မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, September 29, 2007

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ လူထုဆန္ဒထုတ်ဖော်ပွဲ

ဒီနေ့ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့က Robson Square မှာ လူကြီး၊ လူငယ်များ၊ လူမျိုးစုအစုံ၊ ယုံကြည်မှုပေါင်းစုံ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲကို အေးချမ်းစွာ ပြုလုပ်ခဲ့ကြတယ်။




အဖြစ်အပျက်တွေကို သတင်းအထောက်အထားတွေကို ဓာတ်ပုံတွေနဲ့လဲ ပြခဲ့ကြတယ်။




လူတွေကို သတ်ဖြတ်နေတာကို ရပ်တန့်ဖို့
ဒီမိုကရေစီ တိုင်းပြည်တစ်ခု ထူထောင်နိုင်ဖို့
ကြွေးကြော်ခဲ့ကြတယ်။




သေဆုံးသွားကြတဲ့ ရဟန်းရှင်၊ လူ၊ ပြည်သူ၊ နိုင်ငံခြားသား အားလုံးတွက် ဖယောင်းတိုင်များ ထွန်းညှိလျှက် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးမှ ဦးဆောင်ကာ ဆုတောင်းမေတ္တာပို့သရန်နေရာယူနေကြတယ်။


ဒါကတော့ ကျဆုံးသွားသူများ အားလုံးအတွက်၊ ဒုက္ခရောက်နေသော ကျွန်မတို့တိုင်းပြည်အတွက် ကျွန်မရဲ့ မျက်ရည်စိုသော ဖယောင်းတိုင်တို ရယ်ပါ။


မနက်ဖြန် စနေနေ့မှာ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲရှိပါတယ်။
ရုံးပိတ်ရက်မို့ လူပိုများပါမယ်။ ဗုဒ္ဒဘာသာဘုန်းတော်ကြီးများလဲ ကြွလာပြီး မေတ္တာပို့ အမျှဝေမှာဖြစ်ပါတယ်ရှင်။

ကျွန်မတို့တိုင်းပြည် အေးချမ်းသာယာပါစေတော့။

Friday, September 28, 2007

အချိန်ရှိသေးသည်

မြန်မာပြည်ကို ထောက်ပံ့မှု အများဆုံးပေးနေသော ဂျပန်နိုင်ငံကို သူတို့နိုင်ငံသား Kenji Nagai အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းချက်ထုတ်ကြမလဲ။ ကျွန်မတို့ပြည်ဟာ အရှေ့အလယ်ပိုင်းဒေသတွေလို စစ်ဖြစ်နေတဲ့ တိုင်းပြည်တောင် မဟုတ်သေးပါဘူး။ လူထုတောင်းဆိုမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ အေးအေးဆေးဆေး ထိုင်ဆွေးနွေးဖို့နဲ့၊ နယ်ကဘုန်းကြီးတွေကို တိုင်မှာတုပ်ပြီးရိုက်တာကို၊ သေနတ်ဒင်နဲ့ ထုတာတွေကို တောင်းပန်ဖို့လောက်ပဲ တောင်းဆိုခဲ့တာပါ။ တစ်ခါတစ်ရံ ဆောရီးဆိုတဲ့ စကားလေးတစ်လုံးလောက်နဲ့ ပြီးသွားနိုင်တဲ့ ကိစ္စပါရှင်။ မြန်မာပြည်သူတွေဟာ အလွန်သည်းညည်းခံသူတွေပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်စဉ် တပ်မတော်ရဲ့ သိက္ခာကို ပြန်ဆည်နိုင်ဘို့ အခွင့်တစ်ခုအနေနဲ့ dialogue ကိစ္စကို စဉ်းစားပေးသင့်ပါတယ်။ ဒီလိုလုပ်နိုင်တဲ့ စစ်ခေါင်းဆောင်ဟာလဲ ကမ္ဘာ့သမိုင်းမှာ မြန်မာပြည်ကို ကယ်တင်တဲ့ စစ်ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရာဇ၀င်မှာ သူရဲကောင်းဖြစ်သွားနိုင်ပါတယ်။

အခုဟာက လွန်ခဲ့တဲ့ ၁၉နှစ်တုန်းကလို မဟုတ်တော့ပါဘူး။ အဲဒီတုန်းက အာဏာသိမ်းပြီဆိုပြီး မြန်မာ့အသံက စစ်သီချင်းတွေလွှင့်နေခဲ့ပေမယ့် စစ်တပ်ထိပ်ပိုင်းတွေ အရေးပေါ်နယ်မြေစု အစည်းအဝေးတွေ လုပ်ပြီး ကြိတ်မျက်ရည်ကျနေခဲ့တာ ဘာကြောင့်ပါလိမ့်လို အဲဒီတုန်းက ကျွန်မတို့ညီအစ်မတွေ နားမလည်ခဲ့ကြဘူး။ ပြည်သူလူထုကတော့ ဘယ်သိမလဲ၊ တစ်ကယ်အာဏာသိမ်းလိုက်လို့ ထင်နေမှာပေါ့။ တစ်ကယ်တော့ မြန့်မာ့အသံကနေ ဓာတ်ပြားလှည့်ပြီးသီချင်းတွေပဲလွှင့်နေတာ၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေခဲ့တာ၊ အတွင်းထဲမှာ သူတို့ ကြိတ်ငိုနေခဲ့တယ် (ကျွန်မ မြင်သလောက်ပေါ့)။ တစ်ချိန်ထဲမှာ လူထုထဲမှာနေတဲ့ လူထုဘက်ကိုပါချင်တဲ့ စစ်တပ်ကလူတွေကို သည်းငြည်းခံနိုင်မှုကုန်ဆုံးနေတဲ့၊ ဒေါသထွက်နေတဲ့လူထုက ပမာမခန့်လုပ်တယ်၊ ရန်ရှာတယ်။ အဲဒီအချိန်မှာ ပါချင်နေတဲ့ စစ်ဘက်ကလူတွေတောင် ဟိုဘက်ပြန်ကပ်သွားတယ်။

ဒီလိုထပ်မဖြစ်အောင် ကျွန်မတို့ ဒီတစ်ခါကြိုးစားရမယ်။ သူတို့ကိုလက်တွဲခေါ်ရမယ်။ အကြမ်းဘက်လို့မဖြစ်ဘူးလို့ ခုချိန်မှာပြောလဲ ကျွန်မရူးနေရာကျမှာဆိုတာလဲ သိပါတယ်။ ကျွန်မ နိုင်ငံရေးကို တက်တက်ကြွကြွလုပ်နေတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး။ တိုင်းပြည်ထဲမှာနေတဲ့သူလဲ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာဟာ ဘယ်ရောက်ရောက် မြန်မာပါပဲ။ အောက်ကတပ်သားတွေလဲ အမိန့်နာခံ သူ့ဆန်စားရဲရတော့ (တကယ်တော့ ဒီဆန်က ပြည်သူ့လက်ကဆန် လုစားနေတာပါ) ခိုင်းတိုင်းလုပ်ရတာလဲ နားလည်ပါတယ်။ စစ်တပ်ထဲမှာလဲ ဘယ်သူ့ကိုဘယ်သူကမှ မယုံတာ ဟိုးကတည်းကပါ။

အဲဒီတုန်းကတော့ ပြည်သူနဲ့ လက်အောက်ခံတပ်သားတွေ တကယ်ကို နားလှည့်ပါးရိုက်ခံခဲ့ကြရတယ်။ ယန္တရားတွေ ပြန်လည်ခဲ့ရတယ်။ ဒီတစ်ခါတော့ လူထုက မကြောက်တော့ဘူး။ ထပ်သိမ်းစရာ အာဏာလဲ မရှိတော့ဘူး။ ပစ်နေတာတောင် လမ်းပေါ်ထွက်နေပြီ။ ညမထွက်ရ၊ လူမစုရ အမိန့်တွေကိုလဲ နာမခံတော့ဘူး။ ဘာပြောပြော မရတော့ဘူး။ ၈၈ တုန်းကလို မျက်နှာဖုံးတွေတောင် မပတ်တော့ဘူး။ လက်နက်ကိုင်ထားတာတောင် မကြောက်တော့ဘူး။ အရင်တုန်းကလို စစ်တပ်နှိပ်စက်မှုတွေကို လူမမြင်တော့တာလဲ မဟုတ်တော့ဘူး။ တကမ္ဘာလုံးဝက်ဝက်ကွဲ မြင်နေရတယ်။ ၁၉နှစ်လုံးလုံး တပ်မတော်သာအမိ၊ တပ်မတော်သာအဖရယ်လို့ အမျိုးမျိုးသိမ်းသွင်းခဲ့ပေမယ့် မရတော့ဘူး။

အခုတော့ကမ္ဘာအနှံ့မှာ မြန်မာပြည်နဲ့ ဖိနှိပ်တဲ့ စစ်အာဏာရှင်ဆိုတာ ဘယ်လိုလဲဆိုတာ၊ ဘယ်သူတွေဟာ သတ္တိရှိသူ၊ ဘယ်သူတွေဟာ လက်နက်ရှိမှ သတ္တိရှိသူဆိုတာ ဒီနိုင်ငံတွေက ဘာမဟုတ်တဲ့ လမ်းဘေးသတင်းစာတွေမှာတောင် ၀က်ဝက်ကွဲပါနေပြီ။

တိုင်းပြည်ဂုဏ်၊ စစ်တပ်ဂုဏ်ဆယ်ဖို့ အကောင်းဆုံးနည်းက ပြည်သူရွေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးလူကောင်းတွေ ပီသစွာ အေးအေးဆေးဆေး ဆွေးနွေးဖို့ပဲ ကျန်ပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိန်းမဖြစ်နေလို့ နိုင်ငံခြားသားကို ယူထားပြီး နိုင်ငံခြားသားသွေးစပ်လို့ တိုင်းပြည်ခေါင်းဆောင်နေရာမှာ မနေသင့်ဘူးဆိုတာတွေက သိပ်ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေဖြစ်သွားပါပြီ။ ခုလက်ရှိခေါင်းဆောင်အချို့ရဲ့ သားတွေ ဗမာမ မဟုတ်တဲ့ နိုင်ငံခြားမှ အမျိုးသမီးတွေကို ယူထားတာ၊ ထိပ်ပိုင်းအချို့တွေရဲ့ တူ၊တူမတွေ အဖြူတွေနဲ့ ပွဲကြီးပွဲကောင်း လက်ဆက်ပြီး သူတို့ရဲ့မြေးအရင်းတွေဟာလဲ အဖြူသွေးစပ်ထားတယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။
အချင်းချင်းတွေပါ။ နိုင်ငံ့ခေါင်းဆောင်နေရာ ယူထားသူတွေ ခေါင်းဆောင်ကောင်းပီသစွာ ဖြေရှင်းနိုင်ကြပါစေ။ ပြည်သူ့တောင်းဆိုမှုကို ပေးနိုင်ကြပါစေ။

သတ္တိရှိတဲ့ ပြည်သူတွေ၊ တိုင်းပြည်တွက် တကယ်အသက်ပေးနေတာ ပြည်သူလူထုတွေပါ။ သူတို့ကိုသနားပါ။
ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ချိန်တန်ပါပြီ။

သေဆုံးသွားသော ဂျပန်နိုင်ငံသား Kenji Nagaiရဲ့ပုံပါ။

photo from www.cnn.com


Thursday, September 27, 2007

စောင့်ကြည့်နေတဲ့ ကမ္ဘာ

ဒီရက်တွေမှာ စားလဲဒီစိတ်၊ သွားလဲဒီစိတ်၊
ဘာကိုမှလဲ လုပ်ချင်ကိုင်ချင်စိတ်ကမရှိ။
အိပ်ကမပျော် စားလို့မ၀င်
မျက်ရည်တလည်လည် တောက်တခေါက်ခေါက်
ဟော.. သန်းခေါင်ယံရောက်လာပြန်ပြီ။
ကမ္ဘာတခြမ်းက သတင်းဆိုးတွေ သတင်းဆိုးတွေ
ကမ္ဘာပျက်သလို ဖြစ်နေချိန် ဘယ်သူတွေက အိပ်နေနိုင်ကြမလဲ….။

တတ်နိုင်သမျှ …
ငွေရေးကြေးရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့
ပံ့ကြ ပိုးကြ နည်းလမ်းတွေရှာပေးကြပါ။
အာဏာကို နာခံရသူတွေရေ..
မင်းတို့စားနေရတာ အရိုးအရင်း
အပင်းအဆိတ်ပါ။
အမိန့်ပေးသူ လက်တဆုပ်စာ စကား
လက်အောက်ခံ စစ်သားတွေ
နာခံနေတာကို နားမလည်နိုင်တော့…
ငါတို့အားလုံး ညီရင်းအကိုတွေပါ။
မတရားတဲ့ အာဏာ အာခံပေးလိုက်ရင်
ငါတို့တိုင်းပြည်၊ အနာဂတ်မှာ ဝေစည်နိုင်တယ်လေ။

အပြင်ကလူတွေ UN ကို စာရေးကြပါ။
(inquiries2@un.org) တဆင့်ဆက်သွယ်ကြပါ။
တတ်နိုင်သလောက် မြန်မာပြည်ကို ငွေပို့ကြပါ။
အရင်က မြန်မာနိုင်ငံဆိုရင်
ဘာမြူဒါလားလို့ ထင်ကြ
ခုကျတော့.. ဒီမြို့သတင်းစာတွေရဲ့
ရှေ့မျက်နှာစာဖုံးတွေမှာ အုန်းအုန်းကြွက်ကြွက်
ရက်ဆက်ပါနေပြီလေ။

လူထုတွေ၊ ဘုန်းကြီးတွေ၊
စစ်သားတွေ၊ ကလေးတွေ၊
လဲပြိုကြ၊ ထွက်ပြေးကြပုံတွေ၊
တကမ္ဘာလုံး မဆုံးနိုင်တဲ့ ပုံတွေနဲ့
ဂြိုလ်တုတွေကလဲတဆင့် အကုန်မြင်နေ
ကြားနေရပါတယ်။
သတ္တိရှိတဲ့ မြန်မာပြည်သူ
လူထူတွေကို ကမ္ဘာကလူတွေ
အံ့သြချီးကျူး၊ လေးစားဂုဏ်ပြု
သမိုင်းတစ်ခု ဖြစ်စေတယ်။

(လာမယ့်ရက်တွေမှာ ဒီမြို့ကလူတွေနဲ့ ခရစ်ယာန်၊ ဗုဒ္ဒဘာသာဝင် စသဖြင့် ဘုန်းကြီးတွေအားလုံး လူစုပြီး လမ်းလျှောက်ဆုတောင်းမေတ္တာ ပို့သပါမယ်။ တိုက်ပွဲဝင်နေသူများအားလုံးနောက်မှာ ထိုကဲ့သို့ အဝေးကလူများက ရပ်တည်လျှက်ရှိပါတယ်)

ဒဏ်ရာရသူများတွက် အရေးပေါ်ပြုစုနည်း
ကို ကိုဇူလိုင်အိပ်မက်က ဝေမျှထားပါတယ်။

Monday, September 24, 2007

နိုင်ငံသစ်

အပြင်မှာ လ က သာနေတယ်။
ညက လှပ နေတယ်။
အိပ်ရာနွေးနွေးမှာ တစ်ရေးမှ အိပ်စက်မရ။
ထထ ထိုင်လို့၊ ဒီချိန်ဆို သူတို့
မြို့ပြရဲ့ လမ်းတွေပေါ်
ကြွေးကြော်သံတွေနဲ့
ပဲ့တင်ထပ်နေကြပေ မပေါ့။

ဒီရက်တွေ၊ နေလို့ မရ
ကြက်သီးတွေကထ၊ မျက်ရည်ကစို
နေညိုရင် ရွာအိုလမ်းပေါ်
သူတို့ကို မှန်းဆလို့မျှော်တွေး
မျှော်လင့်ခြင်း၊ ၀မ်းနဲခြင်း၊
ဝမ်းသာခြင်း၊ ဂုဏ်ယူခြင်း၊
စိုးရိမ်ခြင်း၊ အားတက်ခြင်းတွေနဲ့
ရောင်နီတွေ အက်နေတယ်။

စည်းလုံးကြပါ၊ ညီညွှတ်ကြပါ။
ကမ္ဘာကလဲ စောင့်လို့ကြည့်
လက်တစ်ဆုပ်စာ၊ အာဏာရှင်ကို
အရိုသေမပြု ဒုစရိုက်မှုတွေမှကင်း
ငြိမ်းချမ်းခြင်း နိုင်ငံသစ်
ဖွင့်လှစ်ဖို့အချိန်တန်ပြီလေ…..။

Sunday, September 23, 2007

ကိုမျိုးချစ်ရဲ့မြန်မာပြည်သူ ပြည်သားများသို့ ပန်ကြားခြင်း

ချစ်ခင်ရပါသော မြန်မာ ပြည်သူ၊ ပြည်သားများ ခင်ဗျား...

လတ်တလော အခြေအနေများနဲ့ ပါတ်သက်လို့ အဖိုးတန်မယ့် အကြံလေးတစ်ခု ပေးချင်ပါတယ်။ အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့ ဦးဆောင်မှုကြောင့် တတိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာကြပြီဖြစ်တဲ့ ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ ရောက်ရှိနေပါပြီ။

ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီတော့ ၈၈ တုန်းက အခြေအနေကို ပြန်ဆန်းစစ်ပြီး တွေးစရာ၊ ပြင်ဆင်စရာတွေ ရှိလာပါတယ်။ အဲဒီတုန်းက တပ်မတော်သားတွေတောင် အမြင်မှန်ရသွားပြီး ပြည်သူတွေနဲ့ စလက်တွဲခဲ့ကြပါတယ်။ ဒါကို အင်မတန် တုန်လှုပ်သွားတဲ့ မဆလ အစိုးရဟာ မျက်လှည့် စပြပါတော့တယ်။ စစ်တပ်ကို မဆလအနေနဲ့ ဆက်ထိန်းချုပ်နေရင် တပ်သားတွေအကုန်လုံး ဒေါ်အောင်ဆန်းစုကြည် လက်အောက်ခံတော့မယ်ဆိုတာကို ရိပ်မိတော့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်သားများကို နားလှည့်ပါးရိုက်လုပ်ပြီး ပြန်စည်းရုံးခဲ့တာပါပဲ။ ကျွန်တော်တို့ ပန်းတိုင်ကို ရောက်ကာမှ ပွဲအဖျက်ခံခဲ့ရပါတယ်။

အခု အနေအထားဟာလဲ ၈၈တုန်းကနဲ့ တော်တော်လေးဆင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အထက်က သွေးခွဲထားတော့ သူတို့ကို လူတွေမုန်းနေပြီလို့ ၁၉ နှစ်လုံးလုံးယုံကြည် ထားတဲ့ စစ်သားတွေဟာ လူထုနဲ့ ပြန်ပေါင်းစည်းဖို့ နောက်တွန့် သိမ်ငယ်နေကြပါပြီ။

မြန်မာ့နိုင်ငံရေး တော်လှန်ရေး အောင်မြင်ဖို့ဆိုတာ သား သုံး သား ပေါင်းလုပ်မှရမှာပါ။

ဘုရားသားဖြစ်တဲ့ သံဃာတော်များ
ကျောင်းသားများနဲ့
စစ်သားများပဲ ဖြစ်ပါတယ်

အခု သား နှစ် သား က စတင်နေပါပြီ။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ သားကတော့ စစ်သားပါ။ ဒီသုံးသားပေါင်းမိရင် ဘယ်မင်းမဆို ကျဆုံးပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ စစ်သားတွေကို စစည်းရုံးကြရမယ်။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ စစ်သားတွေကိုယ်တိုင်လည်း ငတ်နေကြပါပြီ။ သူတို့လည်း လူထဲက လူတွေပါ၊ ခံစားတတ်ကြမှာပါ၊ ဒေါ်စုအိမ်ရှေ့က အဖြစ်ကို ကြည့်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့က စစ်တပ်ကို လူတွေနဲ့ ပူးပေါင်းလာအောင် ခေါ်ထုတ်ကြရမယ်။

သူတို့ကို အထက်က အကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးလာတဲ့အခါ ဖီဆန်ချင်လာအောင် ဖီဆန်ရဲလာအောင် နှိုးဆွပေးရမယ်။ သူတို့ တွေဝေပြီး ကျောင်းသားတွေနဲ့ ပြည်သူတွေကို စာနာမိအောင် ၀မ်းနည်းဝမ်းသာဖြစ်ပြီး နောင်တတရားဝင်လာအောင် ကိုယ်ရပ်နေတဲ့ဘက်ဟာ မှားနေတယ်ဆိုတာ ၀န်ခံရဲလာအောင် နှိုးဆွပြီးအသိပေးရမယ်။

မိတ်ဆွေတို့ လုပ်သားပြည်သူများနဲ့ သံဃာတော်များ ဆန္ဒပြ ချီတက်တဲ့အခါ

“ ပြည်သူ့စစ်သား ငါတို့စစ်သား”
“ ပြည်သူ့တပ်မတော် ငါတို့တပ်မတော်”
“ ပြည်သူ့ရဲသား ငါတို့ရဲသား”လို့ အကျယ်ကြီး အော်ပေးကြပါ။

ဒီလို အသံတွေကြားရင် သူတို့အံ့သြပြီး တဖြည်းဖြည်း ယူကျုံးမရဖြစ်လာလိမ့်မယ်။ သူတို့ ကိုင်ထားတဲ့ သေနတ်တွေက အချက်တိုင်း နှလုံးသားကို မှန်အောင် မပစ်နိုင်ပါဘူး။ ဒါပေမယ့် မေတ္တာတရားဟာ နှလုံးသားကို တချက်ထဲနဲ့ ထိအောင်ပစ်နိုင်ပါတယ်။

ကျွန်တော် ပြောတဲ့အတိုင်း ယုံယုံကြည်ကြည် လုပ်ကြပါ။ အောင်မြင်တာ တွေ့ရပါလိမ့်မယ်။ ဒီစာလေးကိုလည်း လက်လှန်းမှီသမျှ ဝေပေးကြပါ။ ဘလော့ဂါအားလုံးကိုလည်း ပို့စ် လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အရေးတော်ပုံကြီးက အောင်တော့မှာပါ။ ကျွန်တော်တို့ဘက်က ပါးနပ်ဖို့တော့ အရေးကြီးတယ်ဆိုတာ သတိမမေ့ကြပါနဲ့။

လေးစားစွာဖြင့်

မျိုးချစ်

********************

ဒီပိုစ့်လေးဟာ ကျွန်မ မျိုးချစ်မြန်မာ ထံမှ ကူးယူ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ထူထူးခြားခြား ကျွန်မဘလော့ဂ်၏ ၁၀၀မြောက်သော ပိုစ်လဲဖြစ်နေပါတယ်။ လက်လှမ်းမှီသူများလဲ ကူးယူဖော်ပြပေးကြပါ။ မြန်မာပြည် ဆင်းရဲတွင်းမှ လွတ်ရန် အားလုံး ညီညွှတ်မှ ဖြစ်ပါတော့မယ်။ စစ်တပ်က ပူးပေါင်းလာမှဖြစ်တော့မှာပါ။

စစ်တပ်ကို ကိုယ့်ဘက်ပါအောင်ဆွဲယူပြီး လူထုတစ်ရပ်လုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီကို အရယူနိုင်ကြပါစေ။
မေတ္တာနှင့် ငြိမ်းချမ်းခြင်းတွေကြောင့် အောင်မြင်ကြပါစေ။ မြန်မာပြည် ဆင်းရဲတွင်းမှ လွတ်ပါစေ။ ကိုယ်စိတ်ဆင်းရဲဒုက္ခထဲမှ အမြန်လွတ်ပါစေ။ အချင်းချင်း ပြန်မသတ်ကြပါနဲ့။
အဝေးတစ်နေရာမှ ဂုဏ်ယူလျှက်၊ ဆုတောင်းမေတ္တာပို့သလျှက်...

Saturday, September 22, 2007

တောင်ပေါ်မြို့လေး

လှိုင် က ဒေဿန္တရ ဗဟုသုတ မျှဝေခိုင်းတာကြာပါပြီ။ ကျွန်မအနေနဲ့ အခုလက်ရှိ ကျွန်မနေနေတဲ့ ဒေသအကြောင်း အချိန်ရရင် ရသလောက် မျှဝေသွားမယ်လို့ စိတ်ကူးထားပါတယ်။

ကျွန်မနေတဲ့ ဒေသကတော့ မြေပုံပေါ်မှာ ကြည့်ရင် ကမ္ဘာကြီးရဲ့ အနောက်ဆုံးရဲ့ အနောက်ဆုံးမှာပါ။ လာလည်မယ်ဆိုရင်တော့ ကနေဒါနိုင်ငံအနောက်ဆုံးက ဘီစီပြည်နယ်၊ ဗင်ကူးဗားမြို့လို့ပြောပြီး ရထား၊ကား၊ လေယာဉ်ပျံလက်မှတ်ရောင်းသူကိုပြောလိုက်ပြီး ကြုံရာ တက်စီးလာရင် သေချာပေါက်ကို ရောက်ပါလိမ့်မယ်။ (အမေရိကန်၊ ၀ါရှင်တန်စတိတ်မှာလဲ ဗင်ကူးဗားမြို့ရှိပါတယ်။ မှားရောက်သွားရင်တော့ အိမ့်ချမ်းမြေ့တာဝန်မယူပါ)။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကျော်က ဒီမြို့ကိုခြေချဖို့ ရောက်လာစဉ်က လေယာဉ်ပေါ်က အောက်ကိုငုံ့ကြည့်လိုက်တော့ ငယ်ငယ်က ပထ၀ီမှာ သင်ခဲ့ရတဲ့ ရော့ကီးတောင်တန်းသွယ်တွေကို မိုးမှုန်တွေကြားက လှမ်းမြင်လိုက်ရတယ်။ ပင်လယ်တွေ၊ တောင်တန်းပြာတွေအထပ်ထပ် ၀ိုင်းရံထားတဲ့ မြို့မို့ သိပ်ကိုလှတဲ့မြို့ပါ။



လေယာဉ်ကွင်းထဲ ရောက်တော့တော့ မျှော်လင့်ထားသလောက် ခမ်းနားကြီးကျယ်မှုတွေ လုံးဝ မတွေ့ရပါဘူး။ လေယာဉ်အမှုထမ်းတွေ၊ လေယာဉ်မယ်၊ မြေပြင်မယ်တွေကလဲ စင်္ကာပူ၊ ဟောင်ကောင် စတဲ့ လေယာဉ်မယ်လေးတွေလို ငယ်ငယ်၊ပိန်ပိန်၊ချောချော မဟုတ်ကြ။ အသက်မျိုးစုံ၊ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ဆိုဒ်မျိုးစုံ။ နောက်တော့သိလာရတာက အသက်အကန့်အသတ်ထား၍ အလုပ်ခန့်အပ်ခြင်း၊ ရုပ်ရည်ပေါ်မှာမူတည်ပြီး အလုပ်ခန့်ခြင်းရှိပါက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားစွဲခံရတယ်လို့ သိရပါတယ်။ (ဒါကြောင့် လိုအပ်တဲ့စွမ်းရည်တွေကို ကြည့်ပြီးမှ အလုပ်ခန့်တာထက် ငယ်မှချောမှ အလုပ်ခန့်မယ်ဆိုတဲ့ အလုပ်ရှင်များ ဒီမြို့မှာ စီးပွားရှာရန် သိပ်မလွယ်ဟု သိရပါတယ်)။



လေယာဉ်ကွင်း အပြင်ကိုရောက်တော့ ရေခဲသေတ္တာတစ်လုံးထဲကို လှမ်းရှောက်ဝင်လိုက်ရသလိုပဲ ခံစားလိုက်ရပါတယ်။ အေးစက်တောင့်တင်းသွားတာပါပဲ။ ၀တ်လာတဲ့ ချစ်သူရဲ့ ဂျင်းဂျက်ကတ်လေးက ပုဝါပါးပါးလေးလိုကို ဖြစ်သွားပါတော့တယ်။ (ဒါကြောင့်အေးတဲ့ တိုင်းပြည်မှာ နေသူတွေ နုတာထင်ပါတယ်၊ အသားတွေကို freeze လုပ်ထားသလိုဖြစ်လို့၊ freeze လုပ်တာသိပ်များသွားလဲ ရေခဲရိုက်သလိုဖြစ်ပြီး ပိုကြမ်းလာတတ်ပါတယ်)။ လေယာဉ်ကွင်းကလဲ မြို့ပြင်မှာ၊ နေမယ့်နေရာကလဲ အင်းစိန်လို နေရာမျိုးမှာ ဆိုတော့ မြို့ပြင်ကနေ နောက်မြို့ပြင်ကို ဖရီးဝေးက မောင်းလာတော့ “ဟင်.. ဒါ ကနေဒါလား”ဆိုပြီး တမျိုးဖြစ်ခဲ့ရပါတယ်။ လူကလဲနဲနဲလေး ဒီလောက်ကျယ်တဲ့ (၂၈၇၇ ကီလိုမီတာစတုရန်း အကျယ်အ၀န်းရှိတဲ့) မြို့တစ်မြို့လုံးမှာမှ လူက နှစ်သန်းခွဲပဲရှိတယ်။ တော်ရုံလူတွေကလဲ လိုင်းကား၊ ရထား၊ မစီးပဲ ကိုယ်ပိုင်ကားစီးတဲ့သူတွေများတော့ တစ်မြို့လုံးက တိတ်ဆိတ်ခြောက်ကပ်နေတာ ညတင်မက၊ နေ့ပါမထွက်ရအမိန့်များ ထုတ်ထားသလားထင်ရပါတယ်။ တကယ်တော့ ဗင်ကူးဗားဆိုတာ မေမြို့လို၊ တောင်ကြီးလို တောင်ပေါ်မြို့လှလှလေးပါ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေရှိတဲ့ နေရာတွေကတော့ ကနေဒါရဲ့ အရှေ့ဘက်မှာရှိတဲ့ အော့တ၀ါတို့၊ တိုရန်တို တို့ဖြစ်ပါတယ်။



ဒီမြို့ရဲ့ သမိုင်းကြောင်းလေးကတော့ ၁၇၇၈ လောက်က စတယ်လို့ ဆိုကြပါတယ်။
ကပ္ပတိန် cook (ထမင်းချက် ဘ၀မှာ ကပ္ပတိန် ဖြစ်လာ၍လားမသိ) ဆိုသူ စတင်အခြေချတာဖြစ်ပါတယ်တဲ့။ နောက်တော့လဲ အခြား ယူရိုပီယန်၊ စပိန်လူမျိုးများ ရောက်လာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီမြို့ရဲ့ နေရာဒေသ အမည်တွေဟာ စပိန်၊ လူနီ၊ အင်္ဂလိပ် အမည်များဖြစ်နေတတ်ပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ ရှိသမျှ လူမျိုးစုံလာနေတဲ့ မြို့ဖြစ်နေပါပြီ။ လူမျိုးပေါင်းနှစ်ရာကျော်ပါတယ် (မယုံရင် wikipedia မှာ သွားလို့ ရည်တွက်ကြည့်လိုက်ကြပါနော)။

မြို့ရဲ့ အထိက ထွက်ကုန်တွေကတော့ သစ်တောထွက်ပစ္စည်း၊ ရေနဲ့ ရေပစ္စည်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းထွက်ကုန်တွေပဲ ဖြစ်ပါတယ်။ သစ်တောကတော့ အလွန်ပေါတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒါကြောင့် စာရွက်တွေကို ရေလိုသုံးတဲ့ မြို့ဖြစ်ပါတယ်။ သူတို့ စာရွက်သုံးစွဲပုံကို ကြည့်တိုင်း မြန်မာပြည်က ကလေးလေးတွေကို အမြဲမြင်ယောင်နေမိပြီး ရင်ထဲမှာ ခံစားရပါတယ်။

ဗင်ကူးဗားမြို့ဟာ ကမ္ဘာပေါ်မှာ နေလို့အကောင်းဆုံး ထိပ်တန်းမြို့သုံးမြို့ထဲမှာ ပါတယ်လို့လဲ ဆိုပါတယ်။

ဒီမှာဖတ်
ဒီမှာလဲဖတ်
ဒီမှာလဲဖတ်လဲံိုံ့ရပါတယ်ရှင့်။



တိုင်းတာတွေကတော့ ၀င်ငွေ၊ ကျမ်းမာရေး၊ လေ၊ ရေ သန့်ရှင်းမှု စသည်တွေနဲ့ တိုင်းတယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှာတော့ တိုရန်တိုမြို့ပြီးရင် ဗင်ကူးဗားက ဈေးအကြီးဆုံးလို့လဲ ဆိုပါတယ်။ ကမ္ဘာပေါ်မှာတော့ ဈေးအကြီးဆုံး ၁၄၃မြို့ထဲမှာ နံပါတ် ၅၆နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။ (ကိစ္စမရှိပါဘူး။ လာလည်ရင် ကျွန်မအိမ်မှာတည်းနိုင်ကြပါတယ်၊ ကြိုတင်တော့ပြောပါ၊ ရှောင်နေ… အဲလေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်လို့)။



ကျွန်မတို့မြို့ကို လာလည်မယ်ဆိုရင်တော့ ဘာစားစရာမှ မသယ်ခဲ့ပါနဲ့။ ဒီမြို့မှာ စားစရာကတော့ အစုံရပါတယ်။ လူမျိုးစုံနေတော့ စားစရာက စုံနေတာပါပဲ။ ဥပမာ၊ မုန့်လက်ဆောင်းဆိုရင်တောင် ဗီယက်နမ်ဒီဇိုင်းလား၊ ဖိလိပိုင်ဒီဇိုင်းလား စသဖြင့်ရပါတယ်။ ငပိရည်ဆိုရင် ဗီယက်နမ်ဆိုင်တွေမှာ အမျိုးပေါင်း သုံးဆယ်လေးဆယ်ရှိပါတယ်။
တစ်ခါက အမေက ပြောဖူးပါတယ်။ သူကတော့ သမီးလေး ဒီမှာ မြန်မာအစာ ငတ်နေတယ်ထင်ပြီး ချက်ပြုတ်၊ ထုပ်ပိုး၊ လူကြုံရှာ ပို့ရတာ၊ ငွေကုန်၊လူပမ်း တကယ်တမ်းကျတော့ ဒီမှာ အကုန်ရတာကိုးတဲ့၊ ဘာလို့ မပြောလဲတဲ့။ မြန်မာပြည်ပြန်လည်ရင် ဟိုက ဆွေမျိုး၊ သူငယ်ချင်းတွေက စေတနာတွေနဲ့ ပင်ပင်ပန်းပန်း၊ ကားတိုးစီး၊ ဈေးသွားဝယ်၊ ငွေကုန်၊ လူပမ်း၊ ထုပ်ပိုးပြီး တခုခုပြန်ထည့်ပေးချင်မှာပေါ့။ ဒါကိုမယူချင်သလိုလို ဘယ်သူက လုပ်ရက်မလဲနော်၊ တစ်ခါတစ်လေတော့လဲ အားနာတာ လုံးဝမကောင်းဘူး။ ဗြောင်လဲ ငြင်းဖို့ခွန်အားမရှိ။ တစ်ခါက အိမ်က စားစေချင်လို့ မြန်မာအစာတွေ ထည့်ပေးလိုက်တယ်။ ငပိ၊ငါးခြောက်၊ ငါးပုပ်ခြောက်၊ အကုန်ထည့်ပေးလိုက်တာလဲမသိခဲ့လိုက်ဘူး။ အဲဒီနေ့က ဗင်ကူးဗား လေယာဉ်ကွင်းမှာ တာဝန်ကျ ခွေးတွေ တော်တော် အလုပ်ရှုပ်သွားခဲ့တယ်။ ဖစ်ချင်တော့ အဲဒီနေ့ကလဲ random check-up နေ့၊ ကျွန်မကလဲ (စွဲလန်းမှုကြောင့်) ကာဘော်လိပ်ဆပ်ပြာကို ထည့်လာခဲ့တဲ့နေ့။ ငယ်ငယ်က ကျွန်မရဲ့ ၀ါထိန်ကြေမွနေပြီဖြစ်တဲ့ ကဗျာတိုလေးတွေရေးထားတဲ့ ဗလာစာအုပ် ၀ါကျင့်ကျင့်လဲ ပါလိုက်သေးတယ်။ ကိုင်လိုက်ရင်ကို ကြွေကျတော့မယ့် စာရွက်တွေ။ တာဝန်ကျအရာရှိတွေကလဲ ဖြစ်ချင်တော့ ကိုယ်နဲ့ရွယ်တူတွေ။ အဲဒီနေ့က ခွေးတွေကော သူတို့ပါ တော်တော်အလုပ်ရှုပ်သွားတယ်။

ပထမဆုံး ကျွန်မအိတ်ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အထဲက ကုန်ခြောက်နံ့က ထောင်းကနဲပဲ။ သူတို့ လက်အိတ်တွေစွပ်ထားရာက နှာခေါင်းကိုပါ အုပ်တဲ့အအုပ်တပ်လိုက်တယ်။ ကျွန်မ မှင်သေသေနဲ့ ရပ်နေပေမယ့် ရှက်လွန်းလို့ ပူထူနေခဲ့တာပေါ့။

“အားနာပါတယ်။ ကျွန်မအိတ်က ရှင်တို့စိမ်းနေနိုင်မယ့် စားစရာအနံ့တချို့ကြောင့် နည်းနည်း နံနေနိုင်တယ်”
“ကိစ္စမရှိပါဘူး။ ဒီထက်နံတဲ့ အိတ်တွေနဲ့ ကြုံဖူးပါတယ်”
“အမ်” စိတ်ထဲက ဖြစ်သွားတာပါ။ တစ်ချိန်ထဲမှာ သူဒီည ထမင်း မစားနိုင်မှာကို တွေးလိုက်မိတယ်။
နောက်တော့ အဲဒီတာဝန်ကျ အရာရှိက ကာဘော်လိပ်ကို လက်ကလေးနဲ့ ကနွဲ့ကယ မယူလိုက်တယ်။
“ဒါဘာလဲ”
“ဆပ်ပြာ” ခပ်တည်တည်ဖြေလိုက်တယ်။
“အော်.ဒီတိုင်းပြည်မှာ ဆပ်ပြာ ၀ယ်မရလို့လား” အဲလိုတော့ မမေးပါဘူး။ ဘာမှမပြောဘူး။

ကာဘော်လိပ်ကို ဓားလေးနဲ့ သာသာလေးခြစ်တယ်၊ မှန်ပါးလေးပေါ်တင်တယ်၊ လက်နဲ့ပွတ်ကြည့်တယ်။ လေဆာလိုဟာနဲ့ “တွိ” ဆိုလုပ်တယ်။ မီးဘက်ကို ထောင်ကြည့်တယ်။ ကျွန်မ နှုတ်ခမ်းကို ကိုက်ထားတယ်၊ ရယ်ချင်လွန်းလို့။ အဲဒီအချိန်မှာ နောက်တစ်ယောက်က ဗလာစာအုပ်ကို မထိရက်သလို လှန်လှောကြည့်နေတယ်။

“အဲဒါတော့ သတိထားပေးပါ၊ အဲဒါ ရှေးဟောင်းပစ္စည်း၊ ကျွန်မ ကဗျာတွေလဲပါတယ်”
အဲဒါတော့ သူတို့ အဒွန့်မတက်ပဲ ပြန်ချလိုက်တယ်။ အဲဒီနေ့က လေယာဉ်ကွင်းထဲက နာရီတော်တော်ကြာမှ ထွက်လာခဲ့ရပါတယ်။ ဒါကြောင့် လာလည်ရင် ထူးထူးဆန်းဆန်း ပစ္စည်းတို့ အနံ့စူးတဲ့ စားစရာတို့ မသယ်ခဲ့ပါနဲ့။ ကျွန်မလိုအဖြစ်မျိုး ကြုံရမှာစိုးလို့ပါ။

လည်ပတ်ရန်ကောင်းသော နေရာများကို နောင်များမှ ဆက်လက်ဖော်ပြပါမယ်ရှင်။

Thursday, September 20, 2007

မိန်းမတွေလဲ….

မိန်းမတွေမှာလဲ…
ရည်မှန်းချက်ကြီးကြီးတွေ၊ မျှော်လင့်ချက်မားမားမတ်မတ်တွေရှိပါတယ်။

မိန်းမတွေလဲ….
ပင်လယ်တွေ အတန်တန်ကျော်ဖြတ်လို့
ကြီးမားတဲ့ (ဒါမှမဟုတ်) သေးငယ်တဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းတတ်ကြပါတယ်။

မိန်းမတွေလဲလေ….
ချစ်ခြင်းတရားတွေနဲ့ ပြည့်နေပေမယ့်
အချစ်ကို ဦးစားမပေးနိုင်လို့
အံကိုကြိတ်ထားရင်း၊ နှလုံးသားကို စတေးခဲ့ကြဖူးပါတယ်။

အဲဒီလို..
နှလုံးသားတွေကို စတေးလို့
ရည်မှန်းချက်နောက်ကို လိုက်တဲ့မိန်းမတွေကို….
လူစွမ်းကောင်းတွေလို့ သတ်မှတ်လေသလား…
အတ္တရဲ့ သားကောင်တွေလို့ ခေါ်ဝေါ်ကြလေသလားကွယ်။

(ရည်မှန်းချက်နောက် တကောက်ကောက်လိုက်နေတဲ့ ကိုယ့်အိပ်မက်တွေကို
စိတ်ရှည်လွန်းစွာ ဖန်တီး ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်အတွက်..)

Monday, September 17, 2007

တိုက်တိုက်ဆိုင်ဆိုင်


တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ၁ရ ရက်နေ့….။

လွတ်ထွက်လို့ကျသွားတဲ့ ဖန်ခွက်လေး တစ်စစီအက်ကွဲသွားသလို….
……………..
လေလွင့်သွားတဲ့လဲပွင့်လေး ထာဝရလမ်းပျောက်သွားသလို….
……………..
အတောင်ပြုတ်သွားတဲ့ ပိုးဖလံလေး မပျံသန်းနိုင်တော့သလို…
……………..
ကြွေသွားတဲ့သစ်ရွက်လေး ပင်စည်နဲ့ထာဝရဝေးကွာသွားသလို….
……………..
ညကတွေး၊ ချမရေးမိတဲ့ ကဗျာတပိုင်းတစ နံနက်ခင်းလေးမှာ ပျောက်ရှသွားသလို…
……………..
ပြယ်ပြီးတဲ့ ပန်းရနံ့ မသင်းပျံ့နိုင်တော့သလို…
……………..
နောက်တစ်ယောက်ကို မင်းပေးလိုက်တဲ့အချစ်တွေ ပြန်မရနိုင်တော့တာကို ….
……………..
သိလိုက်ရတဲ့နေ့ကလဲ ၁၇ ရက် ဖြစ်နေရလဲဆိုတာကို ….

Sunday, September 16, 2007

ချစ်ရတာလေ

မောင်…
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလို့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။


မောင်….
မောင့်ကို ချစ်ရတာလေ၊
ဖရေဇာလှိုင်းပေါ်က လေဟုန်စီးငှက်လေးတွေလို
အသက်ရှုရကြပ်၊ မတ်တပ်ရပ်ငေး
တွေးရင်းရင်ခုန်…. မကြုံတဲ့မောင့်ပုံရိပ်ကိုငေး
အတွေးလေးနဲ့လေ..
အသက်ရှုဖို့တောင် မေ့သွားတယ်…မောင်။

မောင်…
မောင့်ကို ချစ်ရတာလေ၊
လေပြင်းတဲ့ သစ်ပင်အောက်၊ တစ်ယောက်ထဲရပ်တွေး
လက်ဖျားတွေအေးစက်၊ ကျွန်မ အနေရခက်တယ်ရှင်
ခင်တွယ်လာတဲ့ နှလုံးသားတွေ
လေပြင်းထဲ နွဲ့နွဲ့လေးရပ်နေကြလို့
သဲ့သဲ့လေးနဲ့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်…မောင်။

မောင်….
မောင့်ကို ချစ်ရတာလေ……..။

Saturday, September 15, 2007

နံပါတ် ၈ များနှင့် ခရီးထွက်ခြင်း

မိုး တွေသဲနေသည်။ လမ်းမီးရောင်တွေအောက် မိုးရေတွေကြောင့် အရောင်လက်နေသော ကားလမ်းမကြီးပေါ်မှာ ငွေရောင် ကားတစ်စင်း ခပ်ပြင်းပြင်းမောင်းလာနေသည်။ မိုးသည်းနေတာတောင်မှ ပြူတင်းပေါက်မှန်ကို ချထားသောကြောင့် လေပြင်းပြင်းအောက်က မိုးစက်တို့ ကားတွင်းသို့ ခုန်ပေါက်တိုးဝင်သွားသည်။ စတီယာတိုင်ကို ညာလက်နှင့်ထိန်းထားရင်း ဘယ်ဘက်လက်တွင်းက ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့လျှက် ရှိုက်ဖွာလိုက်သည်။ မီးခိုးငွေ့များကို ပြူတင်းပေါက် အပြင်ဘက်သို့ မှုတ်ထုတ်လိုက်ရင်း ဆေးလိပ်ကိုင်ထားသောလက်နှင့် ပါးပြင်မှ မျက်ရည်စ အချို့ကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တော့ မီးဖွားတွေက ပြူတင်းပေါက်မှ တဆင့်လွှင့်စင်သွားသည်။ အောက်နှုတ်ခမ်းကိုကိုက်ထားရင်း လောကကြီးကို အရွဲ့တိုက်လို့ အံကြိတ်ပြုံးလိုက်ရင်း စာကြည့်တိုက် ၀င်းအတွင်းက ကားရပ်ရန်နေရာဆီသို့ ကားကိုခပ်ပြင်းပြင်း ချိုးကွေ့ဝင်လိုက်သည်။

“ကျွီ”


စာကြည့်တိုက်နှင့် ခပ်လှမ်းလှမ်းက မေပယ်ပင်အောက်မှာ ကားထိုးရပ်လိုက်သည်။ ဆေးလိပ်မီးကို ပြာခွက်ထဲမှာ ထိုးခြေလို့ မီးသတ်လိုက်သည်။ ကားစက်မသတ်ခင် ပြူတင်းပေါက်များကိုပိတ်သော ခလုတ်ကို နှိပ်ချလိုက်သည်။ ပြူတင်းပေါက်တွေ တဝေါဝေါပိတ်သွားသည်။ ခုံပေါ်မှာ ကြဲပြန့်နေသော စာအုပ်အချို့ကို လက်က စုစည်းကိုင်လိုက်ပြီး ကားအပြင်ကိုထွက်လိုက်သည်။ မိုးတွေက သွန်ကျလာသောကြောင့် ရင်ဘတ်နှင့် ဂျက်ကက်ကြား စာအုပ်များကိုထိုးထည့်၊ ရင်မှာပိုက်လို့ စာကြည့်တိုက်ဘက်သို့ စိမ်ပြေနပြေလျှောက်လာသည်။ ဆင်ဝင်အောက်ရောက်တော့ ရေစိုနေသောဆံပင်တွေကို သပ်လိုက်ပြီး စာအုပ်ပြန်အပ်သည့် အပေါက်ထဲ စာအုပ်များကို လျောထဲ့လိုက်သည်။ ဆောင်းဦးဝင်စမိုး စိုထားသောကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာ၍ ဂျက်ကက်ကို ရင်ဘတ်ရှေ့အသာဆွဲစုလိုက်ပြီး လက်ပိုက်ထားရင်း စာကြည့်တိုက်ထဲ ၀င်လာသည်။ ပြီးတော့ ခေတ်ဟောင်းအင်္ဂလိပ်စာပေတန်းဘက်ကို လျှောက်လာလိုက်သည်။

“ဒီစာအုပ်တွေ အကုန်လုံးမဖတ်နိုင်ခင်မှာ သေဆုံးသွားရမှာတော့ နှစ်မျောမိတယ်”

ခပ်တိုးတိုးရွတ်ဆိုရင်း မျက်စိရှေ့ စင်ပေါ်က Virginia Woolf ၏ “A room of One’s Own” ကိုဆွဲယူလိုက်သည်။ ကောင်တာနားကစက်မှာ self check-out အပြီး အိမ်ပြန်ယူမသွားခင်တော့ ချောင်တစ်ချောင်မှာ ခေတ္တထိုင်လို့ သုံးလေးငါးမျက်နှာလောက် ဖတ်လိုက်မည်ဟူသော အတွေးနှင့် လူသူမရှိသော ချောင်တစ်ခုက လွတ်နေသော ဆိုဖာတစ်လုံးဆီသို့ လျှောက်သွားသည်။
ထိုလွတ်နေသောဆိုဖာနှင့် မနီးမဝေးက ဆိုဖာနောက်တစ်လုံးမှာ အသက် ၇၀ အရွယ် အ၀တ်အစား ကျကျနန၀တ်ထားသော အဖြူအဘိုးကြီးတစ်ဦး သတင်းစာတစ်စောင်ကို စိတ်ဝင်တစားဖတ်နေသည်။ သူ့ဘေးက ကြမ်းပြင်ပေါ်မှာတော့ တုတ်ကောက်တချောင်း။ ခပ်လှမ်းလှမ်းစာကြည့် စားပွဲဝိုင်းတွေမှာတော့ လူငယ်အချို့ ဟိုတစ်စု၊ သည်တစ်စု တိုးတိတ်စွာ စာဖတ်နေကြသည်။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြောင်လက်တောက်ပနေသော မှန်တွေကိုဖြတ်လျှက် အပြင်က မိုးစက်တွေကို တချက်ကြည့်လိုက်ရင်း ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ အပြင်မှာ လေပြင်းပြင်းအောက်မှာ ထင်းရှုးနှင့် မေပယ်တွေ ယိမ်းထိုးနေသည်။ မိုးစက်တွေက မှန်ပြင်ကို တဖောက်ဖောက် ရိုက်ခတ်လာသည်။ စာကြည့်တိုက်အတွင်းမှာတော့ အေးမြ၊ တိတ်ဆိတ်နေသည်။

ပထမ စာမျက်နှာအနည်းငယ်မှတဆင့် အရင်ခေတ်က အင်္ဂလန်နိုင်ငံမှ အမျိုးသမီးတွေ၏ ဘ၀တွေကို တစေ့တစောင်း သိလိုက်ရသည်။ အင်္ဂလန်နိုင်ငံက တက္ကသိုလ်စာကြည့်တိုက်များအတွင်းကို ထောက်ခံချက်မပါဘဲ၊ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသား တစ်ဦးဦးမပါဘဲ အမျိုးသမီးများ ၀င်ခွင့်မရှိခဲ့သည်ကို ဖတ်လိုက်ရတော့ အံ့သြမိ၍ မျက်ခုံးမြှင့်လိုက်မိသည်။

“Virginia Woolf လား”
အဘိုးကြီးက လှမ်းမေးသည်။

“ဟုတ်ကဲ့” မပြုံးချင် ပြုံးချင် ပြုံးလျှက်၊ မဖြေချင်ဖြေချင် ဖြေလိုက်သည်။ ခုလိုအချိန်မှာ စာအုပ်ထဲမှာ နှစ်မြုပ်လို့ ပတ်ဝန်းကျင်နှင့် ခေတ္တကင်းဝေးနေချင်သည်။

“မင်းသိလား….. သူနောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ”
“သိပါတယ်.. စိတ်ကျရောဂါနဲ့လေ၊ ရေကူး အလွန်ကျွမ်းကျင်ပါလျက်နဲ့ အိတ်ထဲမှာ ကျောက်ခဲတွေထည့်ပြီး သူ့အိမ်နားက မြစ်ထဲကိုဆင်းပြီး အဆုံးစီရင်သွားတာ။”
“ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ ဒီလိုစာတွေရေးနိုင်တဲ့ သူ့ရဲ့ ဦးနှောက်ထဲကို မင်း ၀င်မကြည့်ချင်ဘူးလား”
“မကြည့်ချင်ဘူး အဘ၊ သူ့အတွေးအခေါ်တွေက ကြောက်ခမန်းလိလိပဲ။ ကိုယ့်ဘာသာ ရိုးရိုးတွေးပြီး အေးချမ်းစွာပဲနေချင်တယ်”
“ဟုတ်တယ်…။ မင်းလဲပဲ စိတ်တော့ မပျော်ဘူးမို့လား၊ မသောက်တတ်တဲ့ ဆေးလိပ်ကို အတင်းသောက်ဖို့လဲကြိုးစားနေတယ်”

ဒီလောက်တောင် သိသာနေပြီလား၊ ဆေးလိပ်နံ့တွေများ ဆံပင်တွေနဲ့ အကျီ င်္တွေမှာ စွဲနေလို့လား၊ ကားထိုင်ခုံတွေလဲ ဆေးလိပ်နံ့ နံပါပြီဟူသော အတွေးကြောင့် အနည်းငယ်လှုပ်ရှားသွားသည်။ အဘိုးကြီး၏ မျက်လုံးအတွင်းသို့လဲ စိုက်ကြည့်လိုက်မိသည်။ အပြာရောင်မျက်လုံးတွေက အရွယ်နှင့် မလိုက်အောင် ကြည်လင်တောက်ပနေသည်။

ပျော်တယ်၊ မပျော်ဘူးဆိုတာထက် ခံစားချက်တွေ ထုံနေတာပါ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက real မဟုတ်တော့ဘူး၊ အိပ်မက်ရှည်ထဲ လမ်းလျောက်နေရသလိုပဲ” အဘိုးကြီးကိုကြည့်ရင်းပြောလိုက်သည်။

“ဘယ်တုန်းက စဖြစ်လဲ မင်းပြောပြချင်လား”
“၂၀၀၆”
“ဟုတ်တာပေါ့၊ မင်းဘ၀မှာ ၈ ဂဏ္ဍန်းတွေ ကြီးစိုးတာပဲ”
“ဟင်… ဘယ်လိုသိလဲ”
“မင်း အခုလုပ်နေတဲ့ ကော်ပိုရေးရှင်းမှာ အလုပ်ရတဲ့နေ့ကလဲ လတစ်လရဲ့ ၈ ရက်နေ့ပဲ မဟုတ်လား”

“အို….”
“မင်းဘ၀ရဲ့ အပျော်ဆုံး နှစ်တစ်နှစ်ကလဲ ၈ နဲ့ ဆုံးတဲ့ နှစ်၊ ဒါပေမယ့် အဲဒီနှစ်အပြီး ၈ နှစ်အကြာမှာ မင်းဘ၀မှာ အလွန်ဆိုးဝါးတဲ့ အဖြစ်တစ်ခုနဲ့ ကြုံခဲ့ရတယ်”
“ဟုတ်တယ်.. အဲဒီအလုပ်ရတဲ့နှစ်နဲ့ အပျော်ရဆုံးနှစ်နဲ့က တနှစ်ထဲပဲ၊ အဲဒီနှစ်ရဲ့ ၈ နှစ်အကြာမှာ အဲဒီဆိုးဝါးတဲ့အဖြစ် ဖြစ်ခဲ့တာ၊ ဒါနဲ့ အဘက ဘယ်လိုသိလဲ”
“မင်းအရှုးအမှုးကြိုက်တဲ့ သီချင်းတိုင်းဟာလဲ နံပါတ် ၈ တွေဖြစ်နေတတ်တယ်”
“ဟူး” သက်ပြင်းမှုတ်ထုတ်လျက် ဆိုဖာကို မှီချလိုက်သည်။ မျက်နှာကြက်က မီးဆိုင်းကို ငေးကြည့်နေသည်။

“တစ်ခါတစ်ရံ စိတ်ရဲ့ ထွက်ပေါက်ကို မိမိကိုယ်ကို ပျက်စီးစေနိုင်တဲ့ အရာတွေနဲ့ မရှာပဲ၊ ကောင်းတဲ့ အရာတွေနဲ့ စိတ်ထွက်ပေါက်ရှာတာ ကောင်းပါတယ်။ ဥပမာ လူမှုအကျိုးပြု လုပ်ငန်းတစ်ခုခု လုပ်တာမျိုး၊ဘာသာရေးလုပ်တာမျိုး၊ ပန်းချီဆွဲတာမျိုး စာရေးတာမျိုး၊ ဘလော့ဂ်ပေါ်မှာဖြစ်ဖြစ်ပေါ့၊ အဲလိုရေးတာမျိုးလေ”

မျက်နှာကြက်ကို ငေးကြည့်နေသော မျက်လုံးတွေ အလွန်အမင်းပြူးကျယ် ၀ိုင်းစက်လာသည်။ ဆိုဖာကို မှီနေသော ကျောပြင်ကို တည့်မတ်ပြီး အဘိုးကြီးကို အံသြတကြီး ကြည့်လိုက်မိသည်။

“ဟင်…ဘလော့ဂ် လို့ပြောလိုက်လား၊ ဘလော့ဂ်ဆိုတာကို သိလား၊ လူကြီးတွေ သိပ်မသိဘူးထင်လို့။ အခုဘလောဂ့်ရေးနေတယ်”
“အဟမ်း” အဘိုးကြီး ချောင်းဟန့်လိုက်သည်။ “သိတယ်၊ ၂၀၀၆ခုနှစ်က မင်းရဲ့ဘလော့ဂ်မှာတင်တဲ့ ပိုစ့်အရည်အတွက်ကလဲ တိုက်ဆိုင်လွန်းစွာ ၈ ဂဏ္ဍန်းများ ဖြစ်နေလေဦးမလား”
“အား.. အဲဒါတော့ သတိမထားမိဘူး၊ အိမ်ရောက်မှ ပြန်ကြည့်ရမယ်။
“ဒီမြို့ကို အခြေချနေထိုင်ဘို့ ပြောင်းရွေ့လာတဲ့ ဆွေမျိုးတွေထဲမှာ ၈ ယောက်မြောက် ပြောင်းရွေ့နေထိုင်သူကလဲ မင်းပဲမဟုတ်လား”
“ဟင်… ဟုတ်..ဟုတ်တယ်ဘ။ အဘ ဘယ်လိုလုပ်ဒီလောက်သိတာလဲဟင်”

ပြောရင်း အဘိုးကြီး၏ အပြာရောင်မျက်လုံးများက ဖျတ်ကနဲ ရွှေရောင်လက်သွားသယောင်ဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ စိတ်ထင်လို့ဖြစ်မှာပါဟု တွေးရင်း အားတက်သရော စကားဆက်လိုက်သည်။

“ဒီနိုင်ငံကို အရင်ဆုံးရောက်လာသူကတော့ ဦးကြီးပါ၊ နောက်တော့လဲ သူ့မိသားစုဝင်တွေ၊ အခြားဆွေမျိုးတွေ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြတာ အခုတော့လဲ အယောက်လေးဆယ်နီးပါးရောက်နေကြပြီ”
“အင်း... မင်းက ၈ ယောက်မြောက်ပေါ့၊ နောက်ပြီး မင်းဦးကြီး ဆုံးသွားတဲ့ နေ့ကလဲ ၈ ရက်နေ့ပဲ မဟုတ်လား”
“ဟာ… ဟုတ်တယ်ဘ”
ပြောနေရင်း ကြက်သီးမွှေးညှင်း ထနေမိသည့်အတွက် ချမ်းနေသေးလို့များလားဟု တွေးရင်း လက်ဖ၀ါးချင်း ပွတ်လိုက်ပြီး ပါးမှာကပ်ထားလိုက်သည်။

“အနုပညာသမားတွေက စိတ်ခံစားချက်ပြင်းထန်တယ်။ ခံစားချက်ပြင်းထန်လို့ အနုပညာသမားဖြစ်တာလား၊ အနုပညာသမားမို့လို့ စိတ်ခံစားချက် ပြင်းထန်တာလား”

“မသိဘူး အဘ၊ အနုပညာသမားဆိုတာကို ဘယ်လိုဒီဖိုင်းလုပ်လဲ၊ ဘယ်အခြေအနေရောက်မှ ဒီလူဟာ အနုပညာသမားတစ်ယောက်ပါလို့ ပြောကြသလဲ၊ ကလေးတွေကို ထိမ်းကျောင်းတဲ့ မိခင်တွေ၊ ဖခင်တွေ၊ ထမင်းဟင်းချက်သူတွေ၊ ကျောင်းဆရာတွေ၊ အိုးထိမ်းသည်တွေကလဲ အနုပညာသမားတွေပဲမဟုတ်ဘူးလား၊ အရာရာတိုင်းဟာ အနုပညာ တစ်ခုခုနဲ့ ဆက်စပ်နေတာပဲ မဟုတ်ဘူးလား၊ လူတွေသတ်မှတ်ထားတဲ့ အနုပညာသည် ဆိုရင်လဲ နာမည်ကြီးမှလား။ တချို့တွေဆို သေသွားပြီးမှ နာမယ်ကြီးသွားကြတယ်ဆိုတော့ မသေခင်မှာ အနုပညာသမားမဟုတ်ဘူးပေါ့”

“ဒါဆို ရှင်နေတုန်း ဒါမှမဟုတ် သေပြီးမှ နာမည်ကြီးချင်လို့လား”

တစ်ခုမှ မဟုတ်ဘူး၊ ၀ါသနာပါလို့၊ ခါးသည်းနေမှုတွေကို ရင်ဖွင့်ချင်လို့။ နှလုံးသားထဲက ယိုစီးနေမှုတစ်ခုအတွက်ပါ။ ကိုယ်ဘယ်သူဆိုတာတောင် မသိစေချင်ဘူး။ ဖတ်နေတဲ့ စာဖတ်သူတွေကို လေးစားတဲ့ အနေနဲ့တော့ စာတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ရေးတယ်။ ရေးတဲ့ စာတွေအပေါ်မှာ ကိုယ့်ရဲ့ခါးသီးမှုတွေရဲ့ ဖုံးလွှမ်းမှုတွေကို မခံရအောင်လဲ အတတ်နိုင်ဆုံးကြိုးစားတယ်။ လူမသိ၊ သူမသိ သေဆုံးသွားခဲ့ရင်တောင် ဒီကလောင်နာမည်နဲ့ ဒီစာလေးတွေပါလားလို့ စာဖတ်သူအချို့ တွဲသိသွားရင်ပဲ ကျေနပ်ပြီ

“ဒါနဲ့ ဘာဘာသာ ကိုးကွယ်လဲ”
မျက်ခုံးမြှင့်ရင်း အဘိုးကြီး၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။

“ဒါ ကိုယ်ရေးကိုယ်တာ သိပ်ဆန်သွားတဲ့ မေးခွန်းလို့ ယူဆပါတယ်.. အဘ။”

ကိုယ့်ကိုကိုယ် ဘောင်ခတ်လိုက်မိတဲ့ အဖြေမျိုး မဖြေချင်ဘူး၊ ဘာသာရေးအမြင်တွေ အပေါ်မှာထားတဲ့ မင်းစိတ်က သိပ် liberal ကျတယ်။ တစ်ခုတည်းသော ယုံကြည်ကိုးကွယ်မှုကသာ အမှန်တရားပါလို့ ဆိုတဲ့ အတွေးအခေါ်မရှိဘူး၊ အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ တစ်နေရာရာမှာ မှန်နေသလို၊ အခြားတနေရာမှာလဲ ချို့ယွင်းချက်၊ ထောက်ကွက်တွေလဲ ရှိနေတတ်တယ်။ ကိုးကွယ်မှုတစ်ခုကို ယုံကြည်နေမှုတစ်ခုဟာ မိမိဘာသာ ကိုယ်တွေ့ ရှာဖွေလေ့လာသိရှိလာတာထက်၊ မိရိုးဖလာ ဆင်းသက်မှုတွေကြောင့်၊ လက်ဆင့်ကမ်းသယ်လာတဲ့ ခံယူချက်တွေ၊ အတွေးအခေါ်တွေကြောင့်၊ နောက်ပြီး အဲဒီဘာသာတရားကို၊ ဒါမှမဟုတ် ကျင့်စဉ်တစ်ခုကို ကိုးကွယ်တဲ့၊ ကျင့်သုံးနေတယ်လို့ ဘာသာ သတ်မှတ်ထားတဲ့ အိမ်ထောင်မိသားစုမှာ ပေါက်ဖွားလာခြင်းကြောင့်သာ ရာခိုင်နှုန်းတော်တော်များများက ဒီဘာသာဝင်ဖြစ်နေကြတာ၊ ကျင့်စဉ်တစ်ခုကို ကျင့်နေကြတာ၊ မည်သူက မည်သူ့ကိုမျှ မိမိဘာသာတရားက ပိုကောင်းလို့ (ဒါမှမဟုတ်) အကောင်းဆုံး၊ အမှန်ဆုံး၊ အသင့်လျော်ဆုံးမို့လို့ လက်ခံယုံကြည့်သက်ဝင်သင့်တယ်လို့ ၀ါဒဖြန့်ခြင်း၊ သွပ်သွင်းခြင်းတွေကို မလုပ်သင့်ဘူး။ အားလုံးကို ဘောင်ခတ်ထားတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး သုံးသပ်ချက်ချတာထက် “လူသား”ဆိုတဲ့ မျက်လုံးနဲ့ ကြည့်ပြီး အားလုံးကို စာနာနားလည်သင့်တယ်။ တစ်ယောက်ရဲ့ ယုံကြည်ကိုးကွယ်ခြင်း၊ ခံယူချက်တွေကို နောက်တစ်ယောက်က လေးစားသင့်တယ်…စသဖြင့် ပြောချင်နေတယ်မို့လား

“..........”

“အဘ သွားမယ်…။ ကိုယ်ပိုင်ဆိုင်တဲ့ လူ့ဘ၀ဆိုတာ ဇတ်ခုံပေါ်က ကကွက်တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ အိပ်မက်ရှည်တစ်ခု (ဒါမှမဟုတ်) ပြိုင်ပွဲတစ်ခု၊ စမ်းသပ်မှုတစ်ခုလဲ ဖြစ်နေနိုင်တယ်။ ဒီနေရာမှာ ရုပ်ခန္ဓာနဲ့ဆိုင်တဲ့ ပြိုင်ပွဲလို့ ဆိုလိုတာမဟုတ်ဘူးနော်။ ဒါကြောင့် စိတ်ညစ်နေတာတွေ၊ စိတ်ဓာတ်ကျနေတာတွေထဲက ကြိုးစားရုန်းထွက်ပြီး ကိုယ်ကနေရတဲ့ အခန်းကို ပီပြင်အောင်ဆက် က ပါ”

စကားဆုံးတော့ အဘိုးကြီးက တုတ်ကောက်ကို ကောက်ကိုင်လိုက်သည်။ ဆိုဖာပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။ ပြီးတော့ အပေါက်ဝဘက်ကို လျောက်သွားသည်။ အဘိုးကြီး ဆင်ဝင်နားရောက်တော့မှ သတိရလိုက်ပြီး အဘိုကြီးနောက်သို့ ခပ်သွက်သွက်လိုက်သွားသည်။ ဆင်ဝင်အောက်က တိုင်လုံးနားမှာ အဘိုးကြီးကို မှီသွားသည်။

“အဘ.. အဘ… ကားပါလား၊ လိုက်ပို့ပေးမယ်”

“ရတယ်။ ဒီနားလေးတင်နေတာ။ ဒါနဲ့ မင်းတို့ရဲ့ မြန်မာမြူးဇစ်ဒေါ့ကွန်းလားဘာလား အဲဒီဆိုဒ်က မင်းအမည်ဘေးက နံပါတ်ကလဲ တစ်ရာခုနှစ်ဆယ်၊ နောက်ပြီး ပွိုင့်ကလဲ နံပါတ်ရှစ် ဖြစ်နေတယ်ထင်တယ်။ ကြည့်လိုက်ဦး။
အော်.. မင်းရဲ့စာအုပ် အဘတို့ထိုင်တဲ့ခုံတွေနားက စားပွဲပေါ်မှာ ကျန်ခဲ့တယ်။ သွားပြန်ယူလိုက်ဦး”

“ဟာ.. ဟို..အဘ..အဘ”
စကားလုံးတွေ ထစ်ထစ်အအနှင့် စာကြည့်တိုက်ဘက်ကို အယောင်ယောင် အမှားမှား ကြည့်လိုက်မိသည်။

“ဟာ”
သည်ဘက်ပြန်အလှည့်မှာတော့ အဘိုးကြီးကို လုံးဝမတွေ့တော့။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်သည်။ မရှိ။ ဆင်ဝင်အောက်က ထွက်ပြီး မိုးရွာထဲမှာရပ်၍ ရှေ့နောက်ဝဲယာ ကြည့်သည်။ မတွေ့။ ဒီလောက်မြန်မြန် တနေရာရာကို ဘယ်လိုများ ရောက်သွားပါလိမ့်။ မိုးရေတွေစိုရွှဲသွား၍ ဆင်ဝင်အောက်ကိုပြန်ဝင်၍ တိုင်နားကို ကပ်ရပ်လိုက်သည်။

“ဟင်”
တိုင်နားမှာ အဘိုးကြီး၏ တုတ်ကောက်က မှီရက်သားလေး။ တုတ်ကောက်ထိပ်က လက်ခနဲဖြစ်သွား၍ အနားကပ်ကြည့်လိုက်မိသည်။ တုတ်ကောက်ထိပ်က ငွေရောက်အလုံးပေါ်မှာ အဖြူရောင် မြှားနတ်မောင်ရုပ်လေးက ကောင်းကင်ကိုမော့ကြည့်နေဟန်၊ ထိုအရုပ်လေးလက်ထဲမှာတော့ အ၀ါရောင်ပန်းလေး ၈ ပွင့်ကို ထူးဆန်းစွာတွေ့လိုက်ပါတော့သည်။



Monday, September 10, 2007

ရနံ့မပျယ်သေးတဲ့ ပန်းနွယ်ခရေ

ပန်း ရနံ့တွေကိုသယ်ဆောင်လာတဲ့ ညလေပြေက ပြူတင်းပေါက်က တိတ်တဆိတ်ဝင်ရောက်လာတယ်။ အိမ်ရှေ့လမ်းတစ်ဘက် ရေကန်ကြီးဆီမှာ လှိုင်းကြက်ခွပ်လေးတွေ လရောင်အောက်မှာ တဖျတ်ဖျတ်နဲ့လက်နေကြတယ်။ ကန်ဘောင်တစ်လျှောက်အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေကြောင့်
လရောင်ကတော့ ခပ်ရေးရေးလေးပဲ။ ညနေစောင်းတွေမှာ ဒီကန်ရိုးတစ်လျှောက်လူစည်ကားနေကျ။ ဟိုစဉ်တုန်းကတော့ ညနက်လာပြီဆိုရင်တော့
သူနဲ့သူ့သူငယ်ချင်းတို့ အဲဒီကန်ရိုးပေါ်မှာ စုတတ်ကြတယ်။


သူတို့သူငယ်ချင်းတစ်စု အုပ်စုဖွဲ့စကားပြောသံသဲ့သဲ့တွေ အေးမြတဲ့ ညလေနဲ့အတူ ကိုယ်စာကျက်ရာပြူတင်းပေါက်ဆီကို ရောက်ရောက်လာတတ်တယ်။ တစ်ခါတစ်ရံတော့ သီချင်းသံ၊ စကားပြောသံတွေမကြားရပဲ ဆေးလိပ်မီးနီနီလေးတွေပဲတွေ့ရတတ်တယ်။
အရင်ကလိုအခန်းမီးကိုပိတ်လို့ သူရှိနေတတ်ခဲ့ရာနေရာလေးကို အမှောင်ရိပ်ထဲက ကြည့်နေမိတယ်။

အခုတော့လဲ ကန်ရိုးတစ်လျှောက် တိတ်ဆိတ်ခြောက်ကပ်နေလိုက်တာ...
ပုရစ်အော်သံ သဲ့သဲ့ကိုတောင်ကြားနေရတယ်။

လရောင်နဲ့ လှပလွန်းတဲ့ညရဲ့ ဆွဲဆောင်မှုကြောင့် ကန်ရိုးပေါ်ကိုထွက်လာခဲ့မိတယ်။
လုံခြုံအေးချမ်းတဲ့ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့်လည်း ဒီကန်ရိုးပေါ်ကို
ညအခါမှာ တစ်ခါမျှ မရောက်ဖူးခဲ့၊ သွားခွင့်လဲမရှိခဲ့။
လရောင်က ဖိတ်ဖိတ်တောက်သာနေလိုက်တာ ကိုယ့်အရိပ်ကိုတောင် ပြန်မြင်နေရတယ်။ လောလောလတ်လတ် ကျင်လည်ခဲ့တဲ့ နီယွန်မြို့ပြအလှက ဒီသဘာဝအလှကို
လှပစွာရှုံးနိမ့်သွားပြီပေါ့ကွယ်။

ညလေအေးအေးမှာဝဲလွင့်သွားတဲ့ ဆံနွယ်တွေကိုစုသိမ်းလိုက်ပြီး ကန်စပ်မှာထိုင်ချလိုက်တယ်..။ ကန်စပ်ကမျက်ရှည်ပင်တွေနဲ့ ကန်တွင်းက ဗေဒါပင်တွေက အစိမ်းနုရောင်လွင်ပြင်ကြီးလိုပဲပေါ့။ အဲဒီအချိန်မှာ ပုရစ်အော်သံတွေနဲ့အတူ သစ်ရွက်ခြောက်ကြွေနင်းသံကြိုကားလိုက်ရတယ်။
မသိမသာတုန်ရင်နေတဲ့ ရင်ခုန်သံကို ဘာသာအံ့သြနေမိခဲ့တယ်။
ဒီခြေသံနဲ့ မရင်းနှီးဖူးခဲ့ပေမယ့် သူ့ခြေသံမှန်း ဘာကြောင့်သိနေခဲ့ပါလိမ့်။

ဟိုတုန်းကလို ရှပ်အဖြူရောင်၊ အညိုရောင်ပုဆိုးကွက်နဲ့ မြန်မာဆန်ဆန် ပုံစံလေးက မမြင်တွေ့ရတာနှစ်တွေသိပ်ကြာလို့ မျက်စိထဲမှာ ပိုလို့ညံ့သက်နေတယ်။

“----- ” ပြန်ရောက်နေပြီနော်...

လှပဆဲအပြုံးတခုနဲ့ ကိုယ့်ဘေးခပ်လှမ်းလှမ်းမှာ သူဝင်ထိုင်လိုက်တယ်။
ငယ်စဉ်ကလေးဘ၀ထဲက ကျောင်းအတူတူ၊ ကျုရှင်အတူတူတက်ခဲ့ကြပေမယ့် မေးထူးခေါ်ပြောအဆင့်ထက်မပိုခဲ့ ကြတဲ့ကိုယ်တို့ .. အဲဒီိညက ပထမဆုံးအကြိမ်အဖြစ်
စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။
ညလေတွေကြားက သစ်ရွက်သံတရှဲရှဲ၊ လရောင်မရဲတရဲအောက်မှာ သူ့ဆံနွယ်ခွေခွေလေး
နဖူးမှာလွန့်လူးသွားတာကို၊ သူ့အကျီ င်္အပေါ်ဆုံးကြယ်သီးတစ်လုံးပြုတ်နေခဲ့တာကို ကိုယ်ခိုးကြည့်ခဲ့မိတယ်။

*******

ထောင့်ကိုးရာကိုးဆယ်ခုနှစ်တွေရဲ့ ပူလောင်အိုက်စပ်တဲ့ သင်္ကြန်ရက်တစ်ရက်တုန်းက
ခြံနောက်ဖက်ထောင့် ရေတွင်းနားက ကံ့ကော်ပင်မှာ ကံ့ကော်ပန်းတွေ အဆုပ်လိုက်ပွင့်နေခဲ့ကြတယ်။ ရေခမ်းတဲ့နွေရက်တွေမို့ ပတ်ဝန်းကျင်ကလူတွေ ကိုယ်တို့ရေတွင်းကရေကို လိုသလိုသုံးဖို့ လမ်းလေးဘေးက ခြံနောက်တံခါးကို ဖွင့်ထားတတ်တယ်။ ခြံနောက်ကလမ်းလေးက ဟိုမှာတပွင့်၊ သည်မှာတပွင့်ကျနေတဲ့ စကားပန်းဝါ၀ါလေးတွေကြောင့် အ၀ါရောင်လမ်းလေးဖြစ်နေတော့တယ်။

လူတွေပျော်နေကြချိန် သင်္ကြန်ရက်တွေမှာ ကိုယ်တို့ညီအမတွေကတော့ ဘယ်မှသွားလေ့မရှိကြဘူး။ အဲဒီနေ့က ပျင်းရိလွန်းလို့ ရေတွင်းထဲကျနေတဲ့ ဖားတစ်ကောင်ကို ကယ်ဖို့အကြံထုတ်ရင်း ရေတွင်းထဲကိုငုံ့ကြည့်နေတဲ့ ကိုယ့်နားကို မမျှော်လင့်ပဲ ငွေဖလားခွက်နဲ့ သူရောက်လာခဲ့တယ်။ ကိုယ့်ကို ရေလောင်းဖို့ခွင့်တောင်းတော့ အလွန်အမင်းရှက်ရွံ့ပြီး ခေါင်းငုံ့ထားခဲ့မိတယ်။ သူနဲ့ကိုယ် နီးကပ်နေလို့သူ့ကိုယ်သင်းနံ့ကို ပင့်သက်ရှိုက်မိလိုက်တယ်။
ကံ့ကော်ရနံ့သင်းပျံ့တဲ့ ရေအေးအေးကို ပုခုံးပေါ်မှာခံစားလိုက်ရချိန်၊ ကံ့ကော်ဝတ်ဆံမှုန်လေးတွေ လက်မောင်းမှာတွယ်ငြိသွားချိန်မှာတော့
ကိုယ့်ဘ၀ရဲ့ ပထမဆုံးသော ရင်ခုန်သံကို ခံစားခဲ့ရတယ်။

***********

သြကာသလောကကြီးတစ်ခုလုံး တိတ်ဆိတ်စွာအိပ်မောကျနေတဲ့ နံနက်ခင်းလေးတစ်ခု၊
လမ်းမီးရောင်အောက်မှာ စက္ကူပန်းရွက်တွေ၊ ပုဏ္ဍရိတ်ရွက်တွေ အရောင်တဖိတ်ဖိတ် တောက်လက်နေခဲ့တယ်။ စာကျက်ရင်းအိပ်ချင်ပြေ၊ ခြံထဲမှာ လမ်းဆင်းလျှောက်နေရင်း
လက်က နာရီသံပတ်လေးချက်တီးသံကြားလိုက်တယ်။
“ဟင်..”
အိမ်ရှေ့ခြံတံခါးပေါ်မှာ ထူးဆန်းစွာတွဲလွဲလေးတင်နေတဲ့ လှပတဲ့ ခရေပန်းကုံးလေးတစ်ကုံး…

ခရေကုံးလေးကိုလက်ကကိုင်လို့ စာကျက်ခန်းရှိရာအပေါ်ထပ်ကို ပြန်လာခဲ့တယ်။ အခန်းထဲရောက်တော့ အခန်းမီးကိုပိတ်လို့ ကန့်လန့်ကာနောက်ကရပ်ပြီး ကန်ကြီးဘက်ကို လှမ်းကြည့်လိုက်မိတယ်။
လရောင်ရေးရေးအောက်က ကန်စပ်မြက်ပင်ရှည်တွေနားမှာ အဖြူရောင်အရိပ်လေးတစ်ခု....
ဘယ်လောက်ပဲအလင်းရောင်နဲနဲ သူ့အရိပ်ကိုတွေ့တာနဲ့ သူဆိုတာကိုယ်အမြဲသိခဲ့ပါတယ်..
နောက်ရက်တွေမှာတော့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှော်လင့်ခြင်းတွေ မပေးချင်လို့ ခြံတံခါးပေါ်က အထီးကျန် ခရေကုံးလေးတွေကို ကန့်လန့်ကာနောက် အမှောင်ရိပ်အတွင်းကပဲ ရပ်ကြည့်ငေးမောနေခဲ့ပါတယ်။

************

ညနေစောင်းထမင်းစားပြီးချိန် အိမ်နောက်ဘက် ကွပ်ပျစ်ပေါ်မှာ မိသားစု
လက်ဖက်ရည်ကြမ်းဝိုင်းထိုင်နေကြတဲ့တစ်ရက်၊ ဦးမြင့်က ကွမ်းတမြုံ့မြုံ့နဲ့
ရှေ့နောက် မကြည့်ဘဲ ထုံးစံအတိုင်းစကားတွေဖောင်ဖွဲ့နေခဲ့တယ်။

“မနက်မနက်၊ ဘယ်က ခရေကုံးအိမ်ရှေ့ရောက်ရောက်နေလဲမသိဘူး”
“ဒီအိမ်မှာ မိန်းမတွေတော့အများကြီးပဲ။ မေမေနဲ့ ဒေါ်သန်းကတော့ အသက်ကြီးပြီ”
ဒေါ်ကြီးသန်းကသူ့ယောင်္ကျားကို မျက်စောင်းထိုးကြည့်လိုက်တယ်။
ဦးမြင့်ကတော့ အာဘောင်အာရင်းသန်သန်နဲ့ဆက်ပြောတယ်။
“မလွင်တို့ မကေတို့က ဧည့်သည်တွေ၊ ငယ်ငယ်ကလဲ ငါးတန်းပဲရှိသေးတယ်ဆိုတော့
ဒီပန်းကုံးကဘယ်သူ့အတွက်လဲမသိဘူး”

အားလုံးရဲ့မျက်လုံးတွေက ကိုယ့်ဆီရောက်လာတယ်။ ကိုယ့်မျက်နှာတစ်ခုလုံးရှိန်းထနေတယ်။
နောက်ရက်တွေမှာ သူ့ကိုကာကွယ်လိုစိတ်နဲ့ ခြံတံခါးပေါ်ကခရေကုံးလေးတွေကိုယူပြီး ယွန်းဗူးလေးထဲမှာ သိမ်းဆည်းထားခဲ့တယ်။ မတုံ့ပြန်နိုင်မယ့်အချစ်တစ်ခုမို့ ရက်စက်စွာငြင်းပယ်ရမယ်ဆိုတာ ကြိုသိထားခဲ့လို့လဲ ခရေကုံးနဲ့အတူ နောက်ထပ်ထူးထူးဆန်းဆန်း တစ်ခုခုရလာမှာကိုတော့ သိပ်ကြောက်ခဲ့တယ်။
ခရေလေးတွေကောက်ဖို့ ရှိတဲ့မုန့်ဘိုးနဲ့ ဖယောင်းတိုင်ဝယ်ပြီး ကျောင်းဝင်းကြီးထဲက ခရေပင်အောက်မှာ မနက်သုံးနာရီထဲကရောက်နေခဲ့တဲ့ သူ့အကြောင်းတွေကိုတော့ အမြဲကြားခဲ့ရတယ်။

ဒီလိုနဲ့ ကိုယ်ဆယ်တန်းအောင်တဲ့နေ့အထိ တစ်ရက်မှမပျက်ခဲ့တဲ့ ပင်ခြေမှာဖွေး၊ ညှာတံနဲ့ဝေးပေမယ့်၊ မွှေးမွှေးပျံ့ပျံ့၊ သင်းပျံ့ယဉ်ကျေးတဲ့ ခရေအတွက် သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။

ကိုယ်တက္ကသိုလ်တက်နေတဲ့ နှစ်တွေမှာတော့ အမှတ်တမဲ့နဲ့ တွေ့နေကျ၊ သစ်ရိပ်ထူတဲ့ ကန်နားတ၀ိုက်မှာ၊ စိန်ပန်းပင်တန်းနားက မုန့်ဟင်းခါးဆိုင်နားမှာ၊ လမ်းဟိုဘက်ထိပ်က လက်ဘက်ရည်ဆိုင်တွေနားမှာ သူ့ကိုသိပ်မတွေ့ရတော့ဘူး။ ရှစ်တန်းမှာ ဂုဏ်ထူးငါးခုအတူတူရခဲ့ကြပေမယ့် သူဆယ်တန်းမအောင်ခဲ့တဲ့အတွက်အားငယ်စိတ်နဲ့ ရှောင်ပုန်းနေခဲ့တယ်လို့ထင်မိတယ်။
ဒါပေမယ့် လှပတဲ့ နေ၀င်ရီရောအချိန်တွေမှာတော့ သူရှိတတ်ရာရေကန်ကြီးဘက်ကို ကိုယ်ငေးကြည့်တတ်သလို၊ သူကလဲ ကိုယ်ရှိနေတတ်ခဲ့ရာ ကိုယ့်ရဲ့စာကျက်ခန်းလေးဆီကို
ငေးကြည့်ခဲ့ရင်း ကိုယ်တို့ရဲ့အချိန်တွေကုန်ဆုံးခဲ့ကြတယ်။

နံနက်ခင်းလေးတစ်ခုမှာတော့ ခြံတံခါးကြားမှာ ခရေကုံးလေးနဲ့အတူ ကိုယ်သိပ်ကြောက်တဲ့ အဖြူရောင်စာရွက်ခေါက်လေးကို ရရှိခဲ့တယ်။ အတွေ့အကြုံမရှိဖူးသူတစ်ယောက်လိုပဲ စာခေါက်လေးကိုဖြန့်နေတဲ့လက်တွေတုန်ခါနေခဲ့တယ်။

“မင်္ဂလာရှိတဲ့နံနက်ခင်းလို့ဆိုရအောင်နော်...နွေး..”
ပထမ၀ါကျအဆုံးမှာတော့ ပြူတင်းပေါက်ဘက် လျှောက်သွားပြီး စေ့နေပြီးသား ကန့်လန့်ကာကို ပိုစေ့အောင်ပိတ်ပစ်လိုက်တယ်။
“မောင်”လို့ ဆိုင်းထိုးထားတဲ့ သူ့စာအဆုံးမှာ စာဆက်မကျက်ဖြစ်တော့ပဲ အခန်းထောင့်က
ဖုန်တက်နေတဲ့ ကြင်စုဂစ်တာလေးကို မလှုပ်မရှက်ငေးကြည့်နေခဲ့မိတယ်။

ပေးခဲ့တဲ့ခရေရဲ့ မျက်နှာကိုတောင်မထောက်၊ တမင်တကာနှုတ်မဆက်ပဲ မြန်မာပြည်က ထွက်ခွာလာတဲ့ကိုယ့်ကိုခွင့်လွှတ်နိုင်ပါစေ...။

သူဆယ်တန်းအောင်သွားတယ်ဆိုတဲ့အကြောင်း၊
သူဆယ်တန်းအောင်သွားတဲ့အတွက် ကိုယ့်ကိုကျေးဇူးတင်တဲ့အကြောင်း၊ သူ့ရည်းစားတွေရဲ့နာမည်တွေမှာ “နွေး” ပါတဲ့အကြောင်းတွေ ကိုယ်သိခဲ့ရတယ်။

***********

ကိုယ်ပြန်ရောက်နေလို့ ဟိုတုန်းကလိုပဲ မောင်နှမ၀မ်းကွဲတွေစုပြီး ခြံနောက်က မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ဂစ်တာစုတီးဖြစ်ကြတဲ့တစ်နေ့... သူတို့ဆိုနေတဲ့ ကော်ပီသီချင်းတွေကို ဘယ်လိုမှခံစားလို့မရတော့တာ ကိုယ့်ကိုကိုယ်သတိထားမိလိုက်တယ်။
“ငါ့အဖေနားထောင်တာဟဲ့”လို့ သူငယ်ချင်းယောင်္ကျားလေးတွေကို လှောင်ရယ်ခဲ့တဲ့ကိုယ်ဟာ တွံတေးသိန်းတန်တို့ စိုင်းထီးဆိုင်တို့ကို တရှိုက်မက်မက်နားထောင်နေတတ်ပြီ်။

အဲဒီအကြောင်းလေးတွေကို လရောင်ရွှမ်းတဲ့အဲဒီညက ကန်ကြီးကိုမျက်နှာမူရင်း သူနဲ့ပြောဖြစ်ခဲ့တယ်။ သူနဲ့ သူ့သူငယ်ချင်းတွေ အမြဲဆိုနေကျ
ခြင်္သေ့လည်ပြန် နဲ့ ရင်ခတ်အလွမ်းအကြောင်း ပြောဖြစ်ခဲ့ကြတယ်။ သူကိုယ့်ရဲ့လက်ကို လှမ်းကြည့်လိုက်တယ်။
“ဂစ်တာမတီးတော့တာ ကြာပြီမို့လား”
ခပ်တိုးတိုး သူမေးခဲ့တယ်။

ပူအိုက်လွန်းတဲ့ရန်ကုန်ည၊ လှပလွန်းတဲ့လရောင်နဲ့၊ ကိုယ့်ရဲ့ကဗျာဆန်မှု (သို့မဟုတ်) ရုးသွပ်မှုတစ်ခုကြောင့် ခြံထောင့်ကရေတွင်းလေးမှာ၊ ညညလူခြေတိတ်ချိန် ကိုယ်ရေသွားချိုးလေ့ရှိတယ်။ အရောင်တောက်နေတဲ့သစ်ရွက်တွေ၊ ညလေမှာလွန့်လူးနေတဲ့အုန်းရွက်တွေ၊ ပန်းရနံ့သင်းတဲ့ညလေ၊ အေးမြတဲ့တွင်းရေ...
ခံစားကြည့်လိုက်ကြပါ...ဒီလိုအခွင့်အရေးမျိုးမြန်မာပြည်မှာပဲရနိုင်တာလေ

“ဟဲ့..ဘာလုပ်ဦးမလို့လဲ...ပြန်လာခဲ့..အိမ်ထဲမှာပဲချိုး” မေမေမသိအောင် ကြိတ်ပြီးဆူတဲ့ဒေါ်ကြီးသန်းကို မနဲတောင်းပန်ပြီး ရေတွင်းလေးဆီထွက်လာခဲ့တယ်။

“အို......”

ခရေနွမ်းလေးတွေ၊
မြေပေါ်မှာလွင့်၊ အပင်မှာမ၀င့်ပေမယ့်
ကြွေတဲ့ဘ၀၊ နွမ်းတဲ့ဘ၀မှာတောင်၊ လှပအောင်နွမ်းလို့ကြွေ.....
ရွှေဒါးမောင်လေးရည်ရဲ့ ကဗျာတစ်ပုဒ်ထဲကလို....


လှလိုက်တဲ့ခရေကုံးလေးတွေ..ကန်ဘောင်ပေါ်မှာ၊ ရေခွက်လေးထဲမှာ၊ ရေတွင်းဘောင်တစ်လျှောက်မှာ၊
မနွမ်းပါဘူး...လန်းလန်းဆန်းဆန်းနဲ့ အများကြီးပဲ...
ယုယုယယကိုင်ပြီးပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ တိတ်ဆိတ်နေလိုက်တာ ညလေတိုးသံတွေပဲကြားနေခဲ့ရတယ်...
အဲဒီညက အုတ်ကန်ထဲက လ၀န်းဝိုင်းဝိုင်းလေးရဲ့ အရိပ်လေးကို လက်နဲ့အသာထိလိုက်ပြီး
ကိုယ်အကြာကြီးငိုင်တွေနေခဲ့မိတယ်...

********

အဲဒီတစ်ကြိမ်က သူနဲ့ကျွန်မ နောက်ဆုံးတွေ့ခဲ့ကြခြင်းပဲဖြစ်ပါတယ်...
ဒီတစ်ကြိမ်မြန်မာပြည်ကအထွက်မှာ သူအရူးကြီးဖြစ်ပြီးကျန်ခဲ့တယ်လို့ သူ့မိခင်က
ကျွန်မမိခင်ကို ပြောရင်းငိုတယ်ဆိုတဲ့အကြောင်းတွေ ကျွန်မနှစ်တွေအများကြီးကြာမှ သိခဲ့ရပါတယ်...

ရန်ကုန်ကိုဘယ်နှစ်ကြိမ်ပြန်ရောက်ရောက် သူ့ကိုဘယ်တော့မှ ကျွန်မ မတွေ့တော့ပါဘူး။
ဒီကန်ကြီးနားတ၀ိုက်မှာ၊ ဒီလမ်းပေါ်မှာ၊ ဒီပတ်ဝန်းကျင်မှာ သူမရှိတော့ဘူး။
သူနေခဲ့တဲ့အိမ်ကြီးပေါ်မှာလဲ လူသစ်တွေရောက်နေကြပြီ....
သူဘယ်ကိုပြောင်းသွားလဲဆိုတာလဲ စုံစမ်းလို့မရတော့ပါဘူး..

တကယ်တော့ငယ်ငယ်က စာကျက်ရင်းအမြဲကြားခဲ့ရတဲ့
သူသီဆိုခဲ့တဲ့ ကိုမွန်းအောင်ရဲ့ “ရင်ခတ်အလွမ်း” ထဲကလို
မခေါ်နိုင်မှန်းသိလို့ တိတ်တဆိတ်လှမ်းသွားသူဟာ.......
ဘယ်သူဘယ်ဝါလဲဆိုတာကို နောင်တများစွာနဲ့ အဖြေရှာနေရင်း...
ခရေပန်းများကိုသစ္စာရှိနေရင်းနဲ့ .....


(အိပ်မက်မှာတင်ခဲ့တဲ့ ကျွန်မ၏ ၀တ္ထုတိုများကို ပြန်လည်စုစည်းခြင်းပါရှင်။)

Sunday, September 02, 2007

သောကခြေရာ (၆)

လပြည့်ဝန်းလျှင် ကန်ရေပြင်မှာ
တဒင်္ဂတွေ့ မွေ့တတ်သေးလျှင်……။

လနှင့်မြေလွှာ ကွာသလိုပင်
အကြင်နာကို မျိုသိပ်နေရ
တစ်ဘ၀စီ၊ ခဏတွေ့ဆုံ
ရင်အခုန်မှာ …
မြင်ယုံလေးနှင့် နှစ်သိမ့်နေ….။



ဆရာစိန်ဝင်း (ပုတီးကုန်း)

အရောင်

ဂျစ်ဂျစ်ရဲ့ ကမောက်ကမ ၁၄ ကိုဖတ်ပြီး ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ သူ့ပိုစ့်လေးကို ဖတ်ပြီး လူ့အလိုဆိုတာကို နတ်တွေဘယ်တုန်းကမှ မလိုက်နိုင်ခဲ့ပါလားဆိုတဲ့ လူကြီးတွေပြောစကား မှန်ပါလားလို့ ကျွန်မတွေးမိလိုက်တယ်။ အချို့သော ဆံပင်ဖြောင့်တဲ့သူတွေက ကောက်ခြင်တယ်၊ ကောက်သူက ဆံပင်ကို မီးပူတိုက်လို့ မဖြောင့်ဖြောင့်အောင် လုပ်ကြတယ်။ အရပ်ရှည်သူက သိပ်မရှည်ချင်ဘူး၊ ပုသူက ခုံမြင့်ဖိနပ်ကြီးတွေ ၀တ်ကြတယ်။ သိပ်ပိန်လွန်းသူက ၀ချင်တယ်၊ ၀သူက ညစာမစားပဲအငတ်ခံတယ်။ အရှေ့တိုင်းက လူတော်တော်များများက ဖြူချင်တယ်၊ နေထိမှာ အရမ်းကြောက်တယ်၊ အနောက်ကလူတွေကလဲ ညိုတာကမှ ညက်တယ်ထင်ကြတယ်။

အရှေ့တိုင်းမှာဆိုရင် အသားဖြူမလေးတွေက ခေတ်စားတယ်လို့ ဆိုလို့ရပါတယ်။ မြန်မာပြည်မှာဆိုလဲ ကျောင်းထဲမှာ အလှဘုရင်မဆိုသူတွေက ဖြူဖြူချောချောတွေများတယ်။ ထူးထူးဆန်းဆန်း ကျွန်မအတန်းထဲမှာတော့ အဲဒီနှစ်က အလှဘုရင်မက တော်တော်လေးညိုတယ်။ သူရလိမ့်မယ်လို့လဲ တစ်ခါမှ မထင်ခဲ့မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ယောင်္ကျားလေးတွေက ဖြူတာလေးတွေကိုမှ သဘောကျတတ်ကြတယ်မဟုတ်လား။ မြန်မာပြည်ကရုပ်ရှင်မင်းသမီးတွေဆိုလဲ ဖြူမှ ပိုထင်ပေါ်တယ်ထင်ပါတယ်။ မြန်မာပြည်နဲ့ အနေဝေးတဲ့သူတွေ၊ မြန်မာရုပ်ရှင်ကား အကြာကြီးမကြည့်ပဲ ကြည့်မိတဲ့ သူတွေ သတိထားမိလို့ ပြောနေကြစကားကတော့ မြန်မာပြည်မှာ မင်းသားတွေက ကုလားများဖြစ်ပြီး၊ မင်းသမီးတွေက တရုပ်မလေးများ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အရှေ့တိုင်းတွေမှာဆိုရင် အလှဘုရင်မတွေဟာ အများအားဖြင့် တော်ရုံလူထက် အသားဖြူနေကြတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ အသားညိုတွေပေါတဲ့ တိုင်းပြည်တွေမှာ မိန်းကလေးတစ်ယောက်ရဲ့ လူချစ်လူခင်ပေါများခြင်း၊ လူမှုရေးနယ်ပယ်၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ ရာထူးအဆင့်တွေအပေါ်မှာ သက်ရောက်မှုက ထိုမိန်းကလေး၏ အခြားသော ကိုယ်ပိုင် အရည်အသွေးများအပြင် သူ၏အသားအရောင်အပေါ်မှာလဲ မူတည်နေတယ်လို့ ယူဆမိပါတယ်။

ကျွန်မ သူငယ်ချင်း အဖြူမတွေကတော့ ညိုချင်လွန်းလို့ (အထူးသဖြင့် နွေရောက်ပြီဆိုရင်) သူတို့အသားကို မညို၊ညိုအောင် ဆေးလိမ်း၊ နေခံ၊ မီးကင်ခံကြတယ်။



အလှကုန်ဆိုင်ကြီးတွေထဲမှာလဲ အသားညိုဆေး အမျိုးမျိုးရောင်းချကြတော့တာပါပဲ။ ကျွန်မရဲ့ နေမခံပဲ ညိုတဲ့လက်ကိုတကိုင်ကိုင်နဲ့ အားကျနေတတ်ကြပါတယ်။ အဲဒီအချိန်မှာ ဒီမြို့က တရုပ်၊ ကိုရီးယား စတဲ့ လူမျိုးတွေကတော့ သူတို့ကားမောင်းတဲ့ လက်တွေ နေထိလို့ ညိုမှာစိုးလို့ တတောင်ဆစ်ထိရှည်တဲ့ လက်အိပ်တွေ စွတ်ပြီး ကားမောင်းနေကြတာကို မြင်နေရပါတယ်။ အလှကုန်စတိုးဆိုင်ကြီးတွေမှာ အသားညိုဆေးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချိန်မှာ ကုလားကုန်စုံဆိုင်တွေမှာတော့ အသားဖြူဆေးတွေ ရောင်းချတတ်ပါတယ်။ အဖြူတွေများတဲ့တိုင်းပြည်ဆိုတော့ နေပူလာပြီဆိုတာနဲ့ ယောင်္ကျားလေးတွေဟာ
သူတို့အကျီ င်္တွေကိုချွတ်၊ အမိုးပွင့်ကားတွေ မောင်းပြီး ဘယ်သူပိုညိုလဲ မသိမသာကြွားကြတော့တာပါပဲ။



မိန်းကလေးတွေဆိုရင်လဲ သဘာဝနေရောင်ခြည်ရချိန်နဲတဲ့ ဒေသတွေမှာဆိုရင် tanning booth လို့ခေါ်တဲ့ စက်ထဲ ၀င်အိပ်ကြတော့တာပါပဲ။ ဒါပေမယ့် အဲဒီ tanning booth ဆီက ထုတ်လွှတ်တဲ့ UVA ရောင်ခြည်တွေက သဘာဝနေရောင်ကလာတဲ့ UVA ရောင်ခြည်တွေထက် ၂ဆမှ ၃ဆအထိ များတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်စဉ် အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာဖြစ်သူ လူတစ်သန်းခန့် ရှိတယ်လို့ အမေရိကန် အမျိုးသမီးကျန်းမာရေးစာစောင်က ဆိုပါတယ်။ ဒါတောင်မှ အသားညိုအောင်လုပ်တဲ့ စက်ထဲ ၀င်အိပ်နေကြဆဲပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားနဲနဲညိုသူတွေဟာ အရေပြားပေါ်မှာရှိတဲ့ အပိန့်၊ အရာ၊ အစင်းတွေ သိပ်မမြင်ရပဲ အသားညက်ပြီးပိုလှတယ်လို့ ယူဆလို့ပါလို့ သူငယ်ချင်းတစ်ယောက်က ဆိုပါတယ်။

ဒီနေ့လဲ တိုက်တိုက်ဆိုင်ဆိုင် ညစားစားအပြီး ထမင်းဆိုင်ကအထွက်၊ ဘေးကားတစင်းပေါ်မှာ အာရှတိုက်က အမျိုးသမီးတစ်ဦးကို လှမ်းတွေ့လိုက်ပါတယ်။ အသက်က လေးဆယ်ကျော်ခန့်၊ မျက်နှာက သူများနဲ့မတူ ဆန်းနေသလိုဖြစ်လို့ မသိမသာ စောင်းငဲ့ကြည့်မိပါတယ်။ သူက မျက်နှာကို ခွဲစိတ်ကုသထားတယ်ဆိုတာ သိပ်သိသာနေပါတယ်။ အသားကလဲ အဖြူအသားဖြစ်နေတယ်။ ဘယ်လောက်ဖြူဖြူ၊ တရုပ်ဖြူပုံ၊ ကိုရီးယားဖြူပုံ၊ ဂျပန်ဖြူပုံ၊ အဖြူဖြူပုံ၊ စသဖြင့် အသားရဲ့ shade တွေမတူကြပါဘူး။ သူနဲ့ ရွယ်တူတွေနဲ့ယှဉ်ရင် အများကြီးပိုလှပေမယ့် သဘာဝမကျဘူး၊ အစစ်မဟုတ်ဘူးဆိုတာ သိသာနေပါတယ်။
မည်သို့ပင်ဖြစ်စေ မိမိသဘာဝအလှကို ဂုဏ်ယူနိုင်ခြင်းက ပိုသင့်တော်မည်လို့ ယူဆပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုပုံသွင်းပုံသွင်း၊ ဘယ်လိုပဲ ချီးကျူးပါစေ၊ ကဲ့ရဲ့ပါစေ၊ မိမိကိုယ်ကို ယုံကြည့်မှုရှိဖို့ ပိုအရေးကြီးပါတယ်။ တစ်ကယ်လို့ မိမိကိုယ်ကိုယုံကြည်မှုမရှိလို့ မိမိရဲ့ အသားအရောင်၊ ကိုယ်ခန္ဒာကို ငွေကြေးအကုန်ခံပြီး ပြုပြင်မယ်ဆိုရင်လဲ မိမိစိတ်ချမ်းသာမယ်၊ အလွန်အကျွံဖြစ်မသွားဘူးဆိုရင်လဲ ပြီးတာပါပဲ။

ကျွန်မအနေနဲ့ကတော့ လောကကြီးမှာ အရောင်အသွေးစုံနေတာ၊ အရွယ်စုံနေတာ ပိုလှတယ်လို့မြင်ပါတယ်။ အကုန်လုံးတစ်ပုံတည်း၊ တသွေးတရောင်တည်းဆိုရင် တော်တော်ပျင်းစရာကောင်းတဲ့ လောကကြီးဖြစ်သွားမယ်လို့ ထင်ပါတယ်။
ခဏတာနေထိုင်ရတဲ့ ဒီကိုယ်ခန္ဒာကို သယ်ဆောင်နေရတဲ့ အချိန်မှာ၊ အချို့တွေက ပုပ်သိုးသွားမယ့်အရာပဲလို့ ရှုမှတ်ပြီး ဒီအတိုင်းထားတတ်ကြသလို၊ အချို့ကလဲ နေထိုင်နေစဉ် အကောင်းဆုံး ပြုပြင်သွားမယ်၊ ထိမ်းသိမ်းသွားမယ်လို့ ခံယူတတ်ကြပါတယ်။ ဒါတွေအားလုံးက မိမိရဲ့ ယုံကြည်မှု၊ ခံယူတတ်မှုတွေအပေါ်မှာမူတည်နေသလို မိမိရဲ့လုပ်ရပ်အကျိုးအပြစ်ကိုလဲ မိမိပဲ ခံယူကြရမှာဖြစ်ပါတယ်ရှင်။

photo credit: hotspottanning.com

LinkWithin

Related Posts Plugin for WordPress, Blogger...