တယ်။ တကယ် တွေ့ကြုံနေရတဲ့ ဇာတ်လမ်းတွေ ထင်ရဲ့။
Comment by ပုံရိပ် — November 30, 2008 @ 9:36 am |

2. Golf kwin mar lote taw, A Lote Ta Ma 1 yout har, D Lote Hti Tway call nai ma lar, so tar sin sarr sa yar phit par tal…..Sar yay thu ye sar pay koont myuu mu tway so tar thi tar nai par tal, Kg par tal but Lat tway kya kya mar, D lote twayy taw nai thu 1 yout har , Golf kwin mar win lote pho so tar, sin sarr sa yar nae nae phit par tal, ( Shi kg shi nai par tal ). A chay kam kya kya life 1 ku ko, pone phaw mal so yin, thu level lay nae thu shi yin po pe kg ma larr lot sin sarr mi lot par. ( sar phat thu 1 yout A nay nae dar win yout sway nway chin phit par tal )
Comment by Anonymous — November 30, 2008 @ 1:02 pm |

3. ပုံရိပ်..
မတွေ့တာ အရမ်းကြာနေသလိုပဲ…။ မလေးလဲ ပုံရိပ်ဆီ သိပ်မရောက်ဖြစ်ဖူး။ လာခဲ့ဦးမယ်နော်..
Anonymous
အခုလို ကျမစာကို အချိန်ပေးဖတ်တာကော၊ အပြုသဘောနဲ့ ထောက်ပြတာကိုကော ကျေးဇူးတင်ပါတယ်။ Anonymous ပြောတဲ့အတိုင်းပဲ အဲဒီမိန်းကလေးရဲ့ အာဘော်တွေကော၊ ကျမရဲ့ အာဘော်တွေကော၊ ကျမ ပြောချင်တာတွေကော၊ စကားပြောတွေ၊ ခံစားချက်တွေကတော့ တကယ့် ခံစားချက်တွေနဲ့ စကားပြောတွေပါ..။ အဲဒီထဲမှာ ဇတ်ကောက်တွေက၊ ဂေါက်ကွင်းမန်နေဂျာ၊ အလုပ်သမားတွေ၊ စတဲ့ တော်တော်များများရဲ့ အာဘော်တွေ များသွားတဲ့ ရလဒ်ပဲ။ ကျမ ဒီထက်ပိုကြိုးစားရဦးမှာပါ။ ကျေးဇူးတင်ပါတယ်ရှင် ခုလိုစေတနာနဲ့ ထောက်ပြတာ။
စာဖတ်သူများကို လေးစားလျှက်..
Comment by မလေး — November 30, 2008 @ 4:45 pm |

4. Ma Lay,
Are you still in Burma? When are you coming back here? We are reading your post everyday.
Ain Shin Ma
Comment by lynda — December 1, 2008 @ 10:38 am |

5. အိမ်ရှင်မလေးရေ…
မလေး ပြန်ရောက်နေပါပြီ။ လူက ပြန်ရောက်နေပြီ။ စိတ်ကတော့ ပြန်မရောက်သေးဘူးး)))
မလေး
Comment by မလေး — December 1, 2008 @ 1:06 pm |

6. မအိမ့်စာတွေ လာဖတ်နေမှန်း ဘယ်လိုသိ။
Comment by s0wha1 — December 3, 2008 @ 8:05 am |



Wednesday, November 19, 2008

ဆက်စပ်မှုမဲ့ခြင်းများ

တစ်ကယ်တော့....

ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ ...

မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်...
ဒါမှမဟုတ်...
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..

ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်...

ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ ...

လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့...
ကိုယ်...
တရားတွေရနေမိတယ်..။

ဒီလိုနဲ့ ...
ကိုယ်တို့တွေဟာ...
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။

ကျမနဲ့ မသက်ဆိုင်တော့သော ဆိုက်ဒ်များ

ကျမမြန်မာပြည် ခဏပဲပြန်ရပါသေးတယ်.. ကျမရဲ့ lyricswithoutmelody.net ဆိုက်ဒ်ကို ကြည့်လိုက်တော့ ဟက် လုပ်ထားခံရတာတွေ့လိုက်ရတယ်…။ ကျမ အတွက်တော့ ဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆိုက်ဒ်တွေ သုံးလေးခုကို အပျော်လုပ်ထားတဲ့ ကျမ၊ သွားကြည့်စရာ ဆိုက်ဒ်တစ်ခု လျော့သွားတော့ အလုပ်သက်သာတယ်လို့ ယူဆမိလို့ပါပဲ။ နဂိုထဲကလဲ ကျမရဲ့ ဒီဆိုက်ဒ်မှာ တစ်ပတ်ကို ပိုစ်တစ်ခု မနည်းတင်နေရသူမို့ အခုလို လုပ်လိုက်သူ(များ)ကို ကျေးဇူးတင်တယ်လို့ပဲ ဆိုပါရစေ။ အဲဒီဆိုက်ဒ်နဲ့ ကျမ သက်ဆိုင်ပေမယ့် မပိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဆိုက်ဒ်ကို ဆောက်ပေးသူဟာ ကျမ ကို ပါစ်ဝါဒ်တို့၊ ပိုစ်တင်ခွင့်တို့ ပေးမထားလို့ပါပဲ။

ဝမ်းနည်းတာ တစ်ခုကတော့ ဆိုက်ဒ်ကို ဆောက်ပေးထား သူအတွက်ပါပဲ။ သူ့ခမျာ အခက်အခဲတွေကြားက ကျမ အနုပညာတွေကို မြတ်နိုးစိတ်တစ်ခုတည်းနဲ့ ဆောက်ပေးသွားသူပါ။ သူဟာ ဖြူစင်တဲ့ ရည်မှန်းချက်တစ်ခုနဲ့ လူတော်တော်များများကောင်းဖို့ ရည်ရွယ်လုပ်ကိုင်ရင်း ဒီလောကကြီးမှာ ရှိချင်လဲ ရှိမယ်၊ မရှိချင်လဲ မရှိတော့ဘူး။ အခုလို ဟက် လုပ်လိုက်သူတွေရဲ့ ရဲဘော်ရဲဘက်တောင် ဖြစ်နိုင်ပါတယ်။ သူအချိန်တွေ အများကြီးပေးပြီး ဆောက်ထားပေးခဲ့တဲ့အတွက် သူ့လုပ်အားတွေနဲ့ အချိန်တွေ၊ ခံစားချက်တွေအတွက်တော့ စိတ်မကောင်းပါဘူးရှင်။

တလက်စတည်းနဲ့ အားလုံးကို အသိပေးချင်ပါတယ်။ www.ainchannmyay.blogspot.com ရယ် www.lyricswithoutmelody.net ရယ် တွေနဲ့ ကျမ အိမ်ချမ်းမြေ့ဟာ ဘာမှ ပတ်သက်ခြင်း မရှိကြောင်း အားလုံးကို အသိပေးလိုပါတယ်.. www.lyricswithoutmelody.blogspot.com မှာလဲ ဘာမှ တင်ဖြစ်ဦးမှာ မဟုတ်ပါဘူးလို့ ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ secondary email ကို ပြန်ရလိုက်လို့ အရမ်းဝမ်းသာနေပါတယ်ရှင်

အွန်လိုင်းမှာတွေ့နေကြ သူငယ်ချင်းများအားလုံးကို လဲ သတိရပါတယ်။ ခုလောလောဆယ်တော့ အွန်လိုင်းတက်ဖြစ်ဦးမှာမဟုတ်ပါဘူး။

Wednesday, October 22, 2008

ညည်းချင်း

လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

*********************
အလှအပနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဈေးဝယ်ထွက်ရတာကို နှစ်သက်တဲ့ မိန်းမတွေထဲမှာ မပါသော မိန်းမတစ်ယောက်ဟာ လူထူးဆန်းတစ်ယောက်သာဆိုရင် ကျွန်မဟာ လူထူးဆန်းတစ်ယောက်ပဲ ဖြစ်လိမ့်မည် ထင်ပါသည်။ မရှိမဖြစ်လိုအပ်နေမှုထက် လိုချင်သော စိတ်ဆန္ဒတွေကို ဖြည့်စည်းပေးရန်၊ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးသော ဆိုင်တန်းတွေရှိရာ shopping mall တွေဟာ ကျွန်မအတွက်တော့ မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေများကို စုတ်ယူငင်ထားသော နေရာတစ်ခုပဲဖြစ်ပါသည်။

ကျွန်မ လိုအပ်တဲ့ ပစ္စည်းတစ်ခုကို ၀ယ်မယ်ဆိုလျှင် ဈေးထိပ်က မြေပုံမှာ အဲဒီပစ္စည်းရနိုင်မည့် ဆိုင်၏ မြေပုံကို အရင်သွားကြည့်သည်။ ပြီးတော့ ဆိုင်ရှိရာကို တန်းတန်းမတ်မတ်သွားသည်။ ဆိုင်ထဲဝင်သည်၊ နည်းနည်းပါးပါး လေ့လာပြီး ကြိုက်သည်၊ ဈေးသင့်တော်သည်ဆိုလျှင် ၀ယ်လိုက်တတ်သောသူပါရှင်။

အထူးသဖြင့် စတိုးဆိုင်ကြီးတွေဖြစ်တဲ့ The Bay တို့ Sears တို့အထဲကို ၀င်ရမည်ဆိုလျှင်၊ စတိုးဆိုင်ထိပ်က ရေမွှေးကောင်တာကို ဖြတ်ရမည်ဆိုလျှင် အလိုလိုနေရင်း ဇက်ကြောက တက်လာပါပြီ။ ယခုလဲ The Bay ဆိုင်ထဲကို ၀င်ရတော့မည် ဆိုသည်နှင့် ခပ်လှမ်းလှမ်းကတည်းက အသက်ကို အောင့်ထားလိုက်သည်၊ ပြီးတော့ ရေမွှေးကောင်တာရှေ့က အသက်အောင့်ထားရင်း မြန်မြန်ဖြတ်ပြီး အ၀တ်အစားတွေရှိသော တန်းဘက်ကိုရောက်တော့မှ အသက်ကို ၀၀ရှုလိုက်သည်။ အ၀တ်စားတန်းမှာ အကျီ တွေက ဆောင်းကူးရာသီမှာ ၀တ်ဖို့ အ၀တ်အစားတွေမို့ ထူထူထဲထဲတွေ။ နွေရာသီဝတ်ပေါ့ပေါ့ ပါးပါးလေးတွေကိုတော့ ရာသီကုန်ပြီမို့ အကုန်သိမ်းဆည်းသွားကြပြီ။

“ဟင်း..
ကပ်ပြီးမှ လုပ်တာကိုး ကိုယ့်အပြစ်နဲ့ကိုယ်ပဲ...”


ခပ်တိုးတိုးပြောပြီး ဂါဝန်လှလှလေးတွေတန်းဘက်ကို သွားလိုက်သည်။
ဟယ် … ဒီဂါဝန်လေးက လှတယ်၊ အိနြေ္ဒ လဲရတယ်၊ မြန်မာပြည်မင်္ဂလာဆောင် နဲ့လဲ သင့်တော်မယ်ထင်တယ်။ အရောင်လေးလဲ မဆိုးဘူး၊ ဒီတစ်ဆိုင်လုံးကတော့ Made in Canada ဆိုတော့ ဈေးနည်းနည်းပိုကြီးနိုင်ပေမယ့် သင့်တော်ရင်တော့ ဒါလေးပဲ ၀ယ်သွားတော့မယ်။

စိတ်ကပြောပြီး ဈေးနှုန်းကဒ်လေးကို ကိုင်ကြည့်လိုက်သည်။

ဟင်.. ဘုရားဘုရား.. ဒေါ်လာ လေးရာ၊ ဒါတောင် ဒီဇိုင်းအင်ကနေဒါ၊ မိတ်ဒ်အင် ချိုင်းနား။
ဘုရားတပြီး ပြန်ချလိုက်တယ်။

ကြိုက်လို့ကိုင်ကြည့်လိုက်သည့် ဂါဝန်တိုင်းက ဒေါ်လာ နှစ်ရာကျော်တွေချည်း။ ကိုယ်တတ်နိုင်တာကျတော့လဲ ပုံစံမကြိုက်၊ အရောင်က မကြိုက်။
ဒီတစ်ထည်ကလဲ တိုနန့်နေတာပဲ၊ ပွဲထိုင်တွေမှာ ဒူးဆစ်ပေါ်နေခြင်းဟာ အထက်တန်းလွှာမဟုတ်ဘူးလို့ ဘယ်သူတွေ စည်းမျဉ်းချလိုက်ပါသလဲ။ နိုင်ငံတစ်ကာ အစည်းအဝေးတက်တာလဲမဟုတ်ဘူး။ ဒီဟာကလဲ အရောင်တွေ လက်နေလိုက်တာ၊ ဒါသာဝတ်သွားလိုက်လို့ကတော့ ခရစ်စမတ် လက်ဆောင်ထုတ်ကြီးရွေ့လာတယ် ထင်နေဦးမယ်။ ဒါလေးကလဲ ကြိုးလေးက တစ်ချောင်းထဲ၊ အသက်အရွယ်နဲ့ ဘယ်လိုမှ မလိုက်ဘူး။ ဟယ်.. ဒါလေးလှလိုက်တာ လုံလုံခြုံခြုံနဲ့ အနက်ရောင်လေး၊ လက်နေတာလေးတွေကလဲ စိန်ပွင့်လေးတွေ မသိမသာလက်နေသလိုလို၊ ဈေးကလဲ အတော်ပဲ၊

လက်ကိုင်အိတ်ထဲက ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ ပြီးတော့ နံပါတ်တစ်ခုကို လှည့်လိုက်သည်။

“မေ… ”

“ပြော.. သမီး”

“မေ.. မြန်မာပြည် မင်္ဂလာဆောင်တွေမှာ အနက်ဝတ်လို့ရလား”

“ဟယ်.. မရဘူးနော်။ သူတို့က ပန်းရောင်တို့ အ၀ါတို့ ၀တ်တာ..၊ အနက်မလုပ်နဲ့..”

“ဟုတ်.. ဟုတ်.. ဒင်နာကော မရဘူးလား.. ဘာဝတ်ရမလဲ ခုထိမသိဘူး”

“သမီးကဘာဝတ်ဝတ်လှမှာပါ… အနက်တော့မလုပ်နဲ့”

မေ နဲ့ပြောရင်း တဖြည်းဖြည်း တစ်ခြား အ၀တ်အစားတန်းတွေဘက်ရောက်သွားသည်၊ ဟိုဟာလေးကိုင်ကြည့်၊ ဒါလေးကိုင်ကြည့်၊ စကားကတစ်ပြောပြောနဲ့ ဖိနပ်လေးတွေ ကိုင်ကြည့်လိုက်၊ ပိုက်ဆံအိပ်ကိုင်ကြည့်လိုက်နဲ့ ဘယ်တွေရောက်ကုန်မှန်းမသိလို့ ကိုယ်ဘာလာဝယ်လဲ ကိုယ်မေ့သွားလို့ ငါဘာလာဝယ်တာပါလိမ့်လို့ ကိုယ့်ကိုကိုယ်စိတ်ထဲက ပြန်မေးရသေးသည်။

“အဖြူကော.. သတို့သမီးနဲ့ မှားနေဦးမယ်ထင်တယ်နော်..”

“အဖြူတော့ မကောင်းဘူးသမီး၊ အ၀ါလေးတို့ ဘာတို့ဝတ်ပါလား”

“အဲဒီအရောင်တွေ တစ်ခှု မကြိုက်ဘူး၊ တောက်တောက်ကြီးတွေ၊ စိတ်ညစ်လိုက်တာ၊ မူးနေပြီလူက..”

“စောစောကမှ ကြိုမလုပ်တာ”

မေနဲ့ စကားပြောရင်း ၀တ်ထားရတဲ့ ကုတ်အကျီ င်္အနက်ကြီးကလေးလာသလိုလို၊ ပူလောင်ပြီး အိုက်လာသလိုလို၊ ပိုက်ဆံအိတ်ကို လွယ်ထားတဲ့ ပခုံးက အောင့်လာသလိုလို၊ ဒေါက်မြင့်က နာလာသလိုလို၊ တော်တော်လေးကို ကသိကအောင့်နှင့် ဈေးဝယ်ရတဲ့ ဒုက္ခကို ခံစားနေရသည်။ ရူထားတဲ့ ရေမွှေးနံ့တွေက နှာခေါင်းထဲက မထွက်လို့ မူးမော်ချင်သလိုလိုဖြစ်နေသေးသည်။ ဒီလောက် ပင်ပန်းမောပန်းစရာကောင်းသော အလှပြင်ပစ္စည်းဈေးဝယ်ထွက်ခြင်း ဒုက္ခကို မိန်းမတွေ ဘာဖြစ်လို့ ခုံမင်နှစ်သက်တာလဲ မသိဘူးဟု စဉ်းစားနေမိသည်။

“ဟိုရောက်မှ အမ တစ်ယောက်ယောက် အကျီ င်္ထမီ ထုံးစံအတိုင်းယူဝတ်ရတော့မယ်ထင်တယ်”

“ခါးပတ်ပါယူသွားဦး လိုလိုမယ်မယ်..”

“အဟွန်း မေ ကလဲ၊ လုပ်တော့မယ်”

“သြော်.. သမီးရဲ့ ချိတ်ကော”

“ဟို နတ်ကတော်စိမ်းချိတ်လား၊ တစ်ထည်တည်းသော ချိတ်လား မေ..”

“အေး”

“ပျက်ပြီ”

“ဟင်.. ထမီပျက်ရတယ်ရှိသေးလား”

“ဟုတ်.. ရှိတယ်။ ဟိုတစ်ပါတ်က ဟိုမင်္ဂလာဆောင်မှာ ဒေါက်မြင့်နဲ့ညိပြီး ကြိုးတွေထွက်လာလို့ ပျက်ပြီ။ ဂါဝန်ကြီးလို့ ဖြစ်သွားတာ.. ချိတ်ကြိုးတွေ အကုန်ထွက်လာတယ်၊ ပြောရင်းနဲ့ အသည်းတောင်ယားလာတယ်”

“တစ်ခါမှ မကြားဖူးဘူး”

“ဟုတ်.. တကယ်မရှိတော့ဘူး။ ဘာဝတ်ရမှန်းမသိဘူး၊ စိတ်ညစ်တယ်.. ဒါဆိုဒါပဲလေ မေ… ချလိုက်ပြီ”

ဖုန်းကိုပိတ်ပြီး စတိုးဆိုင်ထဲက လေးလေးပင်ပင်ထွက်ချလာသည်။ လူတွေကိုလဲ ရှောင်ရသေးသည်။ ဒါတောင် ကနေဒါ၊ အခြားသော လူများသော တိုင်းပြည်တွေနဲ့ ယှဉ်လျှင် တိတ်ဆိတ်ခြောက်ကပ်သောနိုင်ငံ။ တမင်လဲ လူနည်းသောကြားရက်ကို ခွင့်တင်ပြီး ဈေးဝယ်ထွက်လာတာတောင် လူက မွန်းကျပ်လာသည်။ လူတွေကို ရှောင်ရင်း စီးထားသည့် ဒေါက်ဖိနပ်ကို ချွတ်ပြီး နီးရာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်စိတ်ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ၀တ်ထားသော ကုတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ဒေါက်ဖိနပ်တွေကို အကုန်ချွတ်ပစ်ပြီး ရေကန်တစ်ခုခုထဲ ဒိုင်ပင်ထိုးချချင်စိတ်ဖြစ်နေသည်။ လူတွေဟာအပေါ်ယံ ပစ္စည်းတွေ အောက်မှာ လေးပင်မောပန်းလှပါလားဟု တွေးလိုက်မိသည်။

သွားရင်းသွားရင်း ကျောက်ပြားခင်းစင်္ကြဘေးက ဆိုင်သေးလေးတစ်ခုကို လှမ်းတွေ့လိုက်သည်။ ရောင်စုံပုဝါ လက်လက်ကလေးတွေ ချိတ်ထားတာတွေ့တော့ ပုဝါလေးနဲ့ ဆံထုံးလေးနှင့် ငါတော်တော်လေး ယဉ်မှာပဲဟု ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ကိုယ့်ကိုကိုယ်စိတ်ကူးယဉ်ပြီး ၀င်သွားလိုက်သည်။ ဆိုင်က အရှေ့အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုနစ်ခုကို ရောပြီး ပစ္စည်းတင်ထားသည်။ သီချင်းကလဲ ယဉ်ကျေးမှုနှစ်ခု ရောယှက်ထားပုံရသည်။ remix ပေမယ့် မြူးကြွငြိမ့်ငြောင်းနေသည်။ ပုဝါတွေကို မကြည့်ဖြစ်ဘဲ
ကိုယ်ကြိုက်တဲ့ အသည်းကွဲရောင် အကျီ င်္လေးတစ်ထည် ကို ချိတ်ထားသော ထောင့်လေးတစ်ထောင့်ကို ရောက်သွားသည်။ အကျီ င်္ရှိနေတဲ့ နေရာလေးကလဲ မျက်နှာကျက်က ငြိမ့်ငြောင်းသီချင်းလာနေတဲ့ စပီကာအောက်မှာ၊ အကျီ င်္လေးကို ကိုင်ကြည့်ရင်း ဆဲလ်ဖုန်းကို ထုတ်လိုက်မိပြန်သည်။

“ဟလို”

“ဟလို”

“ဟလို.. ပြော.. ခု ဘယ်မှာလဲ”

“ဘာဝတ်ရမှန်းခုထိ မသိသေးလို့”

“ဒီလောက်ကပ်နေပြီ”

“အသည်းကွဲရောင်ကောင်းမယ်ထင်လား”

“အသည်းကွဲရောင်ဆိုတာ ဘယ်လိုမျိုးလဲ”

“အင်.. အသည်းကွဲရောင်လေ…”

“အင်း ကောင်းမှာပေါ့။ ဘာသီချင်းကြီးလဲ ခုဘယ်ဆိုင်မှာလဲ”

“အရှေ့အလယ်ပိုင်းနဲ့ အရှေ့အိန္ဒိယ နှစ်ခုရောထားတဲ့ ဆိုင်... သီချင်းလေးကောင်းတယ်နော်..”

“လုပ်ပြန်ပြီကွာ.. ဆာရီတော့ ၀ယ်မလာနဲ့ဦး”

“ဟင်.. ဒါပေမယ့် မြန်မာပြည်က ဒီဇိုင်းမျိုးတွေအများကြီးပဲ”

“ကြည့်လုပ်ဦး”

“အင်း အရောင်တွေကတော့ တောက်တယ်၊ တစ်သက်လုံး အနက်တွေ အညိုတွေဝတ်ရတာများတော့ ဘာပုံထွက်လာမလဲမသိဘူး”

“ကိုယ်တစ်ယောက်ထဲ တောက်တာမှ မဟုတ်တာ.. ဟိုမှာတော့ ပူမယ်နော်.. ကဲ ကိုယ်သွားရမယ်”

“အင်း.. ဘိုင်”

“ဘိုင်”

ဖုန်းကို ကုတ်အကျီ င်္အိတ်ထဲ ထည့်လိုက်သည်။ ဆိုင်လေးထဲမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ရှိမနေ၊ ဆိုင်တွင်းမှာ အာဖရိကန်ဗုံသံနောက်ခံနှင့် သီချင်းလေးတွေက ငြိမ့်ငြောင်းနေသည်။ ကောင်တာနောက်က လူကလဲ စာအုပ်တစ်အုပ်ဖတ်ပြီး ငိုက်မြည်းနေသည်။ လက်ထဲမှာ ဇာအနားကွပ်လေးတွေနဲ့
အကျီ င်္လေး သုံးထည်ကို ကိုင်ပြီး ထိုဆိုင်လေးထဲမှာ တော်တော်ကြာကြာ အချိန်ဖြုန်းနေလိုက်သည်။
ခုနက ခံစားခဲ့ရသော မြို့ပြအစိတ်အပိုင်းတစ်ခု၏ အပူဒဏ်၊ ရေမွှေးနံ့၊ လူနံ့တွေနှင့် လေးပင်မှုတွေကတော့ တဒင်္ဂပျောက်ကွယ်နေပါတော့သည်။

Comments from acm.com

1. ဟူးးး…မော်လိုက်တာ အစ်မက ဈေးဝယ်ထွက်တာမကြိုက်ဘူးလို့  တက်စ်ပို့ စ်တစ်ခုမှာတည်းကဖတ်ဖူးတာ အခုတော့ တကယ်ယုံသွားပြီးး မင်္ဂလာသွားဆောင်ဖို့ လားလို့  ဟိဟိ မင်္ဂလာဆောင် သွားတာကိုးး ဘယ်သူနဲ့ လဲ မြန်မာပြည်ရောက်မှ ချိတ်တွေဝတ်ပေါ့ ကျနော်ပြောဖူးသား အစ်မက ချိတ်ဝမ်းဆက်လေး စထုန်းလေးနဲ့ ဆို အရမ်းလှမှာလို့  ဟဲဟဲ မြှောက်တာ ပြန်လာရင် မုန့် ဝယ်ခဲ့ ။ စားချင်တဲ့ လက်ဖက်ရည်နဲ့  နံပြား အားလုံးစားခဲ့နော့် ပျော်ပါစေ မွေးရပ်ပြန်ခရီးမှာ ။
Comment by မောင်မျိုး — October 23, 2008 @ 2:17 am |

2. Ma Lay,
When are you going back to Burma? I had a same problems like you do when it comes to shopping for some occasions. Stress out and have fun at the same time so I know what you are talking about. Peace out…
Ain Shin Ma
Comment by lynda — October 23, 2008 @ 8:47 am

3. မလေး..
မြန်မာပြည် ပြန်မလို့လားဟင်။ ပျော်ရွှင်ပါစေနော် အစ်မ။ အပြန်ကျရင် မုန့်ဝယ်ခဲ့နော်။ ဘယ်လောက်ကြာမှာလဲဟင်။ လွမ်းနေရတော့မယ်။ ပန်းသီးငါးပိချက်လည်း အခုထိ ချက်မကျွေးသေးဘူး။
Comment by ချစ်စု — October 24, 2008 @ 5:37 am |

4. ပြက္ခဒိန်က အမည်းရောင် ရက်စွဲလေးတွေရဲ့ ထူးခြားချက်ကို ရှာဖွေကြည့်မိသေးတယ်၊ ဒီတစ်ခါတော့ စဉ်းစားမိတဲ့ အတွေးက တစ်ခါတည်းနဲ့ မှန်သွားတယ်နဲ့ တူတယ်၊ မလေး ပို့စ်တင်တဲ့ ရက်စွဲလေးတွေရယ်လားလို့။
မလေး မြန်မာပြည် ပြန်လာတဲ့အခါပဲဖြစ်ဖြစ် မဆုံချင်ပါဘူး၊ သံယောဇဉ်တွေ တိုးမှာစိုးလို့။ တွေ့ ဆုံ ကြုံ ကွဲ တဲ့။ အဲဒီတော့ မတွေ့ဆုံခဲ့ရင် ကွဲစရာလည်း မလိုတော့ဘူးပေါ့နော်။
အမှတ်တရ လေးတွေကို အခါခါ ထပ်ဖတ်သွားတယ်။ ဒီနေရာမှာ သာနေတဲ့ လ၊ ပြာနေတဲ့ ရေ၊ စိုပြည်တဲ့ ဆောင်း… လွမ်းနေမိသေးတယ်။
Comment by ayechanthu — October 25, 2008 @ 4:40 am |

5. Have a nice trip, Ma Lay…
ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့၊ ပြီးရင် ဘလော့ဂ် မှာတင်ပေး.
Comment by Yan — October 25, 2008 @ 5:10 am |


Sunday, October 19, 2008

ဆူး


ကျုပ်...
အိပ်မရဘူး။
ရူးမတတ်ပဲ
ဆူးတွေနဲ့ လွမ်းတယ်။

Saturday, October 18, 2008

သံလွင်အိပ်မက် အတွဲ၂၊ အမှတ်၃

သီတင်းကျွတ်လရဲ့ လှပဝေဆာတဲ့ ဆီမီးတွေနဲ့ အတူ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၂) အမှတ်(၃) ထွက်လာပါပြီ။

ကျွန်မရဲ့ ခွင် ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုလေးတစ်ပုဒ်နဲ့..
နီနာ (ခေါ်) ရွေ့လျားနေတဲ့ပြတိုက် ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ သံလွင်မှ ဖော်ပြပေးထားပါတယ်ရှင်။

စိတ်ကိုအနိုင်ကျင့်သူများ

ကျွန်မ စိတ်ထဲမှာ ဒီနေ့ တော်တော်လေး ကသိကအောင့်ဖြစ်သွားပါတယ်။ အဖြစ်ကတော့ ဧည့်ကြိုရုံးဝန်ထမ်းနဲ့ သယ်ယူပို့ဆောင်ရေးငှာနက၀န်ထမ်းနှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ ကိစ္စလေးပါ။ ဧည့်ကြိုရုံးဝန်ထမ်းမိန်းကလေးက အသက်သုံးဆယ်လောက်၊ သယ်ယူပို့ဆောင်ရေးငှာနက ကောင်လေးက ရှိလှမှ တဆယ့်ရှစ်နှစ်၊ sexual harassment လို့ အမည်တပ်ပြီး အလုပ်ထုတ်ခံလိုက်ရတာက မိန်းကလေးပါ။ မိန်းကလေးက ကောင်လေးကို နောက်ကနေပြီး ဂျင်းပင်အောက်ကပေါ်နေတဲ့ အောက်ခံဘောင်းဘီကို သွားသွားဆွဲပြီး စတဲ့ ကိစ္စပါပဲ။ ဒီခေတ် ယောင်္ကျားလေးတွေကလဲ တမင် အောက်ခံဘောင်းဘီကို ပေါ်အောင် ၀တ်တတ်ကြတယ်ထင်ပါတယ်။ မိန်းကလေးကလဲ သူ့မောင်အရွယ်လေးဆိုတော့ စ တယ်နဲ့တူပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ကောင်လေးက ကျွန်မနဲ့ ခင်ပါတယ်။ မထင်မရှားတီးဝိုင်းလေးတစ်ခုက လိဒ်သမားလေး တစ်ဦးပါ၊ တော်တော်လဲ အေးပါတယ်။ သူ့ကို ဟိုမိန်းကလေး အဲလို စရင် သူ စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ကျွန်မ ကိုပြောနေတာတော့ကြာပါပြီ။

မိန်းကလေးကလဲ ပြင်သစ်မလေးဆိုတော့ ပြင်သစ်မလေးတွေရဲ့ ပုံစံအတိုင်း လွတ်လပ်ပေါ့ပါး၊ စလိုက်နောက်လိုက် နေတတ်ပါတယ်။ မြန်မာမျက်စိမှာတော့ တော်တော်လေးတော့ မျက်စိနောက်စရာပေါ့နော်။ ဒါပေမယ့်လဲ အချို့ယဉ်ကျေးမှုတွေမှာ ဒါဟာ ခေတ်ရှေ့ပြေးတယ် outgoing ဖြစ်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာတွေလဲရှိပါတယ်။
နောက်ဆုံးတော့ ဘာဖြစ်ကြတယ်မသိဘူး၊ မိန်းကလေး အလုပ်ဖြုတ်ခံထိလိုက်ပါတယ်။ ရုံးတွေမှာ မလိုအပ်ပဲ စတာတွေ၊ နောက်တာတွေက သိပ်လွန်လာရင် အလုပ်တွေကို ထိခိုက်နိုင်တယ်။


ဒီနေ့ တစ်ယောက်သောသူကလဲ တိုက်တိုက်ဆိုင်ဆိုင် စိတ်ဝင်စားစရာ ဆောင်းပါးလေး တစ်ပုဒ် အီးမေးလ်ကို ပို့ပေးလာတော့ ဖတ်ပြီး စာဖတ်သူများနဲ့ ဝေမျှလိုစိတ်ဖြစ်လာပါတယ်။ အများကတော့ သိပြီးသားတွေပါပဲ။

ကနေဒါနိုင်ငံမှာ Sexual harassment နဲ့ racial discrimination ကို ထိထိရောက်ရောက် အရေးယူပေမယ့်၊ အရေးယူရခက်တဲ့ bullying (စိတ်ကိုနှောက်ယှက် အနိုင်ကျင့်) တာက ပိုပြီး လုပ်ငန်းခွင်တွေမှာ များပြားပါတယ်။ bully လုပ်သူ ၈၀% ဟာ အထက်အရာရှိတွေဖြစ်ပြီး၊ လူနည်းစုဟာ လုပ်ဖော်ကိုင်ဘက်အချင်းချင်းဖြစ်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် တစ်ယောက်ထဲ နေတတ်သူတွေနဲ့ အားနည်းတဲ့သူတွေဟာ bully လုပ်တာခံရတာများပေမယ့် လုပ်ငန်းခွင်တွေမှာကတော့ အလုပ်ကြိုးစားတဲ့သူတို့ လူချစ်လူခင်ပေါတဲ့သူတို့ဟာ အနိုင်ကျင့်ခံရတတ်သူတွေ ဖြစ်နေတတ်တယ်။ အနိုင်ကျင့်တဲ့သူတွေဟာ ဘယ်လိုလူတွေကို ရွေးအနိုင်ကျင့်လဲဆိုရင် အားလုံးနဲ့ လိုက်လျောညီထွေ နေတဲ့သူတို့၊ ပြန်ပြီးဖြေရှင်းချက်တွေနဲ့ ရန်ပြန်မဖြစ်တဲ့ သူတွေကို ရွေးပြီး အနိုင်ကျင့်တတ်တဲ့ သဘောတွေရှိတယ်လို့လဲဆိုပါတယ်။

အနိုင်ကျင့်သူများ၏ အကျင့်စရိုက်များ
အနိုင်ကျင့်တဲ့ bully တွေဟာ ဘယ်လိုလူတွေလဲဆိုရင် စာနာစိတ်မရှိသူ၊ social skills နည်းသူ၊ ကိုယ့်ကိုကိုယ် မလုံမခြုံဖြစ်နေသူ၊ ယုံကြည်မှု နည်းသူတွေပဲဖြစ်ပါတယ်။ သူတို့ ပစ်မှတ်ကိုတွေ့ပြီဆိုရင် တရားမမျှတစွာ ဝေဖန်ပစ်တင်မယ်၊ လူတွေအများရှေ့မှာ အရှက်ခွဲမယ်၊ ဒါမှမဟုတ် အုပ်စုထဲမှ ကျဉ်ထားတဲ့ သဘောတွေလုပ်တတ်ပါတယ်။

အထက်အရာရှိတွေမှာ အဲလိုနိမ့်ကျတဲ့ စိတ်ရှိပြီဆိုရင်တော့ လက်အောက်ငယ်သားတွေကို မတန်တဆအလုပ်တွေခိုင်းမယ်၊ မပြီးပြီးအောင် အတင်းတွန်းမယ်၊ လုပ်ပိုင်ခွင့်တွေကို လျော့ချပြီး အလုပ်တွေပိုပိအောင် ဥာဏ်ဆင်မယ်လို့ ဆိုပါတယ်။

အနိုင်ကျင့်သူများ၏ ဒုက္ခများ
သူတို့တွေဟာ လုပ်ငန်းခွင်ရဲ့ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို မိမိကိုယ်ကို ကာကွယ်နေရတာရယ်၊ မိမိဘက်ကို ပါလာမယ့်လူတွေကို လူစုနေရတာရယ်နဲ့ အချိန်ကုန်နေပြီး၊ တစ်ကယ့်အလုပ်မလုပ်နိုင်တော့အောင် စိတ်တွေကျပ်နေတာတွေဖြစ်လို့ ခဏခဏလဲ ရုံးပျက်တတ်တယ်လို့ ဆိုပါတယ်။

အဲလိုလူမျိုးတွေဟာ ပတ်ဝန်းကျင်ကို အဆိပ်တွေပျံ့နှံ့စေတဲ့ သူတွေလို့ဆိုပါတယ်။ ဒေါသ၊ ကြောက်ရွံ့ခြင်း၊ စိတ်ကျစေခြင်းတို့ကို ပတ်ဝန်းကျင်မှာ ပျံ့နှံ့စေတဲ့ လူတွေပဲဖြစ်ပါတယ်။ အနိုင်ကျင့်ခံရတဲ့ သူတွေခမျာလဲ စိတ်ကျတာ၊ အိမ်ထောင်ရေးအဆင်မပြေတာ၊ အပေါင်းသင်းမိတ်ဆွေတွေပျက်တာတွေ ဖြစ်လာပါတယ်။

အဲလို ဖြစ်လာရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတစ်ခုလုံးဟာလဲ ထိခိုက်နစ်နာပါတယ်။ health care system တစ်ခုလုံးလဲ ထိခိုက်နစ်နာပါတယ်။ ကျွန်မ ရေးဖူးတဲ့ ချစ်သူ့လွယ်အိတ် ထဲကလိုပဲ၊ society တစ်ခုလုံးက web ကြီးတစ်ခု မို့လို့ တစ်ယောက်နစ်နာရင် အကုန်နစ်နာကြတာပါပဲ။ နောက်ဆုံး ဒီဒုက္ခဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာတာပါပဲ။

ဒီလို အလုပ်တွေမှာ အချင်းချင်း အနိုင်ကျင့်တဲ့သူတွေကြောင့် ကုမဏီတွေဟာ လူတော်၊ လူကောင်းတွေကို ဆုံးရှုံးကြရတာ မနည်းပါဘူး။ အနိုင်ကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူတဲ့ လုပ်ငန်းခွင်တွေဟာ အနိုင်ကျင့်သူတွေကို အရေးမယူတဲ့ ကုမဏီတွေထက် ၃၀% ကနေ ၄၀% ထိ ပိုပြီးအောင်မြင်တယ်လို့ ဆိုပါတယ်။


ရုံးတွေမှာ အဲလို အနိုင်ကျင့်လာပြီဆိုရင် ရက်၊ အချိန်၊ အဖြစ်အပျက်တွေကို သေသေချာချာ ရေးမှတ်ထားတာမျိုး၊ တနည်းနည်းနဲ့ မှတ်တမ်းတင်ထားတာမျိုး လုပ်ခိုင်းပါတယ်။ ဖြေရှင်းပေးမယ့် သူ (သို့) အုပ်စုဟာလဲ အနိုင်ကျင့်သူကော၊ အနိုင်ကျင့်ခံရသူ နှစ်ဦးလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေကို တရားမျှတစွာ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ခြုံငုံကြည့်ပြီးမှ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဖို့လဲ ဆောင်းပါးက အကြံပေးထားပါတယ်ရှင်။

ရုံးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လှုမှုရေးအဖွဲအစည်းတွေ အားလုံးမှာ အုပ်စုဖွဲ့ အနိုင်ကျင့်၊ bully လုပ်ခြင်းများ လျော့နည်းပပျောက်ပါစေ… လို့။



Virtual world မှာ bully လုပ်ခံရသူများအနေနဲ့ကတော့ မိမိတစ်ဦးတည်းမဟုတ်ကြောင်း၊ မိမိကို ချစ်ခင်သေးတဲ့သူတွေရှိသေးကြောင်း အမြဲသတိရပြီး၊ ကိုယ်လုပ်သင့်တာကို တစိုက်မတ်မတ် လုပ်သွားဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်ရှင်။
Common.. it’s just a virtual world လို့တော့ ကျွန်မ မပြောတော့ပါဘူးရှင်။ ဘာလို့လဲဆိုတော့ ဒီ virtual world ကြီးကို ချစ်နေမိပြီ၊ သံယောဇဉ်ဖြစ်နေမိပြီ ဖြစ်လို့ပါပဲရှင်။


source:http://www.safety-council.org/info/OSH/bullies.html


Comments from ainchannmyay.com

1. လူတစ်ယောက်က ခင်လို့စတာကို စိတ်အနှောင့်အယှက်မဖြစ်သင့်သလို…ငါ့ကို ချစ်လို့..ခင်လို့ပါလားလို့ စိတ်နှလုံးသွင်းလိုက်ရင် အဲဒီကောင်လေး အေးချမ်းသွားပါလိမ့်မယ်..
နေရာချင်းသာလဲလိုက်ချင်တယ်.. ဟဲ..ဟဲ..
အနိုင်ကျင့်တတ်တဲ့လူ ဆိုတာကလည်း သူတို့ကိုယ်တိုင်ကိုက သိမ်ငယ်စိတ်များနေတတ်တဲ့လူတွေများပါတယ်..အဲဒီလူတွေက တကယ်သနားဖို့ကောင်းတယ်..သူများ စိတ်ညစ်မှသူတို့ပျော်ရတယ်ဆိုတာ တော်တော်ခွတီးခွကျနိုင်တာပဲ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:32 am

2. ဒီပို့စ်လေးဖတ်ရတာ စိတ်လည်းမကောင်းဘူး. ပညာလည်းရပါတယ်.
စိတ်မကောင်းတာကတော့ အလုပ်ပြုတ်သွားတဲ့ မိန်းကလေးအတွက်ပါ. ပညာရတာကတော့ အကျီစားသန်က ရန်များ၏ ဆိုတဲ့ မြန်မာစကားပုံလေး မှန်လွန်းတာကို သတိရမိသွားတာပါ.
ဟုတ်တော့လည်းဟုတ်တယ်ဗျာ. အလုပ်ခွင်ထဲမှာ ကိုယ့်အထက်ကလူက ကိုယ့်ကို တစ်နည်းတစ်ဖုံနဲ့ ဘူလီလုပ်ရင် တော်တော်အခံရခက်တယ်.
မခံနိုင်လို့ ပြန်ပြောပြန်ရင်လည်း ရိုင်းတယ်. အောက်ခြေလွတ်တယ်. ကျေးဇူးကန်းတယ်. စတဲ့ စကားလုံးတွေ မျိုးစုံနဲ့ ထိုးနှက်ခံရတယ်.
စတယ်နောက်တယ်ဆိုတာကလည်း အခြေအနေနဲ့ အချိန်အခါကို ကြည့်သင့်တာပေါ့လေ.
ဘာပဲဖြစ်ဖြစ်ပါ.
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်. မလေးလည်း အလုပ်ခွင်ထဲမှာရော၊ ပြင်ပလက်တွေ့ဘ၀မှာပါ စိတ်ကို အနိုင်ကျင့်တတ်သူတွေနဲ့ လွတ်ကင်းပြီး အေးချမ်းပျော်ရွှင်ပါစေဗျာ…
ခင်မင်လေးစားလျက်
ရန်အောင်
Comment by Yan — October 22, 2008 @ 3:48 am

3. မလေးရေ.. ဒီပို့စ်လေးက ကောင်းလိုက်တာ .. သတိထားဖို့လေ။ အဲလို စိတ်ကို အနိုင်ကျင့် တတ်သူများဟာ မိသားစု အချင်းချင်း ထဲမှာတောင် ရှိတယ် ဆိုတာ Child Abuse Protection Report တွေထဲမှာ ဖတ်လိုက်ရတယ်။ ကိုယ့်အပြုအမူ တစ်ခုက သူများကို မထိခိုက်အောင် ဂရုစိုက် တတ်မှုပါ လိုတယ် ထင်ပါရဲ့နော်။
Comment by ခွန်မြလှို်င် — October 23, 2008 @ 2:46 am

4. ကျနော်လဲ အွန်လိုင်းမှာ အဲ့လို bully လုပ်တာခံဖူးတယ်။ အင်းနော် လူတွေလူတွေ..
Comment by minnyoon — October 23, 2008 @ 3:14 am

Wednesday, October 15, 2008

ချစ်သော.....ဖန်သားပြင်

ကျွန်မ ဖန်သားပြင်ပေါ်မှာ စာရေးခဲ့ခြင်းဟာ ဒီလောကကို အတုလို့ ထင်မိခဲ့လို့ပါ။ ဒီဖန်သားပြင်ကြီးရဲ့ နောက်မှာထိုင်နေကြတဲ့ သူတွေအားလုံးမှာ မိမိကိုယ်ပိုင် ဘ၀ကိုယ်စီရှိကြပါလိမ့်မယ်။ လူတွေဘာလို့ ဒီဖန်သားပြင်ပေါ်မှာ စာတွေရေးကြတာပါလဲ။ ဗဟုသုတမျှဝေချင်လို့၊ စိတ်အစာပြေချင်လို့၊ ကလောင်သွေးချင်လို့၊ ပျော်ချင်လို့၊ ရင်ဖွင့်ချင်လို့ ဖြစ်ပါလိမ့်မည်။

ကျွန်မ အတွက်တော့ ရင်ဖွင့်ရာ နေရာလေးတစ်ခု အနေနဲ့ စခဲ့တာပါ။ မည်သူမျှလဲ ကျွန်မစာတွေကို အလေးထားဖတ်လိမ့်မယ်လို့ မထင်ခဲ့မိပေမယ့် ကိုယ်ရေးတဲ့စာတိုင်းဟာ ခံစားချက်ကို အရင်းခံခဲ့တဲ့ နှလုံးအိမ်က ယိုစီးလာတဲ့ သွေးတွေမို့ မည်သူတန်ဖိုး ထားထား၊ မထားထား ပန်းကလပ်ပေါ်တင်လို့ သိပ်တန်ဖိုးထားတာ စာရေးသူအချင်းချင်း သိပါလိမ့်မည်။

ဒီနေ့ အလုပ်မသွားခင် အိမ်ခန်းထဲမှာ နှုတ်ခမ်းနီဆိုးနေစဉ် အိမ်ရှေ့ခန်းကနေ အဲလက်စ်က သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းလိုက်ပါတယ်။

ဘာကိုမှ နားမလည်ခင် အချစ်ဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီစာသားကြားမိတော့ တစ်ယောက်ထဲ တိတ်တိတ်လေး ပြုံးမိတယ်…

အဲဒီစာသားလေးနေရာမှာ.. စာသားလေးအချို့ထည့်ပြီး တစ်ယောက်ထဲ သီချင်းညည်းမိတယ်..

ဘာကိုမှ နားမလည်ခင် ဖန်သားပြင်ပေါ်မှာ စာရေးရခြင်းဟာ ပျားရည်လို ချိုမြိန်တယ်…
ပန်းတွေ ပွင့်နေသလို.. အနမ်းတွေသင်းချို ရင်ခုန်စဖွယ်..

အဲဒီအချိန်မှာ အဲလက်စ်က ဆက်ဆိုတယ်….

အားလုံးကို နားလည်ရင် အချစ်ဟာမီးလိုပူလောင်တယ်…
ပန်းကြွေကျသလိုလို အလွမ်းတွေ ရလာရင်ငိုချင်တာ…
သစ္စာမဲ့တာတွေ.. နစ်နာခဲ့တာတွေ မြင်နိုင်တယ်…

နှုတ်ခမ်းနီတောင့်ကို မှန်တင်ခုံပေါ် အသာချ၊ အိမ်ခန်းထဲက ထွက်ပြီး စာကြည့်ခန်းထဲကို ၀င်သွားလိုက်တယ်။ ကွန်ပြူတာကိုဖွင့်လိုက်ရင်း အဲလက်စ်သီချင်းကို နောက်က သံယောင်လိုက်မိတယ်။

အားလုံးကို နားလည်ရင် (အချို့လူတွေအတွက်) ဒီလောကဟာ (အွန်လိုင်းလောကဟာ) မီးလို ပူလောင်နိုင်တယ်..
သစ္စာမဲ့တာတွေ.. နစ်နာတာတွေကိုလဲ ကျွန်မဲ မြင်နေရတယ်…

အီးမေးလ်ကို ကျွန်မဖွင့်လိုက်တယ်။ အီးမေးလ်တွေထဲမှာ စာလေးတွေနဲ့အတူ၊ ထုံးစံအတိုင်း မိတ်ဆက်စာလေးတွေ တွေ့လိုက်ရတယ်။ မိတ်ဆက်စာတွေရရင် တန်ဖိုးထားလို့ ဖြူစင်စွာပျော်တတ်ခဲ့တဲ့ ကျွန်မဟာ မိတ်ဆက်စာတွေ အပေါ်မှာ ထုံထုံထိုင်းထိုင်းဖြစ်လာတတ်တာ၊ စာတွေကို တော်ရုံ မပြန်ဖြစ်တဲ့ ကျွန်မ မာသာထရီစာနဲ့ ပတ်သက်ပြီး ရလာတဲ့ မိတ်ဆက်စာလေးတစ်ခုနဲ့ ပတ်သက်ပြီး ပန်းတွေကြွေကျဖူးသလိုဖြစ်ခဲ့ဖူးလို့ပါ။ ဒါကြောင့် နောက်ပိုင်း အွန်လိုင်းမိတ်ဆက်စာဆိုရင် ဘယ်စာကိုမှ ခံစားချက်မထားတော့ဘူးလို့ ဆုံးဖြစ်ထားခဲ့တယ်။ ဒီလိုနဲ့ အီးမေးလ်ထဲက မိတ်ဆက်စာလေး တစ်စောင်ပေါ်မှာ မျှားလေးတင်ထားပြီး ကျွန်မ အတွေးနယ်ချဲ့နေမိတယ်။

………………….

………………….

ဒီအွန်လိုင်းလောကထဲကို ငယ်စဉ်အခါက ခြေမချဖြစ်ခဲ့ပါ။ လူတွေ ပျော်နေကြတဲ့ အချိန်မှာ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် ကျွန်မကတော့ အတ္တတွေနောက်ကို လိုက်နေခဲ့သူမို့ စာအုပ်ပိုးတစ်ကောင်ဖြစ်လိုက်၊ မစို့မပို့ ငွေစက္ကူလေးတွေကို တုန်တုန်ယင်ယင် ကိုင်တတ်သူ တစ်ယောက်ဖြစ်လိုက်နဲ့ ဘ၀ဟာ လည်ပတ်နေခဲ့တယ်။ ဒီလိုနဲ့ အတ္တတွေကို အနည်းငယ် ပုံစံချပြီးပြီလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ပြီးတဲ့ အခါမှာတော့ ဒီ အတုလောကကြီးထဲကို အပျော်သဘောနဲ့ ကိုယ်ဖျောက်လို့ မယောင်မလည် ၀င်ရောက်ခဲ့ပါတယ်။

ပျော်မိပါတယ်။ တက်သစ်စ ဘလော့ဂါတွေရဲ့ ခံစားချက်တိုင်းပေါ့။ ဆီပုံးတွေသွားနှုတ်ဆက်လိုက်… ကွန့်မန့်တွေရေးလိုက်၊ တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်နဲ့ ပြောဆိုလိုက်နဲ့ ပန်းခင်းကြီးထဲမှာ ပန်းရနံ့မျိုးစုံကို ရှုရှိုက်လို့ နေရောင်နွေးနွေးကိုခံရင်း ပျော်ရွှင်နေတဲ့ လိပ်ပြာတစ်ကောင်လို ၀ဲနေခဲ့တယ်။ အပြင်လောကမှာ လူချစ်လူခင်များတဲ့ ကျွန်မကို ဒီ အတုလောက က လူတွေကလဲ ထိုက်သင့်သလောက် ခင်ကြ ချစ်ကြပါတယ်..။ တစ်ဖြည်းဖြည်းနဲ့ ဒီအတုလောကကြီးကိုလဲ ကျွန်မ ချစ်လာတယ်။ သံယောဇဉ်တွေ တွယ်လာမိတယ်။

လတွေ သက်တမ်းရင့်လာတဲ့ အခါမှာတော့…
ဒီအတုလောကကြီးဟာ တဖြည်းဖြည်း အသက်ဝင်လာတယ်။ မျိုးစေ့ချ ပေါင်းသင်ရေလောင်းလို့ ကြီးထွားလာတဲ့ မိုးထိပဲပင် တစ်ပင်လို ကျွန်မ ရင်ထဲမှာ ကြီးထွားလာတယ်။
လည်ပတ်သွားလာနေတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်အယူအဆတွေ၊ နူးညံ့သိမ်မွေ့မှုတွေ၊ ကြမ်းတမ်းမှုတွေ၊ နာကျည်းချက်တွေ၊ အောင်မြင်ခြင်းတွေ၊ ရှုံးနိမ့်ခြင်းတွေကို သယ်ဆောင်ထားတဲ့ လူသားတွေဟာ လက်မ၀က်တောင် မရှိတဲ့ ဒီဖန်သားပြင်တွေရဲ့ နောက်မှာ ရှိနေတာပါလား၊ ဒါဟာ အစစ်လောကကြီးပါလားလို့ သံဝေဂ ရလာတယ်။

အဲလက်စ် ဆိုသလိုပဲ အားလုံးကို နားလည်လာတော့ ပန်းတွေကကြွေကျလို့ အလွမ်းတွေလဲ ရလာတယ်ပေါ့ရှင်။ စာရေးရတာလဲ အရင်လို မလွတ်လပ်တော့ သလို ခံစားလာရတယ်။ နာမယ်ရ ဘလော့ဂါသူငယ်ချင်းတစ်ယောက်ကတော့ အမြဲမေးပါတယ် စာရေးရင် ဘာလို့ ချုပ်ထားတာလဲ တဲ့။ မရည်ရွယ်ဘဲ ချုပ်ထားမိတဲ့ ကျွန်မရဲ့စာတွေဟာလဲ ထွက်လာတုန်းက အဖြူထည်၊ ဖန်သားပေါ်ရောက်တာနဲ့ အရောင်ဆိုးခံတာမျိုး တစ်ခါတစ်ခါ ခံစားရတယ်။

မိတ်ဆက်စာလေးတစ်ခုပေါ်မှာ မျှားလေးကို တင်ထားရင်းအတွေးနယ်ချဲ့မိတဲ့ ကျွန်မ ပထမ တစ်စောင်ကိုနှိပ်ချလိုက်တယ်…

အမ,

First of all, let me say i sincerely adore and admire u after reading ur writings...
ဗမာလိုပဲရေးတော့မယ်... အပေါ်ကစာကြောင်းက မြန်မာလိုရေးရင်တမျိုးကြီးလိုပဲမို့လို့ပါ...
မလေးလို့ပဲခေါ်ခွင့်ပြုပါ... မမလို့ခေါ်ရင်လဲကြောင်သွားမလားလို့.
မလေးရဲ့ စာတွေကို သဘောကျတယ် အရမ်းလဲအထင်ကြီးပါတယ်... အတွေးတွေပေးတယ်...
ဒီနေ့ အမ ရေးထားတဲ့ သတင်းစာဆရာ ဝတ္တုတိုလေး ကိုဖတ်ရတယ်...
မလေးရဲ့ Rambo ကားအမြင် ကိုလဲ ဒီနေ့ မှပဲဖတ်ဖူးတာ... တော်တော်ကို သဘောကျတယ်...
အဲဒီက တင်တုန်းက ကျောင်းကသူငယ်ချင်းတွေနဲ့သွားကြည့်တာ..မလေးလိုပဲစိတ်တွေတိုပြီးပြန်လာရတယ်...
သူတို့ ကိုရှင်းပြလို့မရတာတွေအများကြီးပဲ...သူ တို့လဲ ဘာကြီးလဲဟ ဆိုတဲ့ မျက်နှာမျိုးတွေနဲ့လေ... ပြီးတော့ ကိုယ်ပြောတာတွေကို သိတဲ့ အတိုင်း အဖြူတွေပုံစံနဲ့ နားလည်ပေးသလိုလိုဘာလိုလိုတွေနဲ့လေ...
မလေးရဲ့ အဲဒီကား အပေါ်မှာ မြင်တာရော Proposal နိုင်ငံရေးလုပ်နေတဲ့ လူတွေကို တင်ပြတာကို အရမ်းအထင်ကြီးပါတယ်... comment တွေ ဒီအချိန်မှ လာရေးလို့လူတွေက ရူးနေတယ်လို့ ထင်မှာဆိုးလို့..
မလေး ရဲ့ email address ကို မလေး comment ထားခဲ့တုန်းက တွေ့ လို့ email ရေးလိုက်တာပါ...
အရင်တုန်းက မလေးစာတွေကို မဖတ်ဘူးဘူး... လူတွေပြောတာတွေပဲကြားဘူးတာ..
မလေးက စစ်တပ် အသိုင်းအဝိုင်းကလို့ကြားဘူးတော့ လုံးဝ မဖတ်ဖြစ်တော့တာ...
လူတွေမကောင်းဘူး... မလေးရေးထာတွေ တဖြေးဖြေးရင်းဖတ်တော့မှ ကြားဘူးတာတွေနဲ့ တလွဲကြီးတွေပဲ...
မလေးရဲ့ စာလေးတွေကို စာအုပ် ထုတ်သင့်တယ်... ဝတ္တုလေးတွေကိုပါ....
အရမ်းသဘောကျတာတော့သိတယ်... ဘာပြောရမလဲတော့သိတော့ဘူး....
မလေးကို သဘောကျတယ်........
ခင်တဲ့
ညီမ

ဒီစာလေးရတော့ ငိုင်ကျသွားတယ်။
ဘယ်အသိုင်းအ၀ိုင်း၊ ဘယ်အဖွဲ့အစည်းကိုမှ မပါဝင်ခဲ့သော၊ မပါသော၊ ဘယ်တော့မှလဲ ပါလိမ့်မည်မဟုတ်သော၊ မိမိကိုယ်ကို အင်ဒီဗစ်ဂျူရယ် တစ်ဦးလို့ မြင်ခဲ့တဲ့ ကျွန်မဟာ အဲဒီစာလေးဖတ်ပြီး မိတ်ဆက်စာပို့လာတဲ့ ညီမကို ကျေးဇူးတွေတင်နေမိပါတယ်။ သူ့စာလေးဖတ်ရတာ ပျော်ရွှင်ပီတိဖြစ်သလို၊ တစ်ချိန်ထဲမှာ သြော်……… လို့လဲဖြစ်သွားတယ်။
အဲလို ဆွေးဆွေးမြေ့မြေ့လေး သြော်…….. လို့ ဖြစ်သွားပြီးတဲ့နောက်၊ နောက်စာလေးကို နှိပ်လိုက်တယ်….

မမအိမ့်ရေ...

ညီမက ------ပါ မမ။ မမအိမ့် ညီမBlogကို လာဖတ်ပေးတာတွေ အတွက်ရော comment လေးရေးပေးသွားတဲ့ အတွက်ပါ အရမ်းကျေးဇူးတင်တဲ့အကြောင်း ပြောချင်လို့ ---------- က မောင်လေး ------ ဆီက Email တောင်းပြီး စာရေးလိုက်တာပါ။ ညီမက အခုလို စာမျိုးသိပ်ရေးလေ့ မရှိပေမယ့် အစ်မကိုတော့ စိတ်ထဲက အရမ်းလေးစား ချစ်ခင်နေမိလို့ ရေးလိုက်တာပါ။ Online မှာ စကားတောင် မပြောဖူးပေမယ့် အစ်မကို ညီမစိတ်ထဲမှာ အရမ်းကို ရင်းနှီးခင်မင်နေခဲ့တာပါ။ အစ်မရေးတဲ့စာတွေကို ညီမအရမ်းကို ကြိုက်တာပါပဲ။ အစ်မရဲ့ "ချစ်သူ့အိမ်"ကို ညီမဘယ်နှခေါက်ဖတ်မိလည်းတောင် မမှတ်မိတော့ပါဘူး။ အဆုံးသတ်လေးကို ဖတ်မိတိုင်းသဘောကျမိပါတယ်။ ရိုးလည်း မသွားပါဘူး။ အစ်မ ညီမကို ရေးပေးခဲ့တဲ့ comment လေး ဖတ်ရတုန်းကလည်း အရမ်းကို ပျော်ပါတယ်။ ညီမရေးတာလေးတွေကို အစ်မကကြိုက်တယ်ပြောတော့ အရမ်းဝမ်းသာမိပါတယ်။

အစ်မကိုလည်း ညီမ Gtalk မှာ Add လုပ်ထားပါရစေနော်။ အစ်မ အဆင်ပြေရင် Accept လုပ်ပေးပါနော်။ အဆင်မပြေဘူး ဆိုရင်လည်း ရပါတယ် အစ်မး) အစ်မ အလုပ်သိပ်များမယ်ဆိုတာ ညီမနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်မကို အခုလိုစာရေးလိုက်ရတာနဲ့တင် စိတ်ထဲမှာ တော်တော်ပျော်နေပါပြီ။ အစ်မ နာမည်လေးနဲ့လိုက်အောင် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေ...

ချစ်ခင်လေးစားတဲ့
ညီမ -----------

ဒုတိယ တစ်စောင်ကိုဖတ်ပြီးတော့ ကျွန်မ အပျော်ဟာ ပိုပြည့်စုံသွားတယ်။ မိတ်ဆက်စာတိုင်းကို မပြန်ပေမယ့် ဒီစာလေးတွေရဲ့ ပိုင်ရှင်တွေဆီကို စာပြန်ပြီးတော့ အရင်မိတ်ဆက်စာတွေလိုပဲ ဖိုင်လေးတစ်ခုထဲမှာ မြတ်မြတ်နိုးနိုး သိမ်းထားလိုက်တယ်။ ပြီးတော့ ကွန်ပြူတာခလုတ်ကို ကျွန်မ ပိတ်လိုက်တယ်။ မှန်သားပြင်ဟာ မဲမှောင်သွားတယ်။ ကျွန်မအရိပ်ကို ကျွန်မ ပြန်မြင်လိုက်ရတယ်။ အရိပ်လေးရဲ့ နှုတ်ခမ်းက ပြုံးရောင်သန်းနေတယ်…။

.................

.................

ဖန်သားပြင်ပေါ်မှာ ကျွန်မစာတွေရေးခဲ့တာ ဒီလောကကို အတု လို့ ထင်ခဲ့မိလို့ပါ…။

(အဲဒီစာလေးနစ်စောင်ကို ကျွန်မပိုစ်မှာ မျှဝေမယ်လို့ ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်ရယူပြီးသားဖြစ်ပါတယ်ရှင်)


Comments from ainchannmyay.com

1. မေတ္တာဆိုတာ အသွားပြန်ရှိတာပေါ့ အစ်မရေ့ စာရေသူကစေတနာထားတော့ ရောင်ပြန်တာဖြစ်မယ် အစ်မကိုချစ်ကြတယ်ဆိုတာ သိရတော့ ၀မ်းသာတယ် အမြဲပြုံးနိုင်ပါစေဗျာ
Comment by မောင်မျိုး — October 16, 2008 @ 2:10 am |

2. Ma Lay,
Keep writing whatever you believe in. Keep up your good work. We are your daily readers and love your writing a lot.
Ain Shin Ma
Comment by lynda — October 16, 2008 @ 8:08 am |

3. မအိမ့်ချမ်းမြေ့….
မင်္ဂလာပါနော်…
ကျွန်တော် အခုလို မိတ်ဆက်စာကိုကောမန့်အနေနဲ့ ရေးတော့ နည်းနည်းများကြောင်သွားမလားပဲ. ဘယ်လိုမျိုးလဲဆိုပြီး တွေးနေမှာလည်း စိုးရိမ်မိတယ်.
မအိမ့်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါရစေ..
ကျွန်တော့်နာမည် ရွက်စိမ်း ပါ. ကျွန်တော်လည်း ကဗျာတွေဘာတွေ ရေးတယ်ဗျ. မအိမ့်လိုတော့ လက်သိပ်မထက်လှဘူး…
ကျွန်တော် ခုနလေးတင် အိမ်ပြန်ရောက်တယ်. ရောက်ရောက်ချင်း ထုံးစံအတိုင်း… မအိမ့်ရဲ့ ဘလော့ဂ်လေးရယ်၊ ဒေါ့ကွန်းလေးရယ်ကို ဖွင့်ဖတ်ဖြစ်တယ်.
ချစ်သော.. ဖန်သားပြင်ဆိုတဲ့ ပို့စ်လေးကိုလည်း ဖတ်လိုက်ရရော ကျွန်တော့်ရင်ထဲ အေးချမ်းသွားတယ် မအိမ့်ရယ်…
ပို့စ်လေးထဲမှာ မအိမ့်ရဲ့ အွန်လိုင်းလောကကြီးကို နည်းနည်းလန့်နေပုံကိုလည်း ခံစားမိတယ်. ဒါပေမယ့် စစ်မှန်တဲ့ စာဖတ်ပရိသတ်တွေ ရှိနေသေးလို့လည်း မအိမ့်ဝမ်းသာကြည်နူးနေတယ်ဆိုတာကိုလည်း
ကျွန်တော် နားလည်သဘောပေါက်မိပါတယ်.
ဒါကြောင့် ဒီမိတ်ဆက်စာလေးကို ရေးဖြစ်သွားတယ်ဆိုပါတော့ဗျာ..
ကျွန်တော့်ဆီ စာပြန်စရာမလိုပါဘူးခင်ဗျာ. ကျွန်တော့်ရင်ထဲ ဖြစ်လာလို့ ချရေးလိုက်ရုံသက်သက်ပါ. ဘာမှ မမျှော်လင့်ပါဘူး.
ကျွန်တော်လေ မအိမ့်ရဲ့ ဒေါ့ကွန်းလေးနဲ့ ဘလော့ဂ်စာမျက်နှာလေးတွေကို ချစ်တယ်. သဘောကျတယ်. နှစ်သက်တယ်
ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။
ခင်မင်စွာနှင့်…
ရွက်စိမ်း
Comment by ရွက်စိမ်း — October 16, 2008 @ 4:37 pm |

4. မလေးရေ-
ဒေါ့ကွန်း လုပ်လိုက်တော့.. Reader မှာ မတတ်ဘူးလား မသိ။ တကူးတက လာလည်ပါတယ်။ မလေး ရဲ့ ဖန်သားပြင် လေး ပိုမို အဓိပ္ပါယ် ရှိ..တင့်တယ် နေပါစေ လို့ ဆန္ဒမွန်ပြုပါတယ်။ ကျမ တို့လည်း..ဘလော့ တွေစ ဖတ်တော့..ဒီဘလော့ လေး မှာပဲ..ငေးမော အားကျ ခဲ့ ရတာပါ။ ဖန်သားပြင် နောက်က..လောက ကြီး ကလည်း.. တခုခု တော့..တခုခုပါပဲလေ။ လူ့လောက..ပရလောက ဆိုသလိုမျိုး ထင်ပါ့.. ပရ လောက မှာ ၀ိဥာဉ်တွေ မြူးနေ သလိုပဲ.. အဲဒီ ၂၁ ရာစု လောက အသစ်ကြီး ထဲမှာလည်း.. ၀ိညဉ် တွေပဲ..မြူးနေကြတာပါပဲ။ အသစ် ပေါ် လာတာ မဟုတ်ပဲ..အဟောင်း ပင်ကိုယ် သဘာဝ တခုက.. နည်းပညာ မျက်နှာဖုံး နဲ့ ပြန်ပေါ် လာတာ လား မသိနော်။
ခင်မင်လျက်-
Comment by K — October 17, 2008 @ 1:53 am |

5. ဖန်သားပြင်ကြောင့် လူတွေရူးကြတယ်..
ဖန်သားပြင်ထဲမှာ လူတွေ စကားလုံးတွေနဲ့ မူးယစ်ကြတယ်..
ဖန်သားပြင်ပေါ်မှာ ခင်ကြတယ်.. ကြဉ်ကြတယ်..
ဘာတွေပဲဖြစ်ဖြစ်.. ဘာတွေပဲပြောပြော..
ဖန်သားပြင်က အားလုံးရဲ့တစ်ခုတည်းသောထွက်ပေါက်ပဲလေ..
မလေးရဲ့ ဖန်သားပြင်ထွက်ပေါက်လည်း အိုအေစစ်လို အမြဲစိမ်းလန်းနေမှာပါ..
Comment by ဒီဝိုင်း — October 19, 2008 @ 8:18 am |

6. မလေးစာတွေကို နှစ်သက်မိတာ ဖတ်လိုက်တိုင်း ရင်ထဲ တစ်ခုခု ကျန်ခဲ့တာက အဓိကပဲ။ ဖွင့်တာ သုံးခါလောက်ရှိပြီ၊ wordpress database error ဆိုပြီး ကွန်မန့်ရေးရတာ အဆင်မပြေဘူး။
ဟိုးအစက မလေးရေးခဲ့တဲ့ စာတွေ ပြန်ဖတ်နေတာ အကျိုးရှိတာပေါ့။ အတုလောကကြီးအတွက်ရည်ရွယ်ပြီး အစစ်တွေ ရေးခဲ့တဲ့ ခံစားချက်တွေကို မြင်ခွင့်ရခဲ့လို့။
ဘာပဲဖြစ်ဖြစ် အမြဲအားပေးနေမှာပါ မလေး…
Comment by အေးချမ်းသူ — October 20, 2008 @ 5:18 am |

Wednesday, October 08, 2008

ဆူးမဲ့စာမျက်နှာ



ဒီလိုနဲ့ အသက်တွေအိုမင်းရင့်ရော်သွားချိန်ထိ…
ဒီဆူးမဲ့ စာမျက်နှာလေးကို..
သူ…
လူမသိ.. သူမသိ..
တစ်ခါတစ်ရံ တိတ်တခိုးဖွင့်ဖတ်ရင်း…
နေ့ရက်တို့ ကုန်ဆုံးလာနေပြီ။


*******
မီးရောင်အောက်မှာ ကပွဲရုံထဲက ခုံတွေက တိတ်ဆိတ်နေသည်။ စင်ပေါ်မှာတော့ ရောင်စုံပိုးဖဲကတ္တီပါ ကန့်လန့်ကာတွေက ခေါင်းမိုးထုတ်တန်းတွေမှ တွဲလွဲကျနေကြသည်။ ရောင်စုံမီးပေးသည့် မီးအုပ် မီးဆိုင်းတွေက မျက်စိကို ကျိမ်းစပ်နေအောင် ထိုးနေသဖြင့် လှည်းနေသည့် တံမြက်စည်းကို ခဏချပြီး စင်နောက်ကိုထွက်သွားလိုက်သည်။ စင်နောက်က မီးခလုတ်အချို့ကို ပိတ်ချလိုက်ပြီး စင်ရှေ့ဘက် ပြန်ထွက်ပြီး တံမြက်စည်းကို ဆက်လှည်းနေလိုက်သည်။

ခုံတွေပေါ်မှာ ပေါက်ပေါက်ဆုပ်တွေ၊ ပလတ်စတတ်အခွံတွေ ကြဲပြန့်နေသည်ကို အမှိုက်အိတ်အနက်ကြီးထဲထည့်၊ လေစုပ်စက်နှင့် အမှုန်အမွှားတွေကိုစုပ်လိုက်သည်။ ဒီညလာကြည့်သွားသည့် ပရိတ်သတ်က အခြား ပရိသတ်အုပ်စုထက် အမှိုက်တော်တော်လေး ဖွသည်ဟု မဆီမဆိုင်တွေးလိုက်မိသေးသည်။

ဒီပွဲကြည့်ရုံက တစ်ခြားသောရုံတွေလောက် အဆင့်မမြင့်ပေမယ့် ဒရိတ် လမ်းမပေါ်မှာတော့ နာမယ်ကြီးသည်။ နေ့လည်ခင်းတွေဆိုရင် လမ်းမတလျောက် ရုံးသွားရုံးလာတွေနှင့် စည်ကားနေတတ်သည်။ ညနေစောင်းဆိုရင်တော့ ပွဲကြည့်လာ ပရိသတ်တွေနှင့် စည်ကားတတ်သည်။ ပွဲစဉ်တွေပြီးပြီဆိုလျှင် လူခြေတိတ်ဆိတ်သွားတတ်သည်။ သည်တော့ ချောင်ကြိုချောင်ကြားမှ အိမ်ခြေမဲ့၊ အလေအလွင့်၊ ဘိန်းစား၊ သူတောင်းစားတို့၏ ခိုနားရာလမ်းမဖြစ်သွားတတ်သည်။

ဒီညကတော့ သောင်္ကြာနေ့ ညတစ်ည၊ ကပွဲက နှစ်ပွဲဆက်တိုက်။ ပထမပွဲက လက်ကျန် အမှိုက်တွေသိမ်းအပြီး ကပွဲရုံဘေးမှာ ဆေးလိပ်ထွက်သောက်နေလိုက်သည်။ ညငှက်တစ်ကောင် အော်မြည်သံနှင့်အတူ ခပ်မှောင်မှောင် လမ်းကြားထဲက ဒုက္ခိတ ဘီးလှိမ့်သံ တကျွိကျွိကြားတော့ ဘိန်းစားအဘဆိုတာ လှည့်မကြည့်ပဲသိလိုက်သည်။ ဘီးလှိမ့်သံက ဘေးမှာ ရပ်သွားသည်။ သူ့ဘီးကို ဒုက္ခိတဘီး ဟု ခေါ်တာကို ဘိန်းစားအဘက ကျေနပ်စွာ ဟက်ဟက်ပက်ပက်ရယ်မောတတ်သည်။ တစ်ခါက ဘိန်းမူးပြီး လှေကားအမြင့်ပေါ်က ပြုတ်ကျပြီးကတည်းက ခြေမသန်တော့လို့ အမှိုက်ပုံတစ်ပုံမှာပစ်ထားတဲ့ ခပ်စုတ်စုတ်ဒီဘီးကို ကောက်ပြီး လျောက်သွားနေတော့သည်။

“ဒီနေ့ နှစ်ပွဲဆက်တိုက်ပါလား”
“ဟုတ်တယ် အဘ”
“ဒီနေ့ မင်းအလုပ်များမှာပေါ့”
“ဒီလိုပါပဲအဘရယ်၊ သိမ်းလိုက်ရတဲ့ အမှိုက်တွေ၊ ဒီညတော့ မောမောနဲ့ အိမ်ရောက်တာနဲ့ ခေါက်တော့မယ်ထင်တယ်”
အိတ်ထဲက လက်ကျန်ဆေးလိပ်တစ်ချောင်းကို သူ့ကိုလှမ်းပေးလိုက်သည်။
“ငါ ဒီလောက်နဲ့ မတိုးတော့ဘူးကွ”
ဟက် ကနဲတစ်ချက်ရယ်လိုက်ချိန်မှာ မဲခြောက်နေသော နှုတ်ခမ်းတွေကြားက မညီမညာ ၀ါထိန်နေသော သွားတွေကို မြင်လိုက်ရသည်။

ပွဲရုံရှေ့သို့ ကားတစ်စင်းဆိုက်လာသည်။ ကားတံခါးအပွင့် ရုပ်ရှင်တွေထဲကအတိုင်း ဖြူဖွေးနုအိသော ခြေတစ်စုံက ကြွကြွလေး လှမ်းသွားသည်။ ပေါင်ရင်းထိ တက်နေသော စကတ်ရဲ့ နောက်ပိုင်းတွေကို ကြည့်ပြီး မျက်နှာလွှဲလိုက်မိသည်။ ကားတွေ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာသည်။ ဒေါက်မြင့်ဝတ် ပေါင်ပေါ်မတွေလဲ တစ်ယောက်ပြီးတစ်ယောက် ကပွဲရုံထဲသို့ ရူးဖိနပ်ဝတ်များနှင့် တွဲ၍ ၀င်ဝင်သွားကြသည်။

“ဟူး”
သက်ပြင်းမောတစ်ချက် ကြိတ်ချလိုက်မိသည်။ ဒါတွေမြင်ရဖန်များတော့ စိတ်မလှုပ်ရှားတော့တဲ့အပြင် ရင်ကို မီးစကြီးတွေနဲ့ ထိုးနေသလိုလို။

“အဘ၊ ပွဲကြည့်ချင်လား”
“မကြည့်ချင်ပါဘူးကွာ”
“ကြည့်ချင်ရင် စက်ထိန်းခန်းထဲခေါ်သွားပေးမယ်လေ”
“ဟေ.. အဲလိုရလား”
“ရပါတယ်.. စက်ထိန်းနဲ့ ကျုပ်နဲ့က အဆင်ပြေတယ်၊ သူ့အခန်းထဲကနေ လှမ်းကြည့်လို့ရတယ်”
“ဖြစ်ရဲ့လားကွာ” ညစ်ပေနေသော ဆံပင်တွေကို တဗြင်းဗြင်းကုတ်ရင်း ပြောလိုက်သည်။
“ဒီည အမေတွေနဲ့ သမီးတွေ တူတူတက်နွှဲမယ့် ပွဲတဲ့၊ အဘတို့ခေတ်က အဆိုကျော်တွေလဲ ပါမယ်လေ”
“အေး ဒါဆိုလိုက်မယ်ကွာ”

*****

စင်ပေါ်မှာ မီးရောင်တွေက ပျိုးပျိုးပြက်ပြက်၊ တီးသံတွေက ကောင်းကင်အနှံ့ က တပြိုင်နက်ပစ်လွှတ်လိုက်တဲ့ မိုးကြိုးသွားတွေလို၊ အောက်က ပရိတ်သတ်ကလဲ တဝေါဝေါ၊ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ယမကာနံ့တွေကိုတော့ ရမက်ခိုးဝေတဲ့ အကြည့်စူးစူးတွေက စင်ပေါ်ကို သယ်ဆောင်သွားနေကြသည်။

တစ်ယောက်က…
ခါးသိမ်သိမ်၊ တင်ကားပြီးသားမှာ အာရုံတွေ တစ်နေရာထဲကို စုစေဖို့ ပြောင်ပြောင်လက်လက် ခါးပတ်နက်တစ်ခုကို ခါးရိုးအောက်မှာ မခို့တယို့ပတ်ထားရင်း အဲဒီနေရာကိုပဲ ခါပြီး စင်မြင့်တစ်လျောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်ရင်း အသံကုန်ဟစ်နေသည်။

နောက်တစ်ယောက်က…
စီ သို့မဟုတ် ဒီဒီ လောက်ရှိတဲ့ အရာတစ်စုံကို ပြုတ်ကျခမန်း ခါပြီး အသုံးတော်ခံသည်။

နောက်တစ်ယောက်ကတော့…
ရှေ့ပိုင်း မလှလို့ပဲလား၊ ဒါမှမဟုတ် နောက်ပိုင်းက ပိုလှတယ်ထင်လို့ပဲလား၊ စင်မြင့်ကို တစ်ချိန်လုံး ကျောပေးထားသည်။ ပြီးတော့ နောက်ပိုင်းတွေကို လှုပ်ပြရင်း အသံကုန်လွှင့်သည်။

“ငါ့အဖေက ပြောဖူးတယ်ကွ”
စက်ထိန်းဆီက အသံထွက်လာသည်။

“အနုပညာသမားတွေ၊ ကဇာတ်သမားတွေ၊ စာပေသမားတွေဟာ သေရင် ငရဲကျမယ်တဲ့”

“ဗျာ” သောက်လက်စ ဖန်ခွက်ထဲက ရေ အပြင်ကို အနည်းငယ်လွင့်စင်သွားသည်။

“ဟား ဟား ဟား ဟား” ဘိန်းစားအဘက အသံကျယ်ကြီးနှင့် အော်ရီလိုက်သည်။

“ဟုတ်တယ်.. လူအများကို စိတ်တိုစေတယ်၊ ဒေါသထွက်စေတယ်၊ သနားစေတယ်၊ ဂရုဏာရသရစေတယ်၊ မနာလိုစိတ်ဖြစ်စေတယ်၊ တဏှာရာဂ ထကြွစေတယ်၊ ဒီခံစားချက်တွေကို သွေးထိုးလှုံဆော် ပျံ့နှံ့စေပြီး ဒီခံစားချက်တွေ အပေါ်မှာ လုပ်စားနေတာလို့ ဆိုတယ်”

“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်နေကြတာပဲ မဟုတ်ဘူးလား”
“စိတ်မနိုင်ရင် အနုပညာကို မခံစားနဲ့လေဗျာ၊ ဘာရုပ်ရှင်မှမကြည့်နဲ့ ဘာရသမှကဗျာတွေမှ မဖတ်နဲ့ ဘာနိုင်ငံရေးစာမှ မလေ့လာနဲ့ပေါ့ဗျ” စက်ထိန်းစကားကို လက်မခံနိုင်၍ အသံကျယ်ကျယ်နှင့် သူ ပြန်ပြောလိုက်သည်။

“အေးလေ၊ ခံစားချင်လို့ ဒါတွေကို လာခံစားနေကြတာမဟုတ်ဘူးလား” ဘိန်းစားအဘက အိပ်ချင်မူးတူးဟန်နှင့် ဆိုသည်။

“မခံစားနဲ့ မပြောပါဘူး၊ ဒီလို ညစ်ညူးစေတဲ့စိတ်၊ သောကဖြစ်စေတဲ့စိတ်၊ ဒေါသဖြစ်စေတဲ့စိတ်၊ လွမ်းဆွတ်စေတဲ့စိတ်တွေကို ကူးစက်စေတာဟာ အမှားတစ်ခုဖြစ်မနေနိုင်ဘူးလား” စက်ထိန်းကဆက်ပြောသည်။

“မင်းကလဲ ဒါဆို ပိုက်ဆံပေးပြီး လာခံစားတဲ့သူတွေကကော မှန်နေသလား” ဘိန်းစားအဘ မျက်လုံးပြူးလာပြီ။

“အဘတို့ တော်ကြဗျာ၊ ကျုပ်ကတော့ အချိန်တန် သူတို့ပစ်ချသွားတဲ့ အမှိုက်တွေလိုက်ကောက်မယ်၊ ပိုက်ဆံရရင် အိမ်ကိုငွေပို့မယ်၊ ကံကောင်းတဲ့နေ့တွေ ပိုက်ဆံချပ်လေး တစ်ချပ်နှစ်ချပ် ကောက်ရတတ်သေးတယ်ဗျ”

“နေစမ်းပါဦး၊ မင်းကကော နေ့စဉ် ဒီ က္ကိုထိယ တွေကို မြင်နေရတာ ဘယ်လိုနေလဲ၊ လူငယ်ဆိုတော့ မေးစမ်းပါရစေဦး”

“ဘယ်လိုမှ မနေတော့ဘူး၊ အသားဆိုင်ကြီးတွေ လှုပ်ခါနေတာ၊ ဆံပင်တွေ ယမ်းခါနေတာ၊ အသံတွေ နားမှာအူနေတာပဲ သိတော့တယ်”

ထိုအချိန်မှာ စင်မြင့်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ စင်ထောင့်ကို ပန်းနုရောင်မီးလေးက ဖျော့ဖျော့လေး ထိုးထားသည်။ မီးဝိုင်းလေးအောက်သို့ တစ်စုံတစ်ယောက် ၀င်လာသည်။

“ဟင်..”

နှုတ်မှ ယောင်ယမ်း ထွက်သွားမိသည်။ ကြည်လင်တဲ့အပြုံး၊ အိနြေ္ဒရတဲ့ မျက်လုံး၊ နဲ့ ပရိတ်သတ်ကို ကြည့်ပြီး စင်အလယ်သို့ လျောက်လာသည်။ သူမ တစ်ကိုယ်လုံး အသားဆိုင်တစ်ခုမှ ပေါ်မနေ၊ အဖိုးတန် လွှာရုံအောက်က သူမ၏ ကောက်ကြောင်းတို့က အိနြေ္ဒရလွန်းနေသည်။ မိုက်ခရိုဖုန်းမှ သူမ အသံက တည်ငြိမ်စွာ ထွက်လာသည်။ ကပွဲရုံတစ်ခုလုံး အပ်ကျသံကြားရမတတ် ငြိမ်သက်နေသည်၊ တိတ်ဆိတ်နေသည်၊ တစ်စုံတစ်ရာကို ငံ့လင့်နေသည်။

သူမ… စည်းချက်ညီညီ တေးသွားတစ်ပုဒ်ကို စတင်ဆိုသည်။

သူမ တစ်ကိုယ်လုံးက အိနြေ္ဒရစွာ လွန့်လူးနေသော ကန့်လန့်ကာ တစ်ချပ်နှယ် တေးသွားနှင့် အညီ ယိမ်းနွဲ့နေသည်။ အေးမြကြည်လင်သော စမ်းရေတစ်စင်း သို့မဟုတ် မြစ်တစင်း ပွဲရုံကြီးကိုဖြတ်ပြီး သူ့ရင်ထဲထိ စီးဆင်းသွားပြီ။ သူ့ နှုတ်ခမ်းတွေက တင်းတင်းစေ့နေသည်။ ရေခွက်ကို တင်းတင်းဆုပ်ထားမိသည်။ သူ့  ရင်တွေ တဆတ်ဆတ်ခုန်နေသည်။ ရင်ခုန်နေသည်ဆိုရာဝယ် သာယာငြိမ့်ငြောင်းသော၊ အိနြေ္ဒရသော၊ နက်နဲသော၊ အနုပညာတစ်ခုကို မြည်းစမ်းကြည့်မိလိုက်လို့ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် ခုန်နေရသည့်အဖြစ်။ ဒီမြင်ကွင်း၊ သည်အဖြစ်အပျက် ပျောက်ကွယ်သွားမှာ၊ ဒီသိင်္ဂါရ ရသလေး ပျက်ပြယ်သွားမှာကို စိုးရိမ်ထိတ်လန့်နေမိသည့် အဖြစ်။

“ကောင်မလေး က ငြိမ်လိုက်တာ”
“ဒီနေရာနဲ့ မတန်ပါဘူးကွာ”
“လုပ်စားနေတာမဟုတ်တာ သိသာပါတယ်”
“လုပ်စားနေရသူတွေလဲ ပရိတ်သတ်အကြိုက်လုပ်ရရှာတာပါကွာ”
စက်ထိန်းနှင့် ဘိန်းစားအဘ အပြန်အလှန်ပြောနေကြသည်။

“အမြဲတမ်း ဒါမျိုးလေးကို ကြည့်နေရရင် ကျုပ်အသက်ရှည်မယ်ထင်တယ်”
နှုတ်က ခပ်တိုးတိုးရေရွတ်မိသည်။

“အေး… မင်းလိုပရိတ်သတ်နဲတော့ ဒီပွဲရုံလဲ ပျက်ရောပေါ့ကွာ”

“အေး ခေတ်မရှိတော့ဘူးကွ၊ ဟား ဟား ဟား” အဘတို့ သူ့ကိုလှောင်ပြောင်နေကြသည်။

“ကျုပ်ရင်တွေ အေးမြလိုက်တာ၊ ဆူးမဲ့စာမျက်နှာလေးတစ်ခုကို ဖတ်နေရသလိုပဲ၊ အေးမြလိုက်တာ အဘတို့ရာ”

“မင်းသာ တစ်သက်လုံး သန့်ရှင်းရေးအလုပ်သမားဘ၀နဲ့ ဒီကပွဲရုံမှာ ဆက်လုပ်ကောင်းလုပ်မယ်၊ ကလေးမက သူ့အမေနဲ့ အပျော်တမ်း တစ်ခါပဲတက်ဆိုတာ၊ ဒီအသိုင်းဝိုင်းက မဟုတ်တာ သိသာလွန်းနေတာပဲဟာ၊ နောက်လဲ တစ်သက်လုံးတွေ့ချင်မှ တွေ့ရတော့မှာလေ”

“ဘ၀ဆိုတာ အမြဲအေးမြ မနေတာ မင်းသိပါတယ်နော်”
စက်ထိန်းနဲ့ ဘိန်းစားအဘရဲ့ စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်။

*******

လမ်းပေါ်မှာ ကားတွေတိတ်ဆိတ်သွားသည်။ ကပွဲရုံလမ်းကြားထောင့်က သူမ ကားလေးထွက်ခွာသွားတော့မည်ကို အမှောင်ရိပ်ထဲမှ လှမ်းကြည့်မိသည်။

“မင်းလို မိန်းကလေးမျိုး ခုခေတ်ကာလကြီးမှာ တည်ရှိနေသေးတယ်နော်”

“ကျုပ်ရင်တွေ အေးမြလိုက်တာ ဆူးမဲ့စာမျက်နှာရယ်”

သူ့ရင်ထဲမှာ သည်စကားက အကြိမ်ကြိမ်အခါခါ ပဲ့တင့်ထပ်နေသည်။

ထိုအချိန်မှာ.. နောက်ခန်းက မှန်လေးက တဖြည်းဖြည်းကျလာသည်။ အမှောင်ရိပ်စပ်ကငေးနေသော သူ့ကို သူမ မြင်သွားသည်။ သူမ မသိမသာပြုံးပြလိုက်လေသလား။
ကားလေးက ဒရိတ်လမ်းမကြီးပေါ်သို့ အရှိန်ပြင်းပြင်းထွက်ခွာသွားပါတော့သည်။
သူ တစ်သက်လုံး တိတ်တဆိတ် သိမ်းထားလိုက်မည့် “ဆူးမဲ့စာတစ်မျက်နှာ” ကတော့… ကားလေးနှင့်အတူ… ဝေး၍ ဝေး၍……..။

Thursday, October 02, 2008

ပေလင်၊ ဟာပါ နဲ့ ခုံဖိနပ်ဝတ်

ဒီနေ့ …
တိုကပ်ကပ်ေ၇ွှရောင်ဆံပင်တွေနဲ့၊ ပုလဲနားကပ်မဟုတ်တဲ့
အပျိုနားကပ်လို နားမှာတုန်တုန်ယင်လို့.. ဆံညိုယဉ်ချထားတဲ့
အမေရိကားရဲ့ အပြင်ကို တစ်ခေါက်သာ ရောက်ပါတယ်ဆိုတဲ့..
အလာစကာက “ပေလင်” တစ်ယောက်..
စင်မြင့်ပေါ် တစ်ခေါက် ရောက်တဲ့နေ့..။

ဒီနေ့…
ကနေဒါဝန်ကြီးရဲ့ မိန့်ခွန်းရေးသူက
သြဇီဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတွေကို
“ဟာပါ”အတွက်ပါဆိုပြီး.. အကိုးအကားမဲ့စွာ
မဟားတရားနဲ့ ခိုးထားမိလို့…
မီးရောင်စိမ်းအောက်က တိတ်ဆိတ်စွာ ထွက်ခွာသွားရတဲ့နေ့..။




ဒီနေ့..
ဗြိတိန်နိုင်ငံ တရားရုံးတော်ကြီးတွေမှာ
ရာစုနှစ် လေးခုလောက် သက်တမ်းကြာခဲ့တဲ့
မြင်းမွှေးနဲ့လုပ်ထားတဲ့ အဖြူရောင် ဆံပင်တုကြီးတွေ..
ငြီးငွေ့စွာ ကျွတ်ကျသွားတဲ့ နေ့..။

……….
……….

ဒီနေ့..
ခုံဖိနပ်ဝတ် မိန်းမတစ်ယောက်
ပေါက်ပေါက်ဖောက်သလို၊
ကော်ရစ်ဒါတလွှား.. တဒေါက်ဒေါက် လမ်းသလားရင်း
ဟိုအဝေးက .. သူ့ကလေးများအတွက်…
တန်ဖိုးနည်း ပစ္စည်းတချို့ အလှုခံနေတဲ့နေ့…။


LinkWithin

Related Posts Plugin for WordPress, Blogger...