မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, March 30, 2007

ကိုစိုးဇေယျသို့ပေးစာ

မနှစ်က Okanagan (အိုကာနာဂန်) ဆိုတဲ့ ဒေသခရီးကအပြန် ခရီးသွားဆောင်းပါးလေးတပုဒ် ကျွန်မရေးဖြစ်ခဲ့တယ်။ ဆောင်းပါးကိုဖတ်ပြီး မေးခွန်းအချို့မေးလာတဲ့ ကိုစိုးဇေယျ
အတွက် တတ်သမျှ မှတ်သမျှဝေမျှလိုက်ပါတယ်။

Okanagan (အိုကာနာဂန်) ဆိုတဲ့ဒေသက ကနေဒါနိုင်ငံ အနောက်ဘက်ဆုံးက British Columbia (ဗြိတိသျှကိုလံဘီယာ) လို့ခေါ်တဲ့ ပြည်နယ်ထဲမှာ ရှိတယ်။ ဒေသခံ လူဦးရေကတော့ သုံးသိန်းပတ်ဝန်းကျင်လောက်ရှိတယ်။ အဖြူတွေ၊ ပင်စင်စားတွေ နေတာများတယ်။ အိုကာနာဂန်ဒေသက ယူအက်စ် ၀ါရှင်တန်စတိတ်ရဲ့ အပေါ်ဘက် တည့်တည့်မှာရှိတယ်။

မြို့တော်ကတော့ Kelowna (ကလိုးနား) မြို့ဖြစ်တယ်။
မြန်မာပြည်အနေနဲ့ဆိုရင်တော့ အင်းလေးလို မြို့ပါ။ ၀ိုင်တွေအလျှံပယ်ထွက်တဲ့ မြို့ဖြစ်တဲ့အပြင် လှပပူနွေးတဲ့ ဧရာမ ရေကန်ပြာကြီးတွေရှိတဲ့နေရာ၊ တောင်တက်၊ စကီးစီးလို့လဲရတဲ့ဒေသ၊ ရာသီဥတုကလဲ တော်တော်ပူနွေးတဲ့နေရာမို့လို့ မြောက်အမေရိကတိုက်မှာတော့ လူတွေပြောင်းရွှေ့နေထိုင်မှု အမြင့်ဆုံးမြို့လို့ ဆိုပါတယ်။ အိမ်ဈေးတွေကလဲ ကနေဒါနိုင်ငံမှာ ဒုတိယအမြင့်ဆုံးမြို့လို့ဆိုပါတယ်။
Kelowna (ကလိုးနား)မြို့မှာတော့ လူဦးရေက တစ်သိန်းကျော်ကျော်ပဲရှိတယ်။

ကလိုးနားကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်လည်ပတ်ကြတာထက် ဗင်ကူးဗားနဲ့ အနီးအနားမြို့တွေက နယ်ခံလူတွေ နွေရာသီမှာ သွားကြတာ ပိုများတယ်။ နွေးထွေးလှတဲ့ ဧရာမ ရေကန်ကြီးတွေထဲမှာ တနေကုန်စိမ်နေလို့ရတယ်။ ဗင်ကူးဗားမြို့ကတော့ ပစိဖိတ်နဲ့ကပ်နေတော့ နွေရာသီလဲ အေးစက်တဲ့ပင်လယ်ရေထဲ ဆင်းဖို့သိပ်မလွယ်ဘူး။ ကလိုးနားမြို့ကို ကား သို့မဟုတ် လေယာဉ်ပျံနဲ့သွားလို့ရတယ်။ ကလိုးနားမြို့လေဆိပ်က Calgary, Edmonton, Toronto, Vancouver, Victoria အပြင် U.S. မြို့တွေဖြစ်တဲ့ Las Vegas, Honolulu, Seattle မြို့တွေနဲ့ မက္ကစီကိုထိ လေယာဉ် မှန်မှန်ပြေးဆွဲပါတယ်။

ကျွန်မတို့ အိုကာနာဂန်ကို ခရီးထွက်စဉ်က ပထမတစ်ရက်မှာ မှားပြီး တနေရာကိုရောက်သွားပါတယ်။ ကိုစိုးဇေယျက အဲဒီနေရာအကြောင်း အကျယ်တ၀င့်မေးထားတယ်။ ဘာကြောင့် အဲဒီနေရာက မှုန်ကုပ်ကုပ်နဲ့ အနားကရေကန်က မသန့်ရှင်းရတာလဲ၊ ဘယ်လောက်မသန့်ရှင်းတာလဲလို့ မေးပါတယ်။

တိတိကျကျမေးတော့လဲ တိတိကျကျပြောရတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ကျွန်မတို့ ပထမ မှားပြီး ရောက်သွားတဲ့နေရာကတော့ ခွေးကျောင်းတဲ့နေရာပဲ ကိုစိုးဇေယျရေ….
ခွေးတွေနဲ့ အပျော်ခရီးထွက်လာသူတွေ သူတို့ခွေးတွေနဲ့ပါ တည်းခိုနိုင်တဲ့ မိုတယ်တစ်ခုမှာ သွားတည်းမိကြတာပါ။ ကျွန်မမောင်အချို့တောင် ခွေးတွေအတွက် သေသေချာချာခင်းထားတဲ့ ခွေးအိပ်ရာပေါ်မှာ တက်အိပ်မိကြပါသေးတယ်။ တမူထူးခြားတဲ့ အိပ်ရာခင်းအရောင်၊ သာမန်ထက်မာတဲ့ အိပ်ရာကြောင့် လူအိပ်ရာမဟုတ်မှန်း သူတို့အချိန်မှီ ရိပ်မိလိုက်ကြတယ်..(လို့ထင်ပါတယ်)။

ဒါကြောင့်လဲ အဲဒီနေရာက မှုန်ကုပ်ကုပ်၊ အိုးခွက်တွေက မသစ်လွင်၊ အနားကရေကန်က မသန့်ရှင်းတာပါ။ ရေကန်စပ် မသန့်ရှင်းရတဲ့ အကြောင်းကတော့ ကန်စပ်မှာ ဘဲ နဲ့ ငန်းတွေရဲ့ ကိစ္စများမှုတွေကြောင့်ပါ။ ရေဆင်းကူးဖို့ဝေး၊ ခြေတောင်ချလို့မရတဲ့ အခြေအနေပါ။ ဒီမှာတော့ ခွေးပိုင်ရှင်တွေက သူတို့ခွေးတွေရဲ့ ကိစ္စကို သူတို့ကိုယ်တိုင်ရှင်းပါတယ်။ လမ်းပေါ်မှာ ကျန်ခဲ့တာတွေ ဘာတွေ မရှိပေမယ့် သဘာဝ ရေဘဲလေးတွေရဲ့ခြေရာတွေကတော့ ကမ်းစပ်မှာ အနှံ့ပဲမြင်တွေ့နိုင်ပါတယ်။

ဒီလို ခရီးတွေကတော့ ကနေဒါမှာတော်ရုံလူလဲသွားနိုင်ပါတယ်။ ချမ်းသာစရာမလိုပါဘူး။ လူအုပ်များရင် ပိုကိုက်တာပေါ့။ အားလုံးမျှထည့်လိုက်ကြတာပါပဲ။ ကားတစ်စင်းပိုင်ရင် ကနေဒါတစ်နိုင်ငံလုံး ကားနဲ့ ပတ်မောင်းတောင်ရတယ်။ ဓာတ်ဆီဖိုးပဲလိုတာပါ။ ကိုယ်သွားမယ့်မြို့မှာ အသိ၊ ဆွေမျိုး၊ သူငယ်ချင်းရှိတယ်ဆိုလဲ ရင်းနှီးမှုပေါ်မူတည်ပြီး တည်းခိုခ သက်သာနိုင်ပါတယ်။




ကနေဒါရဲ့ ရုံးပိတ်ရက်တွေကတော့ January နှစ်သစ်ကူးနေ့၊ April လထဲမှာ အီစတာ (ဘုရားပွဲ)၊ မေလထဲမှာ ၀ိတိုရိယနေ့ (အဲဒီကိစ္စကို ဒီကလူတွေ အငြင်းပွားနေတာကြာပြီ၊ အင်္ဂလန်နိုင်ငံက ဘုရင်စနစ်ကို ဦးမတိုက်ချင်တော့လို့တဲ့)၊ ဇူလိုင်လထဲက ကနေဒါနေ့၊ စက်တင်ဘာလထဲက အလုပ်သမားများနေ့၊ အောက်တိုဘာလထဲက ကျေးဇူးတော်နေ့ (ကောက်ရိတ်သိမ်းပွဲ)၊ နိုဝင်ဘာလထဲက remembrance day - စစ်ကြီးထဲမှာ အသက်ပေးခဲ့သူတွေကို ဂုဏ်ပြုတဲ့နေ့၊ ဒီဇင်ဘာလထဲမှာ ခရစ်တော်မွေးနေ့နဲ့၊ boxing day ပဲဖြစ်ပါတယ်။ (boxing day လို့ခေါ်တဲ့အကြောင်းကတော့ လက်ဆောင်ပစ္စည်းဗူးတွေ ပလုံးတွေကို ပြန်သိမ်းကြတဲ့နေ့မို့လို့ပါပဲ)။




ဒီပြည်နယ်မှာတော့ သွားစရာတွေ အလွန်များပါတယ်။ ဘီစီရဲ့ မြို့တော်တည်ရှိရာ ဗစ်တိုးရီးယားမြို့ကတော့ ဗင်ကူးဗားကျွန်းပေါ်မှာတည်ရှိပါတယ်။ အဲဒီကျွန်းပေါ်က Buchard ပန်းခြံက ကမ္ဘာမှာ နာမည်တော်တော်ကြီးပါတယ်။ ဂျပန်ကမ္ဘာလှည့်တွေ သိပ်ကြိုက်တဲ့မြို့ပါ။ Whistler ဆိုတဲ့စကီးတောင်၊ စတင်လီပန်းခြံ စသဖြင့် ကမ္ဘာလှည့်တွေနဲ့ နာမည်ကြီးစည်ကားတယ်။ ဒေသခံတွေကတော့ ပြည်နယ်တစ်ခုလုံး နေရာအနှံ့သွားကြတာပါပဲ။ ရေပူစမ်းရှိတဲ့ Harrison Hot Springs စသဖြင့် နေရာမျိုးစုံပါပဲ။ ဘီစီထဲမှာ ကျွန်မခန့်မှန်းခြေအရ အင်းလေးလိုရေကန်မျိုးတွေ ရာနဲ့ချီ ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘီစီပြည်နယ်တစ်ခုထဲတင် အကျယ်အ၀န်းက ၉၄၄၇၃၅ ကီလိုမီတာရှိပါတယ်။ ပြင်သစ်၊ ဂျာမဏီနဲ့ နယ်သာလန် သုံးနိုင်ငံ ပေါင်းထားသလောက်ရှိပါတယ်။ ဒါကြောင့်သွားစရာတွေက မကုန်နိုင်အောင်များပါတယ်။




(မြို့လူဦးရေ၊အကျယ်အ၀န်းများ နှင့် လေယာဉ်ခရီးစဉ်များကို Wikipedia မှ မှီငြမ်းပါသည်။)

♥အိမ့်ချမ်းမြေ့♥

Monday, March 26, 2007

အသဲငယ်တတ်သူများ မဖတ်ကြပါနဲ့



ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ဘယ်လောက်နီးစပ်မှုရှိလဲဆိုတဲ့ တရားရစေတဲ့ ဒီပုံလေးကိုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားချက်တချို့ …

ကျမသေဆုံးသွားခဲ့ရင်…ပန်းဖြူလေးတွေ တပွင့်နှစ်ပွင့်လောက်ပဲ ကြဲချပေးလိုက်ကြပါ..
မဖြူစင်တဲ့ဘ၀..နောက်ဆုံးအချိန်မှာတော့ ပန်းဖြူလေးတွေရဲ့ ထိတွေ့မှုကို ခံစားပါရစေ..
ကျမက မှုန်ရီေ၀၀ါးနဲ့ တိတ်တဆိတ်ထွက်ခွာဖို့ ခရီးဆက်နေသူ သူလိုကိုယ်လို ခရီးသွားတစ်ဦးပါ..

လောကကြီးက ကျမထွက်ခွာသွားလိုက်တာလဲ ဘယ်သူမှ သိဖို့မလိုဘူး..
ဒါပေမယ့် ရုတ်တရက် နှုတ်မဆက်ပဲ အိမ့်ချမ်းမြေ့ထွက်ခွာသွားတယ်လို့ မထင်စေချင်လို့။
ကျမ ကြိုးစားထားခဲ့သမျှတွေအားလုံးကိုလဲ အထုပ်လိုက်ပုံချထားခဲ့ရမှာ။
ဟေမာနေ၀င်းသီချင်းတပုဒ်ထဲကလို ကြိုတင်နှုတ်ဆက်ထားလိုက်တာပါ..
ကျွန်မကို ချစ်သူ၊ ကျွန်မကိုမုန်းသူ၊ ကျွန်မအပေါ်မှာ ဘာခံစားချက်မှမရှိသူတွေ…
အားလုံး…အားလုံးကိုပေါ့။

တခါတရံ အိမ်မက်တခုထဲမှာ ဂယောင်ချောက်ခြား လမ်းလျှောက်နေရသလိုပဲ..
ခံစားချက်တွေကတော့ အစွန်းစွန်ဆုံး ထုံနေပြီ..

ကျွန်မကို ချစ်သူကပြောဖူးတယ်. စင်းကျနေတဲ့ နှာတံတွေနဲ့၊ လှပတဲ့ လည်တံရှိသူတဲ့။
ဒါတွေဟာ တကယ်တော့ တနေ့မှာ ပုတ်သိုးဆွေးမြေ့သွားမယ့် အရာတွေပဲလေ။
အားလုံးမရှောင်လွှဲနိုင်တဲ့လမ်းမို့ အဆုံးသတ်လမ်းကတော့ တရားမျှတမှုရှိပါတယ်။
သေခြင်းနဲ့ ရှင်ခြင်းဆိုတာ တကယ်တော့ နီးနီးလေးပါ..
ကျွန်မချစ်တဲ့သူတွေ .. အိပ်ရာထဲမှာ အိပ်ပျော်နေရင်း ဒီလောက ကငြိမ်းငြိမ်းချမ်းချမ်းထွက်ခွာသွားကြတာကို အားကျမိတယ်..
ခံစားရမှာ ကြောက်ပေမယ့် သေဆုံးရမှာကိုတော့ မကြောက်တဲ့သူထဲမှာ ကျွန်မထိပ်ဆုံးကပါတယ်..

ကျွန်မထွက်ခွာသွားချိန်မှာ ကျွန်မသိပ်ပျော်နေပြီဆိုတာလေး တခုတော့ အမှတ်ယပေးကြပါ..
ဘာဖြစ်လို့လဲဆိုတော့….
ဟိုတဖက်ကမ်းမှာ ကျွန်မသိပ်ချစ်သူတစ်ယောက် စောင့်နေတယ်လေ..

(မြန်မာသီချင်းများဆိုဒ်က ပေါ်ပြူလာ ပိုစ့်တွေထဲ ဒီစာလေးပါသွားတယ်..
တခါတရံမှာ ရင်ထဲက ပွင့်အန်လာတဲ့ အကြောင်းလေးတွေက တိုက်ဆိုင်မှုရှိသွားရင်.. စာဖတ်သူများရဲ့ ရင်ကိုလဲ ထိခိုက်သွားတတ်တဲ့ သဘောပါ..)


♥အိမ့်ချမ်းမြေ့♥

Saturday, March 24, 2007

ပိတုန်းတို့၏ သဘာဝ

ဒီလိုပဲ….
ပိတုန်းဆိုတာ အရောင်စုံပြီး ချိုအီတဲ့
ပန်းသီတွေကိုပဲ စိတ်ဝင်စားလေ့ရှိသတဲ့။
ပန်းဆိုတာလဲ…
မြေမ“ခ” ခင်လေးတော့၊ ချိုမြကြရပေဦးမပေါ့။

“ဥာဏ်ရှိပါတယ်”ဆိုတဲ့ ပိတုန်းတွေတောင်
ပန်းတစ်ပွင့်ရဲ့ မာယာအလှ တေးတမြမြအောက်
အဲဒီပန်းရဲ့ “ကို”ဆိုတဲ့ စကားလေးချိုလေး တခွန်းအောက်
မလောက်အောင်ကြွေ၊ အနားပျော်နေ
“ခ”“ယ”“၀ပ်” “တွား” ဘယ်နှစ်ယောက်ကိုများ ထိုပန်း ပြုစားလိုက်သလဲ…

ဟော..ဟိုမှာနောက် ပန်းစိမ်းတပွင့်...
ဒါပေမယ့် မလှတဲ့ပန်း… မချိုတဲ့ပန်း..
ပိတုန်းတိုင်းကိုတော့ … မ“ကို”နိုင်… မ“မောင်”နိုင်လို့
ပန်းစိမ်းရဲ့ ထိုပိတုန်းလေး…ဟိုပန်းရှိရာ ခပ်ဝေးဝေး
ပျံသန်းသွားရှာပြီလေ…

ဒါပေမယ့် ဘာသာတစ်ယောက်ထဲ ..ပန်းစိမ်းခင်းကြီးထဲ
ခပ်တိုးတိုး ဟိုးရွက်ကြိုကြား ထိုပန်းစိမ်းအား ထားလိုက်ကြပါ..
အနားမှာလဲ မသီကြပါနဲ့
တေးတွေကမပီလို့ပါ။

သြော်..တကယ်တော့…
ဂျုးပြောတာတွေ..မှန်သင့်သလောက်မှန်တာပဲ။
ပန်းဆိုတာ ဥာဏ်ရှိဖိုမလို၊ ပညာတတ်ဖို့မလို၊ ငွေရှာတတ်ဖို့မလို။
ချွှဲတတ်ဖို့ သဲတတ်ဖို့ ကဲတတ်ဖို့ပဲလိုတယ်ထင်ရဲ့။

တကယ်တော့ ပန်းဆိုတာ ၀တ်မှုန်ကူးဖို့ ပိတုန်းကို အသုံးချနေသလို
ပိတုန်းဆိုတာလဲ အစာဝဖို့အတွက် ပန်းတွေကို အသုံးချနေခြင်းသာဖြစ်မည်။

♥အိမ့်ချမ်းမြေ့♥

Friday, March 23, 2007

သိသူရှိရင် အမြန်ဖြေကြားပေးကြပါ


ဒီပုံမှာပါတဲ့ နတ္ထိ၊ သမ္မံ၊ စတဲ့အဓိပယ်ကို သိသူရှိရင် အမြန်ဆုံးဖြေကြားပေးပါ…
အခု ရန်ကုန်အချိန် မနက် ၈နာရီခွဲ… ၁၀နာရီအတွင်း အမြန်ဆုံးဖြေကြားပေးပါ..
ကျေးဇူးတင်ပါတယ်.. အလုပ်မှာ presentation within 10hrs စတော့မှာမို့လို့ပါ..

If the meaning is truth & loyalty, what does it mean by truth, and who are we loyal to?
What's the truth and loyalty to us? သစ္စာဆိုတာဘာပါလဲ၊ ဘာကို၊ ဘယ်သူ့ကို သစ္စာရှိတာပါလဲ
အားလုံးကိုကျေးဇူးတင်ပါတယ်

Friday, March 16, 2007

The contemporary structure of inequality

According to Charles Menzies, social scientists measure social inequality by using income level, rate of participation in employment and education, and quality of life measures such as health and housing. The causes of the contemporary structure of inequality between First Nations and other Canadians are the income of First Nations people, government policies, and a legacy of colonialism. Firstly, the data reported by Indian and Northern Affairs (2000) show that First Nations families at that time earned about 61% of the national average, about $25,602 versus $41, 898. Although they were receiving a higher portion of their income in the form of government transfers, the data show that they were living at or below the LLCOs (Low-Income Cut-Offs). First Nations people who are facing poverty, especially in urban settings are obviously restricted from material resources such as food and shelter. However, one can question how they are restricted from education. The argument could also be that they dislike schooling and white teachers in general, and this is part of the legacy of the residential schools that were used to destroy their culture; however, if they want to get education, it is offered to them.

In my opinion, they are also restricted from social status: higher education, access to information, and political power. Besides, they also suffer from the effects of poverty: crime, substance abuse such as alcoholism and drug abuse, exploitation by the rich, depression, and homelessness. Secondly, the past and present government policies on land and resource management and preservation of culture and language have caused inequality. Finally, because of previous colonialism, most First Nations have lost their land, traditional hunting territories, language, culture, and even their children to the colonizers. I was born in Myanmar, which was colonized by the British for over 100 years until 1948. The colonizers’ practice of favoring one ethnic, religious, racial, or other cultural group over others in colonial society, or of giving them a higher status, helped to promote inter-group rivalries, and often contributed to the unequal distribution of resources, causing inequality and having a negative impact on the natives. Menzies suggests that Canadian society has to accept its collective responsibility for the legacy of colonialism. I agree that the First Nations have a right to govern themselves in matters internal to their communities and integral to their unique cultures, identities, traditions, languages and institutions.

(for my friends Ania, Anita, Christine, K, Heman, Tom, and esp. Alvin from Singapore PoliTech who do not read Burmese and would like to read my view on this topic - you guys should learn Burmese because I'm not good at writing romantic stories in English and this topic is way too serious :)

regards,
acm

Thursday, March 01, 2007

အနီရောင်ကော်ဇောတွေပေါ်မှာ

ဖေဖော်ဝါရီ ၂၅ရက်က ကယ်လီဖိုးနီယားပြည်နယ်၊ ကိုဒက် စင်တာမှာ ကျင်းပသွားတဲ့ ၇၉ကြိမ်မြောက် ရွှေစင်ရုပ်တချီးမြှင့်ပွဲ အခမ်းအနားက အရင်နှစ်တွေနှင့်မတူပဲ တမူထူးခြားနေသည်ဟု ကျွန်မထင်မိသည်။ ဆုပေးပွဲမတိုင်မှီကတည်းက ကျွန်မ၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဒိုင်ဗာစတီ ဆိုသည့် အသုံးအနှုန်းက မသိမသာဝေ့၀ဲ လွန့်လူးနေခဲ့သည်။ လူ့သဘာဝအတိုင်း နီးစပ်နေလို့ ဒီလိုပွဲမျိုးတွေကို စိတ်ဝင်တစားနှင့် ၄နာရီလောက် အချိန်ကုန်ခံပြီး ဘယ်တုန်းကမှ ရုပ်မြင်သံကြားရှေ့မှာ ထိုင်မကြည့်ခဲ့။ နောက်နေ့ သတင်းစာထဲမှာ ဘယ်သူတွေူ ဘာအတွက် ရွှေစင်ရုပ်တုရသည်ဆိုသည့် ခေါင်းကြီးပိုင်းသာ ဖတ်လေ့ရှိသည်။ ဒီနှစ်တော့ ရွှေစင်ရုပ်တု ချီးမြှင့်ပွဲနှင့် ဒိုင်ဗာစတီ ဘယ်လိုဆက်ဆံမှုရှိမလဲ စိတ်ဝင်စားခဲ့မိသည်။ ကယ်လီဖိုးနီးယားနှင့် ကျွန်မနေတဲ့ ဗင်ကူးဗားမြို့က စံတော်ချိန်အတူတူပဲမို့ ညနေငါးနာရီခွဲလောက်မှာ ရုပ်မြင်သံကြားရှေ့ကို ကျွန်မရောက်သွားသည်။

အနီရောင်ကော်ဇောတွေပေါ်မှာ ရွှေမင်းသမီးတွေ အရင်နှစ်တွေကလိုပဲ ပိုး၊ ဖဲ၊ ကတ္တီပါ၊ တဖိတ်ဖိတ်တောက်တောက်နှင့် လှမ်းလျှောက်လာကြကတည်းက ခြားနားမှုကို စတင်သတိထားမိသည်။ အခြားသူတွေသတိထားမိ၊ မထားမိတော့မသေချာ၊ သေချာတာက မင်းသမီးတွေ ဟိုအရင်နှစ်တွေကလောက် အရိုးပေါ်အရည်တင်မဟုတ်ကြတော့၊ အမေတို့ခေတ်က အန်တီခင်သန်းနု တို့လောက်နီးနီး ကောက်ကြောင်း ကိုယ်စီနှင့်၊ အ၀တ်အစားတွေကလဲ အရင်နှစ်ကထက်စာရင် ဖုံးဖုံးဖိဖိ အိနြေ္ဒရနေကြသည်။ အော့စကာ အခမ်းအနားမှာ ဘယ်လိုအ၀တ်အစားဝတ်ရမည်ဟု စည်းမျဉ်း ရှိ၊ မရှိ ကျွန်မ မသိသော်လည်း ဟိုအရင်နှစ်တွေကလောက် မဟုတ်တာတော့သေချာသည်။ မစ္စစ်ဝင်းစလက်နဲ့ ဂျေလိုတို့လဲ နဲနဲ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာကြသည်။






စင်ပေါ်ကို အခမ်းအနားမှုးဆိုသူ တက်လာကတည်းက ဒိုင်ဗာစတီကို စတင်ခံစားလိုက်ရသည်။ အခမ်းအနားမှုးဆိုသူသည် လှပသော စိမ်းပြာရောင်မျက်လုံးပိုင်ရှင် အဲလင်ဒီဂျင်နရပ်။ သူမသည် အသက်၅၀ ပြည့်ရန် တစ်နှစ်သာလိုသည့် တရားဝင်ဇနီးမယားရှိသည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။


ရွှေစင်ရုပ်တုတွေ တစ်ခုပြီး တစ်ခုအပ်နှင်းအပြီး၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရသင့်ရထိုက်သည်မှာ ကြာနေပြီဖြစ်သော “စကော့တလန်နိုင်ငံ၏ နောက်ဆုံးဘုရင်” ရုပ်ရှင်ကားထဲမှ လူမဲသရုပ်ဆောင် ဖောရက်စ် ၀ှစ်တကာ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံလိုက်ရသည်။ အမေရိကန်လူမည်းထဲမှာ ရွှေစင်ဆုရသည့် သရုပ်ဆောင်များကို လက်ချိုးရည်လို့ရသည်။ လူမည်း အမျိုးသမီးဇာတ်ပို့ဆုရသူမှာ ဒီရာစုနှစ်တစ်ခုလုံးတွင် သုံးဦးသာရှိသည်။ ရွှေစင်ရုပ်တုရသည့် လူမည်းအမျိုးသမီးသရုပ်ဆောင်မှာ ၂၀၀၁ခုနှစ် တွင် ဆုချီးမြှင့်ခံရသည့် ဟေလီဘယ်ရီ တစ်ဦးသာရှိသည်။ ရွှေစင်ဆုရှင် လူမည်းအမျိုးသားသရုပ်ဆောင်များမှာ ဒီရာစုနှစ် တစ်ခုလုံးမှာ ဖောရက်စ်ဝှစ်တကာ ပါမှ လေးဦးသာရှိသည်။


ဒီရာစုနှစ်အတွင်းမှာ အကောင်းဆုံး ဒါရိုက်တာဆုတွေကို အဖြူတွေကပဲ ရလေ့ရှိသည်။ ၂၀၀၆ခုနှစ် အော့စကာပေးပွဲတွင်တော့ ပထမဆုံး အာရှတိုက်သားအနေနှင့်ရော၊ ပထမဆုံး အဖြူ မဟုတ်သည့် ဒါရိုက်တာ အနေနှင့်ပါ၊ တရုပ်အမျိုးသား အန်းလီက Brokeback Mountain ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဒီနှစ်ကတော့ ၀ီမာတင်က အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးသွားပါသည်။ ကျေးဇူးတင်စကားပြောရန် သူစင်ပေါ်တက်သွားချိန်မှာတော့ အားလုံးက မတ်တပ်ရပ်ပြီး အကြာကြီး လက်ခုပ်တီးချီးမြှင့်ကြပါသည်။ ဖောရက်စ်ဝှစ်တကာ စင်ပေါ်တက်တုန်းက ဘယ်သူမှ မတ်တပ်ရပ်ပြီး လက်ခုပ်မတီးကြတာကို ကျွန်မ သတိရဖြစ်အောင် ရလိုက်မိပါသေးသည်။

အပေါ်ယံကြည့်မည်ဆိုလျှင်တော့ ဒီနှစ် ရွှေစင်ဆုပေးပွဲက ပျင်းရိခြောက်ကပ်စွာ ပြီးဆုံးသွားသည်ဟုဆိုနိုင်ပါသည်။ ကျွန်မကတော့ သူတို့တွေရဲ့ ဒိုင်ဗာစတီဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်ကို အသာလှပ်ကြည့်ရင်း
ဒိုင်ဗာစ့်ဖြစ်လာတဲ့ ငွေအိတ်ကိုင်ပရိတ်သတ်ကိုပဲ မြင်ယောင်နေမိပါတော့သည်။

(အားလုံးကို ညီတူညီမျှဆက်ဆံခြင်းသည် တရားမျှတစွာဆက်ဆံခြင်းနှင့်မတူ။
လူသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မတူညီနိုင်ကြ။ ဒါကြောင့်အားလုံးကို ညီတူညီမျှဆက်ဆံလို့မရ။ အရောင်စုံသည့် ဒီလူ့ကမ္ဘာကြီးထဲမှာ အခုလို လူသားတွေ တစ်ဦးနှင့်တစ်ဦး မတူညီကြသည်ကို နားလည်သဘောလက်ခံကြရင်း တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ တရားမျှတစွာ ပြောဆိုဆက်ဆံနိုင်ကြရန်လိုသည်။)

ဓာတ်ပုံများ၏ မူရင်းကို ကြည့်လိုပါက http://www.oscar.com သို့သွားပါ။

♥အိမ့်ချမ်းမြေ့♥

LinkWithin

Related Posts Plugin for WordPress, Blogger...