မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, May 25, 2007

သီရေတာနံပါတ် ၁၄၁၅ (ဒုတိယပိုင်း)

အော်ဝဲလ်ရဲ့ ဆင်ပစ်ခြင်း စာစုလေးကို အတန်းသားတွေနဲ့ ဝေမျှရန် သင့်၊ မသင့် ကျွန်တော် အကြီးအကျယ်စဉ်းစားခန်းဝင်ပြီး နောက်ဆုံး ဝေမျှရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အမှန်တော့ အော်ဝဲလ်၏ စာများကို လူတော်တော်များများက ဖတ်ရှုပြီးသားဖြစ်သည်။ သူ၏ Animal Farm က လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတာလဲ ကြာခဲ့ပြီ။ ဆင်ပစ်ခြင်းကိုဖတ်အပြီး ကျွန်တော်နှင့် ကျွန်တော့လူမျိုးအပေါ်မှာထားမည့် အတန်းသားတွေ၏ အမြင်တွေ၊ အတွေးတွေကိုလဲ ကျွန်တော် သိလိုသည်။ အမြင်သည် အမြင်သာဖြစ်သည်။ ဆိုးသည်ပဲဖြစ်ဖြစ် ကောင်းသည်ပဲဖြစ်ဖြစ် ကျွန်တော်သိလိုသည်။

ထိုနေ့က တစ်တန်းလုံး ထူးထူးခြားခြားငြိမ်ချက်သားကောင်းနေသည်။ ကျွန်တော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်အကြောင်းဖြစ်လို့လဲ သူတို့ ပိုလို့စိတ်ဝင်စားနေကြသည်။ စိတ်ဝင်တစားဖတ်နေသော အတန်းသားတွေ၏မျက်နှာကို တိတ်တဆိတ်လေ့လာနေမိသည်။ သီယာကတော့ သူ့စားပွဲမှာ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
“မင်းတို့တစ်မျိုးသားလုံးကို စော်ကားခံထိတယ်လို့ “မင်း” မခံစားရဘူးလား”
ဘေးနားက အာမခံရုံးမှ အရပ်ထောင်ထောင်မောင်းမောင်း အမျိုးသမီးက ခပ်တိုးတိုးလှမ်းမေးသည်။
“ခံစားရတာပေါ့၊ သိပ်ခံစားရတယ်”



စာစုလေးကို မိနစ်၂၀လောက်အတွင်းမှာ သူတို့ဖတ်ပြီးသွားကြသည်။ ဆွေးနွေးပွဲပေါင်း များစွာထဲတွင် သည်ဆွေးနွေးပွဲက အထူးခြားဆုံးဖြစ်သည်။
တော်ရုံဆွေးနွေးပွဲတွေမှာ လှပ တောက်ပြောင်တဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့၊ အထက်တန်းစား စကားလုံးတွေနဲ့ အလျော့အတင်း စောင်းကြိုးညှင်းသကဲ့သို့၊ ပြောတတ်၊ ဆိုတတ်၊ ထောက်တတ်၊ ဖွင့်တတ်၊ ပိတ်တတ်တဲ့ Mid-Career Generation X တွေ၊ ထိုနေ့က ယဉ်ကျေးသိမ်မွေ့ခြင်း ၀တ်ရုံတွေ ကွာကျခဲ့ကြသည်။

“ဒီရွာလေးရဲ့ သေနတ်ကိုင်ထားတဲ့ ခေါင်းဆောင်တစ်ယောက် လမ်းလွဲသွားတာကို ဘာမှ အကျယ်တ၀င့်ပြောနေစရာ မလိုပါဘူး။ သေနတ်ကိုင်ပြီးထွက်လာတာ တစ်ကယ်တော့ သူ့အမှားပဲ”

“သေနတ်မကိုင်ဘဲ အခြေအနေကို လေ့လာရုံသက်သက် ထွက်လာတော့ကော ဘာဖြစ်မှာမို့လို့လဲ”

“ရွာသားတွေက သေနတ်မြင်တာနဲ့ ဆင်သားပဲမြင်တော့မှာပေါ့။ သူတို့ မိသားစုတွေ ငတ်နေကြတာကိုလဲ ထည့်စဉ်းစားကြဦးလေ”
သူ့ရဲ့ ဘိုးဘွားတွေကို အင်္ဂလိပ်တွေက ကူလီလို့ ခေါ်လို့ နာနေတဲ့ ရဲအရာရှိပေါက်စက ၀င်ထောက်သည်။

“အာဏာရှိတာနဲ့ လွှမ်းမိုးကြီးစိုးနိုင်တာနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်လို့ထင်လိုက်တာ သူမှားသွားတယ်။ ဆင်လေးကို မသတ်ချင်ပေမယ့် ရွာသားတွေရဲ့ တွန်းအားကြောင့်ရယ်၊ သူ့ကိုရွာသားတွေ နဲနဲများ ခင်မင်လာမလားဆိုတဲ့ အတွေးကြောင့်ရယ် ဆင်ကို သတ်လိုက်တယ်ထင်တယ်။ နောက်ပြီး ဆင်နင်းခံရတဲ့ ကူလီနေရာမှာ အင်္ဂလိပ်ကလေးမလေး တစ်ယောက်ဖြစ်နေမယ်ဆိုရင်ကော ဆိုတဲ့ အတွေးလဲ ကျွန်တော်တွေးမိတယ်”
ကျွန်တော် ခပ်အေးအေးပဲ ပြောလိုက်သည်။

“ဒီလူရေးထားတာ အပိုတွေပါ။ ကိုယ့်အပြစ်ကို၊ ကိုယ်ပျော့ညံ့တာကို၊ ဒီဆင်လေးဟာ ရွာသားတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဆင်လေးဆိုတာကို၊ သတ်စရာမလိုကြောင်း ရွာသားတွေ နားလည်အောင် ရှင်းပြနိုင်မှု အရည်အချင်းမရှိတဲ့၊ ခပ်ညံ့ညံ့ဗြိတိသျှ စစ်ဗိုလ်တစ်ယောက်ရဲ့ မိမိကိုယ်ကို အရှက်ခွဲမိလိုက်ခြင်းဘဲ”
“ကြည့်ပါဦး နယ်ချဲ့တွေက နယ်ခံတွေကို ၀ါးကြိမ်လုံးနဲ့ တင်ပါးကိုရိုက်မှတော့ သူလာရင် ရွာသားတွေက တံတွေးမထွေးလို့ ဘာလုပ်ရမှာလဲ”
ရုပ်ရည်အလွန်သန့်ပြန့်တဲ့ မျက်လုံးပြာပြာ ရှာလိမ်းဆိုသူ အိုင်းရစ်မလေးက ၀တ္ထုထဲက အင်္ဂလိပ်စစ်ဗိုလ်ကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန်လိုက်သည်။

တစ်ခန်းလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ သီရေတာ ညာဖက် အပေါ်ထောင့်မှာ အမြဲထိုင်နေကျ ဆက်သွယ်ရေးရုံးက စာရင်းကိုင် အင်္ဂလိပ်မလေးက ခေါင်းငုံ့ထားသည်။

“ဟာ..ရှာလိမ်း သိပ်သတ္တိရှိတယ်နော်”
ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ လန်ဂါရာကောလိပ် marketing assistant ဖြစ်သူ ဂျပန်မလေးက ခပ်တိုးတိုးလာပြောသည်။ ကျွန်တော်ကတော့ ကြားထဲက မျက်နှာအရမ်းပူနေသည်။

“ရေးထားတဲ့ အသုံးအနှုန်းတွေကိုလဲ ကြည့်ပါဦး။ လူဝါတွေတဲ့။ ၁၉၃၀ ပတ်ဝန်းကျင်က အသုံးအနှုန်းတွေမို့ တော်တော့တယ်။ ခုခေတ်မှာ ဒါမျိုးလာသုံးလို့ကတော့ ဘယ်ရမလဲ”
လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တော့ ကိုယ့်ကိုကိုယ် တစ်ခါမှ လူဝါလို့မထင်ဘူး။ လူညိုလို့ပဲထင်တယ်။ အော်ဝဲလ်က လူဝါဆိုတော့ အံ့သြသွားမိသေးတယ်။ နောက်မှသတိရတယ်။ မော်လမြိုင်ဆိုတော့ အဲဒီအရပ်ကလူတွေက လူဝါတွေပေါ့။ ကျွန်တော်ကတော့ လူညိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့မျက်စိထဲမှာတော့ ကျွန်တော်တို့ အာရှတိုက်သားတွေကို တစ်ပုံစံထဲ တစ်ရောင်ထဲလို့မြင်တာ ကျွန်တော်သိပါတယ်။ ကျွန်တော်လဲ ခင်ဗျားတို့ အဖြူတွေအားလုံးကို တစ်ပုံစံထဲ တစ်ရောင်ထဲပဲမြင်တယ်”
ကြိုးစားပြီး ရယ်စရာပြောလိုက်ပေမယ့် မည်သူမျှ မရယ်ကြ။

“ကျွန်တော်ကတော့ ဒါ သက်သက် အာဏာပြတာလို့ထင်တယ်။ မင်းတို့ နားထောင်ရင်ထောင် မထောင်ရင် သေနတ်နဲ့ ပစ်မယ်ဆိုတဲ့ သဘောပဲ” စိတ်တိုနေပုံရသည့် ဟောင်ကောင်ဇာတိ တရုပ်အမျိုးသားတစ်ဦးက ၀င်ထောက်သည်။
“အော်ဝဲလ်ဟာ နယ်ချဲ့စနစ်ကို အလွန်မုန်းတယ်။ သူကိုယ်တိုင်ကလဲ မတွန်းလှန် မကန့်ကွက်နိုင်ဘူး။ မြန်မာပြည်မှာနေရတာလဲ မပျော်ဘူး …..” အစချီတဲ့ အပိတ် မှတ်ချက်တွေကို သူမက ထိန်းပြီး ပြောသွားသည်။

ထိုနေ့က သီရေတာထဲမှာ အိုင်းရစ်တွေနဲ့ အင်္ဂလိပ်တွေကြားက မသိမသာ တင်းမာမှုကို ကျွန်တော် ခံစားနေခဲ့ရသည်။


ဆက်ရန်……

(ကျွန်မ သီရေတာကို စောင့်နေသူများကို ရေးပြီးသမျှ ဝေငှပါတယ်။ အထူးသဖြင့် မြန်မာပြည်မှ ကောနက်ရှင် မကောင်းတာတောင် လာတဲ့သူများကို အထူးအားနာလို့ ရိုက်ပြီးသမျှ တင်ခြင်းဖြစ်ပါသည်။ အခန်းဆက် ၀တ္ထုဟုသာ သတ်မှတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်ရှင်။ တစ်ကယ်လို့ ဆန့်တငံ့ဖြစ်လို့ အားလုံးရိုက်ပြီးမှ တင်စေချင်လဲ ပြောကြပါနော်)

Sunday, May 20, 2007

သီရေတာနံပါတ် ၁၄၁၅

အေးစက်သော မီးမှိန်မှိန် သီရေတာထဲတွင် ဝေေ၀၀ါးဝါး အရိပ်တို့ ထိုင်နေကြသည်။ လေအေးစက်၏ အရှိန်ကြောင့် ဂျာကင်အကျီ င်္ကို ဆွဲစေ့လိုက်သည်။ ပတ်ပတ်လည် စပီကာများမှ Cheryl Wheeler ၏ သာယာ ငြိမ့်ညောင်းသည့် Alice က ငြိမ့်ငြိမ့်လေး လွင့်မျောနေသည်။ မျက်လုံးများကို မှိတ်ထားရင်း သီချင်းစာသားတွေထဲ အာရုံကို ပို့လွှတ်ထားလိုက်သည်။

And she said “The more I travel the more I wanna see
My kids want some settled life for me……

မျက်လုံးတွေကို မှိတ်ထားရင်း သီချင်းစာသားတွေထဲမှ “ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်း” ဆိုသည့် အရာတစ်ခုခုကို ရှာဖွေဖို့ ဦးနှောက်ကို အလုပ်ထားပေမယ့် အမြင်အာရုံတွေထဲတွင် သူမပုံစံကိုသာ မြင်နေမိသည်။

အညိုနုရောင်ဆံနွယ်တွေ၊ အနက်ရောင်ရှပ်အကျီ င်္၊ ခေါက်ရိုးမကျိုးတဲ့ ဘောင်းဘီရှည်၊ ပြောင်လက်နေ့တဲ့ ရှုးဖိနပ်၊ သွယ်လျှတဲ့ပုံစံ၊ မိတ်ကပ်မလိမ်းကျံထားတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ပြုံးနေတဲ့မျက်နှာ၊ သီရေတာထဲက ပရိုဂျက်တာရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း ယုံကြည်ချက်တစ်ခုကို သိမ်မွေ့ယဉ်ကျေးတဲ့ အဆင့်အတန်းမြင့်တဲ့ အသုံးအနှုန်းတွေနဲ့ အာဘောင်အာရင်းသန်သန် ပြောနေတတ်တဲ့ သူမ၏ ပုံရိပ်တွေက ညံ့သက်တဲ့အရောင်မဲ့ တေးသွားတွေနဲ့အတူ အာရုံထဲမှာ လူးလာခေါက်တုန့်။


သူမနှင့် ရင်းနှီးနေခဲ့တာတော့ကြာပါပြီ။ ယခုအချိန်မှာ ထပ်မံပြန်တွေ့ရတော့ ဟိုအရင်အချိန်တွေကလိုပဲ ခံစားနေရဆဲပင်။ ကျွန်တော့ရင်ထဲက အရောင်ပျက်ကာစ ခံစားချက်တွေ ဒီနေ့ တဖန် ပြန်နိုးထလာမှာကိုတော့ ကြောက်နေမိသည်။ မဖြစ်နိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကို ဘယ်တုန်းကမှ ရှေ့ဆက်တိုးဖို့ မကြိုးစားခဲ့တာ ပျော့ညံ့ချက်တစ်ခုတော့မဟုတ်ဟု ကျွန်တော်ထင်သည်။

သီချင်းဆုံးတော့ ပရော်ဖက်ဆာနဲ့ ကျောင်းသားတွေရဲ့ ဆွေးနွေးပွဲလေးထဲမှာ မကြားတစ်ချက် ကြားတစ်ချက်၊ သီရေတာထဲက မီးရောင်ကတော့ ပြာလဲ့လဲ့ဆက်ဖြာနေဆဲ။

“ကဲ..လုပ်အားပေးတစ်ယောက်လိုတယ်။ Technical ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ adaptive ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ကွာခြားချက်ကို လက်တွေ့သရုပ်ဖော်ပြပေးချင်လို့်၊ “မင်း” ထွက်ခဲ့ပါလား”
သူမရှိရာ သီရေတာအောက်ဘက်ကို ဆင်းသွားလိုက်သည်။
“country ကနည်းတစ်ခုသင်ပေးမယ်။ အဲဒီနည်းအတိုင်း ဖွင့်ပေးမယ့် သီချင်းနဲ့ လိုက်ဖက်ညီအောင် မင်းနဲ့ကိုယ် ကမယ်။ ကိုယ်ကသင်ပေးရမယ့်သူဆိုတော့ ယောက်ျားလေးနေရာမှာနေမယ်။ မင်းကတော့ မိန်းကလေးနေရာမှာနေပေါ့”
ရယ်သံအချို့ထွက်လာသည်။

သူမရဲ့ညာလက်သွယ်သွယ်လေးတွေက ခါးကို ထိသည်ဆိုရုံထိလိုက်သည်။ ကျွန်တော့်ဘယ်လက်ကလဲ သူမရဲ့ ညာပုခုံးစွန်းကို ထိသည်ဆိုရုံလေး။ ကျွန်တော့ရဲ့ညာလက်ကတော့ သူ့မရဲ့နှုးညံ့တဲ့ ဘယ်လက်ဖ၀ါးထဲမှာ အမိန့်နာခံတဲ့ ကလေးငယ်တစ်ယောက်လို။ သီချင်းသံကထွက်လာသည်။ ညာဘက်ကို သုံးလှမ်း၊ ပြီးတော့ ဘယ်ဘက်ကို နှစ်လှမ်း၊ နောက်ကိုနှစ်လှမ်း၊ ကိုယ်ကိုလှည့်။ သည်လိုနှင့် အကနည်းနဲ့ ယှဉ်ပါးလာတော့ သီချင်းနှင့် လိုက်ဖက်ညီအောင် ကကြဖို့က တဖြည်းဖြည်း ပိုလွယ်ကူလာသည်။ သူမရဲ့မျက်နှာကို ခိုးကြည့်လိုက်မိသည်။ သူမနားသယ်စပ်က မွှေးညှင်းနုလေးတွေကို ခိုးကြည့်မိလို့ ခပ်တိုတိုး ရင်ခုန်နေမိသည်။ သီရေတာ ခုံတွေပေါ်မှာ ထိုင်နေကြတဲ့ ရုံးဝတ်ရုံးစားတွေနဲ့ Mid-Career Generation X တွေကို ကျွန်တော် တစ်ချက်မေ့လျော့သွားသည်။ သူမပုခုံးစွန်းမှာ ခေါင်းမှီလိုက်ချင်သည့်စိတ်က ဘယ်ကပေါ်လာမှန်းမသိ။ မလုံမလဲနှင့် သူမမျက်နှာကို ထပ်မံခိုးကြည့်လိုက်မိသည်။ သူမကတော့ ဘာမှခံစားရသည့်ပုံမရှိ။



သူမက အနားက စားပွဲပေါ်မှ အဝေးထိန်းခလုတ်ကိုလှမ်းယူပြီး သီချင်းကို ရုတ်တရက်ပြောင်းပြစ်လိုက်သည်။ ငြိမ်းငြောင်းသော country တေးသံမှ ဟစ်ဟော့ပ်တေးသံသို့ ရုတ်တရက် ကူးပြောင်းသွားသည်။ တေးသွားနှင့် ကကွက်က လုံးဝမလိုက်ဖက်တော့။ တေးသွားပြောင်းသွားလို့ ကကွက်တွေပုံပျက်သွားသည်။ ဟန်ချက်တွေလွဲသွားသည်။ တစ်ယောက်နှင့်တစ်ယောက် အပေးအယူတွေ မတည့်ကြတော့။
သူမက သီချင်းကိုပိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် “မင်း” ကိုယ့်နေရာကိုယ်ပြန်ထိုင်လို့ရပါပြီ”

ကျွန်တော့်နေရာပြန်ရောက်တော့ ထုံးစံအတိုင်း ဆရာမနှင့် အတန်းသားတွေ၏ ဆွေနွေးပွဲက အရှိန်ပြန်မြင့်လာသည်။

“အဖွဲ့အစည်းတစ်ခုခုမှာဖြစ်စေ၊ မိမိအိမ်အတွင်းထဲမှာပဲဖြစ်စေ၊ တိုင်းပြည်တစ်ခုခုမှာပဲဖြစ်စေ၊ ပတ်ဝန်းကျင်၊ အခြေအနေ တစ်စုံတစ်ရာပြောင်းလဲသွားတာနဲ့ ဟန်ချက်လွဲသွားကြတဲ့အခါ
adaptive ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို ထုတ်သုံးတတ်ရမယ်။ တစ်သက်လုံး ဒီလိုပဲလုပ်ခဲ့လို့ ဒီနည်းပဲ တစ်သက်လုံးဆက်သုံးရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ခတ္တဖယ်ထားနိုင်ရမယ်၊ ဒီတေးသွားနဲ့ ဒီလို ကနည်းအတိုင်း တစ်သက်လုံးကခဲ့လို့ တေးသွားဘယ်လိုပြောင်းပြောင်း ဒီကနည်းနဲ့ဘဲ ဆက်သွားလို့မဖြစ်နိုင်ဘူး၊ ကွဲလွဲသွားတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး ခေါင်းဆောင်နဲ့နောက်လိုက် နှစ်ဦးလုံးက အပေးအယူညီတတ်ရမယ်”

“ခေါင်းဆောင်ကောင်းဆိုတာ မွေးလာတာ၊ လုပ်ယူလို့မရဘူး”

“လုပ်ယူလို့မရဘူးဆိုပြီး ခေါင်းဆောင်ဖြစ်ဖို့ ဘယ်တော့မှ မကြိုးစားကြတော့ဘူးလား”

“ဒါပေမယ့် မွေးရာပါ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ ပါမလာတဲ့ သူတစ်ယောက်ဆိုရင်ကော”

“တစ်ခါတစ်ရံ ကိုယ်တိုင်တောင် မသိတဲ့ အရည်အချင်းတွေဟာ အခြေအနေပေါ်မှာ မူတည်ပြီး ပေါ်လာတတ်ကြတာပဲလေ”

“ခေါင်းဆောင်ကောင်း တစ်ယောက်ဟာ နောက်လိုက်ကောင်းတစ်ယောက်လဲဖြစ်ရမယ်၊ ပတ်ဝန်းကျင်က ကိုယ့်နောက်လိုက်တွေအပေါ်မှာ ယုံကြည်စိတ်ချမှု၊ မိမိရဲ့ နောက်လိုက်တွေအပြင် မိမိကိုယ်ကိုပါ အမှားလုပ်ခွင့်နဲ့ ဒီအမှားတွေက သင်ခန်းစာယူခွင့် ပေးနိုင်တဲ့သူလဲ ဖြစ်ရမယ်”

“ခေါင်းဆောင် ဆိုရင် နိုင်ငံခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စစ်တပ်ခေါင်းဆောင်၊ အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တွေကိုမှ ခေါင်းဆောင်လို့ ပုံသေသတ်မှတ်ကြတတ်တာ လူတွေရဲ့သဘာဝပဲ။ ကိုယ့်မိခင်၊ ကိုယ့်ဖခင်၊ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်သားသမီးတွေတောင် ကိုယ့်ရဲ့ခေါင်းဆောင် တစ်ခါတစ်ရံမှာ ဖြစ်နေတတ်တာကိုလဲ မမေ့သင့်ကြဘူး”

*********

အတန်းလွှတ်တော့ သူမက သူမရုံးခန်းကို ခဏလိုက်ခဲ့ဖို့ခေါ်သည်။ ရင်ထဲမှာ အနည်းငယ်စိုးရိမ်သွားသည်။ ဟိုတစ်ပတ်က တင်ထားတဲ့ ပေပါ အမှတ်နဲလို့များလား။ ရင်တထိတ်ထိတ်နှင့် သူမရုံးခန်းထဲရောက်တော့ စာရွက်တစ်ရွက် ထုတ်ပြသည်။ Shooting an Elephant by George Orwell စာစု။
“ဒီစာစုကို အတန်းသားတွေနဲ့ ဝေမျှခွင့်ပြုဖို့ “မင်း”ဆီက ခွင့်တောင်းတာပါ၊ “မင်း”ဖတ်ပြီးပြီမို့လား”
“ငယ်ငယ်ကတည်းက ဖတ်ဖူးပါတယ်။ ဒါပေမယ့် အတန်းသားတွေနဲ့ ဝေမျှဖို့ သင့်မသင့် ကျွန်တော့ကို စဉ်းစားခွင့်ပြုပါ”
“ရပါတယ်။ “မင်း”လူမျိုးတွေအပေါ်မှာ အတန်းသားတွေ ထားနိုင်တဲ့ အမြင်တွေကို ကြိုသိလို့ “မင်း”ဆီက ခွင့်ပန်တာပါ”
“ကလေးဘ၀တုန်းကတော့ အော်ဝဲလ်ရဲ့ ဘားမိစ်ဒေးစ် ကိုဖတ်ပြီး ရန်ကုန်မြို့ လမ်ဘေးစာအုပ်ဆိုင်တွေက ဘားမိစ်ဒေးစ်တွေကို အကုန်မီးရှို့ပစ်ချင်စိတ်တော့ ပေါက်ဖူးခဲ့တယ်.. သီ..သီယာ”
သူမ နာမည်ကို ထိပ်က အဖျားဆွတ်ခေါ်ဖို့ နှစ်တွေအများကြီးကြာခဲ့တာတောင် မ၀ံ့မရဲဖြစ်နေဆဲပင်။ တစ်ကယ်ဆို အခုချိန်ထိ သူနှင့် ကျွန်တော်က ဆရာတပည့် အခြေအနေထက် မပို။ ဘယ်တုန်းကမှလည်း မပိုခဲ့။ ဘယ်တော့မှလည်း ပိုမည်မထင်။

“အဟင်း”
သူမ မပွင့်တပွင့်ရယ်လိုက်တော့ ကျွန်တော်အံ့သြသွားမိသည်။
“ဟုတ်တယ်.. ဒါပေမယ့် သမိုင်းဟာ သမိုင်းပဲလေ။ ဘယ်သူမှ ဖုံးဖိထားဖို့မသင့်ပါဘူး၊ ဒါမှလဲ ဗြိတိသျှတွေ ကိုယ့်အပေါ်မှာ ဘယ်လိုမြင်ခဲ့တာ၊ ဘယ်လိုဆက်ဆံပြောခဲ့တာတွေ၊ တခြားလူတွေကိုလဲ ကန့်လန့်ကာ လှစ်ပြရမှာပေါ့”
သူမရှေ့မှာ စကားလုံးတွေပျောက်နေလို့ ပြောမိပြောရာ ပြောခဲ့လိုက်သည်။

******

သူမနဲ့ ကျွန်တော်တွေ့ခဲ့တဲ့ နေရာလေးက ဒီသီရေတာလေးထဲမှာပင်ဖြစ်သည်။ ပထမတော့ ကိုယ့်ရဲ့ဆရာမ တစ်ယောက်ထက် မပိုခဲ့၊ အဲဒီတုန်းက ကျွန်တော်က ဒုတိယနှစ်၊ သူမကတော့ အောင်မြင်မှုတွေရှိပြီးသား တက္ကသိုလ်က ဆရာမတစ်ယောက်။ အေးဆေးတည်ငြိမ်တဲ့၊ ပြတ်သားတိကျတဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့၊ လူတွေကို စာနာစိတ်ရှိတဲ့ စတဲ့ အရည်အချင်းတွေပြည့်စုံတဲ့ သူမကို အတန်းသူ၊ အတန်းသားတွေအားလုံးက ခင်မင်လေးစားကြသည်။

အချိန်ကြာလာတော့လဲ သူမရဲ့ အိနြေ္ဒရတဲ့ ၀တ်စားဆင်ယင်ပုံ၊ အကြောင်းအရာတစ်ခုခုကို စိတ်ပါလက်ပါ ဆွေးနွေးပြောဆိုတတ်ပုံများနဲ့ သူမရဲ့ဦးနှောက်ကို ကျွန်တော် ချစ်သွားခဲ့မိသည်။ မိန်းမတစ်ယောက်ကို တစ်ယောက်တည်း တိတ်တဆိတ်ချစ်နေရတာ အတ္တကင်းသည်ဟု ကျွန်တော်ထင်သည်။ သူမထံက ဘာကိုမှ မမျှော်လင့်။ မျှော်လင့်နေလို့လဲ ဘာမှဖြစ်မလာမည်ကို ကြိုသိထားနေလို့ မိမိရည်မှန်းချက်ပန်းတိုင်ကိုသာ အာရုံပြုထားလိုက်သည်။ ဒါပေမယ့် သူမနဲ့ အကြောင်းတခုခုကြောင့် နီးကပ်နေလျှင်ပဲဖြစ်ဖြစ်၊ သီရေတာရှေ့မှ လက်ချာပေးနေတဲ့ သူမကိုငေးကြည့်နေစဉ်ပဲဖြစ်ဖြစ် ကျွန်တော် တိတ်တဆိတ်ရင်ခုန်နေခဲ့မိသည်။ ယောက်ျားလေးတစ်ယောက်၏ ရင်ခုန်မှုက မိန်းကလေးတစ်ယောက်၏ ရင်ခုန်တတ်မှုနှင့် တူညီနိုင်ပါ့မလား။ ကျွန်တော်ကတော့ နှလုံးခုန်သံ အချက်ကျော်သွားတတ်သည်။ လက်ဖျားခြေဖျားတွေ အေးချင်လာသည်။ နေမကောင်းချင်သလိုလိုဖြစ်လာတတ်သည်။ ဒါပေမယ့် ကျွန်တော့ခံစားချက်ကို ကျွန်တော့ဘာသာပဲ နှစ်ပေါင်းများစွာ သိမ်းထားဖို့ ဆုံးဖြတ်ထားသည်။

ဒီလိုနဲ့ ကျွန်တော် ကျောင်းတက်နေတဲ့ နှစ်တွေမှာ ကျွန်တော့်ဖခင် ရုတ်တရက်ဆုံးသွားသည်။ အားကိုးရာ မြင့်မိုရ်တောင်ပြိုပျက်သွားခဲ့ပြီ။ အခြေအနေအကြောင်းကြောင်းကြောင့် ဖခင်ရဲ့ ဈာပနကိုတောင် မတက်ရောက်နိုင်ခဲ့တဲ့ ကျွန်တော် မြစ်ကမ်းစပ်တစ်ခုမှာ သွားထိုင်ပြီး ကြေကွဲမှုကို ဖြေသိမ့်ခဲ့ရသည်။ ပရော်ဖက်ဆာတွေ၊ အတန်းသားတွေရဲ့ ပန်းခြင်းတောင်းလေးတွေ၊ ဂရုဏာသက်တဲ့ စာလေးတွေနဲ့ ကပ်ပြားလေးတွေထံမှ ရသမျှခွန်အားလေးယူပြီး ကျောင်းဆက်တက်ခဲ့သည်။ တစ်ခါတစ်ရံ မနက်လေးနာရီလောက်တွေမှာ ကားကိုပြင်းပြင်းမောင်းပြီး တတိယရေလက်ကြားကို ဖြတ်တဲ့ တံတားမှတဆင့် ကျွန်တော်ထိုင်နေကျနေရာလေးဆီ သွားဖြစ်သည်။ အဲဒီနေ့ကတော့ ထိုင်နေကျ ကျောက်ဆောင်နားရောက်တော့ မနက်ငါးနာရီထိုးနေပြီ။

လရောင်က နီယွန်မီးတွေကို အားမပြိုင်နိုင်လို့ ပစိဖိတ်ပင်လယ်ရေပြင်ပေါ်ကို ခွန်အားမဲ့စွာ ဖျော့ဖျော့လေး သွန်းကျနေသည်။ ခပ်ဝေးဝေးက တောင်တန်းပြာတွေနဲ့ ထင်းရှုးပင်တွေက ညို့မှိုင်းနေသည်။ ပင်လယ်လေပြင်းအောက်မှာ ဆေးလိပ်က မီးမစွဲနိုင်လို့ ကျောက်တောင်နဲ့ကွယ်ပြီး မီးငြိလိုက်သည်။ ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ပြီး ရှိုက်သွင်းလိုက်သည်။ ပြီးတော့ မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့တွေ ဦးတည်ရာမဲ့ ကစင့်ကလျားရွေ့လျားသွားတာကို ငေးကြည့်နေမိသည်။ ပင်လယ်ဝမှာ ကျောက်ချထားတဲ့ ကာဂိုသင်္ဘောတွေကို ငေးကြည့်ရင်း နောက်မှ ခြေသံကိုကြားလိုက်သည်။
ခြေသံက နောက်တည့်တည့်မှာ ရပ်သွားသည်။

“မင်း”
ရင်းနှီးကျွမ်းဝင်နေတဲ့ အသံရှင်ကို လှည့်ကြည့်လိုက်သည်။ ထရက်ဆုနဲ့ မတ်တပ်ရပ်နေတဲ့ သူမဆံနွယ်တွေ ပင်လယ်လေထဲမှာ ဝေ့၀ဲနေသည်။
“အိုး….ဟိုင်း..သီယာ”
“ဟိုင်း..မင်း ဒီမှာဘာလာလုပ်နေတာလဲ၊ ထိုင်ခွင့်ပြုပါ”
သူမ ဘေးမှာဝင်ထိုင်လိုက်သည်။
“သီယာ ဒီနားမှာနေတာလား၊ ကျွန်တော်မသိခဲ့ဘူး”
“ဟုတ်တယ်.. “မင်း”ရော.. ဒီနားမှာနေတာလား”
“ဟင်းဟင်း… အထက်တန်းလွှာတွေနေတဲ့ ဒီလိုနေရာမျိုးမှာနေဘို့ ကျွန်တော်မတတ်နိုင်ပါဘူး သီယာရယ်”
“အို..အဲလိုလဲမဟုတ်ဘူးလေ”
“ကျွန်တော် စိတ်ညစ်လို့ လာထိုင်နေတာ.. ခေါင်းရှင်းအောင်လို့၊ ဒီနေရာက ဒီမြို့မှာ ကျွန်တော့ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့နေရာလေ၊”
“မင်း ဆေးလိပ်သောက်လား”
“၃နှစ်တစ်ခါလောက် သောက်တယ်လေ၊ ဟားဟား”
လောကကြီးကို အရွဲ့တိုက်လို့ ခြောက်ကပ်အက်ကွဲစွာ ရယ်မောလိုက်မိသည်။
“မင်း ဘယ်လိုခံစားနေရမလဲဆိုတာ နားလည်ပါတယ်။ ကိုယ့်မှာလဲ အမေမရှိတော့ဘူးလေ”
အဲဒီနေ့က ကျွန်တော် သူမကို ဘာတွေပြောလို့ ပြောခဲ့မိမှန်း မသိတော့။ လူတိုင်းသွားကြရမှာပါ။ မေ့နေကြတာပါ၊ အလွန်ဆုံးနေရ ရက်ပေါင်း သုံးသောင်းတစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်ပေါ့၊ အသိတရားတွေထားထားရင်းတောင် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ၊ အချစ်ဆုံးဖခင်ကို လွမ်းဆွတ်တမ်းတမှုများနဲ့အတူ မျက်ရည်စအချို့လိမ့်ဆင်းကျလာသည်။
မျက်နှာတစ်ပြင်လုံးကို လက်ဖ၀ါးကြမ်းကြမ်းနဲ့ မညှာမတာပွတ်ပစ်လိုက်သည်။
ဆေးလိပ်ကို သဲထဲ ထိုးခြေပြီးထည့်လိုက်သည်။ သက်ပြင်းရှိုက်လိုက်သည်။ သူမ သူမရဲ့လက်ဖ၀ါးလေးကို ကျွန်တော့ ပခုံးပေါ် အသာတင်လိုက်သည်။

“..မင်းကို hug လုပ်လို့ရမလား၊ တို့ သွားတော့မယ်”
ပြောပြောဆိုဆို သူမ ကျွန်တော့ကို နှစ်သိမ့်တဲ့အနေနဲ့ ဖက်လိုက်သည်။ သူမတို့ ယဉ်ကျေးမှုမှာ ဒါတွေဟာ လက်ဆွဲနှုတ်ဆက်သလောက်ပဲဖြစ်မည်ထင်သည်။ ကျွန်တော်သူမကို အလိုက်သင့်ပြန်ဖက်လိုက်သည်။
“သွားပြီ”
ကိုယ့်ကိုကိုယ်သိလိုက်သည့် အချိန်မှာ ကျွန်တော်နောက်ကျသွားခဲ့ပြီ။ သူမ ကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိသည်။ သူမဆံနွယ်တွေထဲမှာ မျက်နှာကိုအပ်ထားမိသည်။ သူမလည်ပင်းကို နှုတ်ခမ်းနဲ့ ဖိထားလိုက်မိသည်။ ပင်လယ်လေတွေက တ၀ုန်းဒိုင်းဒိုင်းတိုက်ခတ်နေသည်။ သူမနှင့် ကျွန်တော့ ဆံပင်တွေ လွင့်မျောနေသည်။ ကိုယ့် ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည်။ ဖြစ်နိုင်ရင် သူမကို တစ်သက်လုံး အခုလိုဖက်ထားလိုက်ချင်သည်။ သူမထံက ပင့်သက်ရှိုက်သံကြားမှ အထိတ်တလန့်နဲ့ ပြန်လွှတ်လိုက်မိသည်။

“ကျွန်တော် အနှုးအညွတ်တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး”
ကျွဲချီးပဲ..ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဘာလို့မရည်ရွယ်ရမှာလဲ။ မင်းဝန်ခံရဲတဲ့ သတ္တိမရှိဘူးလား။ သူမကို ချစ်တဲ့စိတ်နဲ့ လုပ်လိုက်တယ်လို့၊ ဒါပေမယ့် စည်းဆိုတာ မကျော်သင့်တဲ့ အရာတစ်ခုမဟုတ်ဘူးလား။ တက္ကသိုလ်က ဆရာမတစ်ယောက်ကို အိနြေ္ဒပျက်စေမှုနဲ့ အနည်းဆုံးတော့ ကျောင်းမှ ခေတ္တရပ်ဆိုင်းခွင့် ကြုံရနိုင်တယ် ဆိုတာမင်းမသိဘူးလား။

“ရပါတယ်”
ကျွန်တော့အတွေးစတို့ ပျက်သွားသည်။ ပညာရှိတို့ရဲ့ လှည့်ကွက်လား။ သူမကိုကြည့်ရတာ ဘာမှ မဖြစ်လိုက်တဲ့ပုံစံမျိုး၊ သိပ်ဟန်ဆောင်ကောင်းတာများလားကွယ်။

“သီယာ..ကျွန်တော်တောင်းပန်ပါတယ်” ပြောရင်းသူမ မျက်နှာအရိပ်အကဲကို လိုက်ဖမ်းကြည့်နေမိသည်။ သူမ ကျွန်တော့လို နဲနဲလေးမှ မခံစားတော့ဘူးလား။
“အိုး..ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ ဒီလိုပဲ အားလုံး မသေမချင်း ရှေ့ဆက်လမ်းလျှောက်ကြရမှာပဲ။ မင်း စိတ်ညစ်ရင် ကြိုက်တဲ့အချိန် စကားလာပြောနော်၊ ကိုယ်မင်းအတွက်ရှိနေမယ်”

သူမ လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားသည်။
“ချစ်တယ် သီယာရယ်..”
သူမကျောပြင်ကို ကြည့်ပြီး ပဲ့တင်ထပ်နေတဲ့ ကျွန်တော့ရင်ထဲက စကားသံတွေကိုတော့ သူမဘယ်တော့မှ ကြားလိမ့်မည်မဟုတ်။ အဲဒီနေ့က ကျောက်ဆောင်နားမှာ တစ်နေကုန်သည်အထိ ကျွန်တော် ဆက်ထိုင်ဖြစ်ခဲ့သည်။


****

ဆက်ရန်……

Thursday, May 17, 2007

ကြေကွဲည…။

ကြေကွဲည…။
မလှပတဲ့ တေးသွားတွေနဲ့
ဓားသွားတွေပေါ်မှာ ကခုန်ဆဲ…
မမြဲတဲ့ အရာတွေကို နှလုံးသားထဲ ထိုးသိပ်သွပ်သွင်း
ငါ……သက်ပြင်းတွေ ချနေခဲ့….။


တစ္ဆေည…..။
ခွေးအတစ်ကောင်ရဲ့ ငိုညည်းသံလွှမ်းတဲ့
ပဲ့ရွဲ့နေတဲ့ ချောက်ကမ်းပါးထိပ်မှာ
အတ္တတွေကို မထောက်ထားဘဲ
ကမ်းပါးထဲ တစ်စစီဖဲ့ချ
ငါ…တိတ်တဆိတ် ကျဆုံးနေခဲ့…..။

သတ်ပုံမှားတဲ့ည….။
“အ”လွန်းတဲ့ မိန်းမတစ်ယောက်ကိုလား
ထောက်ထားငဲ့ညှာ မနေကြပါနဲ့
ငါ့အသည်းကို တံကျင်နဲ့ထိုး
မရိုးတဲ့ တေးတွေနဲ့ ပူဇော်လဲ
ငါ…အံကြိတ်လို့ ခေါင်းမော့နေခဲ့……။



Saturday, May 12, 2007

ကျွန်မချစ်တဲ့ သစ်တစ်ပင်



စမ်းရေစီးသံ တသွင်သွင်ကြားနေရသည်။
စမ်းချောင်းလေးတစ်ဖက်တစ်ချက်က ထင်းရှုးတောနဲ့ မေပယ်ပင်တွေကြားထဲကို လေပြေ ခပ်တိုးတိုးတိုက်ခတ်သွားသံကိုလဲ ကြားလိုက်ရသည်။ လေပြေကြောင့် ရွက်နုလေးတွေနဲ့ ထင်းရှုးသီးပေါက်စလေးတွေ ကြွေကျသွားတော့ ရော်ဘင်ငှက်ကလေးက လန့်ပြီးပျံထွက်သွားသံကိုလဲ ကြားလိုက်ပြန်သည်။
ကန်စပ်မှာ ငန်းမိသားစုတစ်စု အစာရှာနေကြသည်။
နွေဦးရောက်ပြီဆိုတော့ ငန်းပေါက်လေးတွေ..ပေါက်လာကြပြီလေ။ ဖခင်ငန်းကြီးကတော့ ဘယ်တော့မှ အစာဖြောင့်အောင် မစားနိုင်ရှာ။ ငန်းမလေးနဲ့ သူ့ကလေးတွေကို စိုးရိမ်စိတ်နဲ့ လည်တံရှည် ဟိုလှည့်ဒီလှည့်နဲ့.. ပတ်ဝန်းကျင်ကိုအမြဲစောင့်ကြည့်နေသည်။

ခပ်ဝေးဝေးမှာတော့ တိုက်တာအမြင့်ကြီးတွေ…။ Kodak, Creo, Electronic Arts, MDS ဆိုင်းပုဒ်တွေကို လှမ်းမြင်နေရသည်။ ခပ်လှမ်းလှမ်းဟိုင်းဝေးပေါ်မှာ ကားတွေ အရှိန်ပြင်းပြင်းသွားတဲ့ လေတိုးသံတွေ။ ဒီစမ်းချောင်းလေးထိပ်က ဒီသစ်ပင်ကြီးအောက်မှာ ကိုယ်လာလာထိုင်ရင်း..အတ္တတွေကို တစ်စစီချွေချနေမိတာကြာပေါ့။ သစ်ပင်ကြီးက စိမ်းလန်းသည်၊ မြင့်မားသည်၊ လှပသည်။ ပင်စည်ခြေရင်းမှာ စိမ်းစိုလန်းဆန်းတဲ့ မြက်ခင်းပြင်ရှိသည်။ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး ဘေးနားသို့ အသာကန်ပစ်လိုက်ပြီး စိတ်လွတ်လက်လွတ်ထိုင်ချလိုက်သည်။ သစ်ပင်ကြီးရဲ့ ပင်စည်ထဲမှာ ကျောကိုမှီကပ်ပြီးထိုင်လိုက်တော့ သူ့ထံကနွေးထွေးမှုတွေ။ ထိပ်ဖျားကိုမော့ကြည့်လိုက်တော့ သစ်ပင်ကြီးက ကိုယ့်ရဲ့ နေ့လည်စာထည့်တဲ့ အိတ်အစိမ်းနုလေးကို ခပ်တိုးတိုးပြုံးပြသည်။ ကိုယ့်အိတ်လေးထဲမှာ ပျင်းခြောက်ခြောက်နေ့လည်စာက ထုံးစံအတိုင်းပေါ့၊ ယိုးဂတ်ဗူးရယ်၊ အသားညှပ်မုန့်ရယ်၊ ပန်းသီးဖျော်ရည်ဗူးရယ်။ စပျစ်သီးခြောက်လေးတွေရယ်။ သစ်ပင်ကြီးကပြောသည်။ ထမင်းဖြူ၊ ကန်ဇွန်းရွက်ကြော်နဲ့ ငပိရည်တော့ အိမ်ရောက်မှစားပေါ့တဲ့။ ကိုယ်ခေါင်းငုံ့ပြုံးလိုက်ရင်း စပျစ်သီးခြောက်လေးအချို့ကို ငန်းလေးတွေဘက်ပြစ်ပေးလိုက်တယ်။ သစ်ပင်ကြီးကအလန့်တကြားထပ်ပြောသည်။ “မလုပ်နဲ့လေ..သူတို့ကိုသဘာဝအတိုင်းထားလိုက်၊ မင်းတို့လို အစာကြွေးသူတွေများလာရင် သူတို့ဘာသာ အစာမရှာတတ်ဘူးဖြစ်သွားလိမ့်မယ်၊ တစ်ခါတစ်ရံ အရာရာကို ပါးစပ်ထဲအထိ လိုက်ခွန့်ပေးခြင်းဟာ စေတနာမဟုတ်ဘဲ ဝေဒနာဖြစ်တတ်တယ်။ သူ့သဘာဝအတိုင်းလေးရှိပါစေ”တဲ့၊


ရိုးဂတ်ဗူးကိုဖောက်လိုက်ပြီး ဇွန်းသေးသေးနဲ့ကော်စားနေတုန်း မြက်ခင်းပေါ်မှာ ပိုးကောင်လေးတစ်ကောင် ခပ်ဖြေးဖြေးခရီးထွက်နေတာကိုမြင်လိုက်သည်။ စားနေတာကိုရပ်လိုက်ပြီး ပိုးကောင်လေးကို စိုက်ကြည့်ရင်း စိတ်ထဲက လှမ်းခေါ်လိုက်သည်။ တော်တော်ကြာကြာစိုက်ကြည့်ရင်း ဒီဘက်ကိုလာပါလားလို့ လှမ်းခေါ်နေလိုက်သည်။ မမျှော်လင့်ပဲ ပိုးကောင်လေးက အလျှားလိုက်သွားနေရင်းက ကိုးဆယ်ဒီဂရီလှည့်လိုက်ပြီး ကိုယ့်ဆီကိုတည့်တည့်မတ်မတ်ကြီး လျှောက်လာသည်။ ကိုယ့်ခြေဖမိုးနားရောက်လာတော့ ရပ်လိုက်သည်။ ပြီးတော့ ခေါင်းထိပ်က အတံလေးကို မြှောက်လိုက်ပြီး ကိုယ့်ကိုမော့ကြည့်နေသည်။
“မင်းကိုယ်မင်း စိတ်စွမ်းအင်ကောင်းတယ်ဆိုပြီး ပိုးကောင်လေးကို ခေါ်လို့သူရောက်လာတဲ့အခါကျတော့ မင်းဘာဆက်လုပ်မလဲ။ သူခရီးသွားနေတာနှောက်ယှက်သလို မဖြစ်သွားဘူးလား။ အခုမင်းက သူ့ရှေ့က အတားအဆီးဖြစ်နေပြီ၊ သူဆက်သွားလို့မရတော့ဘူးလေ”လို့ သစ်ပင်ကြီးကပြောတယ်။
ကိုယ်ပိုးကောင်လေးကို တုတ်ချောင်းလေးနဲ့ အသာတို့ယူပြီး သူသွားနေတဲ့ လမ်းကြောင်းပေါ်ကို ပြန်ချပေးလိုက်တယ်။

ဆံပင်တွေထဲကို လက်ထိုးသွင်းလိုက်ပြီး ခေါင်းကိုခါပစ်လိုက်သည်။ ပင်စည်ကြီးကို ကျောနဲ့ပိုဖိကပ်ထားပြီး ခြေကိုစင်း မျက်စိကိုမှိတ်ထားလိုက်သည်။ ပိုးကောင်လေးတွေရဲ့အော်သံ၊ ကျွတ်ဆတ်တဲ့လေညှင်းသံ၊ စမ်းရေခတ်သံ၊ သစ်ရွက်လှုပ်သံတွေကိုကြားနေရသည်။ လူရှင်းတဲ့တစ်နေ့က ကိုယ်ကိုတိုင်တက်ချိတ်ပေးထားတဲ့ ဆည်းလည်းလေးရဲ့ တေးသံသာကိုလဲကြားနေရသည်။

“ရတဲ့အခိုက်အတန့်လေးမှာ အပြစ်မဲ့စွာ ပျော်နေလိုက်ပါ၊ မင်းပဲ ဒီကိုလာချင်လှချည်ရဲ့လို့ မိဘတွေကိုပူဆာခဲ့တယ်။ ဟိုဆယ်စုနှစ်လောက်ကလူတွေ လွယ်လွယ်နဲ့ မပြန်ဖြစ်ကျတာသိလို့ လေယာဉ်ကွင်းကိုလိုက်ပို့တဲ့ မင်းအဖေ ယောက်ျားကြီးတန်မဲ့ လေယာဉ်ကွင်းမှာ အံကြိတ်လို့ မျက်လုံးတွေ ရဲတွတ်နေခဲ့တယ်။ ဒီကိုရောက်ခါစက သတင်းစာပို့ရပို့ရ၊ နွားနို့ပို့ရပို့ရဆို။ နောက်တော့လဲ ဘွဲ့လေးတစ်ခု၊ အလုပ်ကောင်းလေးတစ်ခု၊ နောက်တော့ ကားလေးတစ်စင်း၊ အိမ်လေးတစ်ဆောင်၊ ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကိုဖြည့်စည်းနေရတာနဲ့ အချိန်တွေတိုက်စားနေတာ သတိတောင်မထားလိုက်မိဘူးမို့လား။ အခု စာရေးလို့ ပန်းစိုက်ပြီး လူသူနဲ့တဲ့မြို့လေးတစ်ခုမှာ ဘ၀တစ်ခုအဆုံးသတ်ချင်တယ်ဖြစ်ပြန်ပြီလား။ မင်းတို့လူတွေက မရခင်တော့ လိုချင်လိုက်ကြတာ၊ ရသွားတော့လဲ ဘာမှမဟုတ်သလိုပါပဲလား”

“အခြေအနေတစ်ခုမှ တစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ တစ်ခုကို လွှဲခုန်ခြင်းလိုပါပဲ။ ဘယ်သူမှ ဘားတန်းတစ်ခုထဲမှာပဲ တွဲလွဲအကြာကြီးခိုမနေကြဘူးလေ။ ရှေ့ကမြင်နေရတဲ့ဘားတန်းကို ခုန်လွှဲပြီးရောက်အောင်သွားချင်ကြတာ။ ရှေ့ကဘားတန်းကို မထိခင် လေထဲက အခိုက်အတန့်ကတော့ ရင်ခုန်စရာကောင်းပါတယ်” သစ်ပင်ကြီးကိုမော့ကြည့်ရင်း ခပ်တိုးတိုးငြင်းခုန်လိုက်သည်။

“တစ်ကယ်လို့ ပြုတ်ကျသွားခဲ့ရင်ကော” ပြောပြီး တချက်ရယ်မောလိုက်သည်။ သစ်ပင်ကြီး၏ ရယ်မောသံကို ကိုယ်အံ့သြသွားမိသည်။ မာနသံနှောသည့် တပ်မက်ဖွယ်ကောင်းသည့်ရယ်မောသံ။

“ဒါဆိုလဲ ထပ်ကြိုးစားကြည့်ရမှာပဲ၊ နာကျင်သွားခဲ့ရင်လဲ ဒီလူဟာပြုတ်ကျဖူးတဲ့သူ၊ နာကျင်ဖူးတဲ့သူပေါ့။ ဘားတန်းပေါ်က ပြုတ်ကျဘူးသူတွေ တော်တော်များကြမှာပါ”

“ဒီလိုပါပဲ ဘယ်လုပ်ရပ်မဆို တန်ပြန်သက်ရောက်မှုတွေ ရှိတယ်။ ဒီတန်ပြန်သက်ရောက်မှုရဲ့ အကျိုးအပြစ်တွေကိုလဲ ခံရဲရမှာပေါ့”

ခပ်လှမ်းလှမ်းက ခုံတန်းလေးပေါ်မှာ ရုံးတစ်ရုံးရုံးက စုံတွဲလေး ထမင်းအတူတူစားနေကြသည်။ သူတို့ထံက ရယ်မောသံတွေ တချက်ချက်ကြားလိုက်ရသည်။ ကိုယ်မရှိတဲ့အချိန်တွေမှာ သူတို့ ကိုယ့်သစ်ပင်အောက်မှာ ထိုင်တတ်ကြသည်တဲ့။ ဒီသစ်ရိပ်မှာ သစ်တောက်ငှက်လေးတွေ၊ ရော်ဘင်ငှက်လေးတွေ၊ ကျီးကန်းလေးတွေ နားခိုတတ်သည်။ အနီးအနားရုံးတွေက လူတွေလဲ သစ်ရိပ်ခိုကြသည်။ စမ်းချောင်းလေးတစ်လျှောက် သစ်ပင်ရိပ်တွေ ပေါများသော်လည်း ကိုယ်ကတော့ ဒီသစ်ရိပ်မှာပဲ ခိုလေ့ရှိသည်။ တစ်ခါတစ်ရံ ဒီအရိပ်အောက်မှာ လူရှိနေတတ်လျှင် ကိုယ်ခပ်လှမ်းလှမ်းက လှည့်ပြန်တတ်သည်။

“နောက်နေ့တွေလဲ…မင်း.. ပျင်းရင်လာခဲ့လေ။ ဒီမှာငါအမြဲရှိနေမှာပါ”
“ဟင်”
အားအင်ချိနဲ့စွာနဲ့ ပင်စည်ကိုမှီချလိုက်သည်။ ကျောပြင်နဲ့ ပိုကပ်ထားလိုက်ပြီး မျက်ရည်တွေစိုလာသည်။ နောက်..မျက်နှာချင်းဆိုင်အောင် ကိုယ်ကိုတပတ်လှည့်လိုက်ပြီး ပင်စည်ထဲမှာ ဖက်တွယ်မြုပ်ဝင်လို့ ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်။
ပျင်းလို့လာတယ်…ဒီလိုထင်နေသလား။ ငါ့မှာလေ..မရှိတဲ့အချိန်တွေထဲက ရသမျှအချိန်လေးလုပြီး အေးမြတဲ့ အရိပ်မှာခဏလေးဖြစ်ဖြစ်ခိုဝင်ချင်လို့ အဝေးကြီးကလာခဲ့တဲ့သူပါ။ ခါးသီးမှုတွေ၊ မောပန်းမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်ခြင်းတွေနဲ့ မင်းဆီကို အရောက်လာခဲ့သူပါ။
မင်းအရိပ်မှာ ခိုနားနေသူရှိတဲ့နေ့ဆိုရင်လဲ လှည့်ပြန်တတ်သူပါ။

“အချိန်ရှိတယ်…မရှိဘူးဆိုတာလဲ မင်းကိုယ်တိုင်သာဖန်တီးနေတာပဲမဟုတ်လား၊
နောက်ပြီး ငါက အရိပ်ပေးရမယ့်တာဝန်ရှိတယ်။ ဒီအရိပ်ဟာမင်းတစ်ယောက်ထဲအတွက်တော့ မဖြစ်နိုင်ဘူးလေ”

“နားလည်ပေးပါတယ်။ ဒီအရိပ်ကို တစ်ယောက်ထဲအတွက်တောင်းဆိုနေတာလဲမဟုတ်ပါဘူး။ ဒါပေမယ့် မင်းဆီလာနေတာ..မင်းနဲ့ရှိနေချင်တာတစ်ခုတည်းသက်သက်ဆိုတာတော့ လက်ခံပေးပါနော်”
ပင်စည်ကြီးကို နှုတ်ခမ်းနဲ့ အသာလေးထိတို့ထားရင်း ခပ်တိုတိုးရည်ရွတ်လိုက်မိတယ်..။ နှုတ်ခမ်းပေါ်မှာ ကြမ်းရှရှအထိအတွေ့တစ်ခု။ ဒီအတွေ့ကိုပျယ်ပြယ်မသွားစေ့ချင်မိတဲ့ စိတ်နဲ့ ပင်စည်နဲ့ နှုတ်ခမ်းကိုဖိကပ်ထားလိုက်မိသည်။

“သွားတော့မယ်”

ခပ်တိုးတိုးပြောပြီး မတ်တပ်ရပ်လိုက်သည်။ လေအဝှေ့မှာ ပါးပါးလျှလျှအကျီ င်္အဖြူက လွန့်လူးသွားသည်။ ဖိနပ်ထဲ ခြေထိုးစီးလိုက်သည်။ ထမင်းဗူးအိတ်လေးကို ကောက်ယူလိုက်သည်။ ခါးကိုဆန့်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ သစ်ပင်ကြီးဘက်ကို တစ်ချက်ငေးကြည့်လိုက်သည်။ ပြီးတော့ လာရာလမ်းလေးအတိုင်း ပြန်ခဲ့ပါတော့သည်။



Sunday, May 06, 2007

မပွင့်တဲ့ပန်း



တောက်လက်တဲ့ လရောင်နဲ့ ချိုးချ၊ သဇင်ရနံ့နဲ့ သုတ်လိမ်း၊
တိမ်းယိမ်းညင်သာတဲ့ ညလေနဲ့ ဆံနွယ်တွေကို ခေါင်းလျှော်ရင်း..
ငါ မင်းကိုစောင့်နေတယ်..ပန်းပွင့်ငယ်ရေ…
လရောင်နဲ့မှ ပွင့်တဲပန်းမို့ …..
ငါစောင့်ရတာလဲနွမ်းပေါ့။


အို…
လရောင်ရေးရေးမှာ…ပွင့်အာလာတော့မယောင်
ပွင့်ဖတ်ကိုမြင်တော့ ..
ငါ့ရင်..ဟန်ဆောင်မရ..အသာခုန်ရပါတယ်.. အိုပန်းငယ်ရေ..

အဲဒီအချိန်မှာ တိမ်ညိုမဲက မမျှော်လင့်ဘဲ ဖုံးကွယ်
မင်းရှက်လို့ကွယ်.. ပြန်ငုံသွားပေါ့…
ဘယ်တော့များမှ ပွင့်လာဦးမလဲ..အိုပန်းပွင့်ငယ်…

တစ်ကယ်တော့..မင်းရဲ့သခင်..ငါမဟုတ်လေသမို့..။
ငါ့အတွက် မပွင့်တဲ့ပန်း အမြဲလန်းစေဖို့…။
ခူးဆွတ်မယောင်လက်..အသာရုတ်ကာ..
ဝေးဝေးကသာ ငေးပါမယ်..အိုပန်းငယ်။




Friday, May 04, 2007

ကန္တာရမိုး

နေခြစ်ခြစ်တောက်ပူနေသည်။ ကောင်းကင်က တိမ်ကင်းစင်နေသည်။ နေမင်း၏ စူးရဲသော အပူရှိန်ကြောင့် နဖူးကချွေးတို့ တဒီးဒီးစီးကျနေသည်။ ဖိနပ်မပါသော သူမ၏ ခြေထောက်တို့သည်လည်း ပူပြင်းသော သဲပူပူပေါ်မှာ ကျိန်းစပ်နေပြီ။ အရှေ့၊ အနောက်၊တောင်၊မြောက်..ပတ်ပတ်လည် ၀ိုင်းနေသည်က.. အဆုံးအစမဲ့သော သဲပင်လယ်…။
အပူရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ယင်မူးဝေချင်လာသည်။ ရေငတ်လွန်းလို့ လည်ချောင်းများပင် အက်ကွဲလာသလိုခံစားရသည်။

ဟော…..
ခပ်ဝေးဝေးက သဲကြမ်းပြင်ပေါ်မှာ လျှပ်ရောင်တလက်လက်…။
“ရေ…”
“ရေ…တွေ့ပြီ”

တရွတ်တိုက်ဆွဲနေသော ခြေထောက်တို့ မျှော်လင့်ချက်နှင့် အားအင်ပြည့်လာသည်။
ရေရှိရာဘက်ကို အားအင်သုံးလို့ လှမ်းလျှောက်လာခဲ့သည်။
ဘယ်လောက်ကြိုးစားပါစေမူ၊ ရေရှိရာဆီကို ရောက်မလာနိုင်သေး။
ဝေးလွန်းလှချည်လား။
မျက်စိတွေပြာလာသည်။ အသက်ရှုမ၀ချင်တော့၊
သဲပြင်ပေါ်ကို ပုံရက်သားလဲကျသွားတော့ ခပ်ဝေးဝေးက ရေပြင်ကိုငေးကြည့်လိုက်သည်။ ကိုယ်ကို တရွက်တိုက်ဆွဲလို့ ရေရှိရာဘက်ကို တွားသွားရင် ထပ်မံမျှော်ငေးကြည့်လိုက်တော့..။



ခပ်ဝေးဝေးက တလက်လက်တောက်ပနေတဲ့…တံလျှပ်။
“သြော်…တံလျှပ်ကို ရေထင်ခဲ့မိသူပါလား”

မျှော်လင့်ချက်မဲ့စွာနှင့် သဲပြင်ပေါ်မှာ အရုတ်ကြိုးပြတ် မှောက်ရက်လဲကျသွားသည်။ ငိုဖို့ကြိုးစားကြည့်သည်။ မျက်ရည်ကထွက်မလာ။ ကိုယ်ခနွာထဲမှာ ရေခမ်းချောက်နေပြီပဲ။ သဲတွေကို လက်နဲ့ ဆွဲဆုပ်ထားရင်း အံကြိတ်ထားမိသည်။ တစ်ကိုယ်လုံးနာကျင်တုန်ယင်နေပြီ။

ထိုအချိန်မှာ ရုတ်တရက် မိုးချိန်းသံ။ အို…ဟုတ်မှဟုတ်ရဲ့လား၊
ကောင်းကင်ကို ရှိသမျှအားနဲ့ မော့ကြည့်လိုက်သည်။ ဟုတ်တယ်…..မိုးတိမ်။ တိမ်မဲညိုတစ်လိပ်..သူမ ထိပ်တည့်တည့်မှာ။ ရုတ်တရက်..မိုးစက်ပွင့်တို့ တိမ်မဲညိုက ကြဲချလိုက်သည်။ ငွေရည်တွေက ဆံပင်တွေပေါ်မှာ၊ ပါးပြင်ပေါ်မှာ၊ နှာသီးထိပ်မှာ၊ လည်ပင်းတစ်လျှောက်မှာ၊ အရောင်မဲ့တဲ့ အကျီ င်္လက်ဖျံမှာ၊ လက်မောင်းတွေပေါ်မှာ၊ စုတ်ပြတ်နေတဲ့ ထမီအနားစမှာ၊ သလုံးသားတွေမှာ၊ ဖိနပ်မပါတဲ့ ပေရေနေတဲ့ ခြေဖမိုးတွေပေါ်မှာ၊ ပတ်ဝန်းကျင်က အနက်ရောင်သဲတွေပေါ်မှာ။ သူမ မျက်နှာကို မိုးစက်တွေရှိရာသို့ မော့ထားလိုက်သည်။ မိုးရေတွေက သူမနှုတ်ခမ်းကို အရှိန်ပြင်းပြင်းထိခတ်နေသည်။ မိုးရေကို သူမ သောက်သုံးဖို့တော့ ကြောက်ရွံ့နေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မျက်လုံးများကို မှိတ်ထားမိသည်။

မိုးတိမ်က အဝေးကို ဆက်လက်ရွေ့လျောသွားပြီ။ စူးစူးရဲရဲနေမင်းက တဖန်ပြန်ပေါ်လာသည်။ ခပ်ဝေးဝေးကို ဆက်လက်လွင့်မျောသွားနေသည့် မိုးတိမ်ကို သူမငေးကြည့်နေမိသည်။ သူမ တကိုယ်လုံးတုတ်တုတ်ရွှဲနေသည်။ ဒါပေမယ့် မကြာခင် သူမအ၀တ်အစားတို့ ပြန်လည်သွေ့ခြောက်သွားဦးမည်။

သူမ သဲပြင်ဘက်ကိုငုံ့ကြည့်လိုက်သည်။
အို…သူမလက်ဖမိုးပေါ်မှာ..မိုးစက်တစ်ပွင့်။ သူမရင်ခုန်သွားသည်။
လက်ဖမိုးကို သူမနှုတ်ခမ်းဆီသို့ ဖြည်းငြင်းစွာ ဆွဲယူပြီး နှုတ်ခမ်းနှင့်ကပ်ထားလိုက်သည်။
မိုးစက်လေးက သူမနှုတ်ခမ်းထိပ်မှာ…။

ထိုအချိန်မှာ သူမ ….မျက်လုံးတွေပြာဝေလာသည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာသည်။ ကောင်းကင်ကတော့ ပိုလင်းလာသလိုလို။ အဝေးမှာလဲ ဓမ္မတေးသံလိုလို…။

“ရေ..မရှိလို့ ခြောက်သွေ့သော..
လွင်ပြင်တွင် ကျွန်ုပ် ၀ိညာဉ်…
ကိုယ်တော်ရှင်ကို ကြိုးစားလို့ ရှာသောအခါ”။

သူမ မျက်လုံးတို့ ပိုလို့ပြာဝေလာသည်။ သူမသိနေသည်။
သူမ..သွားရတော့မည်။ သူမ နှုတ်ခမ်းလေးက အားအင်ချိနဲ့စွာ တစ်ဖြည်းဖြည်းပြုံးလာသည်။
သူမ နောက်ဆုံးပင့်သက်ကိုရှုလိုက်ရင်း ခေါင်းက သဲပြင်ပေါ်သို့ ဖြည်းငြင်းစွားစောင်းကြသွားသည်။ သူမနှုတ်ခမ်းပေါ်က ရေစက်လေးကလဲ အားအင်ချိနဲ့စွာ…နဲ့ ဖြည်းငြင်းစွာ သဲပေါ်ကို လိမ့်ဆင်းသွားပါတော့သည်။


LinkWithin

Related Posts Plugin for WordPress, Blogger...