မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 22, 2007

အင်ကြင်းတစ်ခိုင်

ပန်းချစ်သူရေ..

တစ်ကယ်တမ်းမတော့ အင်ကြင်းပန်း အပြင်မှာ.. မမြင်ဘူးခဲ့ သူပါ..
မရရအောင် ရှာဆောင်တော်မှုပါဆိုလို့.. ရှာဖွေပေးခဲ့ရတာပါ..
အင်ကြင်းနဲ့ပတ်သက်ရင်.. ကံ့ကော်တောမှာ အင်ကြင်းပင်တစ်ပင်ရှိတယ်ဆိုလား
ကြားတော့ကြားဖူးခဲ့ပါရဲ့….

ဒီ့အပြင် အင်ကြင်းနဲ့ပတ်သက်တဲ့
ကျွန်မရဲ့ ခံစားချက်ကို သိချင်သေးသပ ဆိုရင်တော့…


ဒီမှာလာပါပြီ.. ဆရာစိန်ဝင်းရဲ့ “အင်ကြင်းတစ်ခိုင်”ကဗျာသီလေးတစ်ပုဒ်ရယ်ပါ…….

မုန်းပင်စိုက်ရင်လဲ
မုန်းလိုက်ပါတော့ချစ်သူခင်…။

ဆဒ္ဒန်ဆင်မင်းတောင်မှ
အင်ကြင်းခိုင် ခါချဉ်ပါတော့
သုဘဒ္ဒါမုန်းမာန်အရှကို
ခံရသည်ပင်။

ရင်တွင်းမှာ နာကျင်မျက်စေလို့
အင်ကြင်းလွှာ ခါချဉ်ဖက်ပြီး
သက်သက်မရည်ရွယ်ပေမယ့်
ကျီစယ်တာ အခံခက်လေတော့
အမျက်သို မုန်းမာန်ပွားလေတဲ့
သုဘဒ္ဒါ မိဖုရားလိုပဲ
အားရအောင်သာ ရန်စွယ်ငြိုးပါတော့
ဆိုးမိသူ မောင့်အပြစ်ပါပဲ
စိတ်ညစ်ကာ ပူပန်ကဲပေမယ့်
အယူခံ မ၀င်ရဲသူမို့
ရင်ထဲမှာတော့ တမြည့်မြည့်ကျင်
တငွေ့ငွေ့ပင် ပူလောင်ပေါ့။

သုဘဒ္ဒါ အစွယ်ဖြတ်သလို
ကျေနပ်အောင် ကြိုက်သလိုပြုပါတော့
ခုဘ၀မှာ မကျေသေးရင်လဲ
ကျေအေးအောင် ခံရန်အသင့်ပါပဲ
မာန်ဝင့်ကာ ကျိန်စာတိုက်တောင်မှ
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
သုဘဒ္ဒါ အချစ်ကြီးကာ
ချစ်မီးလျှံ ရင်ဝယ်မြိုက်ပြီး
ဆင်စွယ်ပိုက်ကာ ရင်ကွဲသလို
ခင်လဲလေ သည်အဖြစ်ဆိုးနဲ့
မတိုးရင် စိတ်ကျေနပ်ပါရဲ့
သုဘဒ္ဒါ မုန်းမာန်ပျိုးသလို
ရန်ငြိုးသို အသည်းနှလုံးမှာ ခိုက်အောင်
အချစ်ရယ်……..


အမြဲမုန်းလိုက်ပါတော့။


ဆဒ္ဒန်ဆင်မင်းကလဲ နှစ်ယောက်တစ်ပြိုင်နက် သွားချစ်မိတာကိုးလေ။
နောက်ပြီး အင်ကြင်းခိုင်မှာ ခါချဉ်ပါမပါ အရင် စစ်ဆေးပြီးကာမှ သုဘဒ္ဒါကို ပေးဖို့သင့်တာပေါ့။
သူယောင်္ကျားဘဲ.. အဲလေ ဆင်ထီးပဲ၊ ဒီလောက်တော့ စီစဉ်နိုင်ရမှာပေါ့။
သုဘဒ္ဒါကလဲ ဟိုဆင်မကျ လှလှပေးတယ်။ ငါ့ကျမှ ခါချဉ်ပါရသလားရယ်လို့ စိတ်ဆိုးမိမှာဘဲ…
ဆင်မ သဘာဝ ဒီလောက်တော့ အူတိုမိမှာပေါ့နော်။

သုဘဒ္ဒါကလဲ ဆဒ္ဒန်ကိုမှ သွားချစ်မိလေရော့သလား။ တစ်ခြား လွတ်လွတ်ကင်းကင်းဆင်ကို ချစ်ပါတော့လား။ ခါချဉ်မပါတဲ့ အင်ကြင်းကို ခူးပေးနိုင်တဲ့ ဆင်မျိုးကိုပဲဖြစ်ဖြစ်ပေါ့။
ခါချဉ်ပါတော့လဲ ဘာဖြစ်လဲ .. ခါချလိုက်ပေါ့.. ။ ဒါမှမဟုတ်... ကိုယ့်ဟာကိုယ် နောက်အင်ကြင်းတစ်ခိုင် ခူးလိုက်ရောပေါ့။ ကိုယ့်မှာလဲ နှာမောင်းရှိနေတာပဲဟာ။ ဘာခက်တာမှတ်လို့။ သူများအားကိုးတာထက် မိမိကိုယ်ကို အားကိုးတာပဲကောင်းတယ်မို့လား။ အချစ်ကလဲကြီးမိတာကိုး၊ ချစ်မိရင် ပူလောင်တာပဲ။ မပူလောင်ဘူးဆိုရင်တော့ မချစ်လို့လို့ ပြောကြတယ်။ ဒါပေမယ့်လဲ ပူပူအေးအေး ဆင့်စိတ်ကို ထိမ်းဖို့ အဲဒီနေ့က ချွန်းပျောက်နေတယ်နဲ့တူပါတယ်။
ခုတော့ ဘာမဟုတ်တဲ့ ခါချဉ်ကိစ္စလေးနဲ့ ဆဒ္ဒန်သေရတဲ့အထိက ဒီဆင်မ မရင့်ကျက်တဲ့ သဘောကိုပြတာပဲ။ ပြောရင်းဆင်မ ကိုတောင် စိတ်တိုလာပြီ။


တကယ်တော့ ပြဿနာ အရင်းမြစ်က ဘာလဲသိကြပါသလား... ။။
………..
…….။

တစ်ကယ့် ပြဿနာ  အရင်းမြစ်က...
အချစ်လား။
ဟင့်အင်း…မဟုတ်ဘူး။

ပြိုင်ဆိုင်မှုလား…
ဒါလည်းမဟုတ်ဘူး။

အမ မြင်ရင် ပန်းလိုက်ပေးချင်တဲ့ အထီးတွေရဲ့ သဘာဝကြီးကြောင့်လား။
ဒါလည်း မဟုတ် (လောက်) ဘူး။

ပန်းများ ကိုယ့်ဟာကိုစိုက်၊ ကိုယ့်ဟာကိုခူး (ဒါမှမဟုတ်) ကိုယ့်ဟာကို ဈေးမှာဝယ်လို့ ရတာပဲရယ်လို့ စိတ်ဓာတ်မျိုး မရှိတဲ့ မမ သုဘဒ္ဒါကြောင့်လား။
ဒါလည်း မဟုတ်။

အားလုံးရဲ့ ပြဿနာအရင်းမြစ်က.လေ…
…………..
ခါချဉ်ပဲ။
ဟုတ်တယ်…
အဲဒီနေ့မှာမှ အင်ကြင်းပင်ပေါ် ရှည်တော်မှုပြီး ရောက်နေရတဲ့ ခါချဉ်ကြောင့်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်.. သုဘဒ္ဒါ လုပ်ချင်သလိုလုပ်ဆိုပြီး ဆဒ္ဒန်က အသေခံပေးမယ့်အစား
ကျေလည်အောင်ရှင်းပြခဲ့လို့ သူတို့အဆင်ပြေသွားကြမယ်ဆိုရင်….


အားလုံး အဆင်ပြေကြမယ်ဆိုရင်ပေါ့…..








(ပန်းချစ်သူရေ.. အင်ကြင်းကို.. cannonball tree လို့ခေါ်တယ်ထင်တယ်ရှင်..)

Wednesday, June 20, 2007

ပန်းချစ်သူအတွက်

တမူထူးတဲ့ အင်ကြင်းပန်းကိုမှ ရှာယူပေးရမယ်
ဆိုလာသူတွက်…





အင်ကြင်းမပွင့်တဲ့ ဒီမြို့ရွာမှာ
ရှာခဲ့ရမောပါတယ်



ပန်းလက်ပေမယ့် နွမ်းသက်မကြေခင်
ဆင်ဆင်တူတဲ့ အင်ကြင်းသာယူပါတော့။

www.webshots.com ဓာတ်ပုံရှင်များထံမှ ရရှိပါသည်

Saturday, June 16, 2007

ဆိုးဝါးတဲ့ အိပ်မက်များ - ဇာတ်သိမ်း

ရဲတိုက်လို ခပ်ချွန်ချွန်မြင့်မြင့် အဆောင်ပြူတင်းပေါက်မှာ ကျွန်မရပ်နေသည်။ လေတွေခပ်ပြင်းပြင်း တိုက်ခတ်နေလို့ ကျွန်မဆံပင်တွေ အတားအဆီးမဲ့စွာ လွင့်မျောနေသည်။ ခပ်လှမ်းလှမ်းမှာ ကနေဒါရော့ကီးတောင်တန်းပြာတွေ။ ဟင်.. ကျွန်မကိုယ်မှာ ရွှေအိုရောင် ဖဲဂါဝန်တစ်ထည်ပါလား။ ပြူတင်းပေါက်မှာ အောက်ကိုငုံကြည့်လိုက်သည်။ အောက်မှာ ဆိုက်ကားတွေ၊ ကားတွေသွားနေသည်။ လူတွေ၊ ကလေးလေးတွေ၊ ဘန်းရွက်ဈေးသည်တွေ။ လမ်းပေါ်က ကတ္တရာလမ်းတွေပေါ်မှာလဲ လက်ဘက်ရည်အရောင် ရေအိုင်ကွက်တွေ။ ညစ်ပတ်နေတဲ့ ခပ်နိမ့်နိမ့် သွပ်မိုးတွေ။
“ဟင်”
ရဲတိုက်အောက်ခြေ တံခါးဝမှာ သူ..နှင့် ညိုထွန်း ပါလား။ ကျွန်မကို မော့ကြည့်နေကြသည်။
သိပ်ပျော်သွားသည်။ ရင်ထဲမှာ အပျော်တို့ ထုံမွှန်းနေသည်။ ပျော်လွန်းလို့ ရင်ထဲတလှပ်လှပ်ဖြစ်နေသည်။ သို့ပေမယ့် ကျွန်မ သူတို့ကို သည်အတိုင်းငုံ့ကြည့်နေခဲ့သလို သူတို့ကလဲ သည်အတိုင်း မလှုပ်မလျှက် ကျွန်မကိုမော့ကြည့်နေခဲ့သည်။

ရှုတ်တရက် ရဲတိုက်၏ အခန်းထောင့်မှာ မဲမဲအရိပ်နှစ်ခု ငုတ်တုပ်ထိုင်နေတာကို တွေ့လိုက်သည်။ သူတို့ဘေးမှာ နောက်ထပ် အဖြူရောင် အရိပ်တစ်ခု။ ကျွန်မ အရမ်းလန့်သွားခဲ့သည်။ ထိုင်နေသည့် အရိပ်တွေ၏မျက်နှာတွေကို သေသေချာချာကြည့်လိုက်တော့ ကျွန်မ ပိုပြီးအံ့သြသွားခဲ့သည်။ အို… သူတို့ပါလား။


“အောက်မှာ ဘာတွေဖြစ်နေလဲ တစ်ချက်ထပ်ငုံ့ကြည့်လိုက်ပါဦး”
အဖြူအရိပ်ကပြောသည်။ ကျွန်မ အောက်ကိုထပ်ငုံ့ကြည့်လိုက်သည်။
“ဟင်”
သည်.. သည်မြင်ကွင်းပါလား။ မမြင်ချင်ဘူး။ ထပ်မြင်ပြန်ပြီ။ သူရယ်၊ ညိုထွန်းရယ်၊ အခြား အဖြူရောင်ကော်လာကတုံးတွေနှင့် ပင်နီတိုက်ပုံတွေ။ သူတို့ရှေ့မှာတော့ အစိမ်းရောင် စစ်တုရင်ရုပ်လေးတွေ။ သူတို့တွေကြားက တင်းမာမှုအရိပ်တွေက ရဲတိုက်ခေါင်မိုးစွန်းထိ တရိပ်ရိပ်တက်လာနေသည်။
“အား.. မကြည့်ချင်ဘူး။” ကျွန်မ သွေးပျက်စွာ တုန်တုန်ရီရီပြောလိုက်မိသည်။
“ဟားဟား.. မင်းတို့လို လူတွေကြောင့််ပေါ့”

“ဟင်.. ကျွန်မတို့လို လူတွေကြောင့်၊ ဘာ.. ဘာဖြစ်လို့လဲဟင်”

“မင်းလို သူတွေကြောင့် သူတို့မိခင်ကို မင်းတို့လက်ကို ပေးလိုက်ရတယ်”

“ဟုတ်တယ် သူတို့ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေပေါ့၊ သူတို့ အသဲကွဲသည်၊ မကွဲသည်ဖြစ်စေပေါ့”

“သူများတွေ မိစုံဖစုံနဲ့ ပျော်နေချိန်မှာ သူတို့ကတော့ သူတို့ရဲ့ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကို အမိမဲ့သားတွေ ဘ၀နဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတယ်”

“သူတို့အတွက် ဘယ်သူ ကိုယ်ချင်းစာပေးလဲ။ ဘယ်သူ စကားထဲထည့်ပြောကြလဲ။ သူတို့က ကျေးဇူးအတင်မခံချင်ပါဘူး။ မိခင်အတွက်လဲ ဂုဏ်ယူနေမှာပါ။ ဒါပေမယ့် အသိအမှတ် ပြုခြင်းတစ်ခုလောက်တော့ တစ်ခါတစ်ရံလိုချင်မယ်လို့ မစဉ်းစားမိကြဘူးလား”

“Greater good အတွက် မဟုတ်ဘူးလား” သက်ပြင်းရှိုက်ပြီး ပြောလိုက်မိသည်။

“မိခင်မရှိပဲ ကြီးပြင်းခဲ့ရတဲ့ သားသမီးတွေရဲ့ ခံစားချက်ကို မင်းခံစားဘူးလား။ သူများ မိသားစုတွေ ရယ်မောပျော်ရွှင်နေချိန်မှာ သူတို့ အမေကို တမ်းတစွာ လွမ်းနေခဲ့တယ်လေ၊ အမေ့အတွက် အိပ်မပျော်ခဲ့တဲ့ ညများစွာကို မင်းလျော်ကြေးပေးရမယ်ဆိုရင် ဘယ်လိုလျော်ကြေးပေးမလဲ”

“ဘာပြောနိုင်မလဲ။ ကျွန်မ ကိုယ်တိုင် အရည်အချင်းမရှိလို့ စွန့်ခွာလာခဲ့တာမို့လား”

“ဘာလဲ၊ တစ်နေ့ပြန်မယ်ဆိုတဲ့ အပိုစကားတွေ ထပ်မကြားချင်ဘူးနော်”

“ကျွန်မ လုပ်လဲမလုပ်တတ်ဘူး၊ ဘာမှလဲ လုပ်လို့မရဘူးလေ။ အနည်းဆုံးတော့ ဒီအသိုင်းအ၀ိုင်းက ထွက်ခဲ့တယ်လေ”

“မင်းထွက်ခဲ့ပေမယ့် ကျန်တဲ့ မင်းရဲ့ သူငယ်ချင်းတွေကို ကြည့်လိုက်ပါဦး။ မနှစ်သက်ပါဘူးဆိုပြီး ကျောင်းမပြီးခင်တစ်မျိုး၊ ကျောင်းပြီးတော့တစ်ဖုံ၊ အဲဒီအထဲ တစ်ဖွဲဖွဲ ၀င်ရောက်နေကြတယ်။ မိန်းကလေးတွေကိုလဲ ကြည့်ဦးလေ၊ သူတို့ကိုမှ အထင်ကြီးစွာ လက်ထပ်ပေါင်းသင်းနေကြတယ်။ ပညာတတ်တွေလို့ ကိုယ့်ကိုကိုယ် ခေါ်ကြတဲ့သူတွေလေ။ အချို့တွေကလဲ တချိန်တုန်းကတော့ ပါးစပ်ကနေ ရွံမုန်းလှပါချည်ရဲ့ဆိုပြီး နောက်ကျတော့ ဓာတ်ပုံမှန်ဘောင်ကြီးတွေထဲမှာ သူတို့သားတွေပုံတွေကိုထည့်၊ တခမ်းတနား အိမ်ရှေ့ခန်းမှာ ချိတ်ဆွဲထားမှတော့….. ”

“မင်းကကော မျက်စိစုံမှိတ်ပြီး သူများ ထူထောင်ပြီးသား တိုင်းပြည်တစ်ခုမှာ ဇိမ်လာခံနေတယ်မို့လား”

“ဟင့်အင်း.. မဟုတ်ဘူး၊ ကျွန်မ ရှင်ထင်သလိုမဟုတ်ဘူး”

“ဘာလဲ ပညာလာသင်တာ၊ ငွေလာရှာတာ၊ ဘာလာလုပ်တာ၊ ညာလာလုပ်တာဆိုပြီး အကြောင်းတွေ ပြကြဦးမလို့လား။ တချို့ဆို သူများထူထောင်ပြီးသား နိုင်ငံတွေက ပညာတွေယူပြီး higher ground ကနေ ကိုယ့်လူမျိုး အချင်းချင်း ပြန်တောင် ဝေဖန်သုံးသပ်သယောင်ယောင်နဲ့ အပြစ်တင်နေကြသေးတယ်”

“ထောက်ပြတာ၊ ဝေငှတာဖြစ်ပါလိမ့်မယ်။ တခါတရံ အုပ်စုထဲမှာ ၀င်ကနေရင် အဲဒီအုပ်စုရဲ့ ကကွက်တွေကို မမြင်နိုင်ဘူးလေ။ အဝေးကနေ၊ အပေါ်စီးကနေ ရပ်ကြည့်နေချိန်မှာတော့ ဘယ်သူတွေ ဘယ်လိုကနေကြလဲ ပိုမြင်ရတယ်။ အဲဒီအခါမှာ ဘယ်သူက ဘယ်လို က သင့်တယ်လို့ ထောက်ပြကြတာဖြစ်ပါလိမ့်မယ်။ အပြစ်တင်ကြစတမ်းဆိုရင် ဘယ်သူမှ အပြစ်မလွတ်ပါဘူး”

“ဟားဟားဟား… သွား၊ ဒါဆိုမင်းပြန်သွား၊ ကဲ.. အခုဒီပေါ်က ထပ်ကြည့်လိုက်စမ်း။ ဘာတွေဖြစ်နေပြီလဲဆိုတာ”

ကျွန်မ ရဲတိုက်ပြူတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်သည်။
“အား”
ထိန့်လန့်သွေးပျက်စွာ အော်လိုက်မိသည်။ အောက်မှာ မီးခိုးငွေ့တွေ တစ်အုန်းအုန်း၊ လူတွေလဲ ၀ရုန်းသုန်းကားပြေးနေကြသည်။

“ကို….. ကို….ရေ။ ညိုထွန်း၊ ညိုထွန်း၊ ပြေးပြေး၊ အဲဒီနားမှာ ရပ်မနေနဲ့”

အောက်ကိုငုံ့ကြည့်ရင်း သွေးရှုးသွေးတန်း အော်နေမိသည်။ ထိုအချိန်မှာ အဖြူရောင်အရိပ်က ကျွန်မအနားကို ကပ်လာသည်။ ကျွန်မကြောက်လန့်ပြီး ပုတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ကျွန်မ အရှိန်လွန်ပြီး ရဲတိုက် ပြူတင်းပေါက်မှ တဆင့် အောက်ကို ပြုတ်ကျသွားသည်။ ကျွန်မ အကြာကြီး ပြုတ်ကျနေသည်။ ရင်ထဲမှာ အသဲနှလုံးတွေ မရှိတော့သလို ခံစားနေရသည်။

လန့်နိုးလာတော့ အပြင်မှာ ရေခဲမိုးတွေရွာနေပေမယ့် တစ်ကိုယ်လုံး ချွေးတွေနှင့်ရွှဲစိုနေသည်။ ကျွန်မ ပြူတင်းတံခါးကိုဖွင့်လို့ ယောင်ယမ်းကာ လရောင်တောက်တဲ့ အုန်းလက်တွေကို ရှာနေမိသည်။ ထိုညက မြန်မာပြည်ကို လွမ်းဆွတ်တမ်းတစွာ၊ ကြေကွဲစွာ၊ စိတ်ရှုပ်စွာ၊ ရင်နင့်စွာ၊ အဖြေရှာမရစွာ ပေါက်ကွဲခဲ့သည်။

******************

ကျွန်မ အိမ်ကိုပြန်ရောက်နေသည်။ အိမ်ခေါင်မိုးတွေက အရင်ကထက် နိမ့်ဆင်းသွားသလို ခံစားနေရသည်။ ထမင်းစားခန်းထဲက မိဘတွေကို နှုတ်တောင်မဆက်နိုင်ဘဲ တယ်လီဖုန်း အစိမ်းလေး၏ လက်ကိုင်ကို မ လိုက်သည်။ အလွတ်ရနေတဲ့ နံပါတ်တွေကို လှည့်လိုက်သည်။
တစ်ဘက်က လာကိုင်သည်။

“ဟို.. ဟိုဘက်အိမ်က၊ ကို… ရှိပါလားရှင်၊ ကျွန်မ သူ့သူငယ်ချင်း ကနေဒါက ခဏပြန်ရောက်နေလို့၊ ခဏလောက် စကားပြောပါရစေရှင်၊ ခဏလောက်ခေါ်ပေးပါနော်”

“အင်းအင်း သမီး၊ သွားခေါ်ပေးမယ်၊ ကိုင်ထား”

ရင်တွေ တလှပ်လှပ်ခုန်နေသည်။ အို…… သူ့အသံကြားရတော့မည်။
ဖုန်းထဲမှ တဆင့် ခြေသံတစ်ခု ဖုန်းဆီကိုလျှောက်လာနေသံကြားရသည်။ ရင်တွေပိုခုန်လာသည်။ ဖုန်းကို ကောက်ကိုင်လိုက်သံကိုကြားလိုက်ရသည်။

“၀ုန်း”
“အား”
ဖုန်းကို လွှတ်ချလိုက်မိသည်။ နောက်တစ်လှမ်းဆုတ်လိုက်ရင်း မယုံကြည်နိုင်လွန်းစွာ ငေးကြည့်နေမိသည်။
ဖုန်းတစ်ခုလုံး မီးတဟုန်းဟုန်းတောက်လောင်နေသည်။
“ကို…”
“ကို…..”

ကယောင်ကတမ်း အော်လိုက်သံနှင့်အတူ လန့်နိုးလာခဲ့သည်။
အဲဒီညက မီးဖိုထဲသွားပြီး ထမင်းစားပွဲမှာ ရေတစ်ခွက်နှင့် တော်တော်ကြာကြာထိုင်နေခဲ့သည်။

************

မာကျူရီမီးရောင်တွေ ဖြာလဲ့တဲ့ မြို့ပြအောက်မှာ နောက်ဆုံးပေါ်ကားတွေ အသံမမြည် တိတ်ဆိတ်လွန်းစွာ မောင်းနှင်နေကြသည်။ လတ်ဆတ်တဲ့ ပစိဖိတ်လေကြောင့် weeping willow တွေ တရှဲရှဲမြည်သွားသည်။ အမှိုက်မဲ့ ရှင်းသန့်တဲ့ လမ်းတွေပေါ်မှာ ကျွန်မရဲ့ ဖိနပ်သံကို ပြန်ကြားနေရသည်။ ပလက်ဖောင်း တစ်ဖက်တစ်ချက်က The Bay, Sears, Jacobs, LuLu, Old Navy စတဲ့ ဆိုင်တွေနောက်က အရုပ်တွေက ၀တ်ကောင်းစားလှတွေ ၀တ်လို့ ပုံစံအမျိုးမျိုးနှင့် မတ်တပ်ရပ်နေကြသည်။

Granville လမ်းမကြီးအတိုင်း လျှောက်လာရင်း မနေ့ကဖုန်းထဲမှာ သူက သူ့အိမ်ကို ခေါ်သွားပြီး သူ့မိခင်နှင့် ကျွန်မကို မိတ်ဆက်ပေးမည်လို့ ပြောတာကို တွေးနေမိခဲ့သည်။ ကျွန်မ သူ့ဆီသွားနေသည်။ အိပ်မက်ထဲမှာ ညဖြစ်နေသည်။ သူ့မိခင်နှင့် ကျွန်မကို မိတ်ဆက်ပေးနေစဉ်တွင် ကြည်နှုးရှက်ရွံ့စွာ သူ့လက်ကလေးကို ဆုပ်ကိုင်ကာ အားတင်းနေမိမည်။ သူ့မိခင်က ကျွန်မကို သဘောကျပါ့မလား။ အတွေးကြောင့် ပါးပြင်တစ်ခုလုံး ရှိန်းခနဲဖြစ်သွားသည်။ ကိုယ့်အတွေးလေးနှင့်ကိုယ် ဆက်လျှောက်လာရင်း လမ်းဆုံးတော့ ညာဘက်ကို ချိုးကွေ့လိုက်သည်။

“ဟင်”

နားထဲမှာ ဆောင်းဦးလှိုင်၏ သီချင်းတစ်ပုဒ်ကို ထူးထူးဆန်းဆန်းကြားလိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လက်ဘက်ရည်ဆိုင်လေးတွေ၊ မုန့်ဟင်းခါးဆိုင်လေးတွေ၊ အရုပ်ဆိုင်လေးတွေ။
ကျွန်မ ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းနားက လမ်းမတစ်ခုပေါ်ရောက်နေတာပါလား။ လူတွေလူတွေ၊ ကျွန်မနဲ့ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသားအရောင်တူသူတွေ။ ကျွန်မ မွေးကတည်းက ပြောလာတဲ့ စကားကို ရေပက်မ၀င၊် တွင်တွင်ကျယ်ကျယ်၊ အားရပါးရပြောနေကြပါလား။ အပျော်စိတ်နဲ့ ရင်တွေတဒိတ်ဒိတ်ခုန်လာပြန်သည်။
“အို”
လမ်းရဲ့ ဟိုတစ်ဘက်မှာ သူ၊ သူပါလား။
ဒါပေမယ့် သူ တစ်ယောက်ထဲတော့မဟုတ်၊ သူ့ဘေးမှာ ထမီရှည်ရှည်လေးနဲ့ ယဉ်ယဉ်ချောချော ဆံနွယ်နက်မလေး တစ်ဦး။ သူတို့ လက်တွဲပြီး ရပ်နေကြတာပါလား။ လမ်းတစ်ဘက်မှာ ရပ်နေသည့် ကျွန်မကိုမြင်သွားသည်။ ၀မ်းသာအားရ ပြုံးပြီးလက်ပြနေသည်။ ကျွန်မ နားမလည်နိုင်ခဲ့။

ဘယ်လိုဖြစ်တာလဲဟင်။ မနေ့ကပဲ သူ ကျွန်မကို သူ့မိခင်နှင့် မိတ်ဆက်ပေးမည်ဆို။
ကျွန်မ… ကျွန်မ….။ အို…ဘာပဲဖြစ်ဖြစ် သူ့ကို သွားနှုတ်ဆက်မည်။
ကျွန်မ သူတို့ရှိရာ လမ်းတစ်ဘက်သို့ ကူးသွားသည်။
ဘယ်လိုဖြစ်တာပါလိမ့်၊ တစ်ဘက်ကို မရောက်နိုင်တော့၊ လမ်းကြီးက ကူးဖြတ်လေ၊ ပိုဆန့်လေ။ ကျွန်မဆက်ကူးနေသည်။ ကျွန်မဆက်ကူးနေသည်။

ထိုညက မက်သည့်အိပ်မက်ထဲတွင် ကျွန်မ သူရှိနေရာ ပလက်ဖောင်းဆီကိုတော့ ရောက်သွားခဲ့သည်။ သို့ပေမယ့် ပလက်ဖောင်းပေါ်မှာ သူမရှိတော့။ ကျွန်မတစ်ဦးတည်း အကြာကြီးရပ်နေခဲ့သည်။ သူပြန်လာမည်လား စောင့်နေခဲ့ပါသည်။
သူကတော့ ပြန်မလာတော့ပါ။ ဘယ်တော့မှလဲ ပြန်လာလိမ့်မည် မဟုတ်ဆိုတာကို သိနေခဲ့ပါသည်။

………………..
………………

ကျွန်မတို့တတွေဟာ အိပ်မက်တစ်ခုကို ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ မက်တတ်ကြသလို၊ မိမိအိပ်မက်ကို မသိစိတ်ကထိမ်းလို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် မက်တတ်တဲ့ သဘောလဲရှိသည်ဟုဆိုသည်။ အိပ်မက်ကို ဘယ်လိုဘဲ ဖွင့်ဆိုပါစေ အိပ်မက် မမက်ဖူးသူတော့ ရှိလိမ့်မည်မထင်ပါ။ မက်ဖူးတဲ့ အိပ်မက်ကို လွယ်လွယ်နှင့် မေ့တတ်ကြသူများရှိသလို၊ တသသ အောက်မေ့တတ်သူများလဲရှိလိမ့်မည်။

သူ ကတော့ အိပ်မက် က နိုးထသွားခဲ့လေပြီ။
ကျွန်မကတော့…..
ကျွန်မကတော့…..။


(ဒီပိုစ့်လေးက မမယ်လိုဒီမောင်ရဲ့ အိပ်မက်ကလှတယ် ဘ၀ကရုပ်ဆိုးတယ်
ဆိုတဲ့ စာစုလေးနဲ့ မပန်ဒိုရာရဲ့ ကံ့ကော် ကို ဖတ်အပြီး ကျွန်မရဲ့ ဆိုးဝါးတဲ့ အိပ်မက်လေးတွေကို ပြန်ပြောင်းအောက်မေ့ခြင်းစာစုပဲဖြစ်ပါတယ်။)

Friday, June 15, 2007

ဆိုးဝါးတဲ့ အိပ်မက်များ - (အပိုင်းတစ်)

သူ ကတော့ အိပ်မက် က နိုးထသွားခဲ့လေပြီ။

**********

အချို့ ပညာရှင်တွေက အိပ်မက်ဆိုတာ ဦးနှောက်ရဲ့ အရှေ့ပိုင်းမှာ စတင်ဖြစ်ပေါ်တယ်လို့ဆိုကြသည်။ အချို့ကလဲ ဦးနှောက်ရဲ့ အနောက်က စတာလို့ဆိုကြသည်။ အိပ်မက်ဆိုတာ သိစိတ်နဲ့ မသိစိတ်တို့ရဲ့ ကူးလူးဆက်ဆံမှု၊ နောက်ပြီး ခံစားချက်တွေနဲ့ ဘ၀ရဲ့ ရောင်ပြန်ဟပ်မှုလို့လဲဆိုကြသည်။ အိပ်မက်တစ်ခုကို ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ မက်တတ်ကြသလို၊ မိမိအိပ်မက်ကို မသိစိတ်ကထိမ်းလို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် မက်တတ်တဲ့ သဘောလဲရှိသည်ဟုဆိုသည်။ အိပ်မက်ကို ဘယ်လိုဘဲ ဖွင့်ဆိုပါစေ အိပ်မက် မမက်ဖူးသူတော့ ရှိလိမ့်မည်မထင်ပါ။

အချို့အိပ်မက်တွေက ပြန်လည်မှတ်မိဖို့ သိပ်ခက်သည်။ အိပ်မက်မက်တိုင်း ဒိုင်ယာရီထဲမှာ ချရေးလေ့ရှိသည့် သူတွေထဲမှာ ကျွန်မတော့မပါ ပါ။ သို့ပေမယ့် မှတ်မှတ်ထင်ထင် မက်ခဲ့ဖူးသည့် အိပ်မက်များကိုတော့ နှစ်တွေ ဘယ်လောက်ကြာကြာ မှတ်မိနေတတ်ပါသည်။


ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းက ညနေစောင်း ထမင်းစားပြီးချိန်များတွင် ခြံထဲမှ မောင်နှစ်မ ၀မ်းကွဲများနှင့် အိမ်နောက်က မန်ကျည်းပင်အောက် သဲဖြူဖြူ မြေကွက်လပ်ပေါ်တွင် ဆူညံအော်ဟစ် ပြေးလွှားလို့ အီစွတ်၊ ရွှေစွန်ညို၊ တူတူပုန်းတမ်း ကစားခဲ့ကြဖူးသည်။ ညရောက်ပြီဆိုရင်ဖြင့် လူကြီးတွေပြောသည့် ထမင်းလုံး တစ္ဆေခြောက်သည့် အိပ်မက်တွေ မက်ပါတော့သည်။ ချောက်ကမ်းပါးကြီးပေါ်မှ ပြုတ်ကျနေသည်မှာ ရင်ထဲကိုလှိုက်၊ ဟာ၊ အေး သွားသည်။ တစ်ခါတစ်ရံ ဟယ်လီကော်ပတာပေါ်မှ လေထီးနှင့်ခုန်ချသည်မှာ လေထီးမပွင့်ဘဲ အမြင့်ကြီးကျနေတာ မရပ်တော့ပါ။ ထူးဆန်းသည်မှာ အောက်က မြေပြင်နှင့် ထိတော့မည်ဆိုတိုင်း ကိုယ့်ကိုကိုယ် နိုးအောင်တော့ အမြဲနှိုးနိုင်ခဲ့သည်။

ကျွန်မက လူထူးလူဆန်းတစ်ယောက်ဖြစ်နေသည်ထင်သည်။ ကိုယ်နှစ်သက်တတ်သည့် အရာလေးတွေက လူအများသတိမထားမိသည့် စပါးခင်းထဲမှ မထင်မရှားပန်းကလေးတို့၊ လူကြိုက်မများတဲ့ ချောင်ထဲက ပိတ်ဆင်စလေးမျိုးတို့။ တစ်စုံတစ်ရာကို၊ အထူးသဖြင့် သိပ်ပြီး လူကြိုက်များခံရသည့် အရာတစ်ခုကို ဘယ်သောအခါကမှ ယှဉ်ပြိုင်ပြီး မယူတတ်။ သူများမလိုချင်သည့် အရာကို ကိုယ့်လက်ထဲမှာ ယုယုယယထားပြီး မြတ်နိုးရတာ ပိုပြီး အေးမြသည်ဟု ထင်မိသည်။

သည်လိုနှင့်.. ပြောင်လက်တောက်ပသည့် ရန်ကုန်တက္ကသိုလ်၏ သီရေတာခန်းမထဲက ချောင်တစ်ချောင်မှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်သည့်၊ မည်သူကမှ အရေးမစိုက်၊ သတိမထားမိသည့် သူတစ်ယောက်ကို သတိထားမိတတ်လာသည်။
ဘစ်ကားနှင့် အိမ်ပြန်ဖြစ်တဲ့တစ်နေ့၊ ကားပေါ်မှာ သူနှင့်ဆုံသည်။ သူထိုင်နေသည့် ခုံနားမှာရပ်လျှက် ခေါင်မိုးမှလက်ကိုင်တန်းကို ကိုင်ပြီးမတ်တပ်ရပ်နေသည့် ကျွန်မကိုတော့ သူမမြင်။ အမှတ်မထင် မျက်လုံးက သူ့ပုဆိုးပေါင်ပေါ်က အပေါက်သေးသေးလေးတစ်ခုကို သွားတွေ့လိုက်သည်။ ပုဆိုးကလဲ တောက်တောက်ပြောင်ပြောင်မရှိ။ ထိုနေ့က အိမ်ပြန်ရောက်ကတည်းက ကျွန်မ တွေတွေဝေေ၀ဖြစ်နေခဲ့သည်။

ငိုင်ကျသွားခဲ့တဲ့ ထိုနေ့တွေရဲ့ အဆုံးတွင်တော့ တစ်ရပ်ကွက်ထဲနေကြသည့် ကျွန်မတို့ သူငယ်ချင်းတွေဖြစ်သွားကြသည်။ ကျောင်းမှ အိမ်အပြန်လမ်းတွေပေါ်မှာ ကားပေါ်မှ ကြည့်လိုက်တိုင်း ပဲခူးဆောင်ဘေး၊ မျက်ရှည်ပင်တွေကြားမှာ လမ်းလျှောက်နေတဲ့သူက အမြဲပြုံးပြီး လက်ပြတတ်သည်။ တစ်ရပ်ကွက်ထဲနေတာတောင် ကျွန်မကားနှင့် သူတစ်ခါမှ ကားကြုံသူလိုက်မစီးခဲ့။ သည်လိုနှင့် ကျောင်းသွားကျောင်းပြန် သူနှင့်လိုက်ချင်ခဲ့သည့် ကျွန်မ၊ အိမ်က ကားကို လမ်းတစ်ဝက်မှ လှည့်ပြန်ခိုင်းတတ်လာသည်။

ညကိုးနာရီလောက်တွင် ကျွန်မအိပ်ပျော်သွားခဲ့သည့် နွေရာသီဝင်စ ညတစ်ည။
လေယာဉ်စက်သံတွေ ဆူညံနေသည်။ ဆွေမျိုးတွေက ခပ်လှမ်းလှမ်း အဆောက်အဦးပေါ်မှ လက်ပြနေကြသည်။ လေယာဉ်လှေကားအတက်နားမှာ ဖေဖေ၊မေမေ နှင့် ညီမလေးက မတ်တပ်ရပ်နေသည်။ လေယာဉ်ထွက်တော့မည်။ ကျွန်မ လေဆိပ်ဘက်ကို ကြည့်လိုက် မိဘတွေကို ကြည့်လိုက်နှင့် ခြေတုံချတုံဖြစ်နေခဲ့သည်။

“သူ နေမကောင်းဘူး”
အသံတစ်ခုက ကျွန်မနောက်တည့်တည့်မှ ပဲ့တင်ခတ်နေသည်။

“သွားနှင့်လိုက်ကြတော့၊ သမီးလိုက်လာခဲ့မယ်”

သက်ပြင်းရှိုက်လျှက် မိဘတွေရဲ့မျက်ဝန်းအိမ်တွေထဲ စိုက်ကြည့်ပြီးပြောအပြီး လေဆိပ်ဘက်ကို ကျွန်မအားကုန်ပြေးသွားသည်။ လေဆိပ်ထိပ်ရောက်တော့ ရန်ကုန်မြို့၏ ဟောင်းနွမ်းနေသော လေးထပ်တိုက်ခန်းတစ်ခု၏ ခြေရင်းသို့ ရုတ်တစ်ရက် ကျွန်မရောက်နေသည်။ တိုက်ခန်း၏ အပေါ်ဆုံးထပ်မှာ သူရှိနေသည်။ ကျွန်မ ကျဉ်းမြောင်းသော၊ ချဉ်စူးစူးအနံ့ရှိသော တိုက်ခန်းလှေကားများမှတဆင့် သူရှိရာ အပေါ်ဆုံးထပ်ကို တက်လာခဲ့သည်။ မောလိုက်တာ၊ မရောက်နိုင်သေးပါလား။ ကျွန်မအကျီ င်္မှာ ချွေးတွေ စိုရွှဲနေသည်။ အသက်ရှုလဲမမှန်တော့။ ခြေထောက်တွေ ခွေကျတော့မည်။

နောက်ဆုံး အခန်းဝတစ်ခုသို့ရောက်သွားသည်။ အခန်းက မီးအားမပြည့်တဲ့ မီးလုံးဝါအောက်မှာ ပိုလို့ အိုဟောင်းနွမ်းနယ်နေသည်။ မီးလုံးကြိုးမှာလဲ ပင့်ကူအိမ်မျှင်တန်းတွေ၊ နံရံမှာ ဆေးတွေက အချပ်လိုက်ကွာနေသည်။ အိမ်ရှေ့ခန်းမှာ ကုတင်တလုံး။ အိပ်ရာခင်းတွေနှင့် ခေါင်းဦးတွေက ညစ်ပတ်ပေရေနေသည်။ ပိတ်စအသားကြောင့်လား၊ ဆပ်ပြာမကောင်းလို့လား၊ ရေမသန့်လို့လား၊ ဒါမှမဟုတ် လပေါင်းများစွာ မလျှော်ဖွတ်ထားလို့များလား။ ကုတင်ဘေးမှာ သူ ရပ်နေသည်။ သူ့အကျီ င်္ကလဲ အ၀ါရောင်လား၊ အဖြူရောင်လား မသဲကွဲတော့။ သူ အရမ်းပိန်နေသည်။
“နင့်ကို ငါစောင့်နေတာ”
သူ့အနားရောက်သွားသည်။ သူ့၏ ထူထဲသောမျက်ခုံးများကို ငေးကြည့်နေမိသည်။ သူ့မျက်နှာကို ကျွန်မနမ်းလိုက်သည်။ သူ့နှုတ်ခမ်းကို နမ်းလိုက်မိသည်။ သူက မျက်နှာကိုလွှဲ လိုက်သည်။ ကျွန်မ ရှက်ရှက်နှင့် ခေါင်းငုံ့ရယ်လိုက်သည်။
“ငါ …လိုက်မသွားတော့ဘူးနော်” တိုးညှင်းစွာ ကျွန်မပြောလိုက်သည်။

အိပ်မက်က လန့်နိုးတော့ ည ဆယ့်တစ်နာရီထိုးနေပြီ။ လရောင်က ကျွန်မ ခေါင်းအုံးဖြူဖြူပေါ်မှာ ခွင့်မတောင်းပဲ မှေးစက်နေသည်။ လရောင်အောက်မှာ တောက်လက်နေတဲ့ အုန်းရွက်တွေကိုငေးရင်း ကျွန်မ ရှက်စိတ်နှင့် ပြုံးလိုက်မိသည်။
အခန်းထောင့်က ကြင်စုကို ခပ်ထွေးထွေးပွေ့ထားမိသည်။ ကြိုးတွေတောင် မလဲဖြစ်တာကြာပြီ။ မခွဲနိုင်ဆုံးထဲမှာ သည်တစ်ခုလဲပါသည်။ ကြိုးလေးတွေကို ခပ်ဖွဖွတို့ထိနေမိသည်။
“ငါ..မင်းကို လွမ်းနေမယ်နော်” ဂစ်တာလေးကို ငုံ့ကြည့်ပြောလိုက်သည်။
ထိုအချိန်မှာ တယ်လီဖုန်းလေးက မြည်လာသည်။ စာမေးပွဲနီးလို့ သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ဖြစ်မည်။
“ဟလို”
“…. ငါ….”
“ဟင်……..နင်……။ ညကြီးပါလား။ ဘယ်ကဆက်တာလဲ၊ လမ်းထိပ်ကလား”
“မဟုတ်ဘူး၊ ညိုထွန်း တို့အိမ်မှာ စာစုကျက်နေတာ။ နင်ကောဘာလုပ်နေလဲ။ စာကျက်နေတာလား”
“ဟင့်အင်း… ဂစ်တာတီးနေတယ်”
“နင်ကတော့လုပ်ပြီဟာ။ စာမေးပွဲ ဒီလောက်နီးနေတာကို”
“ရပါတယ်။ ငါမအောင်လဲ အရေးမှ မကြီးတော့တာ”
“……..”
“……..”
“ဘာပဲ ဖြစ်ဖြစ် နင်နဲ့ ငါ တစ်သက်လုံး သံယောဇဉ်ရှိသွားကြမယ်နော်”

သူ့စကားကို ကျွန်မယုံကြည်ခဲ့သည်။


***************
ဆက်ရန် (တစ်ကယ် စနေနေ့မှာ ဆက်ပါမယ်)

Saturday, June 09, 2007

အိပ်မက်ချို

ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
ချိုလား၊ ခါးလား၊ မှန်လား၊ မှားလား
မတွေးလိုတဲ့ ဒီအိပ်မက်ချိုထဲ
ငါ……အိပ်မက် မက်နေတယ်။




ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
မက်သင့်၊ မမက်သင့်၊
တွေးသင့်၊ မတွေးသင့်၊ ဝေးလွင့်မှာသိလဲ
ငါ….. အိပ်မက် မက်နေတယ်။

ငါအိပ်မက် မက်နေတယ်
အိပ်မက်မှန်းသိလျက်နဲ့ ဆက်မက်နေတယ်
ကြေကွဲစွာ၊ မွတ်သိပ်စွာ၊ ခါးသည်းစွာနဲ့
တစ်ချိန်ထဲမှာပဲ……
အိပ်မက်လေးကို သိပ်ချစ်လွန်းစွာ၊ မြတ်နိုးလွန်းစွာနဲ့
ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ……..
ငါ….. အိပ်မက် ဆက်မက်နေတယ်…….။
………..
………...
အိပ်မက်ပိုင်ရှင်….. ငါ့ကိုလှုပ်မနှိုးခင် အထိပေါ့……..




Tuesday, June 05, 2007

သီရေတာနံပါတ် ၁၄၁၅ - တတိယပိုင်း

ရောင်စုံပန်းကလေးတွေ ဖွင့်ဖူးနေတဲ့ တိုက်ပုလေးရှေ့မှာ ကားရပ်လိုက်တော့ မွှေးပျံ့တဲ့ ပန်းရနံ့လေးတွေ ကားပြူတင်းပေါက်က တဆင့်ဖြတ်ဝင်လာသည်။ ကားထဲက အဆင်း အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားရှစ်စီးကို တွေ့လိုက်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ရောက်နှင့်နေပြီဆိုတာ သိလိုက်သည်။ လူခေါ်ခေါင်းလောင်းတီးလိုက်လို့ မှန်တံခါးဝနောက်က မှုန်ဝါးဝါးအရိပ်ကို တွေ့လိုက်ချိန်မှာ အနဲငယ်စိတ်လှုပ်ရှားသွားမိသည်။ တံခါးဝမှာ တည်ငြိမ်တဲ့ မျက်ဝန်းညိုတစ်စုံ ပေါ်လာသည်။
“ဟိုင်း..မင်း.. လာလေ.. အထဲကိုဝင်ပါ”
“ဟိုင်း.. ကျေးဇူးပါ”
“လိပ်စာရှာရတာလွယ်ရဲ့လား”
“လွယ်ပါတယ် သီယာ”

လက်ထဲက ၀ိုင်ပုလင်းကို သူမကို လှမ်းပေးလိုက်သည်။ ယူလာစရာမလိုပါဘူး၊ ဒါပေမယ့် ကျေးဇူးဟု သူမပြောသည်။ ဧည့်ခန်းထဲက သူငယ်ချင်းတွေထံ လမ်းညွှန်ပြရင်း သူမက မီးဖိုထဲသို့ ၀င်သွားသည်။ အချို့က ခုံတွေပေါ်မှာ ထိုင်နေကြသည်။ အချို့ကတော့ ၀ိုင်ခွက်လေးများ ကိုယ်စီနှင့် ပြူတင်းပေါက်အပြင်ဘက်က လှပသော ပင်လယ်ပြင်ကို ငေးရင်း ရောက်တတ်ရာရာတွေ ပြောနေကြသည်။ သူငယ်ချင်းများအနားသို့ သွားထိုင်ရင်း သူမ အိမ်လေးကို မသိမသာ အကဲခတ်နေမိသည်။

အဆောင်အယောင်နဲပါးသော တက္ကသိုလ် ဆရာမ တစ်ယောက်၏ နေအိမ်လေးက သန့်ရှင်း၊ မွှေးပျံ့၊ ငြိမ်းချမ်းနေသည်။ နံရံတွေပေါ်မှာ ရိုးရှင်းသော ပန်းချီလေး တစ်ခု နှစ်ခုသာ ချိတ်ထားသည်။ ကြည်လင်သော မှန်တွေကိုဖြတ်လို့ ပြာလဲ့တောက်ပနေသော ပစိဖိတ်ရေပြင်နှင့် မြင့်မားသော ထင်းရှုးပင်၊ မေပယ်ပင်တွေကို လှမ်းမြင်နေရသည်။ ရေပြင်ကျယ်က လေညှင်းကြောင့် လှိုင်းကြက်ခွပ်လေးတွေ ခပ်ဖြေးဖြေး ပြေးလွှားနေသယောင်။






နံရံထောင့်က စားပွဲလေးတွေပေါ်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မွှေးမွှေးလေးတွေထံမှ ရနံ့လေးက သင်းပျံ့နေသည်။ ပွင့်နေသော တံခါးတစ်ခု၏ နောက်တွင်တော့ နံရံပြည့် စာအုပ်စင်များကို လှမ်းတွေ့လိုက်ရသည်။ မဟော်ဂနီရောင် ထမင်းစားပွဲပေါ်တွင်တော့ လူဆယ်ယောက်စာ ညစာအတွက်၊ ငွေပန်းကန်၊ ဇွန်း၊ ပြောင်လက်နေသော ၀ိုင်ခွက်နှင့် ရေခွက်များက အဆင်သင့်။ သူမနှင့် မိန်းကလေး သူငယ်ချင်း အချို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေကြသည်။

သူမရှိရာ မီးဖိုချောင်သို့ လိုက်သွားပြီး ဘာအကူအညီပေးရမည်လဲဟု လှမ်းမေးလိုက်သည်။ သူမက ပြင်ဆင်ပြီးသား ဟင်းခွက်များကို ထမင်းစားပွဲပေါ်သို့ သယ်ယူသွားနိုင်မလားဟုမေးသည်။ သူမနှင့် ကျွန်တော့်သူငယ်ချင်းမများ (သို့) သူမ တပည့်မလေးများ ပြင်ဆင်ထားသော အမဲသားရိုစ့်၊ သိုးသားကင်၊ အာလူး၊ ဟင်းသီးဟင်းရွက်ပေါင်းများနှင့် ကယ်စရိုလ်း ပန်းကန်များကို ကျွန်တော်ချပေးလိုက်သည်။

စားပွဲမှာ ၀ိုင်းထိုင်ကြစဉ် အားလုံးက သူမကို ကျေးဇူးတင်ကြောင်း ပြောနေကြသည်။ ကျွန်တော် သူမ မျက်နှာကို စူးစိုက်ကြည့်နေမိသည်။ သူမ မျက်နှာလေးက မီးရောင်အောက်မှာ လှပစွာ ပန်းနုရောင်သန်းနေသည်။ “အားလုံးကို တပည့်တွေလို့ စိတ်ထဲမှာမရှိဘူး။ ကျွန်မရဲ့ မိတ်ဆွေတွေလို့ သဘောထားတယ်။ အခုလို ပြန်ဆုံရလိမ့်မယ်လို့လဲ မမျှော်လင့်မိဘူး။ ဒီညစာစားပွဲလေးက အမှတ်တယပါ၊ ဘာမှ အပန်းမကြီးပါဘူး။ အများဆုံး ရှာလိမ်းပဲလုပ်သွားတာ” ဟု သူမဆိုသည်။ အားလုံးက ရှာလိမ်းကို ကျေးဇူးဝိုင်းတင်တော့ ရှာလိမ်းက ၀ိုင်ခွက်ကို မော့လိုက်ပြီး ဟက်ဟက်ပက်ပက် တစ်ချက်ရယ်လိုက်သည်။

ညလေက ဝေ့၀ဲတိုက်ခတ်သွားသည်။ ထမင်းစားပွဲဝိုင်းက ဇွန်း၊ ခက်ရင်းသံတို့ တိုးတိတ်ညင်သာနေသော်လည်း ညဉ်နက်လာသည်နှင့်အမျှ စာရေးဆရာမ ဂျိမ်းယာကုပ်၏ အသက်ရှင်နေထိုင်မှု စနစ်များ ကိုအခြေခံသည့် စကားဝိုင်းက အရှိန် အနည်းငယ်မြင့်လာသည်။

“လူတွေရဲ့ အတွေးခေါ်၊ အပြုအမှု၊ အပြောအဆိုတွေနဲ့ ထုံးတမ်း အစဉ်အလာတွေကို မိမိဘာသာ ထိမ်းသိမ်းနိုင်မှုက ဥပဒေတွေ ရှိနေတာထက် အရေးပိုကြီးတယ်လို့ ယာကုပ် ကပြောပေမယ့် ဥပဒေတွေ မရှိလို့မှ မဖြစ်တာ”

“ဟုတ်တယ်။ ဥပဒေတွေ ဘယ်လောက်ရှိရှိ၊ တစ်ယောက်မှ ဘာကိုမှ မလိုက်နာဘူးဆိုရင်လဲ အလကားပဲလေ၊ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေတာနဲ့ အတူတူပဲ”

“ဒါဆို ဥပဒေတွေ မရှိရတော့ဘူးလား”

“ဥပဒေကို လက်ကိုင်ထားပြီး အားလုံးရဲ့ စိတ်ဓာတ်တွေက ဖောက်ပြန်နေရင်လဲ ဘာမှ မှ လုပ်လို့မရတာ။ အထူးသဖြင့် အုပ်ချုပ်သူ၊ ကာကွယ်စောင့်ရှောက်သူတွေူ Guardian တွေရဲ့ စိတ်ဓာတ်တွေ ဖောက်ပြန်နေရင်ပေါ့”

“ကုန်သွယ်မှုလုပ်သူတွေရဲ့ လက္ခဏာစုတွေနဲ့ (Commercial Syndrome) အုပ်ချုပ်သူတွေရဲ့ လက္ခဏာစုတွေကို (Guardian Syndrome) လုံးဝခွဲခြားလို့တော့ ရမယ်မထင်ဘူး၊ အနဲနဲ့အများ ရောယှက်မှုတွေတော့ ရှိနေမှာပဲ”

“ဟုတ်တယ်။ အားလုံးက သူနဲ့ငါလို့ ခွဲနေသမျှတော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့ အစည်းမှာပဲ ဖြစ်ဖြစ်၊ မင်းတို့ နဲ့ ငါတို့ ဆိုပြီး ကွဲနေသမျှ ဘယ် ရည်မှန်းချက်မှ အောင်မြင်မှာ မဟုတ်ဘူး”

“ဒါတော့ သဘောမတူဘူး၊ ခွဲထားရမယ်၊ အထူးသဖြင့် တာဝန်တွေကိုခွဲရမယ်၊ ကိုယ့်တာဝန်လဲ ကိုယ်ကျေသင့်တယ်”

“တာဝန်ခွဲတာကို သဘောတူတယ်။ အချင်းချင်း ကွဲပြားတာကိုပြောနေတာ”


“ကုန်သွယ်မှုလုပ်သူတွေက ဖိအား၊ တွန်းအားတွေ မသုံးပဲ အရောင်းအ၀ယ်တွေလုပ်တယ်၊ Guardian တွေက ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် အဲလို အလဲအလှယ်လုပ်မှု၊ စီးပွားရှာမှု ကို ရှောင်သင့်တယ်။ ကုန်သွယ်မှုပြုသူတွေက တရားနည်းလမ်းကျစွာ အမြတ်အစွန်းကို ရှာတယ်။ Guardianတွေက အမြတ်အတွက် လုပ်တာမှမဟုတ်တာ”

“ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ လက္ခဏာစုတွေက တစ်အုပ်စုနဲ့ တစ်အုပ်စုမတူ လုံးဝ ကွဲပြားနေတာလို့ ယာကုပ်က ဒါကြောင့်ပြောတာ”

“အုပ်စုလိုက်နေတဲ့ တိရစ္ဆာန်တွေတောင် ဒါတွေလိုက်နာတာပဲ။ အစားအသောက်ရှာဖွေသူများနဲ့ သူတို့ကို ကာကွယ်သူများ။ တကယ်ဆို တိရစ္ဆာန်တွေက လူတွေထက်တောင် အကုသိုလ်တောင်ပိုနဲသေးတယ်။ မခိုးတတ်ဘူး။ မလိမ်တတ်ဘူး။ လျော့ဈေးနဲ့ လိမ်မရောင်းတတ်သလို၊ ဈေးလဲမတင်တတ်ဘူး”

“ဒါကလဲ လူတွေက သူတို့အကြောင်း အကုန်မသိသေးလို့ပါ။ မျောက်တွေကတော့ ခိုးတတ်တယ်လေ”

“မျောက်တွေမှာ Guardian တွေရှိတယ်လို့ မင်းဖတ်တဲ့ အဲဒီစာထဲမှာပြောထားလား”

“အဲဒါတော့ ငါလဲမသိဘူး နေပါဦး၊ အဲသလို အုပ်စုနှစ်စုလုံးနဲ့ သက်ဆိုင်တဲ့ လက္ခဏာစုတွေရှိတယ်လို့တော့ ယာကုပ်ကပြောတယ်၊ အဲဒါပြောပြချင်လို့”

“ဘာတွေလဲ”

“အားလုံးသိတဲ့ အတိုင်းပါပဲ။ အိုဟောင်းနေတဲ့ သမ္မာရိုးကျ သမ္မာတွေပဲလေ၊ လိုက်နာနိုင်ဖို့သာ ခက်ကြတဲ့အရာတွေပေါ့။ စည်းလုံးညီညွှတ်ခြင်း၊ သတ္ထိရှိခြင်း၊ အစွန်းမရောက်ခြင်း၊ ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု၊ အမြော်အမြင်ရှိမှု၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်းတွေဘဲ”

“………….”

“…………..”


ထမင်းစားပွဲ ၀ိုင်းမှာ အရှိန် မသေသေးတဲ့ သုံး၊လေး၊ ယောက်က ဆက်လက် ဆွေးနွေးနေကြသည်။ အချို့က သူမနှင့်အတူ စာအုပ်စင်ကို မွှေနှောက်ဖို့ ထွက်သွားကြသည်။ နှစ်ယောက်က မီးဖိုထဲသို့ ပန်းကန်ကိုယ်စီကိုင်လျှက်ဝင်သွားသည်။ ကျွန်တော်က ၀ရံတာကို ထွက်လာခဲ့သည်။ အပြင်မှာ နေလုံးက နီနေပြီ။ ၀ရံတာက နံရံကပ်ခုံရှည်လေးပေါ်မှာ ထိုင်ပြီး ထင်းရှုးနံ့သင်းတဲ့ ပင်လယ်လေကို ရှုရှိုက်လိုက်သည်။

ခဏအကြာ ၀ရံတာ တံခါးက ပွင့်လာသည်။ သူမ ၀ရံတာဘက်ကိုတန်းတန်းမတ်မတ်သွားပြီး တိုင်ကိုမှီလျှက် ပင်လယ်ပြင်ကို ကြည့်နေသည်။ ကျွန်တော့ကို မမြင်။ သူမကို မကြည့်မိဖို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီး ထင်းရှုးပင်တွေဘက် အကြည့်ကိုပို့ထားမိသည်။ အော်..လူ့စိတ်ဆိုတာကလဲ ခက်လှပါလားနော်။ ထိန်းချုပ်လေ စိတ်ကရုန်းကန်လှုပ်ရှားနေလေလေ။

ကဲ..မထူးတော့ပါဘူး။
သူမကို ရင်ခုန်စွာ ငေးကြည့်နေလိုက်မိသည်။ သူမဂါဝန်က လေအဝှေ့မှာ ကဗျာဆန်စွာ လွန့်လူးနေသည်။ ဆံပင်အညိုလေးတွေလဲ လွင့်နေသည်။ ဆည်းဆာအောက်မှာ သူမကောက်ကြောင်းတွေက မှုန်ဝါးဝါး၊ သူမ ဆံပင်ကို ဟန်ပါပါတစ်ချက်သတ်လိုက်သည်။ ကျွန်တော် လက်ထဲက စူးရှရှ ၀ိုင်ကို အသံမဲ့သောက်လိုက်သည်ရင်း သူမ ခြေသလုံးကို တစ်ချက်ကြည့်လိုက်မိသည်။ ကိုယ့်ဟာကိုယ်ရှက်ပြီး ချောင်းသီးသွားသည်။ သူမ လှည့်ကြည့်လာသည်။

“မင်းက ဒီမှာ လာထိုင်နေတာကိုး”
“ဟုတ်တယ်..လေလာရှုတာ.. အထဲမှာ စကားဝိုင်းက အရှိန်တွေမြင့်လာလို့”
ကျွန်တော့်လေသံတွေက မှုမမှန်။
“ထိုင်လို့ရမလား”
“ရပါတယ်”





သူမက ဘေးမှာ ၀င်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေသည်။ သူမ နှုတ်ခမ်းပေါ်က စတော်ဘယ်ရီရောင် နှုတ်ခမ်းနီလေးကို သူမ မသိအောင် ခိုးကြည့်လိုက်မိသည်။ အိမ်ထဲက စကားပြောသံသဲ့သဲ့၊ ဖန်ခွက်သံ သဲ့သဲ့တို့ကို တစ်ချက်တစ်ချက် ကြားနေရသည်။ ထိန်းထားသည့်ကြားထဲက သူမ မျက်လုံးတို့နှင့် အကြည့်ချင်းသွားဆုံလိုက်သည်။ ကျွန်တော့အကြည့်တွေထဲမှာ တမ်းတခြင်းတွေ၊ မြတ်နိုးခြင်းတွေ ပျော်ဝင်နေတာကို ဘယ်လိုမှ အချိန်မှီ မထိန်းလိုက်နိုင်တော့။ သူမ မသိမသာလေး အံ့သြသွားသည်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူမ လည်ပင်းပေါ်က ထွက်သက်ငွေ့ငွေ့ကို သူမ သတိရလိုက်မိလို့များလား။

“မင်း..သီယာ အိမ်ထဲမှာ သွားကူလိုက်ဦးမယ်နော်”
သူမ မတ်တပ်ရပ်လိုက်သည်။ ကျွန်တော် ဘယ်လိုမှ မတားဆီးနိုင်တော့။
“အို…မသွားပါနဲ့ဦးနော်၊ မင်း နဲ့ ခဏ နေပေးပါ သီယာ”
သူမ လက်နှစ်ဖက်လုံးကို အနည်းငယ်အားသုံးပြီး ဆွဲကိုင်လျှက် ဘေးနားမှာ ပြန်ထိုင်ခိုင်းလိုက်မိသည်။

ရုတ်တရက်မို့ သူမ ကျွန်တော့ဘေးသို့ ကပိုကရို ပြိုကျလာသည်။
“သီယာ”
တိုးညှင်းစွာ ခေါ်လိုက်ပြီး သူမ လက်ချောင်းတွေကို နမ်းရှိုက်လိုက်မိသည်။ ပြီးတော့ ကျွန်တော့ ပါးပြင်မှာ ထိကပ်ထားစေလိုက်သည်။ သူမနဲ့ ကျွန်တော် အကြာကြီး အကြည့်ချင်းဆုံမိကြသည်။ သူမ မျက်လုံးလေးတွေ အရောင်တောက်နေသည်။ သူမ လက်ချောင်းလေးတွေ တုန်နေသည်။
သူမ ပါးပြင်ပေါ်မှာ ဆံနွယ်လေးတွေ ဝေ့၀ဲနေသည်။
အဲဒီညက ကျွန်တော့ နှုတ်ခမ်းပေါ်မှာ သူမ၏ စတော်ဘယ်ရီ ရနံ့လေး စွဲထင်ကျန်ခဲ့သည်။


ဆက်ရန်…….

(ဒီပိုစ့်ကို တင်ဖို့ နှေးကွေးသော ကျွန်မကို နားလည်သည်းခံပေးသော …
ချစ်သော သူငယ်ချင်းများနဲ့ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။)

Saturday, June 02, 2007

ချစ်တဲ့….ပန်း

ဒီနေ့ ကျွန်မခြံထဲက အပြာရောင် forget-me-nots လေးတွေ ပွင့်လန်းနေတဲ့နေ့။





အနီရောင် bleeding hearts တွေ ရဲရဲတောက်တဲ့နေ့။



အဝေးကြီးက သာယာတဲ့ အသံချိုကြားလိုက်ရတဲ့နေ့။ ဟုတ်တယ်။ အိမ်ရှေ့က ကိုယ့်ထင်းရှုးပင်ပေါ်မှာ ငှက်နီလေးတစ်ကောင် သီချင်းဆိုနေတဲ့နေ့။



ညရောက်လာတော့ ဘယ်ကိုလွမ်းမှန်းမသိလို့ (သိတော့သိပါတယ်.. စာဖတ်သူတွေကိုတော့ ဘယ်ကိုလွမ်းနေလဲလို့တော့ မပြောပြလိုတော့ပါဘူး။ ကိုရန်တို့ မဂျစ်တို့ ရဲ့ အလွမ်းဓာတ်တွေ ကူးသွားတယ်လို့ပဲ ယူဆလို့ရပါတယ်) ဘလော့ဂ်တွေပေါ်မှာ လျှောက် သွားရင်း ကိုနေဘုန်းလတ်ရဲ့ စာမျက်နှာကို ရောက်သွားခဲ့တဲ့နေ့။ ကဗျာတွေကိုဖတ်ရင်း ကျိုက္ကစံဘုရားက ကောက်လာတယ်ဆိုတဲ့ ခရေပန်းတွေတွေ့လိုက်တဲ့နေ့။



ခရေနွမ်းလေးတွေ၊
မြေပေါ်မှာလွင့်၊ အပင်မှာမ၀င့်ပေမယ့်
ကြွေတဲ့ဘ၀၊ နွမ်းတဲ့ဘ၀မှာတောင်၊ လှပအောင်နွမ်းလို့ကြွေ.....


ရွှေဒါးမောင်လေးရည်ရဲ့ ကဗျာတပုဒ်ထဲကလို....




လှလွန်း၊ မွှေးလွန်း၊ ကြွားလွန်းတဲ့ ပန်းတွေ ပေါများလှတဲ့ ဒီကမ္ဘာကြီးထဲမှာ ခရေသာ မရှိဘူးဆိုရင်လို့ တွေးမိလိုက်တယ်။ ခရေ….။ ဓာတ်ပုံလေးမြင်တာတောင်မှ ငယ်စဉ်ကလိုပဲ ရင်ခုန်ဆဲ၊ စိတ်လှုပ်ရှားဆဲ။ ဘယ်ပန်းနဲ့မှ မတူတဲ့ ဖြူစင်ရိုးသားမြေခလို့ နှိမ့်ချတဲ့ခရေရယ်ပါ။ ကိုနေဖုန်းလတ်ရဲ့ ခရေတွေကို လက်ကလေးနဲ့ ဖွဖွကိုင်ရင်း ကိုယ့်ဘလော့ဂ်ဆီသယ်လာတော့

ပန်းခရေ..
နွမ်းကြေနေလေသော်မှ…
ရနံ့ရယ် မပြေပါတကား…

လို့ ကိုတက်စ်လာရေးဖူးသလို ခရေလေးတွေက မွှေးပျံ့လို့နေသေးတော့တယ်။

ခရေ..
တစ်သက်မှာ တစ်ခါမို့
ကြွေလို့ပဲ နွမ်းနွမ်း
အလှမ်းဝေးလဲ
သည်ပန်းသာလျှင် မြတ်နိုးသည်……..။

ခရေနဲ့ပတ်သက်လို့ ကလေးဘ၀က စပ်ဖူးတဲ့ ကျွန်မရဲ့ ကဗျာလေးတပုဒ်ရယ်ပါ။

ရဖူးတဲ့ ပန်းနွယ်၊ ပန်းခက်၊ ပန်းစည်း၊ ပန်းဆိုင်း၊ ပန်းဆွဲတွေ အထဲမှာမှ ကလေးဘ၀က ရဘူးတဲ့ ခရေလေးတွေကို အခုထိ စွဲလန်းစိတ်နဲ့ မှတ်မိလို့နေသေးပါတယ်။ အရောင်အသွေးစုံတဲ့ ဒီပန်းတောကြီးထဲက ပန်းတွေ၊ သူ့အရောင်အသွေး၊ သူ့အနံ့နဲ့သူ လှပ၊ ၀ံ့ကြွားကြပေမယ့် ကျွန်မရင်ကို ခုန်စေတာ ခရေတစ်ခုတည်းပါ။

ဆရာစိန်ဝင်းရဲ့ ထာဝရ ဆိုတဲ့ ကဗျာလေးထဲကလို…
ခရေကိုလေ..

ပွင့်လျှင်လဲနမ်း
နွမ်းလျှင်လဲကောက်
ခြောက်လျှင်လဲသိမ်း
တိမ်းညွှတ်တွယ်မက်
သည်တစ်သက်မှာ
တစ်ပွင့်သာလေ…..
စွဲလမ်းနေမည်
ဝေေ၀ကြွေကြွေ မြတ်နိုး၏။


ထာဝရ မြတ်နိုးနေမည်….ခရေ……..။

LinkWithin

Related Posts Plugin for WordPress, Blogger...