မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, December 29, 2007

အရောင်မဲ့ စားပွဲခင်း

ဒီစားပွဲပေါ်မှာ အရောင်မဲ့ စားပွဲခင်းတစ်ခုရှိတယ်။

နွမ်းကြေတဲ့ ပန်းတွေ ခင်းပြရမလား….
စမ်းရေနံ့သင်းတဲ့ သစ်ရွက်ခြောက်တွေ တဂေါက်ဂေါက် ကြဲပြစေလိုသလား။
အလွမ်းမသင့်တဲ့ လဂမုန်းပွင့်ရဲ့ ရင်ဖွင့်သံလား…။
အမှန်တွေလား၊ အမှားတွေလား၊
အပေါ်ယံတွေလား၊ အရှိအတိုင်းလား၊
လွတ်လပ်မှုတွေတဲ့လား…။


အမှန်တွေ…….
ရှုထောင့်စုံကကြည့်တဲ့ မဟားတရား အမှန်တရားလား
တစ်ဝက်မှန်လား…၊ တစ်ဝက်မှားလား..။
အိပ်ငိုက်နေတဲ့ အမှန်တရားလား၊
သတ်ခံထိမယ့် အမှန်တရားလား
ပန်းတွေကြောင့် စမ်းကြွေမယ့် အမှန်တရား
ဆားခါးထက်ဆိုနေ..။

အမှားတွေ….
ခါးသက်တဲ့ ကျားကွက်တွေလို တစ်ချက်မှားတာနဲ့ အစားခံရမလို
အိုဟောင်းနေတဲ့ နေပြောက်ထိုး
မလိုအမှား၊ လိုတော့လဲထားလိုက်..
မိုက်မဲတဲ့ အမှားတွေ...။

အပေါ်ယံတွေ…
တမင်ဖန်တီးထားတဲ့ အပေါ်ယံတွေလား..။
ရို့ကျိုးနေတဲ့ အပေါ်ယံတွေလား..။
စိတ်ဆိုးနေလို့ ဆူညံအုန်းထ
အလှပျက်ညတွေလို အပေါ်ယံတွေကြား
နေလိုအားသူတွေ…။

အရှိအတိုင်း…
ထိမိလို့လဲစရာ ဖြစ်မှာစိုးလို့
ဖွင့်မပြရဲ၊ ချို့တဲ့ဆဲအမှန်တွေ
ဒါမပြောသင့်ဘူး သူတို့အားငယ်သွားမယ်
ဒါမရေးသင့်ဘူး သူတို့နာကျင်သွားမယ်
ဒါမဆိုသင့်ဘူး သူတို့ကြွားတယ်ထင်မယ်..
ဒါမကြားသင့်ဘူး သူတို့ ကိုယ့်ထက်ပိုတတ်တယ်..
ဒါလဲ…
ဒါလဲ…

လွတ်လပ်မှုတဲ့……….
အားနာစွာ လစ်လျုရှုခံရလို့
ချို့တဲ့နေတဲ့ အမှန်တရားတစ်ချို့ စားပွဲထောင့်မှာ ရပ်နေတယ်။

ဒီစားပွဲပေါ်မှာ အရောင်မဲ့ စားပွဲခင်းတစ်ခု….
ခင်းကျင်းပြမယ့် အရာတွေကို emotion မပါဘဲ စောင့်မျှော်နေတယ်…



11 comments:

မိုးထက်နေ said...

အမှန်တွေ.........
အမှားတွေ......
အပေါ်ယံတွေ......
အရှိအတိုင်း.....
လွတ်လပ်မှုတဲ့......

စာအုပ်တွေထဲ ထည့်ခဲ့တယ်
စာအုပ်တွေထဲ့ ကထုတ်ခဲ့တယ်
ဒါဟာ တွေးခေါ်လို့ ကောင်းတဲ့ အကြောင်းတရား တစ်ခုသာဖြစ်တယ်
တကယ်တော့
အတ္တကိုဖွက်ထား ပြီး ဒုတိယစိတ်နဲ့  လူ့ အသိုင်းအဝိုင်းက သတ်မှတ်တဲ့ တန်ဖိုးတွေကို တစ်ပွင့်ပြီးတစ်ပွင့် ချိုးယူနိုင်သူဟာ လူတော်ဖြစ်တယ်

တန်ခူး said...

အိမ့်ရေ...အရောင်မဲ့စားပွဲခင်း ခပ်ရှင်းရှင်းလေးသာ နေပါစေတော့နော်...

Anonymous said...

မလေး...
သိုးလေးပြောချင်တာလေး ပြောခွင့်ပြု၊
ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ်
အဆုံးပိတ်မှာ
ဒီစားပွဲပေါ်မှာ အရောင်မဲ့ စားပွဲခင်းတစ်ခု….
ခင်းကျင်းပြမယ့် အရာတွေကို emotion မပါဘဲ စောင့်မျှော်နေတယ်…နဲ့ ပိတ်လိုက်တာ၊
emotion မဟုတ်ဘဲ သူ့ကိုထိရောက်အောင်ဖော်ကျူးမယ့် စကားလုံးလေးတစ်ခုခုဆို ပိုလှသွားမလားလို့...
အဲဒါလေးကို ဖတ်ရတာတစ်မျိုးပဲ။ ကာရန်နဲ့ကြည့်ရင်တော့ ရွတ်ရတာကောင်းတယ်။ မြန်မာလိုတစ်ပုဒ်လုံး ဖတ်ရတာ အနှစ်သာရရှိသလာက် အဲဒီနေရာလေးမှာ ခံစားချက် နည်းနည်းပျော့သွားသလိုပဲ ဖတ်ရတာ။ နားမလည်ပါးမလည်ဘဲ သိုးလေးရင်ထဲရှိတာကို ပြောတာပါ။ စိတ်ဆိုးနဲ့နော်။
ညီမလေး

တပြည်သူ အိမ့်ချမ်းမြေ့ said...

လူ့စည်းတွေကို တစ်ယောက်ထဲချိုးဖောက်နေရင်လဲ ရပ်တည်မှုတစ်ခု ဘယ်လိုမှရနိုင်တော့မယ်မထင်ဘူး။ အပြင်ဘက်ကိုကန်ထုတ်ခြင်းခံရမယ်ထင်ပါတယ် ကိုမိုးထက်နေရေ..။

အစ်မ တန်ခူးပြောသလိုပဲ audience ရဲ့ အနေအထားအပေါ်မူတည်ပြီး ခပ်ရှင်းရှင်းသာ ထားပါတော့မယ် အစ်မ.. ချပြနေဖို့လဲ V. Woolf မှ မဟုတ်ပဲလေ..

သိုးလေးပြောတာ စိတ်မဆိုးတဲ့အပြင် ၀မ်းသာတယ်။ ဖြစ်နိုင်ရင် ခုလိုနက်နက်နဲနဲ ဝေဖန်မှုတွေကို ရတာ အစ်မတွက် တနည်းသော ပံ့ပိုးမှုတွေပါ။

မိုးထက်နေ said...

အိမ့်ချမ်းမြေ့ ပြောတဲ့ အပြင်ဆိုတာဘာတုန်းဗျ....
ဂုဏ်ပြုခံ ဧည့်သည်စာရင်ရဲ့ အပြင်လား
ဘာသာတရားရဲ့ အပြင်လား
ကန်ထုတ်ခံလိုက်ရရင် လဲ မနက်အစောကြီး အစားနည်းနည်း နောက် နေ့ လည်စာ ညနေစာ စားရဦးမှာပဲ မဟုတ်လား
တကယ်လို ကန်တုတ်မခံရဲတာနဲ့  အဲဒီအသိုင်းအဝိုင်း ကြီး အလိုကြ နေပြရင်ရော
စိတ်ထဲက မပါတဲ့ အပြုံးတွေ.....
အပေါ်ယံချီးကျူး စကားတွေ ...
မြိုသိပ်ထားတဲ့ ဝန်တို စိတ်တွေကလွဲလို့  ဘာများ မျှော်လင့်နိုင် ဦးမလဲ

နောက်တစ်ခုက......
ကန်ထုတ်ခိုင်လိုက်ရတဲ့ ဆိုတဲ့လူတိုင်း လဲကျသွား တာမဟုတ်ပါဘူး
၁၉ ရာစုလောက်က ဂေါ်ဂင်ဆိုတဲ့ လူတစ်ယောက်ကို ဝိုင်းကန်ထုတ်တဲ့ လူတန်းစားတွေ ပဲ သူ့ ပန်ချီးကား ကို အရူးလို ကြည်ညိုနေကြတာမဟုတ်လား
(ကန်ထုတ် ခံရတဲ့ ကောင်တိုင်းလဲ လူတော်တော့ မဟုတ်ဘူးပေါ့လေ)
ကျနော် ကတော့ ကိုယ့် ယုံကြည်မှု ကို ရွတ်ဆိုဖို့ အတွက် ပြင်ဝိုင်းကန်ထုတ်မယ် ဆိုရင်လဲ ကျနော်ကတော့ ခံလိုက်ဖို့ အသင့်ပဲ
ဒီနေရာမှာ ယုံကြည်မှု အကြောင်းတော့ ဆက်မပြောတော့ပါဘူး.....

ကျနော်တန်ဖိုးထားတဲ့ အသိုင်းအဝိုင်း ဆိုတာ ပြဿနာတစ်ခု ကို မဖြစ်ခင်တားကောင်းတာမယ်
တကယ် ဖြစ်ပြီးသွား ပြီဆိုရင် ကန်ထုတ်ဖို့ ဆိုတာထက် ဝိုင်းကာဖို့ ကြိုးစားပေးကြပါလိမ့်မယ်
သူတို့  စိတ်နဲ့ မတွေ့ တိုင်း ကန်ထုတ်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ ကျနော်က သနားလိုက်ပါတယ်

" အတ္တကိုဖွက်ထား ပြီး ဒုတိယစိတ်နဲ့  လူ့ အသိုင်းအဝိုင်းက သတ်မှတ်တဲ့ တန်ဖိုးတွေကို တစ်ပွင့်ပြီးတစ်ပွင့် ချိုးယူနိုင်သူဟာ လူတော်ဖြစ်တယ်"
ဒီပေတံနဲ့ တိုင်းနေတဲ့ အသိုင်းအဝိုင်း အတွက်တော့ ကျနော် ဆက် အကန် ခံလိုက်ဦးမယ် ဗျို့  ....
ကျနော့ အတွက်တော့ ရပ်တည်မှု ဆိုထက် ဖြစ်တည်မှုက အရေးကြီးပါတယ်...
မည်သို့ ပေဖြစ်စေ အပြင်ဘက်ရောက်အောင် ကန်ထုတ်ခံရမှာ ကို သတိပေးတာတော့ ကျေးဇူးတင်ပါတယ်.....
ကျနော် အပြင်ဘက်မှာပဲ အသက်ဝဝရှူ ချင်ပါတယ်

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကန်ထုတ်ခံရမှာကို သူများကိုသတိပေးတာထက် ကိုယ့်ကိုကိုယ်သတိပေးတာပါ။
အပြင်ဆိုတာက အကုန်လုံးပါပဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး တွေးခေါ်မှုတွေရဲ့အပြင် အနုပညာရပ်ဝန်းရဲ့ အပြင်တောင် ပါပါတယ်။
ဒီလိုနည်းနဲ့ပဲ မြိုသိပ်လာတာ အနှစ်သုံးဆယ်ကျော်ခဲ့ပါပြီ။ ကုန်ကုန်ပြောရရင် ဒီကဗျာရဲ့ ရည်၇ွယ်ချက်က ဘလော့ပေါ်မှာ ကျွန်မရေးချင်တဲ့ အကြောင်းတွေ မရေးတဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်ထားတဲ့ ကဗျာပဲ။

Angel said...

လူတွေသတ်မှတ်ထားတဲ့စံနှုန်းတွေကိုလိုက်လုပ်မှလူတော်လို့ သတ်မှတ်ကြမယ်
ဆိုရင်....
ကိုယ်ကိုယ်တိုင်ကကောင်းတယ်ထင်လိုသတ်မှတ်ထားတဲ့စံနှုန်းတွေကို..
ကိုယ်ကိုယ်တိုင်လိုက်လုပ်ရင်ကိုယ်ကိုယ်တိုင်လေးစားရတဲ့လူကောင်း တစ်ယောက်ဖြစ်မယ်…ဟုတ်တယ်မလားကိုမိုးထက်နေ။

Cheers,
Angel

မိုးထက်နေ said...

ကျနော် က အကောင်းအဆိုး သိပ်မတွေး ဘူးလို့ ပဲပြောရမလား…..
ဗရမ်းဗတာ နိုင်တယ်လို့ ပဲ ပြောရမလား…..
ခင်ဗျား ပြောသလို ကျနော် အသက်ရှင်နေတာ ကျနော့ကို ကျနော်လေးစား ဖို့  မဟုတ် သလို ဘယ်သူ့  ဆီက လေးစားမှု ကိုမှလဲ သဲ့ယူသွားဖို့ မဟုတ်ဘူး…
ကျနော် ရပ်တည်နေတာ စံနှုန်းတွေကို လိုက်ဖြည့်စီးဖို့  မဟုတ်သလို စံနှုန်းတွေ ကို လိုက် ကန့် လန့် တိုက်နေဖို့ လဲ မဟုတ်ပါဘူး…..
ကျနော် က ဘယ်အသိုင်းအဝိုင်းရဲ့ ပေတံကိုမှ ဂရုမစိုက်ဘူး ..
ကျနော့ကို ကျနော်လဲ ဘာပေ တံနဲ့ မှ တိုင်းမထားဘူး..
လိုအပ်ရင် လူရမ်းကား တစ်ယောက်ဖြစ်မယ်..
လိုအပ်ရင် လူသိမ်မွေ့  တစ်ယောက်ဖြစ်မယ်..
ကိုယ်ကိုယ်တိုင်လေးစားရတဲ့လူကောင်း တစ်ယောက်ဖြစ်တာ မဖြစ်တာထက် ကျနော် လူစစ်စစ် ဖြစ်ဖို့ ပဲ ကြိုးစားနေပါတယ်…
ကျနော် ဂျေဖူးချစ်လဲ မဖြစ်ချင်ဘူး၊အိုင်းစတိုင်းလဲ မဖြစ်ချင်ဘူး၊ဟစ်တလာလဲ မဖြစ်ချင်ဘူး မျော်လင့်ချက် ကလေးရှိနေတုန်း ခဏအသက် ရှုနေတာသာဖြစ်ပါတယ်။
လူတိုင်းကျေနပ်အောင်လိုက်လုပ်ပေးရရင် ဆံပင်တောင်ဖြောင့်အောင် ဖီးလို့ ရမှာ မဟုတ်ဘူး။
လူဆိုတာ ၃ ယောက်ဖြစ်သွား ပြီးဆိုတာနဲ့ နောက်တစ်ယောက်ကို ဝေဖန်တော့တာ မဟုတ်လား။ (ကျောက်ခေတ် ကတည်းက များဖြစ်မလား မသိဘူး )
အဲဒီတော့ အသိုင်းအဝိုင်းဆို တဲ့ ပုဂ္ဂိုလ်များ မှာ ပြောချင်တာပြောခွင့် ဝေဖန်ခွင့် ရှိသလို …
လူတိုင်းမှာလဲ လုပ်ချင်တာလုပ်ခွင့် ရှိတယ်။
ဒါပေမဲ့ ကိုယ်လိုချင်တာတစ်ခု အတွက် တရွာလုံးကိုတော့ မီးမတိုက်နဲ့ ပေါ့ဗျာ။
မပင်ပန်းဖူးလား ဗျာ..
အဲလိုတွေ လိုက်တွေး နေရတာ
လူကောင်းတစ်ယောက်ဖြစ်အောင်တို့ …
ကိုယ့်ကိုကိုယ် လေးစားနိုင်အောင်တို့ …
ကျနော် တော့ တခါမှ မတွေးမိ ဘူးဆိုတာကို ဝန်ခံပါတယ်…
ဘယ်သူမှ လူတိုင်းရဲ့ အမြင်မှာ အဆင်ပြေအောင် နေလို့  မရဘူးလို့ ထင်တယ်။
ကျနော် ဟာ တခါခါမှာ ကောင်းတာတွေကိုလုပ်တတ်တဲ့၊ တခါခါမှာ ဆိုးတာတွေ ကိုလုပ်တတ်တဲ့ … သူတော်စင်ဖြစ်လိုက် နတ်ဆိုးဖြစ်လိုက် ပါပဲ……
ဟိုးငယ်ငယ် ကတည်းက ……………
ကျေးဇူးတင်ပါတယ် Angel။ (အိမ့်ချမ်းမြေ့ တော့စိတ်ညစ်နေလောက်ပြီ)

Angel said...

အိမ့်ရေ..
မပြီးနိုင်မစီးနိုင်ဝင်ပြောနေတယ်ဆိုပြီးစိတ်ညစ်သွားလား။
ဘွာတေးနော်..။

ကိုမိုးထက်နေရေ…
“ကျနော်တန်ဖိုးထားတဲ့ အသိုင်းအဝိုင်း ဆိုတာ ပြဿနာတစ်ခု ကို မဖြစ်ခင်တားကောင်းတာမယ်
တကယ် ဖြစ်ပြီးသွား ပြီဆိုရင် ကန်ထုတ်ဖို့ ဆိုတာထက် ဝိုင်းကာဖို့ ကြိုးစားပေးကြပါလိမ့်မယ်
သူတို့  စိတ်နဲ့ မတွေ့ တိုင်း ကန်ထုတ်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ ကျနော်က သနားလိုက်ပါတယ်”ဆိုတာလေးကိုအထင်ကြီးသွားလို့ ကျွန်မ
ဝင်ပါလာတာပါဆိုတာပြောဖို့ ကျန်သွားလို့ ပြန်လာခဲ့တာ။ ဟုတ်တယ်။ အထူးသဖြင့်
ကျွန်မလုပ်နေရတဲ့ကျန်းမာရေးကဏ္ဌမှာပေါ့။ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းရင်
ကာကွယ်ခြင်းကနှိမ်ချခွဲခြားခြင်းထက်များစွာပိုကောင်းမှာပါ။
ဒါဆိုရင်ကိုမိုးထက်နေမှာလည်းတန်ဖိုးထားတဲ့စံနှုန်းရှိနေတာညင်းလို့ မရနိုင်ပါဘူး။
ကိုယ့်ကိုကိုယ်စံနှုန်းမရှိတဲ့ပရမ်းပတာလူပုံစံဖြစ်အောင်ကြေညာရဲတယ်ဆိုတာကလည်း
စံနှုန်းသိပ်မြင့်နေလို့ ဖြစ်မှာပါ။
ကိုယ့်လိုအပ်ချက်အတွက်တရွာလုံးကိုမီးတိုက်တယ်ဆိုတာကလူကောင်းဖြစ်ချင်သူ
တွေရဲ့စံနှန်းတော့မဖြစ်နိုင်လောက်ဘူးနော်။ သူတို့ ရဲ့လောဘ၊ဒေါသ၊မောဟတွေ
ကြောင့်ထင်တာပဲ။
လက်ငါးခြောင်းမှာတောင်ပုံစံတွေအရွယ်တွေမတူတာ၊လူတွေလဲကွဲပြားကြမှာပေါ့။
ကွဲပြားခြင်းကိုအပစ်ပြောကြမယ့်အစား၊ကွဲပြားခြင်းကိုစွမ်းအင်အဖြစ်အသုံးချတတ်
ကြစေချင်တာပါ။(စာလုံးပေါင်းတွေများမှားနေလားမသေချာဘူး)

မိုးထက်နေ said...

ခင်ဗျားလုပ်မှ ပဲ ဖနောင့် သံစူး ရတော့မလို
ကျနော့ကို ကျနော် သတိထားမိသလောက်တော့ ဘာစံမှ မရှိဘူး ရယ်....
တရွာလုံး မီးတိုက်တာ မျိုး မလုပ်ပေမဲ့ ..
ကျနော် သွားမဲ့လမ်း မှာ ကန့် လန့် လာခံရင်တော့ တစ်ကမ္ဘာလုံး နဲ့ တစ်ယောက်ထဲ ဆိုရင်လဲ ကျနော်က
ခုခံသွား မှာပဲ......
ကျနော် က ဘယ်သူ အပစ်ပြောပြော ကိုယ်လုပ်စရာရှိတာ ကိုယ်ယုံကြည်ရာ ဆက်လုပ်မယ်
ဆိုတဲ့ ခေါင်းမာတဲ့ လူအမျိုး အစားထဲမှာပါတယ်
ကျနော် ယုံကြည်ချက်အတွက် သက်သက် အသက်ရှင်နေတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်ပဲ ဖြစ်ပါတယ်..

မိုးထက်နေ said...

ခေတ်တစ်ခေတ်လုံး ငါ့ ဂီတမှာ အ လို့ 
(မပြောပြတော့ဘူး )

LinkWithin

Related Posts Plugin for WordPress, Blogger...