မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, October 29, 2007

ဘ၀ခြားလို့လေလား



Yan: မလေးရေ.... သရဲအကြောင်းရေးဖို့ Tag တယ်ဗျာ. မလေးက ၀တ္တုရေးတာ သိပ်ကောင်းတော့ ရေးတာတွေ တကယ်ကို ပြောင်မြောက်မှာ သေချာတယ်. နော်မလေးနော်. ရေးပေးနော်...
လို့….ကိုရန်အောင်က Halloween နဲ့ပတ်သက်ပြီး ကျွန်မကို ရေးခိုင်းတာနဲ့ ရေးမိပါပြီ။

ပထမဆုံး သူတို့ကို သရဲလို့ ဝေါဟာရ မတတ်ဘဲ ၀ိညာဉ်များလို့ တတ်ခွင့်ပေးပါ။ သူတို့ကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ချင်လို့ တစ်ပိုင်းသေနေတဲ့ ကျွန်မ၊ သေဆုံးခြင်းရဲ့ တစ်ဘက်မှာ တစ်စုံတစ်ရာ ရှိနေတယ်ရယ်လို့ လက်တွေ့ သိချင်တဲ့ ကျွန်မ၊ သူတို့နဲ့ ဆုံလောက်တဲ့ နေရာတွေကို တစ်ယောက်ထဲ သွားဖူးပါတယ်။ သူတို့ကို ရှာဖူးပါတယ်။ ခေါ်ဖူးပါတယ်။ တွေ့ချင်လွန်းလို့ တွေ့ပါရစေရယ်လို့ တောင်းပန်ဖူးပါတယ်။ ဆောက်တည်ရာမရ၊ ပေါက်ကွဲအော်ဟစ်လို့ ထွက်လာကြစမ်းပါလို့လဲ စိန်ခေါ်ဖူးပါတယ်။

ကျွန်မ သိပ်ချစ်သူတွေ ဒီကမ္ဘာက ထွက်ခွာသွားတိုင်း ကျွန်မ ည ညတွေ ခြံထဲဆင်း၊ ငုတ်တုပ်ထိုင်၊ တွေ့လေမလား၊ မြင်လေမလားရယ်လို့ ပေတရာလမ်းမပေါ် တစ်ယောက်ထဲလျောက်လို့ ရှာခဲ့ဖူးပါတယ်။



စာတမ်းတွေ၊ သုတေသနတွေကတော့ သေဆုံးပြီးသွားသူတွေဟာ ဒီ dimension မှာ ဆက်လက်တည်ရှိနေတာဟာ လုပ်စရာအလုပ်ကျန်နေသေးလို့၊ ဒါမှမဟုတ် ကျန်ရစ်သူတွေကို မထားခဲ့နိုင်သေးလို့၊ သူတို့ခန္ဒာသေဆုံးသွားပြီဆိုတာကို မသိသေးလို့လို့ဆိုပါတယ်။ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်တွေထဲကလို ကြောက်စရာ၊ လန့်စရာ၊ အပျင်းပြေ ပျော်တော်ဆက် ဖျော်ဖြေရာတွေထက် (တစ်ကယ်တမ်း တခြားဒိုင်မင်းရှင်း တစ်ခုခုမှာ သူတို့ ရှိနေတယ်ဆိုရင်ပေါ့) သနားစရာ၊ ကိုယ်ချင်းစာနာစရာ ၀ိညာဉ်တွေပါ။ တစ်ခါတစ်ရံမှာ သူတို့မကျွတ်လွတ်လို့ သူတို့ရှိနေတာဆိုပြီး ကြောက်နေတာထက် လုပ်ကိုင်စရာ ကိစ္စကို ပြီးပြတ်အောင် ဆက်လုပ်နေရသူတွေအနေနဲ့ လေးစားသင့်ပါတယ်။ ကူညီသင့်ပါတယ်လို့ ထင်ပါတယ်။ သူတို့တွေနဲ့ ကိုယ်တွေနဲ့စာရင် ဒီအတ္တဘောကြီးတွေကို ဖြည့်ဆည်းနေရတဲ့ ကိုယ်တွေက၊ ရက်စက်ညှင်းပန်းသတ်ဖြတ်နိုင်တဲ့၊ နှုတ်အား၊လက်အားတွေနဲ့ အချင်းချင်းနာကျင်စေတဲ့ ကိုယ်တွေက ခန္ဒာမရှိတော့တဲ့ သူတို့ထက် ပိုကြောက်ဖို့ကောင်းမယ်လို့ ထင်ပါတယ်။



အချို့တွေပြောတာကတော့ ဒီကမ္ဘာကြီးက ထင်ထားတာထက် လူဦးရေတွေ ကျပ်ညှပ်နေပြီလို့ ဆိုပါတယ်။ မြင်ရသောကိုယ်၊ မမြင်ရသောကိုယ်တွေနဲ့ ပြည့်ကျပ်နေပြီ၊ ဟိုဘက် dimension နဲ့ ဒီဘက် dimension တွေ ပွတ်တိုက်နေပြီလို့ဆိုပါတယ်။ ဘာသာရေးအယူတွေအရ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ငရဲပြည်တွေဟာ ဂယ်လက်ဆီတွေအဆင့်ဆင့်ဖြတ်မှ ရောက်တယ်လို့ ထင်တဲ့အထဲမှာ ကျွန်မတော့ မပါပါ။ (မှန်သည်မှားသည်မဆိုလိုပါ၊ မည်သူမျှလဲ သက်သေမပြနိုင်သေးပါ) ငရဲဆိုတာလဲ ပွက်ပွက်ဆူတဲ့ ဆီအိုးသာမှန်ရင် ဒါတွေဟာ ဥပမာအလင်္ကာတွေပဲ ဖြစ်မည်ထင်ပါတယ်။ ကောင်းကင်နဲ့ ငရဲဟာ နောင်ဘ၀တွေမှာ ရှိသည်၊ မရှိသည်ထက် ယခုဘ၀မှာ ရှိနေတာတော့ သေချာပါတယ်။

စာတမ်းများ၊ သုတေသနပေါင်းများစွာလဲ ဖတ်ရလွန်းလို့ အလွတ်ရကာနီးပေမယ့်လည်း ကိုယ်တိုင် လက်တွေ့မကြုံတွေ့ရသမျှ ယုံရခက်လို့……..။
သူတို့ လဲလျောင်းရာနေရာကို တစ်နေ့တော့ ညနေစောင်းလောက်မှာ တစ်ယောက်တည်း ရောက်သွားပါတယ်။ ကားလမ်းမကြီး တဘက်က လူသေတို့ အိပ်စက်ရာ နေရာကတော့ ပန်းတွေ၊ ရောင်စုံသစ်ပင်တွေ၊ ငှက်ကလေးတွေ၊ ရှဉ့်ကလေးတွေ၊ ညနေခင်းလမ်းလျောက်သူအချို့တွေနဲ့ ပိုတောင်မှ အတ္တတွေကင်းလို့ အေးမြနေပါသေးတယ်။ မြို့ပြရဲ့ ပူလောင်တဲ့ အရိပ်တွေကင်းဝေးလို့ ငြိမ်းချမ်းမှုတွေကို ခံစားနေရပါတယ်။

ညတော်တော်မှောင်လာတော့ ကျွန်မ ပျင်းရိလာတယ်။ ရှစ်နာရီထိုးနေပြီ၊ မြက်ခင်းစိမ်းပေါ်မှာ လမ်းလျောက်ရင်း နဲနဲ စိတ်တိုလာပါတယ်။ ဒီလောက် လူတွေလူတွေ အိပ်စက်နေတာ၊ တစ်ယောက်တစ်လေမှတောင် အရိပ်အယောင်တောင်မပြကြဘူးလားရယ်လို့ ကျွန်မ ဒေါသထွက်လာပါတယ်။ အကုန်ကျွတ်လွတ်လို့ ကမ္ဘာမြေကြီးကို တစ်ယောက်မှ လှည့်မကြည့်တာတော့ မဖြစ်နိုင်၊ ဒီလောက်ရာထောင်ချီမြှုပ်ထားတဲ့ နေရာမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ ကျန်နေရမှာပေါ့။




အိပ်မက်တွေ၊ သစ်ပင်လှုပ်တာတွေ၊ ကြက်သီးထတာတွေ အဲဒါတွေက မိမိကိုယ်ကဖြစ်တတ်တာတွေလဲ ပါတာမို့ မျက်လုံးနှစ်လုံးနဲ့ကို တွေ့ရမှ ကျေနပ်နိုင်မှာမို့ ကျွန်မ အသံထွက်ပြီးကို စိန်ခေါ်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်တယ်။ တိတ်ဆိတ်နေတယ်၊ ထပ်ပြီး နှုတ်ကထွက်ပြီးကို စိန်ခေါ်တယ်၊ တောင်းပန်တယ်၊ စကားပြောတယ်၊ အကုန်လုံးကို တောင်းပန်တယ်။ မမြင်နိုင်သောအရာကို မြင်ရတဲ့ စက္ကုအာရုံပေးပါဘုရားလို့တောင် တောင်းလိုက်တယ်။ အရမ်းတိတ်ဆိတ်နေတယ်။ ဘာမှ ထူးထူးခြားခြားမတွေ့ရဘူး။

အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက ခြုံပုတ်က လှုပ်လာတယ်။ ကျွန်မ အားတက်သွားတယ်။ စိတ်လှုပ်ရှားတယ်။ ခြုံပုတ်ထဲကို စိုက်ကြည့်နေတယ်။ တစ်ကယ်ဖြစ်လာတော့ ကျွန်မ အသက်ရှုဖို့မေ့နေတယ်။ ခြုံပုတ်က ပိုလှုပ်လာတယ်။ နောက်ဆုံးတော့ ခြုံပုတ်ထဲက တစ်ကယ်ကို ထွက်လာပါတော့တယ်။ ကျွန်မ တစ်ကယ်ကိုကြောက်သွားတယ်။ ကျွန်မမျက်လုံးနဲ့ကိုမြင်တာပါ။ သော့ကိုနှိပ်ပြီး ကားတံခါးကို အဝေးက လှမ်းဖွင့်ထားလိုက်တယ်။ တွိတွိဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အကျယ်ကြီး ပဲ့တင်ထပ်သွားတယ်။ အဲဒီအသံကြောင့် ထိုအရာကလဲ တုံ့သွားတယ်။
ကျွန်မ ကြောက်တာမှ အရမ်းကြောက်နေတယ်။ ဒါပေမယ့် ကျွန်မကားဘက်ကို ဖြည်းဖြည်းချင်း ခြေလှမ်းဆုတ်ဆုတ်ပြီး နောက်ပြန်သွားတယ်။ မျက်လုံးက မလွတ်စေပဲ စောင့်ကြည့်နေတယ်။ ထိုအရာကလဲ စိုက်ကြည့်နေတယ်။ ကျွန်မရင်တွေ အရမ်းတုန်နေခဲ့တယ်။ ကားနားရောက်တော့ တံခါးဖွင့်ပြီး မြန်မြန်ဝင်ထိုင်လိုက်ပါတယ်။

ပြီးတော့……..
ပြီးတော့……..

ကျွန်မ ခွက်ထိုးခွက်လန် ရယ်မောလိုက်ပါတယ်။ ကျွန်မအသံထွက်ပြီး ပြောလိုက်ပါတယ်။
“Lord, this is not what I asked for” လို့။
ပြီးတော့ ကျွန်မ၀မ်းနဲသွားတယ်။ ဒါပေမယ့် ကျွန်မလိုချင်တဲ့ အဖြေကို ကျွန်မ မရလိုက်လို့ ကျွန်မ ၀မ်းနဲခဲ့ပါတယ်။ ကျွန်မ တွေ့လိုက်တာ ခွေးအနှစ်ကောင်ပါ။ ကျွန်မ တကယ်လဲ ကြောက်ပါတယ်။ ခွေးအ ကို ကျွန်မကြောက်တယ်။

တစ်ကယ်တော့ အခုထိ ၀ိညာဉ်တွေနဲ့ စကားစမည်ပြောဖို့ ကျွန်မ မျှော်လင့်နေဆဲပါ။ ကိုယ်ကိုတိုင် မျက်မြင်ကိုယ်တွေ့ မသေခင်တော့ တွေ့ချင်သေးတယ်လို့လဲ ကျွန်မ ဆက်လက်ဆုတောင်းနေဦးမှာပါ။ ရှိစေချင်ပါတယ်။ သူတို့တွေကို ရှိနေစေချင်တယ်။ ဘ၀တွေ၊ ၀ိညာဉ်တွေကိုလေ… သေဆုံးပြီး ဘာမှ မရှိတော့တဲ့ သုညထက်စာရင်…. သူတို့ရှိနေပါစေလို့…။ တစ်ကယ်တမ်း Halloween ညတွေမှာ သူတို့ပျော်တယ်ဆိုရင်တောင် ပျော်ကြပါစေ။ အိမ်အပြန်လမ်းပျောက်သူတွေလဲ လမ်းရှာတွေ့ပါစေ။ အလင်းတန်းကိုတွေ့ကြပါစေ။ တပ်မက်မှုတွေ၊ အတ္တတွေ၊ ခွင့်မလွှတ်နိုင်မှုတွေမှ ကင်းဝေးလို့ လွတ်မြောက်တဲ့၊ သာယာတဲ့ နေရာကိုရောက်ကြပါစေ…….. လို့..။ သံသရာမှ ကျွတ်ချင်သူတွေ ကျွတ်ကျပါစေ၊ ဘုရားသခင်ဆီရောက်ချင်သူတွေ ရောက်ကြပါစေ၊ ကောင်းကင်ဘုံရောက်ချင်သူတွေ ရောက်ကြပါစေ၊ နှိဗာန်ရောက်ချင်သူတွေ ရောက်ကြပါစေ။

အခွင့်သာမယ်ဆိုရင်လဲ ကျွန်မကိုယ်တိုင် ၀ိညာဉ်တစ်ဦးဦးကို မျက်မြင်ကိုယ်တွေ့ တွေ့ပါရစေလို့…….


Friday, October 26, 2007

စောင်းအိုရှင်နဲ့ မြင်းဖြူရှင်

သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံလေး တစ်ပုံ ပို့လာတယ်။ အဲဒီပုံလေးကို မြင်ပြီး ငယ်ငယ်က ဖတ်ဖူးတဲ့ ရင်ထဲစွဲနေတဲ့ ပုံပြင်လေး တစ်ပုဒ်ကို သွားသတိရလိုက်မိတယ်။

တစ်ခါက တိုင်းပြည်တစ်ခုမှာ နန်းရှင်ဘုရင်ကြီးတစ်ပါးရဲ့ သမီးတော် တစ်ပါးရှိသတဲ့။ အဲဒီသမီးတော်လေးကို မိထွေးတော်က မုန်းမုန်းနဲ့ တောထဲက ရဲတိုက်တစ်ခုထဲမှာ လှောင်ပိတ်ထားတာပေါ့။ ရဲတိုက်တံခါးကိုလဲ ကျိန်စာတွေနဲ့ ပိတ်ထားတယ်တဲ့။ ဘယ်သူမှ ဖွင့်မရအောင်လို့။ ရဲတိုက်နားကို ကြိုးတွေဘာတွေနဲ့ တက်မရအောင်လဲ အမျိုးမျိုး ကာရံထားတယ်။ သမီးတော်လေးက ရဲတိုက်ထဲမှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ နေရတယ်။ အနီးအနားတိုင်းပြည်က မင်းသားတွေကလဲ သမီးတော်လေးကို ကယ်တင်ဖို့ ရထားလုံးနဲ့တစ်ခါ မြင်းနဲ့တဖုံ၊ ရောက်ရောက်လာကြပေမယ့် ရဲတိုက်တံခါးဝက ကျိန်စာကို ဖတ်ပြီး ပြန်ပြန်လှည့်သွားကြတယ်။

တစ်နေ့ကျတော့ အညတရ စောင်းသမားရှင်တစ်ယောက်က စောင်းပိုက်လို့ ရောက်လာတယ်။ မင်းသမီးလေးရှိရာ ရဲတိုက်ပြူတင်းပေါက်ကို မော့ကြည့်တယ်။ မင်းသမီးလေးကလဲ နုံနုံချာချာ စောင်းသမားရှင်ကို ငုံ့ကြည့်တယ်။ စောင်းသမားရှင်က ရဲတိုက်အောက်ခြေ တံခါးဝက စာကို ဖတ်ပြီး ထုံးစံအတိုင်း ခေါင်းငိုက်စိုက်ချ ထွက်သွားတာပေါ့။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းမှာ မင်းသားတစ်ပါးက မြင်းဖြူကြီးစီးပြီး ရပ်ကြည့်နေတယ်။ သူလဲပဲ ကျိန်စာကို ဖတ်ပြီး ခေါင်းငိုက်စိုက်ချ ထွက်သွားတယ်။

ဒါပေမယ့် နောက်ရက်တွေမှာ မြင်းဖြူရှင်နဲ့ စောင်းသမားတို့က ထပ်ရောက်လာတယ်။ ရောက်လာပြီး အဲလိုပဲ ပြန်လှဲ့သွားတယ်။

တစ်နေ့တော့ ရဲတိုက်တံခါးကြီးက ပွင့်နေတယ်။ မင်းသမီးလေးက ရဲတိုက်လှေကားတွေပေါ်က ဖြည်းဖြည်းချင်း ဆင်းလာတယ်။ ခပ်လှမ်းလှမ်းမှာ မြင်းဖြူရှင်က မြင်းပေါ်ကစောင့်နေတယ်။ မင်းသမီးက မြင်းဖြူရှင်ဆီ လျှောက်သွားတယ်။ မြင်းဖြူရှင်က မင်းသမီးကို မြင်းပေါ်တင်ပြီး ထွက်ခွာသွားတယ်။

ရဲတိုက်ခြေရင်းမှာတော့ စောင်းသမားရှင်က လဲကျနေတယ်။ သူ ရီဝေနေတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်းဝေးသွားတဲ့ မြင်းပေါ်က မင်းသမီးလေးကို ကြည့်နေတယ်။

ရဲတိုက်တံခါးဝမှာ ရေးထားတဲ့ကျိန်စာကလေ…

မင်းသမီးလေးကို လွတ်မြောက်စေချင်ရင် တစ်ကယ်မေတ္တာစစ်နဲ့ ချစ်တယ်ဆိုရင်၊ ရဲတိုက်တံခါးကို ဖွင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိနှလုံးသွေးနဲ့ ရဲတိုက်တံခါးကို ပက်ဖျန်းပေးလိုက်ပါတဲ့။ အဲဒီတနည်းနဲ့ပဲ ကယ်တင်နိုင်မယ်လို့ ရေးထားတာပါ။

စောင်းသမားရှင်ဟာ မြေပြင်ပေါ်မှာ လဲကျနေရင်း၊ သူ့လက်ထဲက ဒါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မင်းသမီးလေး လွတ်မြောက်သွားတာကို ကျေနပ်စွာငေးကြည့်နေခဲ့တယ်…….။ မင်းသမီးလေးကတော့ သူ့ကိုယ်ပေါ်ကိုတောင် ကျော်လွှားသွားတယ်လို့ မူရင်းစာရေးသူက ဇာတ်နာအောင် ရေးထားတာပေါ့ကွယ်။

ပုံပြင်လေးကတော့ အဲဒါပါပဲ။

ဒါပေမယ့်….

ဒီဓာတ်ပုံထဲက မင်းသမီးကတော့ မြေပုံလေးကို သံယောဇဉ် မပြတ်ပဲ စောင်းငဲ့ကြည့်နေခဲ့ပါတယ်။


Monday, October 22, 2007

ကျွန်မ နှစ်သက်သော တောင်တန်းများ

ဘာရယ်မဟုတ် အသစ်မတင်ဘူးလား အော်နေသော သူငယ်ချင်းများတွက်
နွေတုန်းက ဒီနားက ရေကန်တစ်ခုကို အသွားလမ်းမှာ ရိုက်ထားတာပါ။


ဆယ်မိနစ်လောက် မောင်းရင် မြို့ပြင်ကို ရောက်သွားပါတယ်။
တိမ်တွေကြားမှာ ပုန်းနေတဲ့ Mt. Baker....




ကနေဒါ-ယူအက်စ် ဘော်ဒါနားက တောင်တန်းတွေ




မြင်းကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်အတွက်...ွ
ဆိတ်နှစ်ကောင်ပါ အဆစ်ပေးလိုက်တယ်


သောင်စပ်က ဘီကီနီမလေးတွေကို ရိုက်ခဲ့ခိုင်းတဲ့ နောက်ထပ်သူငယ်ချင်းတွက်
သောင်စပ်မှာတော့ အများကြီးပဲ..
အနီးကပ် တော့ မရိုက်ခဲ့နိုင်တာ ခွင့်လွှတ်…






ပြောင်းခင်းရှင် လယ်သမားရဲ့ ဆောက်လက်စ အိမ်


ကျွန်မနှစ်သက်တဲ့ စိမ်းပြာရောင်..

Tuesday, October 16, 2007

နှင်းဆီဖြူ

ပြောင်လက် တောက်ပနေတဲ့ အခန်းထဲက ဒေါင့်တစ်ထောင့်က ကုပ်တိုင်မှာ ချိတ်ထားတဲ့ ၀တ်ရုံနီကြီးကို လှမ်းကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။ လက်ထဲက ဖတ်နေတဲ့ စာရွက်အချို့ကို စားပွဲပေါ်ကို ခပ်ကြမ်းကြမ်းပစ်ချလိုက်တယ်။ ကုလားထိုင်ကထပြီး ကုပ်တိုင်ဘက်ကို လမ်းလျောက်သွားတယ်။ ချိတ်ထားတဲ့ဝတ်ရုံနီကိုလှမ်းယူ၊ လွှားခနဲ ၀ိုက်ပြီး ခြုံလိုက်တယ်။ နံရံပေါ်က ကိုယ်လုံးပြည့်မှန်ထဲက ကိုယ့်ကိုကိုယ် ကျေနပ်စွာ တစ်ချက်ကြည့်လိုက်တယ်။
ပြီးတော့ ခုံရုံးခမ်းမဘက်ကို ဟန်ပါပါလျှောက်လာခဲ့တယ်။

ခမ်းမကြီးထဲမှာ ပခုံးပေါ်မှာ အရောင်တလက်လက်တောက်နေတဲ့ ဘားတွေ၊ ခေါက်ရိုးမကျိုးတဲ့ စစ်ဝတ်စုံတွေ၊ ပြောင်လက်နေတဲ့ ရှုးဖိနပ်တွေ။ ညာဘက်မှာတော့ အစောင့်အကြပ်တွေ တင်းကျပ်စွာချထားကြားမှာ ငုတ်တုပ်ထိုင်နေတဲ့ လူငယ်သုံးယောက်။

ထိုင်နေကြ ခမ်းနားလှတဲ့ ခုံကြီးပေါ်မှာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ်။ တရားခံတွေကို တစ်ယောက်ပြီး တစ်ယောက်ရှေ့ကို ဆွဲထုတ်လာစေတယ်။ သူတို့မျက်နှာတွေကို စေ့စေ့ကြည့်လိုက်တယ်။ အလွန်ဆုံးရှိမှ နှစ်ဆယ်၊ နှစ်ဆယ့်တစ်ပေါ့။ တက္ကသိုလ်ကျောင်းသားပေါက်စတွေ၊ နိုင်ငံရေးအကြောင်း ဘာများ သိမှာမို့လို့လဲ။ လက်ဝဲ၊ လက်ယာ၊ နိုင်ငံတော်ဆိုရှယ်လစ်ပါတီ၊ ဂျူးဆန့်ကျင်ရေး၊ ဆီမက်တစ်ဝါဒ၊ ဘယ်လောက်များ သိမှာမို့လို့လဲ။ မဖြစ်ညစ်ကျယ် ဦးနှောက်လေးတွေနဲ့ ဟစ်တလာ ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး ၀ါဒတွေကို စာတစ်တန်ပေတစ်တန်ဖွဲ့လို့ လိုက်ဝေနေကြတာ။ ဘာတဲ့…။ သူတို့ကိုယ် သူတို့လဲ နှင်းဆီဖြူဂိုဏ်းတဲ့..။

“ဘယ်လိုမှ ဒီစစ်ကို ဂျာမန်တွေ မနိုင်ဘူးဆိုတာ ခင်များကြီး သိရဲ့လား”
ဒီလို အဆောင်အယောင် အပြည့်ကြားထဲမှာတောင်မှ၊ စစ်ဖိနပ်တွေကြားထဲမှာတောင်မှ သတ္တိရှိပြနေသေးတဲ့၊ သူ့နေရာကနေ အပေါ်ကိုမော့ကြည့်ပြီး လည်ပင်းကြောတွေ ထောင်အောင် အော်ပြောနေတဲ့ လူ့ငနွားလေးမျက်နှာကို စိုက်ကြည့်လိုက်တယ်။
“မှတ်ထား၊ ငါတို့ ဂျာမန်တွေ ဒီစစ်ကြီးကို အရှုံးကြီး ရှုံးလိမ့်မယ်
ခုံရုံးခမ်းမထဲက ဂျာမန်စစ်ဗိုလ်တွေ မသိမသာ ခေါင်းငိုက်စိုက်ကြသွားတယ်။

“ဟားဟားဟား၊ မင်းတို့ အသက်က ငါ့လက်ထဲမှာ ရှိတယ်ဆိုတာ သိတယ်မဟုတ်လား”
အသံသြကြီးနဲ့ အော်ကြီး ဟစ်ကျယ် အော်ရီပစ်လိုက်တယ်။ ခုံရုံးတစ်ခုလုံး ခြောက်ခြောက်ခြားခြား ရယ်သံကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။

“မင်းတို့ကိုယ် မင်းတို့ ဘာထင်နေလဲ၊ ဂျာမန်အချင်းချင်း သစ္စာမဲ့သူတွေပဲ။ ဟစ်တလာကို သစ္စာဖောက်သူတိုင်းဟာ တိုင်းပြည်သစ္စာဖောက်တွေပဲဆိုတာ မင်းတို့ မသိကြဘူးလား”
“ကဲ… မင်းတို့အသက်အတွက် မင်းတို့ အသနားခံကြပေတော့”

ပထမဆုံးတစ်ယောက်က မသိမသာ အံကြိတ်ခေါင်းငုံရင်း အိမ်မှာ ကျန်ခဲ့တဲ့ ကလေးသုံးယောက် မျက်နှာကိုထောက်လို့ အသက်ကို ချမ်းသာပေးဖို့ အသနားခံနေလေရဲ့။
စိတ်ထဲက ကြိတ်ရယ်လိုက်တယ်။ ဒီခုံရုံးဟာ ဟန်ပြ ခုံးရုံးသတ်သတ်လေ။ အစထဲက တရားရုံးဆုံးဖြတ်ချက်က ချပြီးသားပဲ။ သေခါနီး ဂယောင်ခြောက်ခြား အသက်ကို ချမ်းသာပေးဘို့ တောင်းဆိုပုံကို အရသာခံကြည့်မလို့။

ဒုတိယတစ်ယောက်ကတော့ ပြတ်သားတိကျတဲ့ မေးရိုးတွေကို ထောင်နေအောင် အံကြိတ်ထားရင်း
“အမှန်တရားအတွက် ဆယ်ခါပြန်သေရဲတယ်ဟေ့” လို့ တခန်းလုံး ပဲ့တင်ထပ် အော်ဟစ်လိုက်တယ်။ သနားပါသေးတယ်။ မင်းလဲ နေဖို့ မထိုက်တန်ဘူး။

“ဇိုဖီယာရှိုးလ်”
ဟိန်းထွက်နေအောင် အော်ပစ်လိုက်တယ်။ ကောင်မလေး အံကိုကြိတ်ရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်တယ်။
“မင်းကော ဘာပြောချင်လဲ”

“တစ်နေ့ ငါတို့ ရပ်နေတဲ့ နေရာမှာ နင်ရပ်ရလိမ့်မယ်”

“ဘာ”
သွားစမ်းပါ။ ကိုယ့်အသက်တောင် ကိုယ်မပိုင်သူတွေ။ အမိန့်တစ်ချက်ပဲလိုတယ်။
မတ်တပ်ရပ်လိုက်တော့ အားလုံး မတ်တပ်ရပ်ကြတယ်။
အမိန့် ချနေပြီ။

သွားကြ၊ အားလုံးသေကြ၊ လူသုံးထောင်ပတ်ဝန်းကျင်ရဲ့ အသက်တွေက ငါ့အမိန့် လေးတစ်ခုအောက်မှာ ကြက်ကလေး ငှက်ကလေးပဲဆိုတာ မင်းတို့သိထားလိုက်ကွ။ တစ်ခုတော့ပြောလိုက်မယ်။ သူများတွေလို ၉၉ရက် အချိန်မပေးဘူး။ နာရီပိုင်းအတွင်း ဒီကမ္ဘာထဲက ထွက်သွားကြတော့။ တစ်ခုတော့ ပြောလိုက်မယ်နော်။ ဒါသက်ညှာမှုတစ်ခု။

**********

နာလိုက်တာ၊ ကျင်လိုက်တာ။
ငါ့ကိုယ်ပေါ်က တိုင်လုံးကြီးပိနေတာ ဘယ်လောက်ကြာနေပြီလဲ။
ဟော.. အပြင်မှာလဲ လေယာဉ်သံတွေ၊ ဗုံးသံတွေ။
ငါ့ပတ်ဝန်းကျင်မှာ နှင်းဆီဖြူဂိုဏ်းရဲ့ နာဇီဆန့်ကျင်ရေး စာရွက်တွေလဲ ဖြူဖွေးနေပါလား။
လေယာဉ်တွေပေါ်က ကြဲချနေတာလား။
အား.. ကျွတ်ကျွတ်..
ငါသတ်မိန့်ပေးသူတွေကို မနာကျင်အောင် သတ်စေခဲ့ပေမယ့် ငါ အခု အရှင်လတ်လတ် ငရဲကျနေသလိုပါပဲလား။ တစ်ကယ်ပါ အသက်ညှာဆုံး၊ မခံစားရစေဆုံး သတ်စေတာတောင် ငါအခုခံနေရပါလား။ လှုပ်လို့လဲမရ။

ငါ့မိန်းမ ငါ့ကိုစွန့်ခွာသွားပြီ။ သတ်မိန့်ပေါင်း သုံးထောင်နီးပါးချထားတဲ့ သွေးစွန်းနေတဲ့ ငါ့လက်တွေ၊ ငါ့နှုတ်ခမ်း၊ ငါ့မျက်နှာကြီး၊ ငါ့ကိုယ်ကြီးနဲ့ ဝေးရာကို ငါ့မိန်းမထွက်ခွာသွားခဲ့တာလဲကြာပေါ့။

ငါ့သားလဲ ငါ့ကို ထားခဲ့ပြီ။ ငါ့ရဲ့ သွေးစွန်းတဲ့ အသက်မွေးမှုကို မခံနိုင်တော့လို့ သူ့ကိုယ်သူ အဆုံးဆီရင်သွားခဲ့ပြီ။
ငါသေချင်လှပါပြီ။ ဝေဒနာမခံစားနိုင်တော့ဘူး။
လူတွေကို သတ်မိန့်ပေးခဲ့တဲ့ ဒဏ်တွေကို ငါသေခါနီးကျတော့ မချိမဆန့် ခံစားနေရပြီလေ။

ငါ့သမိုင်းကို ငါရေးနေတယ်။
ဟုတ်တယ်။ ငါဆိုတဲ့ ရိုဟန်ရိုက်ခဟတ်ဆိုတာ လူယုတ်မာ၊ လူမဆန်တဲ့ လူယုတ်မာပေါ့။
ငါ့ကို သတိရရင် လူပေါင်း သုံးထောင်ကို ခေါင်းဖြတ်သတ်စေလို့ အမိန့်ချသူ မရဏမင်းအနေနဲ့ လူတွေ သတိရကြတော့မယ်။ တစ်ကယ်တော့ ဟစ်တလာ အလိုပြည့်ဘို့ ဖြည့်စွမ်းခဲ့ရသူတစ်ယောက်ပါလား၊ ဟိုဘက်ခြမ်းမှာ ငါ့ကို ဘာတွေ စောင့်နေကြမလဲ။ တစ်ကယ်ရင်ဆိုင်ရတော့ ငါသွေးပျက်နေပြီ။
ခရစ်တိုဖာပရောဘ်၊ ဟန်စ်ရှိုးလ်၊ ဇိုဖီယာရှိုးလ် ဆိုတာတွေကတော့ မြူးနစ် ယူနီဗာစီတီ ရဲ့ ပြောင်လက်တောက်ပတဲ့ ကျောက်ပြားခင်း ခမ်းမကြီးတွေရဲ့ နံရံတွေပေါ်မှာ လူငယ်လူစွမ်းကောင်းတွေအဖြစ်၊ သူတို့ရဲ့ ရုပ်ထုတွေ ကြီးကျယ်ခမ်းနားစွာ နေရာယူကြတော့မယ်။

သေခြင်းတရားကို ဆိုးရွားတယ်လို့ လူတွေ ဘာလို့ထင်ကြသလဲ။ ပြောကြစမ်းပါ။
ရှင်လျှက် ခံနေရတာထက်၊ သေသွားတာ ပိုမကောင်းဘူးလား။
ငါသေပါရစေတော့၊ ငါ့ဝေဒနာတွေ ချုပ်ငြိမ်းပါစေတော့။

(သမိုင်းကို ပြန်လည်ခံစားပါသည်)

Wednesday, October 10, 2007

ဒီနေရာမှာ

ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။
………….

ဒီနေရာမှာ
သာနေတဲ့ “လ”၊ ပြာနေတဲ့ “ရေ”
စိုပြေတဲ့ “လေ”၊ သကာရည်လောင်းတဲ့ “ဆောင်း” နဲ့
အညောင်းမိနေတဲ့ “မေ”
…….

ဒီနေရာမှာ
ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေ၊
အပြစ်တင်မှုတွေ၊ မြှောက်ပင့်မှုတွေ၊
မလိုမုန်းထားမှုတွေ၊ အားကျမှုတွေ၊
စိတ်ပျက်မှုတွေ၊ စိတ်ခွန်အားတွေ
အတိတ်တွေ၊ အနာဂတ်တွေ၊
ပစ္စုပန်တွေ၊ တေလေတွေ၊
အသိနက်နက်တွေ၊ နဝေတိမ်တောင်တွေ
စာအုပ်ကြီးသမားတွေ၊ individualist တွေ
Naturalist တွေ၊ Existentialist တွေ
centrist တွေ…
ဘယ်သူမှ မရှိ…
ရှိနေတာက…
“လ” “ရေ” “လေ” “ဆောင်း”
အကြောင်းတွေမသိလို့ အေးချမ်းချငိတဲ့ “မေ”
ကိုယ်တစ်ယောက်ထဲ နေပါရစေ။

လာတယ်ဆိုလဲ
ကန်သာဘေးရပ် စကားမဟနဲ့နော်…
ဝန်းကျင်ကာလ ညသဘာဝထဲ
ဖြစ်ပျက်နေမှု၊ တစ်ခုခုမြင်လိုက်ပါလား
ဦးနှောက်ကို ခွဲထုတ်၊ မြက်ခင်းပေါ်ကန်ထုတ်
ခံစားချက်တွေကို နုပ်နုပ်စင်း
အပျင်းပြေ ခဏလောက်ပဲဖြစ်ဖြစ်ပါ
အခန်းလေးခန်းပါတဲ့ ကြွက်သားတစ်စုံနဲ့
ရင်ခုန်ကြည့်လိုက်ပါ။

ထွက်သွားမယ်ဆိုလဲ
နှုတ်မဆက်နဲ့တော့
အရင်ထဲက ကိုယ့်ဟာကိုယ်နေချင်သူမို့
အတုတွေထဲ တ၀ဲလည်ချင်လည်ပါစေတော့
လ သာ ည ကို မငိုစေချင်လို့လေ…….

တစ်ကယ်ပါ…
………..
ဒီနေရာမှာ အစစ်အမှန်တွေ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်။
............
............
ငါ့ လမင်းရေ ခပ်တိုးတိုးသာနေပါနော်…


Saturday, October 06, 2007

ကောင်းရာသုဂတိလားကြပါစေ။

ခုရက်တွေ လူက နေမကောင်းချင်သလိုလို၊ ထုံထုံထိုင်းထိုင်းဖြစ်နေသလိုလို။ မြန်မာပြည်အကြောင်းကလွဲလို့ ဘာကိုမှ စိတ်မ၀င်စားခဲ့တာကြာပါပြီ။ မြန်မာဘလော့ဂ်တွေလဲ မရောက်တာကြာ၊ တစ်ခြားဆိုဒ်တွေလဲ သွားမိရင် စိတ်မကောင်းဖြစ်ရ၊ ကိုယ် အသုံးမကျတာပိုသိသာရနဲ့ နေ့ရက်တွေက လည်ပတ်နေတယ်။

ဖိနှိပ်မှုတွေအောက်မှာ ကြီးပျင်းရလို့ထင်တယ်။ ကျွန်မတို့မျက်နှာမှာ အရိပ်တွေက မြန်မာလူငယ်ဆိုရင် အဝေးကပင်မြင်နိုင်ပါသည် ဆိုသလိုပါပဲ။ အပြစ်မဲ့စွာပျော်ရွှင်တတ်မှု၊ လွတ်လပ်ပေါ့ပါးမှုတွေထက်၊ အရာရာ လိုအပ်သည်ထက် ပိုလို့ အမြဲလေးနက်နေတတ်တယ်။ ကျမချစ်တဲ့ပြည်ဟာ မိဘတွေ မတည့်၊ ဆင်းရဲမွဲတေ၊ ပညာရေးအဆင့်နိမ့်၊ ကလေးတွေကများ၊ မောင်နှမတွေ ဝေစုမတည့်လို့ ရန်ဖြစ်၊ ဘေးက ဂုဏ်ရည်ရှိလူတန်းစားက နှိမ်၊ ဒီကြားထဲ သြဇာသက်ရောက်လို့ မိသားစုတွင်း အချင်းချင်းပြန် အနိုင်ကျင့်တဲ့လူတွေကလဲရှိ၊ အဲလိုမိသားစုကြီး တစ်ခုလိုပါပဲ။ ဒီကြားထဲ တစ်ခြားတစ်နေရာမှာ အခွင့်အရေးလိုချင်လို့ ဒါမှမဟုတ် ထမင်းမ၀လို့ ဒါမှမဟုတ် ရန်တွေဖြစ်ကြလွန်းလို့ အိမ်မှာမနေနိုင်တော့လို့ အိမ်ကထွက်သွားတဲ့ ကျွန်မလို လူတွေကလဲ အများသား။


ဒါတင်ပဲလားဆိုတော့လဲ မဟုတ်ပါဘူး။ I am true-blue American တို့ I am true-blue Canadian တို့ I am true-blue Singaporean တို့ဆိုတာတွေလဲ ကြားနေရသေးတယ်။ ပြောနေတဲ့ သူတွေရဲ့ သွေးကို ဖောက်ထုတ်လိုက်ရင်တော့ ဘယ်လောက်ပဲ ထရှုးပြီး ဘလူးပါစေ “လူသား” ဆိုတဲ့ “သွေး”က ထွက်လာမှာပါပဲ။ ကျန်တာတွေထား တစ်ကယ်တော့ အားလုံးက လမ်းလျောက်နေတဲ့ အရိုးခြောက်တွေပါ။ “လူ” တွေပါ။

ကျွန်မမျက်နှာဟာလဲ ဒီနိုင်ငံက သူတွေနဲ့စာရင် ပိုတည်နေတတ်တယ်။ နေရင်းထိုင်ရင်း တင်း မာမနေတာပဲ ကိုယ့်ကိုကိုယ် ကျေးဇူးတင်ရမလိုလို၊ အို… ခုရက်တွေတော့ တင်းရုံမက၊ နွမ်းလျ၊ စိတ်ကျ၊ နဖူးကြောပါ ရှုံ့နေလိုက်သေးတယ်။

ဘယ်နေရာသွားသွား မြန်မာပြည်ထဲက ဖြစ်တဲ့သိတင်းတွေနဲ့ မဖုံးနိုင် မဖိနိုင် ဓာတ်ပုံတွေက အနှံ့၊ ရထား၊ ကားတွေပေါ်မှာ ဝေတဲ့ လမ်းဘေးသတင်းစာ။ မထင်မရှား ရေဒီယိုသတင်းငှာနလေးတွေက အစ၊ ဘားမားဘားမားနဲ့ ကြားနေရပါတယ်။ တွေ့သမျှ သူငယ်ချင်းတွေက နင်တို့တိုင်းပြည် ဘာဖြစ်နေလဲပဲ မေးနေကြတယ်။ ရုံးမှာလဲ အလုပ်မလုပ်နိုင်ကြပဲ ဒါပဲ မေးနေကြတယ်၊ ဆွေးနွေးနေကြတယ်။

Hitler၊ အမေစု၊ fair trade vs. free trade, ကိုလိုနီနယ်ချဲ့စနစ်၊ လူမျိုးစုတွေများပြားမှု၊ diversity
အို……….
ဘေးကနေ ၀ိုင်းလို့ ထိုင်ပြောနေလို့တော့ အသက်ရှင်မှု ရပ်ဆိုင်းသွားတဲ့ အထိပြောလို့ရနေမှာပဲ။ တစ်ကယ်အသက်ပေးသွားတာ၊ စကားလုံး ကြီးကြီးတွေနဲ့ အင်နာလိုက်ဇ်တွေ လုပ်မနေပဲ တစ်ကယ် ရင်ဆိုင်သွားတာ ကတော့ ပြည်တွင်းက လူတွေပါပဲ။ သူတို့ ပြောတဲ့စကား မှန်ပါတယ်။ ပြည့်အင်အား ပြည်တွင်းမှာပဲ ရှိတယ်။ ဖြစ်သွားတဲ့ အဖြစ်ကိုပဲကြည့်။ ကြက်သီးဖြန်းဖြန်းထလောက်အောင်ပါပဲ။

မင်းတို့တိုင်းပြည်က စစ်တပ်က တော်တော် ခေါင်းမာတာပဲ”
“………….”

ကမ္ဘာတစ်ခုလုံး ၀ိုင်းလို့ စောင့်ကြည့်နေတာတောင် မမှုဘူး
“ကြည့်နေရုံပဲ ကြည့်နေကြတာကိုး”

ဆင်းရဲရှာတယ်နော်.. ပုဆိုး၊ ထမီဆိုတာ အ၀တ်ကို ပတ်ထားရတာပဲ တစ်ကယ်တော့
“အို.. ခက်တာက ကိုယ်က အဲဒါကိုမြတ်နိုးမိတယ်ထင်တယ်”

နိုင်ငံတစ်နိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေဟာ အရင် အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ပိုသက်ဆိုင်တယ်
“ဒါပေမယ့် ခုဟာက ဆယ်စုနှစ် သက်တမ်းတော်တော်လွန်သွားပြီ၊ အရင်အစိုးရကလဲ ဒီအစိုးရပဲ”

စစ်တပ်က သူ့အလုပ်သူလုပ်တယ်။ ကိုယ်တွေသာ ကိုယ့်အလုပ် ကိုယ်မလုပ်တာ” တစ်ယောက်သောသူ ပြောတဲ့ အဲဒီစကားကတော့ နားထဲမှာ ပဲ့တင်ထပ်နေတယ်။

ရင်ထဲမှာ နောက်ထပ်ထင်ကျန်နေတဲ့ စကားတစ်ခွန်းကတော့… သမိုင်းစာအုပ်တွေ အထပ်လိုက်ဖတ်တဲ့ မျက်မှန် ထူထူနဲ့ သူငယ်ချင်း အဖြူမတစ်ယောက်ရဲ့ စကားပဲ။

အားလုံးရဲ့ တရားခံကတော့ ဗြိတိသျှနယ်ချဲ့တွေပဲ။ သူတို့ကြောင့် ကိုယ့်တိုင်းပြည်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းတွေ မင်းတို့လူမျိုးဆီမှာ မရှိတော့ဘူး

လွတ်လပ်ရေးရတာပဲ ကြာလှပြီ။ အုပ်ချုပ်တတ်ဖို့သင့်ပါပြီ။ ဘာသာတရားတွေ နဲ့ ကြည့်မယ်ဆိုရင် ဘုရင်တွေ လက်ထက်က သူများနယ်မြေတွေကို လိုက်လုခဲ့တဲ့ ကံ၊ ကံအကျိုးပေးဒဏ်တွေပဲလား၊ ၀ဋ်ဆိုတာ တစ်ကယ်ကောရှိလား၊ ရှိတယ်ဆိုရင် ပြုကျင့်သူတွေအတွက်ကော တစ်ခုခုတော့ အရမ်းမှားနေပြီ။

ပဲ့တင်ထပ်နေတဲ့ ရင်ထဲက မေးခွန်းလေးတွေကိုတော့ ကိုယ့်ဟာကိုယ်ပဲ သိမ်းထားရင်း ဖယောင်းတိုင်မီးလေးတွေကို ဆက်ထွန်းညှိနေပါတယ်။

ကောင်းရာသုဂတိလားကြပါစေ။



Friday, October 05, 2007

ဆုတောင်းခြင်း၏ တန်ခိုး

ဒုက္ခရောက်နေသော “လူသား” များအတွက် ဆုတောင်းပေးကြပါ။
ကိုနစ်နေမန် ဘလော့ဂ်မှာ ခွင့်မတောင်းပဲ ကူးယူလာပါတယ်။




ပြည်သူကချစ်မြတ်နိုးသော ပြည်သူကို ချစ်မြတ်နိုးသော စစ်တပ် ဖြစ်လာဖို့လဲ ….. ဆုတောင်းနေပါမယ်။

မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...