မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 31, 2007

ဆင်ပစ်ခြင်း

မြန်မာပြည်အောက်ပိုင်းမှ မြို့လေးတစ်မြို့ဖြစ်သည့် မော်လမြိုင်မြို့လေးတွင် ပုလိပ်အရာရှိတစ်ယောက် အနေနှင့် ကျွန်တော် တာဝန်ကျနေသော ကာလများတွင်ဖြစ်သည်။ မြို့ခံလူတွေ၏ ဥရောပတိုက်သားများအပေါ်တွင် ထားရှိသည့် ခါးသက်သက် အမုန်းတရားများကို ကျွန်တော် ခံစားနေခဲ့ရသည်။ မြို့ခံများက သူတို့၏ အမုန်းများကို ထုတ်ဖော်ပြသည့် အနေနှင့် လူဖြူအမျိုးသမီးတစ်ဦးတစ်လေ ဈေးထဲမှာ တစ်ယောက်ထဲ လျှောက်သွားဖြစ်သည့် အခါများတွင့် ပါးစပ်အတွင်းမှ ကြံရည်နှင့် ထိုအမျိုးသမီး၏ ဂါဝန်ပေါ်သို့ ပြစ် ကနဲမြည်အောင် ထွေးထုတ်တတ်ကြသည်။ နယ်ချဲ့ အုပ်ချုပ်သူ လူတန်းစားအတွင်းထဲက ကျွန်တော့်ကိုလဲ အခွင့်သာလျှင်သာသလို မကြားတကြား စောင်းမြောင်းပြောဆို၊ အရှက်ခွဲတတ်ကြသေးသည်။

ဘောလုံးကန်သည့်အခါများတွင် တစ်ဖက်လူက မသိမသာခြေထိုးလို့ ကျွန်တော် မှောက်လျက်လဲသည့်အခါများတွင် ကွင်းလယ်ဒိုင်က မမြင်ဟန်ဆောင်က အခြားတစ်ဘက်သို့ ကြည့်နေတတ်သလို၊ ပရိတ်သတ်က အုန်းအုန်းကြွက်ကြွက်ညံအောင် ရယ်မောတတ်ကြသည်။
ထိုသို့ မကြားတကြား စောင်းမြောင်းပြောဆိုခြင်းများက သူတို့၏ မုန်းတီးမှုများ၊ ခံစားချက် အစစ်အမှန်များကို ဆန္ဒပြပွဲများ အနေနှင့် ပွင့်လင်းစွာ ထုတ်ဖော်မပြရဲကြခြင်းများ၏ ပြယုဒ်များသာဖြစ်သည်။ ကျွန်တော်မလှမ်းမကမ်းရောက်သွားမှ ထိုလူဝါများက ထိုးကွင်းထကာ စောင်းမြောင်းပြောဆိုခြင်းများက ကျွန်တော့ကို စိတ်အနှောက်အယှက်ဖြစ်စေသည်။ အဆိုးတကာ့အဆိုးဆုံးက ရဟန်းပျိုများပင်ဖြစ်သည်။ ကျဉ်းမြောင်းလှသည့် သည်မြို့ကလေးမှာ ရဟန်းပျို ဦးရေက ထောင်နှင့်ချီရှိသည်။ ထိုရဟန်းပျိုများသည် တစ်နေကုန် ဘာအလုပ်မျှ မလုပ်ပဲ လမ်းထောင့်များတွင်ရပ်ကာ ဥရောပတိုက်သားများကို လှောင်ပြောင် ပြက်ရယ်ပြုနေတတ်သည်။

တစ်ကယ်တော့ ကိုလိုနီနယ်ချဲ့စနစ်ကို တိတ်ဆိတ်စွာ ရွံ့မုန်းနေသည့် ကျွန်တော့ အဖြစ်ကိုတော့ မည်သူမျှသိမည်မထင်။ မြန်မာလူမျိုးတွေဘက်မှနေ၍ အုပ်ချုပ်သူလူတန်းစားများကို သီအိုရီနည်းအရကော၊ ထုတ်ဖော်မပြ၀ံ့သည့် တိုးတိတ်မှု တစ်ခုအနေနှင့်ပါ ဆန့်ကျင်နေခဲ့သည့် ပညာအဆင့်အတန်း သိပ်မမြင့်မားသည့် ပုလိပ် အရာရှိတစ်ယောက်အနေနှင့်သာ ကျွန်တော်၏့ နေ့ရက်များကို မော်လမြိုင်မြို့လေးတွင် ကုန်ဆုံးစေခဲ့သည်။ ကိုလိုနီအင်ပါယာ၏ ယုတ်မာမှုများကို အနီးကပ်မြင်တွေ့နေရသည့်အတွက်လဲ ခါးသည်းစွာ ပိုလို့မုန်းတီးနေခဲ့မိသည်။ ကျဉ်းမြောင်းနံစော်လှသော အချုပ်ခန်းအတွင်းမှ ပိန်လိန်ခြောက်ကပ်နေသော မြန်မာများ၏ မျက်နှာများ၊ အ၀တ်မပါသည့် တင်ပါးကို ကြိမ်လုံးနှင့် ရိုက်နှက်ခံထားရ၍ အမာရွတ်များပွထနေသော အချုပ်သားများကို မြင်တိုင်း အပြစ်ရှိသလို အမြဲခံစားနေခဲ့ရသည်။ ကျွန်တော့်လိုပဲ ပညာအဆင့် သိပ်မမြင့်သည် အင်ပါယာ၏ အလယ်အလတ်တန်းစားများ၏ ရင်ထဲတွင်လဲ ထိုကဲ့သို့ပင် ခံစားနေရမည်ထင်သည်။ ကျွန်တော်တို့အားလုံးသည် အင်ပါယာကြီး တိတ်တဆိတ်ကျဆုံးနေသည်ကိုလဲ မသိခဲ့ကြ။ ဗြိတိသျှ-အိန္ဒိယ အင်ပါယာကြီးသည် အဆုံးမရှိသော၊ အဖိနှိပ်ခံလူတန်းစားများကို ဦးချိုးထားသော အာဏာရှင်စနစ်တစ်ခု။ ထိုစနစ်ကို ရွံမုန်းခြင်း၊ လက်အောက်ခံတိုင်းပြည်အတွင်းမှ တိုင်းသူပြည်သားများနှင့် ဆက်ဆံရသည်မှာ လက်ပေါက်ကပ်ခြင်း၊ တစ်ခါတစ်ရံ ရဟန်းရှင် တစ်ဦး၏ ၀မ်းဗိုက်တွင်းသို့ လှံစွပ်ဖြင့်ထိုးသတ်လိုစိတ်များ ဖြစ်ပေါ်လာခြင်းများကို နေ့စဉ်နှင့် အမျှ ခံစားကြုံတွေ့နေရသည်။ သည်အရာများသည် ကိုလိုနီနယ်ချဲ့စနစ်၏ ဘေးထွက်ပစ္စည်းများဖြစ်သည်ဟု ကျွန်တော်ထင်သည်။ အခြားအင်ဂလို-အင်းဒီးယန်းများလဲ ကျွန်တော့်ကဲ့သို့ပင် ခံစားရမည်ကို တပ်အပ်ပြောနိုင်သည်။

ထိုနေ့က မော်လမြိုင်မြို့လေးတွင် သေးငယ်သော အဖြစ်အပျက်လေးတစ်ခု ဖြစ်သွားသည်။ ကြီးမားသည့်အရာ တစ်ခု မဟုတ်ပေမယ့် ကိုလိုနီစနစ်၏ အခြေအနေမှန်ကို ဖော်ကျူးလိုက်နိုင်သော၊ အာဏာရှင်စနစ်၏ ရည်ရွယ်ချက်အစစ်အမှန်တစ်ခုကို ကန့်လန့်ကာလှစ်ကာ တစ်စိတ်တစ်ပိုင်း မြင်သာစေသော နေ့ဖြစ်သည်။ ထိုနေ့ နံနက်စောစောက မြို့တစ်ဘက်ခြမ်းရှိ နယ်မြေပုလိပ်အရာရှိက ဈေးထဲတွင် ဆင်တစ်ကောင် သောင်းကျန်းနေသည်ဟု ဖုန်းဆက်၍ သတင်းပေးလာသည်။ လာရောက်ဖြေရှင်းပေးရန် ပြောသဖြင့် ၀င်ချက်စတာ ပွိုင့်လေးဆယ့်လေး ရိုင်ဖယ်သေနတ်ကိုဆွဲပြီး မြင်းတစ်ကောင်နှင့် မြို့တစ်ဖက်ခြမ်းသို့ ခရီးနှင်ခဲ့သည်။ သေနတ်ကိုင်၍ ထွက်ခဲ့သော်လည်း ဆင်ကိုသေနတ်နှင့် ပစ်ရန် မရည်ရွယ်၊ ခြောက်လှန့်ရုံလောက်အနေနှင့်သာ သေနတ်ဆွဲ၍ ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒီသေနတ်က ဆင်သေနိုင်လောက်အောင် အစွမ်းထက်သော သေနတ်လဲမဟုတ်။

လမ်းမှာတွေ့သမျှ နယ်ခံများက ဆင်အကြောင်း တစ်ယောက်တစ်ပေါက် ပြောပြကြသည်။ သည်ဆင်က တောဆင်ရိုင်းတစ်ကောင်မဟုတ်။ မုန်ယိုနေသော ဆင်ယဉ်တစ်ကောင်သာဖြစ်သည်။ မုန်ယိုနေသဖြင့် သံကြိုးနှင့် ချည်ထားသော်လည်း ညက သံကြိုးကို ဖြတ်တောက်ထွက်ပြေးသွားသည်ဟုဆိုသည်။ ဆင်ထိန်းကလဲ ခရီးလွန်နေသဖြင့် ၁၂နာရီကွားဝေးသည့် အရပ်ဒေသတစ်ခုတွင် ရောက်နေသည်ဟု သတင်းရသည်။ နယ်ခံများတွင် လက်နက်ကိရိယာ တစ်စုံတစ်ခု မရှိသောကြောင့် ဆင်၏ ရန်ကို မကာကွယ်နိုင်ကြ။ လောလောဆယ်တော့ ထိုဆင်ကြောင့် ၀ါးအိမ်တစ်အိမ် ပြားချပ်သွားသည်။ နွားတစ်ကောင်သေဆုံးသွားသည်။ မြို့တွင်းက ကုန်စိမ်းဆိုင်တစ်ဆိုင်ကိုမှောက်လှန်ကာ ဟင်းသီးဟင်းရွက်များ၊် အသီးအနှံများကို စားသောက်သွားသည်။ မြူနီစပယ်ပိုင် အမှိုက်ကားကို မှောက်ရန်ကြိုးစားသဖြင့် ကားမောင်းသူက ဖနောင့်နှင့်တင်ပါး တစ်သားထဲကျအောင် ထွက်ပြေးသွားသည့် အချိန်တွင်တော့ အမှိုက်ကားကို စိတ်ရှိတိုင်း မွေ့ယမ်းနေခဲ့သည်ဟု ဆိုကြသည်။

ထိုနေ့က မိုးဦးကျစမို့ မိုးရိပ်မိုးငွေ့နှင့် အိပ်စပ်စပ်ဖြစ်နေသည်။
ဆင်သောင်းကျန်းသွားသည်ဆိုသော ကွာတားကိုရောက်သည့်အခါတွင် မြန်မာလက်ထောက် အင်စပက်တာများနှင့် အိန္ဒိယရဲတပ်ဖွဲ့ဝင်အချို့ ကျွန်တော့အားစောင့်နေသည်ကို တွေ့ရသည်။ ကွာတားက အုန်းလက်မိုး၊ အုန်းလက်ယက် ၀ါးတဲတဲသာသာ သာဖြစ်သည်။
အနီးအနားရှိ လူများကို အနည်းငယ်မေးစမ်းသည့်အခါတွင်လဲ ထုံးစံအတိုင်း ဘာမှ တိတိကျကျ အဖြေမပေးနိုင်ကြ။ ဒါတွေကလဲ အရှေ့တိုင်းတွေမှာ ကြုံလေ့ရှိသည့်အရာတစ်ခု။ အကြောင်းအရာ အဖြစ်အပျက်တစ်ခုသည် အဝေးမှကြားရလျှင် တိကျပြတ်သားနေတတ်ပြီး၊ အနီးရောက်လာလေလေ မတိကျ၊ မပြတ်သား၊ေ၀၀ါးသွားလေလေဖြစ်သည်။ လူအချို့က တောင်ဘက်သို့ ဆင်ထွက်သွားသည်ဟုဆိုသည်၊ အချို့ကလဲ မြောက်ဘက်သို့ ဦးတည်သွားသည်ဟုဆိုသည်၊ အချို့ကတော့ ကနေ့အဖို့ ဘယ်ဆင်အကြောင်း ဘာမှတောင် မကြားသေးဟုဆိုသည်။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အော်သံအချို့ကြားလိုက်ရပြန်သည်။ ဘာအလိမ်အညာတွေများ ပေါ်လာပြန်ပြီလဲဟု စိတ်ထဲမှတွေးလိုက်မိသည်။
“သွားစမ်း.. ဒီကလေးတွေ၊ ထွက်သွားကြစမ်း၊ ဒီနားမလာကြနဲ့”
အော်သံနှင့်အတူ၊ တဲနောက်မှ အ၀တ်မပါ လုံးတီးကလေးလေးများပြေးထွက်လာသည်။ သူတို့၏နောက်မှ မိန်းမတစ်ဦးကလဲ ကြိမ်လုံးတယမ်းယမ်းနှင့် ကလေးများကို မမြင်သင့်သည်ကို မမြင်လိုဟန်နှင့် ကြမ်းတမ်းစွာ မောင်းထုတ်အော်ဟစ်ရင်း ပြေးလိုက်လာသည်။ ထိုမိန်းမနောက်မှလဲ အခြားမိန်းမများက စုတ်တသပ်သပ်နှင့် ရင်ဘတ်ဖိလျှက် ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ တဲများနောက်ဘက်သို့ ပတ်ကြည့်သောအခါ ရွံ့ထဲတွင် အကျီ င်္ဗလာနှင့် လဲကျသေဆုံးနေသော ဒရာဗေးယီးရန်းနွယ်ဝင် အိန္ဒိယ ကူလီတစ်ယောက်ကို တွေ့လိုက်ရသည်။ ဆင်က ထိုကူလီနောက်မှ ရုတ်တရက်ပေါ်လာပြီး နှာမောင်းနှင့် ရစ်ပတ်မြှောက်ချီ၊ မြေပြင်ကိုပစ်ချပြီး ခြေနှင့်နင်းသတ်သွားသည်ဟု ဆိုကြသည်။ မိုးရာသီမို့ စိုစွတ်နေသော မြေပြင်ထဲတွင် ကူလီ၏ကိုယ်ခန္ဓာက မြုပ်ဝင်လျှက်၊ လည်ပင်းလိမ်လျှက် ဝေဒနာခံစားလျှက် သေဆုံးသွားသည့် ထိုသူ၏ မျက်နှာကိုမြင်လိုက်ရသည်။ ထိုသူ၏ ကျောကုန်းပေါ်က အရေခွံကလဲ ဆင်ခြေထောက်ဒဏ်ကြောင့် အရေခွံကွာနေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အခြေအနေမဟန်မှန်းသိလိုက်သဖြင့် ကောင်လေးတစ်ယောက်ကို သူငယ်ချင်း၏ ရိုင်ဖယ်သေနတ်ကို သွားယူခိုင်းလိုက်သည်။ ဆင်နံ့ရလို့လန့်ပြီး ကျွန်တော့ကို သူ့ကျောကုန်းပေါ်မှ ခါချမည်ကို ကြိုတင်တွေးထားမိလို့လဲ ကျွန်တော်၏ မြင်းကိုပါ တစ်ပါတည်း အိမ်ပြန်ပို့ခိုင်းလိုက်သည်။

သေနတ်သွားယူသောကောင်လေး မိနစ်အနည်းငယ်အကြာတွင် ရိုင်ဖယ်သေနတ်၊ ကျည်ကပ် ငါးကပ်ဖြင့် ပြန်ရောက်လာသည်။ ထိုအချိန်တွင် ကိုက်အနည်းငယ်ကွာဝေးသော စပါးခင်းထဲတွင် ဆင်ရှိနေသည်ဟု လူအချို့ကပြောလာသည်။ ကျွန်တော် စပါးခင်းဘက်သို့ ခြေဦးလှည့်လိုက်သည်။ သေနတ်ကို ပုခုံးပေါ်ထမ်း၍ ဆင်ရှိရာ စပါးခင်းဘက်သို့ ထွက်လာသော ကျွန်တော်၏နောက်တွင် လူအုပ်ကြီးက ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ သူတို့၏ တဲအိမ်များကို ခြေဖျက်ခဲ့သည့်တိုင် ဆင်ကို သိပ်စိတ်ဝင်စားပုံမပြသော လူအုပ်ကြီးက ကျွန်တော် ဒီဆင်ကို သတ်တော့မည်ဟူသော ယူဆချက်နှင့် ရုတ်တရက် စိတ်လှုပ်ရှားတက်ကြွနေတော့သည်။ ဆင်သားလဲ စားရတော့မည်ဟု မျှော်လင့်နေကြပုံရသည်။ တကယ်တော့ ရိုင်ဖယ်ကိုင်လာသည်မှာ ဆင်ကိုပစ်သတ်ရန်ထက် တစ်စုံတစ်ခုဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်ဖြစ်သည်။

တဲအိမ်တန်းအောက်ခြေက ကျောက်တုံးကျောက်ခဲ အပိုင်းအစတွေနဲ့ ဖို့ထားသော လမ်းလေးအတိုင်း စပါးခင်းဘက်ကို လျှောက်လာခဲ့ကြသည်။ မိုးတစ်ပြိုက်နှစ်ပြိုက် ရွာချထား၍ စိုစွတ်နေသော၊ မထွန်ယက်ရသေးသော၊ စပါးခင်းအလယ်မှာ မြက်စားနေသော ဆင်ကို တွေ့လိုက်ရသည်။ ဆင်၏ ဘယ်ဘက်ခြမ်းကို ကျွန်တော်မြင်နေရသည်။ ဆင်က မြက်များကို နှာမောင်းနှင့် ရစ်ပတ်၍ ဒူးဆစ်နှင့် တစ်ချက်နှစ်ချက်ရိုက်ကာ ပါးစပ်တွင်းသို့ ဟန်ပါပါသွင်းလိုက်သည်။ လူအုပ်စုကြီး သူ့အနားကပ်လာသည်ကိုတော့ သတိပြုမိပုံမပေါ်။ ငြိမ်သက်စွာ မြက်စားနေသည်။ စိတ်ကြမ်းများလဲ ငြိမ်ကျသွားပုံရသည်။ ဆင်ထိန်းရောက်လာလျှင်တော့ အသာတကြည် အိမ်ခေါ်သွားနိုင်လောက်မည်။ ထို့ကြောင့် အခြေအနေကို အသာတကြည် စောင့်ကြည့်နေတော့မည်ဟု ကျွန်တော် ဆုံးဖြတ်ချက် ချထားသည်။ ရွာသားများတွက် အလုပ်လုပ်ပေးနေသော ဆင်၊ မုန်ယိုနေသော ဆင်ယဉ်တစ်ကောင်ကို ပစ်သတ်ခြင်းမှာ တန်ဖိုးရှိသော၊ ကြီးမားသည့် ယန္တရားတစ်ခုကို ဖျက်ဆီးပစ်ခြင်းကဲ့သို့ပင်ဖြစ်ပေမည်။

ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ လမ်းတစ်ဖက်တစ်ချက်မှာ လူအုပ်စုက တဖြည်းဖြည်း များလာသည်။ လူဝါများ၏ မျက်လုံးအစုံပေါင်း နှစ်ထောင်ခန့်က ပျော်ရွှင်၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသော အရိပ်အယောင်များ ယှက်သန်းနေသည်။ ကျွန်တော့်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော သူတို့၏ မျက်လုံးများက ယခုတော့ အစွမ်းပြတော့မည့် မျက်လှည့်ဆရာတစ်ယောက်ကို ရွှန်းရွှန်းစားစားကြည့်ပုံမျိုးနှင့် ကြည့်နေကြသည်။ ဒီဆင်ကို ကျွန်တော် သတ်ရတော့မည်။ ကျွန်တော် လုံးဝမသတ်ချင်သော်လည်း လူအုပ်ကြီး၏ တွန်းအား၊ ဖိအားကို ကျွန်တော် မတွန်းလှန်နိုင်။ ကိုယ်လုပ်ချင်သည်အရာထက်၊ လူတွေ၏ ဆန္ဒနောက်သို့ ကျွန်တော်လိုက်ရတော့မည်။

ယခုအချိန်တွင် ကျွန်တော်သည် သူတို့ကို အုပ်ချုပ်နေသူ၊ သေနတ်ကိုင် လူဖြူအာဏာရှင်တစ်ဦးမဟုတ်တော့။ ထိုလူအုပ်ကြီး၏ ကြိုးဆွဲရာနောက်ကို လိုရာယိမ်းကနေရသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်မှန်းမသိဖြစ်နေပြီ။ လက်နက်မဲ့ သော ပြည်သူတွေရှေ့မှ မားမားမတ်မတ်ရပ်နေသော သေနတ်ကိုင်ထားသူ အုပ်ချုပ်သူ လူဖြူတစ်ယောက်၏ အဆန်မရှိမှု၊ တန်ဖိုးမဲ့မှုကို ခံစားနေရသည်။ သူတပါးကို သေနတ်ကိုင်ပြီး အတင်းအကျပ် နိုင်လိုမင်းထက် အုပ်ချုပ်ခြင်းသည် မိမိပိုင်ဆိုင်ရမည့် လွတ်လပ်ခွင့်တွေကိုလဲ မိမိကိုယ်တိုင် အသေသတ်နေခြင်းပင်ဖြစ်လိမ့်မည်။ ဆာဟိဘ် ဟုသာ အခေါ်ခံနေရသော်လည်း တကယ်တမ်းတော့ ကျွန်တော်တို့ လူဖြူဆာဟိဘ်များသည် နယ်ချဲ့စနစ်၏ အဆန်မရှိ ဟန်ပြအရုပ်များသာဖြစ်သည်။ မတန်မရာ မျက်နှာဖုံးကို စွပ်လျှက်၊ မျက်နှာဖုံးအလိုက် မျက်နှာကို လိုက်ပြောင်းလဲစေလာရသော၊ နယ်ခံလူတွေအကြိုက်ကိုလဲ အလျှင်းသင့်သလို လိုက်နေရသော သူများ ဖြစ်မှန်းမသိ ဖြစ်လာရသည်။

လူအုပ်ကြီးက ဆင်ကိုပစ်သတ်စေချင်နေပေမယ့် ကျွန်တော် မသတ်ဝံ့။ ဆင်ကလဲ အဘွားအိုတစ်ယောက်၏ ညင်သာပုံမျိုးနှင့် မြက်ခြောက်များကို စားနေသည်။ ကလေးဘ၀ထဲက အသဲငယ်တတ်သူ တစ်ယောက်မဟုတ်ခဲ့သော်လည်း တကယ်တမ်း သတ်ဖြတ်ရမည်ဆိုတော့လဲ လူတို့၏ သဘာဝအတိုင်း အကောင်ကြီးလျှင် မသတ်ဝံ့။ ဒီဆင်၏ တန်ဖိုးမှာ ယခုချိန်ပေါက်ဈေးနှင့်ဆိုလျှင် အနည်းဆုံး ပေါင် ၁၀၀ တန်မည်။ ဆင်သေကတော့ တန်ဖိုးရှိမည်မဟုတ်။ အစွယ်တွက်သာ ၅ပေါင်လောက်သာ တန်တော့မည်။

ကျွန်တော်ပတ်ဝန်းကျင်ကို ဝေ့၀ိုက်ကြည့်လိုက်သည်။ ဆင်အကြောင်း သိနိုင်သော လူအချို့ကို အခြေအနေ မေးစမ်းကြည့်လိုက်သည်။ ဆင်က သူ့အနားကပ်လျှင် ရန်လိုနိုင်သည်၊ ဆင်နားမကပ်ဘဲ ဒီအတိုင်းထားလိုက်လျှင် သူ့ဘာသာနေနေလိမ့်မည်ဟု ဆိုကြသည်။ ဆင်ကို ဒီအတိုင်းထားလိုက်ပြီး ဆင်ထိန်းလာမှ အခြေအနေကြည့်ထိမ်းခိုင်းလိုသော ဆန္ဒရှိသော်လည်း၊ သေနတ်တစ်လက်လုံး ကိုင်လာပြီးမှ နောက်ပြန်လှည့်လျှင် နယ်ခံများ၏ တံတွေးခွက်တွင် ပက်လက်မျောဖွယ်ရာ ဖြစ်တော့မည်။ ဆာဟိဘ်တို့သည် တိကျပြတ်သားရမည်၊ ကိုယ် ဘာလုပ်မည်ကို ကိုယ်သိရမည်၊ မိမိကိုယ်ကို နားလည်ရမည်၊ သတ္တိရှိရမည်၊ ကျွန်တော့ကြောင့် တခြား လူဖြူဆာဟိဘ်များ သိက္ခာကျ ခံမည်လား။ ဆင်နားကပ်ပြီး ထိုးစစ်ဆင်လိုသည့် စိတ်ရှိ၊ မရှိကိုလဲ စမ်းသပ်၍ မဖြစ်။ အခန့်မသင့်၍ ထိုးစစ်ဆင်လာလျှင် မိုးဦးကျစမို့ ပျော့နေသော နွံထဲတွင် ခြေသလုံးမြုပ်ပြီး ထွက်မပြေးနိုင်ပါက ကူလီကဲ့သို့ ဒါမှမဟုတ် လမ်းကြိတ်စက်အောက်က ဖားအဖြစ်ကဲ့သို့ ဖြစ်သွားနိုင်သည်။ နယ်ခံများကလဲ သနားကြင်နာသည်ထက် လှောင်ပြောင်ရယ်မောကြလိမ့်မည်။ တစ်သက်လုံးလဲ ပြောစမှတ်ဖြစ်သွားနိုင်သည်။

တစ်နည်းသာ ရှိတော့သည်။
ကျည်ကပ်ကို ထည့်လိုက်ပြီး ၀မ်းလျားမှောက်လျှက် သေနတ်ကို ချိန်လိုက်သည်။ နယ်ခံများထံမှ ကျေနပ်သွားသော သက်ပြင်းချသံအချို့ကြားလိုက်ရသည်။ ကပွဲစတော့မည်မို့ ကန့်လန့်ကာအလှစ်မှာ ကျေနပ်သွားသော ပွဲကြည့် ပရိတ်သတ်ကဲ့သို့ပင်။ ဂျာမဏီပြည်ဖြစ် ရိုင်ဖယ်သေနတ်၏ လှပသေသပ်မှုကို သတိထားလိုက်မိသည်။ ထို့နောက်တွင်တော့ ဆင်၏ ဦးနှောက်နေရာကို ကျွန်တော်ချိန်ထားလိုက်သည်။

( ဒီလိုနဲ့ စာရေးဆရာက ဆင်ကို ဘယ်လို ပစ်သတ်လိုက်တယ်ဆိုတာကို အသေးစိတ်ရေးပါတော့တယ်။ ဆင်လေးခံစားနေရတာတွေ၊ ရွာသားတွေက ဆင်လေးဒဏ်ရာရနေတာတောင် (အသက်ရှင်နေသေးတာတောင်) ဓားတွေ၊ ပုဆိန်တွေနဲ့ ၀ိုင်းနေကြတွေကိုလဲ အသေးစိတ်ရေးထားပါတယ်။ အဲဒီနောက်ဆုံး လေးပိုဒ်ကို ယခုထိ အသေးစိတ် မဖတ်နိုင်သေးသောကြောင့် ဒီနေရာမှ စပြီး ဆုံးသွားတဲ့ အထိ ဘာသာမပြန်နိုင်တော့တဲ့ ကျွန်မကို နားလည်ပေးကြပါရှင်။)

George Orwell ၏ Shooting an Elephant ကို မြန်မာလို ဖတ်ချင်သူများအတွက် (အထူးသဖြင့် မြန်မာပြည်မှ သူငယ်ချင်းများ အတွက်) စေတနာသက်သက်ဖြင့် ဘာသာပြန်ပေးသည့် အခါတွင် အမှားအယွင်း၊ လိုအပ်ချက်၊ မူရင်းအာဘော်မှ ကွဲလွဲမှုများရှိပါက ကျွန်မ၏ တာဝန်သာဖြစ်ပါကြောင်း။


မှုရင်း အင်္ဂလိပ်လို ဖတ်လိုသူများ ဒီနေရာ သို့သွားပါရန်။

ကျွန်မရဲ့ ပန်းခရမ်းပြာများ

ပန်းချစ်သူများအတွက်…. ဒီတစ်ခါတော့ အိမ်ရှေ့ က ပန်းလေးတွေပါ။

Clamatis နွယ်ပန်းလေးတွေပါ











တစ်ခြံလုံး ခရမ်းပြာရောင်တွေ လွှမ်းတဲ့နေ့







ကျွန်မရဲ့ လီလီ


ပန်းလေးတွေလို လန်းဆန်းမွှေးပျံ့ကြပါစေ။
ပန်းလေးတွေလို ကြွေရင်တောင် ဝေခဲ့ဖူးတာတွေလဲ အမှတ်ယနိုင်ကြပါစေ။
နောက်ပန်းတွေ ပွင့်ဖို့ ချွေပေးကြတဲ့ အခါလဲ ကျေနပ်နှစ်သိမ့် နေနိုင်ကြပါစေရှင်။

Monday, July 30, 2007

မီးပန်းလွှတ်ပွဲ

ဒီနှစ် ဗင်ကူးဗားနွေက အရင်နှစ်တွေနဲ့မတူ၊ အနည်းငယ်အေးနေတယ်။ အရင်နှစ်တွေတုန်းကဆို မြက်တွေကခြောက်၊ လေပူတွေက တိုက်နဲ့။ အခုလဲ Annual Symphony of Fire နေ့မှာ မိုးရွာမယ်လိုလို ဖြစ်နေပေမယ့် သွားနေကျ ဒီနွေရာသီ ပွဲတော် တစ်ခုဆီကို မရောက်ရောက်အောင် သွားခဲ့လိုက်တယ်။ ဒီနှစ်က Canada, Spain နဲ့ China မီးပန်းလွှတ် ပြိုင်ပွဲ ၀င်ကြမှာဖြစ်တယ်။ မီးပန်းတွေကို သီချင်းသံစဉ်နဲ့ အလိုက် ပင်လယ်ထဲက သဘောင်္ကနေတဆင့် လွှတ်တင်ကြတာဖြစ်တယ်။ ဒီနေ့ကတော့ ကနေဒါ ပြိုင်ပွဲဝင်ရမယ့် အလှည့်။

စထွက်တည်းက မိုးက အုံ့နေတယ်။ ဖရေဇာမြစ်ပြင်ကို ဖြတ်တဲ့ တံတား သုံးခုရှိတဲ့အထဲက အလုပ်သွားရင် တစ်ခါတစ်ရံ သုံးနေကျ Portman Bridge ကတဆင့် ထွက်ခဲ့တယ်။ ဒါကတော့ တံတား တစ်ဖက်တစ်ချက်က ရှုခင်းလေးတွေပါ။ ရှုခင်းလေးတွေက လှတော့ ရုံးသွားရင် လမ်းမှာ ကဗျာတွေ စာတွေ ထွက်ကျလာသေးတယ်။ ကျွန်မရဲ့ ငှက်တစ်ကောင်၏ အပြုံးက ဒီရှုခင်းတွေက ရတဲ့ ခံစားချက်ပေါ့။






ဒီလိုနဲ့ ဟိုင်းဝေး နံပါတ် ၁ က တဆင့် ဗင်ကူးဗားမြို့ထဲကိုထွက်ခဲ့တယ်။ ဟိုင်းဝေးကအထွက် Hastings လမ်းမပေါ်ကနေ မြို့ထဲကို လှမ်းမြင်ရတယ်။


မြန်မာပြည်က လက်ဘက်ရည်ချိုမျိုး Hong Kong Style Tea
နဲ့ ပေါက်စီရတဲ့ တရုပ်တန်းကို ၀င်ပြီး ညစာစားဖို့ ရောက်တော့ ရ နာရီကျော်ပြီမို့ ဆိုင်တွေက အကုန်ပိတ်သွားပြီ။ တရုပ်တန်းကလဲ တိတ်ဆိတ်နေပြီ။



ဒါနဲ့ မြို့ထဲဘက်ကို ဆက်ထွက်ခဲ့တယ်။
ဒီနေရာကတော့ မောင်လေးတို့၊ ညီမလေးတို့၊ မမ၊ကိုကိုတို့ အကြိုက် Canadian singers တွေဖြစ်တဲ့ Celine Dion, Avril Lavigne, Nelly Furtado, Bryan Adams တို့ သီချင်းလာလာဆိုတဲ့ GM Place နေရာပါ။


ဒီလိုနဲ့ မြို့ထဲရောက်လာတော့ …….



ကားလမ်းတွေက စပိတ်လာပြီ။ ကားကို တနေရာမှာ ရပ်ခဲ့ပြီး လမ်းဆင်းလျှောက်ခဲ့တယ်။ ဆိုင်တွေအားလုံးကလဲ လူတွေပြည့်နေတယ်။ ဂျပန်၊ တရုပ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မက္ကဆီကို၊ အရှေ့တောင်အာရှဆိုင်တွေ အားလုံး ပြည့်ကျပ်နေတယ်။ ဒါနဲ့ လူနဲနဲရှင်းတဲ့ တရုပ်ဆိုင်လေးတစ်ဆိုင်ထဲမှာ Sesame Chicken နဲ့ ခေါက်ဆွဲ ၀င်စားလိုက်တယ်။



စားပြီး သောင်ပြင်ဘက်ကို အဝေးကြီး လမ်းဆက်လျှောက်လာတယ်။ လမ်းမှာ လူမျိုးစုံ၊ ဘာသာစကားပေါင်းမျိုးစုံ ပြောနေသံတွေ ကြားနေရတယ်။ လေထဲမှာလဲ ပန်းနံ့တွေနဲ့ အကောင်းစား ရေမွှေးနံ့တွေ သင်းပျံ့နေတယ်။ တိုက်တချို့ရဲ့အောက်မှာလဲ အိမ်ခြေမဲ့ တချို့ တစ်ညတာ အိပ်စက်ဘို့ နေရာယူနေပြီ။ လမ်းလျှောက်လာရင်း တွေ့လိုက်တဲ့ နံရံက ဒီပုံလေးကို စိတ်ဝင်စားသွားတယ်။ ညနေခင်း ဆည်းဆာမှိန်ဖျော့ဖျော့၊ လမ်းမီးတွေ လင်းစမှာ တွေ့လိုက်ရတဲ့ ပုံလေးက အရမ်း ကဗျာဆန် နှုးညံ့သိမ်မွေ့နေတယ်။



သောင်စပ်ရောက်တော့ လူတွေကြပ်သိပ်နေပြီ။ မီးပန်းက ည ၁၀နာရီမှာလွှတ်မှာ ကိုးနာရီထိုးမှ ကပ်ရောက်တော့ ထိုင်စရာနေရာတောင် မရှိတော့ဘူး။ ဒါပေမယ့် လူအုပ်ကြီးက စည်းကမ်းရှိစွာ ထိုင်နေလို့ လူသွားလမ်းနဲ့ မြက်ခင်းစပ်လေးမှာ ထိုင်ချလိုက်ရတယ်။


ဒီမီးပန်းကို ဗင်ကူးဗားမြို့ကို ပတ်ပတ်လည်ဝိုင်းနေတဲ့ သောင်စပ်တွေဖြစ်တဲ့ Third Beach (Stanley Park), Second Beach (Stanley Park), English Bay Beach, Kitsilano Beach, Jericho Beach, Locarno Beach, Spanish Banks Beach, Wreck Beach (clothing optional) စတဲ့ သောင်တွေ အားလုံးနီးပါးက မြင်ရတယ်ဆိုတော့ ရောက်နေတဲ့ ပရိတ်သတ်က နှစ်စဉ် သုံးသိန်းနီးပါးရှိတယ်။ နောက်က တိုက်တွေပေါ်က ၀ရံတာတွေပေါ်မှာလဲ လူတွေ။


သောင်ပြင်တွေပေါ်က လူတွေ၊ အလှရောင်းတဲ့ မီးပုံးဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကား ဆူညံသံတွေက ည ၁၀ နာရီထိုးတာနဲ့ ရေနဲ့ ငြိမ်းသတ်သလို တိတ်သွားတယ်။ သောင်စပ် စပီကာကြီးတွေဆီက သီချင်းသံက ထွက်လာတယ်။ နောက်တော့ သီချင်းနဲ့ အလိုက် မီးပန်းတွေကို စတင်ဖောက်လွှတ်ပါတော့တယ်။ မီးပန်းဖောက်လွှတ်သံတွေက နောက်က တိုက်တွေပေါ်ကတဆင့် ပဲ့တင်ထပ်သံတွေထွက်လာတယ်။ ရင်ထဲအထိ လာထုနေသလို ခံစားရလို့ ပိုက်ဆံအိတ်ကို ပိုက်ထားရတယ်။








နာရီဝက်လေးပါပဲ။ မီးခိုးငွေ့တွေကတော့ လေထဲမှာ လွင့်ပျံ့ အဝေးကိုထွက်သွားပြီ။ လူတွေလဲ ထပြန်ကြတယ်။ ဗင်ကူးဗားမှာ လူတွေ့ချင်ရင် မီးပန်းလွှတ်ပွဲသာ သွားပါ။ ပိတ်ထားတဲ့ ကားလမ်းတွေပေါ်မှာ အကုန်တက်လျှောက်ကြတယ်။ တိုက်တွေပေါ်မှာ သီချင်းသံတွေ။ တစ်ခါတစ်ရံ နောက်တဲ့အနေနဲ့ အပေါ်က ရေလောင်းချတတ်တယ်။ အောက်က လူတွေက အော်ပြီး ပြေးပေါ့။ ကလေးတွေအတွက်ကတော့ ပျော်စရာပါ။ အပေါ်က လုံခြုံရေး ဟယ်လီကော်ပတာတွေကလဲ မီးမောင်းထိုးထားပေးတယ်။




ဒီနှစ်တော့ ဘယ်နိုင်ငံက ပထမဆု ရမလဲတော့ မသိသေးဘူး။ ဗုဒ္ဒဟူးနေ့မှ သိရမှာဖြစ်ပါတယ်။ လူသုံးသိန်းလာတက်တဲ့ ဒီမီးပန်းပွဲမှာ ဖမ်းဆီးမှု ၁၉ခု၊ ရန်ပွဲ ၆ ပွဲ၊ နဲ့ လက်နက် ရ ခု ဖမ်းဆီးရမိတယ်လို့ ဗင်ကူးဗားနေမင်း သတင်းစာမှ ဖော်ပြပါတယ်။




Thursday, July 26, 2007

အတ္တခြွေ အလွမ်းဝေသူ

Reality ကနေ ထွက်ပြေးဖို့ ထပ်ကြိုးစားမိပြန်တယ်။
ညနေခင်းတွေဆို တခါတရံ မင်းကိုယ့်ကို လာစောင့်တတ်တယ်လေ။ ခုတော့လဲ ဘယ်တော့မှ မလာတော့မှန်းသိလို့ ရုံးရှေ့က ထင်းရှုးပင်ပေါ်က ငှက်ကလေးတွေကတောင် ငိုကြွေးနေကြပြီ။




ရုံးစာကြည့်တိုက်ထဲက ချောင်တချောင်မှာ တခါတရံ ထိုင်ငေးရင်း ဘယ်တော့မှ မကြားနိုင်မယ့် အသံတစ်သံကို လွမ်းလို့ တိတ်တဆိတ် မျက်ရည်ဝဲတဲ့ ရက်တွေ မင်းသိနိုင်ပါ့မလား။



ရုံးနားက တောလမ်းလေးထဲမှာ ပန်သူမဲ့လဲ ပွင့်ရဲတဲ့ တောနှင်းဆီလေးတွေကလဲ မေးနေကြပြီ်လေ။ “မင်းရော………တဲ့”။


ညနေစောင်းတွေဆို ပိုခံစားရတယ်ဆို ယုံမလားကွယ်။ ကြည့်လိုက်ပါဦး.. ဟိုးအဝေးက
သိပ်လှတဲ့ တိမ်တွေကိုလေ။ အရင်ကဆို အတူတူ ကြည့်ဖူးတဲ့ ညခင်းအလှတွေထဲမှာ ခုတော့ ကိုယ်တစ်ယောက်ထဲပါ။


အတ္တတွေ ထပ်ခြွေဘို့ ဒီနေ့ ကမ်းစပ်ဘက်ကို ထွက်ခဲ့တယ်။ ခပ်လှမ်းလှမ်းမှာ ကနေဒါ၊ အမေရိကန် နယ်စပ်က မောင့်ဘေကာ တောင်ကြီးကတော့ ကိုယ့်လို အဖြစ်မျိုးတွေကို ကြုံဖူးနေကျမို့ တည်ငြိမ်ရင့်ကျက်နေသယောင်ယောင်။



မင်း သိပ်ကြိုက်တဲ့ White Rock ကမ်းစပ်ရှိတဲ့ Upper-Middle Class တွေနေတဲ့ မြို့လေးထဲ ရောက်လာခဲ့တော့ ၀မ်းနဲစိတ်နဲ့ မျက်ရည်ဝဲမိတယ်။



ဒီလိုလှပတဲ့ အိမ်မျိုးမှာ နေရတာထက် အတ္တမဲ့၊ ပူလောင်မှုမဲ့တဲ့၊ ပျော်ရွှင်ငြိမ်းအေးရာ တစ်နေရာမှာ ပြန်ဆုံချင်သေးတယ်။ ကံကြမ္မာရယ်…..ဆုံခွင့်လေးတစ်ခုတော့ ပေးပါနော်။



ပင်စင်ယူလို့ ငွေပိုငွေလျှံလေး ရှိသေးမယ်ဆိုရင်၊ မြန်မာပြည်လဲ အကြောင်းတွေကြောင့် မပြန်ဖြစ်သေးဘူးဆိုရင်၊ ဒီနေရာမှာ သူတို့လို ပင်စင်စားတွေလိုပဲ အိမ်လေးတစ်လုံးလောက်တော့ ၀ယ်နိုင်ကောင်းပါရဲ့။ ဘယ်မှာနေနေ မင်းမရှိတော့လဲ သိပ်ထူးခြားမယ် မထင်ဘူးကွယ်။



ဟိုမှာ ကြည့်ပါဦး၊ ကမ်းစပ်က မျက်ရှည်ပင်နားမှာ မော်ဒယ်လ်တွေ ဓာတ်ပုံရိုက်နေတယ်။
မော်ဒယ်တွေကို သေသေချာချာလေ့လာမယ်ဆိုရင်၊ အရွယ်စုံ၊ ဆိုဒ်စုံ၊ လူမျိုးစုံ တွေ့ရလိမ့်မယ်။ ဒါမှ စစ်မှန်မှုလေ၊ အသက်ငယ်သူ၊ ကြီးသူ၊ ၀သူ၊ ပိန်သူ အားလုံးကို ကိုယ်စားပြုနေတဲ့ စစ်မှန်မှုတစ်ခု။



ဟိုမှာလဲကြည့်ပါဦး။ ဂရုစိုက်ကြည့်ရင် လူသုံးယောက်တွေ့လိမ့်မယ်။ အဖေ၊ အမေနဲ့ သားလေးတစ်ယောက်။ သူတို့ ပျော်နေကြမှာပဲနော်…။



ဒီစုံတွဲလေးလဲ ပျော်နေမှာပါ၊ ချစ်သူရင်ခွင်ထဲမှာ နေရရင် ပင်လယ်လေတွေ ဘယ်လောက် ပြင်းထန်ပါစေ နွေးထွေးနေကြမှာ။



ဒီကလေးလေးတွေလဲ ဒီလောက်အေးတဲ့ ပစိဖိတ်ထဲမှာ ရေကူးနေကြတယ်နော်။


ပုဇွန်ဆီရောင် ညနေခင်းကို နောက်ခံထားလို့ စပိဒ်ဘုတ်လေး နှစ်စင်း ပစိဖိတ်ထဲမှာ ရေလွှာခွဲထွက်နေတယ်။



ကနှုးလှေလေးတွေလဲ လှော်ခတ်နေလေရဲ့။ သူတို့လဲ ကိုယ့်လို အတ္တခြွေသူတွေ၊ အလွမ်းဝေသူတွေ ဖြစ်နိုင်တယ်နော်။ ဟုတ်တယ်မို့လားဟင်…။ ဖေဖေဆိုဖူးတဲ့ ခေတ်ဟောင်း သီချင်းတပုဒ်ထဲကလို “သဘောင်္ဆိပ်လေး တစ်ခုဝယ်၊ နေ၀င်ချိန်လေး ပေါ့ကွယ်၊ မောင်လေ တစ်ယောက်ထဲ အတွေးကြွယ်…။ ခင်ရယ်လေ.. သတိလေးရသေးလားကွယ်၊ မေ့အားနိုင်ရက်တော့တယ်။ ဟိုအဝေးဆီသို့ မျှော်မှန်းကြည့်နေတယ်။ ……….. အမှောင်ထုလေး အပြေးရောက်တော့ရယ်၊ ချစ်ဆွေးစိတ်ဖြေချိန်မယ်…အို..ခက်တယ်။ မျက်ဝန်းလဲ့ ရွှေရည်ချယ် ၀ဲတော့တယ်.. မြင်စေချင်တယ်” ဆိုသလိုပဲကွယ်။



ကြည့်လိုက်စမ်းပါကွယ်။ ဒါဟာ ကနေဒါမှာသာတဲ့ လပေါ့၊ သမုဒ္ဒရာရေပြင်ပေါ်ကို လရောင်ဆမ်းနေချိန်မှာ လှိုင်းကလေးတွေက ရှက်သွားသလို ခပ်တိုးတိုးရယ်မောကျတယ်။ နားစိုက်ထောင်တော့ မင်းရယ်သံတွေလိုလို……..။


အို……. ငါ..မင်းကို သိပ်လွမ်းတယ်။


Monday, July 23, 2007

ပျော်နေတတ်မှာပါ..မောင်

လွမ်းတယ်မောင်……။
မောင် ထွက်ခွာသွားတဲ့လမ်းလေး
ခပ်ငေးငေးကြည့်ရင်း
အလွမ်းတွေနဲ့ အတိပါပဲ.. မောင်။




လွမ်းတယ်မောင်………။
မိုးတွေထဲ ကျွန်မတစ်ယောက်ထဲပေါ့
အသဲကွဲမျက်ရည် မရောယှက်ဘူးနော်..
ခဏကြာတော့လဲ.. မောင်.. ကျွန်မကို မေ့လို့
ပျော်နေတတ်မှာပါ..မောင်။

လွမ်းတယ်မောင်……..။
မောင် ပြန်လာဦးမလား
ထားသွားမှတော့ နောက်လှည့်မကြည့်နဲ့တော့ မောင်ရယ်..
အထီးကျန်လမ်းပေါ်ကို ဖိတ်စဉ်ကာကျသွားတဲ့
ရင်ထဲက ပဲ့တင်ခတ် စကားလဲ
မောင်.. မကြားသိနိုင်တော့ပဲကွယ်..။

မောင့် ကို…..
…………..
သိပ်ချစ်တယ်မောင်……..။



Sunday, July 22, 2007

အာဇာနည်မိုး နဲ့ အာဘွားဘလော့ဂ်

ကျွန်မကို သူငယ်ချင်း၊ ဘလောဂ်ရေးဖော်ရေးဘက်များက တက်ဂ်ထားတာ အကြောင်းအရာ လေးခုတောင်ရှိနေပြီဆိုတာ သိပေမယ့် မရေးဖြစ်ခဲ့တာကို တောင်းပန်ပါတယ်။ အခု အဲဒီအကြောင်းအရာ လေးခုလုံးကို (မိုး၊ အာဇာနည်နေ့၊ အာဘွားနဲ့ ဘလော့ဂ်ရေးရခြင်းအကြောင်း) စုပြီးသာ ရေးခွင့်ပေးပါတော့လို့ တောင်းပန်လိုပါတယ်။ (အခုရေးနေချိန်မှာ လွန်စွာအိပ်ငိုက်နေကြောင်း သတိပေးအပ်ပါသည်)

အခုအပြင်မှာ မိုးရွာနေတယ်။ ဟိုတလောက သိပ်ပူလို့ ဒီနေ့တော့ မိုးရေတွေအများကြီးနဲ့ ရွာသွန်းဖြိုးနေတယ်။ အာဇာနည်နေ့ကလဲ ဒီလိုပဲ မိုးတွေရွာနေတဲ့ ကာလပဲဖြစ်မယ်။ လူတွေက ပြောလေ့ရှိကြတယ်။ သေသောသူကြာရင်မေ့တဲ့၊ ဒါက အားလုံးနဲ့တော့ သက်ဆိုင်မယ် မထင်ဘူး။ လွယ်လွယ်နဲ့ မေ့တတ်ကြသူတွေရှိသလို၊ စွဲလန်းတတ်သူတွေလဲ ရှိတယ်မို့လား။ လွယ်လွယ်နဲ့ မေ့တတ်သူတွေကို မမေ့နဲ့ စွဲလန်းနေလို့ အတင်းတားမြစ်ဖို့အကြောင်းမရှိသလို၊ စွဲလန်းတတ်သူတွေကိုလဲ မိမိစံနှုန်းနဲ့ ယှဉ်ထိုးလို့ မေ့ပစ်လိုက်လို့ တားမြစ်ရန်အကြောင်းမရှိဟု ထင်ပါတယ်။ အခု အာဇာနည်ကြီးများကို ကျွန်မတို့ မမေ့နိုင်၊ မမေ့သင့်သလိုပေါ့လေ။ လူတွေက အသက်ရှင်နေချိန်မှာသာ တန်ဖိုးရှိတာ သေဆုံးသွားရင်တော့ ဘာတန်ဘိုးမှ မရှိဘူးဆိုတဲ့ အယူအဆကို ကျွန်မလက်ခံနိုင်ဘို့က နဲနဲခက်နေတယ်။ ဘာမှအသုံးမကျတော့ဘူးလို့ ယူဆလို့ရသလို၊ အသုံးကျခဲ့တယ်။ ဖန်တီးခဲ့တယ်၊ ပေးကမ်းခဲ့တယ်လို့ တွေးလဲရတယ်လို့ထင်ပါတယ်။ ကျွန်မတို့ ခုလိုနေနေရတာ ကျောက်ခေတ်ထဲက ဘိုးဘွားတွေရဲ့ အတွေ့အကြုံတွေ၊ ဘ၀သင်ခန်းစာတွေ၊ တီထွင်ဖန်တီးခဲ့မှုတွေကို လက်ဆင့်ကမ်း၊ ဆင့်ပွား မြှင့်ယူခဲ့လို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီလိုပဲ အာဇာနည်ကြီးများရဲ့ ဘ၀တွေပေါ်မှာရင်းပြီး ခုလက်ရှိကျွန်မတို့ ဘ၀တွေ ဖြစ်တည်နေတာလို့ထင်ပါတယ်။ ဟိုင်းပရိုဖိုင်းလ် အာဇာနည်များသာမဟုတ်ပါဘူး။ လူတွေ တစ်ဦးချင်းစီဟာ တစ်နည်းမဟုတ် တစ်နည်း တစ်စုံတစ်ယောက်ယောက်ကို သိလျှက်ဖြစ်စေ၊ မသိပဲဖြစ်စေ (အာဇာနည်ကြီးများလောက် ကြီးမားသော ပေးကမ်းမှု မဟုတ်သည့်တိုင်အောင်) အမြဲဝေမျှ ပေးကမ်းနေကြသူများဖြစ်ပါတယ်။

ငယ်ငယ်ကတော့ အာဇာနည်နေ့ဆိုရင် မိသားစု အာဇာနည်ကုန်းပေါ် အမြဲရောက်တယ်။ အဲဒီတုန်းက လူတွေအများကြီး စနစ်တကျတန်းစီ၊ အမိန့်ပေးသံစောင့်၊ အလေးပြုလေ့ရှိတယ်။ အခုတော့ ဘယ်လိုလဲမသိဘူး။ ကျွန်မတို့ အလေးပြုပြီးရင် ရွှေတိဂုံဘုရားပေါ် တက်လေ့ရှိတယ်။ ပြီးရင် ဖေဖေနဲ့ မေမေ့ မိတ်ဆွေ ဘုန်းကြီးကျောင်းမှာ တစ်နေကုန်နီးပါး နေလေ့ရှိတယ်။ နေ့လည်စောင်းပိုင်းဆို ဘုန်းကြီးကျောင်းနောက်က တံစက်မြိတ်အောက်မှာ မိုးပြင်းလို့ တ၀ုန်းဝုန်းကျနေတဲ့ ရေတွေခံထားတဲ့ စည်ပိုင်းပြတ်ထဲက ရေတွေကို အားပါးတရခပ်ချိုးခဲ့တဲ့ နေ့တွေကိုလဲသတိရနေမိသေးတယ်။

ကျွန်မက မိုးကိုသိပ်ကြိုက်တယ်။ အထူးသဖြင့် အပူပိုင်းဒေသတွေဖြစ်တဲ့ မြန်မာပြည်နဲ့ စင်္ကာပူမှာ ရွာတဲ့မိုးကိုပေါ့၊ နွေးနွေးလေးနဲ့ ကဗျာဆန်ဆန်ရွာတဲ့မိုး။ အဲသလိုမိုးတွေထဲမှာ ထီးမပါပဲ (တစ်ယောက်ထဲ) လမ်းလျှောက်ရတာ အလွန်လှပဆန်းကြယ်တဲ့ အရာတစ်ခုလို့မြင်တယ်။ ကနေဒါမိုးကတော့ ရိုးတွင်းချဉ်ဆီထိ စိမ့်တတ်ပြီး သုံးလေးငါးရက် မရပ်ပဲ ရက်ဆက်ရွာတတ်လို့ မိုးစွေကို ကဗျာဆန်တယ်လို့ မထင်တတ်။
မိုးရွာထဲမှာ ခရေကောက်ဖူးတဲ့ ရက်တွေ၊ ကျွန်မငြင်းပယ်လိုက်တဲ့ သူတစ်ယောက်ကို တစ်ခြားတစ်ယောက်နဲ့ မိုးရွာထဲမှာ ထီးတစ်လက်အောက်မှာ တွေ့လိုက်ရတဲ့ရက်တွေရယ်ကို ခုထိ မမေ့နိုင်သေး။ အဲဒီနေ့က ထီးမပါပဲ ဆရာခိုင့်ဆီက ပြန်လာတဲ့ ကျွန်မ၊ ပေပေတေတေ ထမီရှည်ရှည်ဝတ်လို့ ထမီအနားစတွေရော၊ ဆံပင်ရှည်တွေကော၊ ကျွန်မလက်ထဲက ဂစ်တာရော ရွဲခဲ့တဲ့နေ့။ ကိုယ်ငြင်းလိုက်ပေမယ့် တစ်ကယ်တမ်း နောက်တစ်ယောက်နဲ့ အတူတွဲတွေ့တော့လဲ ရင်ထဲမှာ ကျင်တက်သွားပြီး နေရင်းထိုင်ရင်း ကဗျာတွေက ထွက်ကျလာခဲ့သေးတယ်။

မိုးရွာပြီဆိုရင် အထူးသဖြင့် ညခင်းတွေ လူခြေတိတ်လို့ သစ်ရွက်တွေ အရောင်တောက်လက်လာတဲ့ထိ မိုးတွေရွာလာရင် ကဗျာရေးချင်တဲ့၊ စာရေးချင်တဲ့ ခံစားချက်တွေက အုံကြွလာတတ်တယ်။ မွေးကတည်းက ပါလာတဲ့ အရာထင်တယ်လေ။ အဒေါ်က သူ့သူငယ်ချင်း အန်တီကြည်အေးတို့နဲ့ တခေတ်ထဲ သတင်းစာမှာ ဆောင်းပါး အချို့ရေးခဲ့ဖူးတယ်။ အမ၀မ်းကွဲတစ်ယောက်က ကလောင်ခွဲ သုံးခုလောက်နဲ့ မဂ္ဂဇင်းတွေမှာ စာလေးတွေရေးတယ်။ သူတို့တွေနဲ့ ဦးသုမောင် စာအကြောင်းပေအကြောင်းပြောနေရင် ကျွန်မ သူများတွေလို အိုးပုတ်နဲ့ မကစားပဲ အနားမှာ ယောင်လည်လည်လုပ်တတ်တယ်။

ဒီလိုနဲ့ စာမရေးရရင် မနေနိုင်တာ။ ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ်၊ ရေးနေရရင် ကျေနပ်နေတဲ့ ဒီပိုးက ရှစ်တန်းလောက်မှာ နဲနဲသေသွားတယ်။ အဲသည်နေ့က ၀တ္ထုလေး တစ်ပုဒ်ရေးပြီး စာကျက်စားပွဲပေါ်တင်ထားတာ ဖေဖေက မြင်သွားတယ်။ အောက်မှာရေဆင်းသောက်ပြီး အခန်းထဲဝင်လာတဲ့ ကျွန်မ စာကျက်စားပွဲနားမှာ ရပ်နေတဲ့ ဖေဖေ့ကိုတွေ့တော့ နဲနဲရင်တုန်သွားတယ်။ ရေးလက်စ ၀တ္ထုကို ရည်းစားစာ ရေးထားတယ်ထင်ပြီး ဆူတော့ ကျွန်မ မနဲရှင်းပြရတယ်။ နောက်ဆုံးတော့ ဖေဖေနဲ့ မေမေက ဆရာနွမ်ဂျာသိုင်းနဲ့ တွေ့ပေးတယ်။ သူ့ကို အဲဒီနေ့က လက်ထဲမှာ ပါလာတဲ့ ကဗျာတပုဒ်ပေးလိုက်တယ်။ မဂ္ဂဇင်းမှာ နောက်တစ်လ ပါလာမလားလို့ စောင့်ကြည့်နေခဲ့ပေမယ့် မပါလာခဲ့ဘူး။ ဒါနဲ့ တစ်ချက်လေးနဲ့တင် ကိုယ့်ကိုကိုယ် ကလေးပီပီ ယုံကြည်မှုတွေ ဆုံးပါးခဲ့လို့ စာရေးခြင်းကို တစ်ယောက်ထဲ တိုးတိတ်စွာသိုဝှက်ခဲ့တယ်။

ဒီကိုရောက်တော့ ဒီမြို့က လစဉ်လူမျိုးစု ဂျာနယ်လေးတွေမှာ ဟိုတစ်စု၊ သည်တစ်ခု ရေးလာခဲ့တယ်။ နောက်တော့ သူငယ်ချင်းရဲ့ အိပ်မက်ဒေါ့ကွန်းမှာ ရေးဖြစ်ခဲ့တယ်။ မြန်မာပြည်က လူတွေနဲ့ အမြင်ချင်း ဖလှယ်နိုင်တယ်။ အဓိကကတော့ ဆယ်ကျော်သက်ကတည်းက မြန်မာပြည်နဲ့ ဝေးခဲ့တဲ့ ကျွန်မ၊ တိုင်းပြည်နဲ့ ပြန်လည်နီးစပ်မှုတစ်ခုကို ခံစားခဲ့ရတယ်။ နောက်တော့ ကိုယ်ပိုင်ဘလော့ဂ်လေးတစ်ခု မလုပ်တတ်လုပ်တတ်နဲ့ လုပ်လိုက်တယ်။ သူငယ်ချင်းတွေရဲ့ ကူညီမှု၊ ကိုယ်တိုင်လေ့လာမှုတွေ ပေါင်းစုပြီး ရင်ဖွင့်ဖို့ သက်သက်ရည်ရွယ်ပြီး ဘလော့ဂ်စရေးခဲ့တယ်။ အမှန်အတိုင်းပြောရရင် ရင်ဖွင့်ဖို့ ရည်ရွယ်လို့ လူသိပ်မသိစေချင်ခဲ့ဘူး။ ကျွန်မစာကိုဖတ်ပြီး ကျွန်မကလောင်နဲ့ အကြောင်းအရာက လွဲလို့ ကျွန်မဘယ်မြို့ကဆိုတာတောင် မသိစေချင်ခဲ့တာ၊ ကျွန်မဘလော့ဂ်ကို မျက်စိလည် လမ်းမှားရောက်လာသူများကို ရင်ဖွင့်ရုံ၊ ဝေမျှရုံကလွဲပြီး ကျန်သော ရည်ရွယ်ချက် မရှိခဲ့။

အွန်လိုင်းဘယ်တော့မှ မတက်တဲ့ ကျွန်မ၊ အွန်လိုင်းလောကကို real world လို့ မယူဆခဲ့တဲ့ကျွန်မ၊ အွန်လိုင်းပေါ်က လူတွေကို real people လို့ မယူဆခဲ့တဲ့ ကျွန်မ၊ မွေးရာပါ လျို့ဝှက်သိပ်သည်းတတ်မှုတွေနဲ့ (private person) ကျွန်မ၊ ဘလော့ဂ်သူငယ်ချင်းတွေရလာတယ်။ သူတို့ကို ခင်လာတယ်။ ဘလောဂ်ရေးရတာ ပျော်လာတယ်။ သူတို့ ဆိုဒ်တွေကို မသွားရရင်မနေနိုင်ဖြစ်လာတယ်။ ဆီဗုံးကစာလေးတွေကို၊ စာဖတ်သူတွေရဲ့ မှတ်ချက်လေးတွေကို တန်ဖိုးထား မြတ်နိုးလာတယ်။ သူတို့ရဲ့ အားပေးသံတွေကို ငတ်မွတ်လာတယ်။ သူတို့ကိုလဲသံယောဇဉ်ဖြစ်လာတယ်။ ဖြစ်တာမှ အရမ်းဖြစ်လာတယ်။ ဒါပေမယ့် သံယောဇဉ်ရှိသော်ငြားလည်း (စွဲလန်းမှု အစပျိုးနေသော်ငြားလည်း) ကိုဖြိုးခိုင်းသလို အာဘွားတော့ မပေးရဲသေးပါ။ ပေးဖို့ကြိုးစားနေပါတယ်။ ဘလောဂါတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်နေရာကို အာဘွားပေးလေ့ရှိလဲ (နဖူး၊ ပါး၊ နားရွက်၊ မျက်ခုံးမွှေး ဒါမှမဟုတ် ဒီနိုင်ငံဒီဇိုင်း ပါးချင်းကပ်ပြီး လေကိုပဲ အာဘွားပေးလား) ပြောပြပေးကြရင် အဖြေပေါ်မှာ မူတည်လို့ အာဘွားကို ပေးတတ်အောင်ကြိုးစားပါ့မယ်လို့…။

ကျွန်မဆက်တက်ဂ်လုပ်ရမယ်ဆိုရင်တော့…..
အင်း……
ကိုဒီဝိုင်းနဲ့
ကိုစစ်အိမ်ကို တက်ဂ်ပါတယ်ရှင်..။

အားလုံးကို ခင်မင်လျှက်…

Monday, July 16, 2007

ငါးပုပ်ခြောက်

ကိုစေးထူးရဲ့ နိုင်ရာဂရာ ရေတံခွန်ပုံတွေကြည့်ပြီး ကျွန်မရောက်ခါစက အဖြစ်လေး တစ်ခုကိုသွားသတိရမိတယ်။
ကျွန်မတို့အတွက်တော့ ရယ်စရာပေါ့နော်.. ဒါပေမယ့် ကျွန်မက ရယ်စရာ သိပ်မရေးတတ်တော့ မရယ်ရလဲ ကိုယ့်ဟာကိုယ် ဂလိထိုးပြီးသာ ရယ်ကြပါလို့။
ကြိုတင်ခွင့်ပြုထားလိုက်တယ်။ ကိုယ့်ကိုကိုယ် ဂလိထိုးခွင့်။

ကျွန်မတို့ မေမေရယ်၊ အကြီးတွေ၊ ဦးကြီးတွေ နွေရာသီတစ်ခုမှာ နိုင်ရာဂရာရေတံခွန်ဘက်ကို ခရီးထွက်သွားတယ်။ ကျွန်မတို့ ညီအစ်မတွေက ကျန်ခဲ့ကြတယ်။ ခရီးထွက်သွားတော့ ဦးကြီး၊ ကြီးကြီးတို့ အိမ်ကို ကြည့်ပေးရတာပေါ့။ အိမ်ထဲ၊ အိမ်ပြင်က ပန်းပင်လေးတွေ တစ်ရက်ခြား ရေသွားလောင်းပေး၊ ငါးလေးတွေ အစာကြွေးပေး စသဖြင့်။

ကျွန်မတို့ ဦးကြီးက သိပ်ပြီး အချက်အပြုတ်ဝါသနာပါတယ်။ ဒီမြို့မှာ စားစရာက အကုန်ရတယ်။ ဒါပေမယ့် သူက အရာရာကို သူကိုယ်တိုင် အစက အဆုံး ချက်ချင်တယ်။ အဆင်သင့် အထုပ်တွေလဲ ဘယ်တော့မှ မသုံးဘူး။ သူတို့ ခရီးထွက်တဲ့တစ်ညက သူက ရေတံခွန်နားက မြို့က ဦးလေးအိမ်ကနေ ဖုန်းဆက်လာတယ်။ သူ ငါးပုပ်ခြောက်လုပ်ခဲ့တယ်တဲ့။ ပြောဖို့မေ့ခဲ့လို့တဲ့။ သေသေချာချာကြည့်လိုက်တဲ့။ အပေါ်ထပ် မီးဖိုချောင် ၀ရံတာမှာ ထုတ်ထားခဲ့တယ်တဲ့။ အရည်ကို နှစ်ရက်တစ်ခါဆိုလား စစ်ပြီးတဲ့ ကျောက်ခဲနဲ့ ဖိတဲ့။ (သူ့ငါးပုပ်ခြောက်တွက် ငါးတစ်ကောင်ကို ဒေါ်လာ သုံးဆယ်ကျော်ပေးဝယ်ထားတာဖြစ်ပါတယ်။ နောက် သူငါးပုပ်ခြောက် လုပ်နိုင်ခြင်းကို အကြီးအကျယ် ဂုဏ်ယူသူလဲဖြစ်ပါတယ်။)

“ဘယ်က ကျောက်ခဲရမလဲဦးကြီး”
“ခြံထဲက ကျောက်ခဲ ၂တုံးမပြီး.. ဖိ”
“အမ်မ်… ဟုတ်”

အဲဒီချိန်မှာ နောက်ဖုန်းတစ်လုံးကနေ နားထောင်နေတဲ့ အဒေါ်အသံကပေါ်လာတယ်။

“ကိုကို.. ကျွန်မ ရဲ့ ပန်းခြံထဲက ကျောက်ခဲတွေတော့ မလုပ်ပါနဲ့ ကိုကိုရယ်”
(သူတို့ အဲဒီတုန်းက အသက်ခြောက်ဆယ်ကျော်နေသော်လဲ ကိုကို ခေါ်ဆဲပါ)
“နေစမ်းပါ..မာရယ်… ကိုကို ကြည့်စီစဉ်ပါမယ်”
“အို… စိတ်ပျက်ပါတယ်” ဆိုပြီး အကြီးက ငိုသံနဲ့ ဖုန်းချသွားတယ်။

“ခြံထဲက သူ့ကျောက်ခဲတွေသာ ယူဖိ.. ဟုတ်ပြီလား”
“ဟုတ်”

ဦးကြီး ဖုန်းကိုချသွားတယ်။ အဲဒီညက အကြီးအိမ်ကို ငါးပုပ်ခြောက်ကိစ္စနဲ့ ညီအစ်မတွေ ထွက်ခဲ့ကြတယ်။ ၀ရံတာရောက်တော့ တွေ့ပါပြီ။ သေသေချာချာ ပတ်ထားတဲ့ ဆယ်လ်မွန်နှစ်ကောင်။ နည်းတဲ့ ငါးကြီးတွေမဟုတ်ဘူး။ အခြောက်ခံထားတော့ အနံ့က နဲနဲထွက်နေတယ်။ လက်အိပ်တွေစွတ်ပြီး လင်ဗန်းတွေမပြီး အရည်ကိုစစ်ချရတယ်။ စိတ်ညစ်လိုက်တာလဲ မပြောပါနဲ့တော့။ နောက်တော့ ခြံထဲကို ကျောက်ခဲရှာဖို့ ဆင်းခဲ့ကြတယ်။ ခြံထဲမှာ တွေ့ပါတယ် အလှကျောက်တုံးတွေက ယောင်္ကျားကြီး ငါးယောက်လောက် မ မှရမှာ။ ညီအစ်မတွေ ခေါင်းကုပ်နေတာပေါ့။ ဟိုကြည့်ဒီကြည့်နဲ့ ဟိုဘက်ခြံက ချက်ကိုစလိုဗက် အန်တီကြီးရဲ့ ကျောက်တုံး ခပ်သေးသေး နှစ်တုံးကို (အသိမပေးပဲ) မနိုင်မနင်းနဲ့ မ လာခဲ့ကြပါတယ်။ အဲဒီ ညက နဲနဲမှောင်နေလို့ တော်ပါသေးတယ်။

အပေါ်ရောက်တော့ ငါးတွေကို သေသေချာချာ ပြန်ပတ်ပြီး လင်ဗန်းထဲထည့်၊ ကျောက်ခဲနဲ့ ဖိခဲ့တယ်။
၂ရက်မြောက်နေ့မှာ ပြန်သွားကြပါတယ်။ အရည်ထပ်စစ်ဖို့။ ၀ရံတာလဲရောက်ရော ညီအစ်မတွေ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနဲ့ အော့အန်ချင်စိတ်၊ အော်ငိုချင်စိတ်ပေါက်ကုန်ကြပါတယ်။
ဟိုနေ့ ပြန်ထုပ်တာ မလုံလို့ ဟ နေလို့ရယ်။ ရာသီကလဲ ပူလွန်းလို့ရယ်။ ငါးပုပ်ခြောက်က အကောင်တွေ တက်နေပါတယ်။ အကုန် လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာပေါ့။ (အဲဒီအကောင်တွေနဲ့ အပြိုင်လေ)။ ညကလဲ ဟိုမှာ ၁၁နာရီ၊ မတတ်နိုင်ဘူးဆိုပြီး ဦးကြီးတည်းတဲ့ ဦးလေးအိမ်ကို ညကြီးဖုန်းဆက်ရတော့တယ်။

“ဦးလေး.. ဦးကြီးတို့ကော”
“မရှိဘူးလေ.. ခရီးဆက်သွားပြီ။ ညကြီး ဘာအရေးကြီးနေတာလဲ။ နောက်နေ့စောင့်လို့မရဘူးလား”
“မရဘူး ဦးလေး။ သူတို့ဘယ်ထွက်သွားလဲ”
“ဘတ်ဖလိုဘက် ဆက်ထွက်သွားတယ်”
“အာ.. ဒုက္ခပါပဲ”
“ဘာလဲ.. ပြောလေ.. ဘာဖြစ်နေကြတာလဲ”
အဲဒီအချိန်မှာ နောက်က မမ တွေကလဲ တတွတ်တွတ် တစ်ယောက်တစ်ပေါက် ပြောနေတယ်။ သူ့ငါးတွေ သေသေချာချာကြည့်ခိုင်းတာ ပြန်လာရင် ကောတော့မယ်ဆိုပြီး။
“ဟိုလေ.. ငါး”
“ဘာလဲ …ငါး” ဦလေးက တော်တော်လေး စိတ်မရှည်တော့။
“ငါးပုပ်.. ငါးပုပ်ခြောက်တွေ…”
“အေးပါဟာ.. ဘာဖြစ်လဲ ငါးပုပ်ခြောက်။ ဘတ်ဖလိုက မှာမလို့လား”
“မဟုတ်ပါဘူး ဦးလေးကလဲ”
“ဒါဆို…ဘာလဲဟ.. နင်တို့ကလဲ၊ ငါအိပ်ချင်နေပြီ”
“ဟို.. ငါးပုပ်ခြောက်တွေ.. ဦးကြီး ငပုပ်ခြောက်တွေ။ အနော်တို့ မလုပ်တတ်လို့.. ဟို..
…….. လောက်တက်ကုန်ပြီ.. !!!!!!!!
အဲ.. အဲဒါ ဘာဆက်လုပ်ရမလဲလို့ မေးမလို့ပါ”
“အာ……….. ဒီကလေးတွေဟာလေ…လောက်တက်မှတော့ ဘာဆက်လုပ်ချင်ကြလဲ… စားလိုက်ကြတော့ဟေ့”
“အွန်”
ဦးလေးလဲ စိတ်တိုတိုနဲ့ ဖုန်းကို ကွပ်ကနဲ ချသွားပါတော့တယ်။

အဲဒီညက…..
အဲဒီညကပေါ့ …
ကျွန်မတို့ ညီအစ်မတွေ ငါးပုပ်ခြောက်တွေနဲ့ ဘယ်လိုများ လုံးပမ်းခဲ့ကြရတယ်ဆိုတာကိုတော့ ကိုယ့်ဘာသာကိုသာ ဆက်လက်ပြီး တွေးကြည့်ကြပါတော့ရှင်။

Sunday, July 15, 2007

လက်ဆောင်

(၁)
လူတွေက မျှော်လင့်ချက်အတွက် ခရီးဆက်တယ်
ဒါပေမယ့် ငါ့အတွက်ဒီခရီးက မျှော်လင့်ခြင်းကမ်းဆုံးပဲ….


ဒီလိုနဲ့ပဲ တစ်ဘဝစာ မျှော်လင့်ခြင်းတွေပိုက်ပြီး ကျွန်တော်လေဆိပ်ထဲဆိုက်ကပ်ခဲ့တယ်။ သူမရဲ့ သာယာလေးနက်တဲ့ အသံရယ်၊ လျှို့ဝှက်မှုတွေရယ်၊ ဝိုးတဝါးနဲ့သူမပုံရိပ်တွေကတော့ ဦးနှောက်ထဲမှာ အလွတ်ရနေပြီ။ အဲဒီဓာတ်ပုံကိုင်ပြီးပဲ ကျွန်တော် ကျီးကန်းတောင်းမှောက်ခဲ့ပါတယ်။ အလင်းချိုးတဲ့တစ်ထောင့်မှာတော့ ကျွန်တော့်နတ်သမီး ကျက်သရေရှိတဲ့ဝတ်စုံနဲ့။ ကျွန်တော့်နှလုံးသားတွေကျိန်းသွားတယ်…. ဘေးမှာလည်းအစ်ကိုတစ်ယောက၊် သူတို့ အပြုံးချင်းချိတ်လို့။ ဘုရား…ဘုရား…သူမအရင်ကပြောတဲ့အတိုင်း မဟုတ်ပါစေနဲ့။ ကျွန်တော့်မျှော်လင့်ချက်တွေ သေတ္တာထဲတည့်ပြီး လာလမ်းကိုပဲပြန်လှည့်ရမလား? ခရီးဆုံးကိုလှမ်းရမလား? ချီတုံချတုံဖြစ်နေတုန်းပဲ သူမ ကျွန်တော့်ကိုတွေ့သွားခဲ့ပါတယ်။ ကျွန်တော်အငတ်မွတ်ဆုံး အပြုံးတစ်ခုကိုလှစ်ဟလို့….. ကျွန့်တော့်ဘဝတစ်ခုစာ ပျော်ဝင်စေလောက်တာပေါ့။ သူမကစကားဆိုတယ်….

“ကိုအောင်ဟိန်း ဟုတ်ပါတယ်နော်…”

“ဟုတ်…ဟုတ်ပါတယ်” သူမနဲ့တွေ့မှ ကိုယ့်ကိုယ်ကို ယုံကြည်လှချည်ရဲ့ဆိုတဲ့ ကျွန်တော့်အသံတွေ အက်ရှကုန်တယ်။

“အင်း…ဓာတ်ပုံထဲကထက် ပိုငယ်တယ်ထင်ရတယ်နော်။” အနီရောင်နှုတ်ခမ်းတစ်စုံနဲ့တင် သေလောက်ရဲ့။ သူမကျွန်တော့်ကိုစေ့စေ့ကြည့်ပြီးပြောလိုက်ပုံများ… အမှန်တော့ကျွန်တော်က ဥုံဖွဆိုပြီး အသက်ပိုကြီးချင်နေတာ သူမမှ မသိပဲ။

“ထင်လို့ပါ…မ…။ ဒါနဲ့…” ကျွန်တော့်မျက်လုံးရဲ့အဓိပ္ပါယ်ကိုသူမသိတာပေါ့။

“သြော်ဒါက… ကိုအောင်ထွန်းပါ။ မ….ရဲ့ ခင်ပွန်းလောင်းပေါ့။” သေချာသွားပါပြီ။ အရာအားလုံးခဏရပ်တန့်သွားတယ်။ သူကအောင်မြင်စွာပြုံးပြီး လက်ဆွဲနှုတ်ဆက်တယ်။ ကျွန်တော့်နက္ခတ်ကို ဂဠုန်ခွစီးလိုက်သလိုပါပဲ။

“တွေ့ရတာဝမ်းသာပါတယ်…” ကျွန်တော့်ဘဝမှာ ဝမ်းအနည်းဆုံး အခိုက်အတန့်ဆိုတာတော့ မျက်နှာမှာ မပေါ်စေရပါဘူး။

“ဟုတ်ကဲ့ အကူအညီလိုရင်လည်းပြောပါ။ ကျွန်တော်ကဒီရောက်နေတာကြာပြီ။”

လူယောင်ဆောင်ထားတဲ့ ဂဠုန်ကြီးက ပြုံးဖြီးဖြီးနဲ့ ပြောတယ်။ အဲဒီအချိန်ကြမှ ကျွန်တော့်ကိုလာကြိုတဲ့သူငယ်ချင်းဇော်သက်က နောက်ကြခြင်းနဲ့ ရောက်လာပါတော့တယ်။ ထုံးစံအတိုင်း အလာပသလာပ ပြောပြီးကျွန်တော်တို့လမ်းခွဲခဲ့ပါတယ်။

သူ့အိမ်အပြန်လမ်းမှာ ကျွန်တော့်သူငယ်ချင်းကမေးတယ်။ ကျွန်တော်ဖြေဖို့တောင် အားမရှိတော့သလိုပဲ။
ကျွန်တော်ငြင်းပယ်ခံရတဲ့နောက်တော့ လာလမ်းအတိုင်းပြန်မယ် စိတ်ကူးသေးတယ်။ ဒါပေမယ့် ခံနိုင်ရည်မွေးပြီး ရင်ဆိုင်ရဲရမှာပေါ့။ ဘုရင့်နောင်ဖောင်ဖျက်တဲ့ အသံလည်း နားထဲမှာ တဝုန်းဝုန်းနဲ့ပေါ့။ သွေးပျက်လောက်ရဲ့။

အပြန်လမ်းတစ်လျှောက်
သစ်ပင်တွေလည်းဖျားလို့…..
ငှက်တွေလည်းအတောင်ကျိုး….
နေဝင်ချိန်လည်း အရောင်မရှိတော့သလိုပါပဲ။


(၂)

လူဆိုတာကမျှော်လင့်ထားသလိုမဖြစ်ရင်၊ ငြင်းပယ်ခံရရင် စိတ်ဓာတ်ကျတတ်တယ်
ကျွန်တော်လဲလူထဲကလူပါပဲ ဒါပေမယ့် အရှုံးတွေနဲ့ကျွန်တော် သူငယ်ချင်းဖြစ်နေပါပြီ…..


ရရာအလုပ်ဝင်လုပ်ရင်း သူမကိုတွေ့ခွင့်မရှိတဲ့ မျှော်လင့်ချက်မဲ့မြို့မှာ အသက်ဆက်ခဲ့တယ်။ မရှိမဲ့ရှိမဲ့မာနကိုပိုက် ကျွန်တော်ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ပေါ့။ ကျွန်တော်မှာအမြဲတမ်းချမ်းသာတာဆိုလို့ ဂစ်တာတစ်လက်ရယ်၊ ကော်ဖီသောက်တဲ့ခွက်တစ်ခွက်ရယ်၊ ဆေးလိပ်တစ်ဘူး နဲ့ ဇစ်ပိုမီးခြစ်တစ်လုံးရယ် ကျွမ်းနေတဲ့နှလုံးသားတစ်ခုရယ်ပါပဲ။ သြော်..သူမအတွက် စုထားတဲ့ ပန်းမျိုးစေ့တွေရယ်ပေါ့။ ဒီလိုနဲ့ ဇကာပေါက်အဆုတ်ပါ အဆစ်တိုးလာတယ်တဲ့ ဆရာဝန်ကပြောတယ်။ ကျွန်တော်နောက်ဆုံးထွက်သက်ရက်တွေကို ရေတွက်နေပါတယ်။ ထွက်ပြေးတာတော့မဟုတ်ပါဘူး။ ချုပ်ငြိမ်းချင်တာပါ။

အဲဒီနေ့က….
ကောင်းကင်ကမှောင်မည်း
အနက်ရောင်အဆုပ်လိုက်တိမ်တွေရယ်
လေပြင်းတွေက တွေ့သမျှကိုဝါးမြိုလို့
ကျွန်တော့်ဝိဥာဉ်ကိုထမ်းထုတ်မယ့်နေ့ပေါ့

ပြတင်းပေါက်ကဝင်လာတဲ့ လေပြင်းကခပ်ကြမ်းကြမ်းနမ်းလိုက်လို့ အခန်းထဲက ပြက္ခဒိန်က ပြုတ်ထွက်မတတ်။ ပြာခွက်ထဲကဆေးလိပ်ပြာ တွေကလည်း စားပွဲပေါ်မှာ ပြန့်ကျဲ။ နံရံမှာထောင်ထားတဲ့ ဂစ်တာကလည်း ကြိုးတွေပြတ်လို့။ ကျွန်တော့်ကမ္ဘာ ဖရိုဖရဲနဲ့ပေါ့။ တံခါးသံကြားလို့ ကျွန်တော်ဖွင့်ကြည့်တော့ သူမ…။ အဖြူရောင်ဝတ်စုံလေးနဲ့ အပြုံးထူထူလေးဆင်မြန်းပြီး တံခါးရှေ့မှာ ရပ်လို့…
ကျွန်တော်တံခါးဖွင့်ပေးတော့….

“နေပါစေ..မဝင်တော့ပါဘူး… ဖိတ်စာလာပေးတာ”

“ဗျာ…လာဖိတ်တာ?”

“လာမည့်စနေနေ့မှာ မ…ရဲ့မင်္ဂလာဆောင်ရှိတယ်လေ… ဘုရားကျောင်းမှာ…” သူမစကားအဆုံး ကျွန်တော့်နားထဲမှာ ခေါင်းလောင်းသံတွေ ညံသွားတယ်။ ကျွန်တော်ဘယ်လို အင်အားမျိုးနဲ့သွားရမလဲ? တွေးနေတုန်း ကျွန်တော် လက်နဲ့ပါးစပ်ကိုပိတ်လို့ ချောင်းတစ်ချက်ဆိုး လိုက်တယ်။ ကျွန်တော်ချောင်းအရှိန်ကို သိတော့ သူမက

“ဟာ ချောင်းတွေတော်တော်ဆိုးနေတာပဲ….မျက်နှာကလည်းအားမရှိဘူး…ဆေးရောသောက်ရဲ့လား?”

“ဟုတ်…သောက်ပါတယ်…မ…” တကယ်တော့ကျွန်တော် လမ်းဆုံးနေပြီ။

“ရော့…….ချောင်းဆိုးရင်သုံးဖို့…” ပြောပြောဆိုဆိုသူမရဲ့ လက်ကိုင်ပဝါဖြူလေးကို ထုတ်ပေးတယ်။ ကျွန်တော်တစ်ချက်တော့ ကြည်နူးမိတာပေါ့။

“အထဲဝင်ဦးလေ…မ…..”

“မဝင်တော့ဘူး….အောက်မှာ အထွန်း စောင့်နေတယ်။ ကျန်းမာရေးကိုဂရုစိုက်…သွားတော့မယ်နော်…”

“ဟုတ်….ဟုတ်ကဲ့” ပြောပြောဆိုဆိုသူမလှည့်ထွက်သွားတော့ သူမရဲ့ ရနံ့တစ်ချို့ပဲကျွန်တော်နဲ့ ကျန်ခဲ့တာပေါ့။
သူမတို့ ကားလေးမီးခိုတန်းသွားတဲ့အထိ ကျွန်တော်ချောင်းကြည့်မိတယ်။ အဲဒီနောက်တော့ လေပြင်းနဲ့အတူ ကျွန်တော့်အဆုတ်ထဲကလည်း လေတွေရော အနီရောင်တွေရော တလဟောပြိုကျလာပါတော့တယ်။ သူမပေးခဲ့တဲ့ လက်ကိုင်ပဝါလေး ချင်းချင်းနီတဲ့အထိပေါ့။ ကျွန်တော်သိတယ် နောက်ဆုံးပြင်ဆင်ခြင်းအဖြစ် ဇော်သက်ရယ် နောက်ပြီးရင်ခွဲရုံရယ်ကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။ နောက်ဆုံးတော့ ကျွန်တော့်ခန္ဓာကိုယ်ငြိမ်သက်ပြီး ဝိဥာဉ်ကတော့လေနှင့်အတူ လွင့်မျောသွားပါတော့တယ်။

ကျွန်တော့်ဈာပနကတော့ ထူးထူးခြားခြားမရှိ။
ကျွန်တော်စီစဉ်ထားတဲ့အတိုင်း ဒီမြို့ကအပယ်ခံလူတွေပဲတက်ရောက်လာပါတယ်။
သူတို့အတွက်တော့ ကျွန်တော့်ချွေးနဲစာထဲက လိုအပ်မယ့်အသုံးအဆောင်လေးတွေ ပြန်ပေးလိုက်နိုင်ပါတယ်။
တစ်ခြားသိတာဆိုလို့ ဇော်သက်ရယ်။ ရင်ခွဲရုံက ကျွန်တော့်သူငယ်ချင်းရယ်ပါပဲ။

မပူပါနဲ့ မ…ရယ် မရဲ့မင်္ဂလာဆောင်ကို ကျွန်တော်မရောက်ရောက်အောင်လာမှာပါ။
ကျွန်တော်မလာနိုင်ရင်တောင် ကျွန်တော့်လက်ဆောင်လေးဖြစ်ဖြစ်ပေါ့။

နံပါတ် (၃)

လူတွေက လက်ဆောင်အတွက်ငွေကိုပေးတယ်
ကျွန်တော်ကတော့ သူမအတွက်နှလုံးသားကိုပဲ လက်ဆောင်ပေးပါရစေ…


လမ်းပေါ်မှာမာကျူရီလည်း အစွမ်းကုန်အသက်လုနေတယ်။
လခြမ်းပဲ့ကလည်း ကုန်ခါနီးမီးစာလို ဟုန်းခနဲတောက်ပြီး ငြိမ်းတော့မလို။
ပုရစ်တွေကရဲ့ တတွီတွီနဲ့ အာခြစ်နေသံက
နားထဲမှာ ငှက်ဆိုးတစ်ကောင်ရဲ့ ရက်ပ် ရွတ်သံအလား….
လေအေးတစ်ချက်ဝှေ့လိုက်တိုင်း အသည်းထဲအထိစိမ့်ကနဲ…
အမှန်အတိုင်းဝန်ခံရရင်တော့ ဒီခရီးဒီလမ်းကို အချိန်မတော်တစ်ကိုယ်တည်းလာဖို့ ဇော်သက် တစ်သက်နဲ့တစ်ကိုယ် စိတ်ကူးမိမှာမဟုတ်။ ကျွန်တော့်သူငယ်ချင်းတွေကြားမှာ ဇော်သက်ကမကြောက်တတ်ဆုံး။ ဒါတောင်ဘာမှန်းမသိ ဒီတစ်ခါတော့ ဇော်သက်ရွံ့ နေတာကို ကျွန်တော်တွေ့နေရတယ်။

“အေးကွာငါ့ကိုကူညီပါဦး…. မင်းခိုင်းတဲ့အတိုင်းငါလုပ်ပါ့မယ်။
အားလုံးချောချောမွေ့မွေ့ဖြစ်ရင် ပြီးတာပဲ။
ဒါပေမယ့် မတန်ဘူးကွာ။ မိန်းမတစ်ယောက်အတွက်နဲ့များ…အံ့ပါ့။
မင်းလိုငပေါတွေကြောင့် မိန်းမတွေဈေးတက်တာကွ…”

ကျွန်တော့်ဘေးမှာ ဇော်သက်တစ်ယောက်တည်း ရင်ခွဲရုံကအပြန် ကားမောင်းရင်းပြောနေတယ်။ ကျွန်တော့်ကိုရည်ရွယ်ပြီးပေါ့။
သူ့မျက်နှာမှာတော့ စိတ်မကောင်းခြင်းးနှင့် ဝမ်းနည်းခြင်းရောယှက်ပြိုင်နေလေရဲ့။
ဒါမှလည်းသူစိတ်သက်သာရာရမှာပေါ့ ပြောပါစေ။ အခုအချိန်မှာ သူ့ကဇော်သက်ကလည်းမမြင်တော့။
သူအချစ်ဆုံး ဆိုသည့်အရာ သည်လည်းအခုအချိန်မှာ ထိတွေ့ခွင့်တောင်မရှိတော့။ ဘာဆိုဘာမှမရှိတော့သောဘဝမှာ သူအတွက်မနက်ဖြန်ဆိုတာက နထ္တိ။ တစ်ယောက်တည်းတွေးရင်း စိတ်ညစ်ညစ်နှင့် လေတစ်ချက်ချွန်လိုက်တုန်း သူလေချွန်တာကို ဇော်သက်ကြားသွားပြီး

“မင်းပါလာလား။ အေးကွာ ငါနဲ့စကားလေးဘာလေးပြောပါဦး… ငါတစ်ကောင်တည်းကားမောင်းပျင်းတာ မင်းလည်း သိသားနဲ့။”

သူလည်းသိပါသည်။ ကျွန်တော်သူနှင့် အခုအချိန်မှာ စကားပြောလို့မရမှန်း။ ဒါတောင်သူ့ဝသီအတိုင်း နောက်လိုက်ပြောင်လိုက် လုပ်နေတုန်း။ ကျွန်တော်လည်းသူ့ကို စချင်နောက်ချင်စိတ်ပေါက်လာတယ်။
ကျွန်တော် ကားကက်ဆက်ခလုတ်ကိုနှိပ်၏။ ဘယ်လိုမှနှိပ်လို့မရ။ ထိလို့မရ။ အာရုံတွေကိုစုစည်း ကျွန်တော်ထပ်နှိပ်သည်။ ဘယ်လိုမှမဖြစ်။ စိတ်တွေကစုစည်းလို့မရ။ ကျွန်တော်လက်လျှော့ချင်လာသည်။ ဒါပေမယ့်နောက်ဆုံးအကြိမ် ကျွန်တော်ရှိသမျှအာရုံကိုစုစည်း စိတ်ကိုတတ်နိုင်သလောက်အငြိမ်ဆုံးထား ကက်ဆက်ခလုတ်တစ်ခုတည်း ကိုသာဆောင့်နှိပ်ချလိုက်သည်။ “အုန်း….”စပီကာအသံ မတိုးရသေးသည့်အတွက် သီချင်းသံကအကျယ်ကြီး ထမြည်လေသည်။

ဟဲ့ သောက်ခွေး… ဇော်သက်လန့်သွားသည်။ သူလန့်တာကိုကြည့်ပြီးကျွန်တော်အားရပါးရ ရီမိသည်။ ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက် ပထမဦးဆုံးအကြိမ် ရီခြင်းလည်းဖြစ်သည်။

ဇော်သက်ကျွန်တော့်ကိုဆဲသည်။ သူဆဲသည့်အသံမှာ အခုအချိန်မှာ အသာယာဆုံးအသံဟုကျွန်တော်ထင်မိသည်။ ဘာပဲပြောပြော ဇော်သက်ကိုကျွန်တော်ကျေးဇူးတင်သည်။ တော်ရုံလူသွေးပျက်မည့် အလုပ်ကိုစိတ်စေတနာနှင့် ကျွန်တော့်အတွက် လုပ်ပေးသောကြောင့်ဖြစ်သည်။ ထို့နောက်ဇော်သက်ထံမှ ဘာအသံမှမကြားရတော့ပေ။ သေချာပါသည်။ ကားစပီကာကလွင့်ပျံ့နေသော သတိ ဆိုသည့် ကျွန်တော်အလွန်နှစ်သက်သော သီချင်းသံကြားရင်း ဇော်သက်ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေပေလိမ့်မည်။

မနက်ဖြန်တွေ့ဖို့ရောက်အောင်လာပါ မင်းမမေ့နဲ့ဦး
ငါ့ကိုချိန်းပြီးအဲဒီ နေ့ကတည်းက
နောက်တစ်ခါ ဘယ်တော့မှ
ပြန်မတွေ့ရတော့မယ့် သူငယ်ချင်းတစ်ယောက်

လက်ပြပြီးတော့ကားပေါ်တက်သွား ဆေးလိပ်ဖြတ်ဦးတဲ့
ကျန်းမာရေးကသိပ်ချူချာတာ
ငါ့ကို သတိပေးသွား
နောက်ဆုံးတွေ့လိုက်တဲ့နေ့တုန်းက

ခဏခဏ မေ့ထား
သေခြင်းသေခြင်းရဲ့တရား
သတိ သတိ သတိတော့ထား
သေခြင်း သေခြင်းရဲ့တရား

ကျွန်တော်ကိုယ်တိုင်သီချင်းမှာမျောပါနေတုန်း ဇော်သက်ကကားစက်ကိုသတ်လိုက်သည်။ သြော်…ကျွန်တော်သူမကိုလွမ်းရင် လာမျှော်လေ့ရှိသော သူမတို့အိမ်အနောက်ဖက်ကိုတောင်ရောက်နေခဲ့ပြီဲ။
အဖြူရောင်နှစ်ထပ်တိုက်အိမ်လေးကတော့ အမှောင်အောက်မှာသူမဟုတ်သလို ငြိမ်ကုပ်လို့။ ညမီးအနီရောင်မှိန်မှိန်လေးထွန်းထားတဲ့အခန်းထဲက အပေါ်ထပ်ဘယ်ဘက်ထောင့်စွန်းက သူမအခန်းကိုကြည့်မိ။ အရာအားလုံးလှပစွာ သူမနဲ့အတူ အိပ်မောကျနေမှာပါ။ အိမ်နောက်ဖေးမြေကွက်လပ်မှာ သူမကိုယ်တိုင်စိုက်ထားသော ပန်းရနံ့မျိုးစုံက ကျွန်တော့်ရင်ဘတ်ထဲအထိ ရောက်လာလေသည်။ ဇော်သက်ကကားပေါ်မှဆင်း၍ ကားနောက်ဖုံးထဲမှ အထုပ်တစ်ခုကိုယူလိုက်လေသည်။ ထိုခဏ၌ ကျွန်တော့်ဘယ်ဘက်ရင်အုံ ဟာခနဲဖြစ်သွားလေသည်။ အထုပ်ကိုသတိကြီးစွာထား၍ကိုင်ရင်း ဇော်သက်ကခြံကိုကျော်တက်ဖို့အတွက် နေရာရှာနေသည်။
အထုပ်ထဲကဘူးကလေးထဲမှာတော့ သူမအတွက်ကျွန်တော်စုထားတဲ့ ပန်းမျိုးစေ့တွေကို အနီရောင်စွန်းနေတဲ့သူမရဲ့ လက်ကိုင်ပဝါလေးနဲ့ထုပ်လို့်…..နောက်ပြီး……နောက်ပြီး…….

ညကလည်း နှင်းမြူတွေသုတ်လိမ်းလို့
ပန်းရနံ့တွေထုံနေတုန်း
ဒါပေမယ့် လမင်းနဲ့အတူ ကြယ်တွေက
ကျွန်တော့်အတွက် ငိုကြွေးနေလားမပြောတတ်…
အရောင်တွေမတောက် မှိန်ဖျော့လျက်…



ဇာတ်သိမ်း

အာဒမ်ကအရာရာကို အံတုပြီး သူ့ဘယ်ဘက်နံရိုးနဲ့ ဘုရားသခင်ဖန်ဆင်းထားတဲ့ ချစ်သူအတွက် ပန်းသီးတစ်လုံးဆွတ်ခဲ့တယ်။
ကျွန်တော်ကဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာမရှိသေးတဲ့ ပန်းဥယျာဉ်အသစ်တစ်ခု နှလုံးသားနဲ့ ဖန်ဆင်းပေးချင်တာပါ။

အရှေ့ဆီမှာရောင်နီနိုးလာပြီ။ ညအမှောင်ထုကိုခွဲပြီး ပထမအလင်းတန်းတွေထိုးထွက်တော့ ကောင်းကင်မှာ အမည်းနဲ့ အပြာရောင်ကဘောင်အနားကွပ်လို့ ခရမ်းနုရောင်၊ ပန်းဆီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အနီရောင်အပြင် မနက်ခင်းအရောင်စုံက နေမင်းကြီးထွက်အလာကို ခစားနေကြတယ်။
ငှက်ကလေးတွေလည်း အိပ်မှုန်စုံမွှားနဲ့ အချင်းချင်းတွတ်ထိုးလို့။
သာယာလိုက်တာ…..

ဇော်သက်ပြန်သွားပြီ်။ ကျွန်တော်ခြံအနောက်ဘက်က ဒန်းလေးပေါ်မှာထိုင်ရင်း မနက်ခင်းရဲ့သံစဉ်ကို ကြိုးညိုနေမိတယ်။ တစ်ခြားပန်းပင်တွေ ဝိုင်းအုံနေတဲ့အလယ် ဇော်သက်ခုနကတူးဆွသွားတဲ့နေရာကို မမှိတ်မသုန်စိုက်ကြည်နေတုန်း ကျွန်တော်အရမ်းပျော်သွားတယ်။ ကျွန်တော့်အနှစ်နှစ်အလလက ဆုတောင်းတွေပြည့်ပြီပေါ့။

နေရောင်ခြည်ရဲ့ အနမ်းထိုမြေပြင်ပေါ်ကိုရောက်ရှိတာနဲ့ ပင်စည်လေးတစ်ခုမြေကြီးထဲကထိုးထွက်လာတယ်။
နောက်ပြီး ပင်စည်ကနေကြီးထွားလာလိုက်တာ အကိုင်း၊ အခက်၊အလက်၊ အရွက်တွေနဲ့ခဏချင်းဝေဆာလို့ပေါ့။
အပင်လေးက ကျွန်တော့်ခါးအလယ်လောက်ရောက်တော့ ဆက်မတက်တော့ဘူး။ ရပ်သွားတယ်။ ကျွန်တော်လည်း မျက်လုံးမှိတ်ပြီး ကျွန်တော့်ဆီမှာရှိသမျှ စိတ်စွမ်းအားတွေအပင်လေးထဲ မှာနှစ်ထားလိုက်တယ်။ နောက် ကျွန်တော်အမျိုးအမည်မသိတဲ့ အလွန်ထူးဆန်းပြီး စိတ်ကိုကြည်နူးစေတဲ့ရနံ့လေးတစ်ခုရလိုက်လို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ထူးဆန်းတဲ့ပန်းလေးတစ်ပွင့် ခုနကအပင်လေးထိပ်က အရွက်လေးတွေကြားထဲမှာပွင့်လို့။
သူ့အရောင်အဆင်းက မနက်ခင်းအရောင်လိုပါပဲ။ စုတ်ချက်ပိုင်တဲ့ ပန်းချီဆရာတစ်ယောက် နူးညံ့တဲ့ အရောင်အားလုံးကိုစပ်ပြီး သေသေချာချာ အနုစိတ်ခြယ်ထားလိုက်တော့ နာမည်တပ်လို့မရသလို ကျွန်တော်အရင်က မမြင်ဘူးသေးတဲ့အရောင်ပါ။ သူ့ရနံ့ကလည်း ကောင်ကင်အထိကိုပျံ့လွင့်ပြီး ရနံ့ရသူတိုင်း သူတို့ငယ်ဘဝကပျော်ရွှင်မှုတွေကို ပြန်တွေးမိသလိုမျိုး စိတ်ကိုကြည်နူးစေတာပေါ့။ သူ့ရနံ့ရလို့လားမသိဘူး ခြံထဲမှာရှိတဲ့ တစ်ခြားအပင်ပေါင်းစုံကလည်း အပြိုင်အဆိုင်ပွင့်လာကြတာ အလှပေါ်အယဉ်ဆင့်သလို ဝန်းကျင်တစ်ခုလုံး သင်းထုံလို့ပေါ့…..

ကျွန်တော်အရမ်းကိုပျော်မြူနေတုန်း သစ်ရွက်ခြောက်နင်းသံကြားတော့ အနောက်ကိုလှည့်ကြည့်မိတယ်။ သူမ…..သေချာတော့ပေါ့ ကျွန်တော့်နတ်သမီး….အပင်တွေကိုမနက်ခင်းအစောပိုင်းရေလောင်းနေကျ သူမ….. ညအိပ်ဝတ်စုံအဖြူရောင် လေးနဲ့ ရေပုံးနဲ့ရေခွက်လေးကိုကိုင်ပြီး တအံ့တသြနဲ့ ကျွန်တော့်မျက်နှာချင်းဆိုင်မှာရပ်နေတယ်။ သူမဆံနွယ်ရှည်တွေကလည်း ကပိုကယိုနဲ့ပုခုံးကိုမှီလို့…မိန်းကလေးတစ်ယောက်ရဲ့အလှကို သိချင်ရင် မနက်ခင်းအိပ်ယာထတဲ့ အချိန်ကိုကြည့်တဲ့။ တကယ်လို့သာအဲဒီလိုကြည့်ရရင် ကျွန်တော့်နတ်သမီးကအလှဆုံးနေမှာပါ။ ကျက်သရေရှိတဲ့သူမမျက်နှာပေါ်မှာ ဝိုင်းစက်အရောင်တောက်တဲ့မျက်လုံးတွေက အရောင်ပိုတောက်လို့ သူမနှုတ်ခမ်းလေးကလည်း လေးကိုင်းလိုကွေးညွှတ်လို့ အံ့သြနေလေရဲ့။ ကျွန်တော်က ယောင်ပြီးသူမနာမည်ကို လှမ်းခေါ်မိတယ်။ ဒါပေမယ့် မသိသလိုနဲ့ ကျွန်တော့်ကိုယ်ခန္ဓာရှိတဲ့နေရာကို တိုး…ဝင်…ခွဲ…ထွက် ပြီး ပန်းပွင့်ရှိရာကိုပြေးသွားလေရဲ့။ နောက်ပန်းပွင့်လေးကို ကိုင်ကြည့်ပြီး သူမတစ်ကိုယ်တည်း…

“ဟယ်…လှလိုက်တာ….အနံ့လေးကလည်းသင်းလို့”

“နေပါဦး…ဒီပန်းပင်လေးက ဘယ်လိုလုပ်ီခြံထဲကိုရောက်နေပါလိမ့်?” သူမတစ်ကိုယ်တည်း ရေရွတ်ရင်း ကလေးတစ်ယောက်လိုပျော်ရွှင်စွာ မြူးပျော်နေလေရဲ့…

“အော်..ဟုတ်ပြီ ဒီနေ့မင်္ဂလာဆောင်ဝတ်စုံလေးနဲ့ဆိုရင် ဒီပန်းလေးကအရမ်းလှမှာ….”

“ဟာ… တစ်ခြားပန်းတွေလည်းပွင့်လို့ပါလား……..”

သူမအရမ်းပျော်ပြီး ကလေးလေးတစ်ယောက်လို ပန်းလေးတွေကြားမှာ ခုန်ပေါက်နေတာပေါ့၊ အဲဒီမြင်ကွင်းကိုကြည့်နေရင်းကျွန်တော်မှာ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းရယ်လွန်ဆွဲနေတယ်။ အရမ်းပျော်ရရင် ငိုရတတ်တယ်တဲ့။ ဒါနဲ့ကျွန်တော်အပျော်တွေကိုပဲပိုက်ပြီး သူမတို့ခြံထဲကနေလှည့်ထွက်လာခဲ့တယ်။
ကျွန်တော့်လက်ဆောင်လေးနဲ့ မင်္ဂလာဆောင်မှာ သူမဒီနေ့အစွမ်းကုန်ကို လှနေမှာပါ။ နောက်ပြီး ဘုရားကျောင်းထဲက တွေ့သမျှလူတွေကလည်း သူမကိုငေးမောနေမှာပေါ့။ သူမတို့နှစ်ယောက်ဘဝတစ်သက်တာ ပျော်ရွှင်နိုင်ပါစေ။

ကျွန်တော့်ခြေလှမ်းတွေက ထွက်ပြူစနေမင်းကြီးဆီကိုဦးတည်လို့….
အလင်းတန်းတွေရောပြွမ်းနေတဲ့နေရာဆီကို လေပြည်ကိုဆန်ရင်း ကူးခတ်ဆဲပေါ့…
စိတ်ထဲမှာ မျိုးကြီးရဲ့ သူစိမ်းတစ်ယောက်ပါဆိုတဲ့ သီချင်းကိုဆိုညည်းရင်း….

မှောင်လွန်းတဲ့ဘဝမှာ သေတဲ့အထိဆက်ချစ်မှာ
ငါ့အတွက်တစ်ထောင့် တစ်နေရာမှာနေထိုင်ဆဲ
သေသည့်တိုင်ဒီဘဝထဲ ငါမင်းသာအချစ်ဆုံးပဲ
ဒီမှာအသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့လွဲချော်ခဲ့ မျော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘဝမှတို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ…..


(အလွန်ပြောင်မြောက်တဲ့ စာအရေးအသားတွေကို စာဖတ်သူများ ခံစားနိုင်ရန် ကျွန်မ မဟုတ်သော ထိုစာရေးသူ၏ ခွင့်ပြုချက်နှင့် တင်ဆက်ပြသထားပါသည်။
သူ၏ အနုပညာ လက်ရာကို ခံစားကြည့်ကြပါရှင်။)

Friday, July 13, 2007

အလှည့်

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ တစ်ခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။
တိုင်းပြည်၊ ခံယူချက်၊ အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။ ကိုယ်နေတဲ့ တိုင်းပြည်တွင် သချိုင်းများကို ပန်းခြံများဟု ခေါ်ကြသည်။ အမှန်ပင် ပန်းခြံများကဲ့သို့ လှပ သန့်ရှင်း သေသပ်လွန်းနေသည်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုယ်ကြည်ညိုရသော ရခိုင်ကျောင်းထိုင်ဘုန်းကြီး ပြောဘူးသည့် စကားကို သတိရမိသည်။
“ညနေတိုင်း လမ်းလျှောက်ထွက်တယ်..။ ဒီနိုင်ငံက သချိုင်းတွေက လှလွန်းလို့ သေချင်စိတ်တောင်ပေါက်တယ်”


သေဆုံးပြီးသောသူများ၏ ခန္ဒာသို့မဟုတ် အရိုးပြာများကို ထားသော နေရာများကိုလဲ အမြဲလှပစွာ ထားလေ့ရှိသည်။ တနယ်တကျေးမှလာသော ဆွေမျိုးများကလဲ သေဆုံးသူ၏ နေရာကို သွားရောက် ဂါဝရပြုလေ့ရှိသည်။
နံနက်ခင်းအချိန်၊ ညနေစောင်းချိန်များတွင် ဆီမီး၊ ပန်းရနံ့များနှင့် မွှေးထုံနေတတ်သည်။ ကလေးလေးများ စက်ဘီးစီးတတ်သလို၊ ကိုယ်ဝန်သယ်များလဲ လမ်းလျှောက်ထွက်တတ်သည်။ သေဆုံးသူ၏ မွေးနေ့၊ နှစ်လည်ရက်များတွင်၊ ရောင်စုံဘောလုံးများ၊ ပန်းများ၊ ဆီမီး များနှင့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများက ထမင်း၊ ဟင်းများနှင့် ပျော်ပွဲစား ထွက်သကဲ့သို သူတို့ ချစ်သူများ၏ ခန္ဒာကိုယ်ရှိသည့် နေရာတွင် တစ်နေကုန်အောင် အချိန်ပေး နေကြသည်။ သေဆုံးသူ၏ နောက်ဆုံးခရီးကိုလဲ “celebration of life” ဟုခေါ်ဆိုကြသည်။


**********
အော်… တစ်ယောက်သောသူ ထွက်ခွာသွားပြန်ပြီ။
မြန်မာပြည်ရဲ့ ထင်ရှားကျော်ကြား လူကြိုက်များတဲ့ သူတစ်ဦး ထွက်ခွာသွားတယ်ဆိုတော့လဲ သူ့တွက် နှုတ်ဆက်တဲ့အနေနဲ့ နေရာအနှံ့မှာ သတင်းတွေနဲ့ ဓာတ်ပုံတွေ တွေ့နေရသည်။

ငယ်ငယ်က လသာညတွေရဲ့ အိပ်နောက်ဘေး ကွပ်ပျစ်ပေါ်မှာ အဖေပြောနေကြ စကားလေး သွားသတိရမိသည်။
“ဟော.. အခု တစ်ယောက်မွေးပြန်ပြီ။ ဟော အခု တစ်ယောက်ဆုံးပြန်ပြီ” ဆိုတာလေးကို။
လူတွေဟာ စက္ကန့်တိုင်းမှာ မွေးဖွား၊ သေဆုံးနေကြတာ အဆန်းမဟုတ်ပေမယ့် မိမိကိုယ်ကို ကိုယ်လဲ သွားရမှာပါလို့ မေ့နေတတ်ကြသည်။ လူတစ်ယောက်ဟာ အသက် ၈၅နှစ်ထိ နေတယ်ဆိုရင်တောင် ရက်ပေါင်း သုံးသောင်းကျော်ကျော်လေးပဲ နေကြတယ်ဆိုတာကိုလဲ မေ့နေတတ်ကြသည်။

တစ်ကယ်တော့ ဒွေးသည် ကောင်းမွန်တဲ့ ဘ၀တစ်ခုကို သူအတတ်နိုင်ဆုံးထဲက လျှောက်လှမ်းခဲ့သည်။ ကြားရသလောက် သူသည် ပြောင်မြောက်သော အနုပညာရှင်၊ အနုပညာဖြင့် လူတွေကို အကျိုးပြုသွားသူ၊ လူကောင်းတစ်ဦးမို့ သူ့ဝိညာဉ်အတွက် စိုးရိမ်စရာ မရှိဟုထင်မိသည်။ ကျန်နေရစ်ခဲ့ သူတွေကသာ လွတ်မြောက်လမ်း၊ ဒါမှမဟုတ် သင်ယူစရာတွေ သင်ယူလို့ ဘ၀ခရီးကို ဆက်လျှောက်ကြရဦးမည်ဖြစ်သည်။

တိုက်ဆိုင်လွန်းနေသည်။ ဟိုတစ်နေ့က ကိုဒီဝိုင်း၏ သုဘရာဇာကို ရေးဖွဲ့ထားသော စာစုလေးကို ဖတ်ပြီး ကိုယ်လဲ သေဆုံးခြင်းနှင့် ပတ်သက်သော အကြောင်းအရာတစ်ခု ရေးဖွဲ့ဦးမည်ဟု စိတ်ကူးနေမိသေးသည်။ သည်နေ့ ကိုစစ်အိမ်၏ ဘလော့ဂ်တွင် သူရေးထားသော အကြောင်းကိုဖတ်မိပြီး ကြက်သီးမွေးငြင်းများ ထသွားမိသည်။ ကြောက်ရ်ျမဟုတ်၊ သေဆုံးခြင်း၏ အခြားတစ်ဖက်တွင် တစ်စုံတစ်ရာရှိနေသည်မှာ သေချာသွားသလိုခံစားလိုက်ရသောကြောင့်ပင်။
ဒွေး.. ကိုစစ်အိမ်ကို နှုတ်ဆက်သွားသည်ပဲ။

Victoria Safford ၏ Walking toward Morning က စိတ်ထဲကိုရောက်လာသည်။ မနက်ခင်းစောစောမှာ သုသာန်ထဲမှာ လမ်းလျှောက်ထွက်လာတဲ့ သူမဟာ နှစ်တွေကြာလို့ သစ်မြစ်တွေထိုး၊ အမည်နာမပျက်နေပြီဖြစ်တဲ့ ကျောက်ပြားပေါ်က စာလေး တစ်ပိုင်းတစ်စကို မြင်လိုက်သည်။ “She attended well and faithfully to a few worthy things” ဟု ထွင်းထားသည့် စာလေး။ အရေးကြီးတဲ့ အရာအနဲငယ်ကိုသာ သူမ သစ္စာရှိစွာ လုပ်ဆောင်ခဲ့တယ် ဟုဆိုသော စာလေးကိုဖတ်ပြီး သူတွေဝေသွားသည်။ သူမ သေဆုံးသွားရင်ကော ဘယ်လို သူကို စာတမ်းတတ်ကြမလဲဟု စဉ်းစားလိုက်မိသည်။
“She attended frantically and ineffecturally to a great many unimportant, meaningless details” လို့ထွင်းကြမလား။ အရေးမကြီးတဲ့၊ အရာမရောက်တဲ့ အရာပေါင်းများစွာကို အိနြေ္ဒမရစွာ အငမ်းမရ လျှောက်လုပ်နေခဲ့တယ် ဟုဆိုသော စာတမ်းများလား။

အခြားသူတွေလဲ မိမိအုတ်ဂူမှာ ဘယ်လိုရေးဖွဲ့ချင်ကြလိမ့်မလဲဟု သူဆက်စဉ်းစားမိသည်။

“ဒီအိမ်ထောင်သယ် ယောင်္ကျားတစ်ယောက်ဟာ သူ့ရဲ့ကလေးလေးတွေကို အချိန်ပေးပြီး ညနေခင်း ခြံထဲမှာ မကစားခင် အိမ်က ပန်းကန်ခွက်ယောက်တွေကို အမြဲဆေးပေးခဲ့တယ်”

“ဒီအမျိုးသမီးဟာ ငွေစာရင်းတွေကို တိကျစွာကိုင်တွယ်ခဲ့လို့ ငွေကြေးတွေက အမြဲ စာရင်းအင်းတိကျခဲ့တယ်။ ဒါပေမယ့် ဒီငွေတွေနောက်လိုက်နေခဲ့လို့ လှပတဲ့ ဆည်းဆာပေါင်းများစွာရယ်နဲ့ ချစ်ခြင်းမေတ္တာတရားတွေကို လွဲခဲ့ရတယ်”

“ဒီအမျိုးသမီးဟာ တယ်လီဖုန်း၊ အီးမေးလ်၊ ဗိုက်စ်မေးလ် တွေအားလုံးကို တိကျစွာ ပြန်ခဲ့ပေမယ့် ခွင့်လွှတ်ခြင်း၊ သနားတတ်ခြင်းတွေကိုတော့ မေ့လျော့ခဲ့တယ်”

ထိုသို့သော စာလုံးတွေ အုတ်ဂူပေါ်မှာ အထွင်းမခံရပေမယ့် ကိုယ်ဘာအထွင်းခံလိုက်ရလဲ သိပြီး ထွက်ခွာသွားရတဲ့သူတွေ ဘယ်လောက်များလိုက်မလဲ။

သေဆုံးခြင်းပေါင်းများစွာနဲ့ ကြုံခဲ့ရဖူးတဲ့ကိုယ်။ သေချင်းတရားနဲ့ အလွန် နီးစပ်တဲ့ကိုယ်၊ ခံစားနေရမှာကို ကြောက်ပေမယ့် သေဆုံးရမှာကို လုံးဝမကြောက်ဘူးဆိုတာကို လူတွေက ယုံကြလိမ့်မည်မဟုတ်။ ဒွေးကို တစ်ခုအားကျမိသည်။ အိပ်ပျော်နေရင်း ငြိမ်းချမ်းစွာထွက်ခွာသွားခွင့်ရခဲ့သည်လေ။


သည်ဓာတ်ပုံထဲက လူနှစ်ယောက် ဒီကမ္ဘာကြီးထဲတွင် မရှိကြတော့။ သူတို့ထွက်ခွာသွားကြချိန်မှာ အသက်သုံးဆယ်ကျော်ရုံလေးတွေသာ ရှိသေးသည်။ ဒီလိုပဲ မမျှော်လင့်ပဲ ကိုယ့်ဘ၀ထဲမှ ကိုယ်သိပ်ချစ်သူတွေ ထွက်ခွာသွားသည်ကို ကြုံရဖန်များလားတော့လဲ သေဆုံးခြင်းသည် ကိုယ့်အတွက် မဆန်းတော့။ အမှန်တော့ ထွက်ခွာသွားသူတွေထက် ကျန်ခဲ့သူတွေကသာ တနင့်တပိုးခံစားချက်များနှင့် ကျန်ခဲ့ရသည်များသာ။

သေဆုံးခြင်း၊ သေခြင်း၏ တစ်ခြားတစ်ဖက်မှာ အရာများစွာ၊ စာအုပ်ပေါင်းများစွာနှင့် ဆေးရုံ သုတေသန စာတမ်းပေါင်းများစွာကို ကိုယ်ဖတ်ရှုခဲ့ဖူးသည်။ အမှန်တော့ သေဆုံးခြင်းသည် ဘ၀၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ အချို့က လူ့ကမ္ဘာကို နမ်လောကသားများ၏ တက္ကသီလာဟု ယူဆကြသည်။ နမ်လောကသားတွေ ခန္ဒာကိုယ်ထဲဝင်ပြီး အာရုံငါးပါး၏ ဆွဲဆောင်မှုများကို ခံစား သို့မဟုတ် ကျော်လွှားရင်း တစ်ဦးနှင့် တစ်ဦးထံမှ လေ့လာသင်ယူစရာများကို သင်ယူပြီး စာမေးပွဲအောင်သွားသည့် တစ်နေ့၊ တာဝန်ပြီးဆုံးတဲ့ တစ်နေ့ နမ်လောကသို့ ပြန်လည်ထွက်ခွာသွားသည်ဟု ယူဆကြသည်။ စာမေးပွဲမအောင်မခြင်း သို့မဟုတ် ပရိုဂျက်မပြီးမခြင်း အဖန်ဖန်လည်နေကြရသည်ဟု ယူဆကြသူများလဲရှိသည်။ မိမိကိုယ်ကို အဆုံးစီရင်သူများကတော့ ဒီpattern, paradigm ကိုပဲ အဖန်တလဲလဲ မအောင်မြင်မချင်း ကျော်ဖြတ်ကြရသည်ဟု ယူဆကြသည်။

လူ့လောကသို့ မလာမှီကလဲ ကိုယ်ဘယ်လို ပုံစံယူမည်ကို နမ်လောကမှ အကြီးအကဲများနှင့် နှစ်ဦးသဘောတူ ရွေးကြသည်ဟုဆိုသည်။ ဥပမာ၊ ပဲရစ်ဟီလတန် ဘ၀ကိုယူမလား၊ လဗီန်းဘ၀ကိုယူမလား၊ အိမ့်ချမ်းမြေ့ ဘ၀ကို ယူမလား ရွေးပိုင်ခွင့်နှင့် အကြမ်းဖျင်း ရှေ့ဖြစ်၊ ရင်ဆိုင်ရမည့် အခက်အခဲ ကောင်းမှု၊ ဆိုးမှုများကိုလဲ မှန်သားပြင်တွေပေါ်မှာ ပြသည်ဟုဆိုသည်။ လက်ရှိကမ္ဘာမှာ ရှိကြသည့် လူအများစုသည် ၀ိညာဉ်ရေးရာ အောက်ဆုံးအဆင့်ရှိသူများဟုဆိုသည်။ ကိုယ့်ရဲ့ ငြင်းခုံလိုမှုကတော့ နမ်၊ ၀ိညာဉ်လောကက အတွေးခေါ်၊ ခံယူချက် (spirituality) ပိုမမြင့်သင့်ပေဘူးလား၊ ကျင့်ကြံခြင်း (spirituality) ပေါ်တွင်မူတည်ပြီး အချို့ နမ်များက တစ်ချိန်ထဲမှာ ၂နေရာ၊ ၃နေရာ၊ နေရာတိုင်းမှာ ရှိနေနိုင်သည်ဟုဆိုသော်လဲ၊ ကျန် နမ်လောကသားများကတော့ မမြင့်တာသေချာလို့ လူကိုယ်ခန္ဒာယူပြီး တစ်ဦးနှင့် တစ်ဦးထံမှ လေ့လာသင်နေကြရသည်ဆိုသည်မှာ အနဲငယ်တွေးစရာဖြစ်နေသည်။

ကလေးလေးများကို သုတေသနပြုသည့် ဆေးရုံစာတမ်း တစ်ခုတွင်တော့ ကလေးလေးများသည် ဘာသာရေးခံယူချက် ရိုက်သွင်းခြင်းမခံရသေးသည့်အတွက် မျောနေစဉ်ကာလအတွင်း အလွန်လင်းလက်ပြီး မေတ္တာများ စီးဆင်းနေသော အလင်းတန်းကြီးနားသို့ ရောက်သွားတတ်သည်ဟုဆိုသည်။ ဘာသာရေးခံယူချက် တစ်စုံတစ်ရာ ရှိနေသူလူကြီးများကဲ့သို့ အလင်းတန်းထဲတွင် ဘာသာရေးခေါင်းဆောင်များကို မမြင်တတ်ကြပဲ အလင်းကိုသာ မြင်သည်ဟုဆိုကြသည်။ တစ်ခါက ခြောက်နှစ်အရွယ် ကလေးတစ်ယောက် အပြင်းအထန်နေမကောင်းဖြစ်ပြီး မျောသွားစဉ် ထိုအလင်းတန်းက ထိုကလေးကို ပြန်သွားခိုင်းသည်။ ကလေးလေး၏ မိခင်တွင် နလုံးရောဂါနှင့် နောက်ကလေးတစ်ယောက်မွေးလာမည်၊ ထိုကလေးကို ၀ိုင်းကူ ကြည့်ပေးရမည်ဟု ထိုအလင်းတန်းက ဆိုသည့်အတွက် ဆရာဝန်များနှင့် သုတေသီများက စောင့်ကြည့်နေရာ နောင်ငါးနှစ်အကြာတွင် နှလုံးမှာ အပေါက်ပါသည့် ဒုတိယကလေး မွေးဖွားလာခဲ့သည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ တစ်ခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။
တိုင်းပြည်၊ ခံယူချက်၊ အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။ ကိုယ်နေတဲ့ တိုင်းပြည်တွင် သချိုင်းများကို ပန်းခြံများဟု ခေါ်ကြသည်။ အမှန်ပင် ပန်းခြံများကဲ့သို့ လှပ သန့်ရှင်း သေသပ်လွန်းနေသည်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုယ်ကြည်ညိုရသော ရခိုင်ကျောင်းထိုင်ဘုန်းကြီး ပြောဘူးသည့် စကားကို သတိရမိသည်။
“ညနေတိုင်း လမ်းလျှောက်ထွက်တယ်..။ ဒီနိုင်ငံက သချိုင်းတွေက လှလွန်းလို့ သေချင်စိတ်တောင်ပေါက်တယ်”

သေဆုံးပြီးသောသူများ၏ ခန္ဒာသို့မဟုတ် အရိုးပြာများကို ထားသော နေရာများကိုလဲ အမြဲလှပစွာ ထားလေ့ရှိသည်။ တနယ်တကျေးမှလာသော ဆွေမျိုးများကလဲ သေဆုံးသူ၏ နေရာကို သွားရောက် ဂါဝရပြုလေ့ရှိသည်။
နံနက်ခင်းအချိန်၊ ညနေစောင်းချိန်များတွင် ဆီမီး၊ ပန်းရနံ့များနှင့် မွှေးထုံနေတတ်သည်။ ကလေးလေးများ စက်ဘီးစီးတတ်သလို၊ ကိုယ်ဝန်သယ်များလဲ လမ်းလျှောက်ထွက်တတ်သည်။ သေဆုံးသူ၏ မွေးနေ့၊ နှစ်လည်ရက်များတွင်၊ ရောင်စုံဘောလုံးများ၊ ပန်းများ၊ ဆီမီး များနှင့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများက ထမင်း၊ ဟင်းများနှင့် ပျော်ပွဲစား ထွက်သကဲ့သို သူတို့ ချစ်သူများ၏ ခန္ဒာကိုယ်ရှိသည့် နေရာတွင် တစ်နေကုန်အောင် အချိန်ပေး နေကြသည်။ သေဆုံးသူ၏ နောက်ဆုံးခရီးကိုလဲ “celebration of life” ဟုခေါ်ဆိုကြသည်။





သေဆုံးသူ၏ မိသားစု ၀င်များကို ဘယ်လို စကားမျိုးပြောရမည်။ ဘယ်လိုဆက်ဆံပြုမှုရမည်ဆိုသော စာအုပ်များကိုလဲ စနစ်တကျ ထုတ်ဝေထားသည်။
ဖတ်ဖူးသမျှ သေဆုံးသွားသူ၏ အနီးဆုံးသူများကို မပြောရမည့် စကားလုံးများအချို့ကို ဝေမျှလိုက်ပါသည်။ စေတနာအရင်းခံနှင့် နှစ်သိမ့်ကြသည်ဖြစ်သော်လည်း ၀မ်းနဲပူဆွေးနေသူများ၏ ခံစားချက်ကို သည်အချိန်တွင် ဦးစားပေးထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တချိန်ချိန်တွင် ငိုကြွေးနေသူများ၏ နေရာတွင် ကိုယ့်အလှည့် ရောက်လာမည်ဖြစ်သောကြောင့်တည်း။

“ဘယ်လိုခံစားရလဲနားလည်တယ်”
“ကိုယ်ချင်းစာတယ်”
အခြားသူတစ်ဦးတစ်ယောက်၏ ခံစားချက်ကို နားလည်သည်၊ ကိုယ်ချင်းစာသည် ဆိုသည်မှာ မဖြစ်နိုင်။ ဖခင်ဆုံးသွားလို့ ခံစားနေရသော မိခင်နှင့် ထိုဖခင်၏ သားသမီးများ၏ ခံစားချက်ပင် မတူကြဟု စိတ်ပညာရှင်များက ဆိုသည်။ မိခင်က ယောကျာင်္းဆုံးခြင်းဖြစ်သလို၊ သားသမီးများက ဖခင်ဆုံးခြင်းဖြစ်သည်။ အရင်းနှီးဆုံးအိမ်သားများပင် ခံစားချက်မတူသည့်အတွက် သူစိမ်းများအနေနှင့် နားလည်သည်ဆိုသည်မှာ မဖြစ်နိုင်ဟုဆိုသည်။

“တရားနဲ့ဖြေပါ”
မည်သူကမျှ တရားမရှိနေခြင်းမဟုတ်။ ၀မ်းနဲငိုကြွေးနေခြင်းသာဖြစ်သည်။ ငိုကြွေးခြင်းသည် ရှိထားခဲ့သည့် မေတ္တာတရားကို နောက်ဆုံးအနေနှင့် အသိအမှတ်ပြုခြင်း လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကျွန်မထင်သည်။ ငိုကြွေးခြင်းသည် အပြစ်မဟုတ်။ငိုကြွေးခြင်းသည် တရားမရှိခြင်းမဟုတ်။

“မေ့လိုက်တော့”
သည်စကားသည် အလွန်ဝမ်းနဲ ငိုကြွေးနေသူကို ကြင်နာရာမရောက်သည့်အပြင် ငိုနေတာ မမြင်ချင်လို့ စိတ်ပေါက်ပေါက်နဲ့ အငိုတိတ်အောင်ပြောသည့် အကြင်နာမဲ့ စကားလုံးဖြစ်သည်။

“မငိုနဲတော့”
ဝမ်းနဲပူဆွေးခြင်း၊ စိတ်၏ထွက်ပေါက်ဖွင့်ပေးခြင်းတွက် မျက်ရည်ကို programmed လုပ်ထားသည့် သည်ခန္ဒာ၏ စိတ်ထွက်ပေါက်ကို အဘယ်ကြောင့် တားမြစ်လိုပါသလဲ။

တစ်ခါက ဖခင် ဆုံးပါးသွားလို့ ချောင်တစ်ချောင်မှာ တိတ်ဆိတ်စွာနှင့် ၀မ်းနဲပက်လက်ငိုကြွေးနေသော ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက်ကို ဈာပနလာပို့သည့် အန်တီကြီးတစ်ယောက်က အနားကပ်ပြီး ပြောနေခဲ့သည်ကို စိတ်မချမ်းသာစွာ ကြားနေခဲ့ရသည်။
“နင်မငိုနဲ့၊ နင့်အောက်မှာ မောင်တွေ၊ ညီမတွေရှိတယ်။ အခုနင့်အဖေဆုံးပြီ။ နင့်ပခုံးပေါ်မှာ တာဝန်တွေပိကြလာနေပြီ။ နင်အကြီးဆုံး။ နင်ကမှ စိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ”

ကလေးက အခုမှ ၁၂နှစ်ခန့်သာရှိသေးသည်။ အန်တီကြီးက စေတနာနှင့်ပြောနေသော်လည်း ဆူပူ အပြစ်တင်နေသလိုဖြစ်နေသည်။ ကလေးမှာ ၀မ်းနဲလွန်းလို့ အသံတောင် မထွက်တော့။ ထိုအန်တီကြီး အားရအောင် တရားချထွက်ခွာသွားမှ ကိုယ်လဲ သက်ပြင်းကြိတ်ချမိသည်။

ကိုယ်လေ့လာကြည့်မိသည်။ ဒီကလူတွေ ဘယ်လိုစကားရွေးပြောသလဲဟု။
တစ်ကယ်တော့ သူတို့ပြောနေကြစကားလေး၂ခွန်းခန့်သာရှိသည်။
“အရမ်း ၀မ်းနဲကြေကွဲပါတယ်”
“ဘာစကား ပြောရမှန်းတောင် မသိတော့ပါဘူး”

တစ်ကယ်တော့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ရိုးသားသည့် သည်စကားလေး၂ခွန်းလေးက စကားလုံးပေါင်းများစွာထက် လုံလောက်ပါသည်။ ကျန်ရစ်သူမိသားစုများအတွက် စကားလုံးများထက် လုပ်ရပ်များနှင့် ကူညီအားပေး၊ ကိုယ်ချင်းစာနိုင်ကြပါစေ။

Sunday, July 08, 2007

ရုပ်ရှင်လက်မှတ်လေးနှစ်စောင်

ကျွန်မရဲ့ စာတိုပေစလေးတွေကို ကျွန်မရဲ့ဘလော့ဂ်မှာ တစ်ဖြည်းဖြည်း ပြန်လည်စုစည်းနေခြင်းပါ။ စာဖတ်သူများရဲ့ ကော့မင့်လေးတွေကိုပါ ထည့်သွင်းထားပါတယ်။
ဧပြီလ ၂၀ရက်၊ ၂၀၀၆ က အိပ်မက်မှာ တင်ခဲ့တဲ့ စာစုလေးဖြစ်ပါတယ်ရှင်။


သည်ရုပ်ရှင်ကို မကြည့်သင့်မှန်းသိလျှက်နှင့် သွားကြည့်မိသည်မှာ ကျွန်မကိုကိုယ် ကျွန်မအသဲမာတတ်ပြီလို့  လျော့တွက်ခဲ့မိလို့ ပါ။ လူတွေရုပ်ရှင်ကြည့်ကြတာ ဘာကြောင့်ပါလိမ့်။ ကျွန်မကတော့ ရုပ်ရှင်လဲသိပ်မကြည့်ဖြစ်ပါ။ ရုပ်ရှင်ဆိုတာပျော်ချင်
လို့ ကြည့်တာ မို့ ကြည်ြ့ပီးရင် စိတ်ထဲစွဲကျန်ရစ် မျက်ရည်ဝဲရမဲ့အဖြစ် ပိုက်ဆံပေးပြီး ကိုယ့်အပူကိုယ်မရှာချင်ပါ...။ ဒါကြောင့် ကြည့် ရင်လဲ ရုံထဲကထွက်လာပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါစေမယ့် ရှေ့ပိုင်းမှာ ဘာမှန်းမသိလိုက်ပဲ နောက်ဆုံးမှ ဂြိုလ်သား ကြီးတွေ ရုတ်တရက် ထွက်လာတတ်သည့် ဂြိုလ်သားကားတွေပဲ ကြည့်လေ့ရှိသည်။

တစ်ခါတစ်ရံတော့ ကြည့်သင့်သည်ဟု ယူဆပြီး ဗဟုသုတအနေနှင့်  ရွှေနွယ်ရိုးဆိုသည့် လွမ်းရုပ်ရှင်လေး၊ Forest Gump, Cast Away နှင့် Titanic တို့ ကြည့်မိပြီး ကိုယ့်ကိုကိုယ်နောင်တရလို့ မဆံုးတော့။

ဘ၀မှာ ချစ်သူနှင့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသူသည်လဲကျွန်မသာဖြစ်လိမ့်မည်။
ချစ်သူနှင့် နှစ်ပေါင်းများစွာ ပင်လယ်တွေခြားလို့  နေခဲ့ရပေမယ့် ချစ်သူနှင့်မှ ရုပ်ရှင်ကြည့်မည်ဟု ရူးသွပ်စွာနှင့် ဆယ်ကျော်သက်အရွယ်က ဆုံးဖြတ်ခဲ့သည့်အတိုင်း
သူနှင့် ဝေးနေခဲ့စဉ် ကာလများမှာ တခါမှ ရုပ်ရှင်မကြည့်ခဲ့။

ချစ်သူကို ထားခဲ့သောနေ့ က မိုးများ ရွာနေခဲ့ပါသည်။ ဖိနပ်စီးမထားသော ကျွန်မတို့  ခြေထောက်တွေအောက်မှ အေးမြသော ကျောက်သားပြင်ဖြူဖြူထက်တွင် မိုးရေများ စီးဆင်းနေခဲ့သည်။ မျက်နှာချင်းဆိုင် မတ်တပ်ရပ်လို့ စကားမဆိုဖြစ်ခဲ့ကြသော ကျွန်မတို့ ကိုယ်ပေါ်သို့ မိုးရေစက်နှင့် အတူ ညောင်ရွက်ဝါအချို့  လွင့်ကျလာသည်။
ငါးနှစ်စောင့်မယ်ဟု ချစ်သူရက်ရောစွာပြောပြီး စနေထောင့်တွင် ရေလှုနေခဲ့ စဉ်က
ခပ်ဝေးဝေးမှရပ်ကြည့်နေခဲ့ ရင်း တိတ်တဆိတ် ကြေကွဲနေခဲ့ သည်။



မရေရာသောလမ်းမှာ လျောက်လှမ်းခဲ့ ရင်း ကုန်ဆုံးသက်တမ်းရက် အကန့်အသတ်မရှိသော၊ လက်ဆောင်ရဖူးသော၊ ရုပ်ရှင်လက်မှတ်လေး နှစ်စောင်အား ချစ်သူနှင့်မျှ ကြည့်မည်ဟုရည်စူးလို့ ယွန်းဗူးလေးထဲ ထည့်ထားခဲ့ ဖူးသည်။

ခုနှစ်နှစ် ခုနစ်မိုးဆိုသည်မှာ ဟိုးလူကြီးတွေခေတ်မှာပဲရှိခဲ့တာ မဟုတ်ပါ။
ကျွန်မတို့  တကယ်ကို ခုနှစ်နှစ် ခုနှစ်မိုး ချစ်ခဲ့  ကြပါသည်..။

ချစ်သူကို ၀န်ခံခဲ့တဲ့ အတိုင်း မိုင်ပေါင်းထောင်သောင်းချီလို့ နှစ်များစွာ ဝေးနေခဲ့ ကြစဉ်အချိန်တွေမှာ၊ တစ်ခါတစ်ရံတော့ ကျွန်မကို စိတ်ဝင်စားသူတချို့နှင့်  ကော်ဖီဆိုင်၊ အအေးဆိုင် ထိုင်ဖူးခဲ့ ပါသည်။ သူတို့ နှင့်  တွဲပြီး အအေးဆိုင်ထိုင်ခဲ့ စဉ်က လူမြင်ခံရမှာ ရှက်သလိုလို၊ သူတို့ စားတဲ့သောက်တဲ့ ပုံကပဲ တစ်ခုခုမှားနေသလိုလို၊
ကိုယ့်ကိုအကောင်းနှင့် ချီးမြှင့်ပြောတဲ့ သူတို့စကားတွေကပဲ အရှက်ရစေသလိုလို
နှင်းဆီပွင့်ကို ကားရေသုတ်တံမှာ လာညှပ်သွားတဲ့ သူတို့ ရဲ့ လုပ်ရပ်ကပဲ ဒေါသထွက်စရာလိုလို၊ ကုန်ကုန်ပြောရလျှင် သူတို့၏ စကားလုံးများ၊ လုပ်ရပ်များအားလုံးသည်
ကျွန်မအတွက် စိတ်တိုင်းမကျစရာများသာဖြစ်နေခဲ့ ပါသည်။
ဒါတွေအားလုံးသည် သူတို့၏ လိုအပ်မှုများထက် ကျွန်မ၏ စိတ်ခံစားချက်များသာလျှင် ဖြစ်ပါလိမ့်မည်။

ထူးဆန်းလွန်းပါသည်…။
ချစ်သူနှင့်  ကံ့ကော်တန်းမှာ တွဲလျှောက်ခဲ့ စဉ်ကလို ကိုယ့်ကိုကိုယ် အလှဆုံး မိန်းမတယောက်လိုခံစားခဲ့ ရသောခံစားချက်မျိုး၊ အရာရာဟာလဲမယုံနိုင်လောက်အောင်ပဲ သိမ်မွေ့လှပလွန်းနေခဲ့သည့် ခံစားချက်မျိုး၊ ပတ်ဝန်းကျင်တစ်ခုလုံးသည်လဲ အေးမြငြိမ်သက်နေသည့် ခံစားချက်မျိုး၊ အလွန်ဖြူစင်သော အချစ်မျိုး၊ ဘယ်သောအခါမှ ရရှိနိုင်တော့မည်မဟုတ်ဆိုတာကို တပ်အပ်သိခဲ့ပါသည်….။

ငယ်ရွယ်နုပျိုသည့်  အရွယ်တွင် ချစ်သူကို လွမ်းဆွတ်ခြင်း၊ သူများချစ်သူ စုံတွဲလေးတွေ shopping mall တွေထဲမှာ လက်ချင်းတွဲလို့ သွားလာနေကြတာကိုငေးမောရင်း၊ ချစ်သူထံမှ စာလွှာလေးတွေကို စောင့် မျှော်ရင်းနှင့်၊ ကျွန်မ၏အချိန်တွေ ကုန်ဆုံးခဲ့ ပါသည်။ သူငယ်ချင်းများနှင့် ခရီးတိုလေးတွေမှ အပြန်တိုင်းလဲ ကျွန်မရဲ့
ကမ္ဘာငယ်လေးဖြစ်သည့်  အခန်းလေးထဲမှာ ချစ်သူကို လွမ်းဆွတ်ရင်း နှစ်တွေ ကြာခဲ့ ပါသည်။

ချစ်သူကို ကျွန်မ ဘယ်သောအခါကမှ ကြိုးရှည်ရှည်နှင့်  လှန်မထားခဲ့ ပါ။
နှစ်ပေါင်းများစွာစောင့်  နေခဲ့ ရန်လဲ တစ်ခါမှ မတောင်းဆိုခဲ့ပါ။
ကျွန်မထက် ချစ်ရမည့်သူ တွေ့ ရင်လဲ သဘောထားကြီးစွာ ကျွန်မ နောက်ဆုတ်ပေးမည်ကို
ချစ်သူကို အသိပေးထားပြီးလဲ ဖြစ်ပါသည်..။

သို့ သော်ချစ်သူနှင့်  ပေါင်းဆုံ ရန်ရည်စူးပြီး ပညာရေးအပါအ၀င် ဘ၀၏ကြီးမားသော ဆုံးဖြတ်ချက်များကို ချစ်သူအတွက်အမြဲ ထည့် တွက် စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ ပါသည်။

သုံးနှစ် အကြာတွင် ချစ်သူနှင့်  ပထမအကြိမ် ရန်ကုန် Main Campus Library
ရှေ့မှာ ပြန်ဆုံခဲ့  စဉ်ကလက်ဆွဲနှုတ်ဆက်ခဲ့  ကြဖူးစဉ်က ကျွန်မတို့၏ သူငယ်ချင်းများက ရယ်မောခဲ့ကြပါသည်။

ကျွန်မကို အံ့သြစွာကြည့်ရင်း ကျောင်းကြီးတခုလုံးမှာအလှဆုံးဟုချစ်သူပြောခဲ့ သည်ကို သူပြောတာမဖြစ်နိုင်မှန်းသိခဲ့ပေမယ့် ချစ်သူနှင့်ဆိုလျှင် ကမ္ဘာပေါ်မှာ
ကျက်သရေအရှိဆုံး မိန်းမတယောက်လို ခံစားနေခဲ့ ဆဲဖြစ်ပါသည်။ အဲဒီတုန်းကတော့  ဘ၀ရှေ့  ရေးအနည်းငယ်ပြောဖြစ်ခဲ့  ကြသည်။ ချစ်ရသူနှင့် ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏ အောင်မြင်ခြင်းတစ်ခုဟု ချစ်သူပြောခဲ့  ပါသည်။

ဒုတိယအကြိမ် Singapore Jurong West က သစ်ပင်တန်းအောက်မှာဆုံ ခဲ့  စဉ်ကတော့ 
ချစ်သူနှင့်  သူ၏ Singaporean စကပ်တိုတို မိန်းကလေးကို လက်ဆွဲနှုတ်ဆက်ခဲ့ ပါသည်။
ချစ်သူ၏ကြေကွဲနေသောမျက်ဝန်းများ၏ စကားသံများကို ကျွန်မတို့ ၏ ခုနှစ်နှစ် ဇတ်လမ်းကိုသိသည့်  ချစ်သူ၏မိန်းကလေးက နားလည်ပေးသည့် အနေနှင့်  ခပ်လှမ်းလှမ်းက အုန်းပင်ပျိုအောက်မှာ ရှောင်ပေးနေခဲ့  ပါသည်..။

ချစ်သူတို့ ဇနီးမောင်နှံအတွက် လက်ဖွဲ့ထဲတွင် ခုနှစ်နှစ်နီးပါးသက်တမ်းရှိသည့် 
အရောင်လွင့်ပျယ်ခြင်းမရှိသေးသော ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကိုပါ
ထည့်သွင်းလက်ဖွဲ့ခဲ့ပါသည်။
ချစ်သူနှင့်ကျွန်မအဖြစ်ကိုတွေးလို့တော့ တစ်ခါမျှမငိုကြွေးခဲ့ပါ။

ဒီရုပ်ရှင်ကို မကြည့်သင့်မှန်းသိရဲ့နှင့် သွားကြည့်မိသည်မှာ ကျွန်မကိုကိုယ် ကျွန်မအသဲမာတတ်ပြီလို့ လျော့တွက်ခဲ့မိလို့ ပါ။ ရုပ်ရှင်ထဲမှာ မင်းသမီးက မျက်ရည်ဝဲ သော မျက်ဝန်းများနှင့်  သူချစ်တဲ့ သူကို ကြည့်ပြီး သူ့ဘ၀ရဲ့  ခြေလှမ်းတိုင်းဟာ သူ့  ချစ်သူနဲ့နီးရဖို့ပါဟုပြောခွင့်ကြုံခဲ့ ပါသည်။

ကျွန်မကတော့….
ကျွန်မရဲ့ အထီးကျန် ခြေလှမ်းဟောင်းလေးတွေ အကြာင်း ဘယ်သောအခါမှ ပြောခွင့်ကြုံလိမ့်မည် မဟုတ်တော့ပါ။

ရုပ်ရှင်ရုံ မီးများ လင်းလာချိန်တွင်တော့ ပါးပြင်မှ မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း အချစ်ကားတွေ ဘယ်တော့မှ မကြည့် တော့ ဟုဆုံးဖြတ်လိုက်ပါတော့ သည်။
ချစ်သူပြောခဲ့သလို ချစ်ရသူနှင့် ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏ အောင်မြင်ခြင်းတစ်ခု အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မတို့သည် ဘ၀၏ရည်မှန်းချက်များကို ဖြည့်ဆည်းရင်း ရှုံးနိမ့်ခဲ့ကြသူများသာ ဖြစ်ပါလိမ့်မည်။



Comments……..
တပြေသူရဲ့ ခံစားချက်တွေက သိပ်ထိတာပဲ။
(Reader)

ကိုယ်ချင်းစာမိတယ်..
(မွန် on 2006-04-22 08:29)

I love that movie....
(TT (Link) on 2006-04-24 07:08)

အင်း...ထိတယ်ဗျာ.ရင်ဘက်ကြီးထဲကို..ဒိုင်းကတဲ
အော်..အချစ်ကတော်တော်ပူလှောင်ပလားနော်....
ဆက်ရေးပါအုံး
(kingpeacock (Link) on 2006-05-09 05:40)

ခံစားရပါတယ် ...
အားပေးလျက် ...
(nn on 2006-05-17 07:30)

အာ ......မိုက်တယ်ဗျာ။။။
ဘာဘဲဖြစ်ဖြစ်ဗျာ နားလည်ပေးနိုင်ရင်
လောကကြီးက ပျော်စရာကြီးလို့ထင်တာပါဘဲ။ ကျနော်သာ တစ်ပြည်သူ့နေရာမှာ ဆိုရင် ဆွဲဆောင့်လုပ်ပစ်မှာဘဲ...ဟဲ့အကောင် ငါ့မှာတော့ ကြိုးစားလိုက်ရ၊ စောင့်လိုက်ရတာ..နင်ကတော့လုပ်ရက်တယ်ဆိုပြီးတော့လေ။အဲဒီလို နားလည်မှုမျိုးပါ။။။
(phoehtet on 2006-05-28 12:02)

ဖြစ်တတ်ပါတယ်လေ....တကယ်ကြုံတွေ့ရတဲ့သူ တွေအတွက်တော့ ဒါကြီးက တော်တော်ခံစားရတယ်ဗျ..
ကျွန်တော့်အဖြစ်ကတော့ တပြည်သူနဲ့နည်းနည်း ကွဲနေတယ်.. ဒါပေမဲ့ပူပူနွေးနွေးခုရက်ပိုင်းလေးပဲ ဖြစ်သွားတာ..
တကယ်ချစ်ခဲ့ကြတဲ့သူတွေအတွက်တော့ ပြောမပြ
နိုင်အောင်ခံစားရမှာပါ.. ကိုယ်ချင်းစားပါတယ်ဗျာ.
ချစ်ရသူနဲ့ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀ရဲ့ အောင်မြင်ခြင်းတခု ဆိုတာကို တော့ တော်တော်သဘောကျတယ်.
ဒါပေမဲ့လည်း ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်း မချစ်ဆိုတာကြီးက ရှိသေးတော့..
အင်း..တကယ်ချစ်တဲ့သူတွေတကယ်ညား ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်..
(သားဇေ on 2006-06-02 08:14)

စာဖတ်သူ ကိုပါ ကိုယ်တိုင် ခံစား လာစေ တဲ့ အရေး အသား ကို ကြိုက် ပါတယ်...
(ဒီဝိုင်း on 2006-06-22 08:26)

I feel that I read about myself.
Love is pain.
(Laura on 2006-07-14 00:38)

I've been there... and it's painful...but finally I'm together with my chit-tu after eight yrs...
keep up
(hnem on 2006-07-16 19:16)

Thu ka thate yat sat tar pei naw? I guess that is life! You've got talent!
Keep it up.
(YYK on 2006-08-28 03:08)

I agree! The writer is such a great talent!
Keep up the good work.
(LWN on 2006-09-14 23:38)

..feeling so sorry..
(Thyda on 2006-09-15 06:06)

I admit that i had some kind of unexpressive feeling after reading. Sometimes, we are being cheatted by love without known. But it's really true that time will heal the pain finally.
I like the plot of the writer very much. Ok, go on. I wish the writer to success sooner.
(Thandar on 2006-11-22 03:56)

ရေးထားတာ အရမ်းဖတ်လို့ကောင်းပါတယ် ။ ရိုးရိုးလေး ခံစားချက်အပြည့်နဲ့ ။ ”ချစ်သူ့ အိမ်” ဆိုတာကိုလဲကြိုက်ပါတယ် ။
တခုလောက် တကယ်သိချုင်လို့ပါ -- ၇နှစ်ကြာတဲ့ရုပ်ရှင် လက်မှတ်က ကြည့်လို့ရသေးလားဟင် ။ ဘာရုပ်ရှင်ဘာလိမ့် ။
(gyit_tu on 2006-11-23 07:37)

I wanna know whether it is real story or not. If it is not a real story of yours or your friend,I want to let you know that there is such story on the earth... Btw, I like your writing... it is very very good....
(deadwalker on 2006-12-31 12:03)
Love is like that.
But life is not.
Be sure that you must have success in life.
(MZN on 2007-01-03 04:37)

The writing style is really smooth. I am sorry if this is a true story. The music at the end of the post could add to the feeling of the reader. I am not sure who added this song, but can anyone tell me the title and the singer of the song? I am in love with this song!!! (I'd appreciate it very much if any could post the reply back here as a comment.)
(Thant on 2007-01-14 21:03)

Thanks a lot! It helped me find the song and the whole album at
the Myanmar MP3 website. Thanks again!
( Thant on 2007-01-14 22:41)

Very touching!
(ShweKywet on 2007-04-05 16:05)

@)--- for.....aSm
(aye myat on 2007-04-22 04:37)
ko bala so tar,minn thar gyi thu mg ko pyaw dar lar?
(aye myat on 2007-04-22 04:52)

Feeling so bad. But like it.
Thanks for ur short story. i like it so much.
(ghostbell on 2007-06-22 00:04)

Friday, July 06, 2007

ပန်းနွယ်

မီးရောင်ခပ်မှိန်မှိန် အခန်းထဲမှာ လူသုံးယောက်ထိုင်နေသည်။
တစ်ယောက်က ၂၀ကျော်၊ နောက်တစ်ယောက်က ၃၀ကျော်၊
တတိယတစ်ယောက်က ၄၀ကျော်…
ရှေ့က မီနီရုပ်ရှင် သီရေတာမှန်ပြင်ပေါ်တွင် ကာရာအိုကေ သီချင်းတစ်ပုဒ်။ မည်သူမျှ မဆိုဖြစ်ကြ။ သုံးယောက်လုံးက သီချင်းတစ်ပုဒ်ကို ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေကြသည်။

ဆွေးဆွေးမြေ့မြေ့ အဲဒီသီချင်းက နံရံတွေကို တိုးတိုက်သွားသည်။
လတ်ဆတ်တဲ့ ခရမ်းနုရောင် ပန်းပွင့်တွေ ခပ်တိုးတိုး နှုတ်ဆက်သွားသည်။
စားပွဲပေါ်က အအေးပုလင်းတွေကို ခေါင်းငုံ့ကြည့်သွားသည်။
ပြီးတော့ ပြူတင်းပေါက်မှ တဆင့် ပြာလဲ့လဲ့ဖရေဇာ မြစ်ပြင်ဘက်သို့ ပျံသန်းသွားသည်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်ထဲက ဒီသီချင်းကို အင်တာနက်တွေပေါ်မှာ ရှာခဲ့ဘူးသည်။
ဘယ်မှာမှ ရှာလို့မရခဲ့။ အခုတော့လဲ ဒီသီချင်းကို နေရာအနှံ့မှာ တွေ့လာရပြီ။

အခန်းဝမှာ နောက်တစ်ယောက်လာရပ်တယ်…
“ဟာကွာ……..လုပ်ပြီ.. ငိုချင်စိတ်တောင်ပေါက်သွားပြီ။ တခြားသီချင်းဆိုကြပါလား…
ဟိုတယောက် သီချင်းနားထောင်ရင် မလှုပ်တော့ဘူး.. အသက်မှရှိသေးရဲ့လား”
သုံးဆယ်ကျော်က တချက်လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဘယ်သူမှမဆိုနိုင်ကြဘူး။ သီချင်းရဲ့ တေးသွားနဲ့ စာသားတွေထဲမှ နစ်မျောသွားလို့ပါ”

“စာသားတွေက သိပ်လှတယ်နော်.. သံစဉ်ကိုတော့ မကြိုက်ဘူး”
နှစ်ဆယ်ကျော်က ပြောသည်။

“အသက် သုံးဆယ်ကျော်သွားရင် သံစဉ်တွေကိုပါ စွဲမက်လာလိမ့်မယ်”
သုံးဆယ်ကျော်က ပြောလိုက်သည်။

“ဟုတ်တယ်.. လေးဆယ်ကျော်ရင် ပိုတောင် ကြိုက်ဦးမှာ”
လေးဆယ်ကျော်က ရယ်သံနှောပြီး ထောက်ခံလိုက်သည်။

“ကိုယ်တို့တော့ လေးဆယ်နားကပ်နေပြီ။ ခုထိ ခံစားလို့မရသေးဘူး”
အခန်းဝမှာ ရပ်နေတဲ့ သူက လှမ်းပြောသည်။
“တစ်ခြားဟာ ဖွင့်ကြ.. ဆိုမယ်…. ဘာလို့ သီချင်းဟောင်းတွေကြိုက်တာလဲ”

“ပျောက်ဆုံးသွားနိုင်တဲ့ တူရိယာတွေရဲ့ အသံတွေထဲမှာ၊ အတိတ်တွေထဲမှာ အိပ်မောကျချင်ကြလို့ ဖြစ်မယ်”
သုံးဆယ်ကျော်က ပြောသည်။
လေးဆယ်ကျော်က ကူရှင်ကို လက်နဲ့ ပိုက်ဖက်ရင်း မျက်စိမှိတ်နေခဲ့သည်။

သူတို့ ခံစားခဲ့တဲ့ သီချင်းစာသားလေးကို ဒီနေ့ တတိယကျမ်းစာ ထံမှာ မမျှော်လင့်ပဲ တွေ့ခဲ့ရသည်။

အခန်းတခါးကိုပိတ်၊ စပီကာတွေခဏပိတ်၊ အသံတွေမှန်သမျှ ခတ္တပိတ်ထားပြီး
စာလုံးလေးတွေကို ခံစားကြည့်ကြပါ…..

ပန်းနွယ်က စိမ်း.... ပန်းနွယ်က စိမ်း.. စိမ်း...တယ်...
စုံနံ့သာမြိုင် ရှာပုံဖွင့်ပါလို့ရယ်... ရင်နင့်အောင် ချစ်ရှာလွန်းသူ အပူတပြင်း ရှာဖွေ... ရေမြေ ဆုံး... ဆုံးစေ့တကယ်.. လှဂမုံးနွယ် ချစ်သက်ဦးရယ်... ဘ၀တစ်ဆုံးတကယ် မပစ်ရက်ဘူးရယ်.. ရူးတယ်ဆိုစေဦးတော့.. ဖုန်းကျော့မေ ပန်းနွယ်ပျိုရယ် မဆုံးတော့လေ လှမ်းရွယ်ကာရယ် မုန်းတော့စေ ပန်းနွယ်ကညာရယ်...

(စိမ်းရက်တဲ့ ပန်းနွယ်ရေ.. စုံနံ့သာမြိုင်မှာ ရှာပုံဖွင့်သလို.. အသည်းနင့်အောင် ချစ်ခဲ့ရသူ.. ရေမြေဆုံးစေတော့ ရှာရလေဦးမယ်ကွယ်.. အရူးတစ်ယောက်ရယ်လို့များ ပြောချင်လည်း ပြောစေတော့... တောအလယ် တောင်အထပ်ထပ်မှာ မောတယ်ရယ်လို့တောင်မှ နားမနေခဲ့တဲ့သူပါ.. တောင်မြောက်လေးပါးကို ဖွေရှာမျှော်ကြည့်လိုက်ပြန်တော့... အဖော်မရှိတဲ့ကိုယ့်ဘ၀မှာ အသည်းငယ်မိပြန်တယ်ကွယ်... ပျောက်သောသူ ရှာရင်တွေ့ဆိုပေမယ့် စိမ်းကားတဲ့ ပန်းနွယ်ကိုတော့ ရှာလေဝေးလေပါလား ပန်းနွယ်ရယ်)

မြိုင်ဗွေ.. သြော်..ဂနိုင်မြေထပ်မှာတဲ့... မှိုင်တွေ.. မှိုင်တွေ ရပ်ခါဖွဲ့... ဘယ်ဝယ်မြောက်တောင် ဖွေရောင်မျှော်ကြည့် အဖော်မရှိတစ်ကိုယ်တည်း.. အသည်းငယ်သလိုနှယ်... ပူပုံပန်းရယ် လွမ်းတယ်.. ပန်းနွယ်ရေ.. ကြာလေ ဝေး..တယ်...

သီတာမြအလား မြစ်နားတစ်လျောက် ရောက်ခဲ့ရာဝယ်.. လှိုင်းရေသောင်စပ်မှာ အတောင်ပံ ယှက်ပျံ ငှက်မောင်နှံကိုမှ မြင်ရသော်ခဏ သြော်.. မရွှင်ပျနိုင်တယ်... ရင်မှ လှိုက်လှဲ ပန်းနွယ်ကိုပဲ တလို့ ဆွေးမိတယ်.. ရွှေရင်ပူမီး ဗျာကြီးသူ သောကလှိုင်းဝယ်.. အချစ်ဇောနဲ့ နစ်မြောခဲ့ ဖြေမပြေတယ်...

အပြစ်ရှာသွေဖီ စိမ်းတဲ့ ပန်းနွယ်ရေ... လှမ်း.. လမ်းဘယ်မမြင်တယ်.. သြော် လှမ်း လမ်းဘယ်မမြင်တယ်.. ရွှေပင်လယ် ဆီးသလို နီး.. နီးမယ်မထင်တော့တယ်..

(ပန်းနွယ်ရေ.. မြသီတာ မြစ်အလွှာနားရောက်ပြန်တော့ လှိုင်းကလေးတွေ ပြေးတက်လာတဲ့ သောင်စပ်မှာ ငှက်မောင်နှံ တောင်ပံယှက်လို့ ပျံဝဲနေတာကို မြင်ရပြန်တယ်ကွယ်... အဲဒီအခါမျိုးမှာလည်း ပန်းနွယ်ကိုပဲ တွေးပြီး ဆွေးမိပြန်တာပေါ့... ဒါပေမယ့် အပြစ်ရှာသွေဖီပြေးတဲ့ ပန်းနွယ်ရေ... ရွှေပင်လယ်ကာဆီးလို့ နီးနိုင်မယ်မထင်ပေမယ့် ကမ္ဘာကုန်ကျယ်သရွေ့တော့ ရှာပုံချဲ့ရဦးမယ်)

ရင်မောဖွယ် ရှာပုံခရီးမှာဖြင့် ကမ္ဘာကုန်ကျယ်သရွေ့ ပြေးနိုင်စွမ်းလေဦးမယ်
ဘယ်သောအခါမှ ဆုံလာလိမ့်မယ်စိမ်းလေသူ ပန်းနွယ်ရယ်..
ကမ္ဘာမြေဆုံးအေင် ဖုန်းမောင် ဖွေရှာမယ်...

ပန်းနွယ်က စိမ်း.. စိမ်း...တယ်...


Wednesday, July 04, 2007

ဇူလိုင်လထုတ် ဆယ်ကျော်သက် မဂ္ဂဇင်း

ဇူလိုင်လထုတ် ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဝေမျှခြင်းခံရတဲ့ ကျွန်မရဲ့ “ချစ်သူ့အိမ်” နဲ့ “ကျွန်မချစ်တဲ့သစ်တစ်ပင်” အကြောင်း မေးနေကြတဲ့ သူငယ်ချင်းများနဲ့ ဆွေမျိုးများတွက်…

ကြားသာကြားရ မမြင်ရလို့ ရန်ကုန်က ၁၃နှစ်ကြာ ကွဲနေတဲ့ သူငယ်ချင်းဆီ ဖုန်းဆက်မေးတော့လဲ ကိုယ်တော်ချောက ဇွန်လထုတ်ကို ဖတ်ပြီး မတွေ့ဘူးပဲ ပြောနေတယ်…
ဘာညာ့ကို ပန်းသီးလေးတွေနဲ့ ချော့တောင်းတာလဲ သူက ဘာတွေ အလုပ်ရှုပ်နေတယ် မသိ…
ပျောက်တော်မူနေတယ်လေ… တခွိခွိ ရယ်တော်မူပြီး ပန်းသီးတွေသာ ပါသွားတယ်… ငပိချက် ချက်နေလားမသိ၊ လုံးဝပေါ်မလာတော့။

ကျန်တဲ့ ဘလော့ဂါ သူငယ်ချင်းတွေကလဲ သူ့ကိစ္စနဲ့သူ။
မဂျစ်က ၀မ်းလျောနေလို့ စကားတောင် မပြောနိုင်။ ကိုရန်က ရင်ဘတ်မှာ မြားစိုက်လို့ မလှုပ်နိုင်၊ မပန်ကလဲ ပေါက်ဆီနင်။ ကိုဂေါက်ကလဲ ပိုက်ကွန်ထဲက ထွက်မရ၊ ကိုဝေက ထောင်ချောက်ထဲမှာ ပိတ်မိ။ ကိုစိုးဇေယျကလဲ တောင်ပေါ်ရောက်နေ။ ကိုဖြိုးက နောင်တတွေ အကြီးအကျယ်ရနေ။



ဒါနဲ့ ပုံရိပ်ဘက်ကိုသွားတော့ အားပါး….ပုံရိပ်က မျောက်စိတ်ပေါက်နေချိန်နဲ့ တိုးနေတာနဲ့ ကြောက်ကြောက်နဲ့ မမယ်လ်ဘက်ကိုလှည့်လိုက်တယ်။ မမယ်လ်ကလဲ အောင်မြင်သူနဲ့ ရှုံးနိမ့်သူတွေကို အကြီးအကျယ် အယ်နာလိုက်ဇ်တွေလုပ်နေတာနဲ့ အလေးအနက်တွေ ခံစားလိုက်ရလို့ ကိုနေ့ဆီသွားပါတယ်…. သူကလဲ အကောင်ပလောင်တွေကို အကြီးအကျယ် အင်နာလိုက်ဇ် လုပ်နေတာနဲ့ တိုးနေပြန်ရော။

ဘာတွေဖြစ်နေမှန်းမသိလို့… ကိုပုဆီခရီးလှည့်တာ သူ့ကျမှ ပိုဆိုးနေတယ်.. တစ်ရေးမှလဲ မအိပ်ရသေးဘူးတဲ့ မှောင်ကလဲ မှောင်လွန်းလို့ ရင်ထဲမှာ မကျေနပ်ဘူးတဲ့ အော်သံကြီး အဝေးကြီးထဲက ကြားတာနဲ့ လန့်ပြီး ကိုစစ်အိမ်ဆီသွားတယ်။ သူကလဲ ဘလော့တင်းပလိပ်ပြင်နေလို့ တစ်ညလုံးမအိပ်ရသေးဘူးတဲ့။ ဘာလို့ ဘလော့ဂါတွေ မအိပ်ကြပါလိမ့်လို့ စဉ်းစားရင်း ကိုစေးထူးဆီသွားတယ်… ဟယ်…သူကတော့ တစ်ယောက်ထဲ ပါတနာမပါဘဲ အကြီးအကျယ် ဒန့်စ်လုပ်နေလေရဲ့။ မမေဓာဝီဆီ ခရီးဆက်တော့ သူ့ရဲ့ နောက်ဆုံးပိုစ့်က ပြီးပါပြီရှင်ဆိုတဲ့ ချစ်စရာ အသံလေးကြားပြီး ဘာမှ မမေးချင်၊ မနှောက်ယှက်ချင်တော့ဘူး။

စိတ်ညစ်ညစ်နဲ့ ကိုပရိုဂရမ်မာဆီ ခရီးဆက်တာ…အို……. မျက်စိခြေရာကိရိယာတွေ တွေ့လာတာနဲ့ အရမ်းလန့်ပြီး မျက်နှာခေါင်းငုံ့ ထွက်လာခဲ့တယ်။ လမ်းမှာ လမ်းလျှောက်ထွက်နေတဲ့ ကိုညီညီ သံလွင့်ရဲ့ အိပ်မက်တွေ ကို အိမ်ပြန်ပို့ပေးရသေးတယ်။


နောက်ဆုံးတော့ ….
တွေ့ပါပြီ…မြင်ရပါပြီ…အရမ်းဝမ်းသာသွားတယ်…
Scan လုပ်ပေးထားတဲ့ပုံလေးတွေ…
ကိုတက်စ်လာ ထံမှ ရရှိလာပါတယ်…
မြန်မာပြည်နဲ့ အနီးဆုံးမှာလို ခံစားလိုက်ရတယ်…


ဒီမှာပါရှင်……..











ကိုတက်စ်.. သင့်ယူစိုးမတ်ခ်ျ…
စင်္ကာပူက အင်ကြင်းပို့ပေးမယ်…

LinkWithin

Related Posts Plugin for WordPress, Blogger...