မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, February 25, 2007

မာယာမိုး

ပြိုမယောင်
ဟိုတောင်က မိုး….. ။

လေအဝှေ့မှာတော့ ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

မောင်စိန်ဝင်း (ပုတီးကုန်း)

အိမ့်ချမ်းမြေ့

Sunday, February 18, 2007

အမှတ်တယ တရုပ်နှစ်သစ်ကူးတစ်ခု

အင်တာနက်ကို တစ်လလောက်မလာပဲ လုပ်သင့်တဲ့ အခြားအရာတွေ၊ နွေကူးရောက်လို့ ပန်းစိုက်၊ တ၀က်တပျက်မှာ ပြစ်ထားတဲ့ ချုပ်လက်စ အကျီ င်္ဆက်ချုပ် စသဖြင့်လုပ်မယ်ဆိုပြီးဆုံးဖြတ်ထားပေမယ့်၊ အိပ်မက်ကစာရေးသူတွေ၊ နောက်ပြီး မဂျစ်တို့၊ ကိုတက်စလာတို့၊ ပန်းပွင့်လေးတို့၊ ကိုဒီဝိုင်း၊ ကိုသန့်စင်၊ စသဖြင့်သွားနေကြ အဲဒီရှစ်ယောက်နဲ့ အခြားသွားနေကျ စာမျက်နှာလေးတွေကို စိတ်ကရောက်နေသည်။ ဒါနဲ့ မဂျစ်ရဲ့စာမျက်နှာလေးဆီ ရောက်တော့ တရုပ်နှစ်ကူးကို ဆုမွန်ကောင်းတောင်းထားသည်ကို တွေ့တာနဲ့ နောက်မကျလောက်သေးဘူးထင်လို့ ကျွန်မလဲ ဆုမွန်ကောင်းတောင်းပေးလိုက်ဦးမယ်လို့ ဆုံးဖြတ်လိုက်သည်။

တရုပ်နှစ်သစ်နဲ့ ဗီယက်နန် နှစ်သစ်ကူးနဲ့ က အတူတူပဲမို့ ဒီမြို့လေးမှာတော့ ဗီယက်နန်သူငယ်ချင်းတွေလဲ အရမ်းပျော်နေကြသည်။ ဒီမြို့မှာတော့ မြန်မာတရုပ်အဖွဲ့အစည်းက ဦးစီးပြီး နှစ်စဉ် စားသောက်ဆိုင်အကြီးကြီးမှာ မြန်မာပြည်က လူတွေအားလုံးစုပြီး အမှတ်တယ ညစာစားပွဲစားလေ့ရှိသည်။ စားသောက်လို့ပြီးချိန်လောက်မှာတော့ လူငယ်တွေက လူကြီးတွေကို အသံနဲ့နှိပ်စက်လေ့ရှိသည်။ ခက်တာက လူကြီးတွေကလဲ “ပန်းပုသူဇာခင်တို့၊ လှေကလေးကိုလှော်မည်” တို့လောက်ပဲကြိုက်ကြတော့ သူတို့ခမျာ အကြိုက်လိုက်ပေးရင်း သံစဉ်တွေလွဲရခြင်းသာဖြစ်မည်။

ကျွန်မရောက်ကာစအဖြစ်လေးတစ်ခုကို သတိရမိသည်။ အဲဒီတုန်းကတော့ ဒီမြို့လေးမှာ မြန်မာဆိုလက်ချိုးရည်လို့ရသည်။ အဲဒီနေ့က သူငယ်ချင်းက အခေါ်ကောင်းတာနဲ့ စင်ပေါ်ရောက်ဖြစ်ခဲ့သည်။ အဲဒီတုန်းကတော့ ကျွန်မကော၊ ကျွန်မသူငယ်ချင်းကပါ ဆယ်ကျော်သက်တွေ။ ကျွန်မသူငယ်ချင်းက ရုပ်ကချောမောလှပသည့်အပြင် ခေတ်ဆန်သည့်အ၀တ်အစားနှင့် စကတ်ကလဲတော်တော်တိုနေသည်။ ကျွန်မကလဲ မြန်မာပြည်ကရောက်ကာစ တောပုံ၊ ဆိုမည့်သီချင်းကလဲ သူကြိုက်တဲ့ အဲဒီသီချင်းကိုမှ ဆိုချင်သည်ဆိုလို့ ချစ်ကောင်းရဲ့ သီချင်းတပုဒ်ကို တက်ဆိုဖြစ်သည်။ မိန်းကလေးတွေ ယောင်္ကျားလေးသီချင်းကို သံစဉ်မမြှင့်ပဲ (ကီးမတင်ပဲ) ဆိုခဲ့သည်ဟု ဆိုယုံလောက်နှင့် ကျွန်မတို့ အဖြစ်ကိုတွေးကြည့်လို့ ရလောက်ပြီထင်သည်။ ကျွန်မတို့သည် မမမေဆွိလို ဘယ်သံစဉ်ကိုမဆို ဆိုနိုင်သည့်သူများ မဟုတ်။

အဲဒီတုန်းက ကျွန်မစင်ပေါ်မှာ ငူငူကြီးရပ်ပြီး ငါတော့ဒီမြို့ကနေ ကနေဒါအရှေ့ဘက်ကို ပြောင်းတော့မည်ဟု တွေးနေခဲ့မိသည်။ စင်အောက်ရောက်တော့ သူငယ်ချင်းတွေက လက်ခါပြပြီး “သိပ်ကောင်းတာပဲ၊ စိတ်ပျက်ဖို့”ဟုပြောသည်။ အလိုက်မသိတဲ့ အန်တီကြီးတွေကတော့ ဘိုသံပေါက်နေတဲ့ မြန်မာစကားနဲ့ “အို…သမီးတို့ ကသိပ်တော်တာပဲ” ဟုပြောသည့်အချိန်မှာတော့ ကျွန်မမျက်နှာ ပိုပြီးနီရဲနေခဲ့သည်။ ကျွန်မသူငယ်ချင်းက “မကျေနပ်ဖူး၊ ငါသီချင်းဆိုတတ်တယ်ဆိုတာ လူတွေသိအောင် မြန်မာ-တရုပ် အသင်းဝင်ပြီးကို ညစာစားပွဲတိုင်းတက်ဆိုမယ်” ဆိုပြီးတရုပ်အသင်းဝင်ကြေး ချက်ချင်းကို ကောင်တာမှာ သွားပေးပါတော့သည်။ အရေးထဲမှာ ကျွန်မတို့အဆိုကောင်းသည်ဆိုပြီး တရုပ်လေးတစ်ယောက်က သုံးယောက်အတူတူ ဓာတ်ပုံရိုက်ချင်သည်ဆိုပြီး တောင်းဆိုနေသေးသည်။ ပွဲအပြီးကိုတော့ အသက် ၇၀ကျော် တရုပ်အမျိုးသားကြီးတဦးက မြန်မာသီချင်းကြီးကို သူကိုယ်တိုင် စည်းနဲ့ဝါး နဲ့ ဆိုပြီး ရုတ်သိမ်းလိုက်သည်။ အဝေးရောက် မြန်မာတရုပ်တွေနဲ့ မြန်မာတွေအားလုံး မြန်မာပြည်ကို လွမ်းပြီး မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ကြသည်။ သူကိုယ်တိုင်လဲ သူနေထိုင်ခဲ့သည့် မြန်မာနိုင်ငံကိုလွမ်းလို့ သီချင်းဆိုရင်းမျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေခဲ့သည်။

ကလေးဘ၀ ဖြူစင်ခဲ့သည့်အရွယ်တုန်းက အချို့ သူငယ်ချင်းတရုပ်မလေးတွေရဲ့ အိမ်ကိုသွားလည်တိုင်း သူတို့ မိဘတွေနဲ့ သူတို့တွေ အိမ်မှာ ဗမာလိုမပြောကြတာကို နားမလည်ခဲ့။ သူတို့မိဘတွေ မြန်မာလိုသိပ်မတတ်ဘူးဆိုတာကိုလဲ နားမလည်ခဲ့။ ငါတို့ မိဘတွေ ပြည်ကြီးကို လွမ်းနေကြတယ်ဆိုတာကိုလဲ ဘာမှန်းရေရေရာရာမသိခဲ့။ နှစ်ကူးရောက်ရင် သူတို့ပြည်ကြီးက လမ်းတွေပေါ်မှာ မီးပုံးပျံနီနီလေးတွေအောက်မှာ လူတွေအုန်းအုန်းကျက်ကျက်နဲ့ စည်ကားနေမှာကို မျှော်ရည်ရင်းလွမ်းနေကြမည့် သူတို့ရဲ့ခံစားချက်ကို အခုတော့ ကျွန်မနားလည်နေတတ်ပြီ…

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ကြပါစေ..

♥အိမ့်ချမ်းမြေ့♥

Monday, February 12, 2007

မေ့နေခဲ့တာကြာပေါ့လား

ကိုယ့်အခန်းလေးထဲမှာ ဖွင့်ထားတဲ့ပြူတင်းတံခါးရှိတယ်..
အေးသက်သက်ဆောင်းလေးအေးကို မြတ်နိုးတွယ်တာတဲ့
အစိမ်းရောင်ပန်းပင်တွေရှိတယ်..
ခရမ်းရောင်ညမီးအောက်မှာ စီရီနေတဲ့ စာအုပ်စင်ရှိတယ်..
ခပ်လှမ်းလှမ်းက မြစ်တစ်ဖက်ကမ်း တောင်ကုန်းမြင့်ပေါ်မှာ
အိပ်မောကျနေတဲ့ နှင်းဖြူတွေရှိတယ်..

ကိုယ့်အခန်းထဲကို ၀င်တဲ့ တံခါးကတော့ သော့ကြီးကြီးနဲ့ခတ်ထားသတဲ့
ဟုတ်တယ်.. ခွန်အားတွေကို တိတ်ဆိတ်ငြိမ်သက်ခြင်းက ရတတ်တဲ့
Introvert တစ်ယောက်ရဲ့ ထုံးစံအတိုင်းပေါ့..

သြော်..ပြည်ထောင်စုနေ့တဲ့…
မေ့နေခဲ့တာကြာပေါ့လား..တကယ်ဆို..ဆယ်စုနှစ်တစ်ခုပြည့်လုနီးပါးပေါ့နော်..
တွေးမိပါတယ်..လွမ်းရတဲ့နေရာလေးတစ်ခုမှာ အရင်လို သံချိုလွှမ်းတဲ့တေးတွေ
စည်ဝေနေပါဦးမလားလို့

ဝတ်ခဲ့ဖူးတဲ့ အစိမ်း နဲ့ အဖြူ၊ ငယ်ရွယ်နုပျိုသူတွေရဲ့ ရင်ခုန်ခြင်းတွေနဲ့ ပြည်ထောင်စုနေ့သီချင်း
နှင်းဝေတဲ့ ကုက္ကိုလ်တန်းဘေးမှာ သူငယ်ချင်းတွေနဲ့ ကြိုခဲ့ဖူးတဲ့အလံတော်
တကယ်ကို အတော် ဝေးခဲ့ပြီပဲ..

  • ကို tesla ရဲ့ ကဗျာလေး

  • ကိုယ့်ကို လှုပ်နှိုးလိုက်တယ်
    သူ့ ကဗျာထဲကလို pro တစ်ယောက်မဟုတ်ပေမယ့်
    လွမ်းပါတယ်ချစ်ပြည်ရယ် မလွမ်းသူဘယ်သူရှိမှာလဲ..
    ဒါပေမယ့် ကြားရတဲ့သတင်းတွေက အလွမ်းကို နာကြင်ခြင်းနဲ့ မေ့ပျောက်ရမလို
    ကိုယ်ပြန်လာချင်ပါတယ်.. ဒါပေမယ့် …ဒါပေမယ့်လေ….

    မတူညီခြင်းတွေကို အတင်းတူညီအောင်မလုပ်ပဲ
    နှလုံးသားတွေရဲ့ လွတ်လပ်ခြင်းတေးတွေသီကုံးခွင့်နဲ့ 
    မတူညီမှုတွေကို နားလည်လက်ခံမှု တခုကို ....
    ခေါင်းအုံးဘေးက ရောင်စုံစုတ်တံတွေနဲ့ အနီရောင်စာအုပ်လေးကလဲ..
    အရောင်စုံတဲ့ ပန်းချီကားတစ်ချပ် ချယ်သခွင့်ပြုမယ့်နေ့ ကို….

    အို…ရွှေပြည်တော်..မျှော်လေတိုင်းဝေးပြီထင်ရဲ့ကွယ်….

    အိမ့်ချမ်းမြေ့

    Wednesday, February 07, 2007

    my all time favourite

    စာဖတ်သူများ ဒီပုံပြင်လေးကိုကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ မကြားဖူးတဲ့ လူတွေကို ရည်စူးလို့ဝေမျှလိုက်ပါတယ်။

    တခါက မြို့လေးနှစ်မြိုနားမှာ အလွန်စည်းစနစ်ကျပြီး သက်တောင့်သက်သာရှိတဲ့ အိပ်ရာတွေနဲ့ စားသောက်ဖွယ်ရာ အဆင်ပြေအောင်စီစဉ်ပေးတဲ့ “ထောင်”တစ်ခု ရှိပါတယ်။

    အဲဒီမြို့လေးနှစ်မြို့အလယ်မှာ မြစ်တစင်းကသွယ်ဝိုက်စီးဆင်းနေတယ်။ တမြို့မှာတော့ “က”နဲ့ “ခ”တို့စုံတွဲ အတူတူ နေကြတယ်။ “က”ကအရမ်း အလုပ်ကြိုးစားတာ မနက်အစောကြီး မိုးမလင်းခင်ထဲက အိမ်ကထွက်သွားလိုက်တာ ညတော်တော်မိုးချုပ်မှ အိမ်ကို ပြန်လာလေ့ရှိတယ်။ အိမ်ပြန်ရောက်ရင်လဲ အိမ်မှာ အလုပ်ဆက်လုပ်လေ့ ရှိတယ်။ နေ့စဉ်နေ့တိုင်း“က” အိမ်က ထွက်သွားတာနဲ့ “ခ”ကဇက်စီးပြီး မြစ်ကိုဖြတ်လို့ တဘက်ကမ်းက သူ့ချစ်တဲ့ “၏”ထံ သွားလေ့ရှိတယ်။ “ခ”နဲ့“၏”နဲ့တနေ့လုံး အတူတူနေပြီး ညနေစောင်းလို့“က” ရောက်ခါနီးမှ “ခ” က အိမ်ကိုအမြန်ပြေးပြီး ထမင်းဟင်းချက်တယ်။ “က”နဲ့“ခ”ဟာ ညစာကိုလဲ ဘယ်တော့မှ အတူစားလေ့မရှိဘူး။

    အဲဒီမြို့လေးနှစ်မြို့နဲ့ တမိုင်လောက် ဝေးတဲ့မြစ်စုန်ဘက်မှာ တံတားတခုရှိတယ်၊ အဲဒီတံတားရဲ့အောက်မှာ အိမ်ခြေမဲ့တဲ့ သူတောင်းစားတယောက်က တံတားကို ဖြတ်သွားဖြတ်လာ လူတွေကို ငွေအမြဲတောင်းတယ်။ ငွေမပေးရင် ဖြတ်ခွင့်မပေးတဲ့ ပုံစံမျိုးနဲ့ နှောက်ယှက်လေ့ရှိတော့ လူတွေကလဲ နဲနဲပါးပါးစွန့်ကြဲကြတယ်။ မြစ်ထဲကဇက်ကလဲ တနေ့လုံးမှာမှ နှစ်ခါထဲ ဆွဲတယ်တဲ့။

    တနေ့တော့ “က”က အလုပ်ကိုတော်တော်နောက်ကျပြီးမှ ထွက်သွားတယ်။ “က”ထွက်သွားတာနဲ့ “ခ” က ဇက်အမှီမြန်မြန် ပြေးရတော့တာပေါ့။ “ခ”က အလျှင်လိုနေတာနဲ့ အင်္ကျီမှားဝတ်သွားတာ ဇက်ဆိပ်ရောက်မှ ဇက်ဖိုးက အသွားအတွက်ပဲ လောက်တာ သိလိုက်တယ်။ သူကစိတ်ထဲမှာ ခပ်ပေါ့ပေါ့ပဲ ဘာလို့လဲဆိုတော့ အပြန်ခရီးစရိတ် တယောက်ယောက်ဆီက ချေးလို့ရမယ်လို့ စဉ်းစားမိလို့ပဲ။

    ဖြစ်ချင်တော့ အဲဒီနေ့မှာ “ခ”နဲ့“၏”တို့အကြီးအကျယ် ရန်ဖြစ်ကြတယ်။ တနေ့လုံး ငြင်းခုံနေကြတာ ညနေ “ခ”ပြန်ခါနီးမှ လမ်းစရိတ် မရှိတာသတိရတယ်။ “၏”ကစိတ်ဆိုးနေလို့ လမ်းစရိတ် မပေးပဲ ကပ်နေခဲ့တယ်။ “ခ”လဲဇက်ဆိပ်ကိုသွားပြီး ဇက်မောင်းသမားကို အကူအညီတောင်းပေမယ့် အရာရာ စည်းမျဉ်းဘောင်ထဲကလုပ်တဲ့ ဒေသဆိုတော့ ပေါ်လစီနဲ့မကိုက်ညီလို့ ဇက်သမားက အကူအညီ မပေးနိုင်ကြောင်း ပြောလိုက်တယ်။

    ညနေကလဲ စောင်းလာပြီ။ “က”ကလဲ အိမ်ပြန်ရောက်တော့မယ်။ ထမင်းဟင်းတွေလဲ အဆင်သင့် မဖြစ်သေးတော့ စိတ်ပူပန်မှုတွေနဲ့ နောက်ဆုံး တံတားကဖြတ်ပြီး လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

    ညရောက်တော့ အိမ်ပြန်မရောက်လာလို့ “က”က လူပျောက်မှုနဲ့ ရဲကိုတိုင်တယ်။ နောက်တနေ့မှာတော့ “ခ”ရဲ့အလောင်းကို တံတားနားမှာ တွေ့လိုက်တယ်။ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးတော့ အိမ်ခြေမဲ့က သူသတ်တာပါလို့ ဖြောင့်ချက်ပေးလိုက်တယ်။

    စာဖတ်သူတို့အနေနဲ့ jury လူကြီးတစ်ယောက်ရဲ့နေရာမှာ ဆိုရင် “ခ”သေရတာ မည်သူ့မှာ တာဝန်ရှိတယ်လို့ ထင်မြင်ယူဆပါသလဲ။

    ပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့ ဘယ်ကိစ္စကိုမဆို တယူသန်တသတ်မှတ်ထဲ မကြည့်ကြဖို့၊ ရှိတဲ့ information လေးကိုပဲဆွဲယူပြီး ဆုံးဖြတ်ချက်အလောမကြီးကြဖို့၊ critical thinking အတွက်ရည်ရွယ်တဲ့ ပုံပြင်လေးပါပဲ..…
    မိမိရဲ့ မွေးဖွားကြီးပျင်းလာမှု ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအစဉ်အလာတွေ အပေါ်မှာ မူတည်ပြီး တစုံတရာကို လေ့လာသုံးသပ်တတ်မှုတွေ၊ ယူဆမှုတွေ၊ အမြင်တွေ ကွဲလွဲသွားပုံတွေကို အံ့မခမ်းတွေ့ ကြရပါလိမ့်မယ်..

    Disclaimer:
    Adapted from one of the projects used in P300
    SFU School of Criminology
    မြန်မာလိုဆီလျှော်အောင်ပြန်ဆိုပါသည်။

    ♥အိမ့်ချမ်းမြေ့♥

    Friday, February 02, 2007

    Performance Review

    ကော်ဖီခွက်တွေ အရင်နေ့တွေကထက်
    ခါးသက်သက်နဲ့ .. အလှဲ့ စောင့်နေတယ်..
    အပြာရောင်မှန်ပြင်သား၊ ကာလရထားခပ်တိုးတိုးနဲ့ 
    အခိုးငွေ့ ရိုက်လို့ ၊
    ဟို့ နှစ်ကတော့ Role Model၊ ဒီနှစ်တော့ Quality Performerတဲ့
    ဒါပေါ့…ကိုယ်..တစ်မှတ်လျော့သွားတာ
    မင်းမရှိတဲ့ ဘ၀မို့ ပါ..

    Cultural capital… human capital
    လက်ဆင့်ကမ်းပေးဖို့ 
    ဘာ ကယ်ပီတယ်မှ နှယ်နှယ်ယယမရှိ
    နေမထိတဲ့ ပန်းနေကြာလို
    ချောင်အိုမှာထိုင်ငေး..
    ဟိုအရင် ဂစ်တာအိုလေးကိုလွမ်းတယ်…

    ဒေါသတွေ၊ မောဟတွေ၊ အတ္တတွေ
    ခံယူချက်တွေ၊ ယုံကြည်ချက်တွေ
    ပိုင်ဆိုင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊
    အမုန်းတွေ၊ အချစ်တွေ၊
    သေချာမှုတွေ၊ မသေချာမှုတွေ၊
    အောင်မြင်ခြင်းတွေ၊ ကျဆုံးခြင်းတွေ ကိုထားလို့ 
    ကိုယ်တိုင်(Calculator မပါပဲ) တွက်ထားတဲ့..
    သုံးသောင်းတစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်ကို စောင့်မယ်…

    Scholarly article ရေးနေတာလဲမဟုတ်ပါဘူး
    ရင်ထဲက အနာတွေ၊ ကာဗာလှစ်ပြရုံပါ
    တကယ်ပါ…
    လူ့ဘ၀ရဲ့ တစ်ဝက်မှာ traffic ထဲ ထိုင်နေရတဲ့ဘဝ
    ကိုယ်…ဘယ်တော့မှ ပြန်မလာတော့ဘူး…

    Mitral valve leakage နဲ့ ကော်ဖီနဲ့ မတည့်ဘူးလို့ 
    ဘယ်သူဆိုဖူးလို့ လဲ
    မမြင်ရတဲ့ အသည်းတစ်ခု၊ ကွဲခဲ့တာအခုမှ မဟုတ်တာ
    ဒါဆို ဘာကို diagnose လုပ်မှာလဲ…
    ဘယ်သူမှမသိတဲ့
    အတ္တတွေကင်းတဲ့ နေရာလေးမှာ
    ခပ်အေးအေးပဲ နေချင်တဲ့၊ နေတတ်တဲ့ငါ
    အိမ်ကိုပြန်မရောက်ခင်… မင်းနဲ့ ပြန်မတွေ့ ခင်အထိ
    တိုးတိတ်ညင်သာ ဘာသာပဲနေမယ်…

    ♥အိမ့်ချမ်းမြေ့♥

    LinkWithin

    Related Posts Plugin for WordPress, Blogger...