မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 26, 2007

ဖန်မီးအိမ်ရှင်သို့ 

ဆရာကြီး ဦးတင်မိုး ကွယ်လွန်သွားတဲ့ အတွက် ၀မ်းနဲကြေကွဲမိပါတယ်…
ဆရာကြီး ကနေဒါနိုင်ငံကို လာလည်စဉ်က သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ ရတာကို မနေ့တနေ့ကလိုပဲ အမှတ်ယဆဲ၊ ဂုဏ်ယူနေမိဆဲပါ..
ဘယ်လောက်အေးအေး ဘောင်းဘီရှည်ပေါ်က ပုဆိုးကို ၀တ်တဲ့ ဆရာကြီးရဲ့ အတွေးအခေါ်နဲ့ ခံယူချက်ကိုလဲ လေးစားပါတယ်။
ဆရာကြီးကောင်းရာသုဂတိလားပါစေ။

ဆရာကြီး ဦးတင်မိုးရဲ့ ကဗျာများ

အိမ့်ချမ်းမြေ့

Tuesday, January 16, 2007

လွမ်းအိပ်မက်

စိမ်းစိုတဲ့ ကုန်းမြင့်လွင်ပြင် ဟိုးအောက်ခြေမှာ အဖြူရောင်ဘုရားကျောင်းလေးတစ်ကျောင်း။
ထိုဘုရားကျောင်းဆီက ခေါင်းလောင်းသံသဲ့သဲ့ လွင့်ပျံ့ လာသည်။
ဘုရားကျောင်းလေး ပတ်ပတ်လည်မှာ စိန်ပန်းပင်၊ ခရေပင်တို့စီတန်းပေါက်နေကြသည်။
တောင်ကုန်းစိမ်းရဲ့ထိပ် ကုန်းမိုမြင့်မြင့်ပေါ်မှာ လူတယောက်ထိုင်နေသည်။
အဖြူရောင်ရှပ်အင်္ကျီ၊ အညိုကွက်ပုဆိုးနဲ့ ထိုသူသည် တောင်ကုန်းအောက်ရှိ ဘုရားကျောင်းလေးရှိရာကို ငေးကြည့်နေသည်။
သူ့ဆံပင်လှိုင်းတွန့်လေးတွေ လေမှာ အသာအယာလှုးလွန့်သွားသည်။
သူ့နောက်ခပ်လှမ်းလှမ်းမှာ ကျွန်မရပ်ရင်း သူ့ကော်လာဖြူဖြူလေးကို ငေးကြည့်နေမိသည်။

ကျွန်မရင်တွေခုန်နေခဲ့မိသည်။
မတွေ့ရတာ သိပ်ကြာနေခဲ့ပြီပဲ။
မပြောခဲ့ရတဲ့ စကားတွေ၊ ဒီတခါတော့ အသိပေးတဲ့အနေနဲ့ ပြောပြလိုက်တော့မယ်။
ဒီအရွယ်တွေရောက်မှတော့ ကျွန်မတို့အားလုံး ရင့်ကျက်တည်ငြိမ်နေကြပြီပဲလေ။
ဖွာကြဲလန်နေတဲ့ သူ့ပုဆိုးအနားစတွေရယ်၊ ဖာထေးထားတဲ့ အပ်ချည်ရာတွေကိုလဲ မြင်နေရသည်။ သူ့အင်္ကျီဖြူဖြူကတော့ နေရောင်အောက်မှာ မျက်စိကျိမ်းစပ်မတတ် ဖြူစင် တောက်လက်နေသည်။
သူကတော့ ကျွန်မနောက်မှာ ရောက်နေတာကို မသိ။
ဘုရားကျောင်းလေးဘက်ကိုသာ စိတ်ဝင်တစား ငေးကြည့်နေသည်။

စိန်ပန်းပင်၊ သရက်ပင်တို့ စီတန်းပေါက်နေသော သရက်ပင်တန်းလမ်းမကျယ်အတိုင်း အဖြူရောင်ကားနှစ်စင်း ရှေ့ဆင့်နောက်ဆင့် ဖြည်းငြင်းစွာမောင်းနှင်လာသည်။ ဘုရားကျောင်းရှေ့မှာလဲ တောက်တောက်ပြောင်ပြောင်အ၀တ်အစားတွေနှင့် လူကြီး၊ လူငယ်၊ မိန်းမကြီးငယ်တို့။ ရှေ့မှကားက ဘုရားကျောင်းရှေ့မှာ ထိုးဆိုက်လိုက်တော့ ကားထဲမှ သတို့သားဖြစ်သူဆင်းလာသည်။ သတို့သားက ဘုရားကျောင်းရှေ့က စောင့်နေသော ဆွေမျိုးမိတ်ဆွေများကို ပြုံးရယ်နှုတ်ဆက်ပြီး လူပျိုရံများနှင့်အတူ ဘုရားကျောင်းထဲသို့ ၀င်သွားသည်။ နောက်ကထပ်ကျပ်မကွာလိုက်လာသော ကားဖြူဖြူထဲမှ မျက်နှာကို ဇာပုဝါအဖြူနှင့် အုပ်မိုးထားသော သတို့သမီးဆင်းလာသည်။ ဇာအထပ်ထပ် ဖဲပုဝါနောက်က သတို့သမီးမျက်နှာကို ကျွန်မ အာရုံစိုက်ကြည့်လိုက်သည်။ ကင်မရာ အနီးကပ်မှန်ပြောင်းချိန်လိုက်သလို ဟိုးအမြင့်တောင်ကုန်းပေါ်မှာ ရပ်နေတဲ့ကျွန်မရဲ့ မျက်လုံးတွေက တောင်ကုန်းလေးအောက်က သတို့သမီးရဲ့ မျက်နှာပေါ်က အုပ်ကျနေတဲ့ ပုဝါကို ထွင်းဖောက်သွားသည်။

“ဟင်”
“ကျွန်မ …အဲဒါ..ကျွန်မပါလား”
“မဟုတ်ဘူးလေ…အဲဒါ ကျွန်မ မဟုတ်ဘူး”
“ကျွန်မက ဒီမှာ…သတို့သမီးက ကျွန်မ မဟုတ်ဘူး”
“***” ကျွန်မက “***”ရဲ့အနောက်မှာလေ”

“****”
သူ့ ကို ကျွန်မ ခပ်တိုးတိုး ထပ်ခေါ်ကြည့်လိုက်သည်။ သူကတော့ တောင်ကုန်းအောက်က ဘုရားကျောင်းလေးထဲကို လှမ်းဝင်သွားတဲ့ အဖြူရောင် သတို့သမီးကို မမှိတ်မသုန် ငေးကြည့်နေသည်။ ကျွန်မ သူ့ဘေးမှာ ကပ်ထိုင်ချလိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်သည်။
ရီဝေတဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေပါလား… ယောင်္ကျားလေးတစ်ယောက်မှာ ဒီလောက်လှတဲ့ မျက်တောင်တွေရှိနေနိုင်တာကို အံ့သြမိပြီး ကျွန်မအကြာကြီးငေးကြည့်နေခဲ့မိသည်။
သူ့ရဲ့လှပတဲ့မျက်တောင်စင်းတွေအောက် မျက်ဝန်းထဲက မျက်ရည်ဥတွေ သူ့ပါးပြင်ပေါ်ကို ဖြည်းဖြည်းလေးလိမ့်ဆင်းလာနေတာကိုမြင်လိုက်ရမှ ကျွန်မလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“***” အဲဒါကျွန်မ မဟုတ်ဘူး”

“***”
ကျွန်မ အားကုန်အော်လိုက်သည်။ သူ ကျွန်မကို မကြား၊ သတို့သမီးကိုသာ ငေးမြဲငေးနေသည်။
သူ့မေးစေ့ကို ကျွန်မ လက်နှင့် အသာဆွဲလှည့်လိုက်သည်။
အို..
လှည့်မလာခဲ့၊ ကျွန်မလက်ချောင်းတွေက သူ့ကို ထိကိုင်လို့မရ၊

သူကတော့ ထောင်ထားတဲ့ဒူးကို လက်နဲ့ပိုက်ဖက်ရင်း ဒူးပေါ်မေးစေ့ထောက်လိုက်ပြီး
ဘုရားကျောင်းဘက်ကို မျက်ရည်တွေဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်မြဲ စိုက်ကြည့်နေခဲ့သည်။
အနက်ရောင်သဲကြိုးနဲ့ မန္တလေးဖိနပ်တပတ်နွမ်းလေး စီးထားတဲ့ သူ့ခြေထောက်တွေကတော့ ဟိုတုန်းကလိုပဲ သန့်ရှင်းသေသပ်နေသည်။
ဟင်...
သူ့ခြေဖမိုးနားက မြက်ခင်းစိမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ် ခရေကုံးလေးတစ်ကုံးပါလား။
ရင်တထိတ်ထိတ်နှင့် ခရေကုံးလေးကို လက်နဲ့ယူလိုက်သည်။
အို... ခရေကုံးလေးက မြက်ခင်းပေါ်မှာ နေရာမရွေ့။
သူ့ခြေဖမိုးကို ကျွန်မရဲ့ လက်ချောင်းလေးတွေနှင့် မရဲတရဲ တို့ကြည့်လိုက်မိပြန်သည်။
သူ ကျွန်မတို့လိုက်တာကို ဘာမှ မခံစားခဲ့ရ။
ကျွန်မရဲ့ လက်ချောင်းတွေကလဲ သူ့ခြေဖမိုးကို ထွင်းဖောက်သွားသည်။

“***”
နောက်ဆုံးအကြိမ် အနေနဲ့ သူ့နာမည်ကို ဆွေးမြေ့စွာခေါ်ကြည့်လိုက်မိသည်။
သူကတော့ ကျွန်မခေါ်သံကိုမကြား၊ သရက်ပင်တန်းလမ်းကိုသာငေးကြည့်နေခဲ့သည်..




အပြင်မှာ ရောင်နီသန်းပြီ။
နှင်းမှုန်လေးတွေ ခပ်ဖြည်းဖြည်းကျနေသည်။
နေ့သစ်တစ်ခု အစပျိုးခဲ့ပြီ။
................
................
................
ညက ငါ့ဝိညာဉ် ခပ်တိုးတိုးတောင်ပံခတ်လို့ မင်းအနားမှာ ရစ်ဝဲခဲ့တယ်... ခရေရှင်ရယ်။

အိမ့်ချမ်းမြေ့

Sunday, January 07, 2007

သတင်းစာဆရာ

ညလေလေးကတဖြူးဖြူးတိုက်ခတ်နေသည်။ လရောင်ကလေသာဆောင်တလျှောက်ကအညိုရောင်ပွတ်လုံးတွေကိုဖြတ်လို့ပြောင်လက်တဲ့ လေသာဆောင်ကြမ်းပြင်ပေါ်မှာတိတ်ဆိတ်စွာလှဲလျောင်းလာသည်။ ခပ်လှမ်းလှမ်းဆင်ဖြူရှင်မဂူနား စေတီဆီမှ ဆည်းလည်းသံကလဲ ညလေအဝှေ့မှာ သာယာနာပျော်ဖွယ်။ ခပ်ဝေးဝေးမှာ လမ်းလေးတစ်ခုအဆုံးက တိုက်ပုလေးတစ်လုံး လရောင်အောက်မှာ အိပ်မောကျနေတာကို အပေါ်စီးကလှမ်းမြင်နေရသည်။ လေသာဆောင်ချင်းဆက်ပြီး အခန်းချင်းကပ်နေတဲ့ ဟိုဘက်ခန်းက ဖေဖေနဲ့မေမေရဲ့ တီးတိုးစကားသံတွေ ညလေနဲ့လွင့်မျောလာသည်။ ဖေဖေက မေမေ့ကို ကျွန်မတို့စိတ်ဝင်စားတဲ့အကြောင်းတစ်ခုကို ပြောနေတာကို တစွန်းတစကြားနေရသည်။

ဂစ်တာကြိုးကိုခပ်ဖွဖွလေးတို့ခတ်ရင်း လကိုမော့ကြည့်လိုက်မိသည်။
တံခါးဘောင်ကိုမှီရင်း ဒူးကိုလက်နဲ့ပိုက်ဖက်ထားရင်း တံခါးဝမှာငုတ်တုပ်ထိုင်နေတဲ့
ငယ်ငယ်ကလဲလကိုမော့ကြည့်ရင်းခပ်တိုးတိုးပြောလိုက်သည်။
“လှလိုက်တဲ့ညနော်”
“အိပ်ကြတော့လေ၊ စိတ်ကူးယဉ်မနေကြနဲ့”
အခန်းထဲက ကုတင်ပေါ်မှာ မီးအမှောင်ချပြီး အိပ်ဖို့ပြင်နေတဲ့ မမကြီးက လှမ်းဟန့်လိုက်သည်။
“ဟိုအကြောင်းပြောပြရင် လာအိပ်မယ်” ငယ်ငယ်ကဂျစ်လိုက်သည်။
“ဖေဖေနဲ့ မေမေက အဲဒီအကြောင်းတွေပြောတာမကြိုက်ဘူးလေ” ကျွန်မ၀င်ဟန့်လိုက်သည်။
“ဟင်သူတို့ကျတော့ပြောနေကြတာ တစွန်းတစကြားနေရတယ်။ မလေးနားမထောင်ချင်ရင်နေ.. တယောက်တဲ လေသာဆောင်မှာနေခဲ့တော့ ငယ်နားထောင်မယ်.. မမကြီးပြောပြ” ပြောပြောဆိုဆိုနှင့် ငယ်ငယ် ငေါက်ကနဲထထွက်ပြီးအခန်းထဲဝင်သွားသည်။
“ဟဲ့ ဒါဆိုရင်တော့ နားထောင်မယ်.. ဒီလေသာဆောင်မှာတော့ တယောက်ထဲမနေခဲ့ချင်ဘူး”



နံနက်ခင်း၏ လတ်ဆတ်တဲ့လေကို ရှုရှိုက်ရင်း လမ်းကျဉ်းလေးအတိုင်း တောင်ကုန်းထိပ်ပေါ်က တိုက်ပုလေးဆီသို့ သတင်းစာဆရာလေးက ခပ်သွက်သွက်လျှောက်လာနေသည်။ ဒီအိမ်ကို သတင်းစာဝေပြီးလျှင် သူ့အတွက်နားရုံသာကျန်တော့သည်။ ခြံစည်းရိုးတစ်လျှောက်က ပန်းနီနီလေးတွေ နံနက်ခင်းမြှုတွေကြားမှာေ၀၀ါးနေသည်။ ခြံဝင်းထဲရောက်ရင် ထုံးစံအတိုင်း တိုက်ပုလေးက တိတ်ဆိတ်နေမည်။ ဆင်ဝင်နားရောက်ရင်လဲ ထုံးစံအတိုင်း သူမ တံခါးဝမှာပေါ်လာမည်။

အသက်အစိတ်ဝန်းကျင်ခန့် အရာရှိကတော်မလေးက ပြုံးပြုံးလေးနဲ့ သူ့လှမ်းပေးတဲ့ သတင်းစာကိုလှမ်းယူလိုက်ပြီး ခေါင်းငြိမ့်ပြမည်။ အသက်အရွယ်နဲ့မလိုက်အောင်တည်ငြိမ်တဲ့ အနေအထိုင်၊ အပြုအမှုတွေနဲ့ ကျက်သရေရှိလှပလွန်းတဲ့ သူမကို သူတချက်ခိုးကြည့်မည်။ ပြီးလျှင်ကျောခိုင်းလှဲ့ထွက်မည်။ ဒါပါပဲ။ ဆံပင်ကို တစ်ပတ်လျှိုတွဲချထားတဲ့ သူမဆံထဲမှာ အဖြူရောင်ပန်းသေးသေးလေးတပွင့်ရှိနေတတ်သည်။ အမြဲတမ်းသေသပ်လှပနေတဲ့သူမထံက မွှေးပျံ့ချိုအီတဲ့ ရနံ့သင်းသင်းကို သူခိုးရှိုက်မိမည်။

ဒီလိုနဲ့ နေ့မှရက်၊ ရက်မှလ၊ တစ်လပြီးတစ်လကြာလာခဲ့သည်။ အရာရှိကတော်မလေးက သတင်းစာသာထွက်ယူသည်၊ သတင်းစာဖိုးကိုမပေးတာလနှင့်ချီခဲ့ပြီ။ သူ့ဆရာသမားနဲ့များ တခုခုစီစဉ်ထားသလားဟု သူလဲဘာမှ မမေးမိ။ တစ်နေ့တော့ သူ့ဆရာသမားက သူ့ကို သတင်းစားဖိုး အဲဒီအိမ်ကတောင်းခဲ့ခိုင်းသည်။

ထုံးစံအတိုင်း သူမ ဒီနေ့က သတင်းစာကို ပြုံးပြုံးလေးထွက်ယူသည်။
“အစ်မလေး.. သတင်းစာဖိုးလေးရှင်းပေးပါဦး”
သူမ သူ့ကိုပြုံးကြည့်ပြီး အိမ်ထဲဝင်သွားသည်။ ပြန်ထွက်လာမလား သူအကြာကြီးစောင့်နေသည်။ ဘယ်သူမှထွက်မလာကြ။ နောက်ဆုံးသူ အားနာနာနှင့် လှမ်းခေါ်ရတော့သည်။
“ဆရာ ဆရာ..” တအိမ်လုံးတိတ်ဆိတ်နေသည်။
“ဆရာကတော်” ဘယ်သူမှမထူးကြ။
နောက်ဆုံးတော့ စိတ်မရှည်စွာ လူခေါ်ခေါင်းလောင်းကို ခပ်နာနာနှိပ်ချလိုက်သည်။

တံခါးဝမှာ အရာရှိရဲ့ တပည့်ဖြစ်သူပေါ်လာသည်။
“ဘာကိစ္စလဲခင်ဗျ”
“သတင်းစာဖိုးပါ.. ဆရာကတော်အိမ်ထဲဝင်ယူတာ ပြန်ထွက်မလာသေးလို့စောင့်နေတာ”
“ခင်ဗျားမနောက်ပါနဲ့၊ ခင်ဗျား သတင်းစာပို့သူမှန်းသိပေမယ့် ဒီအိမ်ကိုမှ မပို့တာ”
“ဟာဗျာ.. ခင်ဗျားသာနောက်နေတာ၊ ကျွန်တော်လနဲ့ချီနေပြီ ပို့နေတာ၊ သတင်းစာဖိုးဒီလမှ မရရင်တော့ မဖြစ်လို့ပါ”
“ဟာ..ဒုက္ခပါပဲဗျာ၊ ခင်ဗျားဘာတွေလာပြောနေတာလဲ”
“ဟေ့ဟေ့..ဘာတွေဖြစ်နေကြတာလဲ”
အိမ်ရှေ့မှာ မနက်စောစောစီးစီးလူသံတွေကြောင့် အရာရှိက အိမ်ထဲကထွက်လာသည်။

“ဆရာ.. ဒီမှာ သတင်းစာဆရာက ကျွန်တော်တို့လဲ သတင်းစာမယူပဲ အဖိုးတောင်းနေလို့”
“မင်းကွာ..အိမ်မှားပြီထင်တယ်.. ငါရုံးမှာပဲဖတ်တာ”
“ဆရာရယ်..မနက်တိုင်းကျွန်တော်လာပို့တာ.. ဆရာကတော်ထွက်ယူနေကြပဲ”
“ဘာကွ..ဟေ့ကောင်..မင်းဘာတွေလာပြောနေတာလဲ..ဒီအိမ်မှာ ငါနဲ့ သူနှစ်ယောက်ထဲနေတာကွ”
“မင်းကွာ..ငါ့ဆရာကလူပျိုကွ.. ဒီအိမ်မှာ ငါတို့နှစ်ယောက်ပဲနေတာ”
“ဗျာ..”
“ဒါ..ဒါဆို. ”
“ဆရာ..ဆရာ..ဒါဆို..ဟိုလေ..အိမ်ရှေ့ကစားပွဲထဲဘာထဲကြည့်ကြည့်ပါဦးဆရာရယ်”
“ဟာ”
“ဟင်”

ဒါနဲ့သူတို့သုံးယောက်လုံး အိမ်ရှေ့က စားပွဲကိုဖွင့်ကြည့်တော့ စီစီရီရီလေးထပ်ထားတဲ့
သတင်းစာလေးတွေကို တွေ့ရကြပါတော့တယ်။
အဲဒီသတင်းစာလေးတွေနားမှာ အဖြူရောင်ပန်းသေးသေးလေးတစ်ပွင့်ငြိမ်သက်စွာလှဲလျှောင်းနေတာကိုလဲ
သတင်းစာဆရာလေးက တွေ့ဖြစ်အောင်တွေ့လိုက်ပါတော့တယ်။

အိမ့်ချမ်းမြေ့

Tuesday, January 02, 2007

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်မင်္ဂလာဖြစ်ပါစေ..
အလုပ်မအားလို့ဘာမှမတင်နိုင်သေးတဲ့ ကျွန်မ ဘလော့ခ်လေးကို မှတ်မှတ်ယယ လာလည်ကြသူများအတွက်ဆုမွန်ကောင်းလေးပါ..


အိမ့်ချမ်းမြေ့

LinkWithin

Related Posts Plugin for WordPress, Blogger...