မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, November 24, 2007

မာယာသစ်ပင်

ပတ်ဝန်းကျင်မှ ပိုးစုန်းကြုးလေးတွေ၊ သစ်ပင်တက်ပိုးကောင်လေးတွေ၊ ခြေခြောက်ချောင်း သစ်ခြောက်ကောင်လေးတွေကို မြိန်ရည်ရှက်ရည် စားသောက်တတ်သော သစ်စိမ်းပင်အောက်မှာ သူ တွေဝေစွာရပ်နေခဲ့သည်။ စမ်းရေသံကတော့ တငြိမ့်ငြိမ့်။ အနက်ရောင်နှင်းဆီတွေအောက်မှာ ယုန်ဖြူလေးတွေ တလိမ့်လိမ့်။

သူ၏ မျက်ဝန်းအိမ်ထဲမှာ ကျောက်ဆောင်တွေ ပြိုကွဲနေသည်။
ဖူးကြွနုရွတဲ့ ခြေလှမ်းတွေနဲ့ သွေးစိမ်းရှင်ရှင်ကျနေတဲ့ အသည်းနှလုံးတစ်ခုကို ကျောက်သံပတ္တမြားတွေ စီချယ်ထားတဲ့ ရွှေလင်ပန်းပေါ်မှာ သယ်ဆောင်လျှက် စပါးခင်းကိုဖြတ်လျှက် လုံမပျိုက လှုပ်လီလှုပ်လဲ့ ခြေလှမ်းများနှင့် သူရှေ့သို့ သယ်ဆောင်လာနေသည်။


တိတ်ဆိတ်သွားတော့မယ့် သူ့တွက်သံစဉ်တွေကို
မမြင်ရဲလို့ ခုထဲက ဒီအသည်းနှလုံးကို မစားသုံးလိုဟု သူက လုံမပျိုကိုဆိုသည်။
လုံမပျိုက ကျမအသည်းနှလုံးကို စားသုံးပါလော့ဟု မျက်စိစုံမှိတ်လျှက် အော်ဟစ်ငိုယိုလိုက်သည်။ ပတ်ဝန်းကျင်မှ ငှားငှားစွင့်စွင့်ပွင့်နေသော ဖွင့်ဖတ်တွေမှာ အစူးတွေငေါထွက်နေသော နက်ပြာရောင် ပန်းပွင့်တွေ ငုံသွားသည်။ ငှက်ကလေးတွေ တဖုတ်ဖုတ် ကျလာသည်။ စမ်းရေစီးသံ ရပ်တန့်သွားသည်။ ယုန်ဖြူလေးတစ်ကောင် ရင်ကွဲသေသွားသည်။

သူ ထိတ်လန့်ကြောက်ရွံ့စွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ယောင်ယမ်းလျှက် သစ်ပင်ကို လက်ထောက်လိုက်မိသည်။ သစ်ပင်ထဲမှာ ဖြူဖွေး ချောမွေ့လှပသော၊ နှုးညံ့သိမ်မွေ့သော လက်တစ်စုံက ဖေးမ မယောင်ယောင်နှင့် သူ့ကို တွန်းထိုးလိုက်သည်။
အရှိန်ပြင်းစွာ ထွန်းထုတ်လိုက်သည်။ အားကြီးလွန်းစွာ…

သူ …. လုံမပျို၏ ရင်ခွင်ထဲကို အလဲလဲ အပြိုပြို ပြုတ်ကျသွားသည်။
သူမ၏ သွေးတွေနှင့် စိုစွတ်နေသော ရွှေရင်အုံ၌ သူမျက်နှာအပ်၍ ငိုကြွေးလိုက်မိသည်။
မျက်ရည်တွေကြားမှ သစ်စိမ်းပင်ဘက်သို့ မော့ကြည့်လိုက်သည်။ သစ်ကိုင်းတစ်ကိုင်းမှာ သူ့၏ အသဲနှလုံးက လေကြမ်းကြမ်းအောက်တွင် ယိမ်းထိုးနေသည်။

လုံမပျိုက မြက်ခင်းပေါ်မှ ရွှေလင်ပန်းနားမှာကျနေသော သူမ အသဲနှလုံးကို တုန်ယင်နေသော လက်အစုံနှင့် ကောက်ယူလိုက်သည်။ သူရဲ့ ဟာလာဟင်းလင်း ရင်ဘတ်အစုံဘက်ထိ ခပ်ဖြည်းဖြည်း ယူဆောင်လာနေသည်။ လုံမပျိုကို သူ တွန်းထုတ်လိုက်သည်။ တောင်ကုန်းလေးအတိုင်း လုံမပျို တလိမ့်ခေါက်ကွေးကျသွားသည်။

စမ်းချောင်း၏ လှမ်းခေါ်သံကို သူ ကြားလိုက်ရသည်။ အေးမြသော၊ ကြည်လင်သော ဒီစမ်းချောင်းက သူ့ကို အနက်ရှိုင်းဆုံး၊ အကျယ်ပြန့်ဆုံး ပင်လယ်ပြာတစ်ခုသို့ သယ်ဆောင်ပေးသွားနိုင်မည်ဟု သူ ယုံကြည်လိုက်မိသည်။ စမ်းချောင်းဘက်သို့ သူ လျောက်သွားသည်။ ကြည်လင်သောရေအလျင်ကို သူငေးကြည့်နေမိသည်။ ခပ်လှမ်းလှမ်းကလုံမပျို၏ တောင်းပန်တိုးလျိုးသံကို သူ ကြားနေရသည်။

သစ်ပင်စိမ်းကို သူတချက်ကြည့်လိုက်မိသည်။ လေက ခပ်ပြင်းပြင်းတစ်ချက် တိုက်ခတ်လိုက်သည်။ ချိတ်ထားတဲ့ သူ့အသည်းနှလုံးက အရှိန်ခပ်ပြင်းပြင်းနဲ့ မြေပြင်ပေါ်သို့ကျလာသည်။ ပတ်ဝန်းကျင်မှာ တစ်စစီကျဲပြန့်သွားတဲ့ သူ့အသည်းနှလုံးကို လုံမပျိုက တစ်စစီ ပြန်ကောက်ယူဖို့ ကြိုးစားသည်။ သစ်ပင်စိမ်းပေါ်က တို့လို့တန်းလန်း သံမဏိအသည်းနှလုံး၊ ပန်းအသည်းနှလုံး၊ ဖဲအသည်းနှလုံး၊ မှော်အသည်းနှလုံး၊ အတ္တအသည်းနှလုံး၊ မရွေးအသည်းနှလုံး၊ ဖော့အသည်းနှလုံး၊ ပလတ်စတစ်အသည်းနှလုံးတွေထံမှာ ဂီတသံတွေ ကြားနေရသည်။

နောက်.. ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။

လုံမပျိုက သူ ယူဆောင်မသွားသော သူမ၏ နှလုံးသားကို လင်ပန်းထဲသို့ ပြန်ထည့်လိုက်သည်။ သူထားခဲ့သော နှလုံးသားကြေမွမွနှင့် သူမ၏ အသည်းနှလုံးကို ၀ိုင်းရံလျှက် စမ်းရေပြင်ကို ငုံကြည့်နေသည်။ လုံမပျိုလောက် သူ့ကို ချစ်တတ်သောသူ မပေါ်သေးဟု လုံမပျိုက ကြေကွဲစွာ တတွတ်တွတ် ရွတ်ဆိုနေတော့သည်။

Thursday, November 22, 2007

ဒီမိုးကို မိုးဟု…

မိုးစက်တွေနဲ့ ရောယှက်နေသော လေနုအေးက ကားပြူတင်းပေါက်မှ ဖြတ်တိုက်သွားသည်။ လမ်းဘေးမှ သစ်ပင်တွေတရိပ်ရိပ်ပြေးနေသည်။
ကျောင်းအဆင်း ၀င်ခေါ်လာတဲ့ သားတော်မောင်က ဖခင်လုပ်သူကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ပြောလိုက်သည်။

“ဒီည မိုးရွာမယ်လို့ ရေဒီယိုကပြောတယ်”
“အခုရွာနေတယ်လေ” ဖခင်လုပ်သူက ပြန်ပြောသည်။
“ရေဒီယိုကတော့ ဒီညရွာမယ်ပြောတယ်”
“ရေကာမှန်ကို ကြည့်လေ..။ အဲဒါမိုးမဟုတ်လို့ဘာလဲ သားရ”

“ရေဒီယိုက ပြောတာကို ပြောပြတာပါ”
“ရေဒီယိုက ပြောတာနဲ့ အထောက်အထားတွေနဲ့ မြင်နေရတာတွေကို၊ အသိတရားတွေကို ငြင်းဆန်ပစ်ရတော့မှာလား”
“အသိတရား၊ အသိတရားဟုတ်လားအဖေ။ ကျွန်တော်တို့ရဲ့ အသိတရားက မှန်နေတာထက် မှားနေတာ ပိုများပါတယ်။ ဓာတ်ခွဲခန်းတွေထဲမှာ သက်သေတွေရှိတယ်။ မြင်နေသမျှအရာတိုင်း မြင်တဲ့အတိုင်းမဟုတ်ဘူးဆိုတဲ့ သီအိုရီကို အဖေ ဘယ်နားသွားထားမလဲ။ တကယ်တော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာလဲ ကိုယ့်စိတ်ထဲမှာဖြစ်နေတာပဲ။ ပတ်ဝန်းကျင်က ကြားနေရတဲ့ အသံတွေတောင် စိတ်ကို လှည့်စားနိုင်တာပဲ။ အသံတစ်ခုခုကို မကြားတာနဲ့ အဲဒီအသံဟာ တည်ရှိမနေဘူးလို့ ဘယ်လိုငြင်းချက်ထုတ်မလဲ။ လူတွေမကြားနိုင်ပေမယ့် ခွေးတွေကြားနိုင်တယ်။ တခြား သတ္တ၀ါတွေကြားနိုင်တယ်။ ခွေးတွေမကြားနိုင်တဲ့ အသံလှိုင်းတွေတောင် ရှိတယ်။ ဘယ်သူမှမကြားနိုင်တဲ့ ဒီအသံတွေဟာ လေထဲမှာလှိုင်းတွေအနေနဲ့ရှိနေတယ်။ သိပ်ကိုမြင့်လွန်းတဲ့ အသံတွေ။ ဆူညံအုန်းထနေမှာ။ တနေရာရာက လာတဲ့ အသံတွေပေါ့။ ဘယ်သူမှမကြားနိုင်တဲ့ အသံတွေ။ ကိုယ်မကြားတိုင်း၊ မမြင်တိုင်း မရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ”

“အခု မိုးရွာနေလား မရွာနေဘူးလားသာ ဖြေစမ်းပါကွာ”
“မပြောချင်ဘူး အဖေ”
“အခုနေ တစ်ယောက်ယောက်က မင်းခေါင်းကို သေနတ်နဲ့ ထောက်ပြီးမေးရင်ကော”
“ဘယ်သူမေးမှာလဲ။ အဖေလား”
“တစ်ယောက်ယောက်ပေါ့ကွာ။ မျက်မှန်နက်တပ်ထားတဲ့ မိုးကာရှည်ကြီးနဲ့ လူတစ်ယောက်ဖြစ်ဖြစ်၊ မင်းခေါင်းကို သေနတ်နဲ့ထောက်ထားပါမယ်တဲ့၊ ပြီးတော့မေးမယ် မိုးရွာနေလား၊ မရွာနေဘူးလား မေးမယ်။ မင်းအမှန်ကိုပြောရမှာပဲ”

“ဘာအမှန်လဲအဖြေ၊ ဘယ်အမှန်တရားကို သူလိုချင်မလဲ။ ဘယ်ထောင့်ကကြည့်မယ့် အမှန်တရားလဲ။ အလင်းနှုန်းနဲ့ လာနေတဲ့ တစ်ခြား ဂယ်လက်ဆီကလာတဲ့ လူတစ်ယောက်ရဲ့ အမှန်တရားလား။ အဲဒီလူတွေ တစ်ကယ်လို့ ကျွန်တော်တို့ကို တယ်လီစကုပ်နဲ့ကြည့်လို့ ၂လက်မ အမြင့်လောက်ပဲ ရှိနိုင်မယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ရွာနေတဲ့ မိုးဟာ သူတို့အတွက် မနေ့က ရွာနေတဲ့ မိုး ဖြစ်မနေနိုင်ဘူးလား”
“မင်းခေါင်းကို သေနတ်နဲ့ ချိန်ထားမှတော့ မင်းရှုထောင့်ရဲ့ အမှန်တရားပေါ့ကွ”
“ကျွန်တော့ရှုထောင့်ရဲ့ အမှန်တရားကကော ဘယ်လောက် ယုံကြည်နိုင်ရလို့လဲ။ တခြား နေစင်္ကြာကလာတဲ့ သူတစ်ဦးဦးအတွက် ကျွန်တော်တို့ရဲ့ မိုးဟာ ဆပ်ပြာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကျွန်တော်တို့အတွက် ပန်းသီးဟာ သူ့အတွက် မိုး ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဲဒီတော့ ကျွန်တော်က သေနတ်ချိန်ထားသူကို ဘာပြောရမလဲ.. ကဲ”
“သူမင်းခေါင်းကို သေနတ်နဲ့ ချိန်ထားတယ်။ အခု၊ လက်ရှိ၊ မိုးရွာနေလား မရွာနေဘူးလား သိချင်တယ်”
“ယခု ဆိုတာ ဘယ်တုန်းက ရှိလို့လဲအဖေ။ ယခုလို့ ကျွန်တော်ဆိုပြီးချိန်မှာ အတိတ်ဖြစ်သွားပြီလေ”

“မင်းခုနကပဲပြောတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ မရှိဘူးဆိုကွ”
“ဟုတ်တယ်။ မရှိဘူး။ ကြိယာတွေထဲမှာပဲရှိတာ”
“မိုးက ကြိယာ မဟုတ်ဘူးနော်။ နမ်။ ဒီနေရာမှာ မိုးရွာနေလား မရွာနေဘူးလား”
“အဖေ.. ရွေ့လျောနေတဲ့ ကားပေါ်မှာ ဒီနေရာမှာ မိုးရွာနေလား မေးနေကတည်းက ဆွေးနွေးဖို့ ခက်နေပြီ”
“အဖြေသာပေးစမ်းပါ သားရာ”
“ကျွန်တော် ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်မယ်အဖေ”
“ဒါခန့်မှန်းဖို့ မလိုဘူးကွ၊ မိုးရွာလား မရွာနေဘူးလား၊ ဒါပဲဖြေ”
“ဒါပဲလေအဖေ၊ ရွာလား၊ မရွာလား ခန့်မှန်းချက်တစ်ခုပဲ မဟုတ်ဘူးလား”
“ဟ.. မင်း မိုးရွာနေတာ မမြင်ဘူးလား”

မဟုတ်သေးဘူးလေ အဖေ၊ နေက ကောင်းကင် အရှေ့က အနောက်ကို ရွေ့သွားတာ အဖေမြင်တာပဲမဟုတ်ဘူးလား။ ဒါပေမယ့် တစ်ကယ်တမ်းက ကမ္ဘာက ရွေ့နေတာ၊ နေက ရွေ့နေတာမဟုတ်ဘူး။ ကျွန်တော်တို့ မြင်နေတာက ဘယ်လောက်မှန်နေလို့လဲ
“ဒီဥပမာကို အဖေလက်မခံနိုင်ဘူး”
“အဖေ... ရွာနေတာမိုးပါလို့ သေချာလို့လား။ ဟိုဘက်မြစ်တစ်ဘက်ကမ်း စက်ရုံက ဆာလဖြူရစ် အက်စစ်တွေ ရွာချနေတာ မဖြစ်နိုင်ဘူးလား။ တရုပ်ပြည်ဘက်ကလာတဲ့ ဓာတ်ငွေ့တွေ ရွာချနေတာကော မဖြစ်နိုင်ဘူးလား။ အဖေ ဒါကို မိုးလို့ခေါ်တယ်။ လူတွေက မိုးလို့ ခေါ်တယ်။ ဒါတစ်ကယ်မိုး အစစ်လား။ မိုးဆိုတာကကော ဘာလဲ။ ဘယ်လိုသရုပ်ခွဲထားလဲ”
“ကောင်းကင်က ကျလာတဲ့ အရာ၊ မင်းတစ်ကိုယ်လုံးကို ရွှဲစေတဲ့အရာဟေ့”
“အခု အဖေ မိုးစိုနေလို့လား။ ကျွန်တော်တော့ မစိုဘူး”
“ကောင်းပြီ၊ ငါအရှုံးပေးတယ်၊ ရှုပ်ထွေးပွေလီမှုတွေ၊ စနစ်တကျဖြစ်ပေါ်ခြင်းမရှိတဲ့ အရာတွေ၊ မသေချာမရေရာမှုတွေ အတွက် အောင်မြင်မှုသရဖူ ဆောင်းပေးလိုက်တယ်။ သိပ္ပံ အသိရဲ့ အနှုးညံ့ဆုံး အချိန်တစ်ခုပဲ”
“မရွဲ့ပါနဲ့အဖေရာ”

မိုးရေထဲမှာ ကားလေးက တရွေ့ရွေ့။
မိုးရွာနေသည်။
မိုးရွာနေသည်။
ဒီမိုးကို မိုးဟု… လူတွေခေါ်ကြသည်။

Don DeLillo ၏ White Noise မှ ကောက်နှုတ်ချက်။

Monday, November 19, 2007

ငယ်ဘ၀ရယ် ပြန်မရနိုင်တော့တယ်..

ချစ်လေပြေက ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ကစားနည်းလေးတွေကို ဝေမျှခိုင်းတယ်။
ကျွန်မကိုယ့်အကြောင်း ပြောပြရဦးမှာပေါ့နော်။ ကဲ.. မထူးတော့ပြီပဲ။
ငယ်ဘ၀က အကြောင်းလေးတွေ အကုန်ပြောပြမယ်နော်။

ကျွန်မတို့တွေ လမ်းတစ်လမ်းလုံးနီးပါး ဆွေမျိုးတွေချည်းပဲဆိုတော့ ၀မ်းကွဲ အကို၊မောင်၊ အမ ညီမတွေနဲ့ ခြံထဲမှာ ကစားနည်းပေါင်းမျိုးစုံ ကစားခဲ့တယ်။
မိန်းကလေးကျောင်းကလဲထွက်သူမို့ တက္ကသိုလ်ရောက်တဲ့အထိ ကလေးစိတ်က မကျွတ်။ ခြံတွေက ပုံဏ္ဌရိပ်ပင်တွေနဲ့ပဲ ကာထားတာများတယ်။ အုတ်ခြံစည်းရိုးတွေ သိပ်မရှိဘူး။ ရှိရင်လဲ တစ်ခြံနဲ့ တစ်ခြံ တိုးရိုပေါက် ဖွင့်ထားတယ်။ အိမ်မှာ ကူညီတဲ့ အမကြီးတွေကလဲ အပျိုတွေများတော့ သူတို့ကိုပါ ကျွန်မတို့ ခေါ်ကစားတယ်။ နဲနဲအသက်ကြီးတဲ့ အဒေါ်ကြီးတွေဆို သူတို့မမြင်နိုင်တဲ့ နေရာမှာ သွားကစားတယ်။ အခုပြန်စဉ်းစားရင် ကလေးဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို ပြည့်ဝစွာရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


မိန်းကလေးတွေစုမိရင် ထုံးစံအတိုင်း အိုးပုတ်ခွက်တမ်း ကစားတယ်။ ပုံဏ္ဌရိပ်ပန်းလေးတွေကို အရည်ဖျော်တော့ အနီရောင်ရည်လေးနဲ့ ဇီးဖျော်ရည်လုပ်ရောင်းတယ်။ အအေးရောင်းတယ်။ သဲတွေကိုရေနဲ့ဖျော်ပြီး ငပိလုပ်တယ်၊ မုန့်စိမ်းပေါင်းလုပ်တယ်။ နောက်ပြီး သြဇာစေ့တောက်တယ်။ ဇယ်တောက်တယ်၊ တွင်းတူးတာတမျိုး၊ အထိတမျိုး၊ အကျော်တဖုံ စသဖြင့်။ မပန်တို့လိုပဲ သားရေကွင်းတွေဆက်ပြီး အီစွတ်ခုန်တယ်။ ကိုးတန်းဆယ်တန်းထိကို ခုန်တာ ကိုယ်လုံးလှတယ်ဆိုလို့။ (ပြောရတာတော့ ခပ်ရှက်ရှက်ပဲ အရပ်ကတို့ရေ)

အကိုတွေ မောင်တွေ စုံရင် စစ်တိုက်တမ်း ကစားတယ်။ နွေရာသီကျောင်းပိတ်ရင် လူကြီးတွေ အလုပ်သွားချိန်မှာ တစ်ခြံလုံးအနှံ့၊ ခြံထဲက အိမ်တွေထဲပါမကျန် စစ်တိုက်တမ်းကစားတယ်။ အိမ်ဆောက်လက်စ အဒေါ်အိမ်တစ်အိမ်မှာ ပုံထားတဲ့ သဲပုံပေါ်ကို ၀ရံတာပေါ်ကနေ တန်းစီပြီး ခုန်ချကြတယ်။ လပေါင်းများစွာပဲ။ အိမ်ဆောက်အလုပ်သမားတွေကလဲ ကလေးတွေ မဆော့နဲ့လို့ လုံးဝမပြောဘူး။ ခုန်ချကြလို့ ပြားသွားတဲ့ သဲပုံကြီးကို စိတ်ရှည်လက်ရှည် ဂေါ်ပြားတွေနဲ့ ပြန်ပုံတော့ ချွန်ချွန်လေးပြန်ပြန် ဖြစ်သွားတယ်။ သဲပုံချွန်ချွန်လေးဟာ ကျွန်မတို့မောင်နမတွေကို လက်ယပ်ခေါ်နေသလိုပဲ။ တစ်နေ့တော့ Bionic Woman လို့ အော်ပြီး ခြေကားလက်မြှောက်နဲ့ ကျွန်မ ခုန်ချပြီး သဲပုံပေါ် ပက်လက်ကြီးအိပ်လို့ ကောင်းကင်ပြာကို ငေးနေလိုက်တဲ့ အချိန်မှာပဲ ရုံးက စောစောပြန်လာတဲ့ အဒေါ်ကားက သဲပုံဘေးမှာ ထိုးရပ်တဲ့ အချိန်နဲ့ တိုးသွားပါတယ်။

ညနေစောင်းတွေ ကန်ကြီးပေါ်မှာ လမ်းလျောက်ထွက်မယ်ဆိုပြီး ကန်ထဲမှာ ရွံနိုက်တယ်။ ငါးနှိုက်တယ်။ နေ့လည်ဆို ရွံ့တွေကို သယ်လာပြီး အကိုတွေ၊ မောင်တွေနဲ့တူတူ လောက်စာလုံး လုံးတယ်။ နွေရာသီ ရေခမ်းချိန်ဆို ကန်နံရံပေါ်မှာ hiking တက်တယ်။ ငါးရှဉ့်ပေါက်ကို နှိုက်တယ်။ တစ်ခါက မောင်တယောက် ငါးအနှိုက်ကောင်းလို့ ရေနစ်ပါလေရော။ ကံကောင်းလို့ သူဘာမှ မဖြစ်တယ်။ အဲဒီညက မောင်နှမတွေ တန်းစီ ဆော်ခံထိတယ်။ တစ်ယောက်အိမ်တစ်ယောက် တစ်ပတ်လောက် မလည်ရဘူး။ ကျွန်မတို့မောင်နှမတွေကို လူကြီးတွေက တစ်ခါတည်းမှာထားတယ်။ ရန်ဖြစ်ရင် သူတို့ကို ဘယ်သူမှ လာမတိုင်ရဘူးတဲ့။ ကိုယ့်ပြဿနာကိုယ်ရှင်း သူတို့ဘယ်တော့မှ မ၀င်ဘူး။ တကယ်လဲ ပြောတဲ့အတိုင်းလုပ်တယ်။ ပြဿနာဖြစ်ရင် ဖြစ်သူတွေပဲ တိုက်ရိုက်ရှင်းရတယ်။

ကျွန်မတို့တွေ အုတ်ကန်အကြီးကြီး ရှိတဲ့ ဦးလေးအိမ်က ကန်ထဲကို မောင်နှမတွေ တန်းစီဝင်တယ်။ အုတ်ကန်ထဲမှာ ရေကူးတယ်။ ဦးလေးနဲ့အဒေါ်က ပြန်လာရင် ခြေရာလက်ရာပျက်နေတော့ ပြောတာပေါ့။ နောက်နေ့လဲ ၀င်ကူးတာပဲ။ မကူးဖြစ်တဲ့နေ့ သစ်ပင်တက်တယ်။ ကတက်ပင်၊ မာကလာပင်၊ ဇောင်းကားပင်၊ စကားပင် အပင်မှန်သမျှ အကုန်တက်တယ်။ ရေတွင်းလေးနားက ကတက်ပင်ကတော့ ကျွန်မ အကြိုက်ဆုံးပေါ့။ စာတက်ကျက်တယ်။ အဲ.. ၁၀တန်းထိပဲ။ ခရေရှင်က “မိုးခေါင်တော့မယ်… xxxx ရယ်”လို့ ကတက်ပင်အောက်က ခပ်တိုးတိုးလာပြောတော့မှ သစ်ပင်တွေဘက် ခြေဦးလှည့်ခြင်းမှ ရပ်ဆိုင်းသွားတော့တာပါပဲ။

ကျွန်မဆီမှာ မမီလို(မယ်လိုဒီမောင်) ခါးပတ်နက် သူငယ်ချင်းကောင်မလေး၂ယောက်ရှိတယ်။ သူတို့ကို သိပ်အားကျတာ၊ လမ်းလျောက်ရင်ကို မြောက်ကြွမြောက်ကြွ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ပေါ့။ ကျွန်မ ကရာတေးသင်ချင်လို့ အဖေ့ကို တဂျီဂျီ။ အဖေက အဲဒါလက်မခံပေမယ့် ဂစ်တာ၊ တယောနဲ့ စန္ဒယားတော့ ခွင်ပြုပါတယ်။ ညညဆို ခြံနောက်က မန်ကျည်းပင်အောက်က သဲဖြူတွေပေါ်မှာ မိန်းကလေးတွေစု ဂစ်တာတီးသူတီး၊ ကရာတေး ခိုးသင်ပေးသူ သင်ပေးပေါ့။ တစ်ခြားသူငယ်ချင်းမလေးတွေ နှုတ်ခမ်းနီပါးနီဆိုးချိန်မှာ၊ ဆံပင်လေးတွေ စင်းအောင်ဖီးချိန်မှာ၊ အချစ်ကိစ္စရင်ခုန်တတ်ချိန်မှာ ကျွန်မတို့ ညီအမတွေက သိုင်းဝတ္ထုတွေဖတ်၊ ထမီကိုတရွတ်တိုက်ဆွဲအောင် အရှည်ကြီးဝတ်၊ လွယ်အိတ်ကိုစလွယ်သိုင်း၊ မိုရွာထဲ တမင်ထီးမဆောင်းပဲ ကားယားကားယားနဲ့ လမ်းလျောက်နေခဲ့တာပါပဲ။

နည်းနည်းအရွယ်ရောက်လာတော့ (တက္ကသိုလ်ပထမနှစ် ၁၇နှစ်လောက်) နွေရာသီဆို အဖေက သူတာဝန်ကျရာ အရပ်လေးကို ခေါ်သွားပါတယ်။ အဲဒီမှာ ပျော့ပျော့အေးအေးလေးနဲ့ ပုံသွင်းတော့တာပါပဲ။ မောင်နှမတွေနဲ့ ဝေးသွားတော့ လူက ငုတ်တုပ်ကြီး ငြိမ်ပြီး အဖေပေးထားတဲ့ Times, Newsweek နဲ့ အဘိဓာန်တွေ (အင်္ဂလိပ်စာ မကျွမ်းကျင်လို့) ကြားမှာမျက်ရည်လည်အောင် စိတ်ညစ်ခဲ့ပါတယ်။ သူရုံးသွားတာနဲ့ ဂစ်တာဒေါင်ဒင်ခေါက်တော့တာပါပဲ။ ထန်းတောထဲသွား ကလေးတွေနဲ့ ဇယ်တောက်တယ်။ အိမ်နောက်ဖေးက သူငယ်ချင်းမတွေကိုခေါ်ပြီး ပင်လယ်ထဲမှာ ရေခိုးကူးတယ်။ ဟိုလေ.. လေတ၀ှီးဝှီးကျောက်ဆောင်ပေါ်မှာ ထန်းရည်သောက်တယ်။ အဖေ့ရှေ့မှာတော့ Rubik Cube ကစားတယ်၊ ကွန်ပြူတာဂိမ်းကစားတယ်။ အဖေနဲ့တော့ သေနတ်ပစ်တယ်။ ချက်စ်ထိုးတယ်။ ကွန်ပြူတာဂိမ်းကစားတယ်။ အင်္ဂလိပ်စာတိုးတက်အောင် Word Games တွေ ကစားတယ်။ အပြောအဆိုတွေလဲ တဖြည်းဖြည်းပြင်တာပေါ့။ ထမင်းစားပါဦးလား ဆိုတာထက် ထမင်းသုံးဆောင်ပါရှင် အဲလိုအဲလိုပေါ့။ နောက်ဆုံးတော့ ကျွန်မလဲ စိတ်ညစ်လွန်းလို့ အမေ့ကိုငိုယိုတိုင်လို့ နွေရာသီအကုန်မှာ ရန်ကုန်ပြန်ခဲ့ပါတယ်။

နောက်တော့လဲ တဖြည်းဖြည်းနဲ့ ပျော်စရာကလေးဘ၀နဲ့ ပျော်စရာ ကစားပွဲလေးတွေကို စွန့်လွှတ်ခဲ့ရတာပါပဲ၊ အခုတော့လဲ လောကဇာတ်ခုံပေါ်မှာ ကစားပွဲတွေကို နိုင်လိုက် ရှုံးလိုက်နဲ့ ဆက်လက် ကစားနေနေရဆဲပါပဲ။ ကိုယ်နိုင်ရင်ပြုံးလိုက်၊ ရှုံးရင်မဲ့လိုက်ပေါ့။ တစ်ကယ်တော့ ငယ်ငယ်က ကစားနည်းတွေဟာ ဘ၀ရဲ့ တစ်ကယ့် ကစားနည်းတွေတွက် ရှေ့ပြေးလေ့ကျင့်ေ၇းတွေပေမယ့် တစ်ကယ်တမ်း ဘ၀ရဲ့ ကစားပွဲထဲမှာ ကျင်လည်ရတဲ့ အခါမှာတော့လေ……….။

Tuesday, November 13, 2007

လွမ်းတယ်….။

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

လွမ်းတယ်………..။
ရောင်စုံသစ်ရွက်တွေ ကြွေသွားတဲ့အခါ
တိမ်နီတွေ လွင့်သွားတဲ့အခါ
ရထားဥသြသံတွေ ပျံ့လွင့်တဲ့အခါ…..
လွမ်းတယ်…။

လွမ်းတယ်….။
ကြယ်တွေကို မင်းမျက်ဝန်းတွေနဲ့ မှားတဲ့အခါ…
ဆံနွယ်တွေ လေမလွင့်တဲ့အခါ
ပင်လယ်ပြင် တိတ်ဆိတ်စွာ ငိုညည်းတဲ့အခါ…
လွမ်းတယ်……။

မေ… လေ
မသေခင်အထိ..
မင်း ကို လွမ်းနေမယ်….



တနှစ်ခွဲခဲ့သော်လည်း.....
မနေ့ကအတိုင်းပဲ။



Thursday, November 08, 2007

အိတ်

ဂျစ်က တက်ဂ်ထားတော့လဲ ရှက်ရှက်နဲ့ ရေးရပါတော့တယ်။
တက်ဂ် ဂိမ်းတွေဟာ ကိုယ့်အဖြစ် လူတော်တော်သိစေပါလားနော်။
ကျွန်မအိတ်က မှောက်ချလိုက်တော့မှ သူများတွေလို စိတ်ဝင်စားစရာမကောင်းဘူးဆိုတာ သိလိုက်ရတယ်။ အထူးသဖြင့် ဒီမို့အိတ်ဆို စိတ်ဝင်စားစရာတွေ တပုံတပင်ပါပဲ။ ဘာလေးတွေလဲဟဲ့ ဆိုပြီး သူ့အိတ်ထဲက ချစ်စရာပစ္စည်းလေးတွေကို စိတ်ဝင်တစား ကျွန်မသေသေချာချာ ကြည့်ခဲ့လိုက်သေးတယ်။




ကျွန်မအိတ်ကတော့ ဘာမှထွေထွေ ထူးထူးတော့မရှိပါဘူး။ အကြွေးဝယ်ကဒ်ပြားတွေ၊ လိုင်စင်ကဒ်၊ စာကြည့်တိုက်ကဒ်၊ ကျမ်းမာရေးကဒ်၊ ကိုယ်ချစ်ရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ ပိုက်ဆံထည့်တဲ့ အိတ်အမဲသေးသေးလေးရယ်၊ ရုံးထဲဝင်တဲ့ လုံခြုံရေးကဒ်ပြားရယ်၊ ဖုန်းနဲ့ နားကျပ်ရယ်၊ ကားသော့ရယ်၊ အလှပြင်ပစ္စည်းထဲ့တဲ့ အိတ်အစိမ်းနုလေးရယ်၊ ဖတ်လက်စ စာအုပ်နဲ့ စာအုပ်မှာ ရေးဖို့၊ တားဖို့ ဘောပင်နဲ့ high-lighter ရယ် ဒါပါပဲ။ စာအုပ်တစ်အုပ်အုပ် ဖတ်မနေတဲ့ ရက်တွေဆိုရင်တော့ လက်ငါးလုံးလောက်ပဲရှိတဲ့ အိတ်အသေးပျော့ပျော့လေး ကိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာမှ မသယ်ချင်သူပါ။ အကြွေထဲ့တဲ့ အိတ်အမဲ သေးသေးလေးတစ်ခုလဲ ရှိပါတယ်။ ပျောက်နေတာ နှစ်ရက်ရှိပြီ ဒါကြောင့် ဒီပုံထဲမှာ မပါပါဘူး။

အိတ်အစိမ်းနုရောင်ကိုလဲ ဘလော့ဂါ ညီမတော် အစ်မတော်တွေအတွက်ဖွင့်ချပါမယ်။ သူတို့ စိတ်ဝင်စားမယ်ထင်လို့ပါ။ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ တစ်ကယ်တော့ အဲဒီထဲက ပစ္စည်းတွေကို စိတ်ထင်တဲ့ ရက်မှ သုံးတာပါ။ စိတ်မထင်တဲ့ရက်ဆို အအေးဓာတ်ခံနိုင်ဖို့ မျက်နှာကို လိုရှင်းပွတ်၊ နှုတ်ခမ်းကို lip gloss ပွတ်ပြီး ရုံးကို ပြေးတော့တာပါပဲ။
ကဲ… ဒီမှာပါရှင်။



ပုလင်းလေးက hand moisturizer, နောက်တော့ lip gloss, lip liner, mascara and curler, shadow, compact, စိတ်ရှုပ်တဲ့နေ့ ဆံပင်သပ်တင်ရန်အတွက် paper clip ရှာမတွေ့သော နေ့တွေမှာ တပ်ရန် အတွက် ကလစ်လေးများ (ကျပျောက်တတ်လွန်းလို့ သုံးလေးခု ထဲ့ထားပါတယ်)။ ကျန်တဲ့ လက်စွပ်နဲ့ နားကပ်က ဘယ်တုန်းက ချွတ်ပြီး အိတ်ထဲထဲ့ထားလဲမသိ။ ဒီလိုပဲ နဲနဲလက်လေးတဲ့ နေ့၊ နားရွက်လေးတဲ့နေ့ဆိုရင် ချွတ်ပြီး တွေ့တဲ့နေရာ တစ်ခုခုမှာ ထားလိုက်မိတတ်လို့ ငယ်ငယ်ကဆို အမေရဲ့အဆူကို ခဏခဏခံရတတ်ပါတယ်။ ဆက်လက်ပြီး တက်ဂ်မှာကတော့…. ဒီပိုစ့်ကိုဖတ်ပြီး အခြားသူများ တက်ဂ်လုပ်ထားတဲ့ အထဲမှာ မပါသော ဘလော့ဂါ မမလေးများပဲ ဖြစ်ပါတယ်ရှင်။

LinkWithin

Related Posts Plugin for WordPress, Blogger...