မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 30, 2007

ကြက်

ဟိုးငယ်စဉ်အခါ နွေရာသီကျောင်းပိတ်ရက်တစ်ခုတုန်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်တဲ့ သင်္ဘောတစ်စီးနဲ့အတူ မိသားစုအပျော်ခရီး ထွက်ခဲ့တယ်။ ခရီးမထွက်ခင် ညကတည်းက နောက်တစ်နေ့  ခရီးထွက်ရမှာကို တွေးပြီးပျော်လွန်းလို့  အိပ်လို့ တောင် မပျော်ခဲ့ဘူး။ နံနက်ရောက်တော့ ကြက်မတွန်ခင် ဝေလီဝေလင်းအချိန်မှာ သဘောင်္ဆိပ်ကို ရောက်ခဲ့ကြတယ်။ သဘောင်္ဆိပ်က လူတွေ၊ ကုန်တင်ကုန်ချအလုပ်သမားတွေရဲ့ အသံတွေနဲ့  အသက်ဝင်လှုပ်ရှားနေတယ်။ နံနက်ခင်း လေထဲမှာလဲ ကောက်ညှင်းပေါင်းနံ့ ၊ မုန့် ဟင်းခါးနံ့ ၊ ဘယာကြော်နံ့တို့  မွှေးပျံ့  နေတယ်။

ဒီလိုနဲ့ သောင်ပြင်ဖြူလွလွတွေပေါများတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်လာတာ တစ်နေကုန်လို့  ညရောက်လာခဲ့ ပြီ။ ကမ်းရိုးတစ်လျှောက်က ခြေတံရှည်တဲအိမ်လေးတွေမှာ မှုန်ဝါးဝါး မီးရောင်လေးတွေ ညအမှောင်ကြီးစိုးလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း အရောင်ပိုလက်လာကြတယ်။

သဘောင်္ပေါ်မှာ လူသံတွေတစ်ဖြည်းဖြည်းတိတ်ဆိတ်လာတယ်။
အားလုံးအိပ်ရာဝင်ဖို့  ပြင်ဆင်နေကြတာပေါ့။ ခရီးသည်တွေအားလုံး ကိုယ့်နေရာတွေမှာကိုယ် အဆင်ပြေနေသားကျနေကြပြီ။


အဲဒီအချိန်မှာ ခရီးသည်တစ်ဦးဖြစ်တဲ့  အဖွားတစ်ယောက်က အိပ်ရာမ၀င်ခင်
အပေါ့ အပါးသွားဖို့  သဘောင်္ရဲ့  ပဲ့ပိုင်းကိုထွက်သွားတယ်။ အလင်းရောင်ကလဲနဲ သူ့ ခမျာ အသက်ကလဲကြီးတော့ မမြင်မစမ်းနဲ့  ပဲ့ပိုင်းနားက ကြိုးနဲ့ချည်ထားတဲ့ ကြက်တစ်ကောင်ကို သွားတက်နင်းမိလိုက်တယ်။ ကြက်ကတော်တော်နာပြီး တော်တော်လေးလဲ လန့်သွားတယ် ထင်တယ်။ အော်နေလိုက်တာမရပ်နိုင်တော့ဘူး။

လူတွေအားလုံးကလဲ အိပ်ဖို့  ပြင်နေကြတော့  ဇိမ်ပျက်သွားကြတာပေါ့ ၊
အဲဒီအဖွားက အနီးအနားမှာရှိတဲ့  ခရီးသယ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ဓာတ်မီးတောင်းလိုက်တယ်။
“ဟဲ့ ငါ့ ကို ဓာတ်မီးပေးကြစမ်း” တဲ့။
အနားကခရီးသယ်တွေကလဲ သူတို့အိတ်ထဲက ဓာတ်မီးဝိုင်းကူရှာပေးကြတယ်။
ကြက်ကလဲ “ကတော် ကတော်”နဲ့  တော်တော်ကျယ်ကျယ်ဆက်အော်နေတယ်။
“အော်…ဓာတ်မီးမြန်မြန်ပေးကြစမ်းပါ” စိတ်မရှည်တော့တဲ့လေသံနဲ့ အဲဒီအဖွားကထပ်ပြောတယ်။
“ရော့ရော့ ဒီမှာအဖွား၊ အဖွားအိမ်သာသွားရင်ယူသွားဖို့လား၊ သွားပြီးပြန်လာမှပေး” လို့  လူတစ်ယောက်ကဓာတ်မီးလှမ်းပေးရင်း ပြောလိုက်တယ်။
အဲဒီအချိန်မှာ အဲဒီနားမှာ ဓာတ်မီးရှာတဲ့အသံတွေကော၊ တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေတဲ့ လူသံတွေကော၊ ကြက်အော်သံတွေပါ ဆူညံနေတယ်။
“နေကြစမ်းပါဦး” လို့  အဖွားက တော်တော်စိတ်တိုနေတဲ့ အသံနဲ့  ပြောပြီး ဓာတ်မီးကိုလှမ်းယူလိုက်ပြီး ကြက်ရှိရာနေရာကို မီးနဲ့  လှမ်းထိုးကြည့် လိုက်တယ်။
ပြီးတော့ ခပ်လေးလေးနဲ့  တစ်လုံးချင်း ပြောချလိုက်တယ်။

“သြော်… ကြက်ပဲ”


ဧပြီလ ၂၁၊ ၂၀၀၆ အိပ်မက်ဒေါ့ကွန်း


နေသာတဲ့ နေ့တစ်နေ့

ဒီနေ့ သိပ်လှတဲ့နေ့..
ကောင်းကင်ဟာ အပြာရောင်တောက်တောက် ကြည်လင်လှပ၊ ငှက်တို့ပျော်ကြတဲ့နေ့…
ခြံထဲက ပန်းကလေးတွေ လေယူရာယိမ်းတဲ့နေ့..
တခြားသူတွေအတွက်တော့ ထူးထူးခြားခြားနေထီးဆောင်းတဲ့နေ့..နေထီးအ၀ိုင်းက ကြီးလွန်းလို့ ကင်မရာထဲ ၀င်အောင် မနည်းချိန်ရင်း မြက်ခင်းစိမ်းပေါ် အိပ်ပြီးရိုက်ရတဲ့ အခြေအနေရောက်သွားတော့ ကောင်းကင်ပြာကို နောက်ခံထားလို့ လွတ်လပ်စွာ ပျံဝဲနေတဲ့ လိပ်ပြာဖြူလေးတွေကို ကလေးဘ၀ကလို ပြန်လည်ငေးမောခွင့်ရခဲ့ပြန်တယ်။
တစ်ကယ်တော့ ကိုယ့်အတွက်ကတော့ တစ်ရက်ခြားတစ်ခါ မြင်နေကျ ခုနှစ်လွှာသက်တန့်ရဲ့ သာမန်နေ့လေး တစ်နေ့..။ လူတွေကတော့ ယုံကြမယ်မဟုတ်ဘူး..နေ့စဉ်လိုလို၊ ကိုယ်..သက်တန့်မြင်တယ်လို့ ဆိုရင်..။



ကုန်လွန်ခဲ့တဲ့ ဆောင်းရာသီရဲ့ ရိုက်ချက်ပြင်းပြင်းကြောင့် အုန်းပင်ပျိုရယ်၊ နှင်းဆီနှစ်ပင်ရယ်၊ fig အသီးပင်နှစ်ပင် သေဆုံးသွားပြီ။ မိုးကြိုးပစ်ခံရသလို မဲကျစ်နေတဲ့ fig အပင်လေးနှစ်ပင်ကို နစ်မျောတသ ကြည့်နေမိတဲ့နေ့ လို့လဲဆိုနိုင်ပါတယ်။ ခြံထဲမှာ ခိုအောင်းနေတဲ့ နွေဦးပေါက်ရင် ထွက်လာလေ့ရှိတဲ့ ယုန်ညိုလေးသားအမိလဲ ကိုယ်မတွေ့တော့ဘူး။ ဘယ်ကိုများပြောင်းရွှေ့သွားပြီလဲ။ ဒါမှမဟုတ်..ဒီဆောင်းကို မကျော်နိုင်လို့များလား။ တစ်နေရာရာကို ပြောင်းသွားတာဖြစ်ပါစေလို့ ကြိတ်ဆုတောင်းနေမိတယ်။

ဒီနေ့ သူငယ်ချင်းတစ်ယောက် အနည်းငယ်စိတ်ဓာတ်ကျနိုင်တဲ့နေ့။ သူစိတ်ပျော်ပါစေလို့ ရယ်ရွယ်ပြီး နေထီးဆောင်းတဲ့ပုံလေး တင်ပေးလိုက်တယ်။ အလုပ်က ပါဝါနက်ပ် ယူအပြီးကြည့်လို့ရအောင်..။ မှတ်ကျောက်အတင်ခံရတဲ့ သေးငယ်တဲ့ စမ်းသပ်ခံရမှုလေးတစ်ခုလို့ သူယူဆနိုင်ပါစေ။



ကောင်မလေးကို ပေးဖို့ထင်တယ်၊ ပန်းတစ်ပွင့်တောင်းတဲ့ မောင်လေးတစ်ယောက်အတွက် ပန်းသီးပင်က ပန်းလေးတွေလဲ တင်ပေးလိုက်ပါတယ်။ ကြိုက်သလို ခူးယူပါ.. ဒီနှစ်ပန်းသီး လေး၊ငါး၊ဆယ်လုံး ကျန်ရင်တော်ပါပြီ။ ပန်းသီးငါးပိချက် ချက်စားရရုံကျန်ရင် ကျေနပ်ပါတယ်။

Sunday, April 29, 2007

ဆန်းစစ်ခြင်း

ကျွန်မတို့ ဘလောဂ့်လောကရဲ့ ဒီတစ်ခါ ripple effect က ပျော်စရာလဲကောင်း၊ တစ်ဦးနဲ့ တစ်ဦးလဲ ပိုမိုခင်မင်ဖို့ဖြစ်စေတဲ့ အရာလေးတစ်ခုပါ။ အပေါ်ယံကြည့်ရင်တော့ ကိုတက်စလာစပေးလိုက်တဲ့ အပျော်ကစားတဲ့ ကစားနည်းလေးတစ်ခုလို့ မြင်နိုင်ပေမယ့် တစ်ကယ်တမ်း ဆန်းစစ်ကြည့်ရင်တော့ မိမိကိုယ်ကို ပိုကြေညက်အောင် စာဖတ်ခိုင်းလိုက်တဲ့ တိမ်မယောင်နဲ့ နက်တဲ့ကစားနည်းလေးတစ်ခုလို့ ထင်မိတယ်။

ကိုယ့်အကြောင်းပြောရတော့မယ်ဆိုရင် မိမိကိုယ်ကို အရင်ဆုံးဆန်းစစ်လိုက်မိကြမှာပဲ။
ကျွန်မကြိုက်တဲ့ စာရေးဆရာ Ruggiero ဆိုသလိုပဲ အနည်းဆုံး တော့ အခြေခံကျတဲ့မေးခွန်းလေးတွေတော့ ကိုယ့်ကိုကိုယ်မေးလိုက်မိမှာပါ။
ကိုယ်ဟာ စကားများတဲ့သူလား၊ စကားနဲတဲ့သူလား။
အဆိုးမြင်ဝါဒီလား၊ အကောင်းမြင်တတ်သူလား။ အလုပ်ကျိုးစားသူလား၊ အလုပ်ပျင်းသူလား။
သတ္တိရှိသူလား၊ သူရဲဘောကြောင်သူလား။ အရာရာကို အလေးအနက်ထားသူလား၊ ခပ်ပေါ့ပေါ့တွေးတတ်သူလား။ နှိမ့်ချတတ်သူလား၊ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်သူလား။ သူစိမ်းတွေကြားထဲမှာ စိတ်လှုပ်ရှားသူလား၊ ကြောင်နေတတ်သူလား၊ ဒါမှမဟုတ် လိုက်လျောညီထွေ ဆက်ဆံပြောဆိုတတ်သူလား။ ဘ၀မှာ အခက်အခဲစိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတဲ့အခါတိုင်းမှာ ပြသနာတစ်ခုကို တည်ငြိမ်စွာဖြေရှင်းတတ်သူလား၊ ဒေါသရှေ့ထားတတ်သူလား။ စိတ်တည်ငြိမ်သူလား၊ စိတ်အတက်အကျမြန်သူလား။ အရာရာမှာ မိမိကိုယ်ကို ယုံကြည်မှုရှိသူလား။ ကျောင်းမှာ၊ ရုံးမှာ၊ အစည်းအရုံးတွေမှာ ကိုယ့်ထက်စာတော်တဲ့သူ၊ လူကြိုက်များတဲ့သူ၊ နာမည်ကြီးတဲ့သူတွေကို မနာလို ၀န်တိုစိတ်ရှိတတ်သူလား။

ကိုယ်ဟာဘယ်အတိုင်းအတာအထိ ယုံကြည်ရတဲ့သူလဲ။ နှုတ်လုံတဲ့သူလား၊ နေ့မဆိုင်းပဲ တဆင့်အတင်း ပြန်ပြောတဲ့သူလား။ သူငယ်ချင်းတွေအပေါ်မှာ ဘယ်အတိုင်းအတာအထိ သစ္စာရှိတဲ့သူလဲ။ လူတွေကို အသုံးချတတ်တဲ့သူလား။ သူများကိုကိုယ်ချင်းစာနာတတ်သူလား။ တမင်သက်သက် နာကျင်အောင်ရည်ရွယ်ပြီး လူတွေကို နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ နစ်နာစေတဲ့သူလား။ ကိုယ့်ကြောင့်လူတွေပြသနာဖြစ်ရင် ကြိတ်ပျော်တတ်သူလား။ ခင်မင်နေတဲ့ လူနှစ်ဦးကြားမှာ မိတ်ဆွေပျက်အောင် ကုန်းချောတတ်တဲ့သူလား။ အတင်းပြောသူ၊ မနာလိုတတ်သူလား။ ကိုယ့် ဂုဏ်တက်ချင်လို့ တပါးသူကို နှိမ့်ချပြီးပြောတဲ့သူလား။ ဂတိသစ္စာတည်တဲ့သူလား။ တပါးသူတွေ အမှားလုပ်မိရင် ခွင့်လွှတ်သည်းခံနိုင်တဲ့သူလား စသဖြင့် မိမိကိုယ်ကို မေးလိုက်မိကြမှာပါ။

တစ်ခါတစ်ရံတော့လဲ အကောင်းချည်းပဲ မြင်နေတာဖြစ်ဖြစ်၊ နေရာတစ်ကာ သတ္တိသိပ်ရှိနေတာဖြစ်ဖြစ်၊ အရာရာကို အမြဲအလေးအနက်ထားလွန်းနေတာပဲဖြစ်ဖြစ် သိပ်တစ်ဖက်စွန်းရောက်လွန်းနေရင်တော့လဲ မဖြစ်သေးဘူးလို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ရှိသင့်တာထက်ပိုပြီး ယုံကြည်မှုလွန်လို့ စာမေးပွဲကျတာတို့၊ အမှတ်နည်းသွားတာတို့၊ အလုပ်အင်တာဗြူးမှာ ကျတာတို့ ဖြစ်တတ်ပါတယ်။ စကားတွေအများကြီးသိပ်ပြောရင်လဲ အရိုအသေတန်သလို၊ သိပ်နဲလွန်းရင်လဲ ကြောက်တတ်သူ၊ အရာရာကို အလျော့ပေးတတ်သူလို့ အရိုအသေတန်တတ်ကြတယ်။ အချို့နေရာတွေမှာ အလေးအနက်ထားသင့်တဲ့ နေရာရှိသလို၊ အချို့နေရာမှာ ခပ်ပေါ့ပေါ့နဲ့ ကြီးတဲ့အမှုကို ငယ်စေတတ်တဲ့ သူတစ်ယောက်လဲဖြစ်သင့်ပါတယ်လို့ကျွန်မထင်မိတယ်။

ကိုယ့်အကြောင်းဆန်းစစ်ပြီးပြီဆိုရင် မိမိရဲ့ ဘယ်ပုံစံကို အများနဲ့ ဝေမျှမလဲလို့လဲ ထပ်မံဆန်းစစ်ကြည့်မိကြမှာပါ။ လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ အသက်ရှင်ကြတယ်။ ဥပမာ..(ပထမတော့ ကိုဖြူနေရာမှာ ကိုရန် သို့မဟုတ် မဂျစ်ထည့် လိုက်ဦးမလို့)။ အွန်လိုင်းပေါ်က ကိုဖြူ၊ အမေ့သားကိုဖြူ၊ ချစ်သူရဲ့ ကိုဖြူ၊ ကျောင်းဝင်းထဲက ကိုဖြူ၊ မြန်မာအသိုင်းအ၀ိုင်းက ကိုဖြူနဲ့ အဖြူတွေကြားက ကိုဖြူရဲ့ ပုံရိပ်တွေက တစ်ခုနဲ့ တစ်ခု ဘယ်လိုမှ မတူသလို တူနေဖို့လဲ မသင့်ပါဘူး။ ဒီလိုပဲ ကျွန်မလဲ အွန်လိုင်းပေါ်မှာ ရုံးစာရေးသလိုသွားရေးမိရင်၊ ရုံးစာတွေကို ၀တ္ထုရေးသလို သွားရေးနေရင်၊ ရုံးက အစည်းဝေးတွေမှာ နှုးညံ့သိမ်မွေတဲ့ မြန်မာမလေးတစ်ယောက်လို သွားပြောနေ၊ ဆိုနေမယ်၊ ဘာမှမပြောပဲ အားလုံးကို သဘောတူပြီး ခေါင်းပဲ ငြိမ့်နေမယ်ဆိုရင်၊ ဒါမှမဟုတ် မြန်မာတွေကြားမှာ ဘိုလာဆန်ပြနေမိမယ်ဆိုရင်….။ ဇာတ်ကောင်စရိုက် ရောယှက်မှုတွေနဲ့အတူ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ မိဘတွေနဲ့ ဆက်ဆံပြောဆိုနေတဲ့ လူတစ်ယောက်ရဲ့ အပြုအမှု(role)၊ အထက်အရာရှိနဲ့ဆက်ဆံနေတဲ့အပြုအမှု၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံနေတဲ့ထိုသူရဲ့ အပြုအမှုတွေဟာ ဘယ်လိုမှမတူနိုင်ပါဘူး။ (ဒီနေရာမှာ ဘိုဆန်ခြင်း၊ မြန်မာဆန်ခြင်းကို အကျယ်တ၀င့် အဓိပယ်ဖွင့်ဆိုနိုင်ပါသေးတယ်။ မြန်မာဆန်တယ်ဆိုတာဘာလဲ။ မြန်မာစိတ်ဓာတ်ရှိတယ်ဆိုတာဘာလဲ စသဖြင့်ပါ။ မြန်မာအစားအစာကြိုက်တာလား၊ မြန်မာလိုဝတ်စားဆင်ယင်တာကို ကြိုက်တာလား၊ ဘယ်လိုပြုမှုပြောဆိုနေထိုင်မှုမျိုးကို၊ စိတ်ဓာတ်မျိုးကို မြန်မာဆန်တယ်။ အရှေ့ဆန်တယ်၊ အနောက်ဆန်တယ်၊ အရှေ့အလယ်ပိုင်းဆန်တယ်၊ အာဖရိကန်ဆန်တယ်၊ အင်းဒီးယန်းဆန်တယ်လို့ ဒီဖိုင်းလုပ်ကြသလဲဆိုတာတွေလဲ ဆက်တွေးနိုင်ပါတယ်)။

ဒီလိုပဲ အတွေးအခေါ် အယူအဆဆိုတာလဲ တစ်ခုတည်းဘယ်တော့မှ မရှိသလို၊ တစ်ခုတည်းလဲ ရှိမနေသင့်ပါဘူး။ တစ်ခုတည်းသော အတွေးအခေါ်၊ အယူအဆကပဲ မှန်ကန်တယ်ဆိုတာလဲ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လူတွေအားလုံး တစ်ခုတည်းသော ခံယူချက်၊ ယုံကြည်ချက်၊ ယူဆချက်ကိုပဲ လက်ခံမယ်ဆိုရင် ရှိနေတဲ့ ဦးနှောက်ကို အနားပေးလိုက်ဖို့ပဲရှိပါတော့တယ်။ ဟိုတစ်ခါ ကိုတက်စလာရဲ့ ကဗျာလေးတပုဒ်အောက်မှာ ကျွန်မရဲ့ ထင်မြင်ချက်တစ်ခုရေးခဲ့သလို ကျွန်မတို့လက်ခံကျင့်သုံးနေတဲ့ အတွေးတွေ၊ ခံယူချက်တွေက ကိုယ်တိုင်တီထွင်ဖန်တီးထားတာတွေ မဟုတ်ပဲ၊ သူများတွေ ဖန်တီးပြီးသား ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်လာပြီး အမှန်တရားရယ်လို့ လက်ခံကျင့်သုံးနေကြခြင်းပဲဖြစ်ပါတယ်။ အတွေးအခေါ်သစ်တစ်ခုကို ဖန်တီးနိုင်သူတစ်ဦးတစ်ယောက် ရာစုနှစ်တစ်ခုမှာ တစ်ယောက်တောင်မပေါ်ကြပါဘူး။ ကိုသန့်ဇင် ဟိုတစ်လောလေးက ရေးသွားသလို စံနှုန်းတွေဘယ်လိုမှ မတူတဲ့ မတူညီတဲ့လောကကြီးထဲမှာ သူတပါးတွေကို မိမိစံနှုန်းအတိုင်း တူအောင်လိုက်လုပ်ဖို့ ဝေဖန်၊ မျှော်လင့်ကြိုးစားနေမိတာထက်..မတူညီမှုလေးတွေကို နားလည်မှုနဲ့ကြည့်ပြီး ဟာမိုနီနဲ့ နေကြမယ်ဆိုရင် ပိုပြီးသာယာတဲ့ လောကတစ်ခုကို တည်ထောင်နိုင်ကြမယ်လို့ ထင်မိပါတယ်။

ဆိုကရေးတီးပြောတဲ့ Know thyself ဆိုသလို၊ ကိုယ့်ကိုကိုယ် ညက်ညက်ကလေး စာဖတ်တတ်ဖို့၊ တိမ်မယောင်နဲ့ နက်တဲ့ ဒီကစားနည်းလေးအပြီးမှာ ကိုယ့်အကြောင်းတွေးမိရာကစပြီး အတွေးနယ်ချဲ့မိသွားတဲ့ စာစုလေးတစ်ခုပါ…။


Monday, April 23, 2007

လူတွေမသိတဲ့ ကိုယ့်အကြောင်းတစေ့တစောင်း

ကိုယ့်အကြောင်းလူသိမှာကြောက်ပါတယ်ဆိုမှ ကိုတက်စလာကောင်းမှုကြောင့် www တစ်ခုလုံးသိတော့မှာပါလားနော်..
ကဲ..စပါပြီ။

၁။ ဈေးဝယ်ထွက်ရတာ မကြိုက်တဲ့ ရှားရှားပါးပါးမိန်းမထဲမှာ ကျမ ပါတယ်။ ၀ယ်ရမယ့် ဆိုင်ဆီကိုတန်းတန်းမတ်မတ်သွားပြီး လိုတဲ့ပစ္စည်းဝယ်ပြီးတာနဲ့ မောလ်ထဲက ချက်ချင်းထွက်လာတာပဲ။ ရေမွှေးနံ့၊ လူနံ့တွေနဲ့ ပစ္စည်းနံ့တွေကို မခံနိုင်လို့။ သူငယ်ချင်းတွေနဲ့ အမတွေ၊ညီမတွေနဲ့ ဈေးဝယ်ထွက်တာ လိုတာထက်ကြာတာနဲ့ သူတို့တွေ ဇက်ကြောတွေတက်လွန်းတဲ့ ကျမကို ၀ိုင်းပြီးနှိပ်နယ်ပေးရတော့တာပါပဲ။

၂။ ဗင်ကူးဗား ကျွန်းပေါ်ကို နွေရောက်တိုင်း အနဲဆုံး တစ်နှစ်တစ်ခါတော့ သင်္ဘောနဲ့သွားတယ်။ ၃နာရီပတ်ဝန်းကျင်ကြာတဲ့ ခရီးစဉ်မှာ ဘယ်လောက်အေးအေး၊ လေတိုက်တိုက်၊ မိုးရွာရွာ၊ မြူထထ၊ သင်္ဘောထဲမှာ မစီးပဲ ကုန်းပတ်ပေါ်မှာပဲ လေပြင်းပြင်းထဲမှာ ထိုင်စီးတယ်။

၃။ ကိုယ့်တိုင်းပြည်၊ ကိုယ့်စကားရှိရဲ့သားနဲ့ သူများထူထောင်ပြီးသားတိုင်းပြည်မှာ လာနေနေရတာ၊ ကိုယ့်စကားမဟုတ်တဲ့ စကားကိုပြောနေရတာကို ရှက်တယ် (သိပ်စီး၇ီးယစ်ဖြစ်သွားလားမသိဘူး။ ရင်ထဲရှိရာပြောလိုက်တာပါ။ ဒါဆိုဘာလို့ မပြန်လဲလို့တော့ မမေးပါနဲ့နော်၊ အဖေနဲ့ အမေလွှတ်လိုက်လို့ ရောက်လာရာက၊ သူတို့ပါရောက်လာကြပြီး မပြန်ဖြစ်သေးတာပါ)။ မြန်မာပြည်မြေပုံကို ပိုက်ဆံအိတ်ထဲ အမြဲထည့်ထားတယ်။ ဘားမား၊ မြန်မာပြည်ဆိုလိုက်တိုင်း လူတွေက ဘာမြူဒါလား၊ ကျွန်းသေးလေးတစ်ခုလားလို့ မေးကြလွန်းလို့။ မြေပုံကိုထုတ်ပြဖို့ သွားလေရာသယ်တာပါ။

၎။ ပတ်ဝန်းကျင်မှာ လူတွေစကားတွေအများကြီး ကိုယ့်အလှည့်မစောင့်ဘဲ တစ်ယောက်တစ်ပေါက်ပြောရင် ရင်တွေတုန်ပြီး ခေါင်းတွေမူးလာတတ်တယ်။

၅။ နွေရောက်လို့ ပင်လယ်ကမ်းစပ်မှာ သူများတွေ ဘီကီနီလေးတွေနဲ့ နေစာလှုံချိန်၊ အိပ်နေကြချိန်မှာ ကျမကတော့ ကမ်းစပ်က အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ သဲတွေပေါ်မှာ ဂွမ်းစောင်ထူထူခြုံပြီး အိပ်လေ့ရှိတယ်။

၆။ လူခြေတိတ်ဆိတ်တဲ့ နယ်မြို့လေးတွေဆီ ခရီးထွက်ရတာကြိုက်တယ်။ ဥပမာ ထမင်းဆိုင်ပိုင်ရှင်၊ တက္ကဆီမောင်းသမား၊ စသူတို့နဲ့ သူတို့ဘ၀ အတွေ့အကြုံတွေ တမော့တမောပြောရတာကြိုက်တယ်။

ရ။ ကိုယ်ကြိုက်တဲ့ သီချင်းတိုင်းဟာ ထူးဆန်းလွန်းစွာ နံပါတ်ရှစ်တွေ ဖြစ်နေတတ်တယ်။

၈။ ထမင်း၊ဟင်းမချက်ခင် မီးဖိုချောင်စင့်၊ ဘီဒိုတံခါး၊ ကရွတ်ခွေစသည်ကို သန့်ရှင်းတာလွန်ပြီး မောသွားတာနဲ့ ထမင်းဟင်းချက်တဲ့ဆီမရောက်တော့ပါ။..အဲ…ဟို..ရေချိုးခန်းဝင်ရင်လဲ ကောင်တာတွေ၊ ဘာတွေ၊ ဆေးနေတာနဲ့ လိုရင်းကိစ္စမေ့သွားတတ်တယ်။ (ကိုတက်စလာရော၊ မဂျစ်ရော မကောင်းဘူး)

၉။ အသက်အရှည်ကြီးနေချင်တဲ့ လူတွေထဲမှာ ကျမ မပါဘူး။ ပတ်ဝန်းကျင်ကို ပေးကမ်းဝေမျှ၊ contribute လုပ်နိုင်မှုကုန်ဆုံးသွားချိန်မှာ ဒီလောကထဲက ထွက်ခွာသွားချင်ပြီ။

၁၀။ အမြဲတမ်းလုပ်ချင်ပေမယ့် ဘယ်တော့မှ မလုပ်မယ့် အရာတစ်ခုကတော့ ခရီးနှင်နေတဲ့ သင်္ဘောတစ်စီးရဲ့ ကုန်းပတ်ပေါ်မှာ ဆေးလိပ်သောက်ခြင်းပါပဲ။

အဆစ်ထပ်ထည့်လိုက်ဦးမယ်။ အရာရာကို အလေးအနက်ထားတတ်ပေမယ့် sense of humour ရှိပါတယ်။ သူများတွေရဲ့ ရယ်စရာကို စိတ်ပါလက်ပါ ရယ်ပေးပေမယ့် များသောအားဖြင့် ကိုယ့်ဟာသတွေကတော့ သူများတွေအတွက် ရယ်စရာမကောင်းဘူး ဖြစ်နေတတ်တယ်ထင်တယ်။ တခါက အိပ်မက်မှာ ဟာသတပုဒ်ရေးတာ စာဖတ်သူ တယောက်က ကွန့်မင့်ပေးသွားတယ်။ လုံးဝမရယ်ရဘူးတဲ့။ ဒါနဲ့ပဲ ဟာသများဆိုတဲ့ ကဏ္ဍကနေ အဲဒီပို့စ်ကို ကိုယ်တိုင်ပဲ ဖယ်ပစ်လိုက်တယ်။

ကဲ ကျမ tag လုပ်သူတွေကတော့
ကိုသန့်ဇင်
ကိုညီညီ(သံလွင်)
မထက်ရည်မွန်
တို့ပဲဖြစ်ပါတယ်……..

Tuesday, April 17, 2007

စဉ်းစားပြီးမှ ယုံကြပါ

02-04-2007 နေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ပန်းသတင်းဂျာနယ် အမှတ် ( ) ထုတ်ဝေ ဖြန့်ချိလိုက်ကြောင်း ဂျာနယ်ပါအချက်အလက်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ အဲ့ဒီ အချက်အလက်တွေထဲက ‘‘မကာအို ဟိုတယ်ဘာသာရပ်ဆိုင်ရာကောလိပ်က မြန်မာကျောင်းသား 800 ခန့် ခေါ်ယူမည်‘‘ ဆိုတဲ့ အချက်က ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရောက်အောင် ဆွဲခေါ်သွားတော့ ....

Please click HERE for detailed post by MyanmarPyiThar.

Monday, April 16, 2007

ပန်းစိုက်သူ

ဟုတ်ကဲ့ ကျမ ပန်းပင်လေးတွေကို ပြုစုပျိုးထောင်ရတာကို နှစ်သက်ပါတယ်..
နွေရောက်လာပြီမို့ ပူနွေးလာတဲ့ မြေပြင်မှာ ပန်းကလေးတွေကို မျိုးစေ့ချရတာ..
ပန်းပင်လေးတွေ ရှင်သန်ကြီးထွားလာတာကို အရိပ်တကြည့်ကြည့်နေရတာဟာ
အတ္တတွေကင်းငြိမ်းစေတဲ့ ဆေးကောင်းတစ်ခွက်လိုပါပဲ..

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တီကောင်၊ ကျွတ်၊ ခရုပေါက်၊ လေးတွေကို မကြောက်တတ်အောင် သူတို့ရဲ့သဘာဝကို နားလည်တတ်အောင် သင်ပေးတဲ့ ဖခင်ရဲ့ကျေးဇူးကြောင့် မိန်းကလေးပေမယ့် သူတို့လေးတွေနဲ့ အဆင်အမြဲပြေခဲ့ပါတယ်။

အဆင်မပြေတာကတော့ ကျီးကန်းတစ်ကောင်ပါပဲ။ ကျမ ပန်းဥလေးတွေကို အဖြူရောင် အိုးထဲ မျိုးချပြီး ဘယ်တော့ပေါက်မလဲ စောင့်ကြည့်နေခဲ့တာကြာပါပြီ။ ကျမကလဲ မျိုးချတဲ့အိုးမို့ အနားမသွားမိဘူး၊ နောက်ဘက် ခြံစည်းရိုးနားမှာချထားတဲ့ အိုးကို မီးဖိုချောင်ပြူတင်းပေါက်က ပန်းကန်ဆေးရင်း အဝေးကလှမ်းလှမ်းကြည့်နေခဲတာကြာပါပြီ၊ ဘာအညောင့်မှ ထွက်မလာပါ။
မနက်စောစောတွေမှာတော့ ကိုရွှေကျီးကန်းတစ်ကောင်ကို အဲဒီနားမှာ ရစ်သီရစ်သီတွေ့ပါတယ်။ ဘာလုပ်နေလဲ တိတိကျကျတော့မသိဘူး။ ပန်းစားတဲ့ ကျီးဆိုတာလဲ မကြားဘူးတော့ ဘယ်ထင်ရက်ပါ့မလဲ။
နောက်ပန်းပင်ပေါက်မလာလို့ အနားသွားကြည့်တော့မှ ကိုရွှေကျီးကန်းက ကျမ ပန်းပင်ဥကို ထိုးမွှစားထားတာ တွေ့ရပါတော့တယ်။ အခုအသစ်ထပ်ချရပါတော့မယ်။

ကျမနောက်ဘက်စိုက်ခင်းမှာ ငရုတ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်မိတ်စသဖြင့်လဲ စိုက်လေ့ရှိပါတယ်။ ဗူးသီးကတော့ သိပ်အဆင်မပြေသေးပါ၊ ကနေဒါရာသီက ဗူးသီးအတွက်အေးနေပါသေးတယ်။ ဂရင်းဟောက်စ်နဲ့တော့ ရနိုင်ပေမယ့် ကျမ မတတ်နိုင်သေးပါ။

အွန်လိုင်းသိပ်မလာနိုင်လို့ သင်္ကြန်ရေလာလောင်းတဲ့ သူငယ်ချင်းများနဲ့ စာဖတ်သူများကို အားနာလို့ ရှိစုမဲ့စု ပုံလေးတွေတင်ပေးလိုက်ပါတယ်။ ကျွန်မကို အွန်လိုင်းမှာ အတွေ့နဲရင်.. ပန်းစိုက်တဲ့လက် ကွန်ပြူတာခလုတ် မကိုင်နိုင်သေးလို့လို့နော်…




ဒါကတော့ နွေဦးရာသီရဲ့ ခရိုးကပ်စ်လေးတွေပါ



ဒါက အိမ်နောက်က ကျွန်မရဲ့ချယ်ရီဖြူပါ



ဒါကတော့ နွေဦးရာသီရဲ့ Heather လေးတွေပါ..သူကတော့ ချုံပုတ်အမျိုးအစားထဲမှာပါပါတယ်..


ဒါကတော့ ကျမရဲ့ အ၀ါရောင်ကျူးလစ်ပန်းတွေပါ..


ဒါကတော့ နေ၀င်ချိန်တိမ်တောက်ချိန်ရောက်ရင် ပန်းနုရောင်သန်းသွားတဲ့ ကျမရဲ့ ချယ်ရီဖြူပါ.

နောက်မှဆက်ပါဦးမယ်
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်..

အိမ့်ချမ်းမြေ့

Friday, April 13, 2007

ငုဝါ



တော်မ၀င်ပေမယ့်
ပေါ်ထင်တဲ့ပန်း..
အမြဲလန်းပါစေ..
ငု..ရေ..







သင်္ကြန်ရောက်ရင်
ငု နဲ့ ကံ့ကော်ကိုလွမ်းတယ်..

Tuesday, April 10, 2007

စာအုပ်နောက်ဖုံး - ဥပမာ



သူငယ်ချင်းတို့ရေ…
ဘလော့ဂ်စာအုပ်နောက်မှာ ဒီလိုမျိုး gist ရေးပြီး ဘလော့ဂ်ဆိုတဲ့ အရာနဲ့ မရင်းနှီးဖူးသေးသူတွေကို အကြမ်းဖျင်း အဓိပယ်ဖွင့်ဆိုပြကြရင်ကောင်းမလားလို့ပါ..

အိမ့်ချမ်းမြေ့

Saturday, April 07, 2007

လွတ်မြောက်ခြင်း

မိုးရွာပြီးစမို့ နေ၀င်ဖျိုးဖျကောင်းကင်က ကြည်လင်နေသည်။ နီယွန်မီးရောင် ၀ါကျင့်ကျင့် အောက်မှာ မိုးငွေ့တို့ဝေ့၀ဲနေသည်။ ရေစပ်စပ်မြေနီလမ်းပေါ်မှာလဲ မိုးငွေ့တွေ။ အင်္ကျီအိတ်ထဲကို လက်နှစ်ဖက်ထည့်ထားရင်း လမ်းလျှောက်နေတဲ့ နိုး ခြေလှမ်းတွေ အရင်နေ့တွေကထက် လွတ်လပ်ပေါ့ပါးနေသည်။ နှုတ်ခမ်းတွေလဲ ကွေးသည်ဆိုရုံ ပြုံးနေတာကို နိုးကိုယ်နိုး သတိထားလိုက်မိသည်။ ရင်ထဲမှာတော့ လွတ်လပ်ခြင်းရဲ့အရသာကို သိသိသာသာကြီး ခံစားနေရသည်။ ပေါ့ပါးလွတ်လိုက်နေလိုက်တာ ဝေဟင်မှာ အတောင်ဖြန့်ပျံနေတဲ့ ငှက်တစ်ကောင်ထက်တောင် လွတ်လပ်၊ ပျော်ရွှင်၊ ရင်ခုန်နေဦးမည်ထင်သည်။ မိုးရိပ်မိုးငွေ့တွေရှိနေတာတောင်မှ ကောင်းကင်က သည်နေ့မှ ပိုလို့ကြည်လင်နေသလိုလို၊ လေထဲက ဘူးသီးကြော်နံ့က ပိုလို့ မွှေးပျံ့နေသလိုလို၊ ကားဂိတ်နောက် လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံက ပိုလို့သာယာငြိမ့်ညောင်းနေသလိုလို၊
ရှေ့တူရှုကိုတည့်တည့်ကြည့်ရင်း မိုးငွေ့တွေရောယှက်နေတဲ့ ညနေခင်းလေကို နိုး တ၀ကြီးရှုရှိုက်လိုက်သည်။

ခြံထဲလှမ်းဝင်လိုက်တော့ ခံပင်ကခံသီးနီနီလေးတွေပေါ်မှာ မိုးရေပေါက်လေးတွေ တွဲကျနေသည်။ ခပ်မြင်မြင့်အကိုင်းက အသီးလေးတွေကို ပြေးခုန်လို့ လက်နဲ့ပုတ်လိုက်မိသည်။

“ဘာဖြစ်လာတာလဲ”

ခြံထဲ ရေစပ်စပ်မြက်ခင်းပေါ်က သရက်ကင်းလေးတွေကိုကောက်နေတဲ့ ဒေါ်လေး က လှမ်းမေးလိုက်သည်။

“ပျော်လို့”

ဆံပင်တွေကိုလက်နဲ့သပ်ရင်း ခပ်မော့မော့လေးပြောပြီး နိုး အိမ်ထဲကိုလှမ်းဝင်တော့ နားမလည်သလို ဒေါ်လေးကကြည့်ရင်းကျန်ရစ်ခဲ့သည်။

အဲဒီညက မှောင်စပျိုးလာတော့ အိမ်ရှေ့မှာ အရင်ညတွေကလိုပဲ သီချင်းသည်တွေရောက်လာသည်။ သည်တစ်ခါတော့ ကန့်လန့်ကာကိုအကျယ်ကြီးဖွင့်ပြီး မတ်တပ်ရပ်လို့ နားဆင်နေလိုက်သည်။
နောက်ရက်တွေကစပြီး ဒေါက်မြင့်ဖိနပ်လှလှလေးတွေလည်း
စီးလို့ရပြီဆိုတာကို တွေးမိလိုက်ပြီး နိုး ပြုံးလိုက်မိသည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သူနဲ့ နိုး စတွေ့တဲ့ညနေခင်းက အစ်မတွေရဲ့ စာအုပ်ဆိုင်ဘေးကမြေကွက်လပ်မှာ အရင်နေ့တွေကလိုပဲ လူစုံနေသည်။ နေ၀င်ရီတရော လမ်းမီးရောင်လက်စအချိန်မှာ သူ့စက်ဘီးလှလှလေးက စတီးရောင်ထနေသည်။ စာအုပ်ဆိုင်ထဲကအထွက် အကိုတွေနားက ဘောင်းဘီအဖြူ၊ ရှပ်အဖြူနဲ့ ညကြီးမှာ တစ်ကိုယ်လုံးဖြူနေလို့ ထင်းနေတဲ့သူ့ကို အံ့သြပြီးကြည့်လိုက်မိသည်။ အကိုတွေက ဘာစာအုပ်ငှားလာတာလဲလို့ အလိုက်မသိမေးတော့ လက်ထဲက သိုင်းဝတ္ထုကို ရှက်ရှက်နဲ့ထောင်ပြပြီး ဆက်လျှောက်လာတော့ သူကခေါင်းကိုမသိမသာ ငုံ့ထားရင်းနဖူးပေါ်ဝဲနေတဲ့ ဆံပင်တွေကြားကခိုးကြည့်နေတာကို တွေ့လိုက်သည်။

နောက်ရက်တွေကစပြီး သူ့ရဲ့စက်ဘီးက နိုး အိမ်ရှေ့မှာ အခါပေါင်းများစွာအကြောင်းမရှိ ဖြတ်သွားဖြတ်လာပြုနေခဲ့သည်။ ဖြတ်သွားတိုင်းလဲ လမ်းပေါ်က လမ်းသွားလမ်းလာတွေကို တီးသလိုလိုနဲ့ ခေါင်းလောင်းတီးတတ်တော့ ဒီစက်ဘီးခေါင်းလောင်းသံက နိုး နှင့်သာမက တစ်အိမ်လုံးနဲ့ ရင်းနှီးလာရသည်။
နောက်ရက်တွေမှာ နိုးတို့ အိမ်ရှေ့ကခြံတံခါးနားက ပန်းခြုံကြားမှာ တခါမှမမြင်ဖူးတဲ့ ပလတ်စတစ်အိတ်လှလှလေးတွေထဲက မတ်စေ့အရွယ် အသားညှပ်မုန့်လေးတွေ၊ အပြာရောင်စာအိတ်လှလှလေးတွေ ရောက်ရောက်နေတော့သည်။

“ဘာဘာညာညာတွေ စိတ်မ၀င်စားပါဘူး။ စိတ်မပူပါနဲ့”
မိဘတွေရဲ့ စိတ်ပူနေတဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်း နိုးပြောလိုက်သည်။
နိုး တကယ်လဲစိတ်မ၀င်စားခဲ့ပါ။ နိုး စိတ်ဝင်စားတာ ကဗျာရယ်၊ စာရယ်၊ ကျောင်းစာရယ်၊ သီချင်းလေးတွေရယ်။

“နင့်ကိုချိုးဖို့လို့ ငါတို့ကြားတယ်”
“၀တ္ထုတွေထဲကဟာတွေ နင်တို့လာပြောနေကြတယ်” ပြောရင်း နိုး ရယ်မောလိုက်သည်။
“ဟုတ်တယ်နိုး၊ နင့်ကို ဘယ်သူမှလိုက်လို့မရလို့ သူရအောင်လိုက်မယ်တဲ့”
“ဘယ်ကသာ ဘယ်သူကမှလိုက်လို့ မရမှာလဲ၊ ငါ့လို အလှအပ မမက်မောတဲ့သူကို လိုက်မယ့်သူကို မရှိတာဟေ့”

နိုး ခွက်ထိုးခွက်လန်ရယ်မောနေသည်ကို သူငယ်ချင်းများက ခပ်တည်တည်ကြည့်နေကြသည်။

“နိုး ….နင့်လိုက်မယ့်သူမရှိလို့သာ တော်တော့တာပေါ့ဟာ..”
ချိုကသက်ပြင်းချရင်းပြောသည်။

“နောက်ပြီး နင်က စာကလွဲပြီးလောကကြီးအကြောင်း ဘာမှလဲသိပ်သိတာမဟုတ်ဘူး”
သင်း က၀င်ထောက်လိုက်သည်။

“ငါ ရည်းစားတစ်ယောက်ထားရလောက်အောင် ဘယ်ယောင်္ကျားကိုမှ စိတ်မ၀င်စားသေးလို့ပါဟာ”
နိုး လေးလေးနက်နက်လေးပြောလိုက်သည်။

သည်လိုနှင့် နိုး ဘယ်သွားသွား သူသည် နိုး၏ အရိပ်တစ်ခုဖြစ်ခဲ့သည်။
ကြာလာတော့လဲ သူ၏ လှပသောစာရွက်ပြာများထဲက စကားလုံးလှလှလေးတွေ၊
တယ်လီဖုန်းပေါ်က စွဲမက်ဖွယ် စကားသံတွေကို နိုးသာယာသလိုလိုဖြစ်လာခဲ့သည်။

တစ်နေ့ ။။။
တောင်ကုန်းလေးပေါ်က စက်ချုပ်ဆိုင်မှာ အပ်ထည်တွေထားပြီး ခြံဝိုင်းလေးထဲက
နိုး စက်ဘီးလေးကို တွန်းပြီးအထွက်၊ အနားကိုသူရုတ်တရက် ရောက်လာခဲ့သည်။
ထုံးစံအတိုင်း စကားတွေတတွတ်တွတ်ပြောရင်း၊ စက်ဘီးလက်ကိုင်ပေါ်က နိုးလက်ကို
သူ့လက်နှင့်အုပ်ကိုင်လိုက်သည်၊ တစ်ခါမှ လက်ကိုင်မခံရဖူးတဲ့ နိုး တစ်ကိုယ်လုံး ထူပူကာ၊ တုန်ယင်ပြီး ရှက်စိတ်မွှန်ထူနေခဲ့သည်။

“ဒ်ီပတ်ဝန်းကျင်မှာ နိုး ကို သိတဲ့သူတွေချည်းပဲ..ဒီလိုမလုပ်ပါနဲ့”
“မချစ်ဖူးဆိုရင်လွှတ်မပေးဘူး၊ ချစ်တယ်ဆိုမှလွှတ်ပေးမယ်”

အမှန်ဆိုရင် နိုး သူ့ကိုတွန်းလိုက်ပြီး ထွက်ပြေးခဲ့ဖို့ကောင်းသည်။ သူမြေပေါ်မှာ
ထိုင်ရက်လဲကျသွားလို့ပဲဖြစ်ဖြစ်၊ နိုး အသံကျယ်ကျယ်နဲ့အော်လိုက်လို့ ပတ်ဝန်းကျင်က
နိုးကိုမြင်သွားရင်ပဲဖြစ်ဖြစ်…ဒါတွေဟာအရှက်ကွဲသွားခြင်းမဟုတ်ဆိုတာကို
ငယ်ရွယ်တဲ့၊ အတွေ့အကြုံမရှိတဲ့ နိုး... မသိခဲ့။
နိုး ရှက်စိတ်နှင့်တုန်ရင်စွာ ခေါင်းငြိမ့်ခဲ့သည်ထင်သည်။

သည်လိုနှင့် မနုးမနပ်မိန်းကလေးတစ်ယောက် အချစ်ဆိုတာကို မသိတသိနှင့် သူ့ထက်
အသက် ၅ နှစ်လောက်ကြီးသည့် ဘူမိဗေဒအဓိက နောက်ဆုံးနစ် ကျောင်းသားတစ်ဦးနှင့် ရည်းစားဖြစ်ခဲ့ကြသည်။

ဒါပေမယ့် နိုးတခါမှ မပျော်နိုင်ခဲ့။ တစ်စုံတစ်ရာကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
သူနှင့် နိုး စားသောက်ဆိုင်မှာ တွဲထိုင်တိုင်း ပတ်ဝန်းကျင်စားပွဲက လူတွေ နိုး ကိုများသိသလားဟု အမြဲစိုးရိမ်နေသည်။ နိုး ကျုရှင်ကအပြန်လမ်းတွေမှာ လာကြိုတဲ့ သူနဲ့ တွဲလျှောက်နေတိုင်းလဲ ဘာကြောင့်မှန်းမသိ၊ ခေါင်းမဖော်နိုင်လောက်အောင်၊
ပတ်ဝန်းကျင်ကို ရင်မဆိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

“တောက်”
မီးခိုးနံ့ သင်းပျံ့တဲ့ မြို့ထဲက လမ်းမတစ်ခုပေါ်မှာ တွဲလျှောက်လာတဲ့နေ့ တစ်နေ့။
သူ့ရဲ့ ပြင်းထန်တဲ့ တောက်ခေါက်သံကြောင့် နိုး တကိုယ်လုံး တုန်ယင်သွားသည်။

“ဘာဖြစ်လို့လဲ”

နိုး ဘ၀မှာ ဘယ်သူ့ကိုမှ နိုး တောက်မခေါက်ခဲ့သလို၊ နိုးကိုလဲ ဘယ်သူကမှ တောက်မခေါက်ခဲ့။

“ဘာဖြစ်ရမှာလဲ၊ ကလေးကို ဒီဒေါက်မြင့်ဖိနပ်တွေ မ၀တ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ”

အို..ဟုတ်ပါရဲ့၊ ဒေါက်ဝတ်ထားမိတော့ သူနဲ့နိုးက အရပ်အတူတူဖြစ်နေတာကိုး။
အဲဒီနေ့ကစပြီး နိုးနှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေကို ဖိနပ်ဗီဒိုထဲမှာ သော့ခတ်ထားလိုက်သည်။

တက္ကသိုလ်ကျောင်းမှာ ရွယ်တူမိန်းကလေးတွေကို အီစီကလီလုပ်လိုက်၊ ကျူလိုက်၊
စလိုက်နောက်လိုက် သူလုပ်နေတယ်လို့ နိုးကြားတဲ့နေ့က သူ့ကိုမေးကြည့်မိသည်။

“တက္ကသိုလ်ကျောင်းဆိုတာ ဒီလိုပဲကလေးရဲ့.. တစ်ယောက်နဲ့တစ်ယောက်စနောက်ကြတယ်”
“သြော်…”
တက္ကသိုလ်ကျောင်းကို မရောက်ဖူးသေးတဲ့ နိုး ပေါက်ဆီကို အခွံနွှာပေးနေတဲ့သူ့ကို ငေးကြည့်နေမိသည်။

“တောက်….အတူတူတွဲသွားတိုင်း လက်တောင်ကိုင်ခွင့်မရှိတဲ့ ငါ့အဖြစ်ကတော့ကွာ”
“ဒီအင်္ကျီမျိုးမ၀တ်နဲ့လို့ ဘယ်နှစ်ခါပြောရမလဲကွ”
“ဆံပင်တွေ ဘာလို့ညှပ်လိုက်တာလဲ… အရှည်ထားပါလို့ မင်းကိုပြောနေတာ”
“သနပ်ခါးကို အဲလိုမညီမညာမလိမ်းနဲ့လေ”
“ပေါင်ဒါတွေ လည်ပင်းမှာ မြင်နေရတယ်”
“ညည ဟိုကောင်တွေ အိမ်ရှေ့မှာ သီချင်းလာဆိုရင် ကန့်လန့်ကာပိတ်ထား... ကြားလား ထွက်မကြည့်နဲ့”

“ဘယ်မိန်းကလေးကထွက်ကြည့်မှာလဲ…ရှင်တို့အဆောင်သူတွေလိုထင်လို့လား”
တစ်ခွန်းတော့ပြန်ပြောလိုက်ရင်း အကြင်နာမပါတဲ့ စကားတွေကြားမှာ နိုး စိတ်ညစ်ညူးပင်ပန်းနေခဲ့သည်။

“ဆယ်တန်းတောင်မအောင်သေးဘူး.. ကိုယ်ပိုင်ဆလွန်းကားနဲ့..ကိုယ့်ကိုမေ့မသွားနဲ့ဦးနော်”
ခပ်ရွတ်ရွတ် မဲ့ပြီးပြောတဲ့ သူ့ကို နိုးအံ့သြစွာ မော့ကြည့်လိုက်မိသည်။

“ဆလွန်းစီးတာနဲ့ လူတစ်ယောက်ကိုမေ့တာနဲ့ ဘာမှမဆိုင်ဘူးထင်တယ်၊
တစ်ကယ်ဆိုရင်စီးရမှာ ရှက်တောင်ရှက်သေးတယ်။ ကိုယ့်ကိုယ်ပိုင်ငွေနဲ့လဲမဟုတ်ပါဘူး၊
နောက်ပြီး ကိုယ်ကတော့ ဆလွန်းနဲ့.. ပတ်ဝန်းကျင်ကလူတွေကတော့ ငါးပိသိပ်ငါးချဉ်သိပ်နဲ့..
မီးပွိုင့်တွေမှာဆို ကိုယ့်ကားရှေ့မှာ လိုင်းကားဆိုရင် မျက်နှာတောင်ပူသေးတယ်”

နိုး ကို နားမလည်သလိုသူကြည့်နေခဲ့သလို နိုး ကလဲသူ့ကို အံ့သြပြီးရင်း အံ့သြနေခဲ့မိတော့သည်။

“တွေ့လားဟိုမှာ လမ်းလျှောက်နေတဲ့ကောင်မလေး ဖိနပ်ပါးပါးလေးနဲ့လှတယ်..
ဒီဇိုင်းကိုလဲတွေ့လား အဲဒါကိုsexy လို့ခေါ်တယ်”
“ဟင်… sexy ဆိုတာဘာလဲ”
“ကလေး… မင်းဒါတောင်မသိဘူးလားကွာ”

နိုးကိုကြည့်ပြီး သူသက်ပြင်းကိုမှုတ်ထုတ်ရင်း ခေါင်းခါလိုက်သည်။
စိတ်ပျက်စွာကြည့်နေတဲ့ သူ့မျက်ဝန်းတွေကြားမှာ နိုး ကျုံ့ 
ဝင်သေးငယ်သွားသလို ခံစားလိုက်ရသည်။

သည်လိုနှင့် အဆင်မပြေတဲ့ရက်တွေရဲ့အဆုံးနားမှာ နိုး ဆီသူအလာကြဲလာခဲ့သည်။
နိုးကို တဖြည်းဖြည်းနှင့် သူလမ်းခွဲထွက်ခွာနေသည် ကို နိုး မသိခဲ့။
တစ်နေ့တော့ ထီးတစ်လက်အောက်မှာ သူ နှင့်လုံးကြီးပေါက်လှ အမျိုးသမီးတစ်ဦးကို
စံရိပ်ငြိမ်ကားဂိတ်ရှေ့ မှာ နိုး တွေ့လိုက်ရသည်။

လေပြင်းပြင်းအောက်က လွန့်လူးသွားတဲ့ ထီးနီနီလေးကို နှစ်ယောက်သားကိုင်ထားရင်း
ရယ်မောလိုက်သည့် သူတို့အသံတွေက ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် နိုး နားသို့ ကဆုန်ပေါက်ပြေးလာသည်။

သူတို့နားအထိသွားလို့ မတ်တပ်ရပ်နေသည့်အချိန်အထိ နိုးကိုမမြင်ကြ။
ထီးအောက်မှာ နဖူးချင်းထိလုနီးပါး စကားပြောရင်း ကြည်နူးနေကြသည့် သူတို့ကို မိုးရွာထဲမှာ
သည်အတိုင်းရပ်ကြည့်ရင်း နိုးနှုတ်ခမ်းတွေ ပြုံးလာသည်။
နိုးကိုမြင်သွားသော အလွန်အမင်း အနေရခက်သွားသော သူ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း အသန့်ရှင်းဆုံးပြုံုးုပြလိုက်သည်။

ထိုနေ့က မိုးရေတွေထဲမှာ တအိအိနဲ့ ဆိုက်ရောက်လာတဲ့ ဘစ်ကားအိုကြီးတစ်စီးပေါ်သို့
ခပ်သွက်သွက်တက်သွားတဲ့ လုံးကြီးပေါက်လှနောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားသော
သူ့ကျောပြင်ကို ကြည့်ရင်း ကားဂိတ်လေးမှာနိုး နှင့် နိုးရင်ထဲက ပဲ့တင်ထပ်နေသော စကားတစ်ခွန်းကျန်ရစ်ခဲ့သည်။

“ငါ လွတ်လပ်ပြီ”

မိုးငွေ့လေးတွေ နိုးဆံပင်မှာ ကပ်တွယ်နေသည်။
ထိုနေ့က နိုးခြေလှမ်းတွေ မြေကြီးနှင့် မထိသလို ပေါ့ပါးနေခဲ့သည်။
ဆည်းဆာကောင်းကင်က ပိုလှပနေခဲ့သည်။
ရင်ထဲမှာတော့ အတိုင်းမသိလွတ်လပ်ခြင်းအရသာ…

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ရာသီတွေအလီလီပြောင်းခဲ့ပြီ။
စိန်ရောင်ရွှေရောင်တွေ တောက်လက်နေတဲ့ ပကာသနပွဲတစ်ခုမှာ သူနှင့်ပြန်တွေ့ရသည်။
သူ၏ဇနီးဆိုသူသည် စံရိပ်ငြိမ်ကားဂိတ်မှာ နိုးတွေ့ခဲ့သော လုံးကြီးပေါက်လှတော့မဟုတ်။
အလွန်အမင်း အလေးချိန်တက်လာသော သူ့ကိုထုံးစံအတိုင်း နိုး အံ့သြစွာကြည့်နေမိပြန်သည်။

ထိုညက ဦးဝိဇာရလမ်းပေါ်က တမာပင်တွေ မီးရောင်အောက်မှာအရောင်ပိုလက်နေကြသည်။
ကားပြူတင်းပေါက်က ဖြတ်တိုက်လာသော ညလေကိုခေါင်းလေးအသာ ငဲ့ရှုလိုက်ရင်း
နိုး ခပ်တိုးတိုးရေရွတ်လိုက်မိပါတော့သည်။

“နိုး နင်ကံကောင်းတယ်”

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

LinkWithin

Related Posts Plugin for WordPress, Blogger...